အခန်း ၄၀၇
Vol. 41 Ch. 407
အခန်း (၄၀၇) ငါ မင်းတို့ကို အမြဲတမ်း စောင့်နေခဲ့တာပါ
ဒုတိယတပ်မတော် တန်းလျားထဲတွင် စစ်သည်အများစုသည် အငြိမ်းစားယူခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြပြီး ကျန်ရှိနေသူများကလည်း ထိုကိစ္စရပ်များကို ကူညီပေးနေခဲ့ကြလေသည်။
ယွမ်ရိဟွေးနှင့် သူ၏အဖွဲ့ ရောက်ရှိလာသောအခါ ဝင်ပေါက်တွင် စစ်သည်တစ်ဦးသာ ကင်းစောင့်နေ သည်ကို တွေ့လိုက်ရလေသည်။ ထိုစစ်သည်က သူတို့အား တားဆီးပြီး မေးလိုက်လေသည်။
“ရဲဘော်... ဘာကိစ္စရှိလို့လဲ….”
“ကျွန်တော် ဗိုလ်ကြီးလီထျန်းယုနဲ့ တွေ့ချင်လို့ပါ….”
ယွမ်ရိဟွေးက ပြန်ဖြေလိုက်လေသည်။
လီထျန်းယု အငြိမ်းစားယူတော့မည်ကို သိထားသော ထိုစစ်သည်က ကားပါကင်ဘက်သို့ လက်ညှိုးညွှန် ပြကာ လမ်းညွှန်လိုက်လေသည်။
“ဒီလမ်းအတိုင်း လိုက်သွားလိုက်ပါ… ဗိုလ်ကြီးလီ အဲဒီမှာ ရှိပါတယ်…”
ယွမ်ရိဟွေးက ကျေးဇူးတင်စကားဆိုကာ စစ်သည်များ စုရုံးနေသည့် ကားပါကင်ဆီသို့ အမြန်လျှောက် သွားလိုက်လေသည်။
အဝေးမှ လှမ်းမြင်လိုက်ရသောအခါ လီထျန်းယုက လက်ဝှေ့ယမ်းပြရင်း နှုတ်ဆက်လိုက်လေသည်။
“အစ်ကိုယွမ်... လာပေးတဲ့အတွက် ကျေးဇူးပဲဗျာ…”
ယွမ်ရိဟွေးက ခေါင်းညိတ်ပြပြီး မေးလိုက်လေသည်။
“ရိက္ခာတွေကို ဘယ်နေရာမှာ ထားပေးရမလဲ….”
“ခဏလေး စောင့်ပေးပါဦး…”
လီထျန်းယုက ပြောလိုက်လေသည်။
သူသည် လှည့်လိုက်ပြီး စစ်သည်ငါးဦးကို လှမ်းခေါ်လိုက်လေသည်။ ထို့နောက် ရှင်းပြလိုက်လေသည်။
“သူတို့တွေက ကျွန်တော်တို့ရဲ့ နေရာလွတ်စွမ်းအားရှင်တွေပါ… ရိက္ခာတွေကို သူတို့ဆီပဲ အပ်လိုက်လို့ရ ပါတယ်…”
“ကောင်းပါပြီ….”
ယွမ်ရိဟွေးက ပြန်ဖြေလိုက်လေသည်။
နေရာလွတ်စွမ်းအားရှင် ခုနစ်ဦးက များပြားလှသော ရိက္ခာများကို လွှဲပြောင်းပေးအပ်နေစဉ် ယွမ်ရိဟွေး က လီထျန်းယုအား အသေးစိတ်စာရင်းတစ်ခု ပေးလိုက်လေသည်။
“မစ္စယောင်ရန်က လူပေါင်း နှစ်သောင်းကျော်အတွက် သုံးလစာ ရိက္ခာတွေအပြင် အစ်ကိုလုံတို့ဆီ သွားဖို့ အသွားအပြန် လောင်စာဆီတွေပါ ပြင်ဆင်ပေးထားပါတယ်…”
လီထျန်းယုသည် စာရင်းကို အမြန်ဖတ်ကြည့်လိုက်ရာ ဆောင်းတွင်းဝတ်စုံများ၊ အပူပေးအပြားများနှင့် အသင့်စား အစားအစာများကဲ့သို့သော ယောင်ရန်၏ စေ့စပ်သေချာသည့် ထည့်သွင်းပေးမှုများကို သတိ ပြုမိသွားခဲ့လေသည်။
သူမ ပေးအပ်လိုက်သော ပမာဏအပေါ် စိတ်ကျေနပ်သွားသဖြင့် သူသည် ယွမ်ရိဟွေးအား အလေးပြု လိုက်ပြီး နှုတ်ဆက်လိုက်လေသည်။
“ဂရုစိုက်သွားပါ အစ်ကိုယွမ်… နောင်ကျရင် ပြန်တွေ့ကြတာပေါ့….”
ယွမ်ရိဟွေးကလည်း ပြန်လည်အလေးပြုရင်း နှုတ်ဆက်လိုက်လေသည်။
“လမ်းခရီးမှာ ဂရုစိုက်ပါဦး…”
နှုတ်ဆက်ပြီးနောက် လီထျန်းယုသည် သူ၏စစ်သည်များဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။
“ကားတွေပေါ် တက်ကြတော့… အခု ထွက်ကြမယ်…”
“ဟုတ်ကဲ့ပါ ဗိုလ်ကြီး…”
စစ်ထရပ်ကားများ စနစ်တကျ ထွက်ခွာသွားသည်ကို ယွမ်ရိဟွေး ကြည့်နေမိရင်း စိတ်ထဲတွင် မတင် မကျဖြစ်မှုကို ခံစားလိုက်ရလေသည်။
“အခြေအနေတွေ ပိုပြီး မဆိုးရွားလာဖို့ပဲ မျှော်လင့်ရတာပဲ…”
သူက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
“တကယ်လို့သာ ပိုဆိုးလာမယ်ဆိုရင်တော့ ငါ တခြားအစီအစဉ်တစ်ခု ထပ်ဆွဲရလိမ့်မယ်….”
တိုက်ခိုက်ရေးစွမ်းအားရှင် တစ်ဦးက သူ၏အတွေးများကို ဖြတ်လိုက်ပြီး မေးလိုက်လေသည်။
“အစ်ကိုယွမ်... အခု ကျွန်တော်တို့ ပြန်ကြတော့မလား…”
ထိုစကားကြောင့် ယွမ်ရိဟွေးက ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
“အေး... သွားကြစို့… ငါတို့ ပို့စရာရှိတဲ့ တခြားအမှာစာတွေ ကျန်သေးတယ်…”
ယခုအချိန်တွင် ပထမတပ်မတော်နှင့် ဒုတိယတပ်မတော်တို့ ဖျက်သိမ်းလိုက်သည့် သတင်းမှာ စခန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်ပေသည်။ စစ်သည်အများအပြား တစ်ပြိုင်နက်တည်း အငြိမ်းစားယူသွား ကြသဖြင့် တင်းမာမှုများမှာ ဆက်လက်မြင့်တက်နေပြီး စခန်းတစ်ခုလုံးတွင်လည်း နိမိတ်မကောင်းသော အငွေ့အသက်များ ဖုံးလွှမ်းနေလျက်ရှိပေတော့သည်။
လီထျန်းယု ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းမှ ထွက်ခွာသွားပြီး တစ်နာရီအကြာတွင် လီကျန့် သည် လုံယုထံ ရောက်ရှိလာခဲ့လေသည်။
သူ၏ ပင်ပန်းနွမ်းနယ်ပြီး ပိန်ချောင်နေသော မျက်နှာကို ကြည့်ကာ လုံယုက ဖိတ်ခေါ်လိုက်လေသည်။
“ထိုင်ပါဦး…”
“ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး…”
လီကျန့်က ပြောရင်း ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်လေသည်။
ယောင်ရန်က သူ၏ရှေ့တွင် ချင်းပြုတ်ရည်ပူပူတစ်ခွက် ချပေးရင်း ပြောလိုက်လေသည်။
“ခန္ဓာကိုယ် နွေးသွားအောင် သောက်လိုက်ပါဦး….”
လီကျန့်က ကျေးဇူးတင်စကားဆိုကာ တစ်ငုံသောက်လိုက်လေသည်။ ထို့နောက် လုံယုက မေးလိုက်လေ သည်။
“မင်း ရောက်လာတာက ငါ အရင်က ကမ်းလှမ်းထားတဲ့ ကိစ္စကြောင့်လား….”
လီကျန့်က ခေါင်းညိတ်ပြကာ ပြန်မေးလိုက်လေသည်။
“ဟုတ်ပါတယ် ဗိုလ်ကြီး… ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေနဲ့ တိုင်ပင်ပြီးပါပြီ… အခု ပထမတပ်မတော် လည်း မရှိတော့တဲ့အတွက် ကျွန်တော်တို့ ခင်ဗျားနဲ့အတူ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်… ခင်ဗျား ရဲ့ ကမ်းလှမ်းချက်က ရှိနေသေးတယ်ဆိုရင် ကျွန်တော်တို့ ခင်ဗျားဆီ ဝင်ခွင့်ရမလား ဗိုလ်ကြီး…”
လုံယုက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
“ဒါပေါ့... ငါ မင်းတို့ကို အမြဲတမ်း စောင့်နေခဲ့တာပါ…”
ထိုစကားကို ကြားလိုက်ရသောအခါ လီကျန့်၏ မျက်နှာပေါ်ရှိ ညိုးငယ်မှုများ ကွယ်ပျောက်သွားပြီး နောက်ဆုံးတွင် သူ ပြုံးနိုင်သွားပေတော့သည်။ သူသည် ချင်းပြုတ်ရည်ခွက်ကို တင်းတင်းဆုပ်ကိုင်ကာ ခေါင်းငုံ့ထားလိုက်လေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး...”
သူ၏ လေသံထဲတွင် အနည်းငယ် တုန်ယင်နေသည်ကို သတိပြုမိသဖြင့် လုံယုက သူ့အား စိတ်မကောင်း စွာဖြင့် ကြည့်လိုက်လေသည်။ သူသည် သူ၏ညီအစ်ကိုများကို စစ်တပ်ထဲမှ စောစောစီးစီး ခေါ်ထုတ်ချင် ခဲ့သော်လည်း သူတို့၏ ကိုယ်ပိုင်မူဝါဒများကို စွန့်လွှတ်ရန် အတင်းအကျပ် မတိုက်တွန်းချင်ခဲ့ပေ။
လီကျန့်ကို ပြုံးပြရင်း လုံယုက နှစ်သိမ့်လိုက်လေသည်။
“ငါ့ကို ကျေးဇူးမတင်ပါနဲ့… ငါတို့တွေက ညီအစ်ကိုတွေပဲလေ… ငါတို့တွေ ပြန်ပြီး လက်တွဲလုပ်ဆောင်နိုင် လို့ ငါလည်း ဝမ်းသာပါတယ်….”
သူတို့နှစ်ဦး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
“အစ်ကိုလီ... စစ်တပ်က ထွက်ပြီးရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ…”
လီကျန့်က ခေါင်းခါပြပြီး ဖြေလိုက်လေသည်။
“ကျွန်တော်နဲ့ ကျွန်တော့်ညီအစ်ကိုတွေမှာ အခုထိတော့ ဘာအစီအစဉ်မှ မရှိသေးပါဘူး… တန်းလျားက နေ ထွက်လာပြီးရင် ဗိုလ်ကြီးရဲ့ အမိန့်ကိုပဲ စောင့်နေပါ့မယ်….”
ယောင်ရန်က ခဏစဉ်းစားပြီး မေးလိုက်ပြန်လေသည်။
“နေစရာနေရာကော ရှိလား…”
သူမ၏ မေးခွန်းကြောင့် လီကျန့်က အနည်းငယ် ရှက်သွေးဖြာသွားကာ ခေါင်းခါပြပြန်လေသည်။ သူ သည် ခေါင်းကို ကုတ်ရင်း ရှက်ကိုးရှက်ကန်း ရှင်းပြလိုက်လေသည်။
“နေစရာတော့ မရှိသေးဘူးဗျ… အဖွဲ့ထဲဝင်ဖို့ ဗိုလ်ကြီးဆီက ခွင့်ပြုချက်ရပြီးရင်တော့ အိမ်တစ်လုံး ငှားဖို့ စဉ်းစားထားပါတယ်…”
ထိုစကားကို ကြားသောအခါ ယောင်ရန်က ခေတ္တမျှ စဉ်းစားလိုက်လေသည်။ ထို့နောက် သူမက ပြော လိုက်လေသည်။
“ဒီဗီလာက တော်တော်ကျယ်တယ်၊ လွတ်နေတဲ့ အခန်းတွေလည်း အများကြီး ရှိပါတယ်… ရှင်တို့ မကန့် ကွက်ဘူးဆိုရင် ကျွန်မတို့နဲ့အတူ လာနေကြပါလား… အတူတူနေတော့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရတာ ပိုလွယ်သွားတာပေါ့…”
ထိုသို့ပြောပြီးနောက် ယောင်ရန်သည် လုံယု၏ လက်ကို ဆုပ်ကိုင်ကာ ထပ်လောင်းပြောဆိုလိုက် လေသည်။
“အာယုနဲ့ ရှီရွှမ်းတို့ကလည်း အစ်ကိုလီတို့နဲ့ ပြောစရာတွေ အများကြီး ရှိနေမှာပဲလေ…”
လီကျန့် ထိုစကားကို ကြားသောအခါ လုံယုနှင့် ရှီရွှမ်းတို့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူတို့က လည်း ခေါင်းညိတ်ပြသည်ကို မြင်ရသောအခါ သူ၏ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်တော့ သည်။
“ဒါဆို ကျွန်တော် ကျန်တဲ့သူတွေကို သွားပြောလိုက်ပါ့မယ်… ကျေးဇူးတင်ပါတယ် မရီး…”
မရီး ဟု ခေါ်ခံလိုက်ရသောအခါ ယောင်ရန်မှာ ကြောင်အမ်းသွားရှာလေသည်။
သူမ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် လုံယုက ပြောလိုက်လေသည်။
“အေး... အရင်သွားပြောလိုက်ဦး... ငါတို့ အိပ်ခန်းတွေ အဆင်သင့်လုပ်ထားပေးမယ်… ပြီးရင် နေ့လယ် စာ အတူတူ စားကြတာပေါ့…”
လီကျန့်၏ မျက်လုံးများမှာ ထိုစကားကြောင့် ပိုမိုတောက်ပလာခဲ့လေသည်။ သူက ပြန်ဖြေလိုက် လေသည်။
“ဟုတ်ကဲ့ပါ ဗိုလ်ကြီး….”
လီကျန့် ကျန်သူများကို အကြောင်းကြားရန် ထွက်သွားပြီးနောက် ယောင်ရန်က ထရပ်လိုက်ပြီး ပြော လိုက်လေသည်။
“ကျွန်မ အိပ်ခန်းတွေကို သန့်ရှင်းရေးလုပ်ပြီး အပူပေးထားလိုက်မယ်…”
ထိုစကားကြောင့် လုံယုပါ ထရပ်လိုက်လေသည်။
“ကိုယ်လည်း ကူပေးမယ်လေ…”
လီကျန့်နှင့် အခြားသူများအတွက် အိပ်ခန်းများ ပြင်ဆင်ရန် သူတို့နှစ်ဦး ထွက်သွားစဉ်မှာပင် ရှီရွှမ်းက လည်း သူ၏ညီအစ်ကိုများအတွက် နေရာပိုရအောင် တတိယထပ်ကို သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်လိုက် လေသည်။
သူတို့သုံးဦးမှာ အခန်းသန့်ရှင်းရေးလုပ်ခြင်း၊ အိပ်ရာခင်းလဲခြင်းနှင့် အခန်းများကို အပူပေးခြင်းများဖြင့် အလုပ်ရှုပ်နေစဉ်မှာပင် လီကျန့်သည် ပထမတပ်မတော် တန်းလျားသို့ အမြန်ပြန်သွားခဲ့လေသည်။
သူ လူနေဆောင်များဆီသို့ ရောက်သောအခါ လက်အောက်ငယ်သားတစ်ဦးက သူ့အား မြင်ပြီး မေးလိုက် လေသည်။
“ဗိုလ်ကြီး... ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ….”
လီကျန့်က သူ့ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။
“သွား... ကျန်တဲ့သူတွေကို နောက် (၁၅) မိနစ်အတွင်း ထွက်ဖို့ အဆင်သင့်လုပ်ထားခိုင်းလိုက်…”