အခန်း ၉၅၄
Vol. 64 Ch. 954
အခန်း (၉၅၄) - ပကတိဟင်းလင်းပြင် အထွတ်အထိပ် လေ့ချန်ထျန်း နှင့် ချန်ကု အင်မော်တယ် မြို့တော်ကို အကဲခတ်ခြင်း (အပိုင်း ၂)
စုယွီ သည် ကျင့်ကြံသူ တစ်ဦး သို့မဟုတ် မိစ္ဆာ မျိုးနွယ်စုဝင် တစ်ဦး၏ ကျင့်ကြံမှုကြောင့် ကောင်းကင်ကပ်ဘေး သက်ဆင်းလာသည်ကို ယခင်က မမြင်ဖူးခဲ့သော်ငြား…ကောင်းကင်ကပ်ဘေး ဆိုသည်မှာ အမှန်တကယ် ရှိနေသော အရာပင်။
ရွှေအမြုတေ အဆင့်မှ စတင်၍ အဆင့်တက်တိုင်း သက်ရှိအားလုံးသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများဖြင့် ရေချိုးသန့်စင်ခြင်းကို ခံယူရ၏။
ကျော်ဖြတ်နိုင်ပါက အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာမည်။
မခံနိုင်ပါက စကြဝဠာထဲမှ အရေးမပါသော ဖုန်မှုန့်လေး တစ်မှုန့်အဖြစ် ပြောင်းလဲသွားလိမ့်မည်။
ယခု ဟွမ်ကျူးသည် သွေးမျိုးဆက် အသွင်ပြောင်းခြင်း ကပ်ဘေးကို ခံယူနေရခြင်း ဖြစ်၏။
ရက်ပေါင်း (၁၅) ရက်တိတိ အချိန်ကုန်လွန်သွားခဲ့လေပြီ။
“ဝေါင်း...”
နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ဟွမ်ကျူးက ပါးစပ်ကို ဟကာ ကောင်းကင်ကို ဖောက်ထွင်းသွားမည့် မြေဝါရောင် အလင်းတန်းကြီး တစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းက အားနည်းနေပြီဖြစ်သော ကောင်းကင် စွမ်းအားများကို တစ်စစီ ရိုက်ချိုးပစ်လိုက်၏။
ဟွမ်ကျူး ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ကျန်း (၁၀၀) ခန့် ရှည်လျားသော လက်သည်း (၂) ဖက်နှင့် ချို (၁) ချောင်းပါသော နဂါးဝါကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းသွားလေတော့သည်။
သူမ၏ ကြမ်းကြုတ်သော အရှိန်အဝါများ ဖြာထွက်နေ၏။ လွန်ခဲ့သော နှစ်အနည်းငယ်ကနှင့် နှိုင်းယှဉ်လျှင် သူမ၏ စွမ်းအားမှာ (၂) ဆခန့်ပင် တက်လာခဲ့ပြီ ဖြစ်သည်။
သူမ၏ ကျင့်ကြံမှု အဆင့်မှာပင် မသိမသာဖြင့် အဆင့် (၅) အဆင့်နိမ့် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ အဆင့် (၅) အလယ်အလတ်အဆင့် နှင့် သိပ်မဝေးတော့ချေ။
မြေအောက် နန်းတော်၏ အနောက်ဘက် ခြံဝင်း အတွင်း၌...
ရေခဲ ဝိညာဉ် ရေကန် အတွင်းမှ ရေခဲအကြေးခွံ ငါးဘုရင်ကြီးသည် တိမ်တိုက်များကြားတွင် ပျံသန်းနေသော ဟွမ်ကျူးကို အားကျ လေးစားစွာ ငေးကြည့်နေ၏။ သူ၏ စိတ်အာရုံထဲတွင်လည်း ဝိညာဉ်ရေးရာ အလင်းပွင့်မှုများ လက်ခနဲ ပေါ်ထွက်လာသည်။
ဟွမ်ကျူး၏ အသွင်ပြောင်းခြင်းကို ကြည့်ရှုရခြင်းက ငါးဘုရင်ကြီးကို အကြီးအကျယ် တုန်လှုပ်သွားစေသော်ငြား အကျိုးအမြတ် အမြောက်အမြားကိုလည်း ရရှိစေခဲ့သည်။
ငါးနဂါး သစ်သီးကို မျိုချခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်လာသော ယနေ့တွင်... ၎င်း၏ သွေးမျိုးဆက် ပိတ်ဆို့နေသည့် အမြှေးပါးပါးလေးကို ထိုးဖောက်သွားနိုင်ခဲ့ပြီဟု ထင်ရ၏။ ကိုယ်ပိုင် နဂါး အသွင်ပြောင်းခြင်း မဟာ တာအို လမ်းစဉ်ကို ၎င်း တွေ့ရှိသွားခဲ့လေပြီ။
“ဝီ...”
ရေခဲအကြေးခွံ ငါးဘုရင်ကြီးသည် ရေခဲ ဝိညာဉ် ရေကန်၏ အနက်ရှိုင်းဆုံး အောက်ခြေသို့ ငုပ်လျှိုးသွား၏။ သူ၏ စိတ်အာရုံမှာ ဉာဏ်အလင်းပွင့်မှုများဖြင့် လွတ်လပ် ပကတိဟင်းလင်းပြင် ဖြစ်နေကာ အိပ်စက်ခြင်းထဲသို့ နစ်မြုပ်သွားတော့သည်။ ဟွမ်ကျူး၏ အသွင်ပြောင်းခြင်းကို ကြည့်ရှုရာမှ ရရှိလာသော အသိဉာဏ်များကို စတင် နားလည် သဘောပေါက်ရန် ကြိုးစားနေခြင်းပင်။
အိပ်ပျော်နေစဉ်အတွင်း ၎င်း၏ ခန္ဓာကိုယ်မှ ရေပြာရောင် လျှို့ဝှက်ဆန်းကြဲ အလင်းတန်းများ ဖြာထွက်လာကာ တိတ်ဆိတ်စွာ အသွင်ပြောင်းလဲနေလေ၏။
ရေခဲ ဝိညာဉ် ရေကန် အတွင်း၌ ရေခဲအကြေးခွံ ငါး မိစ္ဆာ အကောင် (၂၀) နီးပါးခန့် ရှိနေသည်။
၎င်းတို့၏ ကျင့်ကြံမှု အဆင့်များမှာ အဆင့် (၁) အဆင့် (၂) နှင့် အဆင့် (၃) ကြားတွင် ရှိကြ၏။
ဤ ရေခဲအကြေးခွံ ငါးများသည်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဉာဏ်ရည်များ နိုးကြားလာခဲ့ကြသော်ငြား ငါးဘုရင်ကြီးကဲ့သို့ လူသား အသွင်ပြောင်းနိုင်လောက်အောင် ဉာဏ်မထက်မြက်ကြချေ။
ငါးဘုရင်ကြီး အသွင်ပြောင်းနေသည့် အခိုက်အတန့်တွင် ၎င်းတို့သည် ငါးဘုရင်ကြီးနှင့် မနီးမဝေး နေရာတွင် စုရုံးရောက်ရှိလာကြသည်။
ငါးဘုရင်ကြီးထံမှ ဖြာထွက်နေသော ထူးခြားသည့် လျှို့ဝှက်ဆန်းကြယ် အလင်းတန်းများဖြင့် ရေချိုးသန့်စင် ခံလိုက်ရပြီးနောက် ဤ ရေခဲအကြေးခွံ ငါး အုပ်စုသည်လည်း ကြီးမားသော အကျိုးကျေးဇူးများ ရရှိသွားသည့်အလား အားလုံး အိပ်မောကျသွားကြလေတော့သည်။
အင်မော်တယ် နန်းတော် အတွင်း၌...
စုယွီ၊ တာအိုဆရာ ထျန်းယွီ၊ စံအိမ်သခင် ဖန်ရှောင် တို့အပြင် ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် နှင့် တာအိုသခင်ကြီး ကျိုလင် တို့ အားလုံး ဤနေရာသို့ ရောက်ရှိနေကြ၏။
ဟွမ်ကျူးက လူသား အသွင်သို့ ပြန်လည် ပြောင်းလဲကာ အင်မော်တယ် နန်းတော် အတွင်းသို့ ပြန်လည် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက သူမကို တခဲနက် ဝိုင်းဝန်း ဂုဏ်ပြုလိုက်ကြသည်။
ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် က ဟွမ်ကျူးကို ကြည့်ကာ ပြုံးလိုက်ပြီး သူမ၏ ဘေးတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
“ညီမ ဟွမ်ကျူး... ဒီဘက်လာထိုင်ပါ”
နဂါး အဖြစ်သို့ အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့ပြီးနောက် ဟွမ်ကျူးသည် နောက်ဆုံးတွင် ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် ၏ မျက်စိကျခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
သို့သော် ရောက်ရှိနေသူများ၏ ရွှင်လန်းသော ရယ်မောသံများနှင့် ဂုဏ်ပြုစကားများက ကြာရှည် မခံလိုက်ပေ။ ရုတ်တရက် ဖန်ရှောင်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူမ၏ ဝိညာဉ် အာရုံကို သတင်းပို့ ကျောက်စိမ်းပြား တစ်ခုအတွင်းသို့ ထိုးသွင်းလိုက်ရာ အကြီးအကဲ ကျောက်ချန်ဖုန်း ၏ အသံ ထွက်ပေါ်လာ၏။
ကျောက်ချန်ဖုန်း က လေးနက်သော လေသံဖြင့် အစီရင်ခံလာသည်။
“စံအိမ်သခင်... ချန်ကု အင်မော်တယ် မြို့တော် က ယင်း မိသားစု၊ ဝူ မိသားစု၊ ကုန်းစွန်း မိသားစု နဲ့ အခြား မိသားစု (၂) ခု ပေါင်းပြီး မျိုးနွယ်စု (၅) ခုက ကိုယ်စားလှယ်တွေ လာရောက် လည်ပတ်နေပါတယ်”
ခဏအကြာတွင်...
မြေကမ္ဘာအင်မော်တယ်စံအိမ် တံခါးဝရှိ မဟာ ခန်းမဆောင်ကြီး အတွင်း၌...
ဖန်ရှောင် သည် ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် နှင့် တာအိုသခင်ကြီး ကျိုလင် တို့ ခြံရံလျက် ချန်ကု အင်မော်တယ် မြို့တော် မှ ရုတ်တရက် ရောက်ရှိလာသော တာအို သခင်ကြီး (၅) ပါးနှင့် တွေ့ဆုံလိုက်သည်။
ဖန်ရှောင် သည် ဤလူ (၅) ဦးကို ယခင်က တစ်ခါမှ မမြင်ဖူးချေ။ ယခင်က မြေကမ္ဘာအင်မော်တယ်စံအိမ် သို့ လာရောက်ခဲ့သော ယင်း မိသားစု မှ ဘိုးဘေး ခြောက်ပါး ကဲ့သို့သော အဖွဲ့မျိုး မဟုတ်ပေ။
ထိုသို့ဆိုလင့်ကစား ဤအဖွဲ့ကို ယင်း မိသားစု မှ ဆံဖြူ တာအို သခင်ကြီး အိုကြီး တစ်ဦးက ဦးဆောင်လာခြင်းပင်။ ထိုအဘိုးအို၏ ကျင့်ကြံမှု စွမ်းအားမှာ မခိုင်မာလှချေ။ ပကတိဟင်းလင်းပြင် အဆင့် (၃) တွင်သာ ရှိ၏။
ဆံဖြူ အဘိုးအိုသည် ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် ကို တစ်ချက် အကဲခတ်လိုက်ပြီး တာအိုသခင်ကြီး ကျိုလင် ကို ကြည့်ကာ ပြုံးလိုက်သည်။
“ကျုပ်က ချန်ကု အင်မော်တယ် မြို့တော် ယင်း မိသားစု က ယင်းချန်ထုံ ပါ... မိတ်ဆွေတွေက ကျုပ်ကို တာအိုဆရာ ချန်ထုံ လို့ ခေါ်နိုင်ပါတယ်”
“ကျုပ် မြေကမ္ဘာအင်မော်တယ်စံအိမ် ကို လာလည်ရတဲ့ ရည်ရွယ်ချက်ကတော့ အကျိုးတူ ကိစ္စရပ် တစ်ခုကို ဆွေးနွေးချင်လို့ပါပဲ”
ဖန်ရှောင်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွား၏။ ဤလူ၏ ဟန်ပန်က ယခင် ယင်း မိသားစု မှ လာရောက်ခဲ့သူများနှင့် ကွာခြားနေသည်။
သူ၏ စကားလုံးတိုင်းတွင်...
လက်အောက်ငယ်သားများကို စကားပြောနေသည့်အလား မောက်မာမှု အရိပ်အယောင်များ စွက်ဖက်နေ၏။
သူ၏ အမြင်တွင် မြေကမ္ဘာအင်မော်တယ်စံအိမ် ဆိုသည်မှာ အလိုရှိသလို အမိန့်ပေး ခိုင်းစေနိုင်သည့် အစေခံ တစ်ဦးမျှသာ ဖြစ်ပုံရသည်။
သို့သော် ချန်ကု အင်မော်တယ် မြို့တော် ၏ အင်အားနှင့် လွှမ်းမိုးမှုကို ထည့်တွေးကာ ဖန်ရှောင် သည် သူမ၏ ရင်ထဲမှ မသက်မသာ ဖြစ်မှုကို ဖိနှိပ်ထားလိုက်ပြီး တုံ့ပြန်လိုက်သည်။
“အကြီးအကဲ ချန်ထုံ... ကျေးဇူးပြုပြီး ပြောပါ”
“အေး... အရုပ်ဆိုးတဲ့ အမှန်တရားကို ကြိုပြောထားရတာပေါ့... တကယ်လို့ အကြီးအကဲ ပြောမယ့် ကိစ္စရပ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ဘက်က အင်အား မလုံလောက်ခဲ့ရင်တော့ တောင်းပန်ရုံကလွဲပြီး တတ်နိုင်မှာ မဟုတ်ဘူးရှင့်”
ဖန်ရှောင်က ထိုသို့ သတိပေးလိုက်သောအခါ ယင်းချန်ထုံ ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။
ဖန်ရှောင်ကို ကြည့်လိုက်သော သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှု အရိပ်အယောင်များ ပေါ်လွင်နေ၏။ သူ၏ အကြည့်များက အေးစက်စက် တောက်ပသွားသည်။ ထိုစကားက... သူတို့ ယင်း မိသားစု အပေါ် အနည်းငယ် ရိုင်းစိုင်းစော်ကားရာ ကျနေသည် မဟုတ်ပါလော။
ယင်းချန်ထုံ က ခပ်မာမာ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ... ဒီကိစ္စက မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ဖြေရှင်းဖို့ တော်တော်လေး လွယ်ကူရိုးရှင်းပါတယ်”
“မကြာသေးခင်က မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က ငါတို့ ချန်ကု အင်မော်တယ် မြို့တော် ဆီကို ချဉ်းကပ်လာခဲ့တယ်... မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ဖြေရှင်းပေးဖို့ ငါတို့ကို ဖိအားပေးပြီး ရှင်းလင်းချက် တောင်းခံလာတယ်”
“ဒီလူရဲ့ နာမည်က လေ့ချန်ထျန်း တဲ့... အသက် (၃၀၀၀) နီးပါး ရှိနေပြီဖြစ်တဲ့ အထွတ်အထိပ် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါးပဲ”
“သူက အချိန် အကြာကြီး တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး လောကထဲကို သိပ်ထွက်လေ့မရှိပေမယ့်... သူ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ တာအို သခင်ကြီးတွေ နဲ့ မိစ္ဆာ အရှင်သခင် တွေရဲ့ အရေအတွက်က လက်ချိုးရေလို့ ရတဲ့ အတိုင်းအတာ ထက် အများကြီး ပိုနေပြီ”
ယင်းချန်ထုံ က တည်ငြိမ်စွာ စကားပြောနေရင်း ဖန်ရှောင်၊ ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် နှင့် တာအိုသခင်ကြီး ကျိုလင် တို့၏ မျက်နှာ အမူအရာ ပြောင်းလဲမှုများကို စောင့်ကြည့် အကဲခတ်နေ၏။
သူ တွက်ထားသည့် အတိုင်းပင်။
လေ့ချန်ထျန်း ၏ ကိုယ်ရေးရာဇဝင်နှင့် အစွမ်းသတ္တိကို ကြားလိုက်ရသည်နှင့် ဖန်ရှောင်၏ မျက်နှာ အရောင်က ချက်ချင်း ပြောင်းလဲသွားတော့သည်။
ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် နှင့် တာအိုသခင်ကြီး ကျိုလင်တို့လည်း မကျေနပ်မှုကြောင့် သုန်မှုန်သွား၏။
ဖန်ရှောင် မျက်မှောင်ကြုတ်သွားသည်။ ယင်းချန်ထုံ နှင့် ချန်ကု အင်မော်တယ် မြို့တော် မှ အခြား တာအို သခင်ကြီး လေးပါးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ပြတ်သားစွာ မေးလိုက်သည်။
“အကြီးအကဲတို့က ကျွန်မတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို အင်အားသုံးဖို့ ရည်ရွယ်ချက်နဲ့ လာကြတာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်”
ထိုအခါ ယင်းချန်ထုံ က သရော်လှောင်ပြောင်သလို ပြုံးလိုက်ပြီး ပြန်ဖြေသည်။
“ချန်ကု အင်မော်တယ် မြို့တော် က ဘယ်တုန်းကများ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ရဲ့ အမိန့်ပေးတာကို ခံရဖူးလို့လဲ... လေ့ချန်ထျန်း ကိုယ်တိုင် အမိန့်ပေးရင်တောင်မှပေါ့”
သို့သော် သူ စကားပြောနေရင်းပင် ယင်းချန်ထုံ ၏ အကြည့်များက ဖန်ရှောင်၊ ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် နှင့် တာအိုသခင်ကြီး ကျိုလင် တို့ဆီသို့ ရွှေ့သွားကာ သူ၏ လေသံက ရုတ်တရက် စူးရှသွား၏။
“ဒါပေမဲ့ ချန်ကု အင်မော်တယ် မြို့တော် က ဘာမှ ကြောက်စရာ မလိုပေမယ့်... မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကတော့ မတူဘူး”
“တကယ်လို့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကသာ မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို အမှန်တကယ် အရေးယူဖို့ လှုပ်ရှားလာပြီ ဆိုရင်... မင်းတို့ လက်ထဲမှာ ရှိနေတဲ့ အဆင့် (၆) အထွတ်အထိပ် နတ်ဘုရား ရုပ်တု တစ်ခုတည်းနဲ့တင် လုံခြုံမှုကို သေချာပေါက် ကာကွယ်နိုင်မယ်လို့ ထင်နေတာလား”
“မဖြစ်နိုင်ဘူး”
“မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကသာ မင်းတို့ကို ပစ်မှတ်ထားဖို့ ရည်ရွယ်ထားရင်... သူတို့ သုံးလာနိုင်တဲ့ နည်းလမ်းတွေက အခု တစ်ရာ၊ တစ်ထောင် မက အများကြီး ရှိတယ်”
ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် က အနည်းငယ် စိတ်မရှည်တော့သည့်ဟန်ဖြင့် ဝင်ပြောလိုက်သည်။
“လိုရင်းကိုသာ တည့်ပြောပါ..
တာအိုဆရာ ချန်ထုံ”
အထက်စီးကနေ ဟန်ရေးပြနေချိန်တွင် ဝင်ရောက် နှောင့်ယှက်ခံလိုက်ရသဖြင့် ယင်းချန်ထုံ ၏ မျက်လုံးများထဲတွင် မည်းမှောင်သော အရိပ်အယောင် အချို့ ဖြတ်ပြေးသွား၏။
သူက အေးစက်စက် နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။
“လေ့ချန်ထျန်း လာနေပြီ... မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် အတွက် ရွေးချယ်စရာ (၂) ခုပဲ ရှိတယ်... ပထမ တစ်ခုက လေ့ချန်ထျန်း ရဲ့ ဖျက်ဆီး လုယက်တာကို ခံပြီး မင်းတို့ မျိုးဆက် တစ်ခုလုံး မျိုးဖြုတ် ခံလိုက်ဖို့ပဲ”
“ဒုတိယ တစ်ခုကတော့... အဲဒီ နတ်ဘုရား ရုပ်တု နဲ့ သူ့နောက်က အမွေအနှစ် အပျက်အစီးတွေကို ငါတို့ ချန်ကု အင်မော်တယ် မြို့တော် ကို လွှဲပြောင်းပေးလိုက်... ငါတို့က မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ရဲ့ လုံခြုံရေး နဲ့ အသက်အိုးအိမ် စည်းစိမ်ကို အာမခံချက် ပေးမယ်”
လက်စသတ်တော့ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ နတ်ဘုရား ရုပ်တုနှင့် အမွေအနှစ် အခွင့်အရေးကို လိုချင်၍ သူတို့ လာခဲ့ကြခြင်းပင်။
ဖန်ရှောင်၊ ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် နှင့် တာအိုသခင်ကြီး ကျိုလင် တို့၏ ရင်ထဲတွင် အံ့ဩ တုန်လှုပ်မှု၊ ဒေါသများနှင့်အတူ လေးလံ ကျဆင်းသွားတော့၏။
မကြာသေးမီကမှ တာ့ယန် အင်မော်တယ် မင်းဆက် သည် ရုတ်တရက် ဘေးဒုက္ခကြီး တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ အင်မော်တယ် ကျီးကန်း မျိုးနွယ်စု က ဆင်းသက်လာပြီး အင်ပါယာ မြို့တော်ကို ဖျက်ဆီးပစ်ခဲ့ရာ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး သူတို့၏ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ဆက်လက် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ချေ။
၎င်းမှာ မြေကမ္ဘာအင်မော်တယ်စံအိမ် ရှိ လူများ၏ စိုးရိမ်ပူပန်နေသော နှလုံးသားများကို နောက်ဆုံးတွင် ပြန်လည် တည်ငြိမ်သွားစေပြီး ဝမ်းသာ ပျော်ရွှင်မှုများ၊ သက်သာရာရမှုများဖြင့် ပြည့်နှက်သွားစေခဲ့သော သတင်းကောင်း တစ်ခုပင် ဖြစ်သည်။
သို့သော် အချိန် ဘယ်လောက်များ ကြာသွားခဲ့လို့လဲ။
တာ့ယန် အင်မော်တယ် မင်းဆက် က ထွက်ခွာသွားရုံ ရှိသေးသည်... ပိုမို အစွမ်းထက်သော ချန်ကု အင်မော်တယ် မြို့တော် ကြီးက နေရာယူရန် ရောက်ရှိလာခဲ့ပြီလား။
မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ လုံခြုံမှုကို ကာကွယ်ပေးမည် ဆိုသည့် အလဲအလှယ်အတွက် နတ်ဘုရား ရုပ်တုနှင့် အမွေအနှစ်များကို ချန်ကု အင်မော်တယ် မြို့တော် ထံ လွှဲပြောင်းပေးရမည် ဟုတ်လား။
ထိုအရာက ရယ်စရာ ဟာသ တစ်ခုအပြင် အခြား မရှိပေ။
ကြောက်စရာ အကောင်းဆုံးမှာ မြေကမ္ဘာအင်မော်တယ်စံအိမ် ကသာ ထိုဆုံးဖြတ်ချက်ကို အမှန်တကယ် လက်ခံ လုပ်ဆောင်လိုက်မည် ဆိုပါက ချန်ကု အင်မော်တယ် မြို့တော် ၏ မျိုးနွယ်စု (၅) ခုက မြေကမ္ဘာအင်မော်တယ်စံအိမ် ကို စွန့်ပစ်သွားကြမည်မှာ အသေအချာပင်။ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ ဒေါသတရား အောက်တွင် အကာအကွယ်မဲ့ ကျန်ရစ်ခဲ့ရပေမည်။
“တစ်ခါတုန်းက ယင်း မိသားစု ရဲ့ အမှတ် (၆) ဘိုးဘေး.. ကျွန်မတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို လာလည်တုန်းကဆိုရင်... ချန်ကု အင်မော်တယ် မြို့တော် ဟာ ဒီချန်ကျိုး နယ်မြေ ထဲက ကျင့်ကြံသူတွေကို အမှန်တကယ် ကာကွယ်ပေးနိုင်တဲ့ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့မိတာ”
“အခု ကြည့်ရတာ ကျွန်မ ..ရှင်တို့ကို အထင်ကြီးလွန်းသွားပုံ ရတယ်”
“အကြီးအကဲတို့... ကျေးဇူးပြုပြီး ပြန်ကြပါတော့... ကျွန်မတို့ လိုက်မပို့တော့ဘူး”
ရွှေရောင် နဂါး မိစ္ဆာ အရှင်သခင် က မတ်တတ် ထရပ်လိုက်ကာ အေးစက်စက် နှင်ထုတ်လိုက် ယတော့၏။
ယင်းချန်ထုံ နှင့် အခြား လေးဦးသည် ချန်ကု အင်မော်တယ် မြို့တော် ၏ မျိုးနွယ်စု (၅) ခုမှ တာအို သခင်ကြီး များ ဖြစ်ကြသော်ငြား မြေကမ္ဘာအင်မော်တယ်စံအိမ် သည် လက်ရှိတွင် အဆင့် (၆) အထွတ်အထိပ် နတ်ဘုရား ရုပ်တု တစ်ခုကို ပိုင်ဆိုင်ထားရာ အားနည်းသော အင်အားစု တစ်ခုတော့ မဟုတ်တော့ချေ။
လူ (၅) ဦးစလုံး မြေကမ္ဘာအင်မော်တယ်စံအိမ် အတွင်း၌ တကယ်တမ်း မိုက်ရူးရဲဆန်စွာ မလှုပ်ရှားရဲသည်မှာ သိသာနေ၏။
မှုန်တေတေ မျက်နှာထားများဖြင့် ထွက်ခွာသွားရုံမှ လွဲ၍ သူတို့ ဘာမှ မတတ်နိုင်ကြချေ။
ယင်းချန်ထုံ နှင့် အခြားလေးဦးကို နှုတ်ဆက် လွှတ်လိုက်ပြီးနောက်... ဖန်ရှောင်၊ တာအိုဆရာ ထျန်းယွီ၊ ဟွမ်ကျူး၊ အကြီးအကဲ ကျောက်ချန်ဖုန်း နှင့် အခြားသူများ အင်မော်တယ် တံခါး မဟာ ခန်းမဆောင်ကြီး အတွင်း၌ အသီးသီး ပေါ်ထွက်လာကြသည်။ ချန်ကု အင်မော်တယ် မြို့တော် မှ မျိုးနွယ်စု တာအို သခင်ကြီး (၅) ပါး ရောက်ရှိလာခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်များကို ဆွေးနွေး တိုင်ပင်ကြ၏။
စုယွီ မှာ စကားအများကြီး မပြောခဲ့သော်ငြား မြေကမ္ဘာအင်မော်တယ်စံအိမ် ကို အုံ့မှိုင်းသော တိမ်မည်းကြီး တစ်ခုက နောက်တစ်ဖန် လွှမ်းခြုံသွားပြန်လေပြီ။
'ခွန်အား မရှိရင် ဒီကျင့်ကြံခြင်းကမ္ဘာကြီးမှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံဖို့ မျှော်လင့်နေတာက အချည်းနှီး စိတ်ကူးယဉ် သက်သက်ပဲ'
မြေအောက် နန်းတော်ရှိ လျှို့ဝှက်နယ်မြေ အတွင်းသို့ စုယွီ ပြန်လည် ရောက်ရှိလာသောအခါ သက်ပြင်းချလိုက်ပြီး မိမိဘာသာ ပြောကြားလိုက်မိ၏။
အခြား တစ်နေရာ ဝိညာဥ်မဲ့ မြေရိုင်းပြင်ကြီး။
ယွဲ့ အင်မော်တယ်စံအိမ် အင်မော်တယ် မြို့တော် ၏ အပျက်အစီး နယ်မြေ အတွင်း၌... တာအိုဆရာ အရိပ်နီ ၏ အတွင်းတွင် ထိုင်နေသော စုယွီ ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ သည် မျက်လုံး အစုံ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
တာအိုဆရာ အရိပ်နီ ပေါ်ရှိ နုနယ်သော အစိမ်းရောင် သစ်ကိုင်းလေး တစ်ခုက သိမ်မွေ့စွာ လှုပ်ခတ်သွားလေတော့၏။