အခန်း (၂၉၄၃-၂၉၄၄)
Vol. 295 Ch. 2943-2944
အခန်း (၂၉၄၃) - မြန်မြန်လာ ကယ်ကြပါဦး
"ကြားပြီးပြီလား လွန်ခဲ့တဲ့ ခြောက်လလောက်က ဒီ ဆွေဝေ့ သိုင်းကျောင်းတော် မှာ ချွန်းယမ်ဘုရင်တစ်ပါး တိုးလာတယ်ဆိုတာ "
"ဘာဖြစ်တယ် ဆွေဝေ့ သိုင်းကျောင်းတော်မှာ ဟင်းလင်းပြင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကနေ ဘုရင်အဆင့်ကို ရောက်သွားတာလား "
ဆွေဝေ့ သိုင်းကျောင်းတော်၏ တောင်ခြေတွင် အရင်နှစ်များနည်းတူပင် ဖြစ်ပျက်နေသည်။ လအနည်းငယ်ကြာတိုင်း ပထမအဆင့် စာမေးပွဲကို မအောင်မြင်ဘဲ ကျောင်းတော်မှ ထွက်ခွာသွားရသူများ ရှိသလို၊ လူသစ်များလည်း ရောက်ရှိလာတတ်ကြသည်။
ဤတစ်ကြိမ်တွင်လည်း ဆွေဝေ့ သိုင်းကျောင်းတော်သို့ ဝင်ရောက်ခိုလှုံရန် လူသစ်ရာပေါင်းများစွာ ရောက်ရှိလာကြသည်။ သူတို့တွင် အားလပ်ချိန်ရလျှင် တစ်နေရာတည်း စုဝေးကာ စကားစမြည် ပြောဆိုလေ့ရှိကြသည်။ ထိုအထဲမှ အနည်းဆုံး သုံးနှစ်ကြာအောင် ထိုနေရာတွင် နေထိုင်နေသည့် လူငယ်တစ်ယောက်က လျှို့ဝှက်သယောင်နှင့် သတင်းစကားတစ်ခုကို ထုတ်ပြောလိုက်သည်။
"အဲဒီပုဂ္ဂိုလ်က ဆွေဝေ့ သိုင်းကျောင်းတော်က မဟုတ်ဘူး။ ကြားတာတော့ ဆွေဝေ့ သိုင်းကျောင်းတော်ကို ဝင်တဲ့အချိန်ကတည်းက ဘုရင်အဆင့် ကျွမ်းကျင်သူ ဖြစ်နေပြီးသားတဲ့။ အထူးခြားဆုံးကတော့ သူ့လက်ထဲမှာ ခွဲတမ်း (၁၀၀) ရှိတယ်။ အဲဒီခွဲတမ်းက လူတွေကို စာမေးပွဲဖြေစရာမလိုဘဲ ဆွေဝေ့ သိုင်းကျောင်းတော်ကို တိုက်ရိုက်ဝင်ခွင့်ပေးတာ၊ ဒါပေမဲ့ ချွန်းယမ်တောင်ပေါ်မှာပဲ တရားကျင့်လို့ရမယ်။"
"ဒါမျိုးတောင် ရှိတယ်ပေါ့ "
"မင်း ချွန်းယမ်ဘုရင်ကို သိလား သူသာ ငါတို့ကို တပည့်အဖြစ် လက်ခံမယ်ဆိုရင် ငါတို့ စာမေးပွဲဖြေစရာတောင် လိုတော့မှာ မဟုတ်ဘူးပေါ့ "
နေရာတစ်ခုလုံးမှာ ဆူညံသွားပြီး အကြည့်ပေါင်းများစွာမှာ ထိုလူငယ်ထံသို့ စူးစိုက်ရောက်ရှိသွားသည်။
လူငယ်မှာ အနည်းငယ် ရှက်ရွံ့သွားပြီး -
"ငါ ချွန်းယမ်ဘုရင်ကို တွေ့ဖူးပါတယ်၊ ဒါပေမဲ့ အဲဒီတုန်းက စကားပြောဖို့ အခွင့်အရေး မရခဲ့ဘူး။ သူက 'ဖန့်' လို့ အမည်ရတယ်ဆိုတာပဲ သိတယ်။"
"ဘာ၊ ဖန့် လို့လား "
လူအုပ်ထဲမှ ဟေးဆန်း မှာ ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်ပြီး ကျန်ရှိသည့် အကြီးအကဲများ နှင့် အချင်းချင်း ကြည့်ကာ အံ့အားသင့်သွားကြသည်။
"ဟေးဆန်း၊ ချွန်းယမ်ဘုရင်က ဖန့် လို့ အမည်ရတော့ ဘာဖြစ်လဲ မင်း ဘာလို့ ဒီလောက် အသည်းအသန် ဖြစ်နေတာလဲ။ မင်းတို့ အဘိုးကြီး ခြောက်ယောက်က ချွန်းယမ်ဘုရင်ကို သိလို့လား"
ထိုလူငယ်က ရယ်မောရင်း မေးလိုက်သည်။ ပတ်ဝန်းကျင်မှ လူများလည်း ရယ်မောသံများ ထွက်ပေါ်လာကြသည်။
တကယ်တော့ ဟေးဆန်းမှာ အသက်အရွယ်ကြီးသူ မဟုတ်ပေ။ အသက် (၄၀) သို့မဟုတ် (၅၀) ဝန်းကျင်ခန့်သာ ရှိသေးသည်။ ကျန်အကြီးအကဲငါးပါးကမူ တစ်ယောက်ထက် တစ်ယောက် ပို၍ အိုမင်းနေကြသည်။ တစ်နှစ်နီးပါး ကြမ်းတမ်းသော ခရီးစဉ်ကို ဖြတ်သန်းပြီးမှ ထိုနေရာသို့ ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်၍ သူတို့မှာ ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေကြသည်။ ပေါင် (၁၀၀) အလေးချိန်ရှိသော ကျောက်တုံးကို အသွားအပြန် (၁၀၀) သယ်ရမည့် စာမေးပွဲက သူတို့ကို အကြီးအကျယ် အတားအဆီး ဖြစ်စေခဲ့သည်။ ထိုနေရာကို ရောက်ပြီး တစ်လကျော်သည့်တိုင် တစ်ကြိမ်မျှ မအောင်မြင်နိုင်တော့၍ လက်လျှော့ထားကြခြင်း ဖြစ်သည်။ ယခုမူ ချွန်းယမ်ဘုရင်တစ်ပါး တိုးလာပြီး သူတို့သိသည့် 'ဖန့်' ဆိုသည့် အမည်ကို ကြားလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားကြသည်။
"ကောင်လေး၊ ငါ ချွန်းယမ်ဘုရင်ကို သိလား၊ မသိဘူးလား ဆိုတာ မင်း အရေးမစိုက်နဲ့။ အဲဒီတုန်းက ဘယ်လိုဖြစ်ခဲ့လဲ၊ ပြီးတော့ ချွန်းယမ်ဘုရင်က ဘယ်လို ပုံစံရှိလဲ ဆိုတာ အရင်ပြောပြစမ်း။"
ဟေးဆန်းက အလျင်အမြန်ပင် ပြောသည်။
"အဲဒီတုန်းက အခြေအနေကတော့..."
လူငယ်၏ အကြည့်မှာ ရုတ်တရက် မလှမ်းမကမ်းမှ သစ်ပင်ကြီးတစ်ပင်ဆီသို့ ရောက်သွားသည်။ သစ်ပင်အောက်တွင် အရေခွံနှင့် အရိုးသာ ကျန်တော့မည့် ပုံစံဖြင့် ထိုင်နေသော လူတစ်ယောက် ရှိနေသည်။ သူသည် ထိုလူကို ဆွဲခေါ်လာပြီး ဟေးဆန်းတို့ကို ကြည့်ကာ ရယ်လျက် -
"အဲဒီတုန်းက အခြေအနေကို ထျန်းကျားသစ် အသိဆုံးပဲ..."
ဟု ဆိုကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။
ဟေးဆန်းတို့သည် ဝမ်ချုံစန်း ၊ ဖန့်ကျစ်ရွှယ် တို့၏ အမည်များကို ကြားလိုက်သည်နှင့် ထိုချွန်းယမ်ဘုရင်မှာ မည်သူမည်ဝါ ဖြစ်ကြောင်း ချက်ချင်း အတည်ပြုနိုင်လိုက်သည်။
"ငါ ပြောသားပဲ၊ ဒီကောင်က လက်ခြေတွေ ပြတ်နေတာတောင် ဘာလို့ ဒီက မထွက်သွားရတာလဲလို့။ သူက ထွက်လို့မရတာ၊ ထွက်ဖို့လည်း မဝံ့ရဲတာပဲ။"
တစ်ယောက်က အံ့သြစွာဖြင့် ထျန်းကျားသစ် ကို ကြည့်ကာ ပြောသည်။
"မင်းက အရင်က ဒီနေရာမှာ နာမည်ကြီးတဲ့သူ၊ ဆွေဝေ့ သိုင်းကျောင်းတော်ကို ဝင်ခါနီးအထိ ရောက်ဖူးတယ်ဆိုတာ မယုံနိုင်စရာပဲ "
ထျန်းကျားသစ် မှာမူ စိတ်ပျက်လက်ပျက်ဖြင့် စကားမပြောနိုင်တော့ဘဲ ငြိမ်သက်နေသည်။
"ညီအစ်ကိုတို့၊ ငါတို့ ဘာစောင့်နေမှာလဲ ချွန်းယမ်တောင်ကို တက်ကြစို့ "
ဟေးဆန်းက ကျန်အကြီးအကဲငါးပါးကို ခေါ်ကာ အလျင်အမြန် ပြောသည်။
တန်လင် ကျောင်းတော်မှ ဆွေ့ အကြီးအကဲ မှာ သံသယဝင်လျက် -
"မှားနေမလား တကယ်လို့ မှားပြီး ဒီနေရာက အကြီးအကဲ တစ်ယောက်ကို သွားစော်ကားမိရင် ငါတို့ အသက်ရှင်ဖို့ ခက်လိမ့်မယ် မဟုတ်လား။"
ဟု မေးသည်။
"နေပါဦး၊ ဟေးဆန်း၊ မင်းတို့က တကယ်ပဲ ချွန်းယမ်ဘုရင်ကို သိလို့လား မဖြစ်နိုင်တာ "
လူငယ်က မယုံကြည်စွာဖြင့် မေးသည်။ ပတ်ဝန်းကျင်မှ လူများလည်း ဟေးဆန်းတို့ကို သံသယဖြင့် စိုက်ကြည့်နေကြသည်။
ဟေးဆန်း စကားမပြောရသေးခင်မှာပင် အဝေးမှ ကြောက်မက်ဖွယ် အော်ဟစ်သံများကို ကြားလိုက်ရသည်။
"မင်းတို့ ခွေးသားတွေ၊ ငါတို့တွေကို လိုက်ဖမ်းရဲသေးတယ်ပေါ့။ ဒီနေရာက ဆွေဝေ့ သိုင်းကျောင်းတော် နယ်မြေပဲ၊ နောက်ထပ် လိုက်လာရင် မင်းတို့ အကုန် သေရလိမ့်မယ် "
ဖန်ရွှေ က ဆဲဆိုနေပြီး နောက်မှ ဆွေ့ထျန်းဟွမ်၊ တန်ခယ်ရွှမ်၊ ယင်တန့် တို့မှာလည်း အရှက်တကွဲ အကျိုးနည်းဖြင့် ထွက်ပြေးလာကြသည်။ ဖန်ရွှေက ရှန်ထျန်းဖန်း၏ လက်ကို ဆွဲကာ အသက်လု ထွက်ပြေးနေသည်။
သူတို့နောက်တွင် မြင်းစီးထားသော လူငယ်လူရွယ်တစ်စု ရှိနေသည်။ သူတို့မှာ ကစားနေသကဲ့သို့ ပုံစံမျိုးဖြင့်သာ လိုက်နေခြင်းဖြစ်ပြီး မဟုတ်ပါက ဖန်ရွှေတို့ကို ကြာမြင့်စွာကပင် ဖမ်းမိပြီး ဖြစ်ပေလိမ့်မည်။
"ဆွေဝေ့ သိုင်းကျောင်းတော် နယ်မြေကို တကယ် ရောက်လာတာပဲ"
လူငယ် စီးနင်းသူတစ်ယောက်က မြင်းပတ်တီးကို ခတ်လိုက်သည်။ နောက်တစ်ခဏတွင် မြင်းစီးသူတစ်ဒါဇင်ကျော်မှာ အရှိန်မြှင့်လိုက်ပြီး ဖန်ရွှေတို့ကို ဝိုင်းရံထားလိုက်သည်။ သူတို့ကို ဆွေဝေ့ သိုင်းကျောင်းတော် တောင်ခြေသို့ မကပ်နိုင်စေရန် တားဆီးလိုက်သည်။ မြင်းခွာသံများကြောင့် ဖုန်မှုန့်များ ထောင်းထောင်းထသွားပြီး ဖန်ရွှေတို့မှာ ပို၍ပင် ညစ်ပတ်ပေကျံသွားကြသည်။
"ဒီကောင်တွေပဲ..."
ဟေးဆန်းတို့ ခြောက်ယောက်မှာ အချင်းချင်း ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။
တောင်ခြေတွင် ကြည့်ရှုနေသူများမှာလည်း စိတ်ဝင်တစား ရှိနေကြသော်လည်း ထိုစီးနင်းသူများကို ကြည့်ရသည့် အကြည့်များမှာမူ ကြောက်ရွံ့မှု အနည်းငယ် ပါဝင်နေသည်။ ထိုလူငယ်စီးနင်းသူများမှာ သာမန်လူများ မဟုတ်ကြောင်း သူတို့၏ အရှိန်အဝါက သက်သေပြနေသည်။
"မင်းတို့က ဆွေဝေ့ သိုင်းကျောင်းတော်ထဲကို ထွက်ပြေးလို့ ရမယ် ထင်နေတာလား မင်းတို့လို သိုင်းပညာ ဘာတစ်ခုမှ မတတ်တဲ့ကောင်တွေက ဆွေဝေ့ သိုင်းကျောင်းတော်နဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ။"
ဦးဆောင်သူ လူငယ်က မြင်းကို ရပ်တန့်ကာ ဖန်ရွှေတို့ကို အထက်စီးမှ ကြည့်ရင်း ရယ်မောသည်။
"ဖန်ရွှေ၊ မင်းဘေးက မိန်းကလေးကို ပေးအပ်လိုက်၊ ကျန်တဲ့သူတွေကိုတော့ ငါ အသက်ချမ်းသာပေးမယ်။"
ရှန်ထျန်းဖန်းမှာ မျက်နှာပျက်သွားသည်။
ဖန်ရွှေကမူ ရယ်မော၍ -
"မင်း အမေကို ပြန်လုပ်လိုက် "
ဟု ဆဲဆိုသည်။ ဆွေ့ထျန်းဟွမ်တို့မှာလည်း ဒေါသဖြင့် ရှေ့သို့ တိုးလာသည်။
ရှန်ရှိုးယွမ်က -
"ပုရွက်ဆိတ်တွေကများ။" ဟု ဆိုလိုက်သည်။
လူငယ်စီးနင်းသူမှာ ရယ်မောကာ -
"မင်းက သူတို့ထဲမှာ အားအနည်းဆုံးပဲ၊ ပြေးတာတောင် မမြန်ဘူး၊ ငါ့ကို ပုရွက်ဆိတ်လို့ ခေါ်ရဲသေးတယ်ပေါ့"
ဟု ဆိုသည်။ ရှန်ရှိုးယွမ်၏ မျက်နှာမှာ နီရဲသွားသည်။ သူသည်လည်း အသက်ကိုးသက် နဂါးမျိုးနွယ်စု၏ နဂါးကိုယ်ခန္ဓာ ရှိသူ ဖြစ်သော်လည်း ထိုနေရာသို့ ရောက်လာသည့်အခါ သာမန်လူနှင့် အတူတူပင် ဖြစ်သွားကာ စွမ်းအားများမှာလည်း အလွန်ပင် နည်းပါးသွားရသည်။
ထိုအချိန်တွင် နောက်မှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ ဦးဆောင်သူ လူငယ်မှာလည်း မြင်းကို ရပ်တန့်ကာ လေးစားစွာဖြင့် ဂါရဝပြုသည်။ အခြားလူငယ်များလည်း လေးစားစွာ ရပ်တန့်လိုက်ကြသည်။
ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်မှာ မြင်းဖြူတစ်ကောင်ကို စီးကာ ဖြည်းညှင်းစွာ ရောက်လာသည်။
"ဝမ် အစ်မတော်၊ လူတွေကို မိသွားပါပြီ။"
လူငယ်စီးနင်းသူက ဆိုသည်။
"ကောင်းပြီ။"
ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ခေါင်းညိတ်ပြီး ရှန်ထျန်းဖန်းကို ကြည့်ကာ ပြုံး၍ ပြောသည်။
"မင်း အရင်က အရမ်း မာန်မာနကြီးခဲ့တာ မဟုတ်လား၊ အခုတော့ ဘာလို့ ဒီလောက်တောင် အရှက်ကွဲပြီး ပြေးနေရတာလဲ။"
ရှန်ထျန်းဖန်းက သူမကို စူးစိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှ မပြော။
ဟေးဆန်းတို့မှာ အခြေအနေကို နားလည်သွားကြသည်။
"ဒီဘိုးဘေးမလေးရဲ့ စိတ်ဓာတ်ကတော့ မပြောင်းလဲသေးဘူးပဲ "
ထိုအချိန်တွင် ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက -
"ဒီနေရာက ဆွေဝေ့ သိုင်းကျောင်းတော် နယ်မြေပဲ၊ သူတို့ကို မျက်နှာသာ ပေးတဲ့အနေနဲ့ အကုန်လုံးကို ဖမ်းခေါ်သွားကြ။"
ဟု အမိန့်ပေးသည်။
ဟေးဆန်းက ရုတ်တရက် ထရပ်လိုက်ပြီး -
"နေကြပါဦး" ဟု ဆိုသည်။
ဘေးနားမှ လူတစ်ယောက်က သူ့အင်္ကျီစကို ဆွဲကာ
"ဟေးဆန်း၊ မင်း သေချင်နေတာလား၊ ဒီလို ကိစ္စမျိုးကို ဝင်မရှုပ်ပါနဲ့! ဒီလူငယ်တွေကို ကြည့်ရတာ လွယ်တဲ့သူတွေ မဟုတ်ဘူး။"
ဟု တားသည်။
ဖန်ရွှေတို့မှာ ဟေးဆန်း၏ အသံကို ကြားလိုက်ရသဖြင့် -
"အကြီးအကဲတို့ အားလုံးပဲ ရှိနေတာပဲ မြန်မြန်လာ ကယ်ကြပါဦး "
ဟု အော်ဟစ်ကြသည်။
ကျန်အကြီးအကဲများလည်း ထရပ်လိုက်ပြီး ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးတို့ကို စူးစိုက်ကြည့်နေကြသည်။
"အဘိုးကြီး ခြောက်ယောက်လား"
"ရှင်တို့က သူတို့ကို ကာကွယ်ပေးမလို့လား"
ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက စိတ်ဝင်တစားဖြင့် -
"ရှင်တို့ ဒီနေရာမှာ ဆွေဝေ့ သိုင်းကျောင်းတော်ကို ဝင်ဖို့ စာမေးပွဲဖြေမယ့်သူတွေ ဖြစ်မယ်။ ရှင်တို့က ဟင်းလင်းပြင်အဆင့်တောင် ရောက်မယ့်သူတွေ မဟုတ်လောက်ဘူး။"
ဟု ဆိုသည်။
"လူတစ်ယောက်ကို ကူညီပေးတာက ကုသိုလ်ရပါတယ်၊ သူတို့က ငါတို့ရဲ့ နောက်မျိုးဆက်တွေမို့လို့ ခွင့်လွှတ်ပေးကြပါ။"
ဟေးဆန်းက အေးဆေးစွာ ပြောသည်။
"သူတို့ကို ဖမ်းလိုက်။"
ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ဂရုမစိုက်စွာ အမိန့်ပေးသည်။
"ဟေ့၊ မင်းတို့ ရဲရဲတင်းတင်းနဲ့ "
"ဖြည်းဖြည်း"
"ကရွတ်"
"ငါ့ တံတောင်ဆစ် ကျိုးသွားပြီ..."
တစ်ခဏအတွင်းမှာပင် အကြီးအကဲ ခြောက်ပါးမှာ အဖမ်းခံလိုက်ရသည်။ ဖန်ရွှေတို့မှာလည်း အချင်းချင်း ကြည့်ကာ စိတ်ထဲတွင် ဒုက္ခရောက်ပြီဟု တွေးလိုက်ကြတော့သည်။
အခန်း (၂၉၄၄) - ဟယ်ရှန်းဝေ
တိုက်ပွဲမှာ စတင်သည်နှင့် အဆုံးသတ်သွားသည်မှာ အလွန်ပင် လျင်မြန်လှသည်။
ဟေးဆန်း အပါအဝင် အကြီးအကဲ ခြောက်ပါးမှာ ခေါင်းကို အောက်သို့ ဖိချခြင်း ခံလိုက်ရပြီး အဖမ်းခံလိုက်ရသည်။ တန်လင် ကျောင်းတော်မှ ဆွေ့ အကြီးအကဲမှာ ကံဆိုးစွာပင် အဖမ်းခံရချိန်တွင် တံတောင်ဆစ်ပါ ကျိုးသွားခဲ့ရသည်။ ဖန်ရွှေတို့မှာမူ ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချလိုက်မိကြသည်။ ဂုဏ်သရေရှိ အကြီးအကဲများပင် ထိုကဲ့သို့ အခြေအနေမျိုး ရောက်သွားသည်ကို မြင်သောအခါ သူတို့ ခံစားနေရသော ဒုက္ခများမှာ ဘာမှမဟုတ်တော့ဟု တွေးမိသွားကြသည်။
ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ အနည်းငယ် အံ့အားသင့်သွားပြီး -
"မင်းတို့ဆီမှာ သိုင်းပညာ ဘာတစ်ခုမှ မရှိဘဲနဲ့ ဘာလို့ ဒီနေရာကို လာရတာလဲ။ ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ ပထမအဆင့် စာမေးပွဲကိုတောင် မင်းတို့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ ပေါင် (၁၀၀) ရှိတဲ့ ကျောက်တုံးကို ထားလိုက်ပါ၊ ပေါင် (၅၀) ရှိတဲ့ ကျောက်တုံးကိုတောင် သယ်ပြီး အသွားအပြန် လုပ်ရရင် မင်းတို့ရဲ့ အသက်တစ်ဝက်လောက်တောင် ပါသွားလိမ့်မယ်။"
ဟု ဆိုသည်။
"ကျားက လယ်ကွင်းထဲ ရောက်သွားရင် ခွေးတွေကတောင် အနိုင်ကျင့်ကြတာပဲ "
ဆွေ့ အကြီးအကဲမှာ မျက်နှာများ နီရဲလာပြီး တံတောင်ဆစ် ကျိုးသွားသည့် နာကျင်မှုကို အံကြိတ်ကာ သည်းခံနေရသည်။
"ဝမ် လို့ နာမည်ရတဲ့ မိန်းမ၊ ဒီအဘိုးကြီးတွေကို လွှတ်ပေးလိုက်စမ်း။ တစ်ယောက်လုပ် တစ်ယောက်ခံပဲ၊ မင်းမှာ ဘာရန်ငြိုးတွေ ရှိရှိ ငါတို့ဆီကိုပဲ လာခဲ့ "
ဟု ဆွေ့ထျန်းဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သတ္တိကောင်းလှချည်လား"
ဦးဆောင်သူ လူငယ်စီးနင်းသူမှာ ရှေ့သို့ တိုးလာပြီး ဆွေ့ထျန်းဟွမ်၏ ပါးကို တစ်ချက် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အားဖြင့် ရိုက်လိုက်သဖြင့် ဆွေ့ထျန်းဟွမ်မှာ နေရာတွင် နှစ်ပတ်လည်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်လဲသွားသည်။ ယင်တန့် မှာ အော်ဟစ်ကာ သူ့ကို ထူရန် ပြေးသွားပြီး ဒဏ်ရာကို စစ်ဆေးသည်။ သို့သော် ထူပင် မထူရသေးခင်မှာပင် တစ်ဖက်လူ၏ ကန်ချက်ကြောင့် လဲကျသွားရပြန်သည်။
နေရာတွင် ရှိနေသော သူတော်စင်တို့မှာ အလွန်ပင် အရှက်ရပြီး ဒေါသထွက်နေကြသည်။ သူတို့မှာ ယခင်က ကောင်းကင်ကို ဖောက်ထွက်နိုင်လောက်သည့် စွမ်းအားများ ပိုင်ဆိုင်ခဲ့သော်လည်း ယခုမူ ပုရွက်ဆိတ်ကဲ့သို့ လူစု၏ အနိုင်ကျင့်ခြင်းကို ခံနေရသဖြင့် အလွန်ပင် မကျေနပ်ဖြစ်နေကြသည်။
"ဒီအဘိုးကြီး ခြောက်ယောက်ကိုလည်း သူတို့နဲ့အတူ ခေါ်သွားကြ။"
ဝမ် အစ်မတော် က နောက်ဆုံး အမိန့်ကို ပေးပြီးနောက် မြင်းကို လှည့်၍ ထွက်ခွာရန် ပြင်သည်။ တောင်ခြေတွင် ရှိနေကြသူများမှာမူ အဝေးမှသာ ကြည့်ရဲကြပြီး စကားတစ်ခွန်းမျှ မဟရဲကြပေ။ ဟေးဆန်းက အခြေအနေကို သတိပြုမိပြီး ချက်ချင်း အော်ဟစ်လိုက်သည်။
"ငါတို့က ဆွေဝေ့ သိုင်းကျောင်းတော်က ချွန်းယမ်ဘုရင်ရဲ့ လူတွေပဲ။ မင်းက ဒီနေရာမှာ ငါတို့ကို ဒီလောက်အထိ ရဲရဲတင်းတင်းနဲ့ စော်ကားရဲတယ်ပေါ့။ မင်းတို့ မိသားစုတစ်ခုလုံး သေသွားလိမ့်မယ် ဆိုတာ သတိထား "
ဖန်ရွှေတို့မှာ အံ့အားသင့်သွားပြီး ဟေးဆန်းတို့ဘက်သို့ အကြည့်ရောက်သွားကာ အလွန်ပင် ဝမ်းသာသွားကြသည်။ ဝမ်လွှဲ့ မှာလည်း ခဏတာ တုံ့ဆိုင်းသွားသည်။ သူမမှာ ချွန်းယမ်ဘုရင် ဆိုသည်ကို မကြားဖူးသော်လည်း ဆွေဝေ့ သိုင်းကျောင်းတော်ကို အကြောင်းပြကာ ဘုရင်အဆင့် ကျွမ်းကျင်သူမှလွဲ၍ မသုံးဝံ့သည့် ဘွဲ့အမည်ကို သုံးစွဲနေသဖြင့် စိုးရိမ်စိတ် အနည်းငယ် ဝင်သွားသည်။ ထိုလူငယ်စီးနင်းသူများမှာမူ မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်ကြသည်။
"မင်းတို့လိုလူတွေက ဘုရင်အဆင့် ကျွမ်းကျင်သူနဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ "
"မင်းတို့မှာ သိုင်းပညာ ဘာတစ်ခုမှ မရှိဘူး။ အနည်းဆုံး ဟင်းလင်းပြင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်လောက် ပါရင် ငါတို့ ယုံမိမှာပါ၊ ဒါပေမဲ့ ကံမကောင်းတာပဲ၊ ဟား "
ထိုလူငယ်များ၏ စကားကြောင့် ဝမ်လွှဲ့ မှာ စိတ်အေးသွားပြန်သည်။ ထိုအချိန်တွင် မလှမ်းမကမ်းမှ လူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။
"ဟေးဆန်း၊ မင်း မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ တကယ်လို့ ချွန်းယမ်ဘုရင်သာ သိသွားရင် မင်းတို့ တကယ် အသက်ရှင်နိုင်မှာ မဟုတ်ဘူး ငါတို့ပါ မင်းကြောင့် ဒုက္ခရောက်ကုန်လိမ့်မယ် "
ထိုစကားကြောင့် ဟေးဆန်းတို့၏ မျက်နှာမှာ ပို၍ပင် မှောင်မိုက်သွားသည်။ ဝမ်လွှဲ့နှင့် လူငယ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။ ထိုအချိန်တွင် လူရိပ်တစ်ခုမှာ တောင်ခြေသို့ ရောက်ရှိလာသည်။ သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်လွှဲ့တို့ အဖွဲ့ကို တွေ့သောအခါ မျက်မှောင်ကြုတ်ကာ ထိုနေရာသို့ လျှောက်လာသည်။ သူသည် ထျန်းကျားသစ် အနားကို ဖြတ်သွားစဉ် ထျန်းကျားသစ်မှာ ဝမ်းသာအားရဖြင့် စကားပြောရန် ပြင်သော်လည်း တစ်ဖက်လူ၏ အေးစက်စက် အကြည့်ကြောင့် စကားကို ပြန်မျိုချလိုက်ရသည်။
ဝမ်လွှဲ့ မှာလည်း ထိုလူကို သတိထားမိသွားပြီး မြင်းပေါ်မှ ဆင်းလိုက်သည်။ လူငယ်စီးနင်းသူများမှာလည်း မြင်းပေါ်မှ ဆင်းလိုက်ကြပြီး လေးနက်သော အမူအရာ ဖြစ်သွားကြသည်။ အကြောင်းမှာ ထိုသူမှာ ဆွေဝေ့ သိုင်းကျောင်းတော်၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ဖြစ်သည်။ ထိုဂုဏ်ပုဒ်မှာပင် သိုင်းလောကသားများအတွက် လေးစားမှု အပြည့်အဝ ရှိစေသည်။
ဝေဖုန်း မှာ လူအုပ်ရှေ့သို့ ရောက်လာပြီး ဝမ်လွှဲ့တို့ကို အေးစက်စက် ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဟယ်ရှန်းဝေ ကလား"
"အော် သူတို့က ဟယ်ရှန်းဝေ က ဖြစ်နေတာကိုး"
"ငါ ပြောသားပဲ၊ တစ်ယောက်ချင်းစီရဲ့ အရှိန်အဝါက မသေးဘူး "
တောင်ခြေတွင် ရှိနေသူများမှာ အံ့အားသင့်သွားကြသည်။ ဟယ်ရှန်းဝေမှာ သိုင်းကျောင်းတော်ကြီး လေးခုလောက် မကြီးမားသော်လည်း သိုင်းလောကတွင် နာမည်ကြီးသည်။ သူဌေးကြီးများ ပူးပေါင်း တည်ထောင်ထားပြီး ငွေကြေးများစွာဖြင့် သိုင်းကျမ်းများကို စုဆောင်းထားကာ ဟင်းလင်းပြင်အဆင့် ကျွမ်းကျင်သူ ဆယ်ဂဏန်းကျော်ကိုလည်း မွေးထားသည်။ ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ပါးပင် ဌာနချုပ်တွင် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
"ကျွန်မက ဟယ်ရှန်းဝေက ဝမ်ယွဲ့ယွဲ့ပါ၊ ဟယ်ရှန်းဝေရဲ့ အကြီးအကဲ ဖေးရင်ဝမ် ရဲ့ တပည့်ဖြစ်ပါတယ်။"
ဝမ်ယွဲ့ယွဲ့မှာ ရှေ့သို့တိုးကာ လက်အုပ်ချီ၍ ရယ်မော ပြောဆိုသည်။
"အစ်ကိုကြီးကို ဘယ်လို ခေါ်ရမလဲရှင့်"
ဝေဖုန်းမှာ သူမ၏ နောက်ကြောင်းကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားပြီး အေးစက်သော အမူအရာမှာ ပျောက်ကွယ်သွားကာ ပြုံးလျက် -
"အော် ဝမ်မမလေးပါလား၊ ဖေးရင်ဝမ် ရဲ့ ဂုဏ်သတင်းကို ကြားဖူးပါတယ်။ ဒီနေ့တော့ သူ့ရဲ့ တပည့်တရင်းကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျွန်တော် ဝေဖုန်းပါ၊ ဆွေဝေ့ သိုင်းကျောင်းတော်ရဲ့ သာမန် တပည့်တစ်ယောက်ပါ၊ အစ်ကိုကြီးလို့ မခေါ်ပါနဲ့။"
ဟု ပြောသည်။
"ဝေ အစ်ကိုကြီးကလည်း နှိမ့်ချနေပြန်ပြီ။"
ဝမ်ယွဲ့ယွဲ့က ရယ်မော၍ ပြောသည်။
"ဖေးရင်ဝမ် ရဲ့ တပည့်တဲ့လား"
"ဒီ ဖေးရင်ဝမ် က တကယ်ပဲ ဟယ်ရှန်းဝေ ကို ရောက်သွားတာပဲ၊ ဟယ်ရှန်းဝေ က တကယ်ကို အစွမ်းထက်တာပဲ..."
"နာမည်က ဝမ်၊ ဖေးရင်ဝမ် ရဲ့ တပည့်၊ ဒီမမလေးက ဟယ်ရှန်းဝေ ရဲ့ တည်ထောင်သူထဲက တစ်ယောက်ဖြစ်တဲ့ သူဌေးကြီး ဝမ် ရဲ့ သားသမီးများ ဖြစ်နေမလား "
ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် စကားပြောသံများ ထွက်ပေါ်လာသည်။ ဖန်ရွှေတို့မှာမူ အလွန်ပင် စိတ်ညစ်သွားကြသည်။ ဝမ်ယွဲ့ယွဲ့၏ နောက်ခံမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်ထားမိပေ။
"တကယ်လို့ မရတော့ရင်လည်း အသက်ကို စွန့်လိုက်ရုံပေါ့၊ ဒီနေရာမှာ အရှက်ကွဲခံရတာထက် ပိုကောင်းပါတယ်။"
ဖန်ရွှေက ရှန်ထျန်းဖန်းကို တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ မသေခင်မှာ တစ်ယောက်ယောက်ကိုတော့ အဖော်ခေါ်သွားနိုင်မလား ကြည့်ဦးမယ်။"
ရှန်ထျန်းဖန်းမှာ မျက်နှာကို တည်ထားလျက် ခေါင်းညိတ်သည်။
"မင်းတို့ ဘာတွေ တိုးတိုးလေး ပြောနေတာလဲ။ ဝမ်မမလေးရဲ့ သိုင်းပညာက အတော်လေး ကျွမ်းကျင်နေပြီ၊ ဟင်းလင်းပြင်အဆင့်နဲ့လည်း မဝေးတော့ဘူး။ မင်းတို့ အသံကို သူ မကြားနိုင်ဘူး ထင်နေတာလား။"
ဝေဖုန်းက သူတို့ကို ဆူပူလိုက်သည်။
ထို့နောက် ဝေဖုန်းက ဝမ်ယွဲ့ယွဲ့ကို ကြည့်ကာ ပြုံး၍ -
"ဝမ်မမလေး၊ ဒီကိစ္စက ဘာဖြစ်တာလဲ" ဟု မေးသည်။
"ဒီမိန်းကလေးက ကျွန်မကို မလေးစားဘဲ မာန်မာနကြီးလွန်းလို့ သင်ခန်းစာ ပေးလိုက်တာပါ။ ကျန်တဲ့သူတွေကလည်း ဒီမိန်းကလေးနဲ့ တစ်ဖွဲ့တည်းပဲ၊ ကျွန်မကို စော်ကားပြီး ဆဲဆိုနေကြလို့ပါ။ ကျွန်မသာ သူတို့ကို သင်ခန်းစာ မပေးရင် ကျွန်မဆရာ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာစိုးလို့ပါ။"
ဝမ်ယွဲ့ယွဲ့က ရှန်ထျန်းဖန်းကို ညွှန်ပြကာ ပြောသည်။
"အော် ဒီလိုလား၊ ဒါဆိုရင် ဝမ်မမလေး စိတ်ကြိုက်သာ လုပ်ပါ။ ဆွေဝေ့ သိုင်းကျောင်းတော်က ဒီလိုကိစ္စမျိုးတွေကို ဝင်မစွက်ဖက်ပါဘူး။"
ဝေဖုန်းက ပြုံး၍ ပြောသည်။
ထိုအချိန်တွင် ထျန်းကျားသစ်မှာ အော်ဟစ်လိုက်သည်။
"ဝေ အစ်ကိုကြီး၊ ကျွန်တော် ပြောချင်ပါတယ် သူတို့က ချွန်းယမ်ဘုရင်ကို အကြောင်းပြပြီး မျက်နှာလုပ်နေတာတွေကို ကျွန်တော် တိုင်ကြားချင်ပါတယ် "
"ချွန်းယမ်ဘုရင် "
ဝေဖုန်းမှာ တုန်လှုပ်သွားပြီး လက်နှင့် ခြေထောက်တို့တွင် နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ သူသည် အလွန်လေးနက်သော အမူအရာဖြင့် ထျန်းကျားသစ်ကို ကြည့်ကာ -
"မင်း ဘာပြောလိုက်တယ်" ဟု မေးသည်။
ထျန်းကျားသစ်က ဟေးဆန်းတို့ကို စိုက်ကြည့်ကာ -
"သူတို့ပါပဲ၊ သူတို့က အသက်လုဖို့အတွက် ချွန်းယမ်ဘုရင်ရဲ့ လူတွေလို့ လိမ်ပြောနေတာ၊ ဒါက ချွန်းယမ်ဘုရင်ကို ဒုက္ခရောက်အောင် လုပ်နေတာမဟုတ်လား "
ချွန်းယမ်ဘုရင်ရဲ့ လူတွေလို့ ပြောလိုက်တာလား ဝေဖုန်းမှာ အံ့အားသင့်သွားပြီး ဟေးဆန်းနှင့် ဖန်ရွှေတို့ကို အကဲခတ်လိုက်သည်။ အမျိုးသားများ၊ အမျိုးသမီးများ၊ အသက်ကြီးသူများ၊ လူငယ်များ... ဒါက ချွန်းယမ်တောင်မှာ ရှိတဲ့သူတွေနဲ့ တူနေတာပဲ။
"ချွန်းယမ်ဘုရင်က ခွဲတမ်း (၁၀၀) ပေးထားတယ်ဆိုတော့ သူ့လူတွေက တကယ်ပဲ ရောက်လာနေတာ ဖြစ်နိုင်တယ်၊ ဒါဆိုရင်..."
ဝေဖုန်း တွေးနေစဉ် ဝမ်ယွဲ့ယွဲ့က ဖြတ်ပြောလိုက်သည်။
"ဒီကောင်တွေက လိမ်ပြောနေတာပါ၊ ဝေ အစ်ကိုကြီး။ ကျွန်မ သူတို့ကို အရင် ခေါ်သွားတော့မယ်။ ဝေ အစ်ကိုကြီး အားရင် ဟယ်ရှန်းဝေ ကို လာခဲ့ပါ၊ ကျွန်မ ကိုယ်တိုင် ဧည့်ခံပါ့မယ်။"
သူမသည် လက်ကို ဝှေ့ယမ်းကာ လူငယ်စီးနင်းသူများကို ဟေးဆန်းတို့ကို ခေါ်သွားရန် အချက်ပြသည်။
ဝေဖုန်းက ချက်ချင်း လက်ကို မြှောက်လိုက်ပြီး -
"နေကြပါဦး! ဒီကိစ္စကို ချွန်းယမ်ဘုရင်ကို အရင် တိုင်ကြားပြီးမှပဲ လုပ်ဆောင်ရမယ်။ အဲဒီအချိန်ထိ မင်းတို့ တစ်ယောက်ကိုမှ ထိခွင့်မရှိဘူး"
ဟု အမိန့်ပေးလိုက်သည်။