← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

🍅 Chapter 179

စုန့်ကျစ်ခန်း၏ နာမည်ကို ကြားလိုက်ရသည်နှင့် လီရှို့ယွင်မှာ ငါးကိုတွေ့သွားသော ကြောင်တစ်ကောင်အလား ခပ်သုတ်သုတ်လျှောက်လာခဲ့သည်။

“ကျစ်ခန်း၊ အမေ၊ ကျစ်ခန်း သတင်းရလို့လား”

ဝူယွီလန် လီရှို့ယွင်အား နှစ်သိမ့်ရန် သူမ၏လက်ကို ပုတ်ပေးလိုက်ပြီး သခင်လေးမုချန်ကျွင်းအား ကြည့်လိုက်သည်။

“ကျွန်မရဲ့ တတိယသားနာမည်က စုန့်ကျစ်ခန်းပါပဲ၊ နယ်စပ်မှာ သူ တစ်ခုခုဖြစ်လို့လား”

စုန့်ကျစ်ခန်းက တကယ်ကြီး အဒေါ်ဝူ၏သားဖြစ်ကြောင်း ကြားလိုက်ရသောအခါ သခင်လေးမုချန်ကျွင်း စုန့်ကျစ်ခန်းအား စိတ်ထဲမှ ကျိန်ဆဲလိုက်တော့သည်။

‘ခွေးကောင်၊ မင်းအမေက ဒီလောက်ကောင်းတာကို၊ မင်းက သူ့အကြောင်း ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ မကောင်းပြောပြီး ငါ့ကိုတောင် လမ်းလွဲအောင်လုပ်ခဲ့ သေးတယ်'

အဝေးတစ်နေရာမှ နယ်စပ်တွင်မူ စုန့်ကျစ်ခန်းမှာ ဆက်တိုက်နှာချေနေမိတော့သည်။

“ဟက်ချူး”

“ဟက်ချူး”

“ဟက်ချူး”

အအေးမိသွားသည်ဟု ထင်မှတ်ကာ သူက သူ့အဝတ်အစားများကို ပိုတင်းကျပ်စွာပတ်ခြုံလိုက်သည်။

…

သခင်လေးမုချန်ကျွင်း ခေါင်းခါပြလိုက်လေ၏။

“ဟီးဟီး၊ မဟုတ်... မဟုတ်ပါဘူး၊ ကျစ်ခန်း အဆင်ပြေပါတယ်”

“ကျွန်တော်ပြောဖို့ မေ့သွားတယ်၊ ကျစ်ခန်းနဲ့ ကျွန်တော်က သူငယ်ချင်းကောင်းတွေလေ၊ ဒီတစ်ခါ သူ နယ်စပ်ကနေ စာတစ်စောင် ပို့လိုက်ပြီး အဒေါ်တို့ဆီကို ယူလာပေးဖို့ ကျွန်တော့်ကို အကူအညီတောင်းလိုက်တာ...”

“အာ... မဟုတ်သေးဘူး၊ ကျစ်ခန်းရဲ့ဇနီးဆီကို ပို့တာပါ”

ဝူယွီလန် “…..”

‘ငါ သိပြီးသားပါ'

‘ဘာပဲဖြစ်ဖြစ်၊ ရုတ်တရက်ကြီး ပေါ်လာတဲ့ အဲဒီသားဆီက စာကို ငါလည်း လက်မခံချင်ပါဘူး’

“ရှို့ယွင်က ကျွန်မရဲ့တတိယသား ကျစ်ခန်းဇနီးလေ၊ စာက သူ့ကို ပေးလိုက်လို့ရပါတယ်”

ထိုစကားကို ကြားသောအခါ သခင်လေးမုချန်ကျွင်က စာကိုထုတ်ကာ လီရှို့ယွင်အား ကမ်းပေးလိုက်သည်။

“ဆိုတော့ ခင်ဗျားက ကျစ်ခန်းရဲ့ ဇနီးပေါ့၊ အဲဒီကောင် တကယ်ကံကောင်းတာပဲ”

လီရှို့ယွင် အနည်းငယ်ပြုံးပြလိုက်သည်။

သူမ လက်ထဲရှိစာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ယောက္ခမကို တွန့်ဆုတ်စွာ လှမ်းကြည့်လိုက်၏။

ဝူယွီလန် သူမ အခန်းပြန်ပြီး ဖတ်ချင်နေကြောင်း သဘာဝကျကျပင် သိလိုက်သည်။

“ရှို့ယွင်၊ ကျစ်ခန်း သူ့စာထဲမှာ ဘာတွေရေးထားလဲဆိုတာ ပြန်သွားဖတ်ကြည့်ချေ၊ အဆင်ပြေရင် နောက်မှ စာတစ်စောင် ပြန်ရေးပြီး သခင်လေးချန်ကျွင်းကို အကြောင်းပြန်ပေးဖို့ အကူအညီတောင်းလိုက်လေ”

ဤမျှသေးငယ်သော အကူအညီလေးတစ်ခု ပေးရသည်မှာ သဘာဝကျလှပေသည်။

ထို့ပြင် သူ့ညီအစ်ကိုဖြစ်သူက အိမ်မှ စာကို အသည်းအသန် စောင့်မျှော်နေလောက်မည်မဟုတ်ပါလား။

“ဒါ ဒုက္ခပေးတာမဟုတ်ပါဘူး၊ စာရေးပြီးတာနဲ့ ကျွန်တော့်ကိုသာ ပေးလိုက်ပါ၊ နယ်စပ်မှာရှိတဲ့ ကျစ်ခန်းဆီကို အရောက်ပို့ပေးဖို့ လူလွှတ်လိုက်ပါ့မယ်”

လီရှို့ယွင် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ဝူယွီလန် ခြံဝင်းတံခါးကို ကျယ်ကျယ်ဖွင့်ပေးလိုက်သည်။

“သခင်လေး ထမင်းမစားရသေးဘူး မဟုတ်လား၊ ဝင်လာခဲ့ပြီး နည်းနည်းပါးပါးစားသွားလေ”

သခင်လေးမုချန်ကျွင်းမှာ အသားကင်ရနံ့ကြောင့် မြူဆွယ်ခံထားရသည်မှာ အတန်ကြာပြီဖြစ်ရာ ဝူယွီလန် ဖိတ်ခေါ်လိုက်သည်နှင့် ခြံဝင်းထဲသို့ ခပ်သုတ်သုတ်ဝင်သွားလေသည်။

သူ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ဘေးဘက်တွင် ထိုင်နေသော ကျန်းချင်းဟန်နှင့် ထိတ်တိုက်ဆုံကာ မျက်လုံးပြူးသွားကြတော့သည်။

ကျန်းချင်းဟန်၏မျက်ဝန်းများထဲတွင် အံ့ဩရိပ်တို့ ဖြတ်ပြေးသွား၏။

“ဒီနေရာ မဟုတ်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား”

သခင်လေးမုချန်ကျွင်း ခပ်ဟဟ ရယ်မောလိုက်ကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ပွတ်သပ်လိုက်သည်။

“ဟီးဟီး၊ ကျွန်တော် မှားသွားတာပါ၊ ဒီနေရာ အတိအကျပဲဗျ”

ဝူယွီလန် ထိုသူနှစ်ဦး၏ အကြည့်ချင်းဆုံသွားပုံကို ကြည့်ကာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်သူများ ဖြစ်မည်ဟု ခန့်မှန်းမိလိုက်၏။

သေချာပြန်တွေးကြည့်ပါကလည်း ယင်းမှာ ယုတ္တိတန်လှပေသည်။

တစ်ဦးက ဧကရာဇ်မင်းမြတ်၏သားတော်ဖြစ်ပြီး နောက်တစ်ဦးက အမတ်ကြီး၏ဇနီးဖြစ်နေသောကြောင့် ၎င်းတို့နှစ်ဦး မသိဘဲနေနိုင်မည်လော။

သူမ မုချန်ကျွင်းအား ကျန်းချင်းဟန်နှင့် ပိုမိုနီးကပ်စွာ ထိုင်နိုင်စေရန် တမင်တကာ နေရာစီစဉ်ပေးလိုက်၏။

“သခင်လေးချန်ကျွင်း၊ ဒီဘက်မှာ လာထိုင်ပါ”

ကျန်းချင်းဟန်၏အသံမှာ တည်ငြိမ်သော်လည်း သိချင်စိတ်တို့ စွက်ဖက်နေ၏။

“တတိယသခင်လေး၊ ရှင်နဲ့ ဝူယွီလန်က သိနေတာကြာပြီထင်တယ်နော်”

သခင်လေးမုချန်ကျွင်း၏မျက်နှာပေါ်တွင်လည်း အံ့ဩမှုတို့ အပြည့်အဝနေရာယူထားသည်။

“ကျွန်တော်လည်း ကျန်းကတော်ကို အဲဒီမေးခွန်းပဲ မေးမလို့ပဲ၊ ကျန်းကတော်ကလည်း အဒေါ်ဝူနဲ့တော်တော်လေး ရင်းနှီးနေပုံရတယ်”

ကျန်းချင်းဟန် အတိတ်က အဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။

“အရင်က ယွီလန်က ကျမရဲ့ရောဂါဟောင်းကို ကုသပေးခဲ့တာလေ၊ အဲဒီကနေတဆင့် အချိန်ကြာလာတော့ ရင်းနှီးသွားကြတာပါ”

ဝူယွီလန်၏အံ့မခန်း ဆေးပညာစွမ်းရည်ကို ကျန်းချင်းဟန်ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရကြောင်း ကြားသိလိုက်ရချိန်တွင် သခင်လေးမုချန်ကျွင်းလည်း သူ၏အဖြစ်အပျက်ကို ဖုံးကွယ်မထားတော့ချေ။

“တိုက်ဆိုင်လိုက်တာ ဗျာ၊ ကျွန်တော်နဲ့ အဒေါ်ဝူလည်း ကျွန်တော်ရဲ့ရောဂါကို ကုသပေးရင်းနဲ့ ဆုံခဲ့ကြတာ”

ကျန်းချင်းဟန် ခေါင်းညိတ်ပြလိုက်၏။

“ဪ၊ ဒီလိုကိုး”

“တတိယသခင်လေး၊ ထိုင်ပြီး ဒီအကင်လေးမြည်းကြည့်ပါဦး၊ ယွီလန်ရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းတာ”

မုချန်ကျွင်း ပါးစပ်အတွင်း၌ သွားရည်များ တစိမ့်စိမ့်ယိုထွက်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် အသားကင်တစ်ချောင်းကို ကောက်ယူကာ ပါးစပ်ထဲသို့ အမြန်သွင်းလိုက်၏။

တစ်ကိုက် ကိုက်လိုက်သည်နှင့် မီးခိုးနံ့သင်းသင်းလေးက ခံတွင်းတစ်ပြင်လုံးသို့ ပျံ့နှံ့သွားသည်။

စပ်ရှိန်းရှိန်း အရသာက သူ၏ အရသာခံအာရုံကြောများကို နိုးဆွပေးလိုက်ရာ လုံးဝကို လက်မလွှတ်နိုင်အောင် ဖြစ်သွားရလေ၏။

သူသည် အသားကင်ပေါင်းများစွာကို တစ်ထိုင်တည်း အဆက်မပြတ်စားသောက်ပြီးမှသာ ရပ်တန့်လိုက်တော့သည်။

သူ လက်မထောင်ပြရင်း ကျေနပ်အားရစွာ ချီးကျူးလိုက်၏။

“အင်း၊ အဒေါ်ဝူ၊ ခင်ဗျားရဲ့ ဒီအသားကင်က တကယ်ကိုထူးခြားတာပဲ”

ဝူယွီလန် နူးညံ့စွာပြုံးလိုက်ရင်း အရက်နှစ်ပုလင်းကို ယူဆောင်လာကာ သူ ရွေးချယ်နိုင်ရန် ချပေးလိုက်၏။

“အရက်ပြင်းကြိုက်လား၊ သစ်သီးဝိုင်ကြိုက်လား”

မုချန်ကျွင်း ယောက်ျားပီပီသသ ရင်ကော့ကာ တုံ့ပြန်လိုက်၏။

“သစ်သီးဝိုင်က ပျော့တော့ အမျိုးသမီးတွေနဲ့ပဲ သင့်တော်တာ၊ ကျွန်တော်ကတော့ သဘာဝအတိုင်း အရက်ပြင်းကိုပဲပိုကြိုက်တယ်”

အခြားသူများအားလုံးတွင်လည်း ကိုယ်ပိုင်အရက်ခွက်များရှိနေကြသည်ကို မြင်သောအခါ သခင်လေးမုချန်ကျွင်းက အရက်ပြင်းပုလင်းအား လှမ်းယူလိုက်ပြီး ပုလင်းဝမှနေ၍ တိုက်ရိုက်ပင် မော့သောက်လိုက်လေ၏။

“ဟေ့၊ ဒီအရက်က နည်းနည်းပြင်းတယ်နော်”

ဝူယွီလန်၏ သတိပေးစကားပင် မဆုံးလိုက်ချေ။

သခင်လေး မုချန်ကျွင်းမှာ အရက်ပြင်း၏အရှိန်ကြောင့် အပြင်းအထန် ချောင်းဆိုးနေလေပြီ။

“အဟွတ်၊ အဟွတ်၊ အဟွတ်၊ ဒီအရက်က တကယ်ကိုပြင်းတာပဲ”

သခင်လေးမုချန်ကျွင်း ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်၏။ စုန့်ကျစ်ယုံတို့ညီအစ်ကိုများနှင့် ကျေးရွာလူကြီး စုန့်ကျန်းရှူတို့က သူ့အား ဝိုင်းကြည့်နေ ကြသည်ကို မြင်သောအခါ သူ အရက်ပုလင်း မြှောက်ပြလိုက်သည်။

“ကျွန်တော်က ဆေးကုန်သည် ချန်ကျွင်းပါ၊ အစ်ကိုတို့နဲ့ ဒီက အဘိုးကို ကျွန်တော်ကပဲ ဂါရဝပြုတဲ့အနေနဲ့ တစ်ခွက်လောက်တိုက်ပါရစေ”

ထို့နောက် ကျန်းချင်းဟန်ဘက်သို့ လှည့်ကာ ပုလင်းကို အနည်းငယ်ထပ်မြှောက်လိုက်၏။

“ကျန်းကတော်၊ ခင်ဗျားကိုလည်း ဂါရဝပြုပါတယ်”

ထိုအခါ လူတိုင်း သူတို့၏အရက်ခွက်များကို အပြန်အလှန်မြှောက်ကာ တုံ့ပြန်လိုက်ကြသည်။

မွှေးကြိုင်လှသော အသားကင်နှင့် ပြင်းရှရှအရက်တို့၏အကူအညီကြောင့် လူတိုင်း၏ဆက်ဆံရေးမှာ များစွာ ပိုမိုနီးကပ်လာခဲ့လေသည်။

အခန်းတွင်း၌မူ လီရှို့ယွင်တစ်ယောက် ခင်ပွန်းဖြစ်သူထံမှ ပြန်လည်ရောက်ရှိလာသော စာအိတ်ကို တုန်ယင်နေသောလက်များဖြင့် ဖွင့်ဖောက်နေ၏။

All Chapters