အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀) ရောင်းချခြင်း
လျူအာကျူးသည် သူ၏စက်ဘီးကိုစီးကာ အရှေ့တည့်တည့်ဂိတ်ဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ သိပ်မဝေးဘဲ ကီလိုမီတာအနည်းငယ်မျှသာ ကွာဝေးလေသည်။
သို့သော် အရှေ့တည့်တည့်ဂိတ်ကို ကျော်လွန်သွားသည်နှင့် မှောင်ခိုဈေးကွက်မှာ နောက်ထပ် ဆယ်လီခန့် ကွာဝေးသေး၏။
နောက်ဆုံးတွင် သစ်ပင်ငယ်များရှိသော တောအုပ်လေးတစ်ခုထဲ၌ မှိန်ပျပျ မီးရောင်များကို လျူအာကျူး မြင်လိုက်ရသည်။
သူသည် ချက်ချင်းပင် ပြေးသွားခဲ့သော်လည်း တောအုပ်ထဲသို့ မဝင်နိုင်သေးမီ လူနှစ်ယောက်က ခုန်ထွက်လာကာ သူ့ကို တားဆီးလိုက်သည်။
"ခင်ဗျား ဒီနေရာမှာ ဘာလာလုပ်တာလဲ..."
လျူအာကျူးမှာ လန့်သွားခဲ့သော်လည်း ကံကောင်းစွာဖြင့် မို့လီက သူ့ကို ကြိုတင်ရှင်းပြထားခဲ့သည်။
ထိုသူများမှာ ကင်းစောင့်များဖြစ်ကြောင်း သူသိထားသဖြင့် ချက်ချင်းပင် ပြောလိုက်၏။
"ကျွန်တော် ပစ္စည်းတချို့ လာရောင်းတာပါ..."
ထိုလူနှစ်ယောက်သည် လျူအာကျူးကို ခေါင်းမှခြေအထိ အကဲခတ်ကြည့်လိုက်ကြသည်။ သူသည် လုံခြုံရေးအရာရှိ သို့မဟုတ် ရပ်ကွက်ရုံးမှ လူနှင့်မတူကြောင်း သေချာသွားသောအခါ သူတို့၏လက်များကို ဆန့်ထုတ်လိုက်ကြသည်။
"အထဲဝင်ပြီး ပစ္စည်းရောင်းဖို့အတွက် ငါးဆင့် ပေးရမယ်..."
လျူအာကျူးက ငွေထုတ်မပေးခဲ့ပေ။ ယင်းအစား သူတို့ကို ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော် ပစ္စည်းတချို့ရောင်းဖို့ ခင်ဗျားတို့ရဲ့သူဌေးကို တွေ့ချင်တယ်..."
ထိုနှစ်ယောက်မှာ ချက်ချင်းပင် သတိဝီရိယရှိသွားကြပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က သေနတ်တစ်လက်ကိုပင် ထုတ်ယူလိုက်လေသည်။
လျူအာကျူးက ရှင်းပြလိုက်၏။
"စိတ်မလှုပ်ရှားပါနဲ့ ကျွန်တော် ကောက်နှံတချို့ ရောင်းချင်လို့ပါ ဒါပေမဲ့ ရိုးရိုးလူတွေက ဒီပမာဏကို ယူနိုင်မယ်မထင်ဘူး..."
သူတို့ထဲမှ တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။
"ခင်ဗျားဆီမှာ ကောက်နှံဘယ်လောက်ရှိလို့လဲ..."
လျူအာကျူးက တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။
"ကျင်းတစ်ထောင်ပါ..."
ဤကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ထိုနှစ်ယောက်မှာ သူ့ကို လုံးဝမယုံကြည်ကြပေ။ ကောက်နှံကျင်းတစ်ထောင်ဆိုသည်မှာ ကောက်ပဲသီးနှံဆိုင်ကို ဓားပြတိုက်လာခြင်းလားဟုပင် ထင်စရာရှိသည်။
ဤသည်ကိုမြင်သောအခါ လျူအာကျူးက သူ၏လွယ်အိတ်ထဲမှ ပြောင်းဖူးမှုန့် ငါးကျင်းကို ချက်ချင်းထုတ်ယူကာ သူတို့၏ခြေရင်းသို့ ပစ်ချပေးလိုက်သည်။
"ဒါက ခင်ဗျားတို့အတွက် တွေ့ဆုံခြင်းလက်ဆောင်ပါ သတင်းလေးသွားပို့ပေးလို့ ရနိုင်မလား..."
ထိုနှစ်ယောက်သည် အိတ်ကို သတိထား၍ ဖွင့်ကြည့်လိုက်ကြသည်။ လည်ချောင်းကို ကုတ်ခြစ်စေသော ပြောင်းဖူးမှုန့်ကြမ်းမဟုတ်ဘဲ ရွှေရောင်ပြောင်းဖူးမှုန့်ဖြစ်နေသည်ကို မြင်သောအခါ သူတို့၏မျက်နှာတွင် အံ့ဩဝမ်းသာသည့်အမူအရာများ ချက်ချင်းပေါ်လာသည်။
ဤမျှများပြားသော ကောက်နှံများကို လက်ဆောင်အဖြစ် အလွယ်တကူ ပစ်ပေးနိုင်ခြင်းကြောင့် လျူအာကျူးသည် ပြဿနာလာရှာခြင်းမဟုတ်ကြောင်း ထိုနှစ်ယောက် ယုံကြည်သွားကြသည်။
သို့ရာတွင် သူတို့သည် လျူအာကျူးကို သူတို့၏သူဌေးနှင့် တွေ့ရန် တိုက်ရိုက်မခေါ်သွားခဲ့ပေ။ ယင်းအစား သူဌေးကို သွားရောက်အကြောင်းကြားရန် လိုအပ်သည်ဟု ပြောခဲ့ကြသည်။
လျူအာကျူးက ခေါင်းညိတ်လိုက်ပြီး သူရှိနေသောနေရာ၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
မကြာမီတွင် သတင်းသွားပို့သော လက်ပါးစေမှာ ပြန်ရောက်လာပြီး လျူအာကျူးအား ရိုသေစွာဖြင့် ပြောလိုက်၏။
"ကျွန်တော်တို့သူဌေးက ခင်ဗျားကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်..."
လျူအာကျူးသည် မည်သည့်ကြောက်ရွံ့မှုမျှ မပြဘဲ သူ၏နောက်သို့ လိုက်သွားလေသည်။
အဓိကအကြောင်းရင်းမှာ သူသည် ယခုအခါ ဆယ်စုနှစ်များစွာ ကျွမ်းကျင်ထားသော သိုင်းပညာနှစ်ရပ်ကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်ပြီး ဤလူများက သူ့ကို မတားဆီးနိုင်ပေ။
ထို့အပြင် သူ၏ကိုယ်ပေါ်တွင် သေနတ်တစ်လက်ရှိပြီး အမျိုးအစား ၁၁ အပေါ့စားစက်သေနတ် တစ်လက်ပင် ပါရှိသေး၏။
အေးစက်သော လက်နက်ဖြစ်စေ၊ ပူပြင်းသော လက်နက်ဖြစ်စေ သူတို့ကို ခိုင်မာစွာ ဖိနှိပ်ထားနိုင်သဖြင့် တကယ်တမ်းတွင် ကြောက်စရာမလိုပေ။
မကြာမီမှာပင် တောအုပ်၏ အနက်ရှိုင်းဆုံးနေရာ၌ ဤမှောင်ခိုဈေးကွက်၏ သူဌေးကို လျူအာကျူးက တွေ့ဆုံလိုက်ရသည်။
ထိုသူဌေးသည် မီးဖိုတစ်ခု ဖိုထားသော တဲတစ်လုံးထဲတွင် လှဲလျောင်းနေပြီး မီးကင်ထားသော ပေါက်စီများကို စားနေကာ ကာဗွန်ဒိုင်အောက်ဆိုဒ် အဆိပ်သင့်မည်ကို လုံးဝဂရုမစိုက်သည့်ပုံပင် ဖြစ်သည်။
လျူအာကျူးသည် တဲထဲသို့ လျှောက်ဝင်သွားကာ ခေါင်းစွပ်ဆောင်းထားသော လူသန်ကြီးကို ကြည့်ပြီး ပြုံး၍ နှုတ်ဆက်လိုက်သည်။
သူဌေးသည် လှည့်ကြည့်ကာ လျူအာကျူးကို အကဲခတ်လိုက်၏။ သူသည် သပ်ရပ်စွာ ဝတ်စားထားသည်ကို မြင်သောအခါ အေးစက်စွာ ရယ်မောလိုက်သည်။
"ဘယ်က ကောက်ပဲသီးနှံဆိုင်ဝန်ထမ်းက ဒီလောက်များပြားတဲ့ ကောက်နှံတွေကို ခိုးရောင်းရဲလောက်အောင် သတ္တိကောင်းနေရတာလဲ..."
ယနေ့ခေတ်တွင် ကောက်ပဲသီးနှံဆိုင်များကသာ ထိုမျှများပြားသော ကောက်နှံများကို ထုတ်ပေးနိုင်သောကြောင့် သူဌေးသည် လျူအာကျူး၏ သရုပ်မှန်ကို ဤမျှသေချာနေခြင်း ဖြစ်သည်။
လျူအာကျူးက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ကျွန်တော် ကောက်ပဲသီးနှံဆိုင်က မဟုတ်ပါဘူး..."
သူဌေးက ခြိမ်းခြောက်သည့်လေသံဖြင့် အော်ပြောလိုက်သည်။
"တော်တော့ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ ငါက မင်းနဲ့ အရောင်းအဝယ်လုပ်ဖို့ ခေါ်လိုက်တာမဟုတ်ဘူး ထွက်သွားဖို့ ပြောမလို့ပဲ နောက်တစ်ခါ ဒီနေရာကို ပစ္စည်းလာမရောင်းနဲ့ နောက်ဆိုရင် မင်းကို သတ်ပစ်မယ်..."
ကောက်နှံကျင်းတစ်ထောင် ပျောက်ဆုံးသွားကြောင်းကို ကောက်ပဲသီးနှံဗျူရိုကသာ သိသွားပါက ကြီးမားသော ပြဿနာကြီးတစ်ရပ် ဖြစ်လာပေမည်။
စုံစမ်းစစ်ဆေးမှုများ မှောင်ခိုဈေးကွက်အထိ ရောက်လာပါက ဤသူဌေးမှာ သေချာပေါက် သေနတ်ဖြင့် ပစ်သတ်ခံရပေလိမ့်မည်။
သူသည် စီးပွားရေးလုပ်ချင်သည်။ တရားမဝင် စီးပွားရေးပင် ဖြစ်စေကာမူ သူ့ကို သေနတ်ဖြင့် ပစ်သတ်ခံရမည့် အလုပ်မျိုးကိုမူ မည်သည့်အခါမျှ လုပ်မည်မဟုတ်ပေ။
လျူအာကျူးသည် ဤသူဌေး၌ ဤမျှကြည်လင်သော ဦးနှောက်မျိုးရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုကဲ့သို့သော လူမျိုးများနှင့် ဆက်သွယ်ရသည်ကို သူ သဘောကျလေသည်။
"စိတ်မပူပါနဲ့ ကျွန်တော် တကယ်ပဲ ကောက်ပဲသီးနှံဆိုင်က မဟုတ်ပါဘူး အောက်ဘက်က ရွာတစ်ရွာကပါ..."
"အခုချိန် ကျေးလက်ဒေသမှာ ဘဝတွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာ ခင်ဗျားလည်း သိမှာပါ ပြည်သူ့ကွန်မြူနစ်အဖွဲ့က ကျွန်တော်တို့ရဲ့ ကောက်နှံတွေအားလုံးကို အတင်းအကျပ် အပ်ခိုင်းနေတော့ ကျွန်တော်တို့ အသက်ရှင်ဖို့တောင် ခဲယဉ်းနေပြီ..."
"ဒါကြောင့် ကျွန်တော်တို့ရဲ့ တပ်မဟာခေါင်းဆောင်က အကြံတစ်ခုထုတ်လိုက်တယ် ပြည်သူ့ကွန်မြူနစ်အဖွဲ့ကို ကျွန်တော်တို့ရဲ့ ကောက်နှံအထွက်နှုန်းကျဆင်းသွားတယ်လို့ပြောပြီး ကောက်နှံတွေကို ငွေရအောင် ထုတ်ရောင်းဖို့ပဲ..."
"ဒီနည်းနဲ့ အနည်းဆုံးတော့ ကျွန်တော်တို့ရွာက လူတွေ အသက်ရှင်ဖို့ လမ်းစရှိသွားတာပေါ့ ဒါ့အပြင် ကောက်နှံတွေရောင်းတာကို ပြည်သူ့ကွန်မြူနစ်အဖွဲ့က အလွယ်တကူ သိနိုင်မှာမဟုတ်ဘူး မဟုတ်ရင် အထက်က စုံစမ်းစစ်ဆေးလာရင် ကျွန်တော်တို့လည်း ဒုက္ခရောက်မှာပဲ..."
လျူအာကျူးက ဤလိမ်လည်မှုကို ဖန်တီးပြောဆိုရာတွင် အလွန်ရိုးသားပုံပေါက်နေသဖြင့် သူဌေးမှာ မည်သည့်အမှားအယွင်းကိုမျှ မရှာတွေ့နိုင်ခဲ့ပေ။
ဤသည်မှာ အဓိကအားဖြင့် သူဌေးသည် ပတ်ဝန်းကျင်ကျေးရွာများမှ လူများနှင့် မကြာခဏ အရောင်းအဝယ် လုပ်လေ့ရှိသောကြောင့် ဖြစ်လးသည်။
ထိုရွာသားများတွင် ကောင်းမွန်သော ပစ္စည်းများစွာ ရှိကြသည်။
မြေရှင်ကြီးများထံမှ သိမ်းဆည်းရမိသော ငွေဒင်္ဂါးပြားများနှင့် ရှေးဟောင်းပန်းချီကားများ သို့မဟုတ် လက်ရေးလှစာများ ပါဝင်ပြီး အချို့မှာ အမဲလိုက်ကျွမ်းကျင်ကာ အသားများကို အမြဲတမ်း ယူဆောင်လာတတ်ကြသည်။
သူဌေးက လျူအာကျူးကို လေးနက်စွာ ကြည့်လိုက်လေသည်။
"မင်းက ရွာကို ကိုယ်စားပြုပြီး တကယ်ရောက်လာတာလား..."
"ဒါပေါ့ ရွာကလွဲပြီး တခြားဘယ်သူက ကောက်နှံကျင်းတစ်ထောင်ကို ထုတ်ပေးနိုင်မှာလဲ ကောက်ပဲသီးနှံဆိုင်တောင်မှ တစ်ပြိုင်နက်တည်း ဒီလောက်အများကြီး မထုတ်ပေးနိုင်ဘူးမဟုတ်လား..."
"ဒါ့အပြင် တစ်နေရာရာကနေ ကောက်နှံကျင်းတစ်ထောင်ကို တစ်ပြိုင်နက်တည်း ခိုးယူသွားတယ်ဆိုရင် ဒါက သေချာပေါက် ပေါက်ကွဲစေနိုင်တဲ့ သတင်းပဲလေ ခင်ဗျားလို အချိတ်အဆက်ကောင်းတဲ့ သူဌေးတစ်ယောက်က အဲ့အကြောင်းကို မကြားဘဲနေပါ့မလား..."
လျူအာကျူးက ရှင်းပြလိုက်ရင်း တစ်ဖက်လူကို တိတ်တဆိတ် မြှောက်ပင့်ပေးလိုက်သည်။
သူဌေးမှာ မြှောက်ပင့်ခံရပြီးနောက် အလွန်သဘောကျသွားသည်။
"ဒါကတော့ အမှန်ပဲ ပေကျင်းမြို့ကို ငါထိန်းချုပ်နိုင်တဲ့ အဆင့်က မင်းစိတ်ကူးယဉ်နိုင်တာထက်ကို ကျော်လွန်နေတာလေ..."
"..."
လျူအာကျူးမှာ အမှန်တကယ်ပင် ဆွံ့အသွားရသည်။
မျက်နှာပေးလိုက်လျှင် အခွင့်အရေးပိုယူတတ်သူပင် ဖြစ်သည်။
ပေကျင်းမြို့ကို ထိန်းချုပ်ထားသည်တဲ့လား။ သူသာ တကယ်တမ်း ခိုးဝင်ချင်ပါက ဤတောအုပ်လေးကိုပင် ထိုလူ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် သူဌေးက တိုက်ရိုက်ပင် ပြောလိုက်လေသည်။
"မင်းကိုကြည့်ရတာ ယုံကြည်ရလောက်တဲ့ပုံပါပဲ အဲဒီ ကောက်နှံကျင်းတစ်ထောင်ကို ငါ့ကို သွားပြစမ်းပါ ပြဿနာမရှိဘူးဆိုရင် ငါ အားလုံးကိုယူဖို့ ဆန္ဒရှိတယ်..."
လျူအာကျူးသည် သူတို့ ဓားပြတိုက်မည်ကို မကြောက်သဖြင့် ချက်ချင်းပင် သဘောတူလိုက်ပြီး လက်ပါးစေနှစ်ယောက်ကို အပြင်သို့ ဦးဆောင်ခေါ်သွားသည်။
မလာမီကပင် သူသည် နေရာတစ်ခုကို ကြိုတင်ရှာဖွေထားခဲ့ပြီး ဖြစ်။
ယင်းမှာ မည်သူတည်ဆောက်ခဲ့မှန်းမသိသော ဘုရားကျောင်းငယ်လေးတစ်ခုဖြစ်ပြီး စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်ကာ နေရာအနှံ့မှ လေများ ဝင်ရောက်နေလေသည်။
လျူအာကျူးသည် နောက်ကျောရှိ လက်ပါးစေများထက် ခြေလှမ်းအနည်းငယ် ပိုမြန်အောင် လျှောက်သွားကာ ဘုရားကျောင်းငယ်လေးထဲသို့ အရင်ဝင်သွားပြီးနောက် ကောက်နှံကျင်းတစ်ထောင်ကို အထဲသို့ ချထားလိုက်လေသည်။
လက်ပါးစေနှစ်ယောက် သူ၏နောက်မှ လိုက်ဝင်လာသောအခါ ဘုရားကျောင်းငယ်လေးထဲတွင် ထပ်ထားသော ပြောင်းဖူးမှုန့်အိတ် ဆယ်အိတ်ကို ကြည့်ကာ သတိထား၍ တစ်အိတ်ကို ဖွင့်စစ်ဆေးလိုက်ကြသည်။
အရည်အသွေးမြင့်မားသော အစစ်အမှန် ပြောင်းဖူးမှုန့်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့မှာ အလွန်ဝမ်းသာသွားကြလေသည်။
ထိုလက်ပါးစေနှစ်ယောက်သည် ချုံခိုတိုက်ခိုက်မှုမရှိကြောင်း အတည်ပြုရန်အတွက် သူဌေးကို ပြောပြရန် သူတို့၏ ပုန်းအောင်းရာနေရာသို့ ချက်ချင်း ပြေးပြန်သွားကြလေသည်။
ထိုအခါမှသာ သူဌေးက ကိုယ်တိုင် လာရောက်ကြည့်ရှုရန် ထွက်လာခဲ့လေသည်။
ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပြီးနောက် သူ၏မျက်နှာတွင် ဝမ်းသာပျော်ရွှင်သည့် အမူအရာ ပေါ်လွင်လာလေသည်။
"မင်းက တော်တော်စွမ်းတဲ့ကောင်ပဲ ဤကောက်နှံတွေကို ငါယူမယ် နောက်လည်း မင်းဆီကနေ ဆက်ဝယ်လို့ရတယ် မင်းက ဘယ်ရွာကလဲ နောက်ပိုင်း မင်းတို့ရွာအထိ တိုက်ရိုက်လာပြီး ငါလာယူမယ်လေ..."
လျူအာကျူးက စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"အဲဒီအကြောင်းကို နောက်မှ ဆက်ပြောကြတာပေါ့ အခုတော့ ယနေ့အတွက် အရောင်းအဝယ်ကို အရင်အဆုံးသတ်လိုက်ကြရအောင်..."
လျူအာကျူးက ပိုပြောရန် ဝန်လေးနေသည်ကို သူဌေးက မြင်သောအခါ ဆက်လက်ဖိအားမပေးတော့ပေ။ ကောက်နှံများမှာ တဖြည်းဖြည်း ရှားပါးလာပြီး လူများမှာ အစားထိုးအစားအစာများကို စားရသည်ကို ငြီးငွေ့နေကြပြီဖြစ်သည်။ ဤကောက်နှံကျင်းတစ်ထောင်ကို ရောင်းချပါက သူ အမြတ်အစွန်းများစွာ ရနိုင်ပေလိမ့်မည်။
သူဌေးက လျူအာကျူးကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။
"ကောင်းပြီလေ ဒါဆို ငါက တစ်ကျင်းကို တစ်ယွမ်နှုန်းနဲ့ တွက်ပေးမယ် ဒါဆို မျှတတယ်မဟုတ်လား..."
လျူအာကျူးက အသင့်အနေအထားဖြင့် ပြောလိုက်လေသည်။
"မျှတပါတယ် ငွေယူလာခဲ့ပါ..."
ဤနေရာမှာ သူစိမ်းပြင်ပနေရာတစ်ခုဖြစ်သဖြင့် စျေးဆစ်ခြင်းနှင့်ပတ်သက်၍ ဒေသခံလူမိုက်တစ်ဦးနှင့် သူ ပြဿနာမတက်ချင်ပေ။
ထို့အပြင် သူ့ဆီတွင် ဤကောက်နှံများ အများကြီးရှိနေသဖြင့် အသေးအဖွဲကိစ္စအတွက် အချိန်အကြာကြီး အငြင်းပွားနေစရာ မလိုပေ။
သူဌေးသည် လျူအာကျူး၏ ပူးပေါင်းဆောင်ရွက်မှုကို အလွန်ကျေနပ်သွားပြီး ငွေသွားယူရန် လူတစ်ယောက်ကို ချက်ချင်းလွှတ်လိုက်လေသည်။