← Chapters

အခန်း ၉၅၆

Vol. 64 Ch. 956

အခန်း ၉၅၆

Vol. 64 Ch. 956

အခန်း (၉၅၆) - ထိပ်ဆုံး မဟာ စွမ်းအား၊ တစ်ချက်တည်းဖြင့် ရှင်းလင်းခံရသော လေ့ချန်ထျန်း (အပိုင်း- ၂)

လေ့ကျန်းက ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ တတိယ ဘိုးဘေး... အခုလို ဘိုးဘေး ကိုယ်တိုင် လှုပ်ရှားလာမှတော့ ဒီလို အင်အားစု သေးသေးလေးကို ရှင်းလင်းရတာ လွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်သွားပါပြီ”

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် သည် အလွန် အင်အားကြီးမားလှ၏။ ၎င်းတို့၏ ပိုင်နက် နယ်မြေသည် ချန်ကျိုး နယ်မြေ တစ်ခုလုံး နီးပါး ကျယ်ဝန်းလှသည်။

ထိုနယ်မြေသည် ယခင်က ဟေးလုံ အင်ပါယာ နန်းတော် ကြီး ပိုင်စိုးခဲ့သော နယ်မြေ၏ ဆယ်ပုံတစ်ပုံခန့် ရှိလိမ့်မည်။

လက်ရှိ မြောက်ပိုင်း လူသား နယ်မြေ တွင် အင်အား အကြီးမားဆုံး အဖွဲ့အစည်းမှာ လူသား အင်မော်တယ် ဂိုဏ်းများ၏ ရှေးဟောင်း မြင့်မြတ် နယ်မြေ (၃) ခု အနက်မှ တစ်ခု ဖြစ်သော ကျန်းဝူ နန်းတော် ပင် ဖြစ်ကြောင်း ယုံမှားဖွယ် မရှိပေ။ ၎င်း၏ အင်မော်တယ် အရှိန်အဝါသည် ကျယ်ပြန့် ကြီးမားလှကာ မြောက်ပိုင်း လူသား နယ်မြေ တစ်ခုလုံး၏ အရှင်သခင် အစစ်အမှန် ဖြစ်၏။

ကျန်းဝူ နန်းတော် ၏ အောက်တွင်မူ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကဲ့သို့သော အင်အားစု အနည်းငယ်သာ ရှိသည်။

ချန်ကျိုး နယ်မြေ သည် မြောက်ပိုင်း လူသား နယ်မြေ တွင် မပါဝင်သကဲ့သို့ ကျန်းဝူ နန်းတော် ၏ လွှမ်းမိုးမှု အောက်တွင်လည်း မရှိချေ။

ယင်းအစား ထိုနယ်မြေကို လူသား အင်မော်တယ် ဂိုဏ်းများ၏ ရှေးဟောင်း မြင့်မြတ် နယ်မြေ (၃) ခု အနက်မှ တစ်ခု ဖြစ်သည့် ရွှမ်ဟွမ် ရှေးဟောင်း မြင့်မြတ် နယ်မြေ က အုပ်ချုပ်ထားခြင်း ဖြစ်သည်။

ရှေးဟောင်း မြင့်မြတ် နယ်မြေ သုံးခုမှာ ကျင့်ကြံခြင်းကမ္ဘာ၏ ဖြောင့်မတ်သော လမ်းစဉ်ကို လိုက်လျှောက်ကြသည့် ထိပ်သီး ဂိုဏ်းကြီး (၃) ခု ဖြစ်ကြ၏။ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော အစွမ်းထက် ကျင့်ကြံသူများနှင့် ပြိုင်ဘက်ကင်း ပါရမီရှင်များ သည် ထို မြင့်မြတ်သော အင်မော်တယ် နယ်မြေများသို့ ဝင်ရောက် ကျင့်ကြံရန် တောင့်တ နေကြသည်သာ။

ဤသည်က ကျင့်ကြံခြင်းကမ္ဘာ ၏ ပြီးပြည့်စုံသော ပိရမစ် ဖွဲ့စည်းပုံကြီးပင်။

အင်မော်တယ် ဂိုဏ်းများ၏ ရှေးဟောင်း မြင့်မြတ် နယ်မြေ (၃) ခုမှ လွဲလျှင် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် သည် ပြင်ပတွင် တည်ရှိနေသော ထိပ်တန်း အင်အားစုကြီး တစ်ခု ဖြစ်နေခဲ့လေပြီ။

ထိုသို့သော အင်အားမျိုးသည် ချန်ကျိုး နယ်မြေ တစ်ခုလုံးကို တိုက်ခိုက်မည် ဆိုပါကပင် လုံလောက်သော အရည်အချင်းနှင့် အုတ်မြစ် ရှိနေသည်။

သို့ဖြစ်ရာ ချန်ကျိုး နယ်မြေ အတွင်းရှိ အင်အားစု အသေးအမွှားလေး တစ်ခုကို နှိမ်နင်းရန် ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။

လေ့ကျန်း စဉ်းစားနေစဉ် သူ၏ မျက်လုံးများထဲတွင် မည်းမှောင်သော အရိပ်အယောင် အချို့ ဖြတ်ပြေးသွား၏။

'အဲဒီ နတ်ဘုရား ရုပ်တုကြီးသာ မရှိဘူး ဆိုရင် မြေကမ္ဘာအင်မော်တယ်စံအိမ် လို အင်အားစု သေးသေးလေးကို ငါ တစ်ယောက်တည်းနဲ့တင် အမြစ်ပြတ် ချေမှုန်းပစ်နိုင်တယ်'

ယခုမူ တတိယ ဘိုးဘေး ကိုယ်တိုင် ထွက်ပေါ်လာရန် အကူအညီ တောင်းခံလိုက်ရလေပြီ။

“ဝီ…”

စစ်သင်္ဘောကြီးသည် မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ပိုင်နက် အတွင်းသို့ ဝင်ရောက်လာပြီး ချန်ဟုန် အင်မော်တယ် မြို့တော် ဆီသို့ အလျင်အမြန် ဦးတည် သွားသည်။

သို့သော် သူတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ပိုင်နက် အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်... မိုင် ရာပေါင်းများစွာ ကွာဝေးသော ပေတစ်ထောင် မြင့်သည့် တောင်ထိပ် တစ်ခုပေါ်တွင် စုယွီ ၏ တာအို ရုပ်သေး ပေါ်ထွက်လာ၏။

အဝေးမှ ကောင်းကင်ယံ အထက်ရှိ စစ်သင်္ဘောကြီးကို လှမ်း၍ အကဲခတ်ရန် ရွှေ‌ပုစဉ်းရင်ကွဲ နတ်ဘုရား မျက်လုံး ကျင့်စဉ်ကို ဖော်ထုတ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ရွှေရောင် နတ်ဘုရား အလင်းတန်းများ ယှက်ဖြာလာလေတော့သည်။

ထို စစ်သင်္ဘောကြီးကပင် မှော်ရတနာ ဖြစ်နေ၏။ ၎င်းထံမှ စိမ့်ထွက်နေသော အင်မော်တယ် စွမ်းအား အရှိန်အဝါက စုယွီ အား ကြီးမားသော ခြိမ်းခြောက်မှုနှင့် သတိထားရမည့် ခံစားချက်ကို ပေးစွမ်းနေ၏။

သို့သော်ငြား...

“ဝီ…”

နောက်တစ်ခဏတွင် စုယွီ ၏ တာအို ရုပ်သေး ဘေး၌ ငွေရောင် ကြေးအိုး တစ်လုံး ပျံဝဲလာသည်။

သူ၏ စွမ်းအား အားလုံးကို ငွေရောင် ကြေးအိုး အတွင်းသို့ လောင်းထည့်လိုက်သည်နှင့် တစ်ပြိုင်နက် လွှမ်းမိုး နိုင်စွမ်း ရှိသော ဟင်းလင်းပြင် တာအို ၏ စွမ်းအားများ စုစည်းလာတော့၏။

ထိပ်တန်း မှော်လက်နက် တစ်ခု ဖြစ်သည့် ဟင်းလင်းပြင် ကြေးအိုးငယ် ၏ စွမ်းအားများကို စုယွီ ၏ တာအို ရုပ်သေး က အမြင့်ဆုံး အတိုင်းအတာ အထိ ထုတ်ဖော်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေသော နတ်ဘုရား အလင်းတန်းကြီး တစ်ခု ဖြာထွက်လာသည်။

“ဝုန်း…”

မျက်စိတစ်မှိတ် အတွင်း သူတို့ ရှေ့ရှိ ဟင်းလင်းပြင် ကွဲအက် ပျက်စီးသွား၏။

ဟင်းလင်းပြင် ကြေးအိုးငယ် ၏ စွမ်းအားဖြင့် စုယွီ က ဝိညာဥ်မဲ့ မြေရိုင်းပြင် ဆီသို့ ဦးတည်နေသော ဟင်းလင်းပြင် လမ်းကြောင်း တစ်ခုကို ဆွဲဖြဲ ဖွင့်လှစ်လိုက်သည်။

သို့သော် အလွန် ဝေးကွာသော ဟင်းလင်းပြင် လမ်းကြောင်းကို ဆွဲဖြဲ ဖွင့်လှစ်ရန် ဟင်းလင်းပြင် ကြေးအိုးငယ် ကို အတင်းအကြပ် အသုံးပြုလိုက်ခြင်းကြောင့် ရုတ်ချည်းပင် အဖျက် စွမ်းအားကြီး ရိုက်ခတ်လာ၏။ အဆင့် (၅) အဆင့်နိမ့် တာအို ရုပ်သေး ၏ ခန္ဓာကိုယ်သည် ထိုစွမ်းအားကို မခံနိုင်ဘဲ တစ်စစီ စတင် ပြိုကွဲလာတော့သည်။

စုယွီ ၏ တာအို ရုပ်သေး ပြိုကွဲ ပျက်စီးသွားသည့် နောက်ဆုံး အခိုက်အတန့် တွင်... သူ့အရှေ့ရှိ ကွဲအက်နေသော ဟင်းလင်းပြင် လမ်းကြောင်း မှတစ်ဆင့် တလက်လက် တောက်ပနေသော နုနယ်သည့် သစ်ကိုင်းစိမ်းလေး တစ်ခု ဆန့်ထွက်လာသည်။

ထိုအခိုက်အတန့် တွင် ကောင်းကင်ယံ တုန်လှုပ်သွားကာ အချိန်နှင့် ဟင်းလင်းပြင် တို့မှာ ကစဉ့်ကလျား ဖြစ်ကုန်တော့သည်။

“ဖောင်း…”

စုယွီ ၏ တာအို ရုပ်သေး သည် အပိုင်းပိုင်း အစစ ပြိုကွဲ ပျက်စီး သွားလေပြီ။

ဟင်းလင်းပြင် ထဲမှ ဆန့်ထွက်လာသော နုနယ်သည့် သစ်ကိုင်းစိမ်းလေး က တိကျသော နေရာ တစ်ခုဆီသို့ ဦးတည် သွားသည်။

“ဝုန်း…”

သစ်ကိုင်းလေး ၏ တစ်ချက် အထိအတွေ့ဖြင့် ဟင်းလင်းပြင် ကြီး ဖောက်ထွင်း ခံလိုက်ရကာ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားတော့၏။

တစ်ချိန်တည်းမှာပင်...

မိုင် ရာပေါင်းများစွာ ကွာဝေးသော ကောင်းကင်ယံ အထက်ရှိ အဆင့် (၆) စစ်သင်္ဘော အတွင်း တင်ပျဉ်ခွေ ထိုင်နေသော လေ့ချန်ထျန်း မျက်နှာ ပျက်ယွင်းသွား၏။ ထိုအခိုက်အတန့် တွင် သူ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညှင်းများပင် ထောင်ထသွားတော့သည်။

ထို ခံစားချက် မျိုးကို... မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ ဘိုးဘေး တာအို ဧကရာဇ် နှင့် ရင်ဆိုင်ရချိန်တွင်သာ သူ ကြုံဖူးခဲ့ခြင်း ဖြစ်၏။

လေ့ချန်ထျန်း ၏ ရင်ထဲတွင် ကြီးမားလှသော ကြောက်ရွံ့မှု၊ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားကာ တွေးလိုက်မိသည်။

'ဒါ ဘာကြီးလဲ'

ပကတိဟင်းလင်းပြင် အဆင့် ထက် ကျော်လွန်သော မဟာ စွမ်းအားရှင် တစ်ပါး ပေါ်ထွက်လာတာလား... ဒါမှမဟုတ် ဖြတ်သွားတာလား...

ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် စစ်သင်္ဘော ၏ အပြင်ဘက်ရှိ ဟင်းလင်းပြင် ကြီး ရုတ်တရက် ပေါက်ကွဲသွား၏။ နက်ရှိုင်းသော ဟင်းလင်းပြင် အတွင်းမှ နုနယ်သည့် သစ်ကိုင်းစိမ်းလေး တစ်ခု ဆန့်ထွက်လာကာ စစ်သင်္ဘော ကို လာရောက် ထိတွေ့သည်။

“အုန်း…”

ပကတိဟင်းလင်းပြင် အနောင်းပိုင်း အဆင့် တာအို သခင်ကြီး များ၏ တိုက်ခိုက်မှုများကိုပင် ကာကွယ်နိုင်စွမ်း ရှိသော စစ်သင်္ဘောကြီးသည် ထို တစ်ချက် အထိအတွေ့ အောက်တွင် မျက်စိတစ်မှိတ် အတွင်း ပျက်စီး သွားလေတော့သည်။

လေ့ချန်ထျန်း က ကောင်းကင်ကို မော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

“ကာကွယ်ကြ...”

“ဂျုန်း…”

မိုးကြိုးများ ရုတ်တရက် အတားအဆီး တစ်ခု အဖြစ် ဖွဲ့တည်သွားကာ လေ့ချန်ထျန်း၊ လေ့ကျန်း နှင့် အခြားသူများကို လွှမ်းခြုံ ကာကွယ်လိုက်သည်။ ၎င်းမှာ အဆင့်မြင့် ရတနာများထက် သာလွန်သော... တိုက်ခိုက်မှုနှင့် ကာကွယ်မှု နှစ်မျိုးစလုံး အတွက် စွမ်းဆောင်နိုင်သည့် ကြောက်မက်ဖွယ် မှော်ရတနာ တစ်ပါးပင်။

ကောင်းကင် ကိုးထပ် မိုးကြိုး ဒိုင်းလွှား။

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ အုတ်မြစ်များထဲမှ တစ်ခု ဖြစ်သော ထိပ်တန်း တပိုင်း မှော်ရတနာ ကြီးပင်။

ထိုသို့သော ရတနာကြီး၏ အောက်တွင် ရှိနေသော်ငြား... နုနယ်သည့် သစ်ကိုင်းစိမ်းလေး က ကောင်းကင် ကိုးထပ် မိုးကြိုး ဒိုင်းလွှား ကို မျက်စိတစ်မှိတ် အတွင်း ဖောက်ထွင်းသွား၏။ အမြင့်ဆုံး စွမ်းအားများဖြင့် အရာအားလုံးကို ချိုးဖျက်ကာ လေ့ချန်ထျန်း ၏ ဦးခေါင်းထိပ်ကို လာရောက် ထိတွေ့လေတော့သည်။

“ဖြောင်း…’

စစ်သင်္ဘောကြီး နှစ်ပိုင်းကွဲကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ကောင်းကင် ကိုးထပ် မိုးကြိုး ဒိုင်းလွှား ကြီးလည်း ပေါက်ကွဲသွားကာ အဆုံးမဲ့ အစအနများ အဖြစ် လုံးဝ ပြိုကွဲ ကျဆင်းသွားတော့၏။

မိုင် တစ်ရာ ပတ်လည် အတွင်းရှိ မြေပြင် တစ်ခုလုံးသည် မိုးကြိုးများနှင့် ရိုက်ခတ်သွားသော ထို စွမ်းအားကြီး၏ ဂယက်ရိုက်ခတ်မှုများ အောက်တွင် တံမြက်လှည်း သကဲ့သို့ ရှင်းလင်း ခံလိုက်ရသည်။

မြေပြင်များ ကွဲအက်သွားပြီး ရေတွက်၍ မရနိုင်သော တောင်တန်းများနှင့် ရှေးဟောင်း သစ်ပင်ကြီးများမှာ အမှုန့် အဖြစ် ကြိတ်ခြေ ခံလိုက်ရ၏။

ကမ္ဘာပျက်မည့် အလား ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခုက အရာအားလုံးကို မျိုးဖြုတ် ပစ်လိုက်သကဲ့သို့ပင်။

နှမြောစရာ ကောင်းသည်မှာ ကောင်းကင် ကိုးထပ် မိုးကြိုး ဒိုင်းလွှား ကြီး ပေါက်ကွဲသွားသည့် အခိုက်အတန့် တွင် နုနယ်သည့် သစ်ကိုင်းစိမ်းလေး

သည်လည်း ဂယက်ရိုက်ခတ်မှုများ ကြောင့် စုတ်ပြဲသွားကာ ကျန်ရှိနေသော သစ်ကိုင်းများ နောက်သို့ ပြန်လည် ဆုတ်ခွာ သွား၏။

“အွတ်…”

လေ့ကျန်း သည် မိုင် တစ်ရာ အကွာသို့ လွင့်စဉ် သွားကာ မြေကြီး အတွင်း နက်ရှိုင်းစွာ စိုက်ဝင်သွားတော့၏။

သူသည် နုနယ်သည့် သစ်ကိုင်းစိမ်းလေး၏ ပစ်မှတ် မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူ ခံစားခဲ့ရသော စွမ်းအားမှာ ဂယက်ရိုက်ခတ်မှုများနှင့် ကောင်းကင် ကိုးထပ် မိုးကြိုး ဒိုင်းလွှား ကြီး၏ ကိုယ်တိုင် ပေါက်ကွဲမှု စွမ်းအားများသာ ဖြစ်၏။

သို့တိုင်အောင် ထို စွမ်းအားက ပကတိဟင်းလင်းပြင် အဆင့် (၈) တာအို သခင်ကြီး တစ်ပါး ဖြစ်သော သူ့အား အပြင်းအထန် ဒဏ်ရာ ရရှိစေခဲ့သည်။

ရုပ်ခန္ဓာ ပျက်စီးမှုက သေးငယ်သော ကိစ္စ တစ်ခုသာ။ အရေးကြီးသည်မှာ ထို သေမင်းတမန် စွမ်းအားကြီးကို ခုခံခဲ့ရသဖြင့် သူ၏ မူလ ဝိညာဉ်မှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး အသက်ကင်းမဲ့နေကာ မရှုမလှ ဒဏ်ရာရသွားရသည်။

မြေကြီးထဲသို့ ပြုတ်ကျသွားသည့် အခိုက်အတန့် တွင် လေ့ကျန်း သည် ထိုနေရာ၌ ဆက်နေရန် မဝံ့ရဲတော့ချေ။ မျက်စိတစ်မှိတ် အတွင်း ဟင်းလင်းပြင် ကို ဆုတ်ဖြဲကာ အဝေးသို့ ထွက်ပြေး လွတ်မြောက်သွားလေတော့သည်။

လေ့ကျန်း ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး လုံးဝ သွေးပျက်နေခဲ့ပြီ ဖြစ်၏။

‘လောကကြီး… အဲဒါက ဘာကြီးလဲ။ သစ်ကိုင်းလား... ဒါမှမဟုတ် မှော်ရတနာ လား’

ထိုအရာက အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ လှုပ်ရှားခဲ့သော ပုဂ္ဂိုလ်သည် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး ထက် ကျော်လွန်သော မဟာ စွမ်းအားရှင် တစ်ပါး ဖြစ်နေခြင်းပင်။

'မဟာ စွမ်းအားရှင် တစ်ပါးက ငါတို့ကို ဆန့်ကျင် လှုပ်ရှားခဲ့တာလား... အဲဒါက ဘာဖြစ်လို့လဲ'

'မြေကမ္ဘာအင်မော်တယ်စံအိမ် နဲ့ ပတ်သက်နေတာလား... မဟုတ်ဘူး... မဟုတ်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... မြေကမ္ဘာအင်မော်တယ်စံအိမ် မှာသာ ဒီလို အုတ်မြစ် မျိုး ရှိနေခဲ့မယ် ဆိုရင် ငါတို့ရဲ့ တိုက်ခိုက်မှုအောက်မှာ သူတို့ ဘယ်လိုလုပ် အမြစ်ပြတ်လုနီးပါး ဖြစ်သွားနိုင်မှာလဲ'

'ဒါက တခြား အကြောင်းပြချက် တစ်ခုခုကြောင့် ဖြစ်ရမယ်... ဒါဆို ဒီလို မဟာ စွမ်းအားရှင် က ဘာဖြစ်လို့ ငါတို့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကို ဆန့်ကျင် လှုပ်ရှားရတာလဲ'

“တတိယ ဘိုးဘေး...”

လေ့ကျန်း သည် လေ့ချန်ထျန်း ကို သတိရသွား၏။ တတိယ ဘိုးဘေး အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ခြင်း ရှိမရှိ ကိုတော့ သူ မသေချာချေ။

အကယ်၍ မလွတ်မြောက်ခဲ့ဘူး ဆိုပါက... နောက်ဆက်တွဲ ဆိုးကျိုးများကို လေ့ကျန်း စိတ်ကူးပင် မကြည့်ရဲတော့ပေ။

အချိန် ဘယ်လောက် ကြာသွားခဲ့သည် မသိ။ လေ့ကျန်း သည် တတိယ အလွှာ ဟင်းလင်းပြင် မှ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ အသက်ရှင်လျက် လွတ်မြောက်လာခဲ့သည်။ ထို မဟာ စွမ်းအားရှင် က သူ့အား ထပ်မံ မတိုက်ခိုက်တော့ချေ။

ဟင်းလင်းပြင် ထဲမှ ထွက်ပေါ်လာချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ရွှံ့ဗွက်များ အလား ကြေမွလုနီးပါး ဖြစ်နေကာ သွေးများ ရွှဲရွှဲစိုလျက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

မဟာ စွမ်းအားရှင် ၏ အကြောင်းမဲ့ တိုက်ခိုက်မှုကို တွေးမိကာ... တတိယ ဘိုးဘေး နှင့် အခြားသူများ၏ မသေချာသော ကံကြမ္မာကို တွေးမိလိုက်ချိန်တွင် သူသည် ရုတ်တရက် ဝမ်းနည်း ပူဆွေးမှုများ လွှမ်းမိုးသွားပြီး ကျယ်လောင်စွာ ဟိန်းဟောက် အော်ဟစ်လိုက်တော့သည်။

“အား... အား... အား...”

“ဘယ်သူလဲ... အဲဒါ ဘယ်သူလဲ”

အခြား တစ်နေရာ၌။

ဟင်းလင်းပြင် ကြေးအိုးငယ် သည် ဟင်းလင်းပြင် ထဲမှ လေထဲသို့ ပျောက်ကွယ်သွားကာ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ လျှို့ဝှက် နယ်မြေ အတွင်းရှိ စုယွီ ၏ အစစ်အမှန် ခန္ဓာကိုယ် လက်ထဲသို့ ပြန်လည် ရောက်ရှိလာ၏။

စုယွီ မျက်နှာ အရောင် အနည်းငယ် ဖြူဖျော့နေသည်။ တာအို ရုပ်သေး ပျက်စီးသွားခြင်းက သူ၏ နတ်ဘုရား ဝိညာဉ် ကို အနည်းငယ် ထိခိုက်သွားစေခဲ့၏။

သို့သော် အကြီးမားဆုံး သက်ရောက်မှုမှာ အခြား နေရာရှိ နတ်ဘုရား ခန္ဓာ အပေါ်တွင် ဖြစ်သည်။

ဝိညာဥ်မဲ့ မြေရိုင်းပြင်ရှိ ရှေးဟောင်း ယွဲ့ အင်မော်တယ်စံအိမ် အင်မော်တယ် မြို့တော် အပျက်အစီးနယ်မြေ အတွင်း၌...တာအိုဆရာ အရိပ်နီ က သူ၏ နုနယ်သော သစ်ကိုင်းစိမ်းလေးကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ မူလက မျက်စိကျိန်းမတတ် ဖြစ်နေသော အစိမ်းရောင် အလင်းတန်းများမှာ ယခု အခိုက်အတန့် တွင် သိသိသာသာ မှေးမှိန်သွား၏။

သစ်ကိုင်းလေးမှာ ထက်ပိုင်းကျိုးသွားပြီး ခွန်အားမဲ့စွာ တွဲလောင်းကျနေကာ ၎င်း၏ အရှိန်အဝါမှာ အလွန်တရာ အားနည်းနေလေပြီ။

တာအိုဆရာ အရိပ်နီ အတွင်းရှိ စုယွီ ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ သည်လည်း အားနည်းသွားကာ ယခု အခိုက်အတန့် တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေ တော့သည်။

ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ ၏ စွမ်းအား ကုန်ခမ်းသွားမှုကို ခံစားမိပြီးနောက် စုယွီ တည်ငြိမ်စွာ တွက်ချက်လိုက်မိသည်။

'နိုးလာဖို့ အနှစ် (၂၀) ၊ (၃၀) လောက် အချိန်ယူရလိမ့်မယ်'

ယခု တစ်ကြိမ် တာအိုဆရာ အရိပ်နီ လှုပ်ရှားလိုက်ချိန်တွင် အခြားသူများ မည်သို့ ဖြစ်သွားသည်ကိုတော့ စုယွီ မသိချေ။

သို့သော် သူ၏ အဓိက ပစ်မှတ် ဖြစ်သော မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ ပကတိဟင်းလင်းပြင် အဆင့် အထွတ်အထိပ် တာအို သခင်ကြီး ဟု ခေါ်ဆိုနေသူ တစ်ဦး... တာအိုဆရာ အရိပ်နီ ၏ သစ်ကိုင်း အောက်တွင် ထိုလူ လုံးဝ အမှုန့်ကြေသွားသည်ကို မြင်လိုက်ရ၏။

သေချာပေါက်ပင်... ထိုအရာက ထိုလူ အမှန်တကယ် သေဆုံးသွားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ ဤလောကတွင် ရတနာ များစွာ ရှိနေပြီး အချို့မှာ သေခြင်းတရား အတွက် အစားထိုး အသုံးပြုနိုင်သည် မဟုတ်ပါလော။

သို့သော် တာအိုဆရာ အရိပ်နီ ၏ စွမ်းအားက ထိုလူ့ အပေါ် သက်ရောက်သွားသည်မှာ မြင်နိုင်သော စွမ်းအားတစ်ခုတည်း မဟုတ်ပေ။ ထိုလူ၏ နတ်ဘုရား ဝိညာဉ်၊ မူလ ဝိညာဉ် နှင့် အခြားအရာများ အားလုံးသည် တာအိုဆရာ အရိပ်နီ ၏ စွမ်းအား သက်ရောက်မှုကို မလွဲမသွေ ခံရမည် ဖြစ်ပြီး လွတ်မြောက်နိုင်စွမ်း ရှိမည် မဟုတ်ပါ။

အကယ်၍ မသေသေးလျှင်ပင်... လတ်တလော အချိန် အတွက် သူတို့ လုံးဝ မလှုပ်ရှားနိုင်တော့သည်မှာ သေချာနေ၏။ ကုသရေး ရတနာ များဖြင့် အကူအညီ ပေးလျှင်တောင် ပြန်လည် သက်သာလာရန် နှစ်ရာပေါင်းများစွာ ကြာမြင့်နိုင်သည်။ သူတို့ သေသွားခဲ့လျှင်တော့ အကောင်းဆုံးပင်။

စုယွီ ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။

“ဟူး…မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က မြေကမ္ဘာအင်မော်တယ်စံအိမ် ကို နောက်တစ်ကြိမ် ထပ်ပြီး အရေးယူဖို့ အချိန်မရလောက်တော့ဘူး... အခု မြေကမ္ဘာအင်မော်တယ်စံအိမ် က ဒီအခွင့်အရေးကို ယူပြီး တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ အတူ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းပိုက်နိုင်ပြီ”

သူ့အတွက်ကတော့ သဘာဝကျစွာဖြင့်ပင် ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက် ကျင့်ကြံနေရုံသာ။

ပြီးပြည့်စုံသော အရည်အသွေး ရှိသည့် ဝိညာဉ် စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန် အဆင့် (၅) အဆင့်မြင့် ဆေးလုံး တစ်လုံးကို စားသုံးပြီးနောက် စုယွီ သည် သူ၏ ဝိညာဉ် ဒဏ်ရာများကို ကုသရန် ရွှေ‌ပုစဉ်းရင်ကွဲ ကျင့်စဉ် ကို အသက်သွင်းလိုက်၏။

ရက်ဆယ် မပြည့်မီ အချိန်အတွင်း စုယွီ အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ပြန်လည် နာလန်ထူလာပြီးနောက် စုယွီ က ခဏမျှ စဉ်းစားလိုက်ပြီး သူ၏ ကိုယ်ပိုင် အဆင့် (၅) အလယ်အလတ်အဆင့် တာအို ရုပ်သေး အား သွန်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ရှေးဟောင်း ယွဲ့ အင်မော်တယ်စံအိမ် အင်မော်တယ် မြို့တော် သို့ သွားရောက်၍ တံခါးပိတ် ကျင့်ကြံစေလိုက်လေတော့သည်။

All Chapters