အခန်း ၁၈၆
Vol. 19 Ch. 186
အခန်း (၁၈၆) သင့်အောင်မြင်မှုအတွက် အာမခံချက်
အဘိုးကြီးဝမ်သည် အသက်ပြင်းပြင်းအကြိမ်ကြိမ်ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်းထိန်းလိုက်ရသည်။ လျူအာကျူးကို ကြည့်နေသော သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေဆဲဖြစ်၏။
"ရဲဘော်လေး... ရှဲ့မုန်ယွင်က မင်းရဲ့ အဘေးပဲ... သူမ သက်ရှိထင်ရှား ရှိနေသေးလား..."
"သူမ ဆုံးသွားတာ ကြာလှပါပြီ... ကျွန်တော့်အဘိုး ဆုံးတဲ့နေ့မှာပဲ အတူတူ ဆုံးသွားခဲ့တာပါ..."
လျူအာကျူးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
အဘိုးကြီးဝမ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့သည်။
ဦးလေးချီပင် သက်ပြင်းတစ်ချက် ချလိုက်၏။
နောက်ဆုံးတွင် သူတို့နှစ်ယောက်စလုံး သူတို့၏ကျေးဇူးရှင်ကို မတွေ့လိုက်ရပေ။
"တကယ်တော့လည်း သိပ်မဆိုးပါဘူး... အဘိုးကြီးအဘွားကြီး နှစ်ယောက်အတူတူ သေဆုံးသွားတာကလည်း ပျော်ရွှင်မှုတစ်မျိုးလို့ သတ်မှတ်လို့ရပါတယ်..."
ဦးလေးချီက စိတ်ခံစားချက်အပြည့်ဖြင့် မှတ်ချက်ချလိုက်သည်။
အဘိုးကြီးဝမ်သည် ဤအရာကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။ သူ၏အသက်အရွယ်အရ ဆရာဖြစ်သူအား ပြန်လည်တွေ့မြင်နိုင်မည့် အလားအလာမှာ အလွန်နည်းပါးနေပြီဖြစ်၏။
သူသည် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်းချုပ်လိုက်ပြီး လျူအာကျူးကို လေးနက်သော ဝမ်းနည်းမှုဖြင့် ကြည့်လိုက်သည်။
"မင်းက သူမနဲ့ သိပ်တူတာပဲ... ဆရာနဲ့ တစ်ပုံစံတည်းပဲ... ရဲဘော်လေး... မင်းမှာ လိုအပ်တာ တစ်ခုခုရှိလား... စကားတစ်ခွန်းသာ ပြောလိုက်ပါ... ငါတို့ မင်းကို ကူညီပေးပါ့မယ်..."
"ကျွန်တော့်မှာ ဘာမှမလိုပါဘူး..."
လျူအာကျူးက ခေါင်းခါလိုက်သည်။
"ဘာမှမလိုဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဆရာ့ရဲ့ နောက်ခံအခြေအနေက မကောင်းဘူးဆိုတာ ငါသိပါတယ်... အဲဒါကြောင့် မင်းတို့လည်း အပတ်သက်ခံရပြီး ဒုက္ခရောက်ခဲ့ရတယ် မဟုတ်လား…”
"အခုလိုလုပ်ရအောင်... ငါ မင်းကို ပေကျင်းမြို့ကို ပြောင်းရွှေ့ပေးနိုင်ဖို့ နည်းလမ်းရှာကြည့်မယ်... ဒီနေရာမှာ ငါတို့အဘိုးကြီးတွေ မင်းကို ကာကွယ်ပေးထားရင် အနည်းဆုံးတော့ မင်း ဘဝကြီးက သိပ်ပြီး ခက်ခဲကြမ်းတမ်းနေမှာ မဟုတ်တော့ဘူး..."
အဘိုးကြီးဝမ်သည် လျူအာကျူးအား ပေကျင်းမြို့တွင် အလုပ်လုပ်ရန် ပြောင်းရွှေ့ပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ဦးလေးချီကလည်း သဘောတူလေသည်။
"ကျေးဇူးရှင်က မရှိတော့ပေမဲ့ သူမရဲ့ မျိုးဆက်တွေကို ငါတို့ ကျေးဇူးဆပ်နိုင်ပါသေးတယ်... မင်းကို ဒီနေရာကို ပြောင်းလာဖို့ ငါလည်း ကူညီပေးနိုင်တယ်... မင်းက ငယ်ရွယ်သေးတာကို ထောက်ထားပြီး ငါ့ရဲ့ ပညာသင်တပည့်လုပ်ပြီး ဆေးပညာ လာသင်ပါလား..."
လျူအာကျူးသည် ထိုနှစ်ယောက်က သူ့အား ပြောင်းရွှေ့ပေးရန် ဤမျှအထိ စိတ်ပိုင်းဖြတ်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက အလျင်အမြန် ရှင်းပြလိုက်သည်။
"ကျွန်တော့်အဝတ်အစားတွေကို ကြည့်တာနဲ့တင် ရွာမှာ ကျွန်တော် တော်တော်လေး အဆင်ပြေနေတယ်ဆိုတာ သိနိုင်ပါတယ်... ကျွန်တော် အဲ့နေရာမှာ မူလတန်းကျောင်းတစ်ကျောင်း ဖွင့်ဖို့တောင် စီစဉ်နေတာမို့ ကျွန်တော် ပြောင်းရွှေ့ဖို့ မလိုအပ်ပါဘူး..."
သက်ကြီးရွယ်အိုနှစ်ဦးသည် နောက်ဆုံးတွင် လျူအာကျူးကို သေချာစွာ ထပ်မံကြည့်ရှုလိုက်ကြသည်။ အစောပိုင်းက သူတို့သည် သူ၏မျက်နှာကိုသာ အာရုံစိုက်နေခဲ့သော်လည်း ယခုအခါတွင်မူ သူသည် အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်တွင် နာရီတစ်လုံးပင် ပတ်ထားကြောင်း သတိပြုမိသွားကြ၏။
ဤအရာက သူတို့ကို စိတ်သက်သာရာရစေခဲ့သည်။ ကျေးဇူးရှင်၏ မျိုးဆက်များ အဆင်ပြေပြေ နေထိုင်နေရကြောင်း သိရခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။
မန်နေဂျာက အလျင်အမြန် ဝင်ပြောလေသည်။
"ဒီလူငယ်လေးက တော်တော်လေး အရည်အချင်းရှိတာ... သူက ကျွန်တော့်ဆီကနေ စာအုပ်ရာပေါင်းများစွာကို မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်သွားတာ..."
"မင်း အဆင်ပြေနေတာ ကောင်းပါတယ်... ဒါပေမဲ့ ကျေးလက်ဒေသဆိုတာ ကျေးလက်ဒေသပါပဲ... အဲ့နေရာမှာ ဘယ်လောက်ပဲ ကောင်းနေပါစေ မြို့ပြနဲ့တော့ မယှဉ်နိုင်ဘူး... မင်း မြို့ပေါ်မှာပဲ လာနေသင့်ပါတယ်..."
အဘိုးကြီးဝမ်သည် ကျေနပ်အားရမှု အပြည့်ရှိနေသော်လည်း သူ၏စိတ်ကူးကို မပြောင်းလဲချင်သေးဘဲ ပြောလိုက်သည်။
လျူအာကျူးက စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ သူတို့တွေ ကျေးလက်ကို ပို့ခံရတာ မဆန်းပါဘူးလေ။
ဤပညာတတ်များသည် တောင်သူလယ်သမားများနှင့် အလုပ်သမားများ ကြီးမြတ်ကြောင်း အခိုင်အမာ ပြောဆိုကြသော်လည်း သူတို့အထဲမှ အနည်းငယ်ကသာ သူတို့ကို တကယ်တမ်း လေးစားကြသည်။
"ကျေးလက်က ဘဝတွေက တကယ်ခက်ခဲတယ်ဆိုတာကို ကျွန်တော် သဘောတူပါတယ်... အဲဒါကြောင့်ပဲ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲဖို့ ကျွန်တော် အလုပ်လုပ်သင့်တာပါ... သူတို့ဆီကနေ ထွက်ပြေးဖို့ မဟုတ်ပါဘူး..."
လျူအာကျူးက ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
ဤစကားများက ရုံးခန်းထဲရှိ လူသုံးယောက်၏ မျက်လုံးများကို အရောင်လက်သွားစေခဲ့သည်။
အထူးသဖြင့် အဘိုးကြီးဝမ်သည် လွန်ခဲ့သောအချိန်က သူ့ဆရာဖြစ်သူ၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွား၏။ သူ၏မျက်လုံးများမှာ အနည်းငယ် မျက်ရည်ဝဲသွားသည်။
"မင်းက အရင်တုန်းက ဆရာနဲ့ တစ်ပုံစံတည်းပဲ... ဆရာကလည်း အဲဒီစကားကိုပဲ ပြောခဲ့တာ..."
"ဒါဆိုရင် အဘိုးတို့ ကျွန်တော့်ကို ဒီနေရာကို မခေါ်လာသင့်တဲ့ အကြောင်းပြချက် ပိုခိုင်လုံသွားတာပေါ့..."
လျူအာကျူးသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
ဦးလေးချီက သူ့ကို လေးနက်စွာ ကြည့်လိုက်၏။
"ကောင်လေး... ဒါက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ... မင်းသာ လာဖို့ဆန္ဒရှိရင် နောက်နှစ်အနည်းငယ်အတွင်း တစ်လကို ယွမ်တစ်ရာရှာနိုင်ဖို့ ပြဿနာမရှိဘူးလို့ ငါအာမခံတယ်..."
"မလိုပါဘူးဗျာ..."
လျူအာကျူး၏ ပြတ်သားသော သဘောထားကြောင့် သူတို့သုံးယောက်စလုံး ဘာလုပ်ရမှန်း မသိဖြစ်သွားကြသည်။
ဖျောင်းဖျ၍ မရနိုင်သည်ကို မြင်သောအခါ မန်နေဂျာက သက်ကြီးရွယ်အိုနှစ်ဦးကို တားဆီးလိုက်၏။
"လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရှိကြပါတယ်... အဘိုးတို့က ရဲဘော်လျူအာကျူးကို စောင့်ရှောက်ပေးချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ သူ့ကို အရမ်းကြီး ဖိအားပေးတာတော့ မကောင်းပါဘူး..."
အဘိုးကြီးဝမ်နှင့် ဦးလေးချီတို့သည် အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်လိုက်ကြပြီး မတတ်သာသည့်အဆုံး သက်ပြင်းချလိုက်ကြကာ အလုပ်အကိုင် ပြောင်းရွှေ့ရေးကိစ္စကို ဆက်မဆွေးနွေးကြတော့ဘဲ လွန်ခဲ့သောအချိန်က ကျေးဇူးရှင်၏ ဘဝအကြောင်းကို စတင်မေးမြန်းကြတော့သည်။
လျူအာကျူးသည်လည်း သူ့အဘေးအကြောင်းကို သိပ်မသိလှပေ။ အကယ်၍ သူသာ မကြာသေးမီက လိမ္မာရေးခြားမရှိခဲ့လျှင် သူ၏ဖခင်က
ဤကိစ္စကို ထုတ်ပြောခဲ့မည်ပင် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် သူသည် မကြာသေးမီက ဤအကြောင်းကို အကြိမ်ကြိမ် မေးမြန်းခဲ့ပြီး နားလည်မှုအချို့ ရရှိထားသောကြောင့် သူသိထားသမျှကို ပြန်လည်ပြောပြလိုက်သည်။
သူ၏ဖခင်ဘက်မှ ဆွေမျိုးများက သူ့အား စွန့်ပစ်ကာ နိုင်ငံခြားသို့ ထွက်ပြေးသွားခဲ့သည့် ကိစ္စကိုသာ သူ ထုတ်မပြောခဲ့ခြင်းဖြစ်သည်။
နောက်နှစ်အနည်းငယ်ကြာသောအခါ နိုင်ငံရေးရာသီဥတု ပြောင်းလဲသွားသည့်အခါ ကျေးဇူးရှင်များ၊ ဆရာနှင့် တပည့်များ၊ ထို့အပြင် မိဘနှင့် သားသမီးများပင်လျှင် တစ်ဦးနှင့်တစ်ဦး ရန်သူများ ဖြစ်လာကြပေလိမ့်မည်။
ထို့ကြောင့် အချို့သောအရာများကို ပြောပြနိုင်သော်လည်း အချို့သောအရာများကိုမူ ပြောပြ၍ မရနိုင်ပေ။
လျူအာကျူး၏ဖခင်က သူတို့၏ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော်သို့ ပညာရှိစွာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကြားသိရသောအခါ အဘိုးကြီးဝမ်နှင့် ဦးလေးချီတို့သည် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကြသည်။
ဤသည်မှာ အမှန်ကန်ဆုံးသော လုပ်ရပ်ပင်ဖြစ်သည်။
သူတို့တစ်စုသည် နာရီပေါင်းများစွာ စကားစမြည်ပြောဆိုခဲ့ကြသည်။ မှောင်စပြုလာသည်ကို မြင်သောအခါ အဘိုးကြီးဝမ်က ချက်ချင်းပင် ပြောလိုက်သည်။
"ကျူးဇီ... ညစာစားဖို့ ငါ့အိမ်ကို လိုက်ခဲ့ပါ... နောက်ရက်အနည်းငယ်လောက်လည်း ငါ့အိမ်မှာ တည်းလို့ရပါတယ်..."
လျူအာကျူးက တုံ့ဆိုင်းသွားသည်။
"ကျွန်တော် တည်းခိုခန်းတစ်ခု ရှာထားပြီးပါပြီ... ပြီးတော့ လောင်မိုနဲ့ တခြားစားသောက်ဆိုင်တချို့ကိုလည်း စမ်းစားကြည့်ချင်လို့ပါ..."
"ဒါက ဘာခက်တာမှတ်လို့လဲ... ဤးဒီည လောင်မိုမှာ မင်းကို ငါကျွေးမယ်... ပြီးတော့ မင်းနဲ့ မိတ်ဆက်ပေးဖို့ ငါ့သူငယ်ချင်းဟောင်း တချို့ကိုပါ ခေါ်လာခဲ့မယ်..."
"အဲဒီအဘိုးကြီးတွေက ဆရာ့ရဲ့မြစ်ရောက်နေတယ်ဆိုတာကိုသိရင် သိပ်ဝမ်းသာသွားကြမှာ..."
အဘိုးကြီးဝမ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်လေသည်။
လျူအာကျူးမှာ ဘာလုပ်ရမှန်း မသိဖြစ်သွားတော့သည်။ အခမဲ့ကျွေးမွေးမည့် အစီအစဉ်ကို ငြင်းဆန်ရန် သူရည်ရွယ်ထားသော်လည်း ယခုအခါ အစားအသောက်များမှာယူကာ အလကားစားသောက်ရမည့် အခြေအနေသို့ မည်သို့မည်ပုံ ရောက်ရှိသွားသနည်း။
မန်နေဂျာကမူ ဤအရာကို အလေးအနက် မထားပေ။ သူတို့၏ ငွေကြေးအခြေအနေအရ လောင်မိုတွင် အစားတစ်နပ်စားခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခု မဟုတ်ပေ။
သူကပင် မေးလိုက်သေးသည်။
"ကျူးဇီ... မင်း ဘဲကင်စားပြီးပြီလား... ငါပြောမယ်... မင်း ဘဲကင်စားချင်ရင် နာမည်ကြီး ဘဲကင်စားသောက်ဆိုင်ကို သွား... အဲဒါက နှစ်ပေါင်းခြောက်ရာ သက်တမ်းရှိတဲ့ စစ်မှန်တဲ့ ဘဲကင်စားသောက်ဆိုင်ပဲ..."
"ကျွန်တော် စားပြီးပါပြီ... နေ့လယ်စာတုန်းက ဘဲကင် စားခဲ့တာပါ..."
လျူအာကျူးက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"အဖေ မြင်တယ်မလား... ဒီကောင်လေးမှာ ပိုက်ဆံရှိတယ်လို့ ကျွန်တော် ပြောသားပဲ... သူက တစ်ယောက်တည်း တိတ်တိတ်လေး ဘဲကင်သွားစားတာ..."
မန်နေဂျာက ရယ်မောလိုက်သည်။
အဘိုးကြီးဝမ်သည်လည်း သိချင်စိတ်ပြင်းပြနေ၏။
"မွန်းလွဲပိုင်းတစ်ပိုင်းလုံး မင်းကို ငါ မေးချင်နေတာ... မင်း ရွာမှာ ဘာအလုပ်တွေလုပ်လဲ... ကျေးလက်ဒေသက တကယ်ပဲ အဲဒီလောက် ဝင်ငွေကောင်းလား..."
"ကျွန်တော် တောင်ပေါ်တက်ပြီး အမဲလိုက်တယ်... စက်ရုံတွေက ကျွန်တော်ရှာလာတဲ့ သားကောင်တွေကို ဝယ်တယ်... ပြီးတော့ လူတွေရဲ့ ရောဂါတွေကိုလည်း ကုသပေးတယ်... အဲဒါကနေလည်း ငွေနည်းနည်းရပါတယ်..."
လျူအာကျူးက ရှင်းပြလိုက်သည်။
ဦးလေးချီ၏ မျက်လုံးများက အရောင်လက်သွားသည်။
"မင်းက ဆေးပညာကိုလည်း တတ်တာလား... မင်းရဲ့ အရည်အချင်းအဆင့်က ဘယ်လိုနေလဲ..."
*ခင်ဗျားထက်တော့ ပိုသာပါတယ်လေ*
လျူအာကျူးသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။ ရိုးရိုးသားသားပြောရလျှင် သူ ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် မကြာသေးမီက ဦးလေးချီသည် အဘိုးကြီးဝမ်အား ကုသပေးခဲ့စဉ်က လျူအာကျူး အကဲခတ်ကြည့်မိသလောက် အပ်စိုက်ကုသခြင်း နည်းစနစ်မှာ အသင့်အတင့်ကောင်းမွန်သော်လည်း သူ၏အရည်အချင်းနှင့် နှိုင်းယှဉ်လျှင် အများကြီး နိမ့်ကျနေသေးသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လျူအာကျူး၏ နန်းတွင်းသမားတော်ကြီးအဖြစ် နှစ်ရာပေါင်းများစွာကြာသော အတွေ့အကြုံများမှာ နောက်ပြောင်စရာကိစ္စ မဟုတ်ပေ။
သေချာသည်မှာ လျူအာကျူးက ထိုစကားကို အပြင်သို့ ထုတ်မပြောခဲ့ဘဲ နှိမ့်ချစွာဖြင့်သာ ပြန်ဖြေလိုက်သည်။
"အသင့်အတင့်တော့ ရပါတယ်..."
"အသင့်အတင့် ရတယ်ဟုတ်လား... ဆေးပညာက ဘယ်လိုလုပ် အသင့်အတင့်ရတယ်ဆိုတာ ရှိမှာလဲ..."
ဦးလေးချီ၏ မျက်နှာမှာ မှုန်သုန်သွားပြီး ဆရာတစ်ယောက်၏ တင်းကြပ်သော အာဏာစက်ဖြင့် သူ့အား ဆုံးမရန် အလိုအလျောက် ဖြစ်သွားတော့သည်။
"လူတွေကို ကုသပေးဖို့နဲ့ အသက်ကယ်ဖို့ဆိုတဲ့ နေရာမှာ သိရင်သိမယ် မသိရင် မသိဘူးပဲ ရှိရမယ်... ဆေးပညာကို လက်တည့်မစမ်းပါနဲ့... ဒါမှမဟုတ်ရင် လူတွေ သေကုန်လိမ့်မယ်..."
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ... အဘိုးပြောတာ လုံးဝမှန်ပါတယ်..."
လျူအာကျူးက ဝတ္တရားကျေရုံသာ ပြန်ဖြေလိုက်သည်။
သို့သော် အမှားကို ဝန်ခံရာတွင် သူ၏ကောင်းမွန်သော သဘောထားကို မြင်တွေ့ရသောအခါ ဦးလေးချီ၏ မျက်နှာထားမှာ နူးညံ့သွားသည်။
"အဲဒါမှ ကောင်းတာပေါ့... နောက်ရက်အနည်းငယ်လောက် ငါနဲ့အတူနေ... ပေကျင်းမြို့ထဲမှာ လျှောက်မသွားနဲ့... ပြီးရင် မင်းကို သေချာတဲ့ ဆေးပညာတချို့ ငါ သင်ပေးမယ်..."
လျူအာကျူးမှာ စကားမဟနိုင်အောင် ဖြစ်သွားတော့သည်။ သူသည် အရင်ဘဝက မရောက်ဖူးခဲ့သော နေရာများသို့ လည်ပတ်ရန်အတွက် ပေကျင်းမြို့သို့ အထူးတလည် လာခဲ့ခြင်းဖြစ်ရာ ယခုအခါတွင် မည်သို့မည်ပုံ စာသင်ရမည့်အခြေအနေသို့ ရောက်သွားရသနည်း။
"ဘာလဲ... မင်းက မသင်ချင်လို့လား..."
ဦးလေးချီသည် လျူအာကျူး၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။
"ငါ့ဆီမှာ ပညာသင်ချင်ပေမဲ့ အခွင့်အရေးမရတဲ့သူတွေ ဘယ်လောက်တောင် များလဲဆိုတာ မင်းသိရဲ့လား..."
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ... ကျွန်တော် နားလည်ပါတယ်..."
လျူအာကျူးက သဘောတူကြောင်း အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
မန်နေဂျာကလည်း ရယ်မောလိုက်၏။
"မင်း ကံကောင်းတာပဲ ကောင်လေး... ဦးလေးချီရဲ့ ဆေးပညာစွမ်းရည်က ပေကျင်းမြို့မှာတော့ ထိပ်တန်းပဲ... သူက တစ်ခါတလေ ဆရာကြီးရဲ့ ကျန်းမာရေးကိုတောင် စစ်ဆေးပေးရတာ... သူနဲ့အတူ ပညာသင်ရတာက မင်းအောင်မြင်ဖို့အတွက် အာမခံချက်ပဲ..."