အခန်း ၄၀၂
Vol. 41 Ch. 402
အခန်း (၄၀၂) အမှာစာစာရင်း
ယောင်ရန်သည် အပြင်ဘက်မှ အသံများကြောင့် နိုးလာပြီး ဒုတိယထပ် အိပ်ခန်းထဲတွင် ပျင်းရိစွာဖြင့် တစ်ချက်သမ်းဝေလိုက်လေသည်။ သူမ၏ အနည်းငယ်သော လှုပ်ရှားမှုနှင့် အပြင်ဘက်မှ အသံများ ကြောင့် လုံယုပါ နိုးလာခဲ့လေသည်။
သူသည် မျက်လုံးဖွင့်လိုက်ကာ ယောင်ရန်၏ ပါးပြင်ကို နမ်းရှိုက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေ သည်။
“ဆက်အိပ်လိုက်ဦး... ကိုယ် သွားကြည့်လိုက်မယ်…”
သူမ၏ နှုတ်ခမ်းကို နောက်တစ်ကြိမ် နမ်းရှိုက်ပြီးနောက် လုံယုသည် ကုတင်ပေါ်မှ ဆင်းကာ အဝတ် အစားလဲလိုက်လေသည်။ သူသည် လျှပ်စစ်အပူပေးစက်၏ ဘက်ထရီကို စစ်ဆေးရာ တစ်ဝက်ခန့် ကျန် ရှိ နေသည်ကို တွေ့ရသည်။ ထို့နောက် ယောင်ရန်အား စောင်အထူကြီးဖြင့် သေသေချာချာ ခြုံပေးပြီး နောက် အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။
အောက်ထပ်သို့ ရောက်သောအခါ ရှီရွှမ်းသည် တံခါးဖွင့်ရန် အပြင်သို့ ထွက်သွားပြီးဖြစ်သည်ကို လုံယု တွေ့လိုက်ရလေသည်။ သူသည် သောက်စရာအချို့ ပြင်ဆင်ရန် မီးဖိုချောင်သို့ ဝင်သွားလိုက်လေသည်။ လုံယုသည် ကော်ဖီပူပူတစ်ခွက်နှင့် ဧည့်ခန်းထဲသို့ ပြန်ရောက်လာသောအခါ ရှီရွှမ်း၏ နောက်တွင် ယွမ်ရိဟွေး ကပ်ပါလာသည်ကို မြင်လိုက်ရသည်။
ယွမ်ရိဟွေး၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံနှင့် အေးလွန်း၍ ပြာနှမ်းနေသော နှုတ်ခမ်းများကို မြင်လိုက်ရ သဖြင့် လုံယုက ကော်ဖီပူပူတစ်ခွက်ကို ကမ်းပေးလိုက်ပြီး မေးလိုက်လေသည်။
“အစ်အစ်ကိုယွမ်... အဆင်ပြေရဲ့လား…”
ယွမ်ရိဟွေးသည် ကော်ဖီကို လှမ်းယူကာ ဆိုဖာပေါ်တွင် ထိုင်ရင်း တစ်ငုံသောက်လိုက်လေသည်။ ခန္ဓာကိုယ်ထဲသို့ နွေးထွေးမှု ပျံ့နှံ့သွားသောအခါ သူက ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။
“နည်းနည်းလေး အေးနေတာ... ကော်ဖီအတွက် ကျေးဇူးပါ အစ်ကိုလုံ….”
ထိုသို့ပြောပြီးနောက် လုံယုက ခေါင်းညိတ်ပြကာ နောက်ထပ် ကော်ဖီနှစ်ခွက် ပြင်ရန် မီးဖိုချောင်သို့ ပြန်သွားလိုက်သည်။
တစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ထိုင်နေသော ရှီရွှမ်းက မေးလိုက်လေသည်။
“အစ်ကိုယွမ်... ကျွန်တော်တို့ကို ပြောစရာ အရေးကြီးတာ ရှိလို့လား… အခုလို အခြေအနေမှာ အပြင်ထွက် လာတယ်ဆိုတော့ ကိစ္စက တော်တော်လေး အရေးကြီးပုံပဲ…”
ယွမ်ရိဟွေးက ခေါင်းညိတ်ပြလိုက်လေသည်။
“ဟုတ်တယ်… အစ်ကိုလုံ ပြန်လာမှပဲ အားလုံးပေါင်း ပြောကြတာပေါ့”
ထို့နောက် သူတို့နှစ်ဦးသည် လုံယု နောက်ထပ် ကော်ဖီနှစ်ခွက်နှင့် ပြန်ရောက်လာသည်အထိ စောင့် ဆိုင်းနေခဲ့ကြလေသည်။
လုံယု ထိုင်လိုက်ပြီး ရှီရွှမ်းအား ကော်ဖီတစ်ခွက် ကမ်းပေးလိုက်သောအခါ ယွမ်ရိဟွေးက မေးလိုက်လေ သည်။
“အစ်ကိုလုံ၊ အစ်ကိုရှီ... ဒီမနက်တင်လိုက်တဲ့ အစိုးရရဲ့ ကြေညာချက်အသစ်ကို ကြားပြီးပြီလား…”
လုံယုက ခေါင်းခါပြပြီး ပြန်မေးလိုက်လေသည်။
“မကြားရသေးဘူး… အခြေစိုက်စခန်းက နောက်ဆုံးတော့ အဓိကရုဏ်းလုပ်တဲ့သူတွေကို နှိမ်နင်းဖို့ ဆုံးဖြတ်လိုက်ပြီလား…”
ယွမ်ရိဟွေးက ခေါင်းညိတ်ပြီး ရှင်းပြလိုက်လေသည်။
“ဒီမနက်မှာ အခြေစိုက်စခန်းက ရုတ်တရက် ကြေညာချက် ထုတ်လိုက်တာ… ဒီနေ့ကစပြီး စစ်အုပ်ချုပ် ရေး ကို စတင်ကျင့်သုံးတော့မယ်… ဥပဒေချိုးဖောက်တဲ့သူ ဘယ်သူမဆို နေရာတင် ပစ်သတ်ခံရလိမ့် မယ်…”
သူ့စကားအဆုံးတွင် အပြင်ဘက်မှ သေနတ်သံအချို့ ပဲ့တင်ထပ်သွားခဲ့လေသည်။ အမျိုးသားသုံးဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားကြသည်။ စက္ကန့်အနည်းငယ်အကြာတွင် နောက် ထပ်သေနတ်သံများနှင့် ဥဩသံများကို အပြင်ဘက်မှ ကြားလိုက်ရပြန်လေသည်။ ယခုတစ်ကြိမ်မှာမူ ခပ်လှမ်းလှမ်းဆီမှ ကြားလိုက်ရခြင်း ဖြစ်ပေသည်။
ထာဝရညဉ့်နက်ကြီး ဆက်လက်တည်ရှိနေသရွေ့ ရာဇဝတ်မှုများကို အမြစ်ပြတ်ချေမှုန်းရန်မှာ မဖြစ် နိုင်သလောက်ပင်။ သို့သော်လည်း အခြေစိုက်စခန်းက နောက်ဆုံးတွင် အရေးယူဆောင်ရွက်လာသော အခါ အသက်ရှင်ကျန်ရစ်သူများသည် ဤမှောင်မိုက်မှုထဲတွင် မျှော်လင့်ချက်ကို မြင်တွေ့လာရလေ သည်။
ခေတ္တတိတ်ဆိတ်သွားပြီးနောက် လုံယုက ပြောလိုက်လေသည်။
“သူတို့တွေ စပြီးနှိမ်နင်းနေပြီ ထင်တယ်…”
ယွမ်ရိဟွေးနှင့် ရှီရွှမ်းတို့ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။
“အစ်ကိုယွမ်... ဒါ လာပြောတာအပြင် တခြား ဆွေးနွေးစရာ ရှိသေးလား….”
ရှီရွှမ်းက မေးလိုက်လေသည်။
“ရှိတာပေါ့…”
ယွမ်ရိဟွေးက ပြန်ဖြေရင်း သူ၏ ကျောပိုးအိတ်ထဲမှ အမှာစာစာရင်း တစ်ခုကို ထုတ်လိုက်လေသည်။
သူသည် စာရင်းကို စားပွဲပုလေးပေါ် တင်လိုက်ပြီး ရှင်းပြလိုက်လေသည်။
“ဒါက ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ လိုချင်တာတွေပါ… အခုလိုအချိန်မှာ ရိက္ခာတွေ သယ်ယူပို့ ဆောင်ဖို့က အရမ်းအန္တရာယ်များသလို ရှာရတာလည်း မလွယ်ဘူးဆိုတာ ခင်ဗျားတို့ သိမှာပါ…”
ခေတ္တမျှ ရပ်နားပြီးနောက် သူက ဆက်ပြောလိုက်လေသည်။
“မစ္စယောင်ရန်က ဆန်နဲ့ အသားတွေ ရောင်းမယ်လို့ ပြောဖူးတာ မှတ်မိနေလို့လေ… သူ့ဆီမှာ ပစ္စည်းတွေ ကျန်သေးလား…”
လုံယုသည် စာရင်းကို ယူကာ ဖတ်ကြည့်လိုက်လေသည်။ စာရင်းပါ ပစ္စည်းအများစုမှာ အစားအသောက် ၊ ဆေးဝါးနှင့် ရေတို့ ဖြစ်ပေသည်။ စာရင်းကို စစ်ဆေးပြီးနောက် သူက ပြောလိုက်လေသည်။
“ကျွန်တော်တို့ဆီမှာ ပစ္စည်းအချို့ ကျန်ပါသေးတယ်… ဒါပေမဲ့ ဈေးနှုန်းကိစ္စကိုတော့ ရန်ရန်နဲ့ ဆွေးနွေးရ ပါလိမ့်မယ်…”
သူပြောနေစဉ်မှာပင် ယောင်ရန်သည် ဧည့်ခန်းထဲသို့ ဝင်လာခဲ့ပြီး ဝင်ပြောလိုက်လေသည်။
“အစ်အစ်ကိုယွမ်က ကျွန်မတို့အဖွဲ့ထဲ ဝင်လာပြီဆိုတော့ ဒါကို အဖွဲ့လိုက်ပဲ ကိုင်တွယ်သင့်ပါတယ်…”
သူမ၏ အသံကို ကြားလိုက်ရသောအခါ အမျိုးသားသုံးဦးစလုံး တံခါးဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက် ကြလေသည်။
ယွမ်ရိဟွေးက သူမကို ပြုံးပြရင်း ပြောလိုက်လေသည်။
“မစ္စယောင်ရန်... အချိန်ကိုက် ရောက်လာတာပဲ… ဒီမှာ အမှာစာစာရင်းကို တစ်ချက်လောက် ကြည့်ပေး ပါဦး….”
ယောင်ရန်သည် လုံယု၏ ဘေးတွင် ထိုင်လိုက်ပြီး သူ့လက်ထဲမှ စာရင်းကို ယူကာ စစ်ဆေးလိုက်လေ သည်။ ခဏအကြာတွင် သူမသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ယွမ်ရိဟွေးအား ကြည့်လိုက်လေ သည်။
“အစ်အစ်ကိုယွမ်က တကယ့် စီးပွားရေးသမားပဲ… သူတို့ကိုယ်သူတို့ ကျွန်မတို့ဆီ ရောင်းချလာအောင် ဘယ်လိုတောင် စည်းရုံးလိုက်တာလဲ….”
သူမက အရွှန်းဖောက်ကာ မေးလိုက်လေသည်။
ယွမ်ရိဟွေးမှာ သူမစကားကြောင့် အောင့်သီးအောင့်သက်ဖြင့် ရယ်မောလိုက်လေသည်။
“မစ္စယောင်ရန်... အထင်မလွဲပါနဲ့ဦး… ကျွန်တော်က သူတို့ကို ကျွန်တော်တို့အဖွဲ့ထဲ ဝင်ဖို့ပဲ စည်းရုံးတာပါ၊ သူတို့ကိုယ်သူတို့ ရောင်းခိုင်းတာ မဟုတ်ပါဘူး…”
ယောင်ရန်သည် စာရင်းကို စားပွဲပေါ် ပြန်တင်လိုက်ပြီး မေးလိုက်လေသည်။
“ဒါဆို ဒီရိက္ခာတွေကို ဘယ်တော့ ပို့ပေးဖို့ စီစဉ်ထားလဲ….”
သူမ၏ မေးခွန်းကြောင့် ယွမ်ရိဟွေး၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ခဏမျှ စဉ်းစားပြီး နောက် ပြောလိုက်လေသည်။
“ပစ္စည်းတွေ သယ်ယူဖို့က အန္တရာယ်များပြီး ရှုပ်ထွေးနိုင်ပေမယ့် ကျွန်တော် စီစဉ်လိုက်ပါ့မယ်… မစ္စယောင်ရန်က ပစ္စည်းတွေ ပြင်ထားပေးနိုင်မလား… ကျွန်တော်ကတော့ နေရာလွတ်စွမ်းအားရှင် တွေကို သွားစုလိုက်မယ်….”
ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။
“ရတာပေါ့…”
အလုပ်ကိစ္စများ ပြေလည်သွားသဖြင့် ယွမ်ရိဟွေးသည် စိတ်သက်သာရာရသွားကာ ကော်ဖီကို သောက် လိုက်ပြီး ထရပ်လိုက်လေသည်။ သူက သုံးယောက်လုံးကို ကြည့်ကာ နှုတ်ဆက်လိုက်လေသည်။
“ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်…”
ရှီရွှမ်းပါ ထရပ်လိုက်ပြီး ပြောလိုက်လေသည်။
“အစ်ကိုယွမ်... ကျွန်တော် လိုက်ပို့ပေးပါ့မယ်…”
“ကောင်းပါပြီ”
သူတို့နှစ်ဦး ထွက်သွားပြီးနောက် လုံယုသည် ကော်ဖီကို သောက်ရင်း အမှာစာများအတွက် လိုအပ်သည့် ရိက္ခာများကို တွက်ချက်နေသော ယောင်ရန်အား ကြည့်နေမိလေသည်။
သူမ တွက်ချက်ပြီးသွားသောအခါ သူက မေးလိုက်လေသည်။
“ရန်ရန်... မင်း စွမ်းအားရှင်တွေကို ထပ်ပြီး စုဆောင်းဖို့ အစီအစဉ် ရှိလား….”
“ဟုတ်တယ်…” ယောင်ရန်က ပြန်ဖြေလိုက်လေသည်။
“သေတ္တာတော်အဖွဲ့ က စွမ်းအားရှင်တွေကို ပစ်မှတ်ထားနေတာဆိုတော့ သူတို့ ပြန်ပေးဆွဲမခံရခင် ဒါမှမဟုတ် ပိုဆိုးတာက သေတ္တာတော်ထဲကို သူတို့သဘောနဲ့သူတို့ ဝင်မသွားခင် ကျွန်မတို့က အရင် စုဆောင်းထားသင့်တယ်…”
လုံယု ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
“မနေ့က လီထျန်းယု ငါ့ကို ဖုန်းဆက်တယ်… ရွှီမိသားစု၊ မုမိသားစုနဲ့ ဟွာမိသားစုတွေကလည်း စွမ်းအား ရှင်တွေကို အပြင်းအထန် စုဆောင်းနေကြတယ်တဲ့… ဒီကိစ္စကြောင့် တုကျောက်ရီက အရမ်းဒေါသထွက် နေပြီး စစ်သေနာပတိချုပ် ရွှီနဲ့ အကြိမ်ကြိမ် အငြင်းပွားနေတယ်လို့ ပြောတယ်….”
သူသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ထပ်လောင်းပြောလိုက်လေသည်။
“အရင်ဘဝမှာ ဒါမျိုးတွေ တစ်ခါမှ မဖြစ်ခဲ့ဘူး… ရန်ရန်... ငါတို့တွေ အနာဂတ်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ် တွေကိုပဲ ဆက်ပြီး အားကိုးနေလို့ မရတော့ဘူး ထင်တယ်….”
ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။
“သဘောတူပါတယ်… အလွန်ဆုံးမှ ကျွန်မတို့ရဲ့ မှတ်ဉာဏ်တွေက သဘာဝဘေးအန္တရာယ်တွေကို ခန့်မှန်းဖို့ပဲ အသုံးဝင်တော့မှာ… ကျန်တဲ့အရာအားလုံးအတွက်တော့ အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်သွားရုံပဲ ရှိတော့တယ်…”
သူမသည် ဆိုဖာပေါ်မှ ထရပ်လိုက်ကာ သူ့ထံ လက်ကမ်းပေးရင်း မေးလိုက်လေသည်။
“ကျွန်မကို ရိက္ခာတွေ ရေတွက်ဖို့ ကူညီပေးနိုင်မလား….”