အခန်း ၆၃
Vol. 7 Ch. 63
အပိုင်း (၆၃)
သက်ရှိတားမြစ်နယ်မြေထဲတွင်….
“ပိုးကောင်လေး မင်းက ဘာလို့ အခုထိ အသက်ရှင်နေသေးတာလဲ”
သံကြိုးတွေနဲ့ တုတ်နှောင်ခံထားရတဲ့ ကြောက်မက်ဖွယ် သားရဲကြီးက ဟိန်းဟောက်လိုက်သည်။
၎င်း၏ ဧရာမ ပါးစပ်ကြီးထဲကနေလည်း အရာအားလုံးကို ပြာချနိုင်လောက်တဲ့ နတ်ဆိုးမီးတောက်တွေကို အဆက်မပြတ် မှုတ်ထုတ်နေလေသည်။
ကျယ်ပြောလှတဲ့ စစ်တလင်းပြင်ကြီးပေါ်မှာတော့ သက်ရှိဟူ၍ သူတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ တောင်ပမာ ကြီးမားလှတဲ့ သားရဲကြီးနဲ့ ယှဉ်လိုက်ရင် သူဟာ အင်းဆက်ပိုးကောင်လေးတစ်ကောင်လို အလွန် သေးငယ်လွန်းလှသည်။
သူ့မှာ ကောင်းကင်နဲ့ မြေကြီးကို ဖြိုခွဲနိုင်တဲ့ တိုက်ခိုက်ရေး သိုင်းကွက်တွေလည်း မရှိသလို၊ နတ်ဆိုးမီးတောက်တွေကို အံတုနိုင်တဲ့ အံ့မခန်း ခုခံစွမ်းအားလည်း မရှိချေ။
ဒါပေမဲ့... သူဟာ အလွန် လျင်မြန်လှသည်။ သူ့အရှိန်က အကန့်အသတ်ကိုတောင် ကျော်လွန်နေပြီ ဖြစ်သည်။
လန့်ဖျပ်သွားတဲ့ ငန်းလေးတစ်ကောင်လို နုနယ်ပျော့ပျောင်းလှစွာဖြင့် နတ်ဆိုးမီးတောက်တွေကြားထဲမှာ ပုံရိပ်ယောင် အကြွင်းအကျန်များစွာ ချန်ထားရစ်ရင်း လွတ်လပ်စွာ ဖြတ်သန်း ပြေးလွှားနေလေသည်။
‘လောကရှိ သိုင်းပညာရပ်အားလုံးထဲတွင် အမြန်နှုန်းသည်သာ ခံစစ်ကို ဖောက်ထွင်းနိုင်သော တစ်ခုတည်းသော သော့ချက် ဖြစ်သည်’ ဆိုရိုးအတိုင်း... သူက သူ့ရဲ့ ဆင့်ကဲပြောင်းလဲမှု အမှတ်အားလုံးကို အမြန်နှုန်းတစ်ခုတည်းမှာပဲ ပုံအော သုံးထားခဲ့ခြင်း ဖြစ်သည်။
သူကသာ ရှောင်ကွင်းနေတာကြောင့် နတ်ဆိုးက ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါစေ၊ သူ့ရဲ့ အရှိန်ကို မမှီနိုင်ချေ။ သို့သော်လည်း အားနည်းလွန်းတဲ့ သူ့ရဲ့ ခန္ဓာကိုယ်က ထိုသားရဲကြီးကို ပြင်းထန်တဲ့ ဒဏ်ရာမျိုး မပေးနိုင်ဘဲ သူ တိုက်ခိုက်လိုက်သမျှက သားရဲကြီးအတွက် ယားယံရုံမျှသာ ရှိလေတော့သည်။
ဒီတိုက်ပွဲက ၁၅ ကြိမ်မြောက်အထိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူ့ရဲ့ ရဲဘော်ရဲဘက်တွေက ပိုးဖလံမျိုး မီးကိုတိုးသလို နတ်ဆိုးဆီ တရဟော တိုးဝင်သွားကြပြီး နာကျင်စွာ အော်ဟစ်ရင်း ပြာအဖြစ် ပြောင်းလဲသွားကြတာကို သူ မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။ သူတို့ရဲ့ အရိုးတွေက တောင်လိုပုံပြီး သွေးတွေက မြစ်လို စီးဆင်းခဲ့ရသည်။
သူကတော့ အစွန်းကုန် မြန်ဆန်လှတဲ့ အရှိန်ကြောင့်သာ ကပ်ဘေးကြီးတစ်ခုချင်းစီကနေ အသက်ဘေး လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။
“ဟ... ခံနိုင်ရည်ကတော့ အံ့ဩစရာပဲ၊ အခုထိ အသက်ရှင်နေတုန်းပဲဟ”
ကုဋေကုဋာသော သက်ရှိတွေ ပြန်လည် မွေးဖွားမလာခင်မှာတင် လျူယွမ်က ထိုဇွဲကောင်းလှတဲ့ အကောင်ငယ်လေး တစ်ရှိန်ထိုး လှုပ်ရှားနေတာကို သတိပြုမိလိုက်သည်။
ဒီကောင်လေးဟာ အသက်ပြင်းလှသည်။ တားမြစ်နယ်မြေထဲမှာ ၁၅ကြိမ်တောင် ရှင်သန်နိုင်ခဲ့ပြီ မဟုတ်ပါလား။
‘မင်းကတော့ တကယ့် ပါရမီရှင်ပဲဟ’ ဟု လျူယွမ်က စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။
ပထမတော့ သူလည်း ဒီကောင်လေးကို သိပ်ပြီး အထင်မကြီးခဲ့ပေမဲ့ ဒီလောက်အထိ ကြာရှည် ခံလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။ အကြာဆုံး ရှင်သန်ခြင်း စံချိန်ကိုတောင် တင်သွားခဲ့ပြီ ဖြစ်သည်။
ဒါပေမဲ့လည်း... သူ့ရဲ့ ရှင်သန်ပုံ နည်းလမ်းကတော့ သိပ်ပြီး မသန့်ရှင်းလှချေ။
ဒီ ၁၅ သံသရာပတ်လုံး လျူယွမ်က သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာ ဖြစ်သည်။
“ငါ သေရတော့မှာလား...”
ဒီအချိန်မှာတော့ ထိုအကောင်ငယ်လေးက အားအင်ကုန်ခမ်းလာပုံရပြီး အရှိန်ကလည်း တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။ နတ်ဆိုးမီးတောက်ရဲ့ အငွေ့အသက်တစ်ခုက သူ့ဘေးကနေ ဖျတ်ခနဲ ဖြတ်ပြေးသွားပြီး ပြာကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
“ငါ မကျေနပ်ဘူး”
“အသက်ရှင်ရမယ်၊ သေချာပေါက် အသက်ရှင်ရမယ်”
သေမင်းရဲ့ အရိပ်အယောင်က နှလုံးသားပေါ် လွှမ်းမိုးလာပြီး သူတို့တွေက မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကို ရောက်နေပြီ ဖြစ်သည်။ သူက ရင်ထဲကနေ ရူးသွပ်စွာ အော်ဟစ်လိုက်မိသည်။
“ရှင်သန်ရမယ်”
“မမက ပြောဖူးတယ်... ‘အသက်ရှင်အောင် နေ’ တဲ့”
သူ့ရဲ့ နောက်ဆုံး စွဲလမ်းစိတ်က သူ့ရဲ့ နောက်ဆုံး အလားအလာတွေကို နှိုးဆွပေးလိုက်သည်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတဲ့ သားရဲကြီးရဲ့ ဧရာမ လက်သည်းကွင်းကြီးက သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေနဲ့အတူ ဝှေ့ယမ်း ကျဆင်းလာခဲ့သည် - “ပိုးကောင်လေး... မင်း သေပေတော့”
ထိုအချိန်မှာပင်….
မြို့ရိုးကြီး ပြိုကျသွားခဲ့ပြီး တိုက်ပွဲရဲ့ အော်ဟစ်သံတွေက နားကွဲလုမတတ် ဆူညံသွားခဲ့သည်။
ကုဋေကုဋာသော စစ်ကူတွေက ဒီရေလှိုင်းကဲ့သို့ မြို့ထဲကို တိုးဝင်လာကြပြီး တားမြစ်နယ်မြေကို သိမ်းပိုက်ကာ နတ်ဆိုးတွေကို မကြောက်မရွံ့ တိုက်ခိုက်ကြတော့သည်။
၁၆ ကြိမ်မြောက် သံသရာ စတင်ခဲ့ပြီ ဖြစ်သည်။
“ထပ်လာပြန်ပြီပဲ… မင်းတို့လို ပုရွက်ဆိတ်တွေက ဘယ်တော့မှ ပြီးမှာလဲ” သားရဲကြီးလည်း ရူးသွပ်သွားခဲ့သည်။
ထိုကောင်လေးလည်းပဲ ရူးသွပ်သွားခဲ့သည်။ သို့သော်လည်း သူ့ရဲ့ ပစ်မှတ်က ထိုသားရဲကြီး မဟုတ်ဘဲ ခုနတင် တိုးဝင်လာခဲ့တဲ့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်နေလေသည်။
သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ စစ်တလင်းပြင်ကို ဖြတ်သန်းသွားခဲ့လိုက်သည်။ လျှပ်စီးလက်သလို ဖျတ်ခနဲ ဖြစ်သွားတိုင်း သူ့ရဲဘော်တစ်ယောက်ရဲ့ သက်စောင့်စွမ်းအင်တွေကို သူက တိတ်တဆိတ် စုပ်ယူလိုက်သည်။
သူက... မိမိရဲ့ ကမ္ဘာဦးအနွယ်တူတွေကို “စားသောက်” နေခြင်း ဖြစ်သည်။
၁၆ ကြိမ်မြောက် သံသရာအထိ ရှင်သန်နိုင်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ရဲဘော်တွေရဲ့ သက်စောင့်အားတွေကို မိမိရဲ့ စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ‘သက်စောင့်စွမ်းအင်စုပ်ယူခြင်း အတတ်’ ကြောင့် ဖြစ်သည်။
အရာအားလုံးက ရှင်သန်ဖို့အတွက်သာပင်...။ မိမိရဲ့ အမျိုးအနွယ်ကို ပြန်စားရရင်တောင် သူ ဂရုမစိုက်ချေ။ ထို့ကြောင့်လည်း သူက ပိုပြီးတော့ သန်မာလာခဲ့ရခြင်း ဖြစ်သည်။
“သစ္စာဖောက်”
“မိမိအသက်ရှင်ဖို့အတွက် ကိုယ့်ရဲဘော်တွေကိုတောင် ပြန်သတ်ရက်တယ်”
ရေတွက်မရတဲ့ သက်ရှိတွေဟာ ဒေါသတကြီး ဖြစ်သွားခဲ့ကြသည်။ သို့သော်လည်း သားရဲကြီးရဲ့ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရတဲ့အခါ သေခါနီး နောက်ဆုံးအချိန်မှာတော့ သူတို့အားလုံး စိတ်ပြောင်းသွားကြတော့သည် -
“ငါတို့ရဲ့ ကတိသစ္စာတွေကို သယ်ဆောင်ပြီး ဆက်ပြီး အသက်ရှင်ပေးပါ”
“ရှင်သန်နေမှပဲ မျှော်လင့်ချက် ရှိမှာ”
ကုဋေကုဋာသော သက်ရှိတွေက အရိုးဖြူဖြူတွေအဖြစ် ပြောင်းလဲသွားပြန်တဲ့အခါ နတ်ဆိုးကြီးက ဟိန်းဟောက်ပြီး သူ၏ အချုပ်အခြာအာဏာကို ကြေညာလိုက်သည်။
ဒါပေမဲ့... သူ အမုန်းဆုံး ဖြစ်တဲ့ ထို “ပိုးကောင်စုတ်” ကတော့ အခုထိ အသက်ရှင်နေဆဲပင်ဖြစ်သည်။
သူက သန်းပေါင်းများစွာသော ရဲဘော်တွေရဲ့ သက်စောင့်စွမ်းအင်တွေကို ရိတ်သိမ်းလိုက်ပြီး မိမိကိုယ်ကိုယ် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစေရုံတင်မကဘဲ လုံးဝ အသစ်စက်စက် ဆင့်ကဲပြောင်းလဲမှုကိုပါ လုပ်ဆောင်လိုက်သည်။
နတ်ဆိုးကို ယှဉ်နိုင်ဖို့ ဝေးသေးသော်လည်း သူ့စိတ်ထဲမှာတော့ အတွေးတစ်ခုပဲ ရှိတော့သည် -
‘ရှင်သန်ရမည်’
လျူယွမ် နိုးလာတဲ့အခါ သူ့ဇနီးသည်က ကုတင်ဘေးမှာ မှီပြီး ဖြူစင်လှပတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ထူးဆန်းတဲ့ အကြည့်မျိုးနဲ့ ငေးစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
သူက လက်ကို ဆန့်ထုတ်ပြီး သူမရဲ့ စီးကျနေတဲ့ ဆံနွယ်တွေကို သပ်တင်ပေးရင်း ဝင်းပနေတဲ့ ပုခုံးလေးကို သာသာယာယာ ပွတ်သပ်ကာ တိုးတိုးလေး မေးလိုက်သည် - “ဘာဖြစ်လို့လဲ မိန်းမ”
“မောင်... မောင့်ကို ကြည့်ရတာ ပိုပြီး ငယ်သွားသလိုပဲ” စုချင်းရွှယ်က လေသံအေးအေးလေးနဲ့ ပြောလိုက်သည် - “ကျွန်မ ခုနတင် မောင့်ရဲ့ ဆဲလ်တွေကို အနုကြည့်စွမ်းအားနဲ့ စစ်ဆေးကြည့်တာ၊ ဆဲလ်တွေရဲ့ လှုပ်ရှားမှုက... မောင့်ကို အနည်းဆုံး ငါးနှစ်လောက် ပိုငယ်သွားစေတယ်”
လျူယွမ်က အခု ၂၆ နှစ် ရှိပြီ ဖြစ်တာကြောင့် သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေက လွန်ခဲ့တဲ့ ငါးနှစ်တုန်းက စုချင်းရွှယ်နဲ့ စတင်တွေ့ဆုံခဲ့တဲ့ ၂၁ နှစ် အရွယ်ကို ပြန်ရောက်သွားတာ ဖြစ်သည်။
“ဒါဆို မောင်က နောက်ထပ် ငါးနှစ် ပိုပြီး အသက်ရှည်ရှည် နေရတော့မှာပေါ့” လျူယွမ်က ဇနီးသည်ရဲ့ သွယ်လျတဲ့ ခါးလေးကို ဖက်လိုက်ရင်း ဝမ်းသာအားရ ဖြစ်သွားသည်။
သူ့ရဲ့ အကြီးမားဆုံးသော စိုးရိမ်မှုက ဇနီးသည်က အမြဲတမ်း ပျိုမြစ်နေပြီး သူကတော့ တဖြည်းဖြည်း အိုမင်းသွားမှာကိုပင် ဖြစ်သည်။
“ဟုတ်တယ်...” စုချင်းရွှယ်က ခေါင်းညိတ်လိုက်ပြီး - “မောင့်ရဲ့ မျိုးရိုးဗီဇတွေက တိတ်တဆိတ် ဆင့်ကဲပြောင်းလဲနေတာ၊ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ... ကောင်စုတ်လေးတစ်ကောင်က ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ အသက်ရှင်ဖို့ ကြိုးစားနေတယ်”
“အို... ဘယ်လောက်တောင် ဆိုးလို့လဲ” လျူယွမ်က ပြုံးပြီး အရွှန်းဖောက်လိုက်သည်။
“ကိုယ့်ရဲဘော်တွေကို သတ်ပြီး သက်စောင့်စွမ်းအင်တွေကို ခိုးယူတာလေ” စုချင်းရွှယ်က တည်ကြည်တဲ့ လေသံနဲ့ ပြောလိုက်သည် - “တကယ့်ကို ဆိုးသွမ်းတဲ့ မျိုးစေ့လေးပဲ”
လျူယွမ်က ခေါင်းညိတ်လိုက်ပြီး - “ဒါဆိုရင်တော့ နတ်ဆိုးလမ်းစဉ်ထဲ ရောက်သွားတာနဲ့ အတူတူပဲပေါ့၊ ဒီကလေးကို အသက်ရှင်ခွင့် မပေးသင့်ဘူး”
“မဟုတ်ဘူး...” စုချင်းရွှယ်က ခေါင်းခါလိုက်ပြီး သူမရဲ့ လက်ညှိုးလေးကို လျူယွမ်ရဲ့ နှုတ်ခမ်းပေါ် သာသာယာယာ တင်လိုက်ရင်း - “တကယ်လို့... သူက ဆက်ပြီး အသက်ရှင်နိုင်ရင်ကော...”
လျူယွမ်က သူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲတွေကို ခံစားမိလိုက်သည်။ မျိုးရိုးဗီဇတွေရဲ့ အဆက်မပြတ် ဆင့်ကဲပြောင်းလဲမှုနဲ့အတူ သူ့ရဲ့ အသက်စွမ်းအင်တွေကလည်း မြင့်တက်လာခဲ့ပြီး ခန္ဓာကိုယ်က ပေါ့ပါးသွက်လက်ကာ အင်အားတွေ ပြည့်နှက်နေသလို ခံစားရသည်။
အထူးသဖြင့် မျက်စိမှိတ်ပြီး စိတ်ကို စုစည်းကြည့်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက သေးငယ်လှတဲ့ ဆဲလ်တွေက စွမ်းအင်တွေကို စုပ်ယူပြီး ဆင့်ကဲပြောင်းလဲမှုတွေ စတင်နေတာကို မရေမရာ မြင်တွေ့နေရသည်။
ဒါက သူဟာ သိုင်းဂိုဏ်းချုပ်အဆင့်နဲ့ ပိုပြီး နီးစပ်လာပြီဆိုတာကို ပြသနေတာ ဖြစ်သည်။
သူ ကုတင်ပေါ်က ထဖို့ လုပ်လိုက်စဥ်မှာပဲ စုချင်းရွှယ်က သူ့ကို နောက်ကနေ တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး ကုတင်ပေါ်သို့ ပြန်ဆွဲချလိုက်သည်။
“မောင်... နောက် ၁၅ ရက်နေရင် ကျွန်မ မိဘတွေအိမ် ပြန်ရတော့မယ်၊ ကျွန်မနဲ့အတူ အချိန်ပိုပေးဦး”
လျူယွမ်က လှည့်လိုက်ပြီး သူမကို ရင်ခွင်ထဲ ထည့်ကာ စိတ်ရှည်လက်ရှည် ချော့မော့လိုက်သည်။ ငါးနှစ်တာ သံယောဇဉ်က ဖြတ်ရလွယ်တာ မဟုတ်သလို သူ့ရင်ထဲမှာလည်း လွမ်းဆွတ်တမ်းတမှုတွေ ပြည့်နှက်နေခဲ့သည်။
နေ့ရက်တိုင်းက နှုတ်ဆက်ခြင်း နေ့ရက်တွေလိုပင် ခံစားနေရသည်။ ခွဲခွာရမယ့် အချိန်နဲ့ နီးကပ်လာလေလေ၊ အချိန်တွေက ပိုပြီး မြန်မြန် ကုန်ဆုံးသွားသလို ခံစားရလေလေ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာတင် ၁၅ ရက် ကုန်ဆုံးသွားခဲ့ပြီး လျူယွမ်နဲ့ စုချင်းရွှယ်တို့က နေ့တိုင်းလိုလို အိမ်ထဲမှာပဲ အတူရှိနေခဲ့ကြသည်။ စားလိုက်၊ အိပ်လိုက်၊ အိပ်လိုက်၊ စားလိုက်ဖြင့်... လွန်ခဲ့တဲ့ ငါးနှစ်တာ အချိန်တွေကို ဒီနှစ်ပတ်အတွင်းမှာပဲ ပုံဖော်နေကြသလိုပင်ဖြစ်သည်။
“ချင်းရွှယ်... အိမ်ပြန်ဖို့ အချိန်တန်ပြီ”
ယွန်းမြောင်က ခွေးအိမ်ထဲကနေ ထွက်လာပြီး အိမ်ထဲက စုချင်းရွှယ်ဆီသို့ စိတ်ချင်းဆက်ကာ သတင်းပို့လိုက်သည်။ နောက်ဆုံးတော့ အဆုံးမဲ့ကောင်းကင်ဘုံကို ပြန်ရတော့မည် မဟုတ်ပါလား။
သူမကတော့ ဒီခွေးအိမ်ထဲမှာ နေရတာကို တော်တော်လေး ကျင့်သားရနေပြီ ဖြစ်သည်။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး ကြုံတွေ့ခဲ့ရတဲ့ အရှက်ကွဲမှုတွေကို စိတ်ထဲမထားဖို့ မိမိကိုယ်ကိုယ် အဖန်ဖန် ဖြောင်းဖျထားရသည်။ နတ်ဘုရားတစ်ပါးအနေနဲ့ စိတ်ထားမြင့်မြတ်ရမည်ဖြစ်ပြီး ပုရွက်ဆိတ်တွေနဲ့ ဖက်မပြိုင်သင့်ချေ။
“အန်တီယွန်း... မမနဲ့ ခဲအိုကို နောက်ထပ် ခဏလောက် စကားပြောပါရစေဦး” စုယွီမော့ကတော့ တံဆိပ်မျိုးစုံနဲ့ ဒေသထွက် လက်ဆောင်ပစ္စည်း အိတ်ကြီးအိတ်ငယ်တွေကို သယ်ပိုးရင်း ခြံဝင်းထဲမှာ ရပ်နေသည်။
“ချင်းရွှယ်... နင့်ကို နောက်ဆုံး တစ်နာရီပဲ အချိန်ပေးမယ်” ယွန်းမြောင်က ထပ်မံ သတိပေးလိုက်ပြီး စုယွီမော့ကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း - “ဒါတွေကို သိုလှောင်လက်စွပ်ထဲ ဘာလို့ မထည့်တာလဲ”
စုယွီမော့က သက်ပြင်းချရင်း - “အဲဒီထဲမှာလည်း ပစ္စည်းတွေ အပြည့်ဖြစ်နေလို့လေ”
ယွန်းမြောင်လည်း သက်ပြင်းချလိုက်မိသည် - “ပစ္စည်းဥစ္စာတွေအပေါ် သာယာနေရင် ရည်မှန်းချက်တွေ ပျောက်ဆုံးကုန်လိမ့်မယ်”
သူတို့ စောင့်ဆိုင်းနေကြစဥ်...
အိပ်ခန်းထဲမှာတော့ စုချင်းရွှယ်နဲ့ လျူယွမ်တို့ဟာ ဘယ်တော့မှ ခွာလို့မရတော့မယ့် ပီကေတုံးလေးနှစ်တုံးလို အချင်းချင်း တင်းတင်းကြပ်ကြပ် ဖက်ထားကြသည်။
“မောင်... ကျွန်မ သွားရတော့မယ်”
စုချင်းရွှယ်ရဲ့ မျက်ဝန်းလေးတွေ နီမြန်းလာပြီး လျူယွမ်ရဲ့ လည်ပင်းကို တင်းတင်းဖက်ထားလိုက်သည် - “ဒီငါးနှစ်အတွင်းမှာ ကျွန်မကို ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ မောင့်နားမှာ ရှိနေရတာ ကျွန်မ တကယ် ပျော်ပါတယ်”
လျူယွမ်က သူမရဲ့ ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း ခါးအထိ စီးကျနေတဲ့ နက်မှောင်စိုပြည်တဲ့ ဆံနွယ်ရှည်ကြီးတွေရဲ့ နုညံမှုကို ခံစားလိုက်ရသည် - “မငိုပါနဲ့ မိန်းမရယ်... ဒါက ထာဝရ ခွဲခွာရတာမှ မဟုတ်တာ၊ မိဘတွေအိမ်ကို ရက်ပိုင်းလောက်ပဲ ပြန်သွားတာပဲဟာကို”
စုချင်းရွှယ်က ပိုပြီးတော့တောင် ငိုချလိုက်မိသည် - “ဝါး... မောင်ရယ်၊ ကျွန်မ မောင့်ကို ဖုံးကွယ်ထားခဲ့တဲ့ တခြားအကြောင်းအရာ တစ်ခု ရှိသေးတယ်...”
လျူယွမ်က သူမရဲ့ ဆံပင်လေးတွေကို သာသာယာယာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည် - “မောင် သိတာပေါ့... မင်းက တကယ်တော့ ချင်းရွှယ်ရဲ့ ဒုတိယမြောက် စရိုက်ဆိုတာကိုလေ၊ မင်းက သူမရဲ့ ဟန်ဆောင်မှုတစ်ခု မဟုတ်လား”
“မောင့်ဘက်က မင်းကို အိမ်ခေါ်လာတဲ့ အချိန်၊ မင်း နိုးလာပြီး မောင့်ကို စိုက်ကြည့်တဲ့ အချိန်ကတည်းက စတာပဲ။ မင်းက ဒီကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျဖြစ်အောင်၊ မင်းရဲ့ အမှတ်အသားကို ဖုံးကွယ်ထားနိုင်အောင် တော်တော်လေး ကြိုးစားခဲ့တာပဲ၊ ဒါပေမဲ့ သရုပ်ဆောင်ရင်း၊ သရုပ်ဆောင်ရင်းနဲ့... မင်းကိုယ်တိုင် တကယ်ပဲ နစ်မျောသွားခဲ့တာ မဟုတ်လား”
စုချင်းရွှယ်မှာ ဆွံ့အသွားခဲ့ရသည်။ ယောက်ျားဖြစ်သူက အရာအားလုံးကို သိနေပြီးသား ဖြစ်ပေမဲ့ မိမိကို ဖွင့်မပြောဘဲ ဖုံးကွယ်ပေးထားခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။
“မောင်... ကျွန်မ အဆုံးမဲ့ကောင်းကင်ဘုံကို ပြန်ရောက်သွားတဲ့အခါ တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာကို တကယ် ကြောက်တယ်” သူမက လျူယွမ်ကို တင်းတင်းဖက်ထားရင်း တစ်ကိုယ်လုံး တုန်ခါနေခဲ့သည် - “တကယ်လို့ အဲဒီအချိန်ကျရင် ကျွန်မ ပြန်မလာချင်တော့ရင်ကော... ကျွန်မက သူမရဲ့ ဟန်ဆောင်မှုတစ်ခု သက်သက်ပဲ ဆိုပေမဲ့ သူမ ဘာပဲတွေးတွေး ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မ မောင့်ကိုပဲ ချစ်တာ၊ ကျွန်မက မောင့်ကို လက်ထပ်ပြီး ကလေးတွေ မွေးပေးလိမ့်မယ်လို့ သူမ သေချာပေါက် တွေးမိမှာ မဟုတ်ဘူး”
“ပထမတော့... မပြန်ခင် မောင့်ရဲ့ ကလေးကို ယူသွားဖို့ ကျွန်မ အစီအစဉ်ဆွဲထားတာ၊ ဒါမှ အသာစီး ရပြီး သူမ ထွက်မလာအောင် တားထားနိုင်မှာမို့လို့... ဒါပေမဲ့ ကျွန်မ ရှုံးနိမ့်သွားခဲ့တယ်၊ ကိုယ်ဝန်မရခဲ့ဘူး...”
လျူယွမ်က မျက်ရည်တွေ စိုရွှဲနေတဲ့ သူမရဲ့ မျက်နှာလေးကို လက်နှစ်ဖက်နဲ့ အသာအယာ ဆုပ်ကိုင်လိုက်ပြီး မျက်တောင်ဖျားက မျက်ရည်စတွေကို အနမ်းနဲ့ သုတ်သင်ပေးရင်း တိုးတိုးလေး မေးလိုက်သည် -
“မိန်းမ... မင်း အံ့ဖွယ်တွေကို ယုံကြည်လား”