အခန်း ၆၄
Vol. 7 Ch. 64
အပိုင်း (၆၄)
“မောင်ကတော့ ကျွန်မဘဝရဲ့ အံ့ဖွယ်ကြီးပါပဲ”
စုချင်းရွှယ်က လျူယွမ်ကို တပ်မက်စွာ နမ်းရှိုက်ရင်း နောက်ဆုံးနှုတ်ဆက်ခြင်းကို ပြုလုပ်လိုက်သည်။
တစ်နာရီ ကြာပြီးနောက်…
သူမသည် ခင်ပွန်းသည်၏ နွေးထွေးလှသော ရင်ခွင်ထဲမှ ရုန်းထွက်ပြီး မိဘအိမ်သို့ ပြန်ရန် ပြင်ဆင်တော့သည်။
သူမ ကုတင်ပေါ်က ဆင်းပြီး လွန်ခဲ့သော ငါးနှစ်က ဒီအိမ်ကို ပထမဆုံး ရောက်ရှိလာစဉ်တုန်းက ဝတ်ဆင်ခဲ့သည့် ဝတ်စုံဖြူလေးကို ပြန်လည် ဝတ်ဆင်လိုက်သည်။
သူမ၏ ရုပ်ရည်က လွန်ခဲ့သော ငါးနှစ်တုန်းကအတိုင်း ထပ်တူထပ်မျှပင် ဖြစ်ပြီး ပိုမိုဖြူစင်ကာ လှပနေဆဲ ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်တော့ အလိုလိုက်ခံထားရသည့် ဇနီးသည်တစ်ဦး၏ နူးညံ့သိမ်မွေ့သော အငွေ့အသက်လေးတစ်ခု ကိန်းအောင်းနေခဲ့ပြီ ဖြစ်သည်။
“မိန်းမ... မောင် လိုက်ပို့မယ်လေ”
လျူယွမ်က စုချင်းရွှယ်၏ လက်ကို ဆုပ်ကိုင်ကာ အိပ်ခန်းထဲကနေ အတူတူ ထွက်လာခဲ့ကြသည်။
ညဉ့်နက်သန်းခေါင်ယံအချိန် ဖြစ်တာကြောင့် သမီးလေး လျူနျန်ကတော့ ပုခက်လေးထဲတွင် နက်ရှိုင်းစွာ အသက်ရှူရင်း အိပ်မောကျနေပြီး နှုတ်ခမ်းလေး တပြင်ပြင်ဖြင့် အိပ်မက်ချိုချိုတွေ မက်နေပုံရသည်။
အသံလုံ အစီအရင် ရှိနေခြင်းကြောင့် သူမသည် အပြင်က ဆူညံသံတွေကို ဘာမှမကြားရချေ။
စုချင်းရွှယ်က စားပွဲနားသို့ လျှောက်သွားပြီး သမီးလေး၏ နို့ဗူးကို စစ်ဆေးလိုက်သည်။ ထိုနို့ဗူးထဲတွင် နျန်နျန် မွေးဖွားလာကတည်းက သူမ နေ့တိုင်း စုပ်ထုတ်ထားခဲ့သည့် မိခင်နို့များ ရှိနေသည်။
ထိုနို့ဗူးသည် အတွင်း၌ သီးခြား အာကာသဟင်းလင်းပြင် ပါရှိသော အဆင့်ကိုး ဝိညာဥ်လက်နက်တစ်ခု ဖြစ်သောကြောင့် မိခင်နို့ကို လတ်ဆတ်စွာ အပြည့်အဝ ထိန်းသိမ်းထားနိုင်သည်။ ဤနို့ဗူးထဲက နို့များသည် လျူနျန် နို့စို့အရွယ် လုံးဝ ပြီးဆုံးသည်အထိ နောက်ထပ် နှစ်နှစ်စာလောက် သောက်သုံးရန် လုံလောက်လှသည်။
သမီးလေးနားမှာ ခဏတာ မရှိနိုင်တော့သော်လည်း စုချင်းရွှယ်ကတော့ သမီးဖြစ်သူကို မိခင်နို့ ဆက်လက် သောက်သုံးစေချင်ဆဲပင် ဖြစ်သည်။
သူမ ငုံ့ကြည့်လိုက်ပြီး အိပ်မောကျနေသည့် သမီးလေး၏ မျက်နှာလေးကို စိုက်ကြည့်နေမိသည်။
မခွဲနိုင်မခွာနိုင်ဖြစ်နေသည့် မျက်ဝန်းများဖြင့် သမီးလေး၏ နဖူးပြင်ကို ငုံ့ပြီး နမ်းရှိုက်လိုက်မိသည်။
မိခင်ဖြစ်သူ၏ အငွေ့အသက်ကို ခံစားမိသွား၍လားမသိ၊ လျူနျန်က အိပ်မက်ထဲတွင် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ လက်ချောင်းလေးများကို ဆန့်ထုတ်ပြီး တစ်ခုခုကို ဖမ်းဆုပ်ရန် ကြိုးစားနေသည်။
“မေမေ...” သူမ မျက်လုံးကို မှုန်မွှားမွှား ဖွင့်လိုက်ပြီး ကလေးသံလေးဖြင့် မေးလိုက်သည် - “ဘာလို့ အခုထိ မအိပ်သေးတာလဲဟင်၊ ညဉ့်နက်နေပြီလေ”
စုချင်းရွှယ်က သမီးလေး၏ နှာခေါင်းလုံးလုံးလေးကို လက်ညှိုးလေးဖြင့် သာသာယာယာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည် - “မေမေက ခရီးဝေးကြီး သွားရတော့မှာမို့လို့ပါ”
လျူနျန်က သိချင်စိတ်ပြင်းပြစွာဖြင့် - “မေမေက... ဘယ်ကို သွားမှာလဲဟင်”
“အဝေးကြီး၊ တကယ်ကို ဝေးလံတဲ့ နေရာတစ်ခုပေါ့” စုချင်းရွှယ်က လေသံအေးအေးလေးဖြင့် ဖြေလိုက်သည် - “အဲဒါ မေမေ ကြီးပြင်းခဲ့တဲ့ နေရာလေ၊ မေမေက မေမေ့ရဲ့ ဖေဖေဆီ သွားတွေ့မလို့ပါ”
လျူနျန်၏ မျက်လုံးဝိုင်းကြီးများက ကလယ်ကလယ် ဖြစ်သွားပြီး တီဗီထဲက သင်ယူထားခဲ့သည့် ကလေးကဗျာလေးကို ချက်ချင်း သတိရသွားသည် -
မေမေ့ရဲ့ ဖေဖေကို ဘယ်လို ခေါ်ရမလဲ...
ဖိုးဖိုးပေါ့….
“မေမေ... နျန်နျန်လည်း ဖိုးဖိုးဆီ လိုက်လည်ချင်တယ်” သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
“နျန်နျန်လေး နည်းနည်း ပိုကြီးလာတဲ့အခါကျရင် မေမေ သမီးကို သေချာပေါက် ခေါ်သွားမှာပေါ့”
“ဒါဆို... မေမေက ဘယ်တော့ ပြန်လာမှာလဲဟင်”
သမီးဖြစ်သူ၏ ဖြူစင်ရိုးသားလှသည့် မျက်ဝန်းလေးကို ကြည့်ရင်း စုချင်းရွှယ် ရင်ထဲ နင့်ခနဲ နာကျင်သွားရသည်။ သူမသည် စကားတစ်ခွန်းမှ မပြောဘဲ သွယ်လျလှသည့် လက်ချောင်းလေး သုံးချောင်းကို တိတ်တဆိတ် ထောင်ပြလိုက်သည်။
လျူနျန်ကတော့ ဒါကို ‘သုံးရက်’ လို့ ချက်ချင်း သတ်မှတ်လိုက်လေတော့သည်။
စုချင်းရွှယ်၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာပြီး နောက်ဆုံး မှာတမ်းစကားကို ပြောလိုက်သည် - “နျန်နျန်လေး... အိမ်မှာ လိမ်လိမ်မာမာ နေနော်၊ ဖေဖေ့စကားကို နားထောင်၊ ဆိုးမနေနဲ့ဦး”
“မေမေ စိတ်မပူနဲ့၊ နျန်နျန်က အရမ်း လိမ်မာတာ” လျူနျန်က ခေါင်းကို တရစပ် ညိတ်ပြလိုက်သည်။
“ဒါဆို... မေမေ သွားပြီနော်”
စုချင်းရွှယ်က ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း နောက်သို့ လှည့်လှည့်ကြည့်နေမိပြီး ခြေလှမ်းတိုင်းတွင် မခွဲနိုင်မခွာရက်စိတ်များ ပိုမို ပြင်းထန်လာခဲ့သည်။
လျူနျန်လည်း တစ်ခုခုကို ခံစားမိသွားပုံရပြီး ပုခတ်ပေါ်ကနေ ချက်ချင်း ခုန်ဆင်းကာ ခြေဗလာဖြင့် ကြမ်းပြင်ပေါ် ရပ်လျက် မိခင်၏ ကျောပြင်ကို ကြည့်ပြီး အော်ဟစ် နှုတ်ဆက်လိုက်သည် -
“မေမေ... နျန်နျန် မေမေ့ကို သတိရနေမယ်နော်”
စုချင်းရွှယ် ခေါင်းညိတ်လိုက်မိသော်လည်း နောက်သို့ ပြန်လှည့်ကြည့်ရန် မဝံ့ရဲတော့ဘဲ အခန်းထဲကနေ အမြန်ဆုံး ထွက်လာခဲ့လိုက်သည်။
လျူနျန်က နောက်ကနေ လိုက်ချင်သော်လည်း လျူယွမ်က နောက်သို့ လှည့်ကြည့်ကာ တိုးတိုးလေး ဖြောင်းဖျလိုက်သည် - “နျန်နျန်လေး လိမ်မာတယ်၊ သွားအိပ်တော့နော်... ဖေဖေက မေမေ့ကို လိုက်ပို့ပေးမလို့”
လျူနျန်က ပုခတ်လေးထဲ ပြန်လှဲလိုက်ပြီး တံခါးဝကနေ ပျောက်ကွယ်သွားတဲ့ မိခင်ဖြစ်သူ၏ ပုံရိပ်ကို ငေးစိုက်ကြည့်နေခဲ့သည်။
အကြောင်းရင်းမရှိဘဲ ရင်ထဲ နာကျင်ဝမ်းနည်းနေမိသော်လည်း သူမသည် ငိုယိုပြီး ဂျီကျမနေဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့လေသည်။
ခြံဝင်းထဲတွင်တော့ ယွန်းမြောင်နှင့် စုယွီမော့တို့ဟာ တစ်နာရီနီးပါး စောင့်ဆိုင်းနေခဲ့ကြပြီ ဖြစ်သည်။
“ချင်းရွှယ်... အိမ်ပြန်ဖို့ အချိန်တန်ပြီ” ယွန်းမြောင်၏ အေးစက်လှသော အသံ ထွက်ပေါ်လာသည်။ သူမက တပည့်ဖြစ်သူ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။ စုချင်းရွှယ်ကို အဆုံးမဲ့ကောင်းကင်ဘုံသို့ ပြန်ခေါ်ဆောင်သွားနိုင်သရွှေ့ သူမ၏ စီနီယာအစ်ကို စုကျန့်နန်ကို အစီရင်ခံ တင်ပြနိုင်မည် မဟုတ်ပါလား။
စုချင်းရွှယ်က လျူယွမ်ဘက်သို့ လှည့်ကြည့်ပြီး သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လွှတ်မပေးချင်တော့ဘဲ - “မောင်... ကျွန်မ သေချာပေါက် ပြန်လာခဲ့မယ်”
လျူယွမ်က သူမ၏ ပါးပြင်လေးကို ဆွဲဆိတ်လိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်သည် - “မိဘတွေအိမ် ပြန်တာပဲဟာကို... သေခွဲခွဲရတာမှ မဟုတ်တာ မိန်းမရာ၊ ပြုံးပြပါဦး”
စုချင်းရွှယ်မှာ စိတ်ဆိုးရမလို ရယ်ရမလို ဖြစ်သွားပြီး လျူယွမ်၏ ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ခပ်ဖွဖွ ထုလိုက်သည်။
လျူယွမ်က - “မင်း ပြန်မလာရင်တောင်... မောင်ကိုယ်တိုင် အဆုံးမဲ့ကောင်းကင်ဘုံအထိ လိုက်ရှာပြီး မင်းကို လာခေါ်မှာပေါ့”
သူတို့နှစ်ဦး အချင်းချင်း နက်ရှိုင်းစွာ စိုက်ကြည့်နေကြပြီး ၎င်းတို့၏ မျက်ဝန်းများမှတစ်ဆင့် မပြောဖြစ်ခဲ့သည့် သံယောဇဉ်နှောင်ကြိုးများကို ဖလှယ်နေကြသလိုပင်။
ဘေးနားတွင် ရပ်နေသည့် စုယွီမော့ကတော့ မျက်ရည်ဝဲလျက် စောင့်ကြည့်နေပြီး - “မမနဲ့ ခဲအိုက တကယ့်ကို အချစ်စစ်တွေပဲ၊ သူတို့အချစ်က သမီးကြည့်ဖူးသမျှ အသည်းကွဲ ဇာတ်လမ်းတွဲတွေထက်တောင် ပိုပြီး ကောင်းသေးတယ်”
ကမ္ဘာမြေပေါ်မှာ တစ်နှစ်ကျော်ကြာ နေထိုင်ခဲ့စဉ်အတွင်း သူမ တီဗီဇာတ်လမ်းတွဲ တော်တော်များများကို ကြည့်ရှုခဲ့သည်။
အထူးသဖြင့် အချစ်ဒရမ်မာတွေ၊ မာနခဲ စီးအီးအိုဇာတ်လမ်းတွေ၊ သူဌေးသမီးအတုနဲ့အစစ် ဇာတ်လမ်းတွေ... ဒါတွေအားလုံးက ယခုအချိန်မှာ မြင်တွေ့နေရတဲ့ မမနဲ့ ခဲအိုတို့ရဲ့ အချစ်လောက် သူမကို စိတ်မလှုပ်ရှားစေခဲ့ချေ။
ဒါက နွားကျောင်းသားနဲ့ ရက်ကန်းမယ်လေးတို့ရဲ့ အချစ်ဇာတ်လမ်း မဟုတ်ပါလား။
“ခဲအိုကတော့ နွားကျောင်းသားလေးပေါ့”
စုယွီမော့က တိကျတဲ့ တင်စားချက်တစ်ခုကို ပြုလုပ်လိုက်သည်။
လျူယွမ်က သူမကို မျက်စောင်းထိုးလိုက်မိသည်။ ဒီဘက်ခေတ်မှာ “နွားကျောင်းသား” ဆိုတဲ့ စကားလုံးက သိပ်ပြီး သိက္ခာရှိတဲ့ အဓိပ္ပာယ် မဆောင်ချေ။
“မမကတော့ ရက်ကန်းမယ်လေးပေါ့”
ထို့နောက် စုယွီမော့က ယွန်းမြောင်ကို လှမ်းကြည့်ပြီး သူမတစ်ယောက်တည်း ကြားနိုင်မယ့် လေသံဖြင့် ညည်းညူလိုက်သည် - “အန်တီယွန်းမြောင်ကတော့ နတ်ဘုရားမကြီးပေါ့... တကယ့် မကောင်းဆိုးဝါး မိထွေးကြီးအတိုင်းပဲ”
ယွန်းမြောင်က မကြားရသော်လည်း ခန့်မှန်းကြည့်၍ ရသည်။
သူမက စုယွီမော့ဘက်သို့ လှည့်ကြည့်လိုက်ပြီး ဒီမိန်းကလေးက သူမအပေါ် အမြင်မကြည်လင်မှုတွေ တော်တော်များနေတာကို ခံစားမိလိုက်သည်။
ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ သူမက စီနီယာအစ်ကို စုကျန့်နန်ရဲ့ သမီးအရင်း ဖြစ်နေတာပဲလေ….
“ချင်းရွှယ်၊ ယွီမော့... ငါ နင်တို့ကို အိမ်ပြန်ခေါ်တော့မယ်”
ယွန်းမြောင်က တစ်ဖက်တွင် စုချင်းရွှယ်နှင့် အခြားတစ်ဖက်တွင် စုယွီမော့တို့ကို ဆွဲကိုင်လိုက်ပြီး သုံးယောက်သား ကောင်းကင်ယံသို့ တဖြည်းဖြည်း ပျံတက်သွားကြသည်။
စုချင်းရွှယ်ကတော့ လျူယွမ်၏ လက်ကို လွှတ်မပေးချင်ဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။
သို့သော်လည်း သူတို့နှစ်ဦးကြား အကွာအဝေးက ပိုမိုဝေးကွာလာသည်နှင့်အမျှ တင်းတင်း ဆုပ်ကိုင်ထားသည့် လက်ချောင်းလေးများသည် နောက်ဆုံးတွင်တော့ ကွဲကွာသွားခဲ့ရလေသည်။
‘တကယ်လို့ ဒါက တီဗီဇာတ်လမ်းတွဲသာဆိုရင်၊ ဒီနေရာမှာ နောက်ခံတေးဂီတတစ်ခုခု လာသင့်သည်’ ဟု စုယွီမော့က စိတ်ထဲကနေ တွေးလိုက်မိသည်။
ယွန်းမြောင်၏ ဆွဲခေါ်မှုကြောင့် ပိုမိုမြင့်မားရာသို့ ပျံသန်းသွားစဉ် ပြင်းထန်သော လေပြင်းများက စုချင်းရွှယ်၏ ဆံနွယ်များကို လွင့်ပျံစေခဲ့သည်။
ဆယ်မီတာ၊ မီတာနှစ်ဆယ်၊ မီတာတစ်ရာ…
“မောင်... ကျွန်မ မောင့်ကို ချစ်တယ်” စုချင်းရွှယ်က မြေပြင်ပေါ်က ပုံရိပ်လေးဆီသို့ အော်ဟစ် နှုတ်ဆက်လိုက်သည်။
“ခဲအို... ကျွန်မလည်း ခဲအိုကို သတိရနေမှာပါ” စုယွီမော့ကလည်း အော်ပြောလိုက်သည်။
လျူယွမ်က ခေါင်းမော့ကြည့်ပြီး လက်ဝှေ့ယမ်းကာ မိမိရှိသမျှ အားအင်အားလုံးကို သုံး၍ ပြန်လည် အော်ဟစ် နှုတ်ဆက်လိုက်သည် - “မိန်းမ... လမ်းခရီးမှာ ဘေးကင်းပါစေ။ မောင် အိမ်မှာ မင်းပြန်လာမှာကို စောင့်နေမယ်”
ကောင်းကင်ယံ အမြင့်ပိုင်းတွင်…
ယွန်းမြောင်က ထိုနှုတ်ဆက်ခြင်း မြင်ကွင်းကို စောင့်ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဝေးကွာလွန်းလှတဲ့ အကွာအဝေးတစ်ခုဟာ ဘယ်လောက်ပဲ ခိုင်မြဲပါတယ်ဆိုတဲ့ သံယောဇဉ်နှောင်ကြိုးကိုမဆို ဖြတ်တောက်ဖို့ လုံလောက်လှသည်။
လျူယွမ်... မင်းနဲ့ ချင်းရွှယ်ရဲ့ ပတ်သက်မှုက ဒီနေရာတင် ပြီးဆုံးသွားခဲ့ပြီ။
ခြံဝင်းဧရိယာကနေ ကျော်လွန်လာခဲ့တာနဲ့အမျှ...
သူမသည် ဖိနှိပ်ခံထားရသည့် မိမိ၏ စွမ်းအားများ လျင်မြန်စွာ ပြန်လည် ရောက်ရှိလာတာကို ခံစားလိုက်ရသည်။ မဟာဗျူဟာမြောက် ထက်မြက်မှု၊ ဩဇာတိက္ကမနှင့် အထွတ်အထိပ် သက်ရှိတစ်ဦး၏ အငွေ့အသက်များ ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သည်။
သူမ ခြေဖဝါးအောက်တွင် သေးငယ်သွားခဲ့သည့် လင်အန်းမြို့ကို ငုံ့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ထိုသန်းပေါင်းများစွာသော လူသားများသည် ပုရွက်ဆိတ်များ သက်သက်သာ ဖြစ်သည်။
သို့သော်လည်း... သူမသည် ထိုရိုးရာ စတုရန်းပုံ ခြံဝင်းကြီးရဲ့ လျှို့ဝှက်ချက်ကိုတော့ အခုထိ ထိုးဖောက် မမြင်နိုင်သေးချေ။
“ဒီခြံဝင်းက တကယ့်ကို ထူးဆန်းတာပဲ။ ငါ အဲဒီထဲကို ပြောင်းရွှေ့နေထိုင်ကတည်းက ငါ့ရဲ့ စွမ်းအားအားလုံး ဖိနှိပ်ခံထားရတာ”
ခွေးအိမ်ထဲမှာ နေခဲ့ရတဲ့ ထိုတစ်နှစ်တာ အရှက်ကွဲမှုတွေကို ပြန်တွေးမိတိုင်း သူမ အခုထိ မကျေမနပ် ဖြစ်နေဆဲပင်။
သူမသည် အရာရာကို တွက်ချက်ကြည့်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ဒီနေရာသည် ရိုးရှင်းမှုမရှိဘဲ ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားနိုင်ကြောင်း သူမ ခံစားမိလိုက်သည်။
ဥပမာအားဖြင့် အဆုံးမဲ့ကောင်းကင်ဘုံတွင် ‘နတ်ဘုရားမြှုပ်နှံရာ ချောက်ကမ်းပါး’ ဆိုတာ ရှိသည်။ ၎င်းသည် တစ်ချိန်က နတ်ဘုရားများနှင့် ထာဝရရှင်သန်သူများ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာဖြစ်ပြီး ရေတွက်မရနိုင်သော နတ်ဘုရားတို့၏ အရိုးများကို မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။ ထိုချောက်ကမ်းပါးတွင် စည်းမျဉ်းများဖြင့် ကန့်သတ်ထားသောကြောင့် မည်သူမျှ မပျံသန်းနိုင်သလို၊ မည်သည့် မှော်အတတ်နှင့် နတ်ဘုရားပညာရပ်ကိုမျှ အသုံးပြု၍မရချေ။ အသုံးပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ ခန္ဓာကိုယ်အင်အား သက်သက်သာ ဖြစ်သည်။
ဒီခြံဝင်းကြီး၏ အခင်းအကျင်းက ထိုနတ်ဘုရားမြှုပ်နှံရာ ချောက်ကမ်းပါးနှင့် ဆင်တူယိုးမှား ဖြစ်နေသလိုပင်
သို့သော်လည်း ယွန်းမြောင်ကတော့ ယင်း၏ နောက်ကွယ်က အမှန်တရားကို မမြင်နိုင်ခဲ့ချေ။
မှောင်မိုက်လှသော အလွှာများကြားကနေ သူမသည် လျူယွမ် ခေါင်းမော့ကြည့်နေတာကိုသာ မြင်တွေ့နိုင်သည်။ ထိုထာဝရ ညတာကဲ့သို့ နက်ရှိုင်းလှသော မျက်ဝန်းများကြောင့် ယွန်းမြောင်၏ နှလုံးသားသည် အကြောင်းရင်းမရှိဘဲ အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။
‘ငါ အတွေးလွန်နေတာ နေမှာပါ၊ သူက လူသားတစ်ယောက် သက်သက်ပဲဟာကို’
‘တကယ်လို့ သံသယဖြစ်စရာ တစ်ခုခု ရှိတယ်ဆိုရင်... အဲဒီခြံဝင်းထဲက အဘိုးကြီး ရှစ်ယောက်နဲ့ ထိုလောကတ်ပင်အိုကြီးက လျူယွမ်ထက် ပိုပြီး သက်တမ်းရင့်နေတာပဲ ရှိလိမ့်မယ်’
ယွန်းမြောင်က ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူမ၏ တပည့် ချင်းရွှယ်တွင် ကိုယ်ဝန်မရှိတာကို သူမ ခံစားမိသောကြောင့် ဖြစ်သည်။
တကယ်လို့ လျူယွမ်ကသာ တကယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ မဟာဆရာကြီးတစ်ဦး ဖြစ်နေမယ်ဆိုရင်... တစ်နှစ်ပတ်လုံး ဒီလောက်အထိ ကြိုးစားခဲ့တာတောင် စုချင်းရွှယ်ကို ဘာလို့ ကိုယ်ဝန်မရစေခဲ့တာလဲ။
ဒုတိယမြောက် ကလေးကို မမွေးဖွားနိုင်ဘူးဆိုရင်တော့ လျူယွမ်က အရည်အချင်းမရှိဘူးလို့ပဲ အဓိပ္ပာယ်ရသည်။
သို့သော်လည်း... ထိုအတွေးက သူမ၏ စိတ်ထဲတွင် ဖျတ်ခနဲ လျှပ်စီးလက်သွားသည့် အချိန်မှာပင်…
ကောင်းကင်ယံသို့ ဆွဲခေါ်ခြင်း ခံနေရသည့် စုချင်းရွှယ်သည် ရုတ်တရက် တစ်ကိုယ်လုံး တုန်ခါသွားခဲ့ရသည်။
သူမသည် မိမိ၏ ပြားချပ်နေသော ဗိုက်ကလေးကို မသိစိတ်ဖြင့် အသာအယာ ထိတွေ့လိုက်မိပြီး မျက်နှာတွင် မယုံကြည်နိုင်စရာ အမူအရာတစ်ခု ပေါ်လာခဲ့သည်။
သူမသည် မိမိ၏ ထက်မြက်လှသော စိတ်စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းပိုင်းကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။
အံ့ဖွယ်အမှုတစ်ခု ဖြစ်ပျက်ခဲ့လေပြီ။
လျူယွမ်က သူမ၏ ခန္ဓာကိုယ်ထဲတွင် တစ်လပတ်လုံး ချန်ထားရစ်ခဲ့သော မျိုးရိုးဗီဇများသည် အမှန်တကယ်ပင် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီး လူသားနှင့် နတ်ဘုရားနယ်ပယ်ကြားက အတားအဆီးကို ဖောက်ထွင်းကာ သူမ၏ မျိုးရိုးဗီဇများနှင့် စတင် ပေါင်းစပ်သွားခဲ့လေပြီဖြစ်သည်။