← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အပိုင်း (၆၂)

​“မောင်... ကျွန်မတို့ ငါးနှစ်တုန်းက အမှတ်တရကောင်းလေးတွေကို ပြန်ပြီး အသက်သွင်းကြရအောင်လေ”

​ စုချင်းရွှယ်မှာ လွမ်းဆွတ်တမ်းတမှု၊ မျှော်လင့်ချက်တို့ ပြည့်နှက်နေတဲ့ မျက်ဝန်းနဲ့အတူ ဘီရိုအောက်ခြေထဲကနေ လပြည့်ဝန်းလို ဖြူစင်ဝင်းပနေတဲ့ ဂါဝန်ရှည်တစ်ထည်ကို ထုတ်ယူလိုက်သည်။

​ ဒီဂါဝန်မှာ ဆန်းပြားတဲ့ ပန်းထိုးလက်ရာတွေ၊ ဆွဲဆောင်မှုရှိတဲ့ အဆင်တန်ဆာတွေ မပါဝင်ဘဲ ရိုးရှင်းအခြေခံကျလွန်းလှသော်လည်း အလင်းရောင်အောက်မှာတော့ ဖျတ်ခနဲ ဖျတ်ခနဲ လျှို့ဝှက်စွာ တောက်ပနေသည်။

​ ပိုလျှံတဲ့ အလှဆင်မှုတွေ မရှိသလို၊ တံဆိပ်ပင် မပါချေ။ ကော်လာနဲ့ လက်မောင်းဝတွေမှာတော့ ငွေချည်မျှင်နဲ့ ထိုးထားတဲ့ အမည်မသိ ဖူးပွင့်စ ပန်းပွင့်လေးအချို့သာ ရှိသည်။

​ သူမ ထိုဂါဝန်ကို ဝတ်ဆင်လိုက်တဲ့အခါ ဂါဝန်အောက်နားစက ခြေသလုံးအထိ ကျဆင်းသွားပြီး သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်အကောက်အကွေးကို ပေါ်လွင်စေသည်။

​ ဖြူစင်ပြီး ကျောက်စိမ်းတုံးလေးလို လှပတဲ့ ခြေဖဝါးလေးနှစ်ဖက်က တစ်ပတ် လည်လိုက်သည်။

​ နက်မှောင်စိုပြည်နေတဲ့ ဆံနွယ်ရှည်ကြီးက ကျောပြင်ထက် စီးကျနေပြီး ဆံပင်အချို့က ပါးပြင်ပေါ် ဝဲကျနေတာမို့ သူမရဲ့ လှပတဲ့မျက်နှာလေးကို ပိုပြီး အပြစ်ကင်းစင်သွားစေသည်။

​ ဒီအချိန်မှာတော့ သူမဟာ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကောင်းကင်ပေါ်ကနေ ရုတ်တရက် ကျဆင်းလာခဲ့တဲ့၊ အသည်းယားစရာကောင်းလှပြီး အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲသွားသလိုပင် ရှိနေတော့သည်။

​ လျူယွမ်က ထိုအဝတ်အစားကို ကောင်းကောင်းကြီး မှတ်မိတာပေါ့။

​ သူမကို အမှိုက်ပုံဘေးမှာ သတိလစ်နေတာကို တွေ့ခဲ့စဥ်က စုချင်းရွှယ် ဝတ်ဆင်ထားခဲ့တဲ့ အဝတ်အစား ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

​ “မိန်းမ... ဒီငါးနှစ်အတွင်းမှာ မင်းက ဘာမှမပြောင်းလဲသွားသလိုပဲနော်”

​ လျူယွမ်က ရှေ့တိုးသွားပြီး သူမရဲ့ နားနောက်က ဆံနွယ်လေးတွေကို သာသာယာယာ သပ်တင်ပေးလိုက်သည်။ သူ၏ အကြည့်တွေက သူမ၏ ဖြောင့်စင်းနေတဲ့ နှာတံလေးကနေ တစ်ဆင့် ချယ်ရီသီးလို နှုတ်ခမ်းသားလေးဆီ၊ ထိုမှတစ်ဆင့် သွယ်လျလှပတဲ့ လည်တိုင်ကျော့ကျော့ဆီသို့ ရောက်ရှိသွားခဲ့သည်။

​ စုချင်းရွှယ်ရဲ့ ခန္ဓာကိုယ်အကြောင်းကို အသိဆုံး အမျိုးသားတစ်ယောက်အနေနဲ့၊ သူဟာ ဇနီးသည်ရဲ့ ကိုယ်ပေါ်မှာ အချိန်တွေ ကုန်ဆုံးသွားခဲ့တဲ့ အမှတ်အသား တစ်ခုတစ်လေမျှကိုပင် ရှာမတွေ့ခဲ့ချေ။

​ “ဒါပေါ့...” စုချင်းရွှယ်က သူမရဲ့ ရင်ဘတ်ကို မာန်ပါပါနဲ့ ကော့လိုက်ပြီး - “ကျွန်မက နတ်ဘုရားတစ်ပါးလေ၊ ကျွန်မတို့တွေ အတူတူနေတာ ငါးနှစ်ရှိပြီဆိုပေမဲ့ အဆုံးမဲ့ကောင်းကင်ဘုံမှာတော့ တကယ်တမ်း ငါးရက်ပဲ ရှိသေးတာ”

​ သူမက ကမ္ဘာမြေပေါ်မှာ ရှိနေပေမဲ့ သူမရဲ့ ဇီဝနာရီကတော့ အဆုံးမဲ့ကောင်းကင်ဘုံရဲ့ နိယာမအတိုင်း လည်ပတ်နေဆဲ ဖြစ်သည်။

​ ငါးနှစ်ဆိုတဲ့ အချိန်က သူမအတွက် အချိန်ကွာခြားမှုကို ညှိယူဖို့တောင် မလောက်ငှချေ။

​ အပြာရောင်ကြယ် (ကမ္ဘာမြေ) မှာ အချိန်တွေ ကုန်ဆုံးသွားပေမဲ့ သူမကို အိုမင်းရင့်ရော်အောင် မလုပ်နိုင်သလို၊ ကိုယ်ပေါ်က ဆံပင်တစ်ပင်တောင် ကျွတ်မကျစေနိုင်ချေ။

​ သူတို့နှစ်ယောက်က အချင်းချင်း ပြုံးပြလိုက်ကြပြီး လက်ချင်းချိတ်ကာ ချိန်းတွေ့ဖို့ အပြင်ထွက်ခဲ့ကြသည်။

​ သူတို့ ထွက်သွားတာနဲ့...

​ ခြံဝင်းထဲက အနားယူနေတဲ့ အဘိုးအိုတစ်စုက ချက်ချင်းပဲ လုပ်လက်စတွေကို ပစ်ချပြီး စုဝေးလိုက်ကြတော့သည်။

​ “ရဲဘော်တို့... အလုပ်စကြစို့” အဘိုးချင်က အသံတိုးတိုးနဲ့ ဟိန်းလိုက်သည်။

​ “မြန်မြန်၊ မြန်မြန်၊ မြန်မြန် လုပ်ကြ၊ ယွမ်အာနဲ့ ချင်းရွှယ်တို့ အပြင်သွားတုန်း အပြတ်ရှင်းရမယ်”

​ “ကောင်းကင်ဘုံက အဘိုးကြီးလျူ မျက်နှာအတွက်ရော၊ ငါတို့တွေ မြေးချီချင်တဲ့ ဆန္ဒအတွက်ရောပေါ့ကွာ”

​ စာပေဆရာကြီး ချန်းမိုက လက်တစ်ဖက်မှာ မင်ရည်အိုးအပြည့် သယ်လာပြီး နောက်လက်တစ်ဖက်မှာတော့ တံမြက်စည်းထက်တောင် ကြီးတဲ့ စုတ်တံကြီးကို ကိုင်ထားသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ သူ့ရဲ့ ဖြောင့်မတ်တဲ့ ချီစွမ်းအားတွေကို စုစည်းပြီး ခြံဝင်းရဲ့ အဖြူရောင်နံရံပေါ်မှာ လက်ရေးကြမ်းကြီးတွေနဲ့ စတင်ရေးသားလိုက်တော့သည်။

​ အဘိုးကျန်း၊ အဘိုးချန်နဲ့ အဘိုးလီတို့က ဘေးကနေ ကူညီပေးနေကြသည်။

​ မလှမ်းမကမ်းက သစ်ပင်အောက်မှာတော့ လျူနျန်လေးက သိုင်းပညာ အခြေခံအချက်တွေကို သေသေချာချာ လေ့ကျင့်နေသည်။

​ နံရံပေါ်က စာလုံးတွေကို ကြည့်ပြီး သူမက အဘိုးချင်ကို စပ်စုတဲ့မျက်လုံးလေးနဲ့ မေးလိုက်သည် - “အဘိုးချင်... အဘိုးချန်းက ဘာတွေ ရေးနေတာလဲဟင်”

​ သူမက ခေါင်းလေးစောင်းပြီး အသံထွက်ဖတ်ဖို့ ကြိုးစားကြည့်လိုက်သည် -

“စင်မြင့် ၁... စင်မြင့် ၂... စင်မြင့် ၃...” (မှတ်ချက် - တရုတ်လို စင်မြင့်နှင့် ကိုယ်ဝန်ဆောင်ခြင်း စာလုံးမှာ အရေးအသားနဲ့ အသံထွက် အနည်းငယ် ဆင်တူသည်ကို ကလေးက မှားဖတ်ခြင်း ဖြစ်သည်)

​ “ဒါက ဂါထာမန္တန်တစ်ခုခုလားဟင်” လျူနျန်လေးက သူမရဲ့ မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း စပ်စုလိုက်သည်။

​ “အဟမ်း...” အဘိုးချင်၏ မျက်နှာရဲသွားပြီး ခေါင်းကို ကုတ်လိုက်မိသည်။ တစ်နှစ်သားအရွယ် ကလေးတစ်ယောက်ကို ဒါကို ရှင်းပြဖို့က တကယ့်ကို ခက်ခဲလွန်းလှသည်။

​ ချန်းမိုက ပြုံးပြီး လျှောက်လာကာ ကလေးမလေးရဲ့ ခေါင်းကို ပွတ်ပေးလိုက်ရင်း - “နျန်နျန်လေး... ဒီစာလုံးက 'ယွဲ့ထိုင်' (စင်မြင့်) လို့ မဖတ်ဘူးကွ၊ အဘိုးက ဘယ်လိုဖတ်ရမလဲ သင်ပေးမယ်၊ 'ထိုင်' ( ကိုယ်ဝန်) လို့ ဖတ်တယ်”

​ သူက နံရံပေါ်က စာလုံးကြီးတွေကို ထောက်ပြပြီး တစ်လုံးချင်း သင်ပေးလိုက်သည် - “ကလေးတစ်ယောက်တည်းဆို နည်းတယ်၊ နှစ်ယောက်ဆို ပိုကောင်းတယ်၊ သုံးယောက်ဆို ဂုဏ်ယူစရာပဲ”

​ လျူနျန်လေးက နားမလည်ဘဲ ပြန်မေးသည် - “အဲဒီစာစုက ဘာကို ဆိုလိုတာလဲဟင်”

​ ဆရာကြီး ချန်းမိုက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည် - “ဒါက လူသားမျိုးနွယ်တွေ စဉ်ဆက်မပြတ် ရှင်သန်ဖို့အတွက် ကလေးတစ်ယောက်တည်းနဲ့ မလောက်ဘူး၊ အနည်းဆုံး နှစ်ယောက် ရှိရမယ်လို့ ပြောတာ၊ သုံးယောက်၊ လေးယောက်ဆိုရင်တော့ ပိုတောင် ကောင်းသေးတာပေါ့”

​ လျူနျန်လေးမှာ နားလည်သလိုလို ဖြစ်သွားသည်။

​ သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက် မဟုတ်ပါလား။

​ တစ်နည်းအားဖြင့် ပြောရရင် သူမတစ်ယောက်တည်းနဲ့ မလောက်ဘဲ ဖေဖေနဲ့ မေမေက ဒုတိယမြောက်၊ တတိယမြောက် ကလေးတွေ ထပ်လိုတယ်ပေါ့...

​ သူမက ရုတ်တရက် လက်မောင်းလေးကို မြှောက်ပြီး အလွန်နက်နဲတဲ့ မေးခွန်းတစ်ခုကို မေးလိုက်သည် - “အဘိုးချန်း... ဒါဆို... သမီးက ဘယ်ကနေ ရောက်လာတာလဲဟင်”

​ “အဲဒါကတော့...”

​ ချန်းမိုက ဒီရုတ်တရက်ဆန်တဲ့ ဒဿနမေးခွန်းကြောင့် ဆွံ့အသွားခဲ့သည်။

​ “ဒီ... ဒီပြဿနာက နည်းနည်း ရှုပ်ထွေးတယ်ကွဲ့” သူ၏ မျက်လုံးတွေက ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီးနောက် တာဝန်ကို အဘိုးလီဆီ ချက်ချင်း လွှဲချလိုက်သည် - “မင်း ဘယ်လိုထင်လဲ အဘိုးကြီးလီ”

​ ရေနွေးခွက်ကို ကိုင်ပြီး ပွဲကြည့်နေတဲ့ အဘိုးလီက ရယ်မောလိုက်ကာ - “ဒါက ဇီဝသိပ္ပံပညာရပ်ထဲမှာ ပါတာမို့ အဘိုးလည်း အများကြီး မသိဘူးကွဲ့၊ နျန်နျန်လေး... အဘွားစွန်းက ဆေးပညာရှင်ဆိုတော့ သမီးကို သေချာပေါက် ဖြေပေးနိုင်လိမ့်မယ်”

​ လျူနျန်လေးက ချက်ချင်းပဲ အဘွားစွန်းဆီသို့ သူမ၏ စပ်စုတတ်တဲ့ အကြည့်တွေကို ပို့လိုက်သည်။

​ အဘွားစွန်းက ကြိုးစားပြီး ပြုံးလိုက်ကာ အခက်အခဲကြီးစွာဖြင့် ဖြေလိုက်ရသည် - “နျန်နျန်လေး... သမီးက... သမီးမေမေ မွေးပေးခဲ့တာလေ”

​ “အဘွားစွန်း... မေမေက သမီးကို ဘယ်လိုမျိုး မွေးပေးတာလဲဟင်” လျူနျန်က ထပ်မေးလိုက်သည်။

​ အဘွားစွန်းက အဘိုးချန်ဆီ အကူအညီတောင်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး - “မင်း ဘယ်လိုထင်လဲ အဘိုးကြီးချန်”

​ အဘိုးချန်ကလည်း အဘိုးကျန်းဘက်ကို လှည့်ကြည့်ပြီး - “အဘိုးကြီးကျန်း... မင်းက စာအုပ်အစုံဖတ်ဖူးတာပဲ၊ နျန်နျန်လေးကို ရှင်းပြလိုက်စမ်းပါဦး”

​ အဘိုးကျန်းကလည်း တစ်ဆင့် အဘိုးချင်ကို ကြည့်လိုက်ပြန်သည်။

​ အဘိုးချင်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး တည်ကြည်တဲ့ လေသံနဲ့ - “နျန်နျန်လေး... သမီးက သမီးမေမေ မွေးပေးလို့ လူဖြစ်လာတာ၊ အဲဒါကြောင့် သမီးမေမေက သမီးကို မွေးပေးခဲ့တာပေါ့”

​ လျူနျန်လေးက ခေါင်းကို တရစပ် ညိတ်လိုက်ပြီး - “ဟုတ်သားပဲ၊ အကျိုးအကြောင်း အမှန်ပဲ”

​ ဒါပေမဲ့ သူမက ချက်ချင်း ပြန်ချေပလိုက်သည် - “ဒါဆို အတိအကျကြီး... မေမေက သမီးကို ဘယ်လို မွေးပေးတာလဲဟင်”

​ အဘိုးချင်က အဘိုးဝမ်ကျန့်ကော်ရဲ့ ပုခုံးကို လှမ်းဖက်လိုက်ပြီး - “အဘိုးကြီးဝမ်... မင်းက ဒီလိုကိစ္စမျိုးမှာ အတွေ့အကြုံ အရှိဆုံးပဲ၊ ကလေးကို ရှင်းပြလိုက်စမ်းပါ”

​ အဘိုးဝမ်က အဘိုးကျိုးကို ကြည့်လိုက်ရာ၊ အဘိုးကျိုးကလည်းက တာဝန်ကို ချန်းမိုဆီ ပြန်လွှဲလိုက်ပြန်သည်။

​ ဉာဏ်ပြေးတဲ့ ချန်းမိုက တဟားဟား ရယ်မောလိုက်ပြီး မြှောက်ပေးလိုက်သည် - “နျန်နျန်လေးက တော်လိုက်တာ၊ အဘိုးတို့အားလုံး အဖြေမသိတဲ့ မေးခွန်းကို မေးနိုင်တယ်ဟေ့၊ သမီးဖေဖေနဲ့ မေမေကို သွားမေးကြည့်၊ သူတို့ သေချာပေါက် သိလိမ့်မယ်”

​ “ဟူး...”

​ အဘိုးအိုတွေအားလုံး တပြိုင်နက်တည်း သက်ပြင်းချနိုင်တော့သည်။ နောက်ဆုံးတော့ ကလေးကို လှည့်စားပြီး ပတ်ချော်နိုင်ခဲ့ပြီ မဟုတ်ပါလား။

​ လျူနျန်လေးက စဉ်းစားဟန်နဲ့ ခေါင်းညိတ်လိုက်ပြီး ဒီညကျရင် မိဘတွေကို “သူမ ဘယ်ကလာသလဲ” ဆိုတဲ့ လမ်းကြောင်းအကြောင်း အကြံဉာဏ်တောင်းဖို့ ဆုံးဖြတ်လိုက်သည်။

​

​ မွန်းလွဲပိုင်းတွင် လေထုထဲတွင် မင်ရည်နံ့ သင်းသင်းလေးက လွင့်ပျံနေသည်။

​ လျူယွမ်နှင့် စုချင်းရွှယ်တို့က လက်ချင်းချိတ်ပြီး အပြင်ကနေ အိမ်ပြန်လာကြသည်။ ခြံဝင်းထဲ ခြေချလိုက်တာနဲ့ လျူယွမ်ရဲ့ ခြေလှမ်းတွေ တုန့်ခနဲ ဖြစ်သွားခဲ့သည်။

​ သူ့အပေါ်ကို မမြင်နိုင်တဲ့ ဖိအားတစ်ခု သက်ရောက်လာသလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

​ သူ မော့ကြည့်လိုက်တဲ့အခါ မျက်ခုံးတွေပါ တုန်ခါသွားရတော့သည်။

​ အိမ်ရဲ့ ခြံဝင်းနံရံတွေပေါ်မှာ စာလုံးကြီးတွေနဲ့ ဆောင်ပုဒ်တွေကို အပြည့်ရေးထားချေပြီ ဖြစ်သည်။

​ [ ပျော်ရွှင်တဲ့ဘဝဆိုတာ ကလေးတွေ အများကြီးရှိတာကို ပြောတာပင် ]

[ ဒီကလေးကို မယူရင် မင်း တစ်သက်လုံး နောင်တရလိမ့်မယ် ]

[ အေးချမ်းစွာ နေထိုင်ဖို့ ကလေးတွေ အများကြီးမွေး၊ ဒါက သစ်ပင်စိုက်တာနဲ့ အတူတူပဲ ]

[ တစ်ယောက်ဆို နည်းတယ်၊ နှစ်ယောက်ဆို အနေတော်၊ သုံးယောက်ဆို သိပ်မများဘူး၊ လေးယောက်ဆို ပိုကောင်းတယ် ]

[ ကိုယ်ဝန်ဆောင်ပါ၊ မွေးဖွားပါ၊ ကလေးကို ပြုစုပျိုးထောင်ပါ၊ ကိုယ်ဝန်တော့ ဖျက်မချပါနဲ့ ]

​ ‘ဒါ ဘာကြီးတွေလဲဟ’

​ ဒီအဘိုးကြီးတွေကတော့ တကယ်ကို ပါရမီရှင်တွေပဲ။

​ စာသားတွေထဲမှာ စာပေရဲ့ ဖြောင့်မတ်တဲ့ချီစွမ်းအား၊ အစီအရင်တွေနဲ့ အဆောင်တွေရဲ့ စွမ်းအား၊ ပြီးတော့ အင်မော်တယ်တွေရဲ့ အငွေ့အသက်တွေပါ ပေါင်းစပ်နေပြီး စွမ်းအားမြှင့်တင်မှုတွေကတော့ အပြည့်ပင် ဖြစ်နေချေပြီ။

​ ခင်ဗျားတို့အားလုံး ခင်ဗျားတို့ အလုပ်အကိုင်ဟောင်းတွေဆီပဲ ပြန်သွားကြပါတော့ဗျာ။

​ “ဒါပေမဲ့ ပြောရရင်တော့... ကာရန်လေးတွေက တော်တော်လေး စီးဆင်းမှုရှိသားပဲ”

​ လျူယွမ်က ရိုးရိုးသားသား ချီးကျူးလိုက်မိသည်။ သူ၏ အသံက စုချင်းရွှယ်ရဲ့ နားထဲ ရောက်သွားတဲ့အခါ သူမက ကိုယ်ဝန်ဆောင်ခြင်းရဲ့ သော့ချက်စာလုံးတွေကို ဖမ်းမိသွားပုံရပြီး နုနယ်တဲ့ နားရွက်လေးတွေ နီမြန်းသွားကာ -

​ “မောင်... ခုနက ဘာပြောလိုက်တာလဲ”

​ “မောင် ပြောတာက...” လျူယွမ်က ပြန်ပြောဖို့ လုပ်စဉ်မှာပဲ သူ့ဇနီးသည်ရဲ့ ခန္ဓာကိုယ်လေးက ရင်ခုန်စိတ်လှုပ်ရှားနေသလိုမျိုး အနည်းငယ် တုန်ခါသွားတာကို ခံစားလိုက်ရသည်။

​ စုချင်းရွှယ်ရဲ့ မျက်လုံးတွေထဲမှာ အလင်းရောင်တစ်ခု တောက်ပသွားပြီး ပြုံးလိုက်သည် -

​“ဟီးဟီး... ကိုယ်ဝန်ကျိန်းသေရဖို့ ကျွန်မ လောင်းကြေးထပ်လိုက်ပြီ”

​ လျူယွမ်က သူ့လက်ကို ခါယမ်းလိုက်ပြီး - “မိန်းမ... သတိထားဦး၊ မင်း ရူးနေပြီလား”

​ ခွေးအိမ်ထဲမှာတော့ ယွန်းမြောင်က ဒါကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

​ ဒီလူသား အသုံးမကျတဲ့ အဘိုးကြီးတစ်စုက ဝိညာဉ်စွမ်းအားတွေ သုံးပြီး ရေးထားတဲ့ အစီအရင်တွေ၊ အဆောင်တွေနဲ့ ကလေးမွေးဖွားရေး ဆောင်ပုဒ်တွေ သုံးပြီး နတ်သမီးတစ်ပါးကို သက်ရောက်မှုရှိအောင် လုပ်ဖို့ ကြံစည်နေကြတာလား။

​ မိုက်မဲလိုက်တာ….

​ တကယ်လို့ သာမန်မိသားစုတစ်ခုသာ ဒီစွမ်းအားရဲ့ သက်ရောက်မှုကို ခံရရင် တတိယမြောက် ကလေးတင်မကဘူး၊ ဘောလုံးအသင်း တစ်သင်းစာလောက်တောင် မွေးဖွားနိုင်စွမ်း ရှိသည်။

​ ဒါပေမဲ့ ချင်းရွှယ်က နတ်သမီးတစ်ပါးလေ၊ ဒီလို သေးဖွဲတဲ့ လှည့်ကွက်လေးတွေနဲ့ သူမကို ကိုယ်ဝန်ရအောင် လုပ်နိုင်မယ်လို့ တကယ်ပဲ ထင်နေကြတာလား။

​ ယွန်းမြောင်က စိတ်ထဲမှာ နည်းနည်း သဘောကျနေသည်။

​ တစ်နှစ်နီးပါး ရှိသွားခဲ့ပြီဖြစ်ပြီး လျူယွမ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ချင်းရွှယ်ရဲ့ ဗိုက်က ဘာအရိပ်အယောင်မှ ရှိမလာသေးချေ။

​ ဒါက နျန်နျန်လေး မွေးဖွားလာခဲ့တာဟာ သာမန် တိုက်ဆိုင်မှုသက်သက် ဖြစ်ပြီး ထပ်မံ ပုံတူကူးချလို့ မရနိုင်ဘူးဆိုတာကို သက်သေပြနေတာပဲ ဖြစ်သည်။

​ “သူမ ကိုယ်ဝန်မရှိသရွေ့၊ ချင်းရွှယ်က ငါနဲ့အတူ အဆုံးမဲ့ကောင်းကင်ဘုံကို ပြန်သွားတဲ့အခါ အားလုံက အားကျရတဲ့ ဖြူစင်သန့်ရှင်းတဲ့ အဆုံးမဲ့ကောင်းကင်ဘုံရဲ့ လမင်းဖြူလေးအဖြစ် ရှိနေဦးမှာပဲ”

​

​ အိမ်ထဲ ပြန်ရောက်တော့ လျူနျန်လေးက သူ့ဆီ ချက်ချင်း ပြေးကပ်လာပြီး မျက်နှာလေး မော့ကာ မေးလိုက်သည် - “ဖေဖေ... သမီး ဘယ်က လာတယ်ဆိုတာကို ဖေဖေ သိလားဟင်”

​ လျူယွမ်မှာ ကြောင်အသွားခဲ့လေသည်။ တကယ်တော့ ဒီမေးခွန်းအတွက် စံပြအဖြေတစ်ခု ရှိပြီးသား ဖြစ်သည်။

​ သူက ပြန်ဖြေလိုက်သည် - “သမီးကို ဖေဖေက အမှိုက်ပုံးထဲကနေ ကောက်ရလာတာလေ”

​ လျူနျန်လေးမှာ ဆွံ့အသွားပြီး သူမရဲ့ မျက်လုံးဝိုင်းကြီးတွေထဲမှာ ထိတ်လန့်မှုတွေ ပြည့်နှက်သွားကာ - “ဒါပေမဲ့ အဘိုးတို့က သမီးကို မေမေ မွေးပေးခဲ့တာလို့ ပြောကြတယ်လေ”

​ ဒါကို ကြားတော့ စုချင်းရွှယ်က ပြုံးပြီး လျှောက်လာကာ သမီးဖြစ်သူရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်ရင်း - “နျန်နျန်လေး... သမီးအဘိုးတို့ ပြောတာ မမှားပါဘူး၊ သမီးကို မေမေက တကယ်ပဲ မွေးပေးခဲ့တာ၊ ဒါပေမဲ့ သမီးဖေဖေ ပြောတာလည်း မမှားဘူး၊ ဘာလို့လဲဆိုတော့ ဖေဖေက မေမေ့ကို အမှိုက်ပုံထဲကနေ ကောက်ရခဲ့တာမို့လို့လေ”

​ “ဟင်...”

​ လျူနျန်လေးမှာ ခေါင်းရှုပ်သွားရသည်။

​ သူမက လက်ချောင်းလေးတွေကို ရေတွက်ပြီး ဆက်စပ်မှုတွေကို သေသေချာချာ စဉ်းစားခန်း ဝင်လိုက်သည်။

​ သမီးကို မေမေက မွေးတယ်...

မေမေ့ကို ဖေဖေက အမှိုက်ပုံထဲက ကောက်ရတယ်...

ဒါကြောင့် အကျိုးအကြောင်းအရ တွက်ချက်ကြည့်ရင်... သမီးကိုလည်း အမှိုက်ပုံးထဲကပဲ ကောက်ရတာပေါ့။

​ ပြီးပြည့်စုံတဲ့ ယုတ္တိဗေဒ ကွင်းဆက်ကြီးပင် ဖြစ်သည်။

​ စုချင်းရွှယ်က နို့ဘူးကို ကလေးပါးစပ်ထဲ ထိုးထည့်ပေးလိုက်ပြီး မီးဖိုချောင်ထဲသို့ လှည့်ဝင်သွားခဲ့သည်။

​ မိသားစု သုံးယောက် ညစာစားပြီးတဲ့နောက်၊ စုချင်းရွှယ်က လျူယွမ်ကို ဆွဲခေါ်ပြီး တောက်ပနေတဲ့ အကြည့်တွေနဲ့ အိပ်ခန်းထဲသို့ ဝင်သွားခဲ့တော့သည်။

​ “ဖေဖေကတော့ ထပ်ပြီး အလုပ်ကြိုးစားပြန်ပြီ”

​ လျူနျန်လေးက ပိတ်သွားတဲ့ တံခါးကို စိုက်ကြည့်ရင်း လက်သီးလေးကို တင်းတင်းဆုပ်လိုက်မိသည် - “မဖြစ်ဘူး၊ သမီးက ဖေဖေထက် ပိုပြီး ကြိုးစားရမယ်”

​ သူမက လှည့်ထွက်ပြီး ခြံဝင်းထဲ ပြေးထွက်သွားကာ တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

​ သူမရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တွေ ပြည့်နှက်နေပုံရသည်။

​ လျူနျန်လေးက သူမရဲ့ ခန္ဓာကိုယ်ထဲက တစ်စုံတစ်ခုသော အတားအဆီးတစ်ခုက မကြာခင်မှာပဲ ပေါက်ကွဲထွက်တော့မယ်လို့ ခံစားလိုက်ရသည်။

All Chapters