အခန်း ၅၁၂
Vol. 52 Ch. 512
အခန်း (၅၁၂) ကောင်းကင်မှ ကျလာသော ကံကောင်းခြင်း
ထပ်မံရှင်းပြနေစရာ မလိုတော့ပေ။ လုံးဝ အသိဉာဏ်ကင်းမဲ့နေသူ မဟုတ်လျှင် ယနေ့ခေတ်၏ ပေါက်ကွဲလုမတတ်ဖြစ်နေသော အလုပ်ခေါ်စာများကြားတွင် ဤစာတိုကို လက်ခံရရှိသူ မည်သူမဆို ၎င်းက ရိုးရှင်းသော ညစာစားပွဲတစ်ခုထက် များစွာပိုကြောင်းကို ချက်ချင်း သဘောပေါက်သွားမည် ဖြစ်သည်။
စာရင်းရှိ နောက်ဆုံးလူဖြစ်သော နဂါးပြာအတွက်မူ...
ကျန်းယဲ့တွင် သူ၏ ဝီချက်ရှိသော်လည်း ထိုလူက မကြာခဏဆိုသလို ပျောက်ကွယ်နေတတ်ပြီး အထူးမစ်ရှင်အမျိုးမျိုးတွင် ပါဝင်နေတတ်ရာ စာတိုကို ချက်ချင်း မြင်နိုင်မည်မဟုတ်သလို လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း စည်းမျဉ်းများကြောင့် အချိန်မီ အကြောင်းပြန်နိုင်မည် မဟုတ်ပေ။
သို့သော် ကျန်းယဲ့ စိတ်မပူချေ။ တရားဝင် ခန့်အပ်ခံလိုက်ရပြီဖြစ်သော လင်ရှောင်သည် နဂါးပြာကို အကြောင်းကြားမည့်ကိစ္စအား ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟု သူ တွက်ဆထားလိုက်သည်။
ကောရွှိုက်သည် သူ၏ ဖောက်သည်ဟောင်းများ အုပ်စုထဲတွင် တက်ကြွစွာ စာရိုက်နေပြီး မည်သူက လူတိုင်း လိုချင်နေသော အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်နေရာကို ရရှိသွားမည်နည်းဟု နောက်ပြောင်ကာ ဆွေးနွေးနေခဲ့၏။
ရုတ်တရက် သူ၏ ဖုန်းမျက်နှာပြင်ထိပ်တွင် စာတို အသိပေးချက်အသစ်တစ်ခု ပေါ်လာခဲ့ပြီး ပေးပို့သူမှာ အခြားသူမဟုတ်ဘဲ ကျန်းယဲ့ပင်။
သူက "ဟင်" ဟု တိုးတိုးလေး ရေရွတ်လိုက်ပြီး စကားပြောခန်းကို ဖွင့်ကြည့်လိုက်သည်။
ထိုတိုတောင်းသော စာတိုလေးကို မြင်လိုက်ရသောအခါ.....
【မနက်ဖြန် နေ့လယ် ဟန်ကျိုးကို လာခဲ့ပါ။ ကျွန်တော် ခင်ဗျားကို နေ့လယ်စာ ကျွေးမလို့...】
စာသားများကို မြင်လိုက်ရသည့် အခိုက်အတန့်၌ ကောရွှိုက်သည် သူ၏ ဂိမ်းဆော့သည့် ကုလားထိုင်မှ ခုန်ထလိုက်မိပြီး သူ၏ မျက်ဝန်းများမှာ ပြင်းထန်စွာ ကျဉ်းမြောင်းသွားကာ မျက်နှာပေါ်တွင် အလွန်အမင်း တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားရသည်။
"ဒါ... ဒါက..." သူက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် ရေတွက်မရနိုင်သော အတွေးများက လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းသွား၏။
'ငါ အများကြီး တွေးနေမိတာလား...'
'ဒါပေမဲ့...'
'တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပြီး ရေတွက်မရနိုင်တဲ့ ထိပ်တန်းအထက်တန်းလွှာတွေက အဲဒီ သီးသန့် နေရာတစ်နေရာအတွက် အလုအယက် ယှဉ်ပြိုင်နေကြတဲ့ ဒီလို အရေးကြီးတဲ့ အချိန်မှာ... ဒါရိုက်တာကျန်းက တခြားဘယ်သူ့ကိုမှ မဆက်သွယ်ဘဲ သာမန်လို့ ထင်ရပေမဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ပြည့်နှက်နေတဲ့ ဒီနေ့လယ်စာ ဖိတ်ကြားချက်ကို ငါ့ဆီ ပေးပို့လာတာလေ....'
ထို့ကြောင့် သူ့အနေဖြင့် ထိုဘက်သို့ တွေးမသွားမိရန် ခက်ခဲလှသည်။
ဖော်ပြ၍မရနိုင်သော ဝမ်းမြောက်မှုကြီးက သူ၏ ခန္ဓာကိုယ်ထဲတွင် လျှပ်စီးကြောင်းတစ်ခုအလား စီးဆင်းသွားခဲ့သော်လည်း ၎င်းနောက်တွင် ပြင်းထန်လှသော လက်တွေ့မဆန်သည့် ခံစားချက်တစ်ခုက လျင်မြန်စွာ လိုက်ပါလာပြန်သည်။
ကောင်းကင်မှ ကျလာသော ဧရာမကံကောင်းခြင်းကြီးတစ်ခုက သူ့ကို ရိုက်ခတ်သွားသကဲ့သို့ပင်။ သူမှာ မူးဝေသွားခဲ့ပြီး ၎င်းက သူ၏ဆန္ဒသက်သက်သာ ဖြစ်နေပြီး အိပ်ရာမှ နိုးလာသောအခါ အရာအားလုံးက အိပ်မက်တစ်ခုဖြစ်နေမည်ကို စိုးရိမ်မိသွားခဲ့သည်။
သူသည် အီး-စပေါ့တ်နယ်ပယ်နှင့် စီးပွားရေး စေ့စပ်ညှိနှိုင်းမှုများတွင် အမြဲတစေတည်ငြိမ်ပြီး ကြည်လင်သော စိတ်ကို ထိန်းသိမ်းထားနိုင်သော်ငြားလည်း ယခုအချိန်၌မူ အနည်းငယ် ပြာယာခတ်နေခဲ့ချေပြီ။
သူက အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်ကာ ဖခင်ဖြစ်သူ၏ ဖုန်းနံပါတ်ကို ချက်ချင်း ခေါ်ဆိုလိုက်သည်။
"အဖေ... ကျွန်တော် ဒါရိုက်တာကျန်းဆီကနေ စာတစ်စောင် အခုလေးတင် ရတယ်။ သူက ဟန်ကျိုးမှာ နေ့လယ်စာ စားဖို့ ကျွန်တော့်ကို ဖိတ်ထားတယ်..." ဖုန်းဝင်သွားသည်နှင့် ကောရွှိုက်က မစောင့်နိုင်တော့ဘဲ ပြောချလိုက်သည်။
ဖုန်းတစ်ဖက်ကမ်းရှိ မစ္စတာကောသည် သူ၏ ရုံးခန်းအတွင်းတွင် အတွင်းရေးမှူး၏ အစီရင်ခံစာကို နားထောင်နေ၏။ သားဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ သူ အနည်းငယ် ရပ်တန့်သွားရသည်။
ကုမ္ပဏီကြီး ၁၀၀ စာရင်းဝင် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားပြီး အတက်အကျများစွာကို မြင်တွေ့ခဲ့ဖူးသည့် ဤစီးပွားရေးလုပ်ငန်းရှင်ကြီးပင်လျှင် သူ၏ နှလုံးသားထဲတွင် ကြီးမားလှသော ဝမ်းမြောက်မှုများ ပြည့်နှက်လာပြီး ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။
"အဖေ... ဒါရိုက်တာကျန်းက ဘာကိုဆိုလိုတာလို့ ထင်လဲ။ ကျွန်တော့်ကို အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်အဖြစ် ခေါ်ယူဖို့ စီစဉ်နေတာများလား။ အဖေ... ကျွန်တော့်ရဲ့ ခန့်မှန်းချက်က မှန်တယ်လို့ ထင်လား။ ဒါမှမဟုတ် ကျွန်တော်ကပဲ မှားနေတာလား" ကောရွှိုက်က ဆက်တိုက်ပြောနေခဲ့ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေပုံရသည်။
နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် မစ္စတာကောသည် ခေါင်းကို မော့ကာ အတွင်းရေးမှူးကို လက်ဝှေ့ယမ်းပြလိုက်ပြီး ထွက်သွားရန် အချက်ပြလိုက်သည်။
ဖုန်းတစ်ဖက်ကမ်းမှ မည်သည့် တုန့်ပြန်မှုမျှ မရှိသည်ကို ကြည့်ကာ ကောရွှိုက်က မနေနိုင်ဘဲ စိုးရိမ်တကြီး မေးလိုက်၏။ "အဖေ... နားထောင်နေလားဟင်။ ဒါရိုက်တာကျန်းက ဘာသဘောလဲ။ အဲဒါက... ကျွန်တော် တွေးထားတဲ့အတိုင်းများလား...."
မစ္စတာကောက အသက်ပြင်းပြင်း ရှူလိုက်ပြီး လှိုင်းထန်နေသော သူ၏ ခံစားချက်များကို ဖိနှိပ်ထားကာ တတ်နိုင်သမျှ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "ရွှိုက်ရွှိုက်... ဒီလိုအချိန်မျိုးမှာ ဒါရိုက်တာကျန်းက ဒီလိုဖိတ်ကြားချက်မျိုး လုပ်တယ်ဆိုတာ... သား တွေးထားသလို ဖြစ်ဖို့ အလားအလာ အများဆုံးပါပဲ..."
"တကယ်ကြီးလား..." ကောရွှိုက်မှာ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် ကျယ်ဝန်းသော အီး-စပေါ့တ်အခန်းထဲတွင် အသိစိတ်လွတ်ကာ လှည့်ပတ်ပြေးလွှားနေမိပြီး သူ၏ အသံမှာ တုန်ယင်နေ၏။ "ဒါဆို... အဲဒီနေရာက ကျွန်တော့်အတွက်ပေါ့... ကျွန်တော် ရသွားပြီပေါ့.."
"ဘုရားရေ... တစ်ကမ္ဘာလုံးက အံ့မခန်းလူတွေ အများကြီးထဲကနေ ကျွန်တော်က တကယ်ပဲ ထင်ရှားပေါ်လွင်လာခဲ့တာလား။ ဒါရိုက်တာကျန်းက... ကျွန်တော့်ကို အထူးအခွင့်အရေးများ ပေးလိုက်တာလား..."
သားဖြစ်သူ၏ ဝမ်းသာလုံးဆို့နေကာ အစီအစဉ်မကျသော စကားများကို နားထောင်ရင်း မစ္စတာကောက ပြုံးကာ တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြလိုက်လေသည်။ "သား... အရမ်းကြီး စိတ်မလှုပ်ရှားနေနဲ့ဦး။ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်နေရာအတွက် လူသိရှင်ကြား ခေါ်ယူနေတဲ့ တစ်နေရာတည်းထက် ပိုများကောင်း များနိုင်တယ်...."
ဆိုရိုးစကားအတိုင်း အတွေ့အကြုံက အရေးကြီးချေသည်။ မစ္စတာကော၏ စကားများက တစ်ဦးတည်းသောသူအဖြစ် ဝမ်းမြောက်မှုထဲတွင် နစ်မြုပ်နေသော ကောရွှိုက်ကို လက်တွေ့ဘဝဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့၏။
ကောရွှိုက်မှာ ချက်ချင်းပင် အတော်လေး တည်ငြိမ်သွားပြီး သေချာစွာ စဉ်းစားသုံးသပ်ကြည့်လိုက်သောအခါ ဖခင်ဖြစ်သူ၏ စကားများက အလွန်အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွားရသည်။
"အဖေပြောတာ မှန်ပါတယ်။ ကျွန်တော်က လွန်လွန်ကျွံကျွံ တွေးမိသွားတာပါ...."
မစ္စတာကောက ဆက်လက်ညွှန်ကြားလိုက်၏။ "သား နောက်ဆုံးမှာ ရွေးချယ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ... ဒါရိုက်တာကျန်းရဲ့ ဖိတ်ကြားချက်ကို သား လျစ်လျူမရှုသင့်ဘူး။ ဟန်ကျိုးကို ချက်ချင်း ထွက်သွားရမယ်... ကြိုတင်ရောက်ရှိနေအောင် သေချာလုပ်ပါ... ပြီးတော့ ဘယ်လိုနည်းနဲ့မှ မယဉ်မကျေး မဖြစ်စေနဲ့..."
"ဒါ့အပြင် ဒါရိုက်တာကျန်းအတွက် အဖေတို့ရဲ့ ကျေးဇူးတင်တဲ့အနေနဲ့ သေးငယ်တဲ့ လက်ဆောင်လေးတစ်ခုအဖြစ် သားနဲ့အတူ ယူသွားဖို့ သင့်တော်တဲ့ လက်ဆောင်တချို့ ပြင်ဆင်ထားဖို့ အတွင်းရေးမှူးကို အဖေ ခိုင်းထားတယ်..."
"ဟုတ်ကဲ့... ဘယ်ဟာက အရေးကြီးတယ်ဆိုတာ ကျွန်တော် သိပါတယ်။ လေယာဉ်လက်မှတ် ကြိုတင်မှာထားပြီး အခုချက်ချင်း သွားလိုက်ပါ့မယ်..." ကောရွှိုက်က လွယ်ကူစွာ သဘောတူလိုက်သည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ဟန်ကျိုးသို့ သွားမည့် လေယာဉ်လက်မှတ်များနှင့် မြန်နှုန်းမြင့်ရထား လက်မှတ်များကို ရရှိရန် ခက်ခဲနေခဲ့သော်လည်း ကောရွှိုက်တို့ကဲ့သို့ မိသားစုများအတွက်မူ ၎င်းက ကြီးမားသော ပြဿနာ မဟုတ်ချေ။
ယခုအခါ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ ဟန်ကျိုးသို့ အမြန်ဆုံး သွားရောက်ပြီး ဒါရိုက်တာကျန်း၏ နေ့လယ်စာစားပွဲသို့ တက်ရောက်ရန်ပင်။
ဟန်ကျိုး · တိမ်တိုက်ရနံ့ အဆင့်မြင့်အိမ်ရာစီမံကိန်း။
ကျန်းဟွိုင်မင်သည် တစ်ပတ်တာ ပြင်းထန်သော အလုပ်များကို ပြီးစီးခဲ့ပြီး ရှားရှားပါးပါး နေ့ခင်းဘက် အိပ်စက်နေခဲ့သည်။
သူ၏ ဇနီးဖြစ်သူ လင်ဖန်ဖေးက အိပ်ခန်းထဲသို့ ခြေသံဖွဖွဖြင့် ဝင်လာ၏။ သူ ယခုလေးတင် နိုးလာသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ချက်ချင်း ပွင့်လန်းသွားခဲ့သည်။ သူမက ရှေ့သို့ လှမ်းလာပြီး သူ၏ ပါးကို နမ်းလိုက်ကာ တိုးညှင်းစွာ ပြောလိုက်သည်။ "နိုးပြီလား... နေ့လယ်စာ အဆင်သင့်ဖြစ်နေပြီ။ ရှင် အကြိုက်ဆုံး ဟင်းတွေချည်းပဲနော်..."
ကျန်းဟွိုင်မင်က ခေါင်းညိတ်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် ကုတင်ပေါ်တွင် ထိုင်လိုက်ကာ အိပ်ရာဘေး စားပွဲပေါ်မှ သူ၏ ဖုန်းကို အကျင့်ပါနေသည့်အတိုင်း ကောက်ယူလိုက်၏။
မျက်နှာပြင် လင်းလာပြီးနောက် သူ အမြဲတမ်း ထိပ်ဆုံးတွင်ထားရှိသော ကျန်းယဲ့ထံမှ ဖတ်မရသေးသော စာတစ်စောင်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
သိချင်စိတ် အနည်းငယ်ဖြင့် သူက စကားပြောခန်းကို ဖွင့်ကြည့်လိုက်လေသည်။
【မနက်ဖြန် နေ့လယ် ဟန်ကျိုးကို လာခဲ့ပါ။ ကျွန်တော် ခင်ဗျားကို နေ့လယ်စာ ကျွေးမလို့...】
စာတိုလေးမှာ ရိုးရှင်းပြီး ကျန်းဟွိုင်မင် ဖတ်လိုက်သည်နှင့် သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု အလိုအလျောက် ပေါ်လာ၏။
ဒါရိုက်တာကျန်းက ကိုယ်တိုင်ဦးဆောင်ပြီး နေ့လယ်စာ စားဖို့ ဖိတ်တယ်ဆိုတာက ရှားပါးပြီး အံ့သြဖို့ကောင်းတဲ့ ကိစ္စတစ်ခုပဲလေ။
လင်ဖန်ဖေးသည် စောင်များကို ရှင်းလင်းရန် ငုံ့လိုက်စဉ် ခင်ပွန်းဖြစ်သူ၏ မျက်နှာပေါ်ရှိ စစ်မှန်သော အပြုံးကို အမှတ်မထင် မြင်လိုက်ရသည်။ သူမက ပေါ့ပေါ့ပါးပါး ရယ်မောကာ "ဘာတွေ ဒီလောက်တောင် ပျော်စရာကောင်းနေတာလဲ။ ပရောဂျက်မှာ အောင်မြင်မှုတစ်ခုခုများ ရလိုက်လို့လား" ဟု မေးလိုက်သည်။
ကျန်းဟွိုင်မင်က ဖုန်းကို ဝှေ့ယမ်းပြကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ဒါရိုက်တာကျန်းဆီကလေ... မနက်ဖြန် နေ့လယ်စာ စားဖို့ ကိုယ့်ကို ဖိတ်တယ်တဲ့...."
သူ စကားပြောပြီးသည်နှင့် လင်ဖန်ဖေးမှာ နေရာမှာပင် အေးခဲသွားသည့်အလား စောင်များကို ရှင်းလင်းနေမှုကို ရုတ်တရက် ရပ်တန့်လိုက်သည်။
သူမက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ခေါင်းကို လှည့်ကာ ကျန်းဟွိုင်မင်ကို မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ တုန်လှုပ်မှုကြောင့် ကျယ်ဝန်းနေခဲ့ချေပြီ။
ကျန်းဟွိုင်မင်မှာ ဇနီးဖြစ်သူ၏ တစ္ဆေတစ်ကောင်လို တုန့်ပြန်မှုကြောင့် အံ့အားသင့်သွားပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။ "မင်း ဘာဖြစ်သွားတာလဲ။ ဒါရိုက်တာကျန်းက ကိုယ့်ကို နေ့လယ်စာ စားဖို့ ဖိတ်တာ ရှားပါတယ်... ဒါပေမဲ့ မင်းက ဒီလိုမျက်နှာထားကြီး လုပ်ပြဖို့တော့ မလိုပါဘူးကွာ..."
လင်ဖန်ဖေးသည် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနေသည့်အလား စက္ကန့်အနည်းငယ်ခန့် မှင်တက်သွားရသည်။ ထို့နောက် ကြီးမားလှသော ဝမ်းမြောက်မှုကြီးတစ်ခုက သူမ၏ မျက်နှာပေါ်တွင် မီးရှူးမီးပန်းများအလား ပေါက်ကွဲထွက်လာတော့သည်။
"အားးးး.. ယောကျ်ား... ငါတို့တော့ ချမ်းသာပြီဟေ့"
သူမက အော်ဟစ်လိုက်ပြီး ရှေ့သို့ ခုန်အုပ်ကာ ကျန်းဟွိုင်မင်၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူမ၏ အသံများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေချေသည်။
ကျန်းဟွိုင်မင်မှာ ဇနီးဖြစ်သူ၏ ရုတ်တရက် အလွန်အမင်း စိတ်အားထက်သန်သော ဖက်တွယ်မှုကြောင့် လန့်သွားပြီး ဟန်ချက်ပင် ပျက်လုမတတ် ဖြစ်သွားရသည်။ သူသည် လုံးဝ ဇဝေဇဝါဖြစ်ကာ ရှုပ်ထွေးသွား၏။
"ဟင်.... မင်း ဘာကိုဆိုလိုတာလဲ။ ဘာတွေ ပြောနေတာလဲ။ သေချာ ရှင်းပြပါဦး"
အခန်း ၅၁၂ပြီး၏။