အခန်း ၄၇
Vol. 5 Ch. 47
🌱 Chapter 47
သမားတော် သို့မဟုတ် ထမင်းချက်တစ်ယောက် ဖြစ်နေလျှင်ပင် ယင်းကျစ်ဖုန်း ရွေးချယ်သောသူသည် နောက်ခံရာဇဝင်သန့်ရှင်းပြီး အစွန်းအထင်းကင်း သော ဘဝရှိရမည်ဖြစ်သည်။
မုဆိုးမလေးတစ်ဦး နောက်အိမ်ထောင်ပြုသည်ဟူသောအချက်က သူ့ နားထဲတွင် နားခါးစရာ ဖွင့်ဟချက်တစ်ခုဖြစ်နေခဲ့သည်။
လေပြင်းတစ်ချက်ကဲ့သို့ ယင်းကျစ်ဖုန်းသည် အမျိုးသမီးဝမ်၏ အနီးသို့ ရွှေ့သွားကာ သူမ ကော်လံကို ဆွဲကိုင်လိုက်သည်။
ယင်းကျစ်ဖုန်း "နောက်တစ်ခေါက် ပြန်ပြောစမ်း"
အမျိုးသမီးဝမ်မှာ ပါးစပ်မှ အမြှုပ်ထွက်မတတ်ဖြစ်ကာ မျက်လုံးများပြူးကျယ်သွားပြီး တုန်ရီစွာဖြင့် ထစ်အလျက်
"ပိုင်၊ ပိုင်ချောင်ရှီနဲ့ ကျွန်မက အစက လင်ညီအစ်မတွေပါ၊ သူမ… သူမက အသက်ဆယ့်လေးနှစ်မှာ ရှဲ့မိသားစုထဲကို လက်ထပ်ဝင်ရောက်လာခဲ့ပြီး တစ်လတောင်မပြည့်ခင်မှာ သူ့ယောက်ျားကို သတ်ပစ်ခဲ့တာပါ"
ဆယ့်လေးနှစ်အရွယ်…
ယင်းကျစ်ဖုန်း မျက်နှာမှာ ခက်ထန်သွားပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ပိုင်ချောင်ရှီ၏မျက်ရည်စိုရွှဲနေသော မျက်လုံးများ၏ ပုံရိပ်က သူ့ မျက်စိရှေ့တွင် ဖြတ်ပြေးသွားသည်။ လူပေါင်းများစွာကို တွေ့မြင်ဖူးသူဖြစ်ရာ သူသည် အမျိုးသမီးများနှင့် မိန်းမပျိုလေးများကို ခွဲခြားသိမြင် နိုင်စွမ်းရှိသည်ဟု မိမိကိုယ်ကို ဂုဏ်ယူထားသူဖြစ်သည်။ သူ ဆုပ်ကိုင်ထားမှုကို ပိုမိုတင်းကျပ်လိုက်ပြီး
ယင်းကျစ်ဖုန်း "ဒါဆို မင်းရဲ့မတ်က တကယ်တော့ ဖယောင်းခေါင်းတပ်ထားတဲ့ ငွေလှံတံဖြစ်နေတာပေါ့"
အမျိုးသမီးဝမ်သည် အသက်ရှုကြပ်လာပြီး သေလုမတတ် အကြောက်တရားဖြင့် ဖမ်းဆုပ်ခံလိုက်ရသည်။ သူမ သေရတော့မည်ဟု ထင်မှတ်လိုက်ချိန်တွင် အသက်ရှုရန် အချိန်ခဏမျှ ရရှိသွားခဲ့သည်။
ယင်းကျစ်ဖုန်း "ဆက်ပြောလေ"
အမျိုးသမီးဝမ်သည် မြေပြင်ပေါ်သို့ ခွေကျသွားကာ
"ပြော၊ ပြောပါ့မယ် အရှင်၊ ပိုင်ချောင်ရှီက ကျွန်မ မတ်လေးကို ကံဆိုးမှုတွေ ယူဆောင်လာပေးရုံသာမကဘဲ ဖောက်ပြန်ခဲ့ပါသေးတယ်၊ သူမက တိတ်တိတ်လေး ရည်းစားငယ်လေးတစ်ယောက်ထားခဲ့ပြီး နောက်တော့ အဲ့လူကို လက်တောင်ထပ်ခဲ့ပါသေးတယ်၊ အဲဒီလို မိန်းမမျိုးက ဘယ်လိုလုပ် အပျိုစင်ဖြစ်နိုင်မှာလဲ၊ ပြီးတော့ အရှင့်ရဲ့အာရုံစိုက်မှုကိုခံရဖို့ သူမ ဘယ်လိုလုပ် ထိုက်တန်မှာလဲ"
ယင်းကျစ်ဖုန်း ခပ်ဖွဖွ ရယ်မောလိုက်သည်။ သာမန် ရုပ်ချောသောကောင်လေးတစ်ယောက်က ဂုဏ်သိက္ခာကြီးမားသော မင်းသားဖုန်းနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
ယင်းကျစ်ဖုန်း "ခင်ပွန်းရှိနေတာက ပြဿနာမဟုတ်ပါဘူး၊ သူ့ကို သတ်ပစ်လိုက်ရုံပေါ့"
တကယ်ပင် မှားယွင်းသော နာမည်ပြောင်များမရှိဘဲ မှားယွင်းသော အမည်နာမများသာရှိသည်။ မင်းသားဖုန်း ရူးသွပ်သွားသောအခါ သူသည် လူသားမဆန်တော့ပေ။
ယင်းကျစ်ဖုန်း အမျိုးသမီးဝမ်၏မျက်နှာကို လွန်စွာရွံရှာဖွယ်ကောင်းသည့်ဟန်ဖြင့် ပုတ်လိုက်ကာ
"မင်းလို ယုတ်မာတဲ့ မိန်းမကျတော့ နည်းနည်းလေးမှ မချစ်စရာကောင်းဘူး၊ မင်းရဲ့လုပ်ရပ်တွေအတွက် အကျိုးဆက်ကို မြည်းစမ်းကြည့်နိုင်အောင် မင်းကိုပါ ရေနှစ်သတ်လိုက်ကြတာပေါ့”
ဘဲပေါက်လေး တစ်ရာကိုရရှိပြီးနောက် ပိုင်ချောင်ရှီသည် သူမကိုယ် သူမ လုံးဝ လွတ်လပ်စွာနေထိုင်လေတော့သည်။
သူမသည် နဖူးတွင် ခေါင်းစီးပုဝါတစ်ထည်ကို စည်းနှောင်ကာ ရေကန်ထဲမှ ကြာရွက်တစ်ရွက်ကို ခူးယူဆောင်းထားပြီး ဘဲကျောင်းရန် ကန်ပေါင်ပေါ်တွင် ထိုင်နေခဲ့သည်။
သူမသည် ထိုမျှသာမကဘဲ ပါးစပ်တွင် မြက်ပင်တစ်ပင်ကိုကိုက်ထားကာ သီချင်းတစ်ပုဒ်အား ညည်းတွားလျက် လွန်စွာ ပူပင်သောကကင်းမဲ့နေပုံပေါ်သည်။
ဘဲများသည် ရေကန်ထဲတွင် ရှိနေစဉ် ကြီးမားသော ရွှေငါးကြီးများကိုရှောင်ရှားကြသော်လည်း တန်ဖိုးကြီးမားသော ငါးသားပေါက်လေးများကိုမူ စားသောက် ကြသည်။
စံအိမ်ရှိ အစေခံများနှင့် အစေခံမိန်းကလေးများမှာ ဤစားသောက်ပွဲကြောင့် အံ့အားသင့် မှင်သက်သွားကြရသည်။
အလုပ်ကိစ္စများ လုပ်ဆောင်ပြီးနောက် ပြန်လည်ရောက်ရှိလာသော ယွမ်ရှန်းသည် ဆယ့်ငါးမိနစ်လျှင် တစ်ကြိမ် သူ့ အစေခံများထံမှ သတင်းပို့ချက်ကို လက်ခံရရှိလေသည်။
အစေခံ "သခင်ကြီး၊ မိန်းကလေးပိုင်ရဲ့ ဘဲလေးတွေက ရေကန်ထဲက ကျားခေါင်း၊ ကံကောင်းခြင်းကြယ်ပွင့်နဲ့ ရွှေငါးလေးတွေ အများကြီးကို စားပစ်လိုက်ကြ ပါတယ်"
ဤသုံးမျိုးမှာ ယွမ်ရှန်း မွေးမြူထားသော ရွှေငါးများအနက် အတွေ့ရအများဆုံး အမျိုးအစားများဖြစ်သည်။
စုတ်တံကိုကိုင်ထားသော ယွမ်ရှန်းသည် ခဏမျှတုံ့ဆိုင်းသွားကာ
"ဘဲ၊ ဒီဘဲတွေက ဘယ်က ရောက်လာတာလဲ"
အစေခံက တုန့်ဆိုင်းစွာဖြင့် "ရောဂါကို ကုသပေးတဲ့အတွက် မိန်းကလေးပိုင်ကို ကျေးဇူးတင်တဲ့အနေနဲ့ အရှင်ယင်းက ပေးပို့လိုက်တာပါ”
ယွမ်ရှန်း "မိန်းကလေးပိုင်ရဲ့ ဘဲလေးတွေက အဲဒီလောက်တောင် ကြမ်းတမ်းတာလား၊ ငါ့ရဲ့ ကျားခေါင်းစစ်သူကြီးကတောင် သူတို့ကို မနိုင်ဘူးလား”
ယွမ်ရှန်းသည် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ကွာဝေးသောနေရာတွင် စစ်သူကြီးဟုအမည်ရသော ဝံပုလွေပေါက်လေးတစ်ကောင်ရှိနေကြောင်းကို မသိခဲ့ပေ။ ၎င်းမှာ စစ်သူကြီး ဖေးလုပင်။
အစေခံမှာ အံ့ဩသွားခဲ့သည်။ သခင်ကြီးသည် သူ၏ရွှေငါးများအတွက် စိုးရိမ်ပူပန်သင့်သည် မဟုတ်ပါလော။
အစေခံ "ဒါ၊ ဒါက”
ယွမ်ရှန်း "စကြဝဠာကြီးထဲက အရာခပ်သိမ်းက အပြန်အလှန်ဆက်နွယ်နေပြီး အပြန်အလှန်လည်း ဆန့်ကျင်နေကြတယ်၊ လိုက်လျောညီထွေ နေထိုင်နိုင်တဲ့ သူတွေပဲ ရှင်သန်နိုင်လိမ့်မယ်၊ ဒါကြောင့် ဖြစ်စဉ်အတိုင်းပဲ ဆက်ဖြစ်ပါစေ”
အစေခံများမှာ ထွက်ခွာသွားကြသည်။
နောက်ထပ် ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ အစေခံများ ထပ်မံရောက်ရှိလာကြပြန်သည်။
အစေခံ "သခင်ကြီး၊ မိန်းကလေးပိုင်ရဲ ဘဲပေါက်လေးတွေက ရေကန်တစ်ခုလုံးနဲ့ မြက်ခင်းတွေထဲမှာ မစင်တွေ စွန့်ထားပါတယ်၊ ကျွန်တော်တို့၊ ကျွန်တော်တို့ သူတို့ကိုမောင်းထုတ်လို့ အဆင်မပြေပါဘူး”
ယွမ်ရှန်း သူ့နားထင်များကို ပွတ်သပ်လိုက်ပြီး အနည်းငယ်ခေါင်းကိုက်လာသလို ခံစားလာရကာ တစ်ဖက်တွင် ရူးသွပ်နေသော မင်းသားနှင့် အခြားတစ်ဖက်တွင် ဧည့်သည်များအကြား ဗျာများနေခဲ့သည်။
ယွမ်ရှန်း "မြေသြဇာလို့ပဲ သတ်မှတ်လိုက်ပါ၊ ဒီညတော့ မင်းတို့ပဲ ဖြေရှင်းလိုက်ကြ”
အစေခံ "….”
ကောင်းပြီ၊ သခင်ကြီးပြောသမျှ အတည်ပဲ။
အစေခံ တတိယအကြိမ် ဝင်လာသောအခါ ယွမ်ရှန်း မျက်နှာမှာ ပြာနှမ်းသွားခဲ့သည်။
ယွမ်ရှန်း "အခုကော ဘာဖြစ်ပြန်ပြီလဲ”
အစေခံ "ပိုင်ချောင်ရှီရဲ့ဘဲပေါက်လေးတွေက သခင်ကြီး အနှစ်သက်ဆုံးဖြစ်တဲ့ ပီယိုနီပန်းကိုထိုးဆိတ်ပြီး ဖျက်ဆီးပစ်လိုက်ပါပြီ သခင်ကြီး”
ယွမ်ရှန်းသည် ပိုင်ချောင်ရှီ၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
သူမသည် ထွက်ခွာသွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ၎င်းမှာ ယွမ်ရှန်းမှတစ်ဆင့် ယင်းကျစ်ဖုန်းထံသို့ အချက်ပြရန် သူမ ရည်ရွယ်ထားခြင်းဖြစ်သည်။
နေဝင်ဆည်းဆာအချိန်တွင် ဟွမ်ယမ်သည် ပိုင်ချောင်ရှီ၏ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့ပြီး ဘဲတစ်ရာထံမှဝန်းရံခြင်း ခံလိုက်ရကာ ၎င်းတို့၏ အော်မြည်သံ များက လေထုထဲတွင် ဖုံးလွှမ်းနေခဲ့သည်။
ဟွမ်ယမ် "နင် စံအိမ်ကနေ ထွက်သွားဖို့ကို အဲဒီလောက်တောင် လောနေတာလား”