အခန်း ၁၈၀
Vol. 18 Ch. 180
🍅 Chapter 180
သူမ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုတို့ ရောယှက်နေသည်။
“ချစ်ဇနီး ရှို့ယွင်ထံသို့၊ မင်း ဒီစာကို ဖတ်နေရချိန်မှာ မြောက်ပိုင်းဒေသမှာ ဆောင်းဦးနှင်းတွေ ကျဆင်းနေလောက်ပြီ၊
တပ်စခန်းအပြင်ဘက်က မြက်ဖြူတွေ လေထဲမှာ လွင့်ဝဲနေတာကို မြင်တော့ မင်း ချွန်းနီလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်ကို သတိရမိတယ်၊
ကိုယ် မင်းကို ပြောဖို မေ့နေတာ၊ ကိုယ် အခု စစ်တပ်မှာ စစ်သူကြီးတစ်ယောက်ဖြစ်နေပြီ၊ စစ်သားလစာတချို့ စုဆောင်းထားတာရှိတယ်၊
မင်း စိတ်ကြိုက်သာ သုံးပါ၊ နောက်တစ်ကြိမ် လစာရရင်လည်း ထပ်ပို့ပေးမယ်၊
မင်းရဲ့ ခင်ပွန်း စုန့်ကျစ်ခန်း”
လီရှို့ယွင်၏ပါးပြင်ထက်တွင် ဝမ်းသာမျက်ရည်များ စီးကျလာ၏။
“ရှင် ဘေးကင်းနေဖို့က အရေးအကြီးဆုံးပါပဲ၊ ဘေးကင်းနေဖို့က အဓိကပါ”
စာရွက်လေးကို ရင်ခွင်ထဲပိုက်ထားရင်း နေ့ရက်တိုင်း အချိန်တိုင်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သော လီရှို့ယွင်၏နှလုံးသားလေးမှာ ယခုအချိန်တွင်တော့ များစွာ အေးချမ်းသွားခဲ့လေပြီ။
ခင်ပွန်းဖြစ်သူ စစ်သူကြီးတစ်ဦးဖြစ်လာသည့်သတင်းကို ယောက္ခမဖြစ်သူ မသိသေးကြောင်း သတိရလိုက်သည်နှင့် သူမသည် အသက်ပြင်းပြင်းရှူသွင်းကာ စိတ်ခံစားမှုများအား တည်ငြိမ်စေပြီးနောက် တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
ဝူယွီလန် လီရှို့ယွင်၏မျက်နှာပေါ်ရှိ ကြည်နူးဖွယ် အပြုံးကိုမြင်လိုက်သည်နှင့် ထိုခွေးကောင်လေးစုန့်ကျစ်ခန်း အသက်ရှင်နေဆဲဖြစ်ပြီး အခြေအနေ အတော်လေးကောင်းမွန်နေမည်ဟု ခန့်မှန်းမိလိုက်၏။
“ဘယ်လိုလဲ၊ အဲဒီခွေးကောင်လေးက နင့်ကို စစ်သားလစာတွေပို့ပေးဖို့ မှတ်မိသေးရဲ့လား”
လီရှို့ယွင် ရွှင်လန်းစွာ ခေါင်းညိတ်ပြလိုက်၏။
“အမေ၊ သမီး ကျစ်ခန်းရဲ့စာကို ဖတ်ပြီးပြီ၊ သူ နယ်စပ်မှာ အဆင်ပြေတယ်လို့ပြောတယ်၊ ပြီးတော့ စစ်သူကြီးတစ်ယောက်တောင် ဖြစ်နေပြီတဲ့”
သူမ အသံထဲတွင် မျှော်လင့်ချက်များ အပြည့်ပါဝင်နေသည်။
“ဒီစစ်ပွဲသာ ပြီးသွားရင် သူ အိမ်ပြန်လာနိုင်တော့မှာ”
ထိုသို့ပြောဆိုရင်း စုန့်ကျစ်ခန်းပြန်လည်ပေးပို့လိုက်သော ငွေစက္ကူတစ်ရာ့နှစ်ဆယ်ကို ထုတ်ယူလိုက်၏။
“အမေ၊ ဒါ ကျစ်ခန်း ပြန်ပို့လိုက်တဲ့ သူ့လစာတွေပါ၊ အမေပဲ ယူပြီးသုံးလိုက်ပါ”
လက်ရှိအချိန်တွင် ဝူယွီလန်၏လက်ဝယ်၌ ငွေချောင်း တစ်သောင်းနှစ်ထောင့်လေးရာကျော်ပင် ရှိနေပြီဖြစ်ရာ ငွေကြေး လုံးဝမရှားပါးချေ။
သူမ လီရှို့ယွင်၏လက်ကို ညင်သာစွာ ပြန်တွန်းပေးလိုက်၏။
“ငါ့ကို ဘာလို့ပေးတာလဲ၊ ကျစ်ခန်းက ပြန်ပို့လိုက်တာဆိုတော့ ဒီငွေကို သူ့ဇနီးဖြစ်တဲ့ နင်ပဲ သိမ်းထားသင့်တာပေါ့”
“သေချာသိမ်းထား၊ ဝယ်ချင်တာရှိရင် ဝယ်သာ သုံး၊ သူ့အတွက် ချွေတာပေးမနေနဲ့”
မိန်းမတစ်ယောက်က နှမြောတွန့်တိုပြီး ငွေကို ချွေတာစုဆောင်းနေမည်ဆိုပါက ယောက်ျားဖြစ်သူက ထိုမိန်းမ ငွေသုံးရန်မလိုအပ်ဟု ထင်မြင်သွားတတ်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူက ငွေပေးလိုစိတ်များ ပျောက်ကွယ်သွားပြီး အနာဂတ်တွင် ထိုငွေများကို အခြားသူတစ်ဦးအပေါ် သုံးစွဲပစ်လိုက်နိုင်ပေသည်။
ထို့ကြောင့် ယောက်ျားတစ်ယောက်၏ငွေအား သုံးကို သုံးပစ်ရပေမည်။ သင်က မသုံးစွဲလျှင် တစ်ချိန်ချိန်၌ အခြားသူတစ်ဦးဦးက သင့်ကိုယ်စား ဝင်ရောက်သုံးစွဲသွားလိမ့်မည်ဖြစ်၏။
လီရှို့ယွင် ယောက္ခမဖြစ်သူ၏စကားကို နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် သမီးပဲ သိမ်းထားလိုက်ပါ့မယ်”
“အင်း၊ သေချာ ဂရုတစိုက်သိမ်းထား”
ဤသတင်းကောင်းကို ကြားလိုက်ရချိန်တွင် စုန့်ကျစ်ချုံးမှာ အတိုင်းမသိ စိတ်လှုပ်ရှား ဝမ်းသာသွားလေ၏။
“တတိယညီလေး တကယ်ကြီး စစ်သူကြီးဖြစ်သွားတာပဲ”
“အရမ်းကောင်းတာပေါ့၊ တတိယညီလေးက အရည်အချင်းရှိတဲ့ ကောင်လေးဆိုတာ ငါ သိပြီးသားပါ”
စုန့်ကျစ်ယုံလည်း အလွန်ကျေနပ်ဂုဏ်ယူနေမိသည်။
ညီဖြစ်သူ၏အောင်မြင်ကြီးပွားမှုကို မြင်ရသောအခါ အစ်ကိုကြီးတစ်ယောက်အနေဖြင့် ရင်ထဲတွင် အတိုင်းမသိ ဂုဏ်ယူဝင့်ကြွားနေမိလေ၏။
ဝမ်ကွေ့ချင်လည်း လီရှို့ယွင်အတွက် အစစ်အမှန် ဝမ်းသာပေးနေသည်။
“သူ ဘေးကင်းနေရင်ပဲ ကောင်းပါပြီ၊ ရှို့ယွင်၊ ကျစ်ခန်းက ဘယ်တော့ပြန်လာမယ်လို့ ပြောလဲ”
လီရှို့ယွင်၏မျက်နှာထက်တွင် မျှော်လင့်ချက်ရောင်ခြည်များ ဖြာကျနေ၏။
“စစ်ပွဲပြီးတာနဲ့ သူ ပြန်လာမယ်လို့ပြောတယ်”
လီရှို့ယွင်မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ဤသတင်းကောင်းကို ကျန်းချင်းဟန်ထံသို့ မဝေမျှဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“အမေ၊ ကျစ်ခန်း စစ်သူကြီးဖြစ်သွားပြီတဲ့”
အမေဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရချိန်တွင် သခင်လေးမုချန်ကျွင်းမှာ ခေတ္တမျှ အံ့ဩမှင်တက်သွား၏။
သူ နားကြားမှားသွားခြင်းဖြစ်မည်ဟု ထင်မှတ်ကာ ဘေးရှိ ချင်းယွီဘက်သို့ လှည့်၍မေးလိုက်သည်။
“ချင်းယွီ၊ ငါ နားကြားမှားတာများလား၊ စုန့်ကျစ်ခန်းရဲ့ဇနီးက ကျန်းကတော်ကို ဘာလို့ အမေလို့ခေါ်လိုက်တာလဲ”
ချင်းယွီ တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်၏။
“သခင်လေး၊ နားကြားမှားတာမဟုတ်ပါဘူး၊ သူမက တကယ်ပဲ အမေလို့ခေါ်လိုက်တာပါ၊ ကျန်းကတော်ကတောင် ထူးလိုက်သေးတယ်”
“ဟင်၊ ငါ နားကြားမှားတာ မဟုတ်ဘူးလား”
သခင်လေးမုချန်ကျွင်း၏ မျက်လုံးများမှာ ပြူးကျယ်ကာ အပြင်သို့ပင် ထွက်ကျလာတော့မတတ် ဖြစ်သွား၏။
သူ ကျန်းချင်းဟန်ကို တစ်လှည့်၊ လီရှို့ယွင်ကို တစ်လှည့် အကဲခတ်ကြည့်လိုက်သည်။
ယခုအချိန်ကျမှပင် ထိုသူနှစ်ဦး၏ရုပ်သွင်ပြင်မှာ များစွာ ဆင်တူနေကြောင်း သတိထားမိသွားလေတော့သည်။
သူ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ထုတ်မေးလိုက်၏။
“ကျန်းကတော်၊ ခင်ဗျားနဲ့ သခင်မလေးလီက... ဘယ်လိုဖြစ်ရတာလဲ”
ဆက်လက်ဖုံးကွယ်ထား၍ မရနိုင်တော့ကြောင်း သဘောပေါက်သွားသော ကျန်းချင်းဟန်လည်း အမှန်အတိုင်းပင် ဝန်ခံလိုက်တော့သည်။
“သူမက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ ကျွန်မရဲ့အငယ်ဆုံးသမီးလေးပါ”
“ဪ၊ ဒီလိုကိုး၊ ဒီလိုကိုး”
သခင်လေးမုချန်ကျွင်း ခေါင်းကို ခါယမ်းလိုက်ရင်း ‘လောကကြီးက တကယ်ကို ကျဉ်းမြောင်းလွန်းတာပါလား’ ဟု စိတ်ထဲမှ တွေးတောနေမိ၏။
လှည့်လည်သွားလာပြီးနောက် နောက်ဆုံးတွင်တော့ လူတိုင်းက တစ်ဦးကိုတစ်ဦး သိကျွမ်းနေကြသူများသာ ဖြစ်နေလေသည်။
အကယ်၍ သူသာ စုန့်ကျစ်ခန်းနှင့် သူငယ်ချင်းကောင်းများဖြစ်ကြောင်း စောစောစီးစီးဖွင့်ပြောခဲ့ပါက ဝူယွီလန်ထံမှ အဆိပ်ဖြေဆေးရရန် ဤမျှလောက် ဒုက္ခခံ၍ တောင်းဆိုနေစရာပင် လိုမည်မဟုတ်ချေ။
စုန့်ကျစ်ခန်းလည်း တကယ်ကို အကင်းမပါးလှပေ။
မိမိတွင် ကောင်းကင်ဘုံကိုပင် အံတုနိုင်လောက်သည့် အံ့မခန်းဆေးပညာရှင်မိခင်တစ်ဦး ရှိနေပါလျက်နှင့် သူ့အား တစ်ခွန်းမျှမပြောဘဲ နာကျင်ဝေဒနာများ ခံစားနေရသည်ကို ထိုင်ကြည့်နေခဲ့သည်။
ယင်းမှာ သူငယ်ချင်းကောင်းပီသသောအလုပ်မျိုး လုံးဝမဟုတ်ချေ။
ထို့အပြင် သူ့မိခင်မှာ ရက်စက်ယုတ်မာသည်ဟုပင် ပြောခဲ့သေးသည်မဟုတ်ပါလား။ ယခု သူမကို ကြည့်စမ်းပါဦး၊ ချွေးမများအတွက် အသားများ အဆက်မပြတ် ကင်ပေးနေလေသည်။
ရက်စက်ယုတ်မာသည့်လက္ခဏာ တစ်စွန်းတစ်စမျှပင် မတွေ့ရချေ။ ထိုခွေးကောင်လေး ကိုယ်တိုင်ကသာ မိဘကျေးဇူးကို မသိတတ်၍ဖြစ်ရပေမည်။
ဤမျှကောင်းမွန်သော မိခင်တစ်ဦး ရှိနေပါလျက်နှင့် တန်ဖိုးထားရကောင်းမှန်း မသိပေ။
မိခင်ဖြစ်သူက အရည်အချင်းရှိပြီး ကောင်းမွန်နေသည်မှာ တစ်ကဏ္ဍဖြစ်သော်လည်း ယခု သူ့ဇနီးသည်ကပင် အမတ်ကြီး၏သမီးအရင်း ဖြစ်နေလေသည်။
သခင်လေးမုချန်ကျွင်းက သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်၏။
“ဒီကောင်၊ သူ့ကံက တကယ်ကိုကောင်းလွန်းတာပဲ”
“ဟတ်ချိုး”
“ဟတ်ချိုး”
စုန့်ကျစ်ခန်း မျက်မှောင်ကြုတ်လိုမိက်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက အဘယ်ကြောင့် နှာချေခြင်းကို ရပ်တန့်၍မရနိုင် ဖြစ်နေရသနည်း။
သူ့လက်အောက်ခံ စစ်သည်တစ်ဦးက ပြုံးစစဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
“စစ်သူကြီးခန်း၊ တစ်ခါနှာချေရင် တစ်ယောက်ယောက်က သတိရနေတာ၊ နှစ်ခါ နှာချေရင်တော့ တစ်ယောက်ယောက်က ကျိန်ဆဲနေတာတဲ့၊
စစ်သူကြီး ကွယ်ရာမှာ တစ်ယောက်ယောက်က ခိုးပြီးကျိန်ဆဲနေတာများလား မသိဘူးနော်”
စုန့်ကျစ်ခန်းမှာ ကြက်သေသေသွား၏။ သူ သေချာ စဉ်းစားကြည့်လိုက်ရာ မည်သူနှင့်မျှ ရန်သူမဖြစ်ခဲ့ဖူးကြောင်း သတိရလိုက်သည်။
သူ ယုံကြည်မှုအပြည့်ဖြင့် ခေါင်းခါလိုက်၏။
“ငါ ဘယ်သူနဲ့မှ ရန်သူမဖြစ်အောင် အမြဲရှောင်ရှားခဲ့တာ၊ ငါ့ကို ကျိန်ဆဲမယ့်သူ ရှိမယ်မထင်ပါဘူး”