အခန်း ၉၆၀
Vol. 64 Ch. 960
အခန်း (၉၆၀) - ချန်ကျိုး နယ်မြေတွင် နာမည်ကျော်ကြားသွားခြင်း၊ ချီသန့်စင် အိုး ၏ ထူးခြားမှု (အပိုင်း- ၂)
မိုလော့ မဟာ ဝရဇိန် သိုင်းကျမ်း နှင့် မြေကမ္ဘာ သိုက် ထာဝရရှင်သန်ခြင်း သိုင်းကျမ်း တို့မှာကား အနည်းငယ် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ပထမ ကျမ်းမှာ မိစ္ဆာ လမ်းစဉ် ဗုဒ္ဓ ဂိုဏ်း ၏ အမွေအနှစ် နှင့် အနည်းငယ် ဆက်စပ်မှု ရှိနေ၏။ ဗုဒ္ဓ ဂိုဏ်း ၏ ဝရဇိန် သိုင်းကျမ်း များထဲတွင် ဒုတိယ လိုက်မည့် အရာ မရှိသော ထိပ်တန်း အမွေအနှစ် တစ်ခုပင်။
သတ်ဖြတ်ခြင်း ဖြင့် စစ်မက်ကို တားဆီးမည် ဟူသော ကြီးမားလှသည့် သစ္စာဓိဋ္ဌာန် ဖြင့် ဝရဇိန် ဒေါသ ဗုဒ္ဓ ကို ပွေ့ဖက်ထားပြီး အလွန်တရာ အကြမ်းဖက် ဆန်လှသည်။
အခြား တစ်ဖက်တွင်မူ မြေကမ္ဘာ သိုက် ထာဝရရှင်သန်ခြင်း သိုင်းကျမ်း မှာ လျှို့ဝှက် နတ်ဘုရား ဝိညာဉ် နည်းစနစ် များဘက်သို့ ယိမ်းယိုင်နေသော နှလုံးသား သိုင်းကျမ်း တစ်ခု ဖြစ်သည်။ မြေကမ္ဘာ သိုက် ထာဝရရှင်သန်ခြင်း ဗုဒ္ဓ ခန္ဓာ ကို ကျင့်ကြံကာ လောကကြီး ထဲရှိ မိစ္ဆာများ နှင့် တစ္ဆေ သရဲများ အားလုံးကို နှိမ်နင်း ချေမှုန်းရန် ဖြစ်၏။
သတ်ဖြတ်ခြင်းကို စွန့်လွှတ်လိုက်သည် နှင့် ချက်ချင်း ဗုဒ္ဓ အဖြစ်သို့ ရောက်ရှိသွားမည်။
နောက်လိုက်များအား နှိမ်နင်း နိုင်လေလေ ဗုဒ္ဓ ကျင့်စဉ် ၏ စွမ်းအားက ပိုမို အစွမ်းထက်လာလေလေ ဖြစ်သည်။
အကြိမ်ကြိမ် တွေးတော စဉ်းစားပြီးနောက် စုယွီ သည် ဤ ကျင့်စဉ် နှစ်ခုစလုံးကို တာအိုရုပ်သေး အား တစ်ပြိုင်နက်တည်း ကျင့်ကြံစေရန် ဆုံးဖြတ်လိုက်တော့သည်။
အကယ်၍ သူသာ ဤ ထိပ်တန်း ဗုဒ္ဓ အမွေအနှစ် နှစ်ခုစလုံးကို အဆင့် (၅) အထိ ကျင့်ကြံနိုင်ခဲ့မည် ဆိုပါက တာအိုရုပ်သေး သည် ဗုဒ္ဓ နယ်မြေ အတွင်းရှိ ဝိညာဉ်ခွဲထွက်အဆင့် ဗုဒ္ဓ အရှင်သခင် များကြားတွင် ပြိုင်ဘက်ကင်း အဖြစ် လျှောက်လှမ်းနိုင်လိမ့်မည်။
နောက်ထပ် နှစ်ဝက်မျှ အချိန် ကုန်လွန်သွားပြန်၏။
တာအိုရုပ်သေး သည် လက်အုပ်ချီကာ စုယွီ အား အရိုအသေ ပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှာ ကောင်းကင် နှင့် မြေကြီးကို လင်းထိန်သွားစေသော ရွှေရောင် ဗုဒ္ဓ အလင်းတန်းများ ဖြာထွက်နေပြီး သူ၏ နောက်ဘက်တွင် ဧရာမ ဗုဒ္ဓကြီး တစ်ပါး ပေါ်ထွက်လာသကဲ့သို့ ရှိနေ၏။
သူက တည်ငြိမ် အေးချမ်းသော အပြုံး ဖြင့် စကားဆို၏။
“ကျုပ်..ကျီဇန်း က ဒကာကို နှုတ်ဆက်ပါတယ်”
စုယွီ သည် အပြင်ဘက်မှ လဲလှယ် ရရှိလာခဲ့သော အလယ်အလတ်အဆင့် ဗုဒ္ဓ ဂိုဏ်း ဓမ္မ ရတနာ တစ်ခု နှင့် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး နတ်ဘုရား ရုပ်တု တို့ကို တာအိုရုပ်သေး ထံသို့ ပေးအပ်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
“သွားတော့”
“ဝုန်း…”
တာအိုရုပ်သေး သည် ထို ပစ္စည်းများကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ဖြည်းညင်းစွာ ခေါင်းညိတ်ပြကာ လှည့်ထွက်သွား၏။ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် မှာ အနည်းငယ် တုန်ခါသွားတော့သည်။
ခြေတစ်လှမ်း လှမ်းလိုက်သည် နှင့် တစ်ပြိုင်နက် တာအိုရုပ်သေး သည် အရှေ့ဘက် ဟင်းလင်းပြင် ထဲသို့ ပေါင်းစပ်သွားကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။
တာအိုရုပ်သေး ၏ ပထမဆုံး ခရီးစဉ် မှာ ပုတူ ဗုဒ္ဓ ဂိုဏ်း ၏ နယ်မြေ ကို သွားရောက် လေ့လာရန်ပင် ဖြစ်ပေမည်။
စုယွီ ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ တောက်ပသွား၏။
တာအိုရုပ်သေးက ပုတူ ဗုဒ္ဓ ဂိုဏ်း ကို နှိမ်နင်း နိုင်ပါ့မလား။
အကယ်၍သာ ဖြစ်နိုင်ခဲ့မည် ဆိုလျှင် ပုတူ ဗုဒ္ဓ ဂိုဏ်း ၏ အမွှေးတိုင် နှင့် ယုံကြည်မှု စွမ်းအား များ အားလုံးသည် ရှေးဟောင်း ယွဲ့အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော် ၏ အမွေအနှစ်များကို ဆက်ခံရာတွင် အထောက်အကူများ ဖြစ်လာလိမ့်မည်။
စုယွီ ခေါင်းကို ခပ်လေးလေး ခါယမ်းလိုက်ပြီး မြေအောက် လျှို့ဝှက် နယ်မြေ မှ ထွက်ခွာလာကာ အင်မော်တယ်ဂိုဏ်း ခန်းမဆောင် သို့ ရောက်ရှိလာခဲ့၏။
ဖန်ရှောင် သည် သူ ရောက်လာသည်ကို မြင်သောအခါ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး မတ်တတ်ရပ်ကာ ဆီးကြိုလိုက်သည်။
“ဦးလေးငယ်... ဘယ်လို လုပ်ပြီး ရောက်လာတာလဲ”
စုယွီ သည် သူမ နှင့်အတူ ခန်းမဆောင် တွင် ဝင်ထိုင်လိုက်သည်။
ဖန်ရှောင် သည် သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ ဝိညာဉ် လက်ဖက်ခြောက် အချို့ ထုတ်ယူလိုက်သည်။ ဝိညာဉ် စမ်းရေ ကျိုကာ စုယွီ အတွက် လက်ဖက်ရည် ဖျော်ပေးလိုက်၏။
“အင်မော်တယ်ဂိုဏ်း က ဘယ်လို အခြေအနေ ရှိလဲ”
ဖန်ရှောင် က လက်ဖက်ရည် ဖျော်ရင်း ချိုလွင်စွာ ရယ်မောကာ ပြန်ဖြေလိုက်သည်။
“မဆိုးပါဘူး... ကိစ္စ အများစု က အခြေခံအားဖြင့် လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ... ပြီးတော့ ကျွန်မတို့က အရင် အင်မော်တယ်ဂိုဏ်း ရဲ့ အမွေအနှစ် တွေကိုလည်း ပြန်လည် ထူထောင် နေပါတယ်”
ဖန်ရှောင် သည် စုယွီ အတွက် ဝိညာဉ် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပြီးနောက် ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီး ဤကာလ အတွင်း အင်မော်တယ်ဂိုဏ်း ၏ ပြောင်းလဲမှုများ နှင့် တိုးတက်မှု များကို စုယွီ အား အသေးစိတ် ပြောပြလေတော့သည်။
မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ထံမှ လက်နက်ချ အညံ့ခံလာသော စစ်သည် လေးသောင်း မှာ အင်မော်တယ်ဂိုဏ်း ၏ ရှေ့ဆောင် တပ်မတော် အဖြစ်သို့ အခြေခံအားဖြင့် အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်၏။
သူတို့သည် အင်မော်တယ်ဂိုဏ်း အတွက် လုံလောက်သော ပေးဆပ်မှုများ စုဆောင်းနိုင်သရွေ့ သူတို့၏ လွတ်လပ်ခွင့်ကို ပြန်လည် ရွေးယူနိုင်ပြီး ထွက်ခွာသွားခွင့် ရှိကြသည်။
လက်ရှိတွင် သူတို့သည် အင်မော်တယ်ဂိုဏ်း အတွက် တည်ငြိမ်ပြီး တိုးပွားလာသော အရင်းအမြစ် နှင့် ပစ္စည်းများ ထောက်ပံ့ပေးရန် အရိုင်းနယ်မြေများကို ရှင်းလင်းကာ အရင်းအမြစ် နယ်မြေ များအား ပြန်လည် သိမ်းပိုက် နေကြသည်။
အင်မော်တယ်ဂိုဏ်း ၏ ကျန်ရှိနေသော အတွင်း နှင့် ပြင်ပ စံအိမ်များကိုလည်း ပြန်လည် တည်ဆောက်ပြီး တိုးချဲ့လျက် ရှိနေ၏။
မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အဝေးထိတိုင် ကျော်ကြားနေသော ဂုဏ်သတင်း ကြောင့် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် နှင့် တာ့ယန် အင်မော်တယ်မင်းဆက် တို့ထံမှ ထွက်ပြေး လွတ်မြောက်လာခဲ့ကြသော တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ မှ ကျင့်ကြံသူများ နှင့် အရည်အချင်းရှိသူများ အားလုံးသည် မြေကမ္ဘာအင်မော်တယ်စံအိမ် သို့ ဝင်ရောက်ရန် မျှော်လင့် တောင့်တ နေကြသည်။
ချန်ကျိုး နယ်မြေ ၏ အခြားသော အစိတ်အပိုင်းများ ဖြစ်သည့် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ အပြင်ဘက်မှ လူများပင်လျှင် အစွမ်းထက် ကျင့်ကြံသူကြီး ၏ လုပ်ရပ်များကို ကြားသိရပြီးနောက် မြေကမ္ဘာအင်မော်တယ်စံအိမ် သို့ ဝင်ရောက်ရန် မျှော်လင့်ချက် ဖြင့် အုံနှင့်ကျင်းနှင့် ရောက်ရှိလာကြတော့သည်။
အချိန် (၂) နှစ်ပင် မပြည့်သေးသော်ငြား မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အလုံးစုံ အင်အားသည် အတော်အသင့် ပြန်လည် နာလန်ထူလာခဲ့ပြီ ဖြစ်၏။
အလုံးစုံ အခြေအနေ မှာ စည်ပင် ဝပြောပြီး တိုးတက် အောင်မြင် နေသည်။
“အတွင်း စံအိမ် က တပည့်တွေနဲ့ ပတ်သက်လို့ ပြောရရင်... တင်းကျပ်တဲ့ ရွေးချယ်မှု လုပ်ငန်းစဉ် တွေ လုပ်ခဲ့ပေမယ့်လည်း ဒီကာလ အတွင်းမှာ အရည်အချင်းရှိတဲ့ လူတစ်ထောင် ကျော် အင်မော်တယ်ဂိုဏ်း ကို ဝင်ရောက်လာကြပါတယ်... သူတို့ရဲ့ အရည်အချင်းတွေ ကလည်း မဆိုးပါဘူး”
“ဒီတစ်ကြိမ် အတွင်း စံအိမ် အတွက် တပည့်တွေကို စုဆောင်းရာမှာ အခြေခံအဆင့် တပည့်တွေ အတွက် စမ်းသပ်မှု တွေကို (၅) နှစ် အတွင်း ဆက်လက် ဖွင့်လှစ်သွားမှာပါ”
“ဒီနည်းနဲ့ ဆိုရင် အတွင်း စံအိမ် ရဲ့ တပည့် အရေအတွက် က အနှစ် (၅၀) အတွင်းမှာ ပြန်လည် နာလန်ထူလာနိုင်ပါတယ်”
“အင်အားနဲ့ ပတ်သက်ပြီး ပြောရရင် ဦးလေးငယ် ထားခဲ့တဲ့ အရင်းအမြစ်တွေ အဆောင်လက်ဖွဲ့တွေ အများကြီး ရှိတဲ့အပြင် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ အကူအညီတွေလည်း ရှိနေပါတယ်”
“အခြားသူတွေကို ဝိညာဉ်ခွဲထွက်အဆင့် သို့ ချိုးဖျက် ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်တဲ့ ဦးလေးငယ် ရဲ့ ရွှေရောင် အနှစ်သာရ ဆေးလုံး တွေနဲ့ သားရဲ ယဉ်ပါးသူတွေကို အဆင့် (၅) အထိ ချိုးဖျက် ဝင်ရောက်နိုင်အောင် ကူညီပေးတဲ့ ကိုးဝိညာဉ် ဆေးလုံး တွေကို အားကိုးပြီးတော့ပေါ့”
“နှစ် (၁၀၀) အတွင်းမှာ အင်မော်တယ်ဂိုဏ်း က လက်နှစ်ဖက်စာလောက် ရှိတဲ့ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တွေနဲ့ အဆင့် (၅) မိစ္ဆာ အရှင်သခင် သားရဲ ယဉ်ပါးအောင် လုပ်တဲ့ သူတွေကို ပြန်လည် ရရှိဖို့ မျှော်လင့်ချက် ရှိနေပါပြီ”
ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဖန်ရှောင် သည် တောက်ပစွာ ပြုံးလိုက်ပြန်၏။
“ဒါတွေ အပြင် ဒီကာလ အတွင်းမှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် (၈) ပါးနဲ့ မူလဝိညာဉ်အဆင့် အရှင်သခင် (၃၀) ကျော်ဟာ ကျွန်မတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ရဲ့ နာယက တွေ ဒါမှမဟုတ် ပြင်ပ စံအိမ် ရဲ့ အကြီးအကဲ တွေ ဖြစ်လာခဲ့ကြပါတယ်”
“သူတို့ရဲ့ အကူအညီတွေနဲ့ဆိုရင် အင်မော်တယ်ဂိုဏ်း ရဲ့ အင်အားက သေချာပေါက် လျင်မြန်စွာ ပြန်လည် နာလန်ထူလာနိုင်သလို အရှိန်အဟုန် နဲ့တောင် ဖွံ့ဖြိုး တိုးတက်လာနိုင်ပါတယ်”
အင်မော်တယ်ဂိုဏ်း တစ်ခု၏ အင်အားကို ဖွံ့ဖြိုး တိုးတက်စေရန် အရေးကြီးဆုံး အရာမှာ တာအို အမွေအနှစ် များကို လက်ဆင့်ကမ်း ပေးအပ်ခြင်းပင် ဖြစ်၏။
ဒုတိယ အချက်မှာ အရင်းအမြစ်များကို ပြုစုပျိုးထောင်ခြင်း ဖြစ်သည်။
နောက်ဆုံး အချက်မှာ တည်ငြိမ်သော ဖွံ့ဖြိုး တိုးတက်မှု ပတ်ဝန်းကျင် တစ်ခုပင်တည်း။
ယခုအခါ မြေကမ္ဘာအင်မော်တယ်စံအိမ် တွင် အရာအားလုံး ရှိနေပြီ ဖြစ်ပြီး ပြန်လည် နာလန်ထူလာရန်နှင့် စုဆောင်းရန် အချိန်တစ်ခုသာ လိုအပ်တော့သည်။
ပြန်လည် ရှင်သန်လာရန် အလုပ်တာဝန် များစွာ စောင့်ကြိုနေ၏။
ခဏကြာပြီးနောက် စုယွီ သည် အင်မော်တယ်ဂိုဏ်း ဧည့်ခန်းမဆောင် မှ ထွက်ခွာသွား၏။ ယခုမှစ၍ မြေကမ္ဘာအင်မော်တယ်စံအိမ် သည် စစ်မျက်နှာ နှစ်ခုတွင် ခိုင်မာစွာ ချီတက်တော့မည် ဖြစ်သည်။
တစ်ခုမှာ မြေကမ္ဘာ အင်မော်တယ် တပ်မတော် ၏ အတိုင်းအတာ နှင့် အင်အားကို ပြန်လည် ရယူရန် နှင့် တိုးချဲ့ရန် ပင်။
အခြား တစ်ခုမှာ ဂိုဏ်း၏ အင်အား အခြေခံ အုတ်မြစ်ကို မြှင့်တင်ရန် အတွင်း နှင့် ပြင်ပ စံအိမ်များ ၏ စွမ်းအားကို ပြန်လည် ထူထောင်ရန် ဖြစ်သည်။
ဧည့်ခန်းမဆောင် မှ ထွက်ခွာလာစဉ် လမ်း၌ စုယွီ တွက်ဆလိုက်သည်။
'မြေကမ္ဘာအင်မော်တယ်စံအိမ် အင်အားတွေ ပြန်လည် ရရှိသွားတာနဲ့ တစ်ပြိုင်နက်... တာ့ချန် ရဲ့ အင်အားစု အသီးသီးကို စတင် သိမ်းပိုက်ပြီး တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးကို ပေါင်းစည်းနိုင်လောက်ပြီ...'
ပေါင်းစည်းပြီးနောက်မှသာ မြေကမ္ဘာအင်မော်တယ်စံအိမ်သည် ကိုယ်ပိုင် အင်အားကို တိုးချဲ့ရန် အရင်းအမြစ်များ၊ ကျင့်ကြံသူများ နှင့် နေရာလွတ် များ ပိုမို ရရှိနိုင်မည် ဖြစ်သည်။
ထိုသို့ ပြီးသွားပါက တာ့ယန် အင်မော်တယ်မင်းဆက် ကို ဆန့်ကျင် လှုပ်ရှားပြီး အသက် သွေးကြွေး ပြန်လည် တောင်းဆိုရမည့် အချိန်ပင်။
ထိုအချိန်ကျမှသာ မြေကမ္ဘာအင်မော်တယ်စံအိမ် သည် ကျင့်ကြံခြင်းကမ္ဘာ ၏ ချန်ကျိုး နယ်မြေ တွင် ရပ်တည်ရန် ယုံကြည်မှု နှင့် အခြေခံ အုတ်မြစ်ကို အမှန်တကယ် ပိုင်ဆိုင်နိုင်မည် ဖြစ်၏။
ယခုလောလောဆယ်တွင်တော့ အနည်းငယ် လိုအပ်နေသေးသည်။
အင်မော်တယ်ဂိုဏ်း သည် မိုးကုပ်စက်ဝိုင်း တစ်လျှောက် ဖြန့်ကျက် တည်ရှိနေသည်။
မြေပြင်ပေါ်တွင် မယုံနိုင်စွာ ထိုင်နေသော လုံယီရန် သည် သူမထံသို့ အခြေခံ ကျင့်ကြံခြင်း ပစ္စည်းများ လာပို့ပေးသော ဂျူနီယာ ညီမလေး တစ်ဦးထံမှ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် သည် အကြီးအကျယ် ရှုံးနိမ့်သွားကြောင်း သူတို့၏ ဘိုးဘေး သုံးပါးပင်လျှင် အမည်မသိ အစွမ်းထက် ကျင့်ကြံသူကြီး တစ်ဦး၏ ဖျက်ဆီးခံလိုက်ရကြောင်း ကြားလိုက်ရသောအခါ လုံးဝ တုန်လှုပ်ချောက်ချား သွားတော့သည်။
ဂျူနီယာ ညီမလေးသည် လုံယီရန် ၏ တုံ့ပြန်မှုကို ထူးဆန်းသည်ဟု မခံစားရဘဲ အနည်းငယ် စိတ်လှုပ်ရှားကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။
“အစ်မ... အစ်မက အဲဒီ တိုက်ပွဲမှာ မပါခဲ့လို့ပါ”
“အဲဒီတုန်းက မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် နဲ့ တာ့ယန် အင်မော်တယ်မင်းဆက် တို့ကို ကျွန်မတို့ ဂိုဏ်း က ပြန်လည် တိုက်ခိုက်ခဲ့တာက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... ကျွန်မတို့ ဂိုဏ်း က ဘာ သဲလွန်စမှ မချန်ထားခဲ့သလို အားစိုက်ထုတ်စရာ သိပ်မလိုဘဲ တာ့ယန် အင်မော်တယ်မင်းဆက် ရဲ့ စစ်သည် အင်အား နှစ်သောင်း ကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တာ”
“တာအို သခင်ကြီး သုံးပါး ကိုတောင် သတ်ပစ်နိုင်ခဲ့တယ်လေ”
“အခုဆို ပိုတောင် ကြောက်စရာ ကောင်းလာပြီ... ကျွန်မတို့ကို ဆန့်ကျင် လှုပ်ရှားချင်ခဲ့တဲ့ အထွတ်အထိပ် ပကတိ ဟင်းလင်းပြင်အဆင့် တာအို သခင်ကြီး တွေတောင် အပြင်ဘက်မှာ သေကုန်ကြပြီ”
“ဟွန့်... နောင်ဆိုရင် မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ဘယ်သူကများ အနိုင်ကျင့်ရဲတော့မှာလဲ နော်”
ဂျူနီယာ ညီမလေးသည် အချိန်အတော်ကြာအောင် တတွတ်တွတ် ပြောနေခဲ့သော်လည်း လုံယီရန် က ဘာမျှ ပြန်မပြောခဲ့ချေ။
စိတ်မဝင်စားမှန်း သိလိုက်ရသဖြင့် ဂျူနီယာ ညီမလေးသည် ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။
အကယ်၍ ဤအစ်မကြီး သည် တာအို သမီးတော် တစ်ဦးသာ မဟုတ်ခဲ့လျှင် ဤပစ္စည်းများ လာပို့ရသည့် တာဝန်ကို သူမ ယူခဲ့မည် မဟုတ်ပေ။
ခဏကြာပြီးနောက် လုံယီရန် သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရပြီး သူမ၏ စိတ်များ ယိမ်းယိုင် နေတော့သည်။
'ဘိုးဘေးတွေ ဖျက်ဆီးခံလိုက်ရတယ် ဟုတ်လား... မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က အကြီးအကျယ် ရှုံးနိမ့်ပြီး နောက်ဆုတ်သွားရတယ်...'
'အင်မော်တယ်ဂိုဏ်း မှာ... တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုး ရှိနေတာလား...'
သူမ၏ နှလုံးသားသည် အောက်ခြေအထိ ထိုးဆင်းသွားပြီး အချိန်အတော်ကြာမှသာ ခေါင်းမော့ကာ ပင်မ တောင်ထွတ် နှင့် တာ့ယွီတောင်ထွတ် တို့ဆီသို့ မျှော်ကြည့်မိ၏။
'ကြည့်ရတာ... ငါ ပိုပြီး ကြိုးစားဖို့ လိုအပ်နေပြီထင်တယ်...'
ထိုသို့ လုပ်မှသာ မြေကမ္ဘာအင်မော်တယ်စံအိမ် တွင် သူမ၏ ရည်ရွယ်ချက် ကို အကောင်အထည် ဖော်နိုင်လိမ့်မည်။
ပထမဆုံး ရည်မှန်းချက်... မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ စံအိမ်သခင် အသစ် ဖြစ်လာစေရမည်။
လုံယီရန် လှည့်၍ ပြန်သွားသည်။ ဟင်းလင်းပြင် အက်ကွဲကြောင်း အတွင်းရှိ အေးစက်လှသော လေပြင်းများသည် သူမ၏ ခန္ဓာကိုယ်ကို အေးခဲသွားစေလုမတတ် အေးစက်နေသော်ငြား သူမသည် မလှုပ်မယှက်ပင် ရှိနေဆဲ ဖြစ်ပြီး ကျင့်ကြံခြင်း တွင် နက်ရှိုင်းစွာ ဈာန်ဝင်နေလေတော့သည်။
တဖြည်းဖြည်း နှင့် လုံယီရန် သည် ဟင်းလင်းပြင် အက်ကွဲကြောင်း ဘေးရှိ ရေခဲ ရုပ်တု တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
နောက်ထပ် တစ်နှစ် ကြာပြီးနောက် ချန်ကု အင်မော်တယ် မြို့တော် မှ လူများ ထပ်မံ ရောက်ရှိလာကြပြီး ဤတစ်ကြိမ်တွင် သူတို့သည် တာ့ယန် အင်မော်တယ်မင်းဆက် ၏ အင်မော်တယ် အရှင်သခင် ထံမှ လျော်ကြေးငွေများ နှင့် ဖြေရှင်းမှုများ အကြောင်း ဆွေးနွေးရန် တမန်တော် များကိုပင် ခေါ်ဆောင်လာခဲ့ကြ၏။
ဖန်ရှောင် သည် သူတို့ကို ကြိုဆို လက်ခံခဲ့ပြီး တာ့ယန် အင်မော်တယ်မင်းဆက် မှ ကမ်းလှမ်းလာသော အကြီးစား လျော်ကြေးများကိုပင် လက်ခံလိုက်၏ ။ ချန်ကု အင်မော်တယ် မြို့တော် နှင့် တာ့ယန် အင်မော်တယ်မင်းဆက် တို့ကို စိတ်အေးသွားစေရန် အမည်ခံ ဖြေရှင်းချက် တစ်ခု ရယူလိုက်သည်။
တစ်ချိန်တည်းမှာပင် မြေကမ္ဘာအင်မော်တယ်စံအိမ် သည် သူတို့၏ ကိုယ်ပိုင် အစီအစဉ် များအတိုင်း ဆက်လက် လုပ်ဆောင်နေပြီး သူတို့၏ ကိုယ်ပိုင် အင်အားနှင့် စွမ်းအားများကို ပြန်လည် ရယူကာ မြှင့်တင်နေသည်။
အချိန် မကျသေးပေ။ ယခုလောလောဆယ် မြေကမ္ဘာအင်မော်တယ်စံအိမ် အတွက် အရေးကြီးဆုံး အရာမှာ ကိုယ်ပိုင် အင်အားကို မြှင့်တင်ရန်ပင် ဖြစ်၏။
တည်ငြိမ်မှု က အရေးအကြီးဆုံး ဖြစ်ပြီး အချိန် သည် မြေကမ္ဘာ
အင်မော်တယ်စံအိမ် ဘက်တွင် ရှိနေသည်။
...
ပင်လယ်နယ်မြေ အတွင်းတွင်။
စုယွီ သည် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်၊ ထိုက်ရွှီ တို့နှင့် အတူ အခြားသော ကြီးမားသည့် လူသား မျိုးနွယ်စု အင်မော်တယ် ကျွန်း တစ်ခု ဖြစ်သည့် ရှန်းရှင်း အင်မော်တယ်ကျွန်း သို့ ရောက်ရှိလာခဲ့၏။
နေရာရွှေ့ပြောင်း အခင်းအကျင်း ထဲမှ ထွက်လိုက်သည် နှင့် တစ်ပြိုင်နက် စုယွီ၏ မျက်နှာ အမူအရာ သည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ထိုအခိုက်အတန့်မှာ စုယွီ၏ ဒန်တျန် အတွင်းရှိ ချီသန့်စင် အိုးလည်း ရုတ်ချည်းပင် လှုပ်ရှားသွားလေသည်။