အခန်း ၆၈
Vol. 7 Ch. 68
အပိုင်း (၆၈)
လျူယွမ်သည် ရုံးခန်းထဲသို့ လျှောက်ဝင်လာခဲ့ရာ ဒုတိယဌာနခွဲမှူး လင်းဝေဝေကို ချက်ချင်းပင် မြင်လိုက်ရသည်။
သူမသည် ရုံးထိုင်ကုလားထိုင်ပေါ်တွင် စောင်းစောင်းလေး ထိုင်နေပြီး ခြေထောက်တစ်ဖက်ကို အပေါ်သို့ ချိတ်ထားသည်။ နက်မှောင်သော ခြေအိတ်ရှည်များ ဝတ်ဆင်ထားသည့် သူမ၏ သွယ်လျဖြောင့်စင်းသော ခြေသလုံးလေးများသည် ဒေါက်ဖိနပ်ပေါ်တွင် အသာအယာ လှုပ်ခတ်နေပြီး ပျင်းရိငြီးငွေ့ဖွယ် အလှတရားတစ်ခုကို ဆောင်ကျဉ်းနေတော့သည်။
ကွတ်တိဖြစ်နေသည့် အနက်ရောင် ဝတ်စုံသည် သူမ၏ သွယ်လျသော ခါးအလှကို ပိုမို ပေါ်လွင်စေသည်။ သူမသည် ကလေးမွေးဖွားပြီး မိခင်တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အတွက် ခန္ဓာကိုယ်ကို ပုံမှန် လေ့ကျင့်ခန်း လုပ်လေ့ရှိရာ ခန္ဓာကိုယ်အချိုးအစားကို သွယ်လျနေအောင် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။
“ဌာနခွဲမှူးလျူ...”
ခြေသံ ကြားလိုက်ရသဖြင့် လင်းဝေဝေ မော့ကြည့်လိုက်ရာ လျူယွမ်ကို မြင်လိုက်ရသည်။ သူမ ခဏမျှ ထိတ်လန့်သွားပြီး လက်ထဲက ကော်ဖီပင် ဖိတ်ကျလုနီးပါး ဖြစ်သွားကာ ကုလားထိုင်မှ အမြန် ထရပ်လိုက်တော့သည်။
သူမ၏ ခန္ဓာကိုယ်သည် သတိ အနေအထားအတိုင်း တောင့်တောင့်မတ်မတ် ဖြစ်သွားခဲ့သည်။
လျူယွမ် ခွင့်ယူထားသည့် တစ်နှစ်ခွဲနီးပါး ကာလအတွင်း ဌာနခွဲ (၉) ၏ ကိစ္စအဝဝ၊ အကြီးအသေး အားလုံးကို သူမ တစ်ယောက်တည်း ကိုင်တွယ် ဖြေရှင်းခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ဌာနခွဲမှူး အလုပ်ပြန်ဆင်းလာသည်ကို မြင်လိုက်ရသည့်အခါ သူမ တကယ်ကို အံ့ဩသွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် နှလုံးသားထဲ၌ ထူးဆန်းသော ခံပြင်းဝမ်းနည်းမှုတစ်ခုက လှိုင်းထလာခဲ့သည်။
‘ဌာနခွဲမှူး... ရှင် နောက်ဆုံးတော့ ပြန်လာပြီပေါ့နော်’
‘လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး ကျွန်မ ဘယ်လို ရုန်းကန် ဖြတ်သန်းခဲ့ရလဲဆိုတာ ရှင် သိရဲ့လား’
သို့သော်လည်း အထက်လူကြီး၏ ရှေ့မှောက်တွင် မည်သူမျှ ညည်းညူပြလေ့ မရှိပေ။ လင်းဝေဝေသည် မျက်နှာထက်တွင် အပြုံးကို အမြဲ ထိန်းသိမ်းထားပြီး လျူယွမ်ကို မည်သည့်အရာမျှ ရင်မဖွင့်ခဲ့ချေ။
“ဝေဝေ... ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး မင်း တကယ်ကို ပင်ပန်းသွားခဲ့ပြီ”
လျူယွမ်က ချီးကျူးစကား တစ်ခွန်း ပြောလိုက်ပြီးနောက် သူ၏ စားပွဲခုံဆီသို့ လျှောက်သွားကာ ကွန်ပျူတာကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ဌာန၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
တာဝန် စုစုပေါင်း - ၃၂ ခု
သေဆုံး/ဒဏ်ရာရသူ အရေအတွက် - ၁၀ ဦး
သူ မရှိသည့် ကာလအတွင်း သေဆုံးမှုနှုန်းက ထပ်မံ မြင့်တက်လာခဲ့ပြန်သည်။
ဟုတ်ပေသည်၊ ဒါသည် လင်းဝေဝေ၏ အပြစ် မဟုတ်ချေ။
အခြားဌာနများ၏ အခြေအနေသည် ဌာနခွဲ (၉) ထက်ပင် ပိုမို ဆိုးရွားလှသည်။
နေ့စဉ်နေ့တိုင်း အခြားကမ္ဘာများမှ တရားမဝင် ကျူးကျော်ဝင်ရောက်လာသူများ ရှိနေပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ရှေ့တန်းမျက်နှာစာတွင် အလုပ်လုပ်နေရသဖြင့် သေဆုံးမှုနှုန်းက အမြဲ မြင့်မားနေရခြင်း ဖြစ်သည်။
လင်းဝေဝေသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး လျူယွမ်အတွက် လက်ဖက်ရည် သွားဖျော်ပေးလိုက်သည်။
ဌာနခွဲမှူး မရှိစဉ်က သူမသည် ဌာနခွဲ (၉) ၏ နေ့စဉ် လုပ်ငန်းဆောင်တာများကို စီစဉ်ပေးခဲ့ရပြီး နေ့တိုင်း အချိန်ပို ဆင်းခဲ့ရသည်။
ယခုအခါတွင်မူ ဌာနခွဲမှူး ရောက်လာပြီဖြစ်ရာ သူမ လုပ်ဆောင်ရမည့်အရာမှာ သူ့ကို ကောင်းမွန်စွာ ပြုစုရန်သာ ဖြစ်သည်။
အထက်လူကြီးများ သတိပြုမိသည့် အလုပ်မျိုးကသာ တန်ဖိုးရှိသည် မဟုတ်ပါလား။
သူမ လက်ဖက်ရည်ခွက်ကို ကိုင်ပြီး ပြန်လာသည့်အခါ လက်များက ထိန်းမနိုင်သိမ်းမရ တုန်ရင်နေပြီး ခန္ဓာကိုယ်လေးပါ အနည်းငယ် တုန်လှုပ်နေခဲ့ကာ မျက်ဝန်းထဲတွင်လည်း ကြောက်ရွံ့ ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။
“ဘာလို့ တုန်နေတာလဲ” လျူယွမ်က သူမကို မော့ကြည့်လိုက်သည်။
လင်းဝေဝေ၏ သွားချင်းရိုက်သံလေးများက တုန်ခါနေပြီး - “ဌာနခွဲမှူးလျူ... ရှင်... ရှင်က အခု သိုင်းဂိုဏ်းချုပ် ဖြစ်သွားပြီပဲ... ကျွန်မ... ကျွန်မ ရှင့်ရဲ့ လက်ထောက်အဖြစ် လုပ်ခွင့်ရတာ တကယ် ဂုဏ်ယူမိပါတယ်”
လျူယွမ် သိုင်းဂိုဏ်းချုပ် ဖြစ်သွားမှန်း သူမ စတင် သိရှိလိုက်ရစဉ်က ပထမဆုံး တုံ့ပြန်မှုသည် မယုံကြည်နိုင်ခြင်း ဖြစ်ပြီး၊ ထို့နောက်တွင်မူ ရင်ထဲက လှိုက်တက်လာသော အကြောက်တရားတို့ပင် ဖြစ်သည်။
ဒါက တကယ်ကို မယုံနိုင်စရာပင်....
သူမ အလုပ်စဝင်ခါစက သူမသည် ဒုတိယအဆင့် သိုင်းပညာရှင်ဖြစ်ပြီး၊ ထိုစဉ်က ပထမအဆင့် သိုင်းပညာရှင်သာ ရှိသေးသည့် လျူယွမ်ထက် တစ်ဆင့် ပိုမြင့်ခဲ့သည်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ထို့ကြောင့် ထိုစဉ်က သူမသည် မိမိ၏ တိုက်ရိုက် အထက်လူကြီး ဖြစ်လာသည့် လျူယွမ်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့မိသေးသည်။
သို့သော်လည်း ယခုအခါ လေးနှစ်ကျော် ကာလအတွင်း သူမသည် ဒုတိယအဆင့်မှာတင် ပိတ်မိနေဆဲ ဖြစ်သော်လည်း ဌာနခွဲမှူးကမူ အရှိန်အဟုန်ဖြင့် ထိုးတက်သွားကာ အဆင့် ၇ သိုင်းဂိုဏ်းချုပ်ကြီး ဖြစ်သွားခဲ့ပြီဖြစ်သည်။
ဤအဆင့်တက်လှမ်းမှု အရှိန်အဟုန်က ဒုံးပျံထက်ပင် မြန်ဆန်နေသေးသည်။
လင်းဝေဝေသည် အိပ်မက်မက်နေသလိုမျိုး ခံစားလိုက်ရပြီး မိမိ၏ အထက်လူကြီးက တကယ့် သိုင်းဂိုဏ်းချုပ်ကြီး ဖြစ်နေခဲ့လေသည်။
သူမကတော့ သာမန် ဒုတိယအဆင့် သိုင်းပညာရှင်လေးမျှသာ ဖြစ်ရာ သူ့ရှေ့တွင် မပြောပလောက်ချေ။
‘ဒါဆို ငါ သူ့ရဲ့ လက်ထောက်အဖြစ် ဆက်လုပ်လို့ ရပါဦးမလား’
‘ဌာနခွဲမှူးက ငါ့ကို အလုပ်ဖြုတ်ပစ်မလားမသိဘူး’
အံ့ဩခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း... စသည့် စိတ်ခံစားမှုမျိုးစုံ ရောပြွန်းနေမှုကြောင့် လျူယွမ်၏ ရှေ့မှောက်တွင် သူမ တုန်လှုပ် ချောက်ချားနေမိခြင်း ဖြစ်သည်။
သိုင်းဂိုဏ်းချုပ်များဟူသည် ကမ္ဘာတစ်ခုလုံးရှိ သိုင်းလောက၏ အထွတ်အထိပ်တွင် ရှိနေသူများ ဖြစ်သည်။
လူဦးရေ ဘီလီယံနှင့်ချီ ရှိသည့်အနက် သိုင်းဂိုဏ်းချုပ်အရေအတွက်သည် စုစုပေါင်း တစ်ထောင်ထက်ပင် မပိုချေ။
ဆိုလိုသည်မှာ လူဦးရေ ဆယ်သန်းထဲမှ သိုင်းဂိုဏ်းချုပ် တစ်ယောက်သာ ထွက်ပေါ်လာနိုင်ခြင်း ဖြစ်သည်။
“စိတ်မလှုပ်ရှားပါနဲ့” လျူယွမ်သည် သူမ၏ မျက်နှာအမူအရာကို ကြည့်ပြီး အနည်းငယ် ရယ်ချင်သွားကာ - “ငါ မင်းကို ကိုက်မစားပါဘူး”
“ဌာနခွဲမှူး... ကျွန်မ...”
လင်းဝေဝေသည် “ရှင် ကျွန်မကို စားပစ်ရင် တကယ် ကောင်းမှာပဲ၊ တစ်ကိုယ်လုံးကို ကုန်စင်အောင် ဝါးမြိုပစ်လိုက်ရင် ပိုတောင် ကောင်းသေးတယ်” ဟု နှုတ်မှ ဗြုန်းကနဲ မလွတ်တမ်း ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော်လည်း ထိုစကားလုံးများက လည်ချောင်းဝတွင်တင် ဆို့နင့် ရပ်တန့်သွားခဲ့ပြီး၊ သူမသည် တံတွေးနှင့်အတူ ပြန်လည် မျိုချလိုက်ကာ မျက်နှာချိုသွေးသည့် အပြုံးတစ်ခုဖြင့် အစားထိုးလိုက်တော့သည်။ “ကျွန်မ တကယ် စိတ်လှုပ်ရှားသွားလို့ပါ ဌာနခွဲမှူး။ ဌာနခွဲမှူးက တကယ့်ကို အနှစ်တစ်ထောင်မှ တစ်ယောက်ပေါ်တဲ့ သိုင်းပါရမီရှင်ကြီးပါပဲ။ ရှင့်ရဲ့ လက်ထောက်အဖြစ် လုပ်ခွင့်ရတာ ကျွန်မအတွက်တော့ အကြီးမားဆုံး ကံကောင်းခြင်းပါပဲ”
လျူယွမ်က ဘာမှပြန်မပြောသော်လည်း လင်းဝေဝေသည် အနည်းငယ်မျှ ရှက်ကိုးရှက်ကန်း မဖြစ်ခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ရင်ထဲကနေ သက်ပြင်းအရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်မိသည်။ ဒါက ဌာနခွဲမှူးအနေဖြင့် သူမကို လက်ထောက်အဖြစ် ဆက်ထားရန် သဘောတူလိုက်ပြီး အလုပ်ဖြုတ်ရန် စိတ်ကူးမရှိကြောင်း ပြသနေခြင်း ဖြစ်သည်။
‘ကောင်းလိုက်တာ... အခုဆို ငါလည်း သိုင်းဂိုဏ်းချုပ်ကြီးရဲ့ လက်အောက်မှာ ခိုလှုံခွင့် ရပြီပေါ့’
လင်းဝေဝေသည် အတွင်းစိတ်ထဲ၌ အောင်ပွဲခံကာ ကခုန်နေတော့သည်။
ထိုအချိန်မှာပင် ရုံးခန်းအပြင်ဘက်ဆီမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာခဲ့သည်။
စုံစမ်းစစ်ဆေးရေးဌာန၏ ညွှန်ကြားရေးမှူး ဖြစ်သူ ယဲ့ချိုးဟုန်သည် တောက်ပြောင်လှသော အနီရောင်ဆံပင်များကို တလှုပ်လှုပ်ဖြင့် အမူအရာအပြည့်၊ အရှိန်အဝါအပြည့်ဖြင့် ရုံးခန်းဧရိယာထဲသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
သူသည် ယနေ့တွင် အလုပ်တက်ကတ်ပြား နှိပ်ရင်း လုပ်ဖော်ကိုင်ဖက်များကို ကောင်းကောင်းကြီး ခြောက်ခြားသွားအောင် လုပ်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း သူသည် အဘိုးကြီးမို သင်ကြားပေးခဲ့သည့် ‘ဗြဟ္မာ့လျှို့ဝှက်ချက်’ ဟူသော ကောင်းကင်အဆင့် ကျင့်စဉ်ကို သဲကြီးမဲကြီး ကျင့်ကြံခဲ့ရာ သူ၏ ခွန်အားက တရှိန်ထိုး တိုးတက်လာခဲ့သည်။ ယခုအခါ သူသည် ဆဋ္ဌမအဆင့် ‘သိုင်းသူရဲကောင်း’ ၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ မဟုတ်ပါလား။
ဒီလောက်အထိ အဆင့်တက်လာတာကို နည်းနည်းပါးပါး ကြွားလုံးထုတ်ဖို့ မလိုပေဘူးလား။
မိမိရဲ့ လက်အောက်ငယ်သားတွေကို တကယ့်ပါရမီရှင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပြသရမည့်အချိန်ပင်ဖြစ်သည်။
“တီ... တီ... တီ...”
“စုံစမ်းစစ်ဆေးရေးဌာန၏ ညွှန်ကြားရေးမှူး ‘ယဲ့ချိုးဟုန်’ အား ဂုဏ်ယူပါသည်။ သင်သည် သိုင်းပညာ၏ အဆင့် (၅) ကို တရားဝင် ဖြတ်ကျော်ပြီး အဆင့် (၆) အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သင့်အား ‘မြေကမ္ဘာအဆင့်' ကျင့်စဉ်တစ်ခုကို ချီးမြှင့်လိုက်သည်”
ယဲ့ချိုးဟုန်သည် သူ၏ တောက်ပြောင်သော အနီရောင်ဆံပင်များကို တစ်ချက် ခါယမ်းလိုက်ပြီး နံရံကို လက်တစ်ဖက်ဖြင့် သာသာယာယာ မှီလိုက်ရင်း... လက်အောက်ငယ်သားများ၏ အားကျလေးစားသော အကြည့်များကို ခံယူရန် ပို့စ်တစ်ခု ပေးလိုက်လေသည်။
သို့သော်လည်း သူ တစ်မိနစ်ပြည့်အောင် စောင့်ဆိုင်းနေခဲ့သော်လည်း ရုံးခန်းဧရိယာတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေခဲ့ပြီး မည်သူမျှ သူ့ကို အဖက်လုပ်ကာ အာရုံမစိုက်ကြချေ။
‘ဘာဖြစ်ကြတာလဲဟ...’
‘ငါ အဆင့် (၆) ကို ချိုးဖျက်နိုင်ခဲ့တာလေ...’
‘ဘာလို့ ဘယ်သူမှ လာပြီး မချီးကျူးကြတာလဲ...’
‘မြန်မြန်လုပ်ကြစမ်းပါ လုပ်ဖော်ကိုင်ဖက်တို့ရာ... ရုံးခန်းလေထုကို မြှင့်တင်ပေးကြဦးလေ...’
သို့သော်လည်း ရုံးခန်းထဲက မည်သူမျှ သူ့ကို အရေးမလုပ်ကြချေ။ လူအနည်းငယ်ကသာ သူ့ကို ခေါင်းမော့ကြည့်ပြီးနောက် ဘာမှမထူးဆန်းသလိုမျိုး ခေါင်းပြန်ငုံ့ကာ သူတို့အလုပ်သူတို့ ဆက်လုပ်နေကြတော့သည်။
ယဲ့ချိုးဟုန် တစ်ယောက် လုံးဝ ဆွံ့အမှင်တက်သွားခဲ့ပြီး သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲက အဘိုးကြီးမိုပင်လျှင် တိတ်ဆိတ်သွားခဲ့လေသည်။
“ဒီခေတ် သိုင်းပညာရှင်အငယ်စားလေးတွေက အဆင့် (၆) သိုင်းသူရဲကောင်းကိုတောင် အထင်သေးနိုင်ကြတာလား...”
တစ်နှစ်တည်းနှင့် အဆင့်တစ်ခုလုံးကို ချိုးဖျက်နိုင်ခြင်းက အလွန်ပင် မြန်ဆန်လှသဖြင့် တစ်ရုံးလုံး ပွက်ပွက်ညံသွားရမည် မဟုတ်ပါလား။
သို့သော်လည်း လူတိုင်းက အဆင့် (၆) သိုင်းသူရဲကောင်းဆိုတာ လမ်းဘေးက မုန်လာဥတွေလိုမျိုး တည်ငြိမ်လွန်းနေကြသည်။
ယဲ့ချိုးဟုန်သည် ကသိကအောက်ဖြစ်စွာဖြင့် လျှောက်လာရင်း မလှမ်းမကမ်းတွင် ဒူးထောက်နေသည့် ထိပ်ပြောင်လူကြီးကို သတိပြုမိသွားသည်။ ဒါက ဌာနခွဲမှူးအသစ် မဟုတ်ပါလား။
“ဒါက... တစ်ကိုယ်တော် အနုပညာပြပွဲလား” ယဲ့ချိုးဟုန်က နားမလည်နိုင်စွာဖြင့် အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။
“ညွှန်ကြားရေးမှူး... ကျွန်တော် ခုနက ဌာနခွဲမှူးလျူ နာရီဝက် နောက်ကျတာကို လာဆရာလုပ်မိလို့ သူ့ကို တောင်းပန်နေတာပါ” ဟု ထိုထိပ်ပြောင်နေသူက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“လျူယွမ် ရောက်နေတာလား” ယဲ့ချိုးဟုန် ဝမ်းသာအားရ ဖြစ်သွားသည်။ ဒီကောင် နောက်ဆုံးတော့ အလုပ်ပြန်ဆင်းပြီပဲ။
သူက ထိပ်ပြောင်လူကြီး၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း - “ထလိုက်ပါကွာ။ လျူယွမ်က အဲ့ဒီလောက် စိတ်သဘောထား မသေးပါဘူး။ ပြီးတော့ မင်းက အဆင့် (၄) သိုင်းသူရဲကောင်းပဲဥစ္စာ၊ ဒီလောက်အထိ နှိမ့်ချနေစရာ မလိုပါဘူး”
ထိုထိပ်ပြောင်လူကြီးက မျက်နှာတွင် အကြောက်တရားများဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး - “ဒါပေမဲ့... ဒါပေမဲ့ ဌာနခွဲမှူး လျူယွမ်က... သိုင်းဂိုဏ်းချုပ်ကြီး ဖြစ်နေပြီဗျ”
“အော်... ဒါဆိုရင်တော့ မင်း ဆက်ပြီး ဒူးထောက်နေလိုက်တော့” ယဲ့ချိုးဟုန်က အလိုအလျောက် ပြောမိသွားသည်။
သိုင်းဂိုဏ်းချုပ်တစ်ယောက်ကို စော်ကားမိတာလား။ ဒါက သေတွင်းတူးတာပင် ဖြစ်သည်။
နေပါဦး....
ယဲ့ချိုးဟုန်သည် ထိုလူ ပြောလိုက်သည့် အဓိပ္ပာယ်ကို ဗြုန်းကနဲ သဘောပေါက်သွားပြီး သူ၏ အသံသည် သိသိသာသာ ပြောင်းလဲသွားကာ - “မင်း... မင်း ဘာပြောလိုက်တယ်၊ လျူယွမ်က... သိုင်းဂိုဏ်းချုပ် ဟုတ်လား...”
ထိုထိပ်ပြောင်လူကြီးက ခေါင်းကို အသေအလဲ ညိတ်ပြလိုက်သည်။
ယဲ့ချိုးဟုန်သည် အလုပ်တက်စက်ဆီသို့ အပြေးအလွှား သွားရောက်ကာ မှတ်တမ်းကို ပြန်ထုတ်ကြည့်လိုက်ရာ မျက်နှာပြင်ပေါ်တွင် ရှင်းလင်းစွာ ပြသနေသည်ကို မြင်လိုက်ရတော့သည် -
လျူယွမ်
ရာထူး: ဌာနခွဲမှူး
အဆင့်: အဆင့် (၇) သိုင်းဂိုဏ်းချုပ်
ယဲ့ချိုးဟုန်သည် အသက်ရှူပင် ရပ်သွားသလို ခံစားလိုက်ရသည်။
ကြောက်စရာကောင်းလိုက်တာ...
သူ အဆင့် (၆) သိုင်းသူရဲကောင်း ဖြစ်လာတာကို ရုံးခန်းထဲက ဝန်ထမ်းတွေ ဘာလို့ မအံ့ဩကြတာလဲဆိုတာ သူ အခုမှပဲ သဘောပေါက်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် အံ့ဩတုန်လှုပ်စရာ ရှိသမျှကို လျူယွမ်က အစောကြီးကတည်းက တစိစီ ရိုက်ခွဲပစ်ခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်...
သူက ကြွားလုံးထုတ်မည့် အကွက်အားလုံးကို အကုန်ဦးအောင် လုပ်သွားခဲ့ပြီ ဖြစ်သည်။
အဆင့် (၇) သိုင်းဂိုဏ်းချုပ်ကြီးနှင့် ယှဉ်လိုက်လျှင် သာမန် အဆင့် (၆) သိုင်းသူရဲကောင်းဆိုတာ ဘာမှမဟုတ်တော့ချေ။
‘အဘိုးကြီးမို... ကျွန်တော် ဗြဟ္မာကျင့်စဉ်ကို တစ်နှစ်လုံးလုံး သဲကြီးမဲကြီး ကျင့်ခဲ့တာလေ။ ဒါတောင် အဲ့ဒီ မိန်းမအရှိန်အဝါနဲ့ ကြီးပွားနေတဲ့ လျူယွမ်လို ကောင်ကို မမီသေးဘူးတဲ့လား’ ယဲ့ချိုးဟုန်၏ နှလုံးသားတစ်ခုလုံး သွေးချင်းချင်းနီအောင် နာကျင်နေရသည်။
ဒါက လျူယွမ် ကိုယ်တိုင် ကြိုးစားလို့ ရလာတဲ့ ရလဒ်ဆိုတာကို သူ လုံးဝ မယုံကြည်ချေ။ ဒါက ဧကန်မုချ သူ့ရဲ့ နတ်ဘုရား ဇနီးသည် စုချင်းရွှယ်က ကွယ်ရာကနေ ကူညီပေးခဲ့လို့ပဲသာ ဖြစ်ရပေမည်။
“စိတ်အေးအေးထားပါ၊ သူက နတ်ဘုရားဇနီးသည်ကို ရထားတဲ့ ကံတရား ရှိနေလို့ပါပဲ” အဘိုးကြီးမိုက နှစ်သိမ့်လိုက်ပြီးနောက် ရေရွတ်လိုက်သည် - “ဒါပေမဲ့ ဒီကျင့်ကြံခြင်း အရှိန်အဟုန်ကတော့ လူသားတစ်ယောက်အတွက် မဖြစ်နိုင်လောက်အောင် မြန်လွန်းနေတယ်။ သိုင်းသူရဲကောင်းကနေ သိုင်းဂိုဏ်းချုပ်အဆင့်ကို ရောက်ဖို့က မလွယ်ကူလှဘူး၊ အဲ့ဒီနတ်ဘုရားမက ဘယ်လိုနည်းလမ်းကို သုံးလိုက်တာပါလိမ့်”
“ဘယ်နည်းလမ်း ဖြစ်ရမလဲ” ယဲ့ချိုးဟုန်သည် မနာလိုစိတ်ကြောင့် ငိုချင်စိတ်ပင် ပေါက်လာကာ - “သူမက နေ့တိုင်း သူ့ကို ရတနာဆေးတွေ ကျွေးပြီး နတ်ဘုရားတစ်ယောက်လို ပြုစုပေးနေလို့ နေမှာပေါ့”
“ဖြစ်နိုင်ပါတယ်” အဘိုးကြီးမိုက စဉ်းစားရင်း ပြောလိုက်သည် - “အဲ့ဒီနတ်ဘုရားမက အဆုံးမဲ့ကောင်းကင်ဘုံ၏ မြင့်မြတ်လှတဲ့ မိန်းမပျို ဖြစ်ပြီး ငယ်စဉ်ကတည်းက မရေမတွက်နိုင်တဲ့ ရှားပါးရတနာတွေ နတ်ဆေးတွေကို သုံးပြီး ကျင့်ကြံခဲ့တာပဲ။ သူမရဲ့ ချွေးတစ်စက်ကတောင်မှ သာမန်လူသားတစ်ဦးရဲ့ ကျင့်ကြံမှုကို များစွာ အထောက်အကူပြုနိုင်တယ်။ ဒါပေမယ့်လည်း... ဒီလိုအရှိန်ကတော့ မြန်လွန်းနေသေးတယ်”
“လျူယွမ်မှာ သမီးတစ်ယောက်လည်း ရှိသေးတယ်” ယဲ့ချိုးဟုန်မှာ ပိုပြီး စိတ်နာကျင်လာခဲ့ရသည်။
သူငယ်ချင်း ဆင်းရဲမှာကိုလည်း ကြောက်ရသလို၊ သူငယ်ချင်းက မာစီးဒီ စီးသွားမှာကိုလည်း ပိုကြောက်ရသည် မဟုတ်ပါလား။
“ဒါနဲ့... မင်း အချိန်ရရင် သူမရဲ့ သမီးလေးဆီကို ခဏခဏ သွားလည်သင့်တယ်၊ သူမက ဗြဟ္မာအရှင်သခင် ဝင်စားတာလည်း ဖြစ်နိုင်တယ်” အဘိုးကြီးမိုက သတိပေးလိုက်သည်။
(ရှင်းလင်းချက် - ဤဝင်စားခြင်း သီအိုရီသည် အဘိုးကြီးမို၏ ကိုယ်ပိုင် ထင်မြင်ချက်သာ ဖြစ်ပြီး လုံးဝ တိကျမှု မရှိပေ။ အမှန်တကယ်တွင်မူ အဓိကဇာတ်ကောင်၏ မျိုးရိုးဗီဇက ဗြဟ္မာကြီးကို နှိမ်နင်းပြီးနောက် ၎င်း၏ သက်စောင့်စွမ်းအင်နှင့် အမွေအနှစ်များကို စုပ်ယူကာ စုချင်းရွှယ်၏ နတ်ဘုရား မျိုးရိုးဗီဇနှင့် ပေါင်းစပ်သွားခြင်းကြောင့် သမီးဖြစ်သူ လျူနျန်လေး မွေးဖွားလာခဲ့ခြင်း ဖြစ်သည် )
“ကျွန်တော် မသွားရဲပါဘူး” ယဲ့ချိုးဟုန် ငိုမဲ့မဲ့ ဖြစ်သွားသည် - “စုချင်းရွှယ်လို နတ်ဘုရားမမျိုး ရှိနေတာ၊ ကျွန်တော်သာ သူမ သမီးကို သွားရှာရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
“ငါ့အထင်တော့ စုချင်းရွှယ်က မနေ့ညကတင် ကမ္ဘာကနေ ထွက်ခွာသွားပြီ ထင်တယ်” အဘိုကြီးမိုသည် ဝိညာဉ်အကြွင်းအကျန်မျှသာ ဖြစ်သော်လည်း သူ၏ အာရုံခံနိုင်စွမ်းက အလွန် ထက်မြက်လှပေသည်။
“တကယ်လား... ဒါဆို ကျွန်တော် လျူယွမ်ကို သွားမေးကြည့်ရမယ်”
ယဲ့ချိုးဟုန်သည် လျူယွမ်၏ ရုံးခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားခဲ့ပြီး ဘာမှမသိသလိုမျိုး ဟန်ဆောင်ကာ တစ်ယောက်တည်း ရေရွတ်လိုက်တော့သည် -
“စနစ်.. မင်း ရှိနေတယ်မလား... မင်း ဒီမှာ ရှိနေမှန်း ငါသိတယ်နော်”
“တစ်ယောက်ကို ချိတ်လည်း အတူတူ၊ နောက်တစ်ယောက်ကို ထပ်ချိတ်လည်း အတူတူပဲဟာကို ငါ့ကိုပါ ချိတ်လိုက်ပါလား... ငါလည်း မြန်မြန်ဆန်ဆန် အဆင့်တက်ချင်လှပြီ”
လျူယွမ်သည် လက်ထဲက စာရွက်စာတမ်းများကို ချလိုက်ပြီး သူ့ကို မျက်မှောင်ကုတ်ကြည့်ကာ - “ ဘာဖြစ်နေတာလဲ... မင်းအတွက် စိတ်ကျန်းမာရေးဆေးရုံကို ဖုန်းဆက်ပေးရမလား”
“သိုင်းဂိုဏ်းချုပ်ကြီး... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
သူသည် လျူယွမ်၏ လျင်မြန်သော တိုးတက်မှုသည် မိန်းမ၏ အရှိန်အဝါကြောင့် သော်လည်းကောင်း၊ သို့မဟုတ် စနစ်တစ်ခုခု ရှိနေ၍သော်လည်းကောင်း ဖြစ်ရမည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
အဖိုးအို ဝိညာဉ် မရှိမှတော့... စနစ်ပဲ ဖြစ်ရပေမည်။
သို့သော်လည်း စမ်းသပ်မှု အမျိုးမျိုး လုပ်ပြီးနောက် ဘာမှ ဖြစ်မလာသည့်အခါ စနစ်က သူ့ကို သဘောမကျ၍သာ ဖြစ်ရပေလိမ့်မည်ဟု တွေးမိလိုက်သည်။
လျူယွမ်ကမူ တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည် - “ငါ့ရဲ့ အခု ခွန်အားတွေက ငါ့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကြောင့်ပဲကွ။ ကောင်းကင်ဘုံက ကြိုးစားတဲ့သူကို ဆုချမှာပဲ၊ ဘာစနစ်မှ မရှိဘူး”
“မင်းရဲ့ လျှောက်ပြောနေတာတွေကို ငါ မယုံဘူး” ယဲ့ချိုးဟုန် မျက်လုံးကို ပင့်ပြလိုက်သော်လည်း စိတ်ထဲတွင်တော့ လျူယွမ် ပြောတာကလည်း လုံးဝ မမှားကြောင်း ခံစားလိုက်ရသည်။
ဘာပဲဖြစ်ဖြစ်... လျူယွမ်သည် ထိုနတ်ဘုရားမကို ကိုယ်ဝန်ရအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။
ထိုဖြစ်စဉ်အတွင်း ကြုံတွေ့ခဲ့ရမည့် ခက်ခဲပင်ပန်းမှုများသည် ဒုက္ခပေါင်း ရှစ်ဆယ့်တစ်ပါးထက်ပင် မနည်းနိုင်ချေ။
လျူယွမ်က သူ့ကို ဂရုမစိုက်တော့ဘဲ မေးလိုက်သည် - “မကြာသေးခင်က အထူး ခက်ခဲတဲ့ စုံစမ်းစစ်ဆေးရေး တာဝန်တွေ ရှိသေးလား”
“မင်းက နာမည်ကြီးအောင် ထပ်လုပ်ချင်လို့လား” ယဲ့ချိုးဟုန် စိတ်ဝင်စားသွားကာ - “တကယ်တော့ တစ်ခု ရှိတယ်။ မကြာသေးခင်က ဗျူရိုကနေ မိစ္ဆာကျင့်ကြံသူ သုံးယောက်ကို ဖမ်းမိထားတယ်၊ သူတို့အားလုံးက ခိုးဝင်လာကြတာ။ သူတို့က သွေးမိစ္ဆာဧကရာဇ်ရဲ့ သတင်းအစအနကို လိုက်ရှာနေကြတာပဲ”
လျူယွမ် မျက်ခုံးပင့်လိုက်မိသည် - “သွေးမိစ္ဆာဧကရာဇ်က သေသွားပြီ မဟုတ်လား။ မိစ္ဆာကျင့်ကြံသူတွေက သူ့တို့ကိုယ်ကျိုးကိုပဲ ကြည့်ကြတာမဟုတ်လား၊ ဘယ်တုန်းက ဒီလောက်အထိ စည်းလုံးသွားကြတာလဲ”
“သူတို့ပြောပြချက်အရတော့” ယဲ့ချိုးဟုန်က အသံကို နှိမ့်လိုက်ပြီး - “သွေးမိစ္ဆာဧကရာဇ် မသေခင်က ကောင်းကင်ဘုံဆီကို သတင်းတစ်ခု ပို့ခဲ့တယ်၊ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု ရှိနေတယ်၊ အမြန်လာခဲ့ကြ လို့ ပြောခဲ့တာတဲ့”
လျူယွမ် ချက်ချင်း သဘောပေါက်သွားခဲ့သည်။
သွေးမိစ္ဆာဧကရာဇ် ပြောခဲ့သည့် ကြီးမားသော အခွင့်အရေးဆိုသည်မှာ ဧကန်မုချ သူ၏ ဇနီးသည် စုချင်းရွှယ်ကို ဆိုလိုခြင်း ဖြစ်ရပေမည်။
ဒီမိစ္ဆာအိုကြီးက သေတာတောင် ငြိမ်ငြိမ်မသေဘဲ မိစ္ဆာကျင့်ကြံသူ အားလုံးကို ဤနေရာသို့ ဆွဲခေါ်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
တော်သေးတာက... သူ၏ ဇနီးသည်က လောလောဆယ် မိဘအိမ်သို့ ယာယီ ပြန်သွားခြင်း ဖြစ်သည်။
ယဲ့ချိုးဟုန်က ဆက်ပြောသည် - “ မိစ္ဆာကျင့်ကြံသူတွေက ငါတို့ ကမ္ဘာထဲကို ထိုးဖောက်ဝင်ရောက်နေတာ။ နောင်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး တရားမဝင် ခိုးဝင်လာမယ့် မိစ္ဆာကျင့်ကြံသူ အရေအတွက်က ပိုပြီး တိုးလာလိမ့်မယ်။ ငါတို့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တာဝန်က အဲ့ဒီ တရားမဝင် ခိုးဝင်လာသူ အားလုံးကို ဖမ်းဆီးဖို့ပဲ”
လျူယွမ် ခေါင်းညိတ်လိုက်သည်။
အချိန်ကိုက်ပင် သူသည်လည်း ဘာမှလုပ်စရာ မရှိဘဲ ပျင်းနေတာနှင့် အတော်ပင်ဖြစ်သည်။ ထိုမိစ္ဆာတွေကို သုံးပြီး လက်ရည်စမ်းရန် အကောင်းဆုံးပင် မဟုတ်ပါလား။