အခန်း ၁၇၁
Vol. 18 Ch. 171
🍅 Chapter 171
“အဖွား၊ အရင်စားပါ”
ကလေးမလေး၏ သိမ်မွေ့သောအပြုအမူကို မြင်သောအခါ ကျန်းချင်းဟန်မှာ ရင်ထဲတွင် နွေးထွေးသွားပြီး ဆီးသီးသကြားချောင်းက်ု ညင်သာစွာ တစ်ကိုက်ကိုက်စားလိုက်သည်။
“အင်း၊ ချွန်းနီက အဖွားကို ခွံ့ကျွေးတဲ့ ဆီးသီးက ပိုချိုတာပဲ”
ချွန်းနီက တခစ်ခစ်ရယ်မောလိုက်ပြီး ကျန်းချင်းဟန်၏ လက်ထဲသို့ ဆီးသီးသကြားချောင်းတစ်ချောင်း ထိုးထည့်ပေးကာ တခြားသူများနှင့် မျှဝေစားရန် ထွက်သွားလေသည်။
ကလေးမလေးက သူမ ဘာလုပ်နေသည်ကို အတိအကျ သိပုံရသည်။ သူမက ဆီးသီးသကြားချောင်း တစ်ချောင်းကို အဖွားဖြစ်သူအား အရင်ပေးပြီးနောက် အဖွား ဝူယွီလန်၊ ထို့နောက် မိခင်နှင့် အဒေါ်နှစ်ဦး၊ နောက်ဆုံးမှ သူမ၏ မောင်နှမများကို ပေးလေသည်။
ထိုအခြေအနေကို မြင်သောအခါ စုန့်ကျစ်ရှုမှာ ဆေးဘက်ဝင်အပင်များကို စီစဉ်နေရင်း ခေါင်းငုံ့ထားလိုက်သည်။
သူက ယခင်က ဤကလေးမလေးအား အစေခံအဖြစ် ရောင်းစားချင်ခဲ့ဖူးသဖြင့် သူမက သူ့ကို သေမတတ် မုန်းတီးနေလောက်မည်ဟု စိတ်ထဲတွင် တွေးလိုက်မိ၏။
သို့သော် အံ့ဩစရာကောင်းသည်မှာ ချွန်းနီက အားလုံးကို ၏ပေးပြီးနောက် နောက်ဆုံးတွင် ဆီးသီးသကြားချောင်း တစ်ချောင်းအား ကိုင်ဆောင်ရင်း သူ့ထံသို့ လျှောက်လာခဲ့ခြင်းပင်။
“ဦးလေး ၄ ၊ ဆီးသီးသကြားချောင်း စားပါဦး”
သူမက ချိုမြိန်သော ပါးချိုင့်လေးများဖြင့် ပြုံးရွှင်နေလေသည်။
“ငါ့အတွက်လား”
စုန့်ကျစ်ရှုမှာ မှင်တက်သွားပြီး မယုံကြည်နိုင်စွာဖြင့် မိမိကိုယ်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဟုတ်တယ်၊ ဒီတစ်ချောင်းက ဦးလေး ၄ အတွက်”
ချွန်းနီ စုန့်ကျစ်ရှု၏လက်ထဲသို့ ဆီးသီးသကြားချောင်း ထိုးထည့်ပေးလိုက်ပြီး သူ မတုံ့ပြန်နိုင်မီမှာပင် ခုန်ဆွခုန်ဆွဖြင့် ထွက်သွားလေသည်။
သူ့ လက်ထဲရှိ ဆီးသီးသကြားချောင်းကို ကြည့်ရင်း စုန့်ကျစ်ရှုမှာ ရင်ထဲတွင် ခါးသီးသော အရသာကို ခံစားလိုက်ရသည်။
ဤမျှ ချစ်စရာကောင်းသော တူမလေးကို…….
‘ငါ အရင်က တကယ်ကို ရူးနေခဲ့တာပဲ’
ချွန်းနီအား ငွေအချောင်း အနည်းငယ်ဖြင့် ရောင်းစားချင်ခဲ့သည်ကို ပြန်တွေးမိသောအခါ သူ မိမိကိုယ်ကို ချက်ချင်းပင် ပါးချပစ်ချင်စိတ် ပေါက်လာတော့သည်။
‘ငါ့ ဦးနှောက်များ ချို့ယွင်းနေခဲ့တာလား၊ ဒီလောက်လိမ္မာတဲ့ ကလေးမလေးကို ရောင်းစားဖို့ တွေးခဲ့မိတယ်'
‘ငါ တကယ်ကို သေသင့်တယ်’
ချွန်းနီ စုန့်ကျစ်ရှုကို ထပ်မံဂရုမစိုက်တော့ဘဲ လူတိုင်းကို ဆီးသီးသကြားချောင်းများ မျှဝေပေးပြီးနောက် သူမ၏ အရုပ်များကိုသာ ပြန်ကစားနေတော့သည်။
“အဖွား၊ ဒါကိုယူပြီး အားလုံးနဲ့ ကစားလို့ရမလား”
“ရတာပေါ့၊ ဒါကို ဘောလုံးလို့ ခေါ်တယ်၊ ခြေထောက်နဲ့ ကန်ရတာလေ”
ကျန်းချင်းဟန် ပြောရင်း ချွန်းနီအတွက် သရုပ်ပြပေးလိုက်သည်။
ချွန်းနီကမူ ဘောလုံးကို ကိုင်ကာ စမ်းကစားချင်နေပြီး မကြာမီမှာပင် ခြံဝင်းထဲရှိ ကလေးအားလုံးနှင့်အတူ ကစားနေတော့သည်။
ဤဘက်တွင် အေးချမ်းသာယာနေသော်လည်း တစ်ဖက်တွင်မူ လုံးဝကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။
…
သူမ၏မိဘများ ပြန်လာသည်ကို မြင်သောအခါ အဒေါ်ဖန်း ဝမ်းသာအားရ ဆီးကြိုလိုက်သည်။
“အဖေ၊ အမေ၊ ဘယ်လိုနေလဲ၊ ကိစ္စက အောင်မြင်ခဲ့လား”
အဘိုးအို အဒေါ်ဖန်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ဖြန်း
“နင်…. မိဘ စကားနားမထောင်တဲ့သမီး၊ နင့်ကြောင့် ငါတို့သေတော့မလို့”
အဒေါ်ဖန်း၏မျက်နှာပေါ်တွင် တောက်ပသော အနီရောင်လက်ဝါးရာကြီး ချက်ချင်းပေါ်လာတော့သည်။
ထိုအခါမှသာ သူမ မိဘများ၏မျက်နှာများမှာ နီရဲဖောင်းအစ်နေပြီး နှုတ်ခမ်းထောင့်များမှ သွေးများစိမ့်ထွက်နေသည်ကို သူမ သတိပြုမိသွားလေသည်။
သူတို့၏အနောက်တွင် အေးစက်စက်မျက်နှာထားဖြင့် အစောင့်အချို့ လိုက်ပါလာကြလေ၏။
“အမေ...”
“ဒါ... ဒါက ဘာဖြစ်တာလဲ၊ စုန့်မိသားစုဆီ ဆွေမျိုးသွားစပ်တာ မဟုတ်ဘူးလား”
အဘွားအိုက သူမ ပေါင်ကို သူမ ရိုက်လိုက်သည်။
“လီနန်၊ လီရှို့ယွင်ရဲ့အမေအရင်းကို ငါတို့ ရန်သွားစလို့မရဘူး၊ တကယ်ကို ငါတို့ သွားထိလို့မရတဲ့သူပဲ၊ ဒီတစ်ခါတော့ နင် တကယ်ပဲ နင့်မိဘတွေကို ဖျက်ဆီးလိုက်တာပဲ”
အစောင့်များက သူတို့နှင့် အချိန်ဖြုန်းမနေတော့ပေ။ သူတို့ လက်ဝှေ့ယမ်းကာ သူတို့သုံးဦးလုံးကို ဖမ်းဆီးပြီး ဆွဲခေါ်သွားကြတော့သည်။
“ရှင်တို့...”
“ဘာလုပ်နေကြတာလဲ၊ ဘာလို့ ကျွန်မ အမေနဲ့ အဖိုးအဖွားတွေကို ဖမ်းရတာလဲ”
ကျောက်ရှောင်ချင်လည်း အလန့်တကြား ပြေးထွက်လာသည်။
နောက်ထပ် တစ်ယောက်ရှိသေးသည်ကိုမြင်သောအခါ အစောင့်များ ကျောက်ရှောင်ချင်ကိုပါ တစ်ခွန်းမှမပြောဘဲ ဖမ်းဆီးလိုက်ကြ၏။
“လွှတ်၊ ကျွန်မကို လွှတ်၊ ဘာလို့ ကျွန်မတို့ကို ဖမ်းရတာလဲ”
“နင့်အမေနဲ့ နင့်အဘိုးအဘွားတွေ ဘာတွေလုပ်ခဲ့လို့လဲဆိုတာ သူတို့ကို သွားမေးလေ”
ထိုသို့ပြောပြီးနောက် အစောင့်က အခြားသူများကို အချက်ပြလိုက်ရာ သူတို့က လူများအား ဆွဲခေါ်သွားကြတော့သည်။
…
“ရော့ယွင်၊ ဒါက အမေ သမီးအတွက် စုဆောင်းပေးထားတဲ့ တင်တောင်းပစ္စည်းတွေထဲက အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်၊ မြို့တော်မှာ အများကြီးကျန်သေးတယ်၊
နောက်ပိုင်းကျရင် အမေ သမီးကို ဖြည်းဖြည်းချင်းပေးပါ့မယ်”
ကျန်းချင်းဟန်က သေတ္တာတစ်လုံးကို လီရှို့ယွင်ထံသို့ ကမ်းပေးလိုက်သည်။
လီရှို့ယွင် သေတ္တာထဲရှိ ငွေစက္ကူအပုံလိုက်နှင့် အိမ်ဂရန်၊ မြေဂရန် စာချုပ်စာတမ်းများကိုကြည့်ကာ အနည်းငယ်ကြောင်အမ်းအမ်းဖြစ်နေမိသည်။
“အမေ... ဒီပစ္စည်းတွေက အရမ်းတန်ဖိုးကြီးလွန်းပါတယ်”
“သမီးက... ငွေသိပ်မသုံးတတ်ဘူး၊ ပြီးတော့ ဘာဝယ်ရမှန်းလည်းမသိဘူး၊ သမီးကို ဒီလောက်အများကြီး ပေးစရာမလိုပါဘူး၊ ဒါ့အပြင် အခု အိမ်မှာ စားဝတ်နေရေးလည်း မခက်ခဲတော့ဘူးဆိုတော့ အဲဒီလောက် ငွေအများကြီးမလိုပါဘူး”
သမီးဖြစ်သူက ငွေကိုပင် ‘ဘယ်လိုသုံးရမှန်းမသိဘူး’ ဟု ပြောသည်ကို ကြားသောအခါ ကျန်းချင်းဟန်မှာ ရင်ထဲတွင် အလွန်အမင်း နာကျင်သွားရ၏။
“ကလေးမိုက်လေး၊ ငွေသုံးရတာ လွယ်ပါတယ်၊ သုံးချင်သလိုသာ သုံး၊ ဝယ်ချင်တာကို ဝယ်၊ ငွေများတာကို ဘယ်သူက ကြောက်လို့လဲ”
“သမီးရဲ့ အစ်ကိုတွေမှာလည်း သူတို့ဝေစုနဲ့သူတို့ ရှိပြီးသားပါ၊ ဒီဝေစုက သမီးအတွက် အမေ စုဆောင်းပေးထားတာပါ၊ သမီး စိတ်အေးချမ်းသာစွာနဲ့သာ လက်ခံလိုက်ပါ”
“လွတ်လွတ်လပ်လပ်သာ သုံး၊ ကုန်သွားမှာကို မပူနဲ့၊ ဒီထဲမှာ လယ်ယာမြေတွေ၊ စံအိမ်တွေ၊ ပြီးတော့ လက်ဝတ်ရတနာဆိုင်တွေနဲ့ တည်းခိုခန်းတွေ အများကြီးပါသေးတယ်၊ ဒါတွေအားလုံးကို ကျွမ်းကျင်တဲ့သူတွေက စီမံခန့်ခွဲပေးနေတာမို့ သမီးက လစဉ်လတိုင်း ဘဏ္ဍာစိုးလာပို့မယ့်ငွေကို စောင့်နေရုံပဲ”
“လိမ္မာတယ်၊ သိမ်းထားလိုက်နော်”
သမီးဖြစ်သူ ထပ်မံငြင်းဆန်မည်ကို စိုးရိမ်သဖြင့် ကျန်းချင်းဟန် မျက်နှာကို တင်းထားလိုက်သည်။
“လိမ္မာပါတယ်၊ ဒါက အမေ့ရဲ့ မေတ္တာသက်သေပါ၊ ပြီးတော့ သမီးက ဒီနှစ်တွေတစ်လျှောက်လုံး အရမ်းကို ဆင်းရဲဒုက္ခရောက်ခဲ့ရတာ၊
အမေက သမီးကို သေချာပြန်ပြီးလျော်ကြေးပေးချင်တာပါ၊ သမီးက ဒါကို လက်ခံလိုက်မှ အမေလည်း စိတ်သက်သာရာရမှာပေါ့”
ထိုစကားကို ကြားသောအခါ လီရှို့ယွင် ဆက်လက်၍မငြင်းဆန်တော့ပေ။
“ဒါပေမဲ့ အမေ၊ ငွေတွေ ဒီလောက်အများကြီးဆိုတော့ ဘယ်မှာထားရမှန်း သမီးမသိဘူး... တကယ်လို့ သူခိုးတွေနဲ့ကြုံရင် ဘယ်လိုလုပ်မလဲ”
ကျန်းချင်းဟန် စိတ်ရှည်လက်ရှည်ဖြင့် အကြံဉာဏ်ပေးလိုက်သည်။
“ဒီအိမ်ဂရန်၊ မြေဂရန်တွေကို အစိုးရရုံးမှာ မိတ္တူတစ်ခု မှတ်ပုံတင်ထားပြီးသားမို့လို့ ပျောက်သွားရင်တောင် ကိစ္စမရှိပါဘူး”
“ငွေစက္ကူတွေအခိုးခံရမှာ ကြောက်ရင်တော့ သမီးဆီမှာ နည်းနည်းပါးပါးချန်ထားပြီး ကျန်တာတွေကို ငွေစုဘဏ်မှာ သွားအပ်ထားလိုက်ပေါ့”
တုန်းချန်တိုင်းပြည်ကို တည်ထောင်ကတည်းက တူညီသောငွေစုဘဏ်စနစ်တစ်ခုကို တည်ထောင်ထားခဲ့သဖြင့် ငွေအပ်နှံရန်အတွက် အလွန်လုံခြုံပြီး တည်ငြိမ်မှုရှိပေသည်။
လီရှို့ယွင် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် အမေ”