အခန်း ၄၂
Vol. 5 Ch. 42
🌱 Chapter 42
ပိုင်ချောင်ရှီ ဟန်ချင်းမဏ္ဍပ်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
ဟွမ်ယမ်သည် သူမ ဘေးတွင် လမ်းလျှောက်လာရင်း သူမအား သိမ်မွေ့စွာ အကဲခတ်ကြည့်ရှုလိုက်သည်။
ဟွမ်ယမ် "ယန်မြို့တော်က ကြီးပွားချမ်းသာပြီးကြွယ်ဝတဲ့ နေရာတစ်ခုပဲ၊ မိန်းကလေးပိုင်၊ အဲဒီကို မသွားချင်ဘူးလား "
သွားချင်သည်။ သေချာပေါက် သူမ သွားချင်ခဲ့သော်လည်း သူမတွင် ကိုယ်ပိုင် လက်နှင့် ခြေထောက်များ ရှိနေသည်ဖြစ်ရာ အဘယ်ကြောင့် သူတစ်ပါး၏ ခေါင်မိုးအောက်တွင် နေထိုင်ရမည်နည်း။ ပိုင်ချောင်ရှီ ပြုံးလိုက်သည်။
ပိုင်ချောင်ရှီ "အပြင်လောကကြီးက အရမ်းအန္တရာယ်များတယ်၊ ကျွန်မရဲ့ ရွာလေးမှာပဲ တိတ်တဆိတ်နေတာ အကောင်းဆုံးပဲ"
ဟွမ်ယမ်မှာ အနည်းငယ် အံ့ဩသွားခဲ့သည်။ ပိုင်ချောင်ရှီသည် တကယ်ကိုငြိမ်းချမ်းသော လူတစ်ဦး ဖြစ်နေသည်။
ဟွမ်ယမ် "အကယ်၍ လေးစားရတဲ့ သခင်ကြီးက မိန်းကလေးပိုင်ကို အတင်းခေါ်သွားမယ်ဆိုရင်ရော "
ဘာလုပ်ရမှာလဲ၊ ဘာမှ လုပ်လို့မရဘူးလေ။
မင်းသားဖုန်းအား အဆိပ်ခတ်ရန် ဖြစ်နိုင်ခြေမည်မျှရှိသည်ကို ပိုင်ချောင်ရှီ တိတ်တဆိတ်စဉ်းစားနေခဲ့သည်။ တောင်ပေါ်စံအိမ်တွင် အပင်များစွာရှိပြီး မည်သည့်အပင်က အဆိပ်ရှိနိုင်သည်ကို မပြောနိုင်ပေ။ သေချာပေါက် အမှားအယွင်းမရှိသော အစီအစဉ်မရှိဘဲ သူမ တဇွတ်ထိုး လုပ်ဆောင်မည် မဟုတ်ပေ။ သူမ ဟွမ်ယမ်၏လက်မောင်းကို ဆွဲကာ မိန်းကလေးငယ်တစ်ဦးကဲ့သို့ အနည်းငယ် ဟန်ဆောင်လိုက်သည်။
ပိုင်ချောင်ရှီ "မမဟွမ်ယမ်၊ အစ်မတို့ရဲ့စံအိမ်ပိုင်ရှင်က လေးစားရတဲ့ သခင်ကြီးနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတာကို ကျွန်မ မြင်ပါတယ်၊ စံအိမ်ပိုင်ရှင်က ကျွန်မအတွက် စကားကောင်းလေး တစ်ခွန်းလောက်ပြောပေးရင် သိပ်ကောင်းမှာပဲနော်၊ ကျွန်မ ဆီမှာလည်း အရမ်းကောင်းတဲ့ ဆေးဖက်ဝင်ဟင်းလျာများ ရှိပါတယ်၊ ပြီးတော့ သူ့ရဲ့ကျေးဇူးကို သေချာပေါက် အဆပေါင်းများစွာပြန်ဆပ်ပါ့မယ် "
အစားအစာနှင့် လာဘ်ထိုးနေခြင်းလော..
သူမ သခင်သည် အစားအသောက်၏သာယာမှုကို ခံစားတတ်သူတစ်ဦး မဟုတ်သော်လည်း ထိုရွာသူလေးအား အတိုင်းအတာတစ်ခုအထိ တန်ဖိုးထား နေပုံရသည်ဟုတွေးရင်း ဟွမ်ယမ် မိမိကိုယ်ကိုယ် ခေါင်းခါယမ်းလိုက်သည်။ ဟုတ်သည်၊ ဟွမ်ယမ် ထိုသို့ ခံစားခဲ့ရသည်။ သို့သော်လည်း သူမသည် သတိထား၍ ပြောလိုက်သည်။
ဟွမ်ယမ် "မိန်းကလေးပိုင် နားလည်ရမှာက စံအိမ်ပိုင်ရှင်ဟာ ကုန်သည်တစ်ယောက်ပါ၊ ဒီကိစ္စကို ကျွန်မတို့ အကောင်းဆုံးကြိုးစားပြီးရင် ကံကြမ္မာကိုပဲ ပုံအပ်ထားရမှာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးပိုင်က အခုလောလောဆယ် ထွက်သွားရဦးမှာ မဟုတ်တော့ သိပ်အများကြီး မတွေးပါနဲ့၊ တောင်ပေါ် စံအိမ်ကို ကျွန်မ လိုက်ပြပေးရင်ရော ဘယ်လိုလဲ "
ပိုင်ချောင်ရှီ "ဒါဆို အရမ်းကောင်းတာပေါ့ "
အစောပိုင်း တောင်ပေါ်စံအိမ်သို့ ဝင်ရောက်လာချိန်တွင် ပိုင်ချောင်ရှီသည် ရှားပါးသစ်ပင်အချို့ကို သတိပြုမိခဲ့ပြီး တောင်ပေါ်စံအိမ်မှ အချောင်နှိုက် မည်ဟူသော အတွေးများကို သူမ ကြာမြင့်စွာကတည်းက ရင်ဘတ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။
ဟွမ်ယမ် လမ်းပြပေးနေခြင်းနှင့်အတူ ၎င်းသည် လုံးဝ တရားဝင် ဖြစ်သွားခဲ့သည်။
သူမတို့နှစ်ဦးသည် ရေကန်ဘေးရှိ လမ်းတစ်လျှောက် ဦးစွာလမ်းလျှောက်သွားခဲ့ကြသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပိုင်ချောင်ရှီ ဆက်၍ မရွေ့လျားနိုင်တော့ပေ။ သူမသည် အရပ်လေးမီတာ သို့မဟုတ် ငါးမီတာခန့် မြင့်ကာ မီးခိုးရောင် သန်းနေသော အညိုရောင် သစ်ခေါက်၊ သိမ်မွေ့သော သစ်ကိုင်းများနှင့် အရွက်များပါရှိပြီး အဖြူရောင် ပန်းပွင့်များ အမြောက်အမြားပွင့်နေကာ ပွင့်ချပ် အပြင်ဘက်တွင် သေးငယ်သော ပန်းဝတ်ဆံများထွက်နေသည့် သစ်ပင်တစ်ပင်ကိုမြင်လိုက်ရသည်။
၎င်းသည် ခေတ်သစ်ဥယျာဉ်များတွင် အတွေ့ရများပြီး မယိမ်းယိုင်သော သစ္စာတရားကို ကိုယ်စားပြုသည့် သစ်ပင်ဖြစ်သော နွီကျန်းပင် တစ်ပင်ဖြစ်သည်။
ကံမကောင်းစွာဖြင့် နွီကျန်းပင်သည် ဩဂုတ်လတွင်သာ အသီးသီးပြီး ဆောင်းရာသီတွင် မှည့်တတ်သည်။ ယခုအချိန်တွင် သူမ ၎င်းကို မှတ်တမ်းမတင် နိုင်ပေ။
သူမ ပန်းပွင့်များကို သဘောကျသည်ဟု ဟွမ်ယမ် ထင်သွားကာ ခြေဖျားထောက်၍ ပန်းတစ်ပွင့်ကို ခူးပြီး သူမ ဆံပင်တွင် ပန်ပေးလိုက်သည်။
ဟွမ်ယမ် "ဒီနွီကျန်းပန်းက မိန်းကလေးပိုင်နဲ့ တကယ်လိုက်ဖက်တာပဲ "
ပိုင်ချောင်ရှီ အနည်းငယ် ရှက်သွားခဲ့သည်။ သူမသည် အမှန်တကယ်တော့ အပင်နှင့် ၎င်း၏အသီးကို လိုချင်တပ်မက်နေပြီး အမြစ်မှ ဆွဲနှုတ်ချင်သည့် အမျိုးအစားဖြစ်ကြောင်း သူမ ပြောနိုင်မည်လား။
ပိုင်ချောင်ရှီ "မမဟွမ်ယမ်၊ ဒီအပင်က အရမ်းလှတယ်၊ တစ်နေ့နေ့ အိမ်ကြီးတစ်လုံး ဆောက်တဲ့အခါ ကျွန်မလည်း တစ်ပင်လောက်စိုက်ဦးမယ် "
ဟွမ်ယမ်သည် သူမအား စိတ်ဓာတ်ကျစေရန် ခက်ခဲနေခဲ့သည်။ သခင်ဖြစ်သူ တောင်ပေါ်စံအိမ်ကို ဆောက်လုပ်စဉ်က ဤသစ်ပင်မျိုးစိတ်များကို စုဆောင်းရန်အတွက် ငွေကြေးမြောက်မြားစွာကုန်ကျခဲ့သည်။
ရှေ့သို့ဆက်သွားရာ ပိုင်ချောင်ရှီသည် ယပ်တောင်ပုံသဏ္ဌာန်အရွက်များရှိသော သစ်ပင်များစွာကိုမြင်တွေ့ခဲ့ရသည်။ ပိုင်ချောင်ရှီသည် သစ်ပင်ကြီးတစ်ပင်ကို တိုက်ရိုက် ဖက်တွယ်လိုက်ပြီး သူမ မျက်နှာကို သစ်ခေါက်နှင့် ဖိကပ်ထားလိုက်သည်။
ဂျင်ဂိုပင် တစ်ပင် ဖြစ်သည်။
ရှေးခေတ်တွင်ဖြစ်စေ ခေတ်သစ်တွင်ဖြစ်စေ အပင်လောက၏ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းဟု လူသိများသော ဤဂျင်ဂိုပင်သည် ရှားပါးမျိုးစိတ်တစ်ခု ဖြစ်သည်။
ဆောင်းဦးရာသီသာဆိုလျှင် သစ်ပင်များသည် ရွှေရောင်လွှမ်းနေမည်ဖြစ်ပြီး အလှပဆုံးသော ရှုခင်းအား ဖန်တီးပေးမည်ဖြစ်သည်။ ထို့အပြင် မြင့်မားသော ဆေးဖက်ဝင်တန်ဖိုးရှိသည့် ဂျင်ဂိုစေ့များလည်းရှိရာ ၎င်းတို့က အမှတ်မည်မျှနှင့် လဲလှယ်နိုင်မည်နည်း။
ဟွမ်ယမ်သည် သူမ၏ချဲ့ကားထားသော စိတ်ခံစားမှုများကို နားမလည်ခဲ့ပေ။
ဟွမ်ယမ် "ညီမလေးပိုင်၊ ဂျင်ဂိုပင်က သခင်ကြီး အရမ်းသဘောကျတဲ့ သစ်ပင်ပဲ၊ ညီမ ခြံထဲမှာ ထပ်စိုက်ဖို့တော့ တွေးမနေဘူးမလား "
ရှေးခေတ်လူများသည် ဂျင်ဂိုအား ဖျင်ကျုံးဟု ခေါ်ဝေါ်ခဲ့ကြသည်။
ပိုင်ချောင်ရှီသည် ပြင်းထန်စွာခေါင်းညိတ်လိုက်ပြီး မျက်ရည်ကျမတတ် အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့သည်။
ပိုင်ချောင်ရှီ "အင်း အင်း စံအိမ်ပိုင်ရှင်ရဲ့ အကြိုက်ကအရမ်းကောင်းတာပဲ၊ ဒီအပင်က အရမ်းလှတယ်၊ ကျွန်မ နှစ်ပင် စိုက်ချင်တယ်၊ အို မဟုတ်ဘူး ဆယ်ပင် "
ဟွမ်ယမ်သည် သူမ နဖူးကို ပွတ်သပ်လိုက်သည်။
'ညီမက ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးတစ်လုံး ဆောက်ချင်နေတာမလား၊ ဒါဆိုရင် ညီမ အရင်ဆုံး ချမ်းသာလာဖို့လိုလိမ့်မယ်၊ ညတွင်းချင်း ချမ်းသာလာမှာ မျိုးပေါ့၊ အဲဒီလိုမှမဟုတ်ရင် ဒီလှပတဲ့ သစ်ပင်ဥယျာဉ်ကြီးတစ်ခုလုံးကို ညီမ ဘယ်လိုလုပ် စုဆောင်းနိုင်မှာလဲ'
သို့သော် ပိုင်ချောင်ရှီသည် လအနည်းငယ်အတွင်း ကြီးကျယ်ခမ်းနားသော အိမ်ကြီးတစ်လုံးတွင် နေထိုင်ရမည့် သူမ၏အိပ်မက်ကို အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ဟွမ်ယမ် မျှော်လင့်မထားခဲ့ပေ။
သူမသည် ဂျင်ဂိုရွက်များစွာကို ခူးယူကာ သူမ ရင်ခွင်ထဲတွင် သယ်ဆောင်သွားခဲ့သည်။ ရပ်လိုက် သွားလိုက်ဖြင့် ပိုင်ချောင်ရှီ၏မျက်လုံးများမှာ ၎င်းတို့အားလုံးကို မငမ်းဘဲမနေနိုင်အောင်ဖြစ်နေခဲ့သည်။
အရာအားလုံးသည် ရတနာတစ်ခုဖြစ်သည်။
အဆုံးတွင် သူမသည် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့် အလွယ်တကူမြင့်မားပြီး ဝိုင်းစက်ကာ အဝါရောင်ရှိသော လော့ကွတ်သီးများပြည့်နှက်နေသည့် လော့ကွတ်ပင်တစ်ပင်ရှေ့တွင် ရပ်တန့်လိုက်သည်။ လော့ကွတ်ရွက်နှင့် အသီး နှစ်မျိုးစလုံးသည် ဆေးဖက်ဝင်ပါဝင်ပစ္စည်းများဖြစ်ကြသည်။
ပိုင်ချောင်ရှီ "မမဟွမ်ယမ်၊ ကျွန်မ နည်းနည်းလောက် ခူးလို့ရမလား ဟင်"