← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

🌱 Chapter 48

ဘဲများက ကွတ်ကွတ်နှင့် အော်နေကြပြီး ဟွမ်ယမ် ဘဲအုပ်ကြားထဲတွင် ရပ်ကာ ချိုသာစွာ ပြုံးနေသည်။

ထိုမြင်ကွင်းက အရမ်းကိုလှပလွန်းနေသည်။

"တောင်ပေါ်စံအိမ်ကနေ ထွက်သွားဖို့ အဲ့လောက်တောင် လောနေတာလား"

ပိုင်ချောင်ရှီ ခေါင်းပေါ်မှ ခေတ်ဆန်ဆန်ပဝါကို ဖယ်ရှားလိုက်ပြီး အပြစ်ကင်းစင်ကာ အန္တရာယ်မရှိပုံပေါက်သော မျက်နှာလေးဖြင့်

"မဟုတ်ပါဘူး မမဟွမ်ယမ်ရယ်၊ စံအိမ်မှာက စားကောင်းသောက်ဖွယ်တွေ၊ နေစရာကောင်းကောင်းတွေရှိပြီး ရှုခင်းတွေကလည်း သာယာတယ်၊ နေ့တိုင်း ဒီမှာပဲ နေပြီး အိမ်ရှင် ဖြစ်သွားချင်တာ"

ဟွမ်ယမ် သူမ ပြောလာသည်ကို တစ်ခွန်းမှမယုံကြည်ပါ!

သူမက အိမ်ရှင်၏ ငါးများကို စားသည်၊ အိမ်ရှင်၏ပန်းမန်များကို နင်းခြေသည်၊ နေရာတိုင်းတွင်လည်း မြေဩဇာ (ချေး) တွေ ပုံထားခဲ့သေးသည်။ ဒါက 'သဘောကျတယ်' ဆိုတဲ့ အဓိပ္ပာယ်လား။

"နင် လောစရာ မလိုပါဘူး၊ နင့်အတွက် စံအိမ်သခင် သွားပြီး အသနားခံပေးနေပြီ၊ တစ်ရက် နှစ်ရက်နေရင် နင် အိမ်ပြန်လို့ရလောက်မှာပါ"

ပိုင်ချောင်ရှီ တောသူမလေးများ၏ ပွင့်လင်းလွတ်လပ်သော ဟန်ပန်မျိုးဖြင့် သူမ လက်ပေါ်မှ ဖုန်များကို သေသပ်စွာ ခါလိုက်ပြီး

"အဲ့ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့၊ စံအိမ်သခင်နဲ့ အစ်မကို ကျေးဇူးတင်ပေမယ့် ကျွန်မ အိမ်ကို ဧည့်သည်အဖြစ် ဖိတ်ဖို့တော့ မရဲပါဘူး၊ ရင်ထဲကနေပဲ

ဆုတောင်းပေးနိုင်မှာပါ"

ဒါပေမဲ့ ဟွမ်ယမ်ကမူ နားမလည်နိုင်ဖြစ်သွားရသည်။ ပိုင်မိသားစုက တခြားသူတွေကိုတောင် ပေးမတွေ့ရဲလောက်အောင် ဆင်းရဲနေလို့များလား။ သူမ ပါးနပ်သော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပိုင်ချောင်ရှီနှင့် ပတ်သက်၍ ပိုသိချင်လာရသည်။

"ဘာဖြစ်လို့လဲ"

"ကျွန်မ အိမ်က အိမ်လေ၊ အစ်မတို့ရဲ့တောင်ပေါ်စံအိမ်က တည်းခိုခန်းနဲ့တူတယ်၊ လှတော့ လှပေမယ့် နေ့စဉ်ဘဝရဲ့ နွေးထွေးမှုမျိုး မရှိဘူး"

ထိုသို့ပြောပြီးနောက် ပိုင်ချောင်ရှီ အခန်းထဲသို့ ဝင်သွားသည်။

ဟွမ်ယမ်ကမူ ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့ပြီး သူမ ဘေးတွင် ဘဲပေါက်လေး လာ'ဆိတ်' နေသည်ကိုတောင် သတိမထားမိလိုက်ပေ။ သူမ နည်းနည်း တော့ နားလည်သွားရသည်။ စံအိမ်သခင် ဒီအမျိုးသမီးကို အလိုလိုက်ထားတာက သူမက တောင်ပေါ်စံအိမ်ကို မတူညီတဲ့ ပတ်ဝန်းကျင်အငွေ့အသက်မျိုး ယူဆောင်လာပေးလို့များလား။ သူမရဲ့ထက်မြက်တဲ့ စိတ်ကူးတွေနဲ့ ထူးခြားတဲ့ နည်းလမ်းတွေက တောင်ပေါ်စံအိမ်ကို အသက်ဝင်လာစေခဲ့တာပဲ!

လုထို့ဝမ်၏ ခြံဝန်း

အမှောင်ကျနေပြီဖြစ်ပြီး ခြံဝန်းထဲတွင် အနီရောင်မီးပုံးများကို ထွန်းညှိထားသည်။

အဘိုးအို ခြံဝန်းထဲတွင် ဒေါနရွက်များဖြင့် ခြေထောက်စိမ်နေပြီး ကျစ်ရှုကမူ သူ့အခန်းငယ်လေးထဲတွင် ကိုယ်တိုင်မှတ်စုရေးထားသည့် "တာ့ယန်ချန်းကျင်းဖန်" ဆေးကျမ်းစာအုပ်ထဲ နစ်မြုပ်နေသည်။

စက္ကူလုံးလေးတစ်လုံးက သူ့ ခြေဆေးဇလုံဘေးသို့ ကွက်တိ ကျလာသည်။ လုထို့ဝမ် စိုနေသောလက်ဖြင့် ကောက်ယူလိုက်ရာ အပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးထားသည်။

"သူမကို တပည့်အဖြစ် တကယ်လက်မခံတော့ဘူးလား၊ သူမရဲ့ အရည်အချင်းက တော်တော်လေးကောင်းပြီး ခင်ဗျားရဲ့အသုံးမကျတဲ့ တပည့်ထက်တောင် အများကြီး သာသေးတယ်"

လုထို့ဝမ် တစ်ဖက်လူ သေချာမြင်ရ၊ မမြင်ရကို ဂရုမစိုက်ဘဲ 'ဟင့်အင်း' ဟူသော လက်ဟန်အမူအရာ ပြလိုက်သည်။

သူသည် သူ၏အထီးကျန်ဆန်ဆန် အေးအေးလူလူနေရသည့်ဘဝကို သဘောကျသည်။

နောက်ထပ် စက္ကူလုံးတစ်လုံး ပျံလာပြန်သည်။ လုထို့ဝမ် ကောက်ယူပြီး ဖြန့်ကြည့်လိုက်သည်။

"အဖြေပေးဖို့ မလောပါနဲ့ ခင်ဗျား ဗိုက်ကို ပြန်မေးကြည့်ပါဦး၊ ခြောက်ကပ်နေပြီမလား"

လုထို့ဝမ် စိတ်အိုက်အိုက်ဖြင့် သူ့ဗိုက်ကိုပုတ်ကာ လက်ဟန်ပြလိုက်သည်။

"ငါ့ ဗိုက်က ဂုဏ်သိက္ခာရှိတယ်"

သူ အလှူခံမည်မဟုတ်သလို သူများ ကျေးဇူးတင်ခံရမည့်အလုပ်လည်း လုပ်မည်မဟုတ်ပေ။

တတိယမြောက် စက္ကူလုံး

"သူမက နောင်ကျရင် စားသောက်ဆိုင်ဖွင့်မယ်တဲ့၊ လောကမှာ နံပါတ်တစ် စားသောက်ဆိုင်ထက်တောင် ပိုကြီးကျယ်ဦးမယ်၊ အရသာရှိတဲ့ ဟင်းလျာတွေနဲ့ အရက်ကောင်းတွေ အစုံအလင်ရှိမယ်တဲ့ အဖြေမပေးခင် သေချာစဉ်းစားပါ"

ပိုင်ချောင်ရှီ သူမအခန်းထဲတွင် နှာချေလိုက်သည်။ ဘယ်သူကများ ကွယ်ရာမှာ သူမအကြောင်း ပြောနေတာလဲ။

လောကမှာ နံပါတ်တစ် စားသောက်ဆိုင်ဆိုတာ ဘာကြီးလဲ။ ပိုင်ချောင်ရှီ လုံးဝမသိပါချေ။

ထိုစကားကမူ ကျစ်ရှု လုပ်ကြံပြောထားခြင်းဖြစ်သည်။

လုထို့ဝမ် တံတွေးမျိုချလိုက်သည်။ စက္ကူလုံးကို ကြည့်ရုံဖြင့်ပင် သူ့အား ဗိုက်ဆာလာစေနိုင်သည်။ သူ့ဗိုက်ထဲက အစားမက်တဲ့ သန်ကောင်တွေကို ဘယ်သူကများ ထိန်းချုပ်နိုင်မှာလဲ။

သူ လက်ဟန်ဆက်ပြသည်။

"ဟင့်အင်း၊ ငါ သဘောမတူနိုင်ဘူး"

တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ စတုတ္ထမြောက် စက္ကူလုံး ပျံလာသည်။

"ဒီည ကျွန်တော့် အလုပ်တွေလုပ်ဖို့ ခင်ဗျား ကူညီပေးရမယ်"

ဒီတစ်ခါတော့ လုထို့ဝမ် စိုးရိမ်သွားပြီး အခန်းထဲသို့လှမ်းကြည့်ကာ လက်ချောင်းများကို လျင်မြန်စွာလှုပ်ရှားလိုက်သည်။

"မင်း အသက်ကို ငရဲတံခါးဝကနေ သီသီလေးဆွဲခေါ်ထားရတာ၊ ထင်ရာစိုင်းပြီး လျှောက်မလုပ်နဲ့"

ပြတင်းပေါက်မှနေ၍ ကျစ်ရှု ခေါင်းပြူထွက်လာပြီး ပဉ္စမမြောက် စာရွက်ကို ပစ်လိုက်သည်။

"ကျွန်တော် ဒါကို လုပ်ကို လုပ်ရမယ်၊ ခင်ဗျား မကူညီရင် ကျွန်တော့်ဘာသာ တစ်ယောက်တည်းလုပ်မယ်"

လုထို့ဝမ် သက်ပြင်းချလိုက်ပြီး စက္ကူလုံး ငါးလုံးစလုံးကို ခြေဆေးဇလုံထဲ ပစ်ထည့်လိုက်သည်။ စက္ကူများ အရည်ပျော်သွားပြီး စာများ ဝါးသွားကာ ဘာမှ သေချာမမြင်ရတော့ပေ။ သူ ခြေထောက်ကို မသုတ်တော့ဘဲ သစ်သားခုံဖိနပ်များကိုစီးကာ အခန်းထဲဝင်သွားပြီး၊ ကျစ်ရှုအား မကျေမနပ် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ငါတော့ မင်းတို့ အကြွေးတွေ တင်နေပြီ"

"တုန်းဖိုးဝက်သားနီချက်ကို အလကား စားခဲ့တာလား၊ ရှန်းယောင်း၊ စွန်ပလွံနီ ဆန်ပြုတ်နဲ့ ဖူလင်မုန့်ကို အလကား စားခဲ့တာလား၊ သကြားခဲ သစ်တော်သီး လော့ကွတ်ဆန်ပြုတ်ကိုကော အလကားသောက်ခဲ့တာလား၊ သိပ်စွမ်းရင်လည်း ပြန်အန်ထုတ်လိုက်လေ"

လုထို့ဝမ် အန်ချင်ဟန် ဆောင်လိုက်သည်။

ဒီလိုဖြစ်မည်မှန်းသာ သိရင်၊ အစကတည်းက သူ ဘာလို့ ဒီလိုလုပ်ခဲ့မိမှာလဲ၊ ဒီရောဂါသည်ကောင်က ပိုင်ချောင်ရှီထက် အများကြီးပိုကောက်ကျစ်တယ်။

နှလုံးမည်း၊ အူမည်း၊ လက်လည်း မည်းသည်။

(T/N : စိတ်ထားယုတ်မာပြီး လက်ရဲဇာတ်ရဲနိုင်လွန်းသည်)

All Chapters