အခန်း ၄၀၆
Vol. 41 Ch. 406
အခန်း (၄၀၆) ပို့ဆောင်ခြင်း
လုံယုက မျက်မှောင်ကြုတ်လိုက်ပြီး ထပ်လောင်းပြောလိုက်လေသည်။
“လီထျန်းယု ခုနကပြောပြတဲ့ အခြေအနေအရဆိုရင် သူတို့အပြင် ဒီနေ့ စခန်းကနေ ထွက်ခွာသွားမယ့် စစ်သည်တွေ အများကြီး ရှိဦးမှာပဲ… ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားရင်တော့ ဖရိုဖရဲဖြစ်နေတဲ့ အခြေ အနေတွေက ပိုပြီး ဆိုးရွားသွားလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်…”
ယောင်ရန်၏ မျက်နှာမှာ ထိုစကားကြောင့် တည်ကြည်သွားခဲ့လေသည်။ သူမသည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။
“ဒီသတင်းသာ ပျံ့သွားရင် ဂိုဏ်းတွေက ထပ်ပြီး ပြဿနာရှာကြဦးမှာလား…”
လုံယုက ပြောလိုက်လေသည်။
“ဟုတ်တယ်… အခုလောလောဆယ်မှာတော့ ပထမတပ်မတော်နဲ့ ဒုတိယတပ်မတော်က အခြေအနေကို ထိန်းထားနိုင်တုန်းပဲ… ဒါပေမဲ့ စစ်သည်တွေ အများကြီး တစ်ပြိုင်နက်တည်း အနားယူသွားကြပြီဆိုရင် တော့ ဂိုဏ်းတွေက ဒီရွှေရောင်အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး…”
“ဗိုလ်ကြီးလီက ရိက္ခာတွေကို ဘယ်အချိန် အရောက်လိုချင်တာလဲ…”
ယောင်ရန်က ခေတ္တစဉ်းစားပြီးနောက် မေးလိုက်လေသည်။
“ဒီသတင်းတွေ မပျံ့ခင် နောက်တစ်နာရီအတွင်းမှာ သူတို့ ထွက်ခွာကြတော့မှာ…”
လုံယုက ပြန်ဖြေလိုက်လေသည်။
“လီထျန်းယုက သူတို့တွေ ဒုတိယတပ်မတော် တန်းလျားမှာ စောင့်နေပြီး ရိက္ခာတွေ ရတာနဲ့ ချက်ချင်း ထွက်သွားမယ်လို့ ပြောတယ်…”
ယောင်ရန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
“နားလည်ပြီ… ကျွန်မ အခုပဲ ရိက္ခာတွေ စပြင်လိုက်မယ်…. ရှင် အစ်အစ်ကိုယွမ်ကို ဖုန်းဆက်ပြီး နေရာလွတ် စွမ်းအားရှင်တွေ အကုန်လုံးကို ခေါ်ခိုင်းလိုက်ဦး….”
“ကောင်းပြီ…”
အစီအစဉ်ကို သဘောတူပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် ကိုယ်လက်သန့်စင်ရန် သွားခဲ့ကြလေ သည်။ ယောင်ရန်က ဧည့်ခန်းထဲတွင် ရိက္ခာများ ပြင်ဆင်နေစဉ် လုံယုက ယွမ်ရိဟွေးကို ဖုန်းဆက်လိုက် လေသည်။
ယွမ်ရိဟွေးသည် နေရာလွတ်စွမ်းအားရှင် ခုနစ်ဦးနှင့်အတူ ရောက်ရှိလာသည့်အချိန်တွင် ဧည့်ခန်းတစ်ခု လုံးမှာ ရိက္ခာများဖြင့် ပြည့်နှက်နေပြီဖြစ်ချေတော့သည်။
ထိုမြင်ကွင်းကြောင့် ယွမ်ရိဟွေးမှာ အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် စိတ်ကိုပြန်ထိန်းလိုက် လေသည်။ ယောင်ရန်က သူ့အား ရှင်းပြလိုက်လေသည်။
“အစ်ကိုယွမ်... ဒီရိက္ခာတွေကို ဗိုလ်ကြီးလီဆီ ပို့ပေးပါဦး… သူက ဒုတိယတပ်မတော် တန်းလျားရဲ့ ကား ပါကင်မှာ စောင့်နေပါတယ်….”
“နားလည်ပါပြီ…”
ယွမ်ရိဟွေးက ခေါင်းညိတ်လိုက်ပြီးနောက် နေရာလွတ်စွမ်းအားရှင်များဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်လေသည်။
“ရိက္ခာတွေကို စသိမ်းကြတော့… ငါ အရင်က သင်ပေးထားတဲ့အတိုင်း စနစ်တကျ စီစဉ်ကြဖို့ မမေ့နဲ့ဦး နော်…”
“ဟုတ်ကဲ့ပါ အစ်ကိုယွမ်….”
သူတို့က ပြန်ထူးပြီး အလုပ်ကို အလျင်အမြန်ပင် စတင်လုပ်ဆောင်ကြလေတော့သည်။
သူတို့၏ ထိရောက်မြန်ဆန်မှုကို မြင်သောအခါ ယောင်ရန်က ချီးကျူးလိုက်လေသည်။
“အစ်အစ်ကိုယွမ်ကို သယ်ယူပို့ဆောင်ရေး တာဝန်ပေးလိုက်တာ တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ…”
ယွမ်ရိဟွေးက သူမ၏ ချီးကျူးစကားကြောင့် ပြုံးလိုက်ပြီး ပြောလိုက်သေလည်။
“ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
ရိက္ခာများ အားလုံး တင်ဆောင်ပြီးသွားသောအခါ ယွမ်ရိဟွေးက ပြောလိုက်လေသည်။
“မစ္စယောင်ရန်... ကျွန်တော်တို့ အခုပဲ ပစ္စည်းတွေ သွားပို့လိုက်ပါ့မယ်….”
“ကောင်းပါပြီ... လမ်းမှာ ဂရုစိုက်သွားဦးနော်…”
ယောင်ရန်က ပြန်ဖြေလိုက်လေသည်။
တိုက်ခိုက်ရေးစွမ်းအားရှင် ငါးဦး၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် ယွမ်ရိဟွေးနှင့် နေရာလွတ်စွမ်း အားရှင် ခုနစ်ဦးတို့သည် ဒုတိယတပ်မတော် တန်းလျားဆီသို့ ထွက်ခွာလာခဲ့ကြလေသည်။
လမ်းခရီးတွင် ယွမ်ရိဟွေးနှင့် သူ၏အဖွဲ့သည် ဓားပြအုပ်စု အချို့နှင့် တိုးခဲ့ပေသေးသည်။ ကံကောင်း သည်မှာ သူသည် ဗီလာမှ ထွက်လာပြီးနောက် ပစ်မှတ်ထားခံရနိုင်သည်ကို ကြိုတင်တွေးဆထားသဖြင့် သူတို့၏ အင်အားအကောင်းဆုံး တိုက်ခိုက်ရေးသမားများကို သက်တော်စောင့်များအဖြစ် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်ပေသည်။
လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ကာ သူတို့အား ဝိုင်းထားသော လူများကို ကြည့်ရင်း ယွမ်ရိဟွေးသည် သူ၏ ဓားကို ထုတ်လိုက်ကာ ပြောလိုက်သေလည်။
“လမ်းဖယ်ပေးကြပါ... မဟုတ်ရင်တော့ ကျွန်တော်တို့လည်း ယဉ်ကျေးနေမှာ မဟုတ်ဘူး….”
ဓားပြများထဲမှ တစ်ယောက်က ယွမ်ရိဟွေး၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ပြီး မေးလိုက် လေသည်။
“မင်းကို ငါသိတယ်၊ မင်းက နာမည်ကြီး မှောင်ခိုကုန်သည် ယွမ်ရိဟွေး မဟုတ်လား….”
ယွမ်ရိဟွေးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ပြန်မေးလိုက်လေသည်။
“မင်း ငါဘယ်သူလဲဆိုတာ သိနေရင်တောင် ငါ့ကို ဓားပြတိုက်ရဲသေးတာလား…”
ထိုလူက ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
“မင်း ဘယ်သူလဲဆိုတာ သိလို့ကို ငါက တိုက်ချင်နေတာပေါ့… မင်းလို နာမည်ကြီးတစ်ယောက်ဆီမှာ ရိက္ခာတွေ အများကြီး ရှိမှာပဲ မဟုတ်လား… မင်းကို ဓားပြတိုက်တာက ဘဏ်ကို ဓားပြတိုက်တာနဲ့ အတူတူပဲလေ… ဟား ဟား ဟား….”
သူသည် ခဏမျှ ရယ်မောပြီးနောက် အဖွဲ့၏ အလယ်တွင် ကာကွယ်ထားသော နေရာလွတ်စွမ်းအားရှင် ခုနစ်ဦးကို လှမ်းကြည့်ကာ ထပ်ပြောလိုက်လေသည်။
“အဲဒီလူတွေက မင်းရဲ့ နေရာလွတ်စွမ်းအားရှင်တွေ ဖြစ်ရမယ် ဟုတ်တယ်မလား….”
သူ၏ မေးခွန်းကြောင့် နေရာလွတ်စွမ်းအားရှင်များ၏ မျက်နှာတွင် စိုးရိမ်စိတ်များ အနည်းငယ် ပေါ်လာ ခဲ့လေသည်။
ထိုသူက သူတို့၏ အမူအရာပြောင်းလဲသွားသည်ကို သတိပြုမိသောအခါ သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း ထပ်မံရယ်မောလိုက်ပြန်လေသည်။
“သူတို့ရဲ့ နေရာလွတ်ထဲမှာ ရိက္ခာတွေ အများကြီး ရှိမှာပဲ…”
သူက ပြောလိုက်ပြီး သူ၏ အဖွဲ့သားများကို အချက်ပြလိုက်လေသည်။
“ညီအစ်ကိုတို့... နေရာလွတ်စွမ်းအားရှင်တွေကိုတော့ ခဏချန်ထားလိုက်၊ ကျန်တဲ့သူတွေကို အကုန် သတ်ပစ်…”
သူ၏ အမိန့်ကြောင့် ဓားပြများမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြလေသည်။
“ဟုတ်ကဲ့ပါ ဆရာ…”
ဓားပြများ ရှေ့သို့ ပြေးဝင်လာသောအခါ တိုက်ခိုက်ရေးစွမ်းအားရှင် ငါးဦးမှာလည်း သူတို့၏ တိုက်ကွက် များကို စတင်လိုက်ကြလေသည်။
ယွမ်ရိဟွေးသည် သူ၏ အလျင်နှုန်းစွမ်းအား ကို အသုံးပြုကာ ဓားပြခေါင်းဆောင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့လေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုနေရာတစ်ခုလုံး၌ ပျံသန်းနေသော စွမ်းအားမျိုးစုံ နှင့် တဖျပ်ဖျပ်တောက်နေသောစွမ်းအင်များဖြင့် လင်းထိန်သွားတော့သည်။
ဓားပြအများစုမှာ အာဟာရချို့တဲ့နေကြပြီး အခြေခံအဆင့် စွမ်းအားများသာ ရှိကြသည်။ ရေအိုင်မှရေကို သောက်သုံးထားပြီး တစ်နေ့ကို နှစ်နပ် ပုံမှန်စားထားသော ယွမ်ရိဟွေးနှင့် သူ၏အဖွဲ့နှင့် ယှဉ်လျှင် ထို ဓားပြများမှာ ကလေးနှင့် လူကြီး တိုက်ခိုက်နေသကဲ့သို့ပင် မည်သို့မျှ မယှဉ်နိုင်ခဲ့ကြပေ။
မိနစ်အနည်းငယ်အတွင်းမှာပင် ဓားပြများမှာ လုံးဝ ရှုံးနိမ့်သွားကြလေတော့သည်။
ယွမ်ရိဟွေးက ဓားတစ်လက်ဖြင့် ချဉ်းကပ်လာသည်ကို မြင်သောအခါ ဓားပြခေါင်းဆောင်သည် သူ မလွတ်နိုင်တော့မှန်း သိလိုက်လေသည်။ သူသည် အံကို တင်းတင်းကြိတ်ကာ အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်၍ ယွမ်ရိဟွေးထံ ပစ်ပေါက်လိုက်လေတော့သည်။
တိုက်ခိုက်ရေးစွမ်းအားရှင် တစ်ဦးက ထိုအပြုအမူကို သတိပြုမိသွားပြီး အရေးတကြီး အော်ပြောလိုက် လေသည်။
“အစ်ကိုယွမ်... သတိထား….”
ယွမ်ရိဟွေး မတုံ့ပြန်နိုင်မီမှာပင် ထိုအရာသည် မြေပြင်ပေါ်သို့ ကျသွားပြီး ပေါက်ကွဲသွားလေတော့သည်။
“ဝုန်း…”
တောက်ပသော အလင်းတန်းနှင့်အတူ နားကွဲမတတ် ပေါက်ကွဲသံကြီးက ပတ်ဝန်းကျင်ကို ဖုံးလွှမ်း သွားခဲ့ပြီး လူတိုင်းကို ခေတ္တ မျက်စိကွယ်သွားစေခဲ့ပေသည်။
ယွမ်ရိဟွေးမှာ ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။ သူ၏ အမြင်အာရုံများမှာ ဝေဝါး သွားပြီး ခေါင်းထဲတွင် မူးနောက်သွားခဲ့ပေသည်။ သူသည် သတိပြန်ဝင်လာစေရန် ခေါင်းကို ခါလိုက်ပြီး အမြင်အာရုံ ပြန်လည်ကြည်လင်လာသည်အထိ မျက်တောင်ကို အကြိမ်ကြိမ် ခတ်ကြည့်လိုက်လေ သည်။
ထိုနေရာတွင် ထူထပ်သော မီးခိုးများ ဖုံးလွှမ်းနေသည်ကို မြင်ရသောအခါ သူသည် မီးခိုးများကို ဖယ်ရှား ရန် လက်ကို ဝှေ့ယမ်းလိုက်လေသည်။
“အစ်အစ်ကိုယွမ်... အဆင်ပြေရဲ့လား…”
တိုက်ခိုက်ရေးစွမ်းအားရှင် တစ်ဦး၏ အသံကို ကြားရသောအခါ ယွမ်ရိဟွေး မတ်တတ်ရပ်လိုက်ပြီး မေးလိုက်လေသည်။
“ငါ အဆင်ပြေပါတယ်… ကျန်တဲ့သူတွေကော ဘယ်လိုလဲ…”
“ကျွန်တော်တို့လည်း အဆင်ပြေပါတယ်….” ဟု ထိုလူက ပြန်ဖြေလိုက်လေသည်။
မီးခိုးများ ကွယ်ပျောက်သွားသောအခါ ဓားပြများမှာ အလောင်းအချို့ကို ထားခဲ့ပြီး ထွက်ပြေးသွားကြ သည်ကို သူတို့ တွေ့လိုက်ရသည်။
အလောင်းတစ်ခုပေါ်ရှိ တက်တူးကို မြင်လိုက်ရသောအခါ ယွမ်ရိဟွေး၏ မျက်နှာမှာ မည်းမှောင်သွား လေသည်။ သူက မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“တချို့ဂိုဏ်းတွေက ငါတို့ကို ပစ်မှတ်ထားနေကြပြီ ထင်တယ်….”
ထိုသို့ပြောပြီးနောက် နေရာလွတ်စွမ်းအားရှင် တစ်ဦးက စက္ကန့်အနည်းငယ်မျှ တွန့်ဆုတ်နေပြီးမှ မေး လိုက်လေသည်။
“အစ်ကိုယွမ်... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ…”
ယွမ်ရိဟွေးက သူ၏ ဓားကို ကောက်ယူလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
“ငါတို့ ရိက္ခာတွေကို အရောက်ပို့ရမယ်… လာ... သွားကြစို့… အချိန်ဖြုန်းနေလို့ မဖြစ်ဘူး…”
ကျန်သူများကလည်း ခေါင်းညိတ်ကြလေသည်။
“ဟုတ်ကဲ့ပါ အစ်ကိုယွမ်…”
တိုက်ပွဲဖြစ်ပွားခဲ့သည်ကို သတိပြုမိကြသဖြင့် အဖွဲ့သားများမှာ ပိုမို နိုးနိုးကြားကြား ရှိလာခဲ့ကြပေသည်။ သူတို့သည် လင်းထိန်နေသော လမ်းများကိုသာ ရွေးချယ်သွားကြပြီး ထပ်မံ ချုံခိုတိုက်ခိုက်ခံရခြင်းမှ ရှောင်ရှားရန် လမ်းလွှဲများကို အသုံးပြုခဲ့ကြလေသည်။ အချိန်ပိုကြာသွားသော်လည်း နောက်ဆုံးတွင် သူတို့သည် ဒုတိယတပ်မတော် တန်းလျားသို့ ဘေးကင်းစွာ ရောက်ရှိသွားခဲ့ကြပေတော့သည်။
ထိုနေ့နံနက်ပိုင်းတွင် ရွှီချီဖန်၏ ကြေညာချက် ထွက်ပေါ်လာကတည်းက ဒုတိယတပ်မတော် တန်းလျား အတွင်း၌ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့လေသည်။