အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း (၁၈၇) ထမင်းကျွေးခြင်း
လျူအာကျူးသည် အနေရခက်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများသည် လွတ်မြောက်ရန်လမ်းကြောင်း ရှာဖွေရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
သူသည် ဤအဘိုးကြီးများ၏ ချုပ်ချယ်ခြင်းကို အမှန်တကယ်ပင် မခံချင်ပေ။
ရုတ်တရက် လျူအာကျူးက ဗိုက်ကိုဖမ်းကိုင်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"ဒီနေရာမှာ အိမ်သာရှိလား... လက်ဖက်ရည်တွေ အများကြီးသောက်ထားလို့ အပေါ့သွားချင်နေပြီ..."
"အပြင်ဘက်မှာလေ ဟိုမှာမြင်လား..."
မန်နေဂျာသည် ရုံးခန်းပြတင်းပေါက်အနီးတွင် ရပ်ကာ အဝေးရှိ အများသုံးအိမ်သာဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
လျူအာကျူးက ခေါင်းညိတ်ပြပြီးနောက် အမြန်ပြေးထွက်သွားလေသည်။
သူ ထွက်သွားသည်ကို မြင်ပြီးနောက် မန်နေဂျာက အဘိုးကြီးနှစ်ယောက်အား ပြောလိုက်သည်။
"အဲ့ကလေးက ငယ်ပါသေးတယ်လေ... သူ ဘယ်လိုအခွင့်အရေးမျိုး ရထားလဲဆိုတာကို မသိသေးဘူးပေါ့... နောက်နည်းနည်း ကြီးလာရင်တော့ ငါတို့ သူ့ကို ဘယ်လောက်ကူညီခဲ့လဲဆိုတာ သူနားလည်လာမှာပါ..."
"အဲ့ကလေးက နည်းနည်း ကောက်ကျစ်တယ်လို့ ထင်တယ်..."
အဘိုးကြီးဝမ်က မျက်မှောင်ကြုတ်ကာ ပြောလေသည်။
"စက်ရုံက တောကောင်အသားတွေ လိုက်ဝယ်နေတယ်လို့ သူကပြောတယ် ဒါပေမဲ့ သူက ဈေးကစားပြီး အမြတ်ထုတ်နေတယ်လို့ ငါထင်တယ်... ငါတို့ သူ့ရဲ့ အယူအဆကို ပြင်ပေးပြီး အမှားမလုပ်မိအောင် တားဆီးရမယ်..."
"ဘာပဲဖြစ်ဖြစ် သူက အရင်းရှင်တွေရဲ့ သွေးပါလာတယ်လို့ပဲ ပြောရမှာပေါ့ လျူမိသားစုရဲ့ မျိုးရိုးဗီဇကို အပြည့်အဝ ဆက်ခံထားတာပဲ... အရင်တုန်းက ဆရာမရှဲ့ဆို အဲ့လိုမဟုတ်ဘူးလေ..."
ဦးလေးချီကလည်း လျူအာကျူးအပေါ် မကျေနပ်မှုအချို့ကို ဖော်ပြလေသည်။
“ဝူး ဝူး ဝူး…”
ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်မှ မော်တော်ဆိုင်ကယ်အသံတစ်ခု ထွက်ပေါ်လာ၏။
မန်နေဂျာသည် အဘိုးကြီးနှစ်ယောက်နှင့် စကားပြောနေစဉ် ပြတင်းပေါက်အပြင်ဘက်သို့ မသိမသာ လှမ်းကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
လျူအာကျူး မော်တော်ဆိုင်ကယ်စီးလာသည်ကို သူမြင်လိုက်ရပြီး အဝေးမှနေ၍ သူ့အား လက်ပြကာ အော်ပြောလိုက်သည်။
"ကျွန်တော့်အတွက် စာအုပ်တွေကို သိမ်းထားပေးဖို့ မမေ့နဲ့နော်... ပေကျင်းမြို့ကနေ မထွက်ခင် ပြန်လာယူမယ်..."
ထိုသို့ပြောပြီးနောက် သူသည် မော်တော်ဆိုင်ကယ်ကို လျှပ်တစ်ပြက်အတွင်း မောင်းနှင်ထွက်ပြေးသွားတော့သည်။
မန်နေဂျာက ဒေါသတကြီးဖြင့် အော်လိုက်၏။
"မင်း... ကောင်စုတ်လေး အခုချက်ချင်း ပြန်လာခဲ့..."
အဘိုးကြီးနှစ်ယောက်သည်လည်း အံ့သြတကြီးဖြင့် ပြတင်းပေါက်နားသို့ စုရုံးရောက်ရှိလာကြသည်။ လျူအာကျူး မော်တော်ဆိုင်ကယ်စီး၍ ထွက်သွားသည်ကို မြင်သောအခါ သူတို့နှစ်ယောက်စလုံး ဒေါသထွက်သွားကြသည်။
"မြင်တယ်မလား... ငါ မင်းကို ဘာပြောခဲ့လဲ... အဲ့ကလေးက အရမ်းကောက်ကျစ်တာပဲ... သူက ထွက်ပြေးရဲတယ်ပေါ့လေ..."
အဘိုးကြီးဝမ်က ဒေါသတကြီးဖြင့် ပြောလေသည်။
ဦးလေးချီသည်လည်း အလွန်ဒေါသထွက်နေ၏။
"အဲ့ကလေးကို မိတာနဲ့ ငါသေချာပေါက် ကောင်းကောင်းဆုံးမပစ်မယ်..."
မန်နေဂျာကမူ ခါးသီးစွာ ပြုံးလိုက်သည်။ ဤကလေးကို ဖမ်းမည်ဟုလော။
စာအုပ်များလာယူမည်ဟု သူပြောခဲ့သော်လည်း သူတို့ နောက်မှမလိုက်လာစေရန် လှည့်စားသွားခြင်းသာ ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူ့နောက်သို့လိုက်ရန် အလွန်နောက်ကျသွားပြီဖြစ်သည်။
မော်တော်ဆိုင်ကယ်သည် ကားလောက် မမြန်သော်လည်း အကယ်၍ သူတို့က ကုမ္ပဏီကားဖြင့် မော်တော်ဆိုင်ကယ်နောက်သို့ လိုက်ဖမ်းပါက လူအများစုသည် လျူအာကျူးကို ပြစ်မှုကြီးတစ်ခုခု ကျူးလွန်ထားသည်ဟု ထင်သွားနိုင်သည်။
သူတို့သည် လျူအာကျူး၏ မကောင်းသော အယူအဆကို ပြင်ဆင်ပေးချင်ရုံသာဖြစ်ပြီး သူ့ကို မဖျက်ဆီးချင်ကြပေ။
မော်တော်ဆိုင်ကယ်စီး၍ ထွက်ပြေးလာသော လျူအာကျူးခမျာ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားလေပြီ။
ထိုလူများကို သူ နောက်ဆုံးတွင် ရှောင်လွှဲနိုင်ခဲ့ပြီ ဖြစ်သည်။
လူကြီးပိုင်းများအကြောင်း ပြောရမည်ဆိုလျှင် သူတို့သည် အမြဲတမ်း ဤသို့ပင် ဖြစ်ကြသည်။ သူတို့က မင်းအတွက် ကောင်းစေချင်လို့ဟု အကြောင်းပြကြသော်လည်း လက်တွေ့တွင်မူ သူတစ်ပါး၏ ခံစားချက်ကို လျစ်လျူရှုကာ သူတို့၏ ကိုယ်ပိုင်ဆန္ဒအတိုင်းသာ လုပ်ဆောင်တတ်ကြသည်။
အကယ်၍ သူသာ သာမန်မိသားစုမှ ကလေးတစ်ယောက်ဖြစ်လျှင် ဤလူများ၏ လမ်းညွှန်မှုပေးခြင်းက ကောင်းမွန်ပေလိမ့်မည်။ ပြဿနာမှာ လျူအာကျူးသည် ထိုအရာများကို မလိုအပ်သဖြင့် သူတို့၏ ကြိုးစားမှုများမှာ အပိုလုပ်ရပ်များအဖြစ် ပေါ်လွင်နေခြင်းပင်ဖြစ်၏။
သို့ရာတွင် သူတို့၏ စေတနာကို နားလည်သောကြောင့် လျူအာကျူးသည် အရမ်းကြမ်းကြမ်းတမ်းတမ်း မတုံ့ပြန်နိုင်ဘဲ ထွက်ပြေးရန်သာ တတ်နိုင်သည်။
ယခုတွင် မှောင်လာပြီဖြစ်၍ လျူအာကျူးသည် တည်းခိုခန်းတစ်ခု အရင်ရှာရန် စီစဉ်လိုက်သည်။
ထိုအဘိုးကြီးများ သူ့ကို ထောင့်ကျပ်မိမည်စိုး၍ ယနေ့ည သူ လောင်မိုသို့ မသွားနိုင်တော့ပေ။ သူသည် နာမည်ကြီးစားသောက်ဆိုင် တစ်ခုခုသို့သာ သွားသင့်သည်။
လျူအာကျူးသည် တုန်းအန်းဈေးအနီးရှိ တည်းခိုခန်းတစ်ခုကို ရှာတွေ့ခဲ့ပြီး နေရာချလိုက်သည်။
တည်းခိုခန်းမှ ဧည့်ကြိုမှာ မိန်းကလေးငယ် တစ်ယောက်ဖြစ်သည်။ သူမသည် လျူအာကျူး၏ ထောက်ခံစာကို အရင်စစ်ဆေးပြီးနောက် သော့တစ်ချောင်းကို ကမ်းပေးရင်း ပြောလိုက်သည်။
"အပေါ်ကို တက်သွားလိုက်ပါ... ဒုတိယထပ် ဘယ်ဘက်က ဒုတိယအခန်းက ရှင့်အခန်းပဲ... ရေနွေးလိုချင်ရင် အောက်ထပ်ကို ကိုယ်တိုင်ဆင်းလာယူပါ... ညတိုင်း ခုနစ်နာရီနဲ့ ရှစ်နာရီကြားမှာပဲ ရေချိုးလို့ရမယ် ပြီးတော့ ထမင်းမကျွေးဘူးနော်..."
လျူအာကျူးသည် ပြုံးကာ ယုန်ဖြူနို့သကြားလုံး နှစ်လုံးကို ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
မိန်းကလေးငယ်သည် လျူအာကျူးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဘာလုပ်တာလဲ... ရှင့်က ကျွန်မကို ကြိုက်နေလို့လား..."
"..."
သူမသည် ပေကျင်းမြို့မှ မိန်းကလေးကြီး တစ်ယောက်ဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်သည်ဟု ဆိုရပေမည်။
လျူအာကျူးက ရှက်ရွံ့သောအမူအရာဖြင့် ရှင်းပြလိုက်သည်။
"မင်း အလုပ်ကြိုးစားနေတာကို မြင်လို့ ခွန်အားပြည့်သွားအောင် သကြားလုံးနှစ်လုံး ပေးတာပါ... တခြားအဓိပ္ပာယ်မရှိပါဘူး..."
"ဪ ဒါဆိုလည်း ပြီးတာပါပဲ..."
မိန်းကလေးငယ်က ပြုံးကာ သကြားလုံးကို ယူလိုက်ပြီး မှတ်ချက်ချလးသည်။
"တကယ်တော့ ရှင့်ရုပ်ရည်က ကြည့်ကောင်းသားပဲ ဒါပေမဲ့ နယ်ခံမဟုတ်တာလေးတော့ နှမြောစရာပဲနော်..."
လျူအာကျူးသည် ထပ်ပြောမနေတော့ဘဲ အပေါ်ထပ်သို့ တန်း၍ တက်သွားတော့သည်။
သူ ခရီးဆောင်အိတ်ကို ဖွင့်နေစဉ် မိန်းကလေးငယ်သည် ဓာတ်ဘူးကို ကိုင်ကာ တံခါးခေါက်၍ ဝင်လာလေသည်။
"ရှင်က လူကောင်းတစ်ယောက်လို့ မြင်လို့ သုံးဖို့အတွက် ရေနွေးတစ်ဘူး
လာပေးတာပါ..."
"ကျေးဇူးတင်ပါတယ်..."
လျူအာကျူးက ပြုံးကာ ပြောလိုက်ပြီးနောက် သူ၏ ဓာတ်ဘူးအလွတ်ကို ကမ်းပေးလိုက်သည်။
မိန်းကလေးငယ်သည် ဓာတ်ဘူးကို ယူလိုက်စဉ် သူ၏လက်ကောက်ဝတ်ရှိ နာရီကို မြင်သွားပြီး အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
"ဒီနာရီက အရမ်းလှတာပဲ... ဈေးကြီးမှာပေါ့နော်..."
"မဆိုးပါဘူး ယွမ်တစ်ရာကျော်လေးပါပဲ..."
လျူအာကျူးက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ယွမ်တစ်ရာကျော်ကို မဆိုးပါဘူး ဟုတ်လား... ကျွန်မက တစ်နှစ်လုံးနေမှ အဲဒီလောက်ပဲ ရတာပါ... ရှင်က တကယ်ချမ်းသာတာပဲ..."
"ဪ ဒါနဲ့ ကျွန်မနာမည်က မို့လီပါ... ရှင့်နာမည်က လျူအာကျူး ဟုတ်တယ်မလား... နောက်ဆို ကျွန်မက ရှင့်ကို ကျူးဇီလို့ ခေါ်ရမလား..."
မိန်းကလေးငယ်က တက်ကြွစွာဖြင့် သူမကိုယ်သူမ မိတ်ဆက်လေသည်။
လျူအာကျူးသည် ဤမိန်းကလေးကြီးများ၏ ရင်းနှီးလွယ်မှုကို အသားကျနေပြီ ဖြစ်သည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်တော့်ကို ကျူးဇီလို့ပဲခေါ်ပါ... ကျွန်တော် နောက်ကျရင် အဝတ်အစား နည်းနည်းလောက် ဝယ်ချင်လို့... အနီးအနားမှာ အထည်ဆိုင်တွေများ ရှိလား..."
"ဒါဆို ရှင် ပေကျင်းက ဟိုနေရာကို သွားလို့ရတယ်... အဲဒီမှာ ပစ္စည်းတွေ အများကြီးရောင်းတယ်... ကျွန်မက အမြဲတမ်း သွားချင်နေတာ ဒါပေမဲ့ အချိန်မရလို့လေ..."
မို့လီက ပြောလေသည်။
"အဲဒါက အရမ်းဝေးတယ်... အနီးအနားမှာပဲ ဝယ်ချင်လို့ပါ... နောက်ပြီး ဒီနေရာမှာလည်း ဆိုင်တော်တော်များများကို တွေ့တယ်လေ..."
လျူအာကျူးသည် ပေါ့ပေါ့ပါးပါး လိမ်ပြောလိုက်သည်။ သူက ထိုနေရာသို့သွားလျှင် အဖမ်းခံရမည်ကို ကြောက်ကြောင်း အတိအလင်း မပြောနိုင်ပေ။
"တော်တော်များများတော့ ရှိပါတယ် ဒါပေမဲ့အဲဒီဆိုင်တွေမှာ ဝယ်ရတာ ကျွန်မ ငြီးငွေ့နေပြီ..."
မို့လီက နှုတ်ခမ်းဆူကာ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
"အထည်ဆိုင်ဆိုရင်တော့ နှစ်ဆိုင်ရှိတယ်... ကျွန်မ ရှင့်ကို လိုက်ပို့ပေးလို့ရတယ်လေ..."
"မင်းက တည်းခိုခန်းကို စောင့်ရမှာ မဟုတ်ဘူးလား..."
လျူအာကျူးက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဒီနေ့ည ကျွန်မ အလုပ်လုပ်စရာ မလိုတော့ဘူး... မကြာခင် အလုပ်ဆင်းရတော့မှာ... အလုပ်ဆင်းတဲ့အချိန် အပြင်ထွက်ရင်း ရှင့်ကို လိုက်ပို့ပေးလို့ရတယ်လေ..."
မို့လီက အတော်လေး တရားကျစွာ ပြောလာသည်။
ယုန်ဖြူနို့သကြားလုံး နှစ်လုံးက ဤမျှထိရောက်လိမ့်မည်ဟု လျူအာကျူးက မထင်ထားခဲ့ပေ။ သူက သဘောတူလိုက်သည်။
"ဒါဆိုလည်း မင်းကို စောင့်နေမယ်လေ..."
မို့လီက ပြုံးပြပြီးနောက် လှည့်ထွက်သွားလေသည်။
အလုပ်ဆင်းချိန်ရောက်သောအခါ မို့လီက တံခါးကို ထပ်ခေါက်ပြီး လျူအာကျူးအား ပြောလိုက်သည်။
"ကျွန်မတို့ သွားကြမလား..."
"သွားကြတာပေါ့..."
လျူအာကျူးသည် ကုတင်ပေါ်တွင်လှဲရင်း ဝယ်ရမည့်ပစ္စည်းများ စာရင်းကို ရေးနေသည်။ ခေါ်သံကိုကြားသောအခါ သူသည် စာရွက်ကို အိတ်ကပ်ထဲသို့ ချက်ချင်းထိုးထည့်ပြီး အပြင်သို့ ထွက်လာခဲ့၏။
အောက်ထပ်တွင်မူ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက သူမနေရာတွင် တာဝန်ကျနေလေပြီ။
လျူအာကျူးသည် အကျင့်ပါနေသည့်အတိုင်း လျှောက်သွားကာ ကောင်တာပေါ်သို့ သကြားလုံးနှစ်လုံးကို တင်လိုက်သည်။
"အန်တီ... ကျွန်တော် ခဏအပြင်ထွက်ဦးမယ်... နောက်ကျမှ ပြန်ရောက်ရင်လည်း စိတ်မရှိပါနဲ့နော်..."
ထိုအချိန်က ပေကျင်းမြို့မှ လူများသည်လည်း အလွန်ဆင်းရဲကြပြီး ငွေများများစားစား မရှိကြသည်ကို နားလည်ထားရပေမည်။ ယုန်ဖြူနို့သကြားလုံး ဆိုသည်မှာ နှစ်သစ်ကူးကာလတွင်မှ အနည်းငယ်သာ ဝယ်ရဲသော အရာဖြစ်သည်။
လျူအာကျူးက သကြားလုံးနှစ်လုံးကို ပေါ့ပေါ့ပါးပါး ပေးလိုက်သည်ကို မြင်သောအခါ အန်တီကြီးမှာ ချက်ချင်းပင် မျက်နှာဝင်းပသွားပြီး ပြောလေသည်။
"ရပါတယ်ကွယ်... မင်းတို့နှစ်ယောက် သွားလည်ကြပါ... ဒီနေ့ အန်တီ ညဆိုင်းလုပ်ရမှာဆိုတော့ ဘယ်လောက်နောက်ကျကျ စောင့်ပေးပါ့မယ်..."
"ဟေး... ကျေးဇူးတင်ပါတယ်ဗျာ... ဒီနေ့ည အန်တီ့အတွက် ညလယ်စာ နည်းနည်း ဝယ်လာခဲ့ပါ့မယ်..."
လျူအာကျူးက ယဉ်ကျေးစွာ ပြောလိုက်သည်။
အန်တီကြီးသည် ပို၍ပင် ပျော်ရွှင်သွားသည်။
"မင်းက အရမ်းသဘောကောင်းတာပဲ ကလေးရယ်... သွားသွား ပျော်ပျော်ပါးပါးသာ လည်ကြ..."
မို့လီသည် လျူအာကျူး လျှောက်လာသည်ကို မြင်ပြီး တံခါးအပြင်ဘက်သို့ လမ်းပြရင်း ပြောလိုက်သည်။
"ရှင်က အရမ်းသဘောကောင်းတာပဲ... သိသာသိရင် အန်တီ့အစား ညဆိုင်းဝင်ပေးလိုက်မှာ..."
ဤခေတ်ကာလတွင် မြေရှင်ကြီးများပင်လျှင် ပိုလျှံသောကောက်နှံများ မရှိကြဘဲ သာမန်ပြည်သူများမှာမူ စားသောက်ရမည့် အနပ်တိုင်းကို သေချာတွက်ချက်နေရသည်။ မို့လီသည် အိမ်သို့ ပြန်သွားလျှင်ပင် တောဟင်းရွက်ဆန်ပြုတ်နှင့် ပြောင်းဖူးမုန့် သေးသေးလေးတစ်ခုကိုသာ စားရဖွယ်ရှိသည်။
ဤနေရာတွင် ဆက်နေခြင်းဖြင့် ညလယ်စာ စားရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထိုစကားကို ကြားသောအခါ လျူအာကျူးက ချက်ချင်းပင် ပြောလိုက်သည်။
"ဒီလိုလုပ်ပါလား... မင်းက ငါ့ကို အဝတ်အစားလိုက်ဝယ်ပေး ငါက မင်းကို နာမည်ကြီးစားသောက်ဆိုင်မှာ ထမင်းကျွေးမယ်လေ... ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်တည်း စားရတာ ပျင်းစရာကောင်းလို့ပါ... ဒါပေမဲ့ စည်းကမ်းချက်တစ်ခုကတော့ ငါတို့ရဲ့ ပတ်သက်မှုကို ဘယ်သူမှ အထင်မလွဲစေရဘူးနော်... ထမင်းကျွေးလိုက်မိလို့ လူရမ်းကားမှုနဲ့ အစွဲခံရတာမျိုးတော့ မဖြစ်ချင်ဘူး..."