← Chapters

အခန်း ၅၁၇

Vol. 52 Ch. 517

အခန်း ၅၁၇

Vol. 52 Ch. 517

အခန်း (၅၁၇) အလွန်အမင်း စောင့်မျှော်နေကြသော အင်တာဗျူး

​အင်တာဗျူး ဖြေဆိုရမည့်ရက် နီးကပ်လာသည်နှင့်အမျှ ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကြီးက ဟန်ကျိုး မြို့ဆီသို့ ကျရောက်နေခဲ့သည်။

​ကျန်းယဲ့သည် နိုင်ငံရပ်ခြားမှ လျှောက်ထားသူများအတွက် လုပ်ထုံးလုပ်နည်းများ ပြီးစီးရန်နှင့် အချိန်ကွာခြားမှုကို ညှိယူနိုင်ရန်အတွက် သုံးရက်တာ အချိန်ကို သေချာစွာ စဉ်းစားတွက်ချက်ပေးထား၏။

​ထိုအတောအတွင်း တရုတ်နိုင်ငံတွင်းမှ ရွေးချယ်ခံရသော ကိုယ်စားလှယ်လောင်းများသည်လည်း ကြိုတင်ပြင်ဆင်မှုများ စတင်နေကြပြီဖြစ်ပြီး ကြုံတွေ့ရနိုင်သည့် ပြဿနာများကို အကြိမ်ကြိမ်အခါခါ တွေးတောကာ အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိကြချေ။

​ဤအင်တာဗျူးမှာ သာမန်အလုပ်အင်တာဗျူးတစ်ခုနှင့် လုံးဝမတူညီကြောင်းကို လူတိုင်း ကောင်းစွာ သိရှိထားကြသည်။

​အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တစ်ဦး ဖြစ်လာခြင်းက လောကီရေးရာ အာဏာနှင့် စည်းစိမ်ဥစ္စာများကို ကျော်လွန်ကာ လုံးဝ အသစ်ဖြစ်သော ကမ္ဘာတစ်ခုဆီသို့ ခြေလှမ်းတက်လှမ်းနိုင်မည့် အဓိပ္ပာယ်ပင်။

​၎င်းက လူမှုအဆင့်အတန်း၏ စစ်မှန်သော ခုန်ပျံကျော်လွှားမှုကြီးတစ်ခုဖြစ်ပြီး အဆုံးအစမရှိသော ဖြစ်နိုင်ခြေများဆီသို့ သွားရောက်နိုင်မည့် နိုင်ငံကူးလက်မှတ်တစ်ခုပင်။

​အင်တာဗျူး ပြုလုပ်မည့်နေ့တွင် ကမ္ဘာတစ်ဝှမ်းမှ ဆန်ခါတင် ရွေးချယ်ခံရသူ အယောက်တစ်ရာစလုံးသည် ဟန်ကျိုးသို့ ရောက်ရှိလာခဲ့ကြလေပြီ။

​ရီယဲ့ခရီးသွားအေဂျင်စီ တည်ရှိရာ ရပ်ကွက်တစ်ခုလုံးကို အပြည့်အဝ ပိတ်ဆို့ထိန်းချုပ်ထားပြီး လမ်းဆုံလမ်းခွများအားလုံးတွင် အရပ်ဝတ်အရာရှိများက တာဝန်ကျနေကာ ကောင်းကင်ယံတွင်လည်း ဒရုန်းများက ကင်းလှည့်နေကြ၏။

​ရပ်ကွက်အဝင်ဝတွင် ရဲတပ်ဖွဲ့၏ တားမြစ်မျဉ်းများကို တားဆီးထားပြီး ရေတွက်မရနိုင်သော မီဒီယာသတင်းထောက်များနှင့် လူမှုမီဒီယာ သတင်းကြေညာသူများက သူတို့၏ ကင်မရာများ၊ မိုက်ကရိုဖုန်းများကို အသင့်ပြင်ဆင်ထားကာ ရောက်ရှိလာမည့်သူများကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

​"လာနေပြီဟေ့.. ပထမဆုံး ကားရောက်လာပြီ"

​တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်နှင့် ကင်မရာများ အားလုံးက လမ်းဆုံဆီသို့ လှည့်သွားကြသည်။

​အနက်ရောင် ရိုးလ်ရွိုက် ဖန်တွန်ကားတစ်စီးက ဖြည်းညှင်းစွာ မောင်းနှင်လာပြီး ရဲတပ်ဖွဲ့ တားမြစ်မျဉ်းအရှေ့တွင် ချောမွေ့စွာ ရပ်တန့်သွား၏။

​ကားပြတင်းပေါက်မှန် ပွင့်သွားသောအခါ အနည်းငယ် နုနယ်သော်လည်း တည်ငြိမ်နေပုံရသည့် ကာရီယာ ရော့စ်တ်၏ ချောမောသော မျက်နှာလေး ပေါ်ထွက်လာခဲ့သည်။

​ယူနီဖောင်းဝတ် လုံခြုံရေးအရာရှိတစ်ဦးက ရှေ့သို့ လှမ်းလာပြီး ယဉ်ကျေးစွာ ပြောလိုက်လေသည်။ "ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အင်တာဗျူး ဖိတ်စာလေး ပြပေးပါ..."

​ကာရီယာသည် သူ၏ ကုတ်အင်္ကျီ အတွင်းအိတ်ထဲမှ ငွေရောင် အချိန်ခရီးသွားအေဂျင်စီ၏ အမှတ်တံဆိပ် ဖောင်းကြွပါရှိသော ဖိတ်စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

​လုံခြုံရေးအရာရှိက ၎င်းကို လှမ်းယူလိုက်ပြီး လက်ကိုင်စကင်နာပေါ်တွင် ညင်သာစွာ တင်လိုက်၏။

​ထို့နောက် တိုးညှင်းသော "တီ" ခနဲ အသံလေးနှင့်အတူ အစိမ်းရောင်မီးလေး လင်းလာခဲ့သည်။

​"အတည်ပြုမှု အောင်မြင်ပါတယ်..." လုံခြုံရေးအရာရှိက ကျွမ်းကျင်ပိုင်နိုင်သော အပြုံးတစ်ခုနှင့်အတူ ဖိတ်စာကို ပြန်ပေးလိုက်သည်။ "ကံကောင်းပါစေ..."

​"ကျေးဇူးပါပဲ" ကာရီယာက ကျေးဇူးတင်စကားအဖြစ် ခေါင်းညိတ်ပြလိုက်ပြီး ကားပြတင်းပေါက်မှန် ဖြည်းညှင်းစွာ ပိတ်သွားခဲ့သည်။

​ရေတွက်မရနိုင်သော ကင်မရာမီးရောင်များနှင့် တိုက်ရိုက်ထုတ်လွှင့်နေသော ကင်မရာမှန်ဘီလူးများကြားမှနေ၍ ရိုးလ်ရွိုက်ကားကြီးသည် ဆူညံသံများကို အပြင်တွင် ချန်ထားရစ်လျက် ကန့်သတ်နယ်မြေအတွင်းသို့ မောင်းနှင်ဝင်ရောက်သွားချေသည်။

​သတင်းထောက်များသည် ထိုမြင်ကွင်းကို ရူးသွပ်စွာ မှတ်တမ်းတင်နေကြပြီး မှတ်ချက်ပြု သတင်းကြေညာသံများက လှိုင်းလုံးများအလား အတက်အကျ ထွက်ပေါ်နေ၏။

​"ပထမဆုံး ကိုယ်စားလှယ်လောင်းကို အတည်ပြုလိုက်ပါပြီ... ရော့စ်တ်မိသားစုရဲ့ အငယ်ဆုံး အမွေခံ ကာရီယာ ပါပဲ..."

​"ရှေးဟောင်း မိသားစုကြီးတွေတောင် ခေတ်သစ်ကို ဦးညွှတ်လိုက်ရပြီ ထင်ပါရဲ့..."

​"အနောက်ဘက်ကို ကြည့်လိုက်ဦး.... နောက်ထပ် ကားသုံးစီး လာနေပြီ"

​ရပ်ကွက်အဝင်ဝမှာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်သွားခဲ့ချေပြီ။

​ဇိမ်ခံကားများစွာကြားတွင် သာမန် ဗောက်စ်ဝက်ဂွန်ဆီဒင်ကားလေးတစ်စီးက ထင်းနေချေသည်။

​ကားထဲတွင် ဝေါလ်သည် သူ၏ အင်္ကျီစွန်းကို စိုးရိမ်တကြီးဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိ၏။

​ယာဉ်မောင်းဖြစ်သူသည် နောက်ကြည့်မှန်မှတစ်ဆင့် သူ၏ လက်ထဲရှိ အင်တာဗျူးဖိတ်စာကို မြင်လိုက်ရသောအခါ သူ၏ အသံများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေချေသည်။ "ညီလေးက အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန် ရာထူးအတွက် အင်တာဗျူး ဖြေမယ့်သူလား.... ဒီကားခကို အစ်ကို မယူတော့ဘူးကွာ... ညီလေး သေချာပေါက် အရွေးခံရအောင် လုပ်နော်..."

​ကားလေးက ရဲတပ်ဖွဲ့ တားမြစ်မျဉ်းအရှေ့တွင် ရပ်တန့်သွားသောအခါ ဝေါလ်က ကားမှန်ကို ချပြီး အင်တာဗျူးဖိတ်စာကို ကမ်းပေးလိုက်ရာ ချက်ချင်းပင် ရေတွက်မရနိုင်သော ကင်မရာများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြန်သည်။

​"ဒါ မျက်နှာသစ်လား..."

​"သူက ဘယ်လိုလုပ် အငှားကားစီးပြီး ရောက်လာတာလဲ...."

​"ဒီလူက ဘယ်သူလဲ..."

​"ဘယ်သူသိလဲ... သူက ဘယ်သူလဲ။ တော်တော်လေး သာမန်ရုပ်ပဲနော်...."

​"နောက်ထပ် နိုင်ငံခြားသား မျိုးနွယ်တစ်ယောက်ပဲ..."

​သတင်းထောက်များက အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောနေကြပြီး ကင်မရာ မီးရောင်များက တစ်ချက်ပြီးတစ်ချက် လက်လောင်နေခဲ့၏။

​ဝေါလ်သည် သူတို့၏ အကြည့်များအောက်တွင် နေရခက်နေပြီး သူ၏ လက်ဝါးများတွင် ချွေးများ ပြန်လာရသည်။

​အင်တာဗျူးဖိတ်စာကို အတည်ပြုပြီးနောက် လုံခြုံရေးအရာရှိက ပြုံးကာ ပြန်ပေးလိုက်ပြီး ပြောလိုက်၏။ "အင်တာဗျူးကို အောင်မြင်စွာ ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...."

​"ကျေးဇူးပါပဲ" ဝေါလ်က အတင်းပြုံးပြလိုက်သော်လည်း သူ၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုကြောင့် တောင့်တင်းနေခဲ့သည်။

​ထို့နောက် လူအုပ်ကြီး၏ သိချင်စိတ်ပြင်းပြနေသော အကြည့်များကြားမှ သာမန် ဗောက်စ်ဝက်ဂွန် ကားလေးသည် စစ်အုပ်ချုပ်ရေးနယ်မြေအတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားလေသည်။

​ညွှန်ကြားထားသည့်အတိုင်း ကားရပ်ပြီးနောက် ဝန်ထမ်းများက ချက်ချင်း ရှေ့သို့ ထွက်လာကာ လမ်းညွှန်ခေါ်ဆောင်သွားကြသည်။

​ဝေါလ်သည် မူးဝေနေပြီး အိပ်မက်မက်နေသည့်အလား ခံစားနေရလျက် သူတို့နောက်မှ လိုက်ပါသွား၏။

​အင်တာဗျူး စောင့်ဆိုင်းရမည့် ဧရိယာသို့ သူ့ကို ခေါ်ဆောင်သွားသောအခါ သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် သူ မှင်တက်သွားခဲ့ရသည်။

​စောင့်ဆိုင်းနေသူ ဒါဇင်ပေါင်းများစွာက သူတို့၏ လူမှုအဆင့်အတန်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော တန်ဖိုးပေါပေါ အနီရောင် ပလတ်စတစ် ထိုင်ခုံလေးများပေါ်တွင် ထိုင်နေကြရသည်။

​စိတ်ကြိုက်ချုပ်လုပ်ထားသော ဝတ်စုံပြည့်များ ဝတ်ဆင်ထားသည့် ဘဏ္ဍာရေး လုပ်ငန်းရှင်ကြီးများ၊ ရိုးရာဝတ်ရုံများ ဝတ်ဆင်ထားသည့် အရှေ့အလယ်ပိုင်းမှ ဆွေမျိုးကြီးများနှင့် မာနကြီးပြီး ခပ်တန်းတန်းနေတတ်သော ပညာရေးနယ်ပယ်မှ အထက်တန်းလွှာများ ရှိနေကြသည်။

​လူတိုင်းက အချိန်ကြာမြင့်စွာ အာဏာရှိသော နေရာတွင် နေထိုင်ခဲ့သူများ၏ အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြသော်ငြားလည်း ဤအခိုက်အတန့်၌မူ ယွမ်ဆယ်ဂဏန်းလောက်သာ တန်သည့် ဤပလတ်စတစ် ထိုင်ခုံလေးများပေါ်တွင် အားလုံးက လိမ္မာကျိုးနွံစွာ ထိုင်နေကြချေသည်။

​ခြေလှမ်းအနည်းငယ်အကွာတွင် သာမန်ဟု ထင်ရသော အဖြူရောင် အဆောက်အအုံလေးတစ်ခု တိတ်ဆိတ်စွာ ရပ်တည်နေပြီး ရီယဲ့ ခရီးသွားအေဂျင်စီဟူသော ဆိုင်းဘုတ်လေးက နေရောင်အောက်တွင် ညင်သာစွာ တောက်ပနေ၏။

​ဝေါလ် ပေါ်လာသောအခါ စောင့်ဆိုင်းနေသော လူအုပ်ကြီး၏ အကြည့်များ အားလုံးက သူ့ထံသို့ ကျရောက်လာကြသည်။

​ဤစူးစမ်းလေ့လာနေသော အကြည့်များတွင် မေးခွန်းထုတ်လိုမှု၊ သိချင်စိတ်နှင့် သိမ်မွေ့ကာ သိသာယုံမျှသာရှိသော အကဲဖြတ်မှုများ ပါဝင်နေခဲ့ချေသည်။

​ဝေါလ်သည် သူ၏ စိုးရိမ်ပူပန်မှုကို ဖိနှိပ်ထားလိုက်ပြီး လွတ်နေသော ကုလားထိုင်တစ်လုံးကို ရှာကာ ထိုင်လိုက်သည်။

​ပလတ်စတစ်၏ ကြမ်းတမ်းသော အထိအတွေ့က သူတကယ်ပဲ ရောက်နေခြင်း ဖြစ်ကြောင်း သတိရစေခဲ့သည်။

​သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ အကြည့်များက တင်းကျပ်စွာ ပိတ်ထားသော ဖန်တံခါးဆီသို့ အလိုအလျောက် ရောက်ရှိသွား၏။

​ထိုတံခါးနောက်ကွယ်ရှိ အရာများက သူ၏ ကံကြမ္မာ လမ်းကြောင်းကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။

​လုံခြုံရေးကွင်းဆက် အဝင်ဝတွင် ယာဉ်များ တစ်စီးပြီးတစ်စီး ရောက်ရှိလာကြသည်။ အထင်ကြီးစရာ ကောင်းသော အစိုးရသုံးကားများ၊ သံတမန် လိုင်စင်နံပါတ်ပြားများ တပ်ဆင်ထားသည့် လီမိုဇင်းကားများနှင့် ငှားရမ်းသုံးစွဲရသည့် စက်ဘီးများကို စီးနင်းလာကြသော လူငယ်များပင် ပါဝင်​သည်။

​ရွေးချယ်ခံရသော ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီက သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အင်တာဗျူးဖိတ်စာကို ကိုင်ဆောင်ထားကြ၏။ အတည်ပြုချက်ကို အောင်မြင်စွာ ဖြတ်သန်းပြီးနောက် ရေတွက်မရနိုင်သော လူများ၏ ဘဝကို ပြောင်းလဲပေးနိုင်သည့် အဆောက်အအုံလေးဆီသို့ သူတို့က တိတ်ဆိတ်စွာ ဝင်ရောက်လာကြချေသည်။

​လူမှုအဆင့်အတန်းများကို ကျော်လွန်သည့် ဤအဆုံးစွန်သော အင်တာဗျူးကြီးသည် တရားဝင် စတင်သွားခဲ့ချေပြီ။

​ထိုအချိန်တွင် ကျန်းယဲ့သည် ပုံမှန်အတိုင်းပင် နံနက်ခင်းတွင် လမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက် သူရင်းနှီးကျွမ်းဝင်သော နံနက်စာရောင်းသည့် ဆိုင်လေးတွင် စပ်သည့် တိုဟူးမုန့် လေးခုကို အေးအေးဆေးဆေး စားကာ ပူနွေးသည့် တိုဟူးဟင်းရည် တစ်ပန်းကန်ကို သောက်လိုက်ပြီးနောက် ခရီးသွားအေဂျင်စီသို့ လမ်းလျှောက်ပြန်လာလိုက်သည်။

​ခရီးသွားအေဂျင်စီ တည်ရှိရာ လမ်းထောင့်သို့ ရောက်သောအခါ သူ အနည်းငယ် ရပ်တန့်သွားရ၏။

​မနေ့က ဗလာကျင်းနေခဲ့သော အဝင်ဝရှေ့ရှိ နေရာလွတ်ငယ်လေးမှာ ယခုအခါ အတန်းလိုက်ချထားသော အနီရောင် ပလတ်စတစ် ထိုင်ခုံများဖြင့် သပ်ရပ်စွာ ပြည့်နှက်နေပြီး ယာယီ လေဟာပြင် အခမ်းအနား နေရာတစ်ခုနှင့် တူညီနေချေသည်။

​ထိုင်ခုံ အလုံးတစ်ရာစလုံးတွင် လူပြည့်နေခဲ့ချေပြီ။

​ကျန်းယဲ့က သူ၏ လက်ကောက်ဝတ်ကို အလိုအလျောက် မြှောက်လိုက်ပြီး လက်ပတ်နာရီကို ကြည့်လိုက်ရာ... နံနက် ၇ နာရီ ၂၀ မိနစ်။

​အင်တာဗျူး စတင်မည်ဟု သတ်မှတ်ထားသည့် အချိန်ရောက်ရန် နှစ်နာရီနှင့် ဆယ်မိနစ် လိုသေးချေသည်။

​"တကယ်ပဲ စောစောရောက်နေကြတာပဲ..." သူက တိုးတိုးလေး ရေရွတ်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

​သူ ချဉ်းကပ်လာသည်နှင့်အမျှ ဂနာမငြိမ်ဖြစ်နေသူများ၊ မျက်လုံးမှိတ်၍ အနားယူနေသူများ သို့မဟုတ် တိုးတိုးတိတ်တိတ် စကားပြောနေသူများ... ထိုအင်တာဗျူး ဖြေဆိုမည့်သူအားလုံးက အရပ်ရှည်ကာ ခန့်ညားလှသည့် ကျန်းယဲ့၏ ပုံရိပ်ကို တစ်ပြိုင်နက်တည်းနီးပါး သတိပြုမိသွားကြသည်။

​တစ်ခဏအတွင်းမှာပင် တစ်ပြေးညီ ခလုတ်တစ်ခုကို နှိပ်လိုက်သည့်အလား လူတစ်ရာစလုံးက ပလတ်စတစ် ထိုင်ခုံများပေါ်မှ တညီတညွတ်တည်း မတ်တတ်ထရပ်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုများက အပြစ်အနာအဆာကင်းစွာ ညီညာနေပြီး သူတို့၏ မျက်ဝန်းများက ကျန်းယဲ့ထံသို့ အာရုံစိုက်ကာ တညီတညွတ်တည်း အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။

​"မင်္ဂလာနံနက်ခင်းပါ ဒါရိုက်တာကျန်း..."

​ဤရုတ်တရက် ခမ်းနားကြီးကျယ်လှသော နှုတ်ဆက်မှုကြောင့် ကြိုတင်ပြင်ဆင်မထားသော ကျန်းယဲ့မှာ လန့်သွားပြီး သူ၏ တည်ငြိမ်မှုကိုပင် ဆုံးရှုံးလုမတတ် ဖြစ်သွားရသည်။

​သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နွေးထွေးကာ ချဉ်းကပ်ရလွယ်ကူသော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ ထို့နောက် ကမ္ဘာတစ်ဝှမ်းမှ မတူညီသော နောက်ခံအခြေအနေများ ရှိကြသည့် သူ၏ ရှေ့မှောက်ရှိ အထက်တန်းလွှာ အဖွဲ့ကြီးအား ခေါင်းညိတ်ပြလိုက်၏။

​"အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ။ အားလုံးက အရမ်းကို စောစော ရောက်နေကြတာပဲ...."

​အရှေ့တန်းတွင် ရပ်နေပြီး ကျန်းယဲ့နှင့် အနီးဆုံး ဖြစ်နေသော ဂျက်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေခဲ့ပြီး လျင်မြန်စွာ ရှင်းပြလိုက်သည်။ "ဒါရိုက်တာကျန်း... ကျွန်တော်တို့က လမ်းမှာ ကားပိတ်မှာ စိုးရိမ်လို့... အဲဒါကြောင့် စောစောလာခဲ့ကြတာပါ...."

​"ဟုတ်ပါတယ်... စောစောရောက်နေတာက ပိုပြီး စိတ်အေးရလို့ပါ..."

​"ပတ်ဝန်းကျင်ကို ကြိုပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်ချင်လို့ပါ...."

​အခြားသူများကလည်း ဤခံစားချက်ကို ထောက်ခံပြောဆိုလိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

​ကျန်းယဲ့၏ အကြည့်က စိုးရိမ်ပူပန်မှု၊ တောင့်တမှုနှင့် အလွန်အမင်း တင်းမာမှုများဖြင့် ပြည့်နှက်နေသော မျက်နှာများကို ဖြတ်သန်းသွားပြီးနောက် သူ နားလည်သွားရသည်။

​ဘာပဲဖြစ်ဖြစ် သူသည်လည်း အင်တာဗျူးများကို ဖြတ်သန်းခဲ့ဖူးသူ တစ်ဦးပဲ မဟုတ်ပါလော။

အခန်း ၅၁၇ပြီး၏။

All Chapters