← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) မှောင်ခိုဈေးကွက်၏ တည်နေရာ

လျူအာကျူးက နောက်ဆုံးတွင် ဟင်းလျာများကို သေချာစွာ မှာယူလိုက်သည်။

ကြည်လင်သောဟင်းရည် ကြေးအိုးတစ်လုံး၊ အတွင်းမွန်ဂိုလီးယား ရှီးလင်းသိုးသား လေးပွဲ၊ ၎င်းနှင့်အတူ နှမ်းနှစ်၊ အချဉ်တည်ထားသော ကြက်သွန်မြိတ်ပန်းပွင့်များ၊ ပဲပြားချဉ်၊ သကြားရည်စိမ်ကြက်သွန်ဖြူနှင့် ငရုတ်ဆီတို့ကို မှာယူခဲ့သည်။

အနည်းငယ် တွန့်ဆုတ်နေသော မို့လီကို ကြည့်ရင်း လျူအာကျူးက ပြောလိုက်သည်။

"ဒီနေ့ ငါ မင်းကို ထမင်းစားဖိတ်တာက အဝတ်အစားဝယ်ဖို့ လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်လို့ပါ... ပြီးတော့ တစ်ယောက်တည်း စားရတာ ပျင်းစရာကောင်းလို့ပါ... ဒါကြောင့် မင်းက အလကားစားနေတာ မဟုတ်ပါဘူး... အားမနာပါနဲ့..."

မို့လီက အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။

"နင် ငါနဲ့ တကယ်ပဲ ချစ်သူမဖြစ်ချင်ဘူးလား..."

"တကယ် မဖြစ်ချင်ဘူး..."

လျူအာကျူးက ရိုးသားစွာပင် ပြန်ဖြေလိုက်၏။

"လူဆိုးကြီး..."

မို့လီက အလွန်စိတ်တိုသွားကာ ပြောလိုက်သည်။

"ငါက မလှလို့လား..."

"လှပတဲ့ အမျိုးသမီးတွေ အများကြီး ရှိတာပဲလေ... ငါ တွေ့သမျှလူတိုင်းကို ချစ်နေရမှာလား..."

လျူအာကျူးက ပြန်လည်ချေပလိုက်သည်။ သူ၏ ချေပစကားကြောင့် မို့လီမှာ ဆွံ့အသွား၏။

တကယ်တမ်းတွင် လှပသော အမျိုးသမီးများစွာ ရှိနေသည်။ လျူအာကျူးအနေဖြင့် ချစ်သူထားချင်လျှင်တောင်မှ သူမအလှည့် ရောက်လာမည်မဟုတ်ပေ။

သူမ စိတ်မကောင်းဖြစ်သွားသော်လည်း စီကျိုးချန်မှ မိန်းကလေးတစ်ယောက်၏ စရိုက်လက္ခဏာက သူမကို အချိန်ကြာမြင့်စွာ ဝမ်းနည်းနေခြင်းမှ တားဆီးထားသည်။ ထို့အစား သူမသည် ဝမ်းနည်းမှုနှင့် ဒေါသများကို အစာစားချင်စိတ်အဖြစ် ပြောင်းလဲလိုက်ကာ အားရပါးရ စတင်စားသောက်တော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လျူအာကျူးက နောက်ဆုံးတွင် ကျေနပ်သွားပုံရလေသည်။ ထို့နောက် သူတို့နှစ်ယောက်သည် စကားစမြည်ပြောရင်း အားရပါးရ စားသောက်ကြသည်။

နာရီဝက်ခန့်အကြာတွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် အစ်မနှင့် မောင်လေးဟု ခေါ်ဝေါ်နေကြပြီး သွေးသောက်မောင်နှမများကဲ့သို့ ဖြစ်သွားကြသည်။

အဆုံးတွင် သိုးသားလေးပွဲဖြင့် မလုံလောက်သောကြောင့် နောက်ထပ်သုံးပွဲ ထပ်မှာခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ အကျွင်းအကျန်များ ရှိနေခဲ့သည်။

"ငါတို့ စားလို့ပြီးပြီလား..."

မို့လီက လျူအာကျူးကို မေးလိုက်၏။ လျူအာကျူး ခေါင်းညိတ်သည်ကို မြင်လိုက်ရသည့်အခါ သူမသည် ထမင်းချိုင့်တစ်လုံးကို ထုတ်ယူလိုက်ပြီး ကျန်နေသော အစားအစာများကို ကျွမ်းကျင်စွာ ထုပ်ပိုးလိုက်သည်။

သူမသည် အိုးထဲမှ ကျန်နေသော ဟင်းရည်နှင့် အသားများကို ထမင်းချိုင့်ထဲသို့ လောင်းထည့်လိုက်ပြီးနောက် လျူအာကျူးအား ပြောလိုက်သည်။

"ညီလေး... နင့်ရဲ့ ထမင်းချိုင့်ကို ငှားပါဦး... မနက်ဖြန် မနက်စောစော ငါ နင့်ဆီ ပြန်ယူလာခဲ့ပေးမယ်..."

လျူအာကျူးသည် အိတ်ထဲသို့ လက်နှိုက်သယောင် ဟန်ဆောင်လိုက်ပြီး သူ၏ နေရာလွတ်ထဲမှ ထမင်းချိုင့်အသစ်တစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

"ရော့... ယူသုံးလိုက်ပါ..."

မို့လီသည် ဟင်းခတ်အမွှေးအကြိုင်များနှင့် သကြားရည်စိမ်ကြက်သွန်ဖြူများကိုပါ ထည့်လိုက်ပြီးနောက် လေတက်လိုက်ကာ ပြောလေသည်။

"ငါ ဒီလောက် အများကြီးမစားရတာ တော်တော်ကြာပြီ... ကျေးဇူးပဲ မောင်လေး..."

"ရပါတယ်...ကျွန်တော်ပဲ အစ်မကို အိမ်ပြန်ပို့ပေးပါ့မယ်..."

လျူအာကျူးသည် သူ၏ ကုတ်အင်္ကျီကို ဝတ်ဆင်ကာ ထွက်လာခဲ့သည်။

မို့လီသည် ဘေးတွဲဆိုင်ကယ်ပေါ်သို့ အမြန်တက်ကာ စောင်ကိုပတ်ခြုံလိုက်ပြီး လျူအာကျူးအား လမ်းညွှန်ပေးလေသည်။ မကြာမီတွင် သူတို့နှစ်ယောက်သည် မို့လီနေထိုင်ရာ ဟူတုန်းလမ်းကြားသို့ ရောက်ရှိသွားကြ၏။

ညရှစ်နာရီကျော်နေပြီဖြစ်ကာ ဆောင်းရာသီ၏ အလယ်တွင်ဖြစ်သောကြောင့် ပတ်ဝန်းကျင်မှာ အလွန်မှောင်မိုက်နေသည်။

ဟူတုန်းလမ်းကြားအဝင်ဝတွင် လမ်းမီးများ မရှိသော်လည်း မော်တော်ဆိုင်ကယ်၏ ရှေ့မီးရောင်ကြောင့် လမ်းဘေးတွင် ရပ်ကာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ ကြည့်နေသော လူတစ်ယောက်ကို လင်းထိန်စွာ မြင်တွေ့လိုက်ရသည်။

ထိုလူ၏ ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရသည့်အခါ လျူအာကျူးက ချက်ချင်းနားလည်သွားပြီး မို့လီအား ပြောလိုက်သည်။

"အဲဒါ ခင်ဗျား မိသားစုဝင်တစ်ယောက် ဖြစ်ရမယ်..."

မို့လီသည် ဂွမ်းစောင်အောက်မှ တိုးထွက်လာပြီး လမ်းကြားအဝင်ဝရှိ လူကို မြင်လိုက်ရသည့်အခါ ချက်ချင်း လှမ်းအော်လိုက်သည်။

"အမေ... ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..."

"မို့လီ..."

ထိုအမျိုးသမီးသည် ချက်ချင်း လျှောက်လာပြီး ပြင်းထန်စွာ ဆူပူလေတော့သည်။

"နင့်ကြောင့်လေ... သောက်ကောင်မစုတ်... ညနက်တဲ့အထိ အိမ်ပြန်မလာဘဲ နင့်အမေကို လန့်သေအောင် လုပ်နေတာလား..."

ဤခေတ်သည် နောင်လာနောက်သားများ၏ ခေတ်မဟုတ်ပေ။ အကယ်၍ မိန်းကလေးတစ်ယောက်သည် ယောကျ်ားတစ်ယောက်နှင့် အပြင်ထွက်ပြီး တစ်ညလုံး ပြန်မလာပါက နောက်ဆုံးတွင် သူတို့ လက်ထပ်ဖြစ်သွားလျှင်တောင် တစ်သက်လုံး လှောင်ပြောင်ခံရမည်ဖြစ်သည်။

သူမသည် သမီးဖြစ်သူကို ဆူပူနေသော်လည်း ထိုအမျိုးသမီး၏ မျက်လုံးများကမူ လျူအာကျူးကို အကဲခတ်နေသည်။ သူသည် အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ရုပ်ရည်မဆိုးသည်ကို မြင်လိုက်ရသည့်အခါ သူမက ကျေနပ်သော အမူအရာကို ချက်ချင်းပြသလိုက်သည်။

"လူလေး... အထဲဝင်ထိုင်ပါဦး... မင်းဦးလေးနဲ့ လက်ဖက်ရည် သောက်ရအောင်..."

"အဒေါ်... ကျွန်တော် တည်းခိုခန်းကို ပြန်ရဦးမှာမို့လို့ အထဲဝင်ပြီး လက်ဖက်ရည် မသောက်တော့ပါဘူး..."

လျူအာကျူးက ငြင်းဆိုလိုက်သည်။

မို့လီသည်လည်း သူမ၏ ရှည်လျားသော ခြေတံများဖြင့် ဘေးတွဲဆိုင်ကယ်ပေါ်မှ ဆင်းလာကာ တိုက်ရိုက်ပင် ပြောလိုက်သည်။

"အမေ... အိပ်မက်မက်မနေနဲ့တော့... သမီးရဲ့မောင်လေးက သမီးကို စိတ်မဝင်စားလို့ အမေ့ရဲ့ သားမက် ဖြစ်လာမှာ မဟုတ်ဘူး... အိမ်ပြန်ကြရအောင်..."

"နင်က ဘာတွေ လျှောက်ပြောနေတာလဲ... နင့်ပါးစပ်ကို ပြဲသွားအောင် ရိုက်ပစ်မယ်ဆိုတာ ယုံရဲ့လား..."

အမျိုးသမီးက ဒေါသတကြီး ဆူပူလိုက်သည်။

"အမေ သမီးကို သေအောင်ရိုက်လည်း အလကားပဲ... မောင်လေးက သမီး အဝတ်အစား လိုက်ဝယ်ပေးတာကို ကျေးဇူးတင်လို့ ထမင်းကျွေးရုံသက်သက်ပဲ... သူ တကယ်ကို တခြားရည်ရွယ်ချက်မရှိဘူး... သမီး သူ့ကို အကြိမ်ကြိမ် မေးပြီးပြီ..."

မို့လီသည် သူမ၏အမေကို အိမ်ဘက်သို့ တွန်းပို့ရင်း လျူအာကျူးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မောင်လေး... မနက်ဖြန်မှ တွေ့မယ်..."

လျူအာကျူးသည် ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ မော်တော်ဆိုင်ကယ်ကို မောင်းနှင်ကာ ထွက်ခွာသွားလေတော့သည်။

သူ တကယ်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ အမျိုးသမီးက မို့လီကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

"သူက နင့်ကို တကယ် စိတ်မဝင်စားတာလား... နင် ငတုံးကြီးလို ပြုမူပြီး သူ့ကို လန့်ပြေးအောင် လုပ်လိုက်ပြန်ပြီလား..."

"သူက တောကလာတာပါ..."

မို့လီသည် သူမ၏အမေ မည်သို့သောလူမျိုးဖြစ်ကြောင်း သိသဖြင့် သူမ၏ အဆုံးအဖြတ်ပေးနိုင်သောစကားကို သုံးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် အမျိုးသမီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"အော်... သူက တောကလာတာကိုး... ဒါဆိုရင်တော့ တကယ်အဆင်မပြေဘူး... ဒါပေမဲ့ မော်တော်ဆိုင်ကယ် တစ်စီးရှိတယ်ဆိုတော့ စဉ်းစားကြည့်လို့တော့ ရသေးတယ်..."

မို့လီက မျက်လုံးလှန်လိုက်ပြီး အိမ်ထဲသို့ ဝင်သွားကာ ထမင်းချိုင့်နှစ်လုံးကို စားပွဲပေါ် တင်လိုက်လေသည်။

"နာမည်ကြီးစားသောက်ဆိုင်က ပါဆယ်ဆွဲလာတဲ့ သိုးသားဟော့ပေါ့... အဖေ ဒါနဲ့ အရက်နည်းနည်း ထပ်သောက်လိုက်ဦး..."

"ဝိုး... ဒါက ပစ္စည်းကောင်းပဲ... ငါ့သမီးက အကောင်းဆုံးပဲ..."

မို့လီ၏ဖခင်မှာ အလွန်ဝမ်းသာသွားပြီး သူ၏ တန်ဖိုးကြီးအရက်ကို ချက်ချင်း သွားရှာတော့သည်။

လျူအာကျူးသည် တည်းခိုခန်းသို့ ပြန်လာခဲ့ပြီး လမ်းတစ်ဝက်တွင် ဧည့်ကြိုအဒေါ်အတွက် ညစာ ယူလာရန် မေ့သွားကြောင်း သတိရလိုက်သည်။ လမ်းဘေးစားသောက်ဆိုင်များ အားလုံးလည်း ပိတ်သွားပြီဖြစ်သည်။ သူသည် တည်းခိုခန်းသို့ ပြန်သွားပြီး သိုးသားဟော့ပေါ့ နောက်ထပ်တစ်ပွဲကို သွားယူရန်လည်း မဖြစ်နိုင်ပေ။

လျူအာကျူးသည် နေရာလွတ်ထဲမှ ပေါက်စီဖြူကြီးနှစ်လုံးကို ထုတ်ယူလိုက်ပြီး အထဲသို့ ဝင်ဝင်ချင်းပင် ဧည့်ကြိုအဒေါ်ကို ကမ်းပေးလိုက်သည်။

"အဒေါ်... ကျွန်တော် ပြန်လာတာ အရမ်းနောက်ကျသွားတော့ စားကောင်းတာတွေ မရှိတော့ဘူး... ပေါက်စီနှစ်လုံးပဲရခဲ့တယ်... ကျွန်တော့်မှာ နာမည်ကြီး ရှေးဟောင်းအချဉ်ဖတ်ဆိုင်က အချဉ်ဖတ်တွေလည်း ရှိတယ်... ဒီဟာနဲ့ပဲဖြစ်သလို စားလိုက်လို့ ရမလား..."

အဒေါ်ကြီးမှာ အံ့ဩမှင်တက်သွားသည်။

အကယ်၍ ဤခေတ်သည် နောင်လာနောက်သားများ၏ ခေတ်သာဆိုလျှင် တစ်စုံတစ်ယောက်အား ညစာကျွေးမည်ဟု ကတိပေးထားပြီးမှ ပေါက်စီနှစ်လုံး ပေးခြင်းမှာ စော်ကားခြင်းနှင့် ခြားနားမည် မဟုတ်ပေ။ တစ်စုံတစ်ယောက်ကို သူတောင်းစားတစ်ယောက်လို ဆက်ဆံနေခြင်းပင် ဖြစ်သည်။

သို့သော် ဤခေတ်တွင်မူ ဂျုံမှုန့်ဖြူစစ်စစ်ဖြင့် ပြုလုပ်ထားသော ပေါက်စီနှစ်လုံးမှာ တကယ့်ရတနာများပင် ဖြစ်သည်။ ပေကျင်းမြို့ရှိ စားသောက်ဆိုင်များပင်လျှင် များသောအားဖြင့် ကောက်နှံနှစ်မျိုးစပ်ဂျုံမှုန့် သို့မဟုတ် ကောက်နှံသုံးမျိုးစပ်ဂျုံမှုန့် ပေါက်စီများကိုသာ အသုံးပြုကြသည်။

မည်သူက ဤကဲ့သို့သော အရည်အသွေးမြင့် ဂျုံမှုန့်ဖြူမျိုးကို အသုံးပြု၍ ပြုလုပ်ရန် ဆန္ဒရှိမည် မဟုတ်ပေ။ ထို့အပြင် နာမည်ကြီး ရှေးဟောင်းအချဉ်ဖတ်ဆိုင်မှ အချဉ်ဖတ်များသည် အပြင်ဘက်ရှိ သာမန်အချဉ်ဖတ်များနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ ၎င်းတို့မှာလည်း အတော်လေး တန်ဖိုးရှိပြီး သာမန်လူများအနေဖြင့် လုံးဝ မဝယ်နိုင်ကြပေ။

ဤရိုးသားသော ညစာလေးကြောင့် အဒေါ်ကြီးမှာ မည်သို့လုပ်ရမည်ကိုပင် မသိတော့လောက်အောင် စိတ်လှုပ်ရှားသွားသည်။ သူမက ချက်ချင်းပင် ပြောလာ၏။

"အခုလို နောက်ကျမှ ပြန်လာရတာ မင်း ပင်ပန်းနေရောပေါ့... ရေချိုးဖို့ ရေနွေး သွားတည်ပေးမယ်..."

"ရှစ်နာရီနောက်ပိုင်း ရေမချိုးရဘူးလို့ အဒေါ်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား..."

လျူအာကျူးက နားမလည်စွာဖြင့် မေးလိုက်လေသည်။

"အဲဒါက အပြင်လူတွေအတွက်ပါ... ကိုယ့်လူတွေကို ခုလို ဆက်ဆံလို့ ဖြစ်ပါ့မလား..."

အဒေါ်ကြီးက ပြုံး၍ ပြောလေသည်။ ပေါက်စီနှစ်လုံးက အစွမ်းပြသွားပြီဖြစ်ကြောင်း လျူအာကျူးက ချက်ချင်း နားလည်သွားသည်။ သူသည် သူမကို ကျေးဇူးတင်စကားဆိုကာ အပေါ်ထပ်သို့ တက်သွားလေတော့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည်လည်း တစ်နေ့လုံး ပြေးလွှားနေခဲ့ရသဖြင့် ချွေးများထွက်ကာ သိုးသားဟော့ပေါ့ အနံ့များ နံနေသောကြောင့် ရေချိုးချင်နေမိသည်။

ရေချိုးပြီးစီးသွားသောအခါ သူသည် ကုတင်ပေါ်သို့ ပြန်လာကာ မနက်ဖြန် မည်သည့်နေရာသို့ သွားမည်ကို စဉ်းစားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။

သန်းခေါင်ယံအချိန်။

လျူအာကျူးသည် ရုတ်တရက် ထိုင်လိုက်ပြီး သူ့ဘေးရှိ နှိုးစက်နာရီကို ပိတ်လိုက်သည်။

ယခင်က အစ်ကိုကြီးမိသားစုအတွက် နှိုးစက်နာရီတစ်လုံး ပေးခဲ့စဉ်က သူသည် အပိုတစ်လုံးကိုပါ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ သန်းခေါင်ယံအချိန်တွင် သူ့ကိုယ်သူ နှိုးရန်ဖြစ်သည်။ နိုးလာပြီးနောက် လျူအာကျူးသည် အဝတ်အစားများကို တိတ်တဆိတ် ဝတ်ဆင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

အံ့ဩစရာကောင်းသည်မှာ သူ အောက်ထပ်သို့ ဆင်းလာသောအခါ တည်းခိုခန်းတံခါးကို သော့ခတ်ထားကြောင်း တွေ့လိုက်ရသည်။

လျူအာကျူးသည် အဒေါ်ကြီးက သူ့ကို မေးခွန်းများစွာ မေးမည်စိုးသောကြောင့် သူမကို မနှိုးချင်ပေ။ သူသည် အပေါ်ထပ်သို့ ပြန်တက်လာပြီး အခန်းပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်ရာ အဆောက်အအုံငယ်လေးမှာ သိပ်မမြင့်ကြောင်း သတိပြုမိလိုက်သည်။ သူ၏ လက်ရှိ သိုင်းပညာစွမ်းရည်များဖြင့် အောက်သို့ ခုန်ချခြင်း သို့မဟုတ် အပေါ်သို့ တွယ်တက်ခြင်းမှာ ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။

လျူအာကျူးသည် တုံ့ဆိုင်းမနေဘဲ ပြတင်းပေါက်မှ အောက်သို့ ခုန်ချလိုက်ပြီးနောက် သူ၏ နေရာလွတ်ထဲမှ စက်ဘီးကို ထုတ်ယူလိုက်လေသည်။ မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်းက ဆူညံသံများလွန်းပြီး အာရုံစိုက်ခံရနိုင်သောကြောင့် စက်ဘီးစီးခြင်းက ပို၍ အဆင်ပြေလေသည်။

ပေကျင်းမြို့ရှိ မှောင်ခိုဈေးကွက်၏ တည်နေရာနှင့် ပတ်သက်၍မူ သူသည် မို့လီထံမှ ကြိုတင်သိရှိထားပြီး ဖြစ်သည်။ တကယ်တမ်းတွင် ဤအချက်သည် သူ မို့လီကို ညစာစားရန် ဖိတ်ခေါ်ရခြင်း အကြောင်းရင်းများထဲမှ တစ်ခုပင်ဖြစ်သည်။

လျူအာကျူးသည် ယခင်ဘဝက ပေကျင်းမြို့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း အမြဲတမ်း ဥပဒေကို လေးစားလိုက်နာသူဖြစ်သောကြောင့် မှောင်ခိုဈေးကွက် မည်သည့်နေရာတွင် ရှိမှန်းကို လုံးဝမသိခဲ့ပေ။ သူ အသက်ကြီးလာသောအခါ သရဲဈေးကွက်အချို့အကြောင်းကို သိခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုနေရာများမှ ခိုးရာပါပစ္စည်းများကို သူ မဝယ်ရဲခဲ့ပေ။

မို့လီသည် ကစားရသည်ကို နှစ်သက်ပြီး ဟော်ဟိုင်တွင် ရေခဲစကိတ် သွားစီးလေ့ရှိကာ လူများစွာကိုလည်း သိကျွမ်းလေသည်။ ထို့ကြောင့် သူမက မှောင်ခိုဈေးကွက်၏ တည်နေရာကို သိနေခြင်းဖြစ်သည်။

၎င်းမှာ အရှေ့တည့်တည့်ဂိတ်၏ အပြင်ဘက်လေးတွင်ပင် ဖြစ်သည်။

All Chapters