← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အပိုင်း (၆၉)

ထိုအချိန်၌ ယွန်းမြောင်သည် စုချင်းရွှယ်နှင့် စုယွီမော့တို့ ညီအစ်မနှစ်ယောက်၏ လက်ကိုဆွဲကာ လူ့ပြည်လောက၏ ပြာလဲ့သော မိုးကောင်းကင်မှသည် အဆုံးမဲ့ကောင်းကင်ဘုံဆီသို့ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ခရီးနှင်နေလေသည်။

​ သို့သော် ထိုဟင်းလင်းပြင် လမ်းကြောင်းသည် ချောမွေ့ဖြောင့်ဖြူးသော လမ်းတစ်ခုတော့ မဟုတ်ပေ။ မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် ကမ္ဘာပြင်ပ သားရဲများသည် ဟိုဟိုဒီဒီ လှည့်လည်သွားလာနေကြပြီး သူတို့၏ နီရဲသောမျက်လုံးများက ခရီးသွားများအပေါ် စူးစူးစိုက်စိုက် ကျရောက်နေသည်။

သူတို့သည် ဟင်းလင်းပြင် အတားအဆီးများကြားရှိ အမှိုက်သရိုက်များကို ရှင်းလင်းသူများ ဖြစ်ကြသလို အလွန်ပင် လောဘရမ္မတ်ကြီးမားလှသော အသားစား သားရဲများလည်း ဖြစ်ကြသည်။ အားနည်းသော အငွေ့အသက်တစ်ခုခုကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် အုပ်စုလိုက် ဝိုင်းအုံလာပြီး ဆုတ်ဖြဲဝါးမြိုပစ်လေ့ ရှိကြသည်။

​ သို့သော်လည်း ယွန်းမြောင်နှင့် စုချင်းရွှယ်တို့ထံမှ ထွက်ပေါ်လာသော အားကောင်းပြင်းထန်လှသည့် ဖိအားများကို အာရုံခံမိလိုက်သောအခါတွင်မူ ထိုသားရဲများသည် သူတို့၏ သဘာဝရန်သူနှင့် တွေ့လိုက်ရသလိုမျိုး အသက်လုကာ ထိတ်လန့်တကြား ထွက်ပြေးသွားကြတော့သည်။ သူတို့သည် သင်္ဘောကြီးတွင် ကပ်နေသည့် အကောင်လေးများကဲ့သို့ ထိုဟင်းလင်းပြင် လမ်းကြောင်းတစ်လျှောက်တွင်သာ ခိုအောင်းကာ စားကျက်ရှာနိုင်ကြလေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဟင်းလင်းပြင်လမ်းကြောင်း ပွင့်လာသည့်အခါ ထိုအက်ကြောင်းများမှတစ်ဆင့် သေးငယ်သော ကမ္ဘာငယ်လေးများထဲသို့ ခိုးဝင်ပြီး ကျူးကျော်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာငယ်လေး အများအပြားသည် ထိုကမ္ဘာပြင်ပ သားရဲများကို ခုခံတွန်းလှန် တိုက်ခိုက်နေကြရပြီး ကမ္ဘာမြေသည်လည်း ထိုအထဲက တစ်ခုပင် ဖြစ်သည်။

​ ယွန်းမြောင်သည် မူလက 'ဓားငှားပြီး လူသတ်' သည့် နည်းလမ်းကို အသုံးပြုကာ ထိုကမ္ဘာပြင်ပသားရဲများကို ကမ္ဘာမြေပေါ်သို့ ဆင်းသက်ခွင့်ပြုပြီး လူအားလုံးကို သတ်ဖြတ်ကာ ကမ္ဘာမြေကို သက်မဲ့ဂြိုဟ်ပျက်ကြီးတစ်ခု ဖြစ်အောင် လုပ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

သို့မှသာ စုချင်းရွှယ်တွင် အိမ်ထောင်ရှိပြီး ကလေးမွေးထားသည်ကို သိရှိသူအားလုံးကို နှုတ်ပိတ်ပြီးသား ဖြစ်သွားမည် မဟုတ်ပါလား။ ဤလျှို့ဝှက်ချက်သည်လည်း အဆုံးမဲ့ကောင်းကင်ဘုံဆီသို့ လုံးဝ ပျံ့နှံ့ရောက်ရှိသွားတော့မည် မဟုတ်ပေ။ စုချင်းရွှယ်သည်လည်း ဖြူစင်သန့်ရှင်းပြီး အပြစ်ပြောစရာမရှိသည့် သန့်ရှင်းမွန်မြတ်သော မိန်းမပျိုလေးအဖြစ် ဆက်လက် တည်ရှိနေပေလိမ့်မည်။

​ ‘အိမ်ထောင်ကျဖူးတယ်….

ကလေးမွေးဖူးတယ်….

မဖြစ်နိုင်တာ….

မင်းတို့မှာ သက်သေရှိလို့လား….

​ စုချင်းရွှယ်သည် ကမ္ဘာမြေပေါ်တွင် အိမ်ထောင်သည်အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သော်လည်း အဆုံးမဲ့ကောင်းကင်ဘုံသို့ ပြန်ရောက်သွားသည့်အခါ ပါရမီရှင်လူငယ်များ၏ ရင်ထဲက သန့်ရှင်းစင်ကြယ်သော ‘လမင်းဖြူလေး’ ပြန်ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း ယွန်းမြောင်သည် ဤအစီအစဉ်တွင် အနည်းငယ် လိုအပ်ချက်ရှိနေသည်ဟု ခံစားလိုက်ရသည်။ စုချင်းရွှယ်သာ ဒါကို သိသွားခဲ့လျှင် ဆရာနှင့် တပည့်ကြားတွင် အက်ကြောင်းထင်သွားပြီး ရန်သူတွေတောင် ဖြစ်သွားနိုင်ခြေ ရှိပေသည်။

မိမိ၏ တပည့်မလေးသည် လျူယွမ်ဆိုသည့် ထိုသာမန်လူသားအပေါ် အလွန်အမင်း သံယောဇဉ်ကြီးမားနေသည်ကို သူမ ကောင်းကောင်းကြီး သိမြင်လိုက်ရသည်။

ယွန်းမြောင်သည် သူတို့၏ အိမ်ထောင်ရေးကို ဖျက်ဆီးပစ်ချင်သော်လည်း လူပုံအလယ်တွင်တော့ ဗီလိန်အဖြစ် အမုန်းမခံချင်ပေ။ ထို့ကြောင့် အနည်းငယ် တွက်ချက်ကြည့်ပြီးနောက် ပိုမိုကောင်းမွန်သော "ဓား" တစ်လက်ကို သူမ ရှာဖွေတွေ့ရှိသွားခဲ့သည်။

​ ထိုလူဝင်စားဖို့လာခဲ့သော ဝိညာဉ်ကလေးငယ်၏ နောက်ကွယ်က အကြောင်းတရားသည် ရှေးဟောင်းတည်ရှိမှုကြီးတစ်ခုဖြစ်သည့် ‘ပျော်ရွှင်ခြင်းနတ်ဘုရား’ ( ရှီကျန့်) ဆီသို့ ဦးတည်နေလေသည်။

ယွန်းမြောင်သည် ဤနတ်ဘုရားအကြောင်းကို အနည်းငယ် သိထားသည်။

ဒဏ္ဍာရီများအရ ပျော်ရွှင်ခြင်းနတ်ဘုရားသည် ရှင်သန်ခြင်းကောင်းကင်ဘုံတွင် ‌နေထိုင်ပြီး ပျော်ရွှင်ဖွယ်မြို့တော်မှနေ၍ လောကအပေါင်းကို ငါးမျှားသကဲ့သို့ ဖမ်းယူလေ့ရှိသည်ဟု ဆိုကြသည်။

လူသားများကို တိရစ္ဆာန်များကဲ့သို့ သဘောထားကာ မွေးမြူစောင့်ရှောက်ခြင်း၊ မျိုးပွားစေခြင်းဖြစ်ပြီး ရိတ်သိမ်းချိန်ရောက်မှသာ သူတို့၏ အသက်ကို ရိတ်သိမ်းယူခြင်း ဖြစ်သည်။ ဤဖြစ်စဉ်သည် သာမန်လူများ ဝက်၊ နွား၊ သိုးများ မွေးမြူသည့် ဖြစ်စဉ်နှင့် အနှစ်သာရအားဖြင့် မခြားနားလှပေ။

​ “ငါကိုယ်တိုင်တောင် သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား မသေချာဘူး၊ အကယ်၍ သူသာ လှုပ်ရှားလာရင်တော့...”

​ ယွန်းမြောင် စိတ်ထဲကနေ သရော်ပြုံး ပြုံးလိုက်မိသည်။ အကယ်၍ ထိုပျော်ရွှင်ခြင်းနတ်ဘုရားကသာ မျက်စိကျသွားလျှင် ကမ္ဘာမြေသည် ပျက်စီးခြင်းသို့သာ ဦးတည်သွားရမည်ဖြစ်ပြီး မည်သည့် မျှော်လင့်ချက်မျှ ရှိတော့မည်မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် သူမသည် ချင်းရွှယ်ကို အချိန်မီ ခေါ်ထုတ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ဘဲ ရှီကျန့်သာ သူမ၏ လျှို့ဝှက်ချက်ကို သိသွားခဲ့လျှင် ကိစ္စရပ်များက ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်။

ထို့အပြင် ယွန်းမြောင်သည် မိစ္ဆာအငွေ့အသက်များကိုလည်း ခံစားလိုက်မိသည်။ ၎င်းတို့၏ ပန်းတိုင်သည်လည်း ကမ္ဘာမြေပင် ဖြစ်နေပြန်သည်။ ဒါက သွေးမိစ္ဆာဧကရာဇ် သေဆုံးသွားခြင်းကြောင့် ထိုမိစ္ဆာများကို ဆွဲဆောင်လိုက်သလို ဖြစ်သွားခြင်း ဖြစ်သည်မှာ သိသာလှသည်။

​ နတ်ဘုရားနှင့် မိစ္ဆာ နှစ်ဖက်စလုံးက ကမ္ဘာမြေကို အာရုံစိုက်လာခြင်းက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်လောက်ပေ။ တိုက်ရိုက်အကြောင်းရင်းမှာ သွေးမိစ္ဆာဧကရာဇ်နှင့် ထိုမျောလွင့်နေသော ဝိညာဉ်ကလေးငယ်ကြောင့် ဖြစ်နိုင်သော်လည်း ၎င်း၏ နောက်ကွယ်က တကယ့်အကြောင်းတရားကမူ ဤမျှ မရိုးရှင်းနိုင်ပေ။

​ ‘ချင်းရွှယ် ပေါ်လာခဲ့လို့များလား...’ ယွန်းမြောင်သည် အဖြေကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

​ နတ်ဘုရားဖြစ်စေ၊ မိစ္ဆာဖြစ်စေ သူတို့၏ တကယ့်ပန်းတိုင်မှာ [သက်ရှိ တားမြစ်နယ်မြေ] သာ ဖြစ်သင့်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် မရေမတွက်နိုင်သော ရှေးဟောင်းတည်ရှိမှုကြီးများ စူးစမ်းလေ့လာချင်နေကြသည့် နေရာဖြစ်သောကြောင့်ပင်ဖြစ်သည်။ ဥမမာအားဖြင့် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က အထွတ်အထိပ် နတ်ဘုရားတစ်ပါးဖြစ်သည့် ဗြဟ္မာအရှင်သခင်ကြီးသည်ပင် သက်ရှိတားမြစ်နယ်မြေကို သွားရောက်စူးစမ်းခဲ့သည်။ ယခု နှစ်ပေါင်းတစ်သောင်း ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း သူမသည် ပြန်လည်ထွက်ပေါ်မလာတော့ဘဲ ‌သေသလား၊ ရှင်သလားကိုပင် မသိရတော့ချေ။

​ “တော်သေးတာပေါ့... ချင်းရွှယ်ရဲ့ လျို့ဝှက်ချက်က ဖုံးကွယ်နေသေးလို့” ယွန်းမြောင် သက်ပြင်းအသာချလိုက်မိသည်။

သို့သော် ထိုရှေးဟောင်းတည်ရှိမှုကြီးများ စူးစမ်းချင်လှချေရဲ့ဆိုသည့် 'သက်ရှိတားမြစ်နယ်မြေ' ကို လျူယွမ်တစ်ယောက် အကြိမ်ကြိမ်အခါခါ စူးစမ်းပြီးသွားပြီဆိုတာကိုတော့ သူမ လုံးဝ မသိရှာပေ။

​ ထိုအချိန်မှာပင် အဆုံးမဲ့အမှောင်ထုကြီးထဲမှ ဂြိုဟ်တစ်လုံးနီးပါးမျှ ကြီးမားလှသည့် ဟင်းလင်းပြင် ဝိညာဉ်သားရဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ယွန်းမြောင်သည် စုချင်းရွှယ်နှင့် စုယွိမော်တို့ကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားလိုက်ပြီး - “သတိထား... ဟင်းလင်းပြင်မုန်တိုင်းထဲ ပါမသွားစေနဲ့။ ငါတို့ အဆုံးမဲ့ကောင်းကင်ဘုံကို ရောက်တော့မယ်” ဟု သတိပေးလိုက်သည်။

​ သို့သော်လည်း စုချင်းရွှယ်၏ စိတ်အာရုံတစ်ခုလုံးကမူ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းနှင့် အသစ်တစ်ဖန် ကိုယ်ဝန်လွယ်ထားရသည့် ဒုတိယမြောက် ကလေးလေးဆီမှာသာ ရောက်ရှိနေသည်။

ထိုနေရာတွင် သက်ရှိအသစ်လေးတစ်ခု စတင်သန္ဓေတည်နေပြီဖြစ်ကြောင်း သူမ အသေအချာ သိရှိနေသည်။ ဒါက သူမနှင့် သူမယောက်ျားတို့၏ ချစ်ခြင်းမေတ္တာအသီးအပွင့်လေး မဟုတ်ပါလား။ ကလေးလေး ကျန်းကျန်းမာမာ ကြီးထွားလာစေရန်အတွက် သူမသည် ဆရာဖြစ်သူ မသိစေရန် လျှို့ဝှက်ရတနာတစ်ခုကို အသုံးပြုပြီး ကိုယ်ဝန်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

​ ထိုဟင်းလင်းပြင်သားရဲကြီး၏ အရိပ်ကို ဖြတ်ကျော်ပြီးနောက် ဆက်လက် ခရီးနှင်လာရင်း စုချင်းရွှယ်သည် ဟင်းလင်းပြင်အတားအဆီးများ၏ ဘေးပတ်ပတ်လည်ရှိ ထူခြားဆန်းကြယ်လှသော ကမ္ဘာများကို လှည့်ပတ်ကြည့်ရှုနေမိသည်။ ထိုအထဲတွင် သက်ရှိဟူသမျှ ပျက်စီးဆုံးရှုံးနေပြီး အလွန်အမင်း ခြောက်သွေ့နေသည့် ဂြိုဟ်ပျက်ကြီးများလည်း ရှိသလို၊ ဝိညာဉ်စွမ်းအင်များ ခန်းခြောက်နေသော်လည်း နည်းပညာ အလွန်တိုးတက်နေသည့် ကမ္ဘာများ၊ စည်ပင်ဝပြောသော ရှေးဟောင်းမင်းဆက်များ၊ မိစ္ဆာကောင်များ ပြည့်နှက်နေသည့် မိစ္ဆာနိုင်ငံတော်များလည်း ရှိကြသည်။

ဒါတွေအားလုံးကို ကမ္ဘာမြေကဲ့သို့ပင် ကမ္ဘာငယ်လေးများအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကမ္ဘာငယ်လေးများသည် အရေအတွက် အများဆုံးဖြစ်ပြီး ဂင်္ဂါဝါဠု သဲစုမက များပြားလှပေသည်။

​ မရေမတွက်နိုင်သော ကမ္ဘာငယ်လေးများကို ဖြတ်သန်းပြီးနောက်တွင်မူ စုချင်းရွှယ်သည် ပျက်စီးနေသော အုတ်ရိုးအပျက်အစီးများ ပြည့်နှက်နေသော်လည်း ဝိညာဉ်စွမ်းအင်များ လျှံပယ်နေသည့် ကျယ်ပြောလှသော ကမ္ဘာကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုနေရာရှိ တောင်တန်းများသည် ပေပေါင်းထောင်ချီ မြင့်မားကာ ရှားပါးဆန်းပြားသော သားရဲတိရစ္ဆာန်များ ပြည့်နှက်နေပြီး အားကောင်းသော နတ်ဘုရားများစွာလည်း နေထိုင်ကြသည်။ သူမ မှတ်မိမမှားဘူးဆိုလျှင် ဒါက အမိတာဘာတုဘုံ နှင့် ရန်ငြိုးရှိနေသည့် ဗြဟ္မာဘုံ ဖြစ်ရပေမည်။ သူမ၏ မိခင်ဖြစ်သူ ယိုကွမ်း သေဆုံးခဲ့ရခြင်းသည်လည်း ဗြဟ္မာဘုံ၏ ချောင်းမြောင်းတိုက်ခိုက်မှုနှင့် မကင်းခဲ့ချေ။

​ ဗြဟ္မာဘုံကို မြင်လိုက်ရသဖြင့် အဆုံးမဲ့ကောင်းကင်ဘုံကလည်း အလွန်နီးကပ်နေပြီဖြစ်ကြောင်း သိသာလှသည်။

​ “မမ... ကြည့်စမ်း၊ ဟိုမှာ အဆုံးမဲ့ကောင်းကင်ဘုံ၊ သမီးတို့ အိမ်ပြန်ရောက်တော့မယ်” စုယွီမော့သည် အဆုံးမဲ့ကောင်းကင်ဘုံ၏ တောက်ပလှသော ကြယ်စုံကောင်းကင်ယံကို ရောင်ပြန်ဟပ်နေသည့် တွန့်လိမ်နေသော ဟင်းလင်းပြင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။

​ ယွန်းမြောင်သည် စုချင်းရွှယ်ထံသို့ အသံလှိုင်းဖြင့် သတင်းပို့လိုက်သည် - “ချင်းရွှယ်... မင်းရဲ့ အိမ်ထောင်ရေးနဲ့ ကလေးကိစ္စကို လောလောဆယ် လျှို့ဝှက်ထားတာ အကောင်းဆုံးပဲလို့ ငါထင်တယ်။ မင်းအဖေကို ချက်ချင်း သွားမပြောနဲ့ဦး” သူမသည် သူမ၏ စီနီယာအစ်ကိုဖြစ်သူ စုကျန့်နန်ကို ဒေါသ မထွက်စေရန်အတွက် ဤကိစ္စကို လျှို့ဝှက်ထားချင်ခြင်း ဖြစ်သည်။

​ စုချင်းရွှယ်က - “ဒါပေမဲ့ သမီး ဖေဖေကို မလိမ်ချင်ဘူး၊ တစ်နေ့ကျရင်တော့ ပြောပြရမှာပဲဥစ္စာ”

​ ယွန်းမြောင် သက်ပြင်းချလိုက်ကာ - “မင်းက တကယ်ကို ရိုးအလွန်းသေးတာပဲ။ အကယ်၍ မင်းအဖေကို တိုက်ရိုက်သွားပြောလိုက်ရင် သူ သေချာပေါက် ဒေါသပေါက်ကွဲလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ဦး၊ ငါပဲ သူ့ရဲ့ အမူအရာကို အကဲခတ်ကြည့်ပေးမယ်”

​ စုချင်းရွှယ်သည် မဝံ့မရဲဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ ကြောက်ရွံ့နေ၍ မဟုတ်ဘဲ ဒုတိယမြောက် ကလေးလေးကို ကိုယ်ဝန်လွယ်ထားရသဖြင့် တကယ်ပင် လျှို့ဝှက်ထားရန် လိုအပ်သောကြောင့် ဖြစ်သည်။ ခုနက ငြင်းဆန်ခဲ့ခြင်းကလည်း ဆရာဖြစ်သူကို မျက်စိလည်သွားအောင် ဟန်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း သူမသည် လျူယွမ်ထံမှ လှည့်ကွက်ပေါင်းစုံကို ကောင်းကောင်းကြီး တတ်မြောက်ထားခဲ့ပြီ မဟုတ်ပါလား။

​ ယွန်းမြောင် စိတ်ထဲကနေ ခိုးပြုံးလိုက်မိသည်။ သူမသည် စုချင်းရွှယ်နှင့် လျူယွမ်တို့၏ အိမ်ထောင်ရေးကို သဘောတူရန် ကြိုးပမ်းပေးနေခြင်း လုံးဝမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စုကျန့်နန်သည် ဒါကို ဘယ်သောအခါမှ လက်ခံမည်မဟုတ်ကြောင်း သူမ သိထားသောကြောင့် ဖြစ်သည်။

စုချင်းရွှယ်သာ ဘာမှမပြောလျှင် ဤကိစ္စကို ဘာမှမဖြစ်ခဲ့သလိုမျိုး သဘောထား၍ ရပေသည်။

‘နောက်ကျရင် အဆုံးမဲ့ကောင်းကင်ဘုံက ပါရမီရှင် လူငယ်အချို့နဲ့ ချင်းရွှယ်ကို မိတ်ဆက်ပေးရမယ်၊ ဒါမှ သူမ လျူယွမ်ကို တဖြည်းဖြည်း မေ့သွားမှာ။ ဝေးကွာနေတဲ့ အချစ်ရေးကို ဖျက်ဆီးဖို့ အကောင်းဆုံး လက်နက်ကတော့ တတိယလူပဲ မဟုတ်ပါလား။ အချစ်သစ်ရလာရင် အချစ်ဟောင်းကို မေ့သွားကြတာ သဘာဝပဲလေ´

သူမသည် နည်းလမ်းနှစ်မျိုးသုံးရန် စီစဉ်ထားခြင်း ဖြစ်သည် - စုချင်းရွှယ်ကို အခြားသူတစ်ဦးနှင့် ချစ်ကြိုက်သွားအောင် လုပ်မည်၊ ထို့နောက် အခွင့်အရေးရှာပြီး လျူယွမ်ကို အချစ်ရေးမှာ ဖောက်ပြန်သွားအောင် လုပ်ကာ သူတို့၏ အိမ်ထောင်ရေးကို အပြီးတိုင် ဖျက်ဆီးပစ်မည် ဖြစ်သည်။

​ စကားပြောဆိုပြီးနောက် ယွန်းမြောင်သည် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ဆုတ်ဖြဲလိုက်ပြီး သူတို့သုံးယောက်လုံး ၎င်းထဲမှတစ်ဆင့် ထွက်ခွာကာ အဆုံးမဲ့ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိသွားကြတော့သည်။

​ “မမ... သမီးကတော့ အရှေ့ပေါက်ကနေ မဝင်တော့ဘူး၊ ဖေဖေ သိသွားလိမ့်မယ်” စုယွီမော့သည် လျှာလေးထုတ်ကာ စနောက်လိုက်ပြီး သူမ၏ အငွေ့အသက်ကို ဖျောက်ကာ စုအိမ်တော်၏ အနောက်ပေါက်မှတစ်ဆင့် တိတ်တဆိတ် ခိုးဝင်ရန် ပြင်ဆင်လိုက်သည်။

​ “ချင်းရွှယ်... မင်းလည်း အခန်းထဲအရင်ပြန်ပြီး ရေမိုးချိုး သန့်စင်လိုက်ဦး။ ငါ မင်းရဲ့ အဖေဆီ သွားပြီး မင်းပြန်ရောက်တဲ့အကြောင်း သတင်းပို့လိုက်ဦးမယ်” ဟု ယွန်းမြောင်က မှာကြားလိုက်သည်။

​ စုချင်းရွှယ် ခေါင်းညိတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စုအိမ်တော်ရှိ သူမ၏ အဆောင်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူမ၏ အဆောင်သည် တောင်တန်းပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ကာ တောင်ထိပ်တစ်ခုလုံးကို နေရာယူထားသည်။

ခမ်းနားထည်ဝါလှသောအဆောက်အအုံများနှင့် တောင်ကျ ရေတံခွန်ကြီးများသည် လျူယွမ်၏ တစ်အိမ်လုံးထက်ပင် အဆပေါင်းရာချီ ပိုမိုကျယ်ဝန်းလှပေသည်။

​ စုချင်းရွှယ်သည် တံခါးဝတွင် ရပ်ကာ မိမိနှင့် ရင်းနှီးပြီးသားဖြစ်သော အဆောင်လေးကို ကြည့်လိုက်မိသည်။ သူမ ငါးရက်မျှ အပြင်သွားပြီးနောက် အိမ်သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။ သူမ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိဖြင့် မမြင်နိုင်သော သန့်စင်ခြင်းစွမ်းအားတစ်ခုက သူမအပေါ်သို့ လွှမ်းခြုံသွားပြီး ခန္ဓာကိုယ်တွင် ကပ်ပါလာသည့် လူ့လောက၏ ဖုန်မှုန့်အညစ်အကြေးအားလုံးကို ဆေးကြောသန့်စင်ပေးလိုက်သည်။

သူမသည် သန့်ရှင်းမွန်မြတ်သော အလင်းရောင်ခြည်များဖြင့် လွှမ်းခြုံသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး အသစ်တစ်ဖန် လဲလှယ်လိုက်သလိုမျိုး ဖြစ်သွားခဲ့လေသည်။

​ သူမသည် စားပွဲပေါ်ရှိ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ကောက်ကိုင်လိုက်ပြီး စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ နီရဲသောအမှတ်အသားလေးက တဖျတ်ဖျတ် လင်းလက်နေသည်ကို တွေ့လိုက်ရသည်။

​ မဖတ်ရသေးသော မက်ဆေ့ခ်ျ ၉၉+ စောင်

​ [သူငယ်ချင်း ယွဲ့ချန်]

​ “ချင်းရွှယ်... နင် ဘယ်တွေ လျှောက်သွားနေတာလဲ”

​ “ငါ လျှို့ဝှက်နေရာတစ်ခု ရှာတွေ့ထားတယ်၊ လာပြီး အတူတူ သွားစူးစမ်းရအောင်”

​ “ငါ့ရဲ့ ဂါဝန်အသစ်လေးကိုလည်း ကြည့်ဦး”

​ “ဟွန့်... သုံးရက်ရှိပြီ စာမပြန်ဘူး။ နင် အချစ်ရေးထဲ စိတ်ရောက်နေတာတော့ မဟုတ်ပါဘူးနော်”

​ “ရဲချန်က နင့်ကို ထပ်ပြီး လက်ထပ်ခွင့်တောင်းနေပြန်ပြီ၊ ဒီတစ်ခါတော့ သူ့အဘိုးကိုပါ တစ်ခါတည်း ခေါ်လာတာဟ”

​ [အစ်ကိုကြီး စုဟောင်]

​ “ရှိလား... ”

​ “ရှိလား... ”

​ “ရှိလား... ”

​ “ရှိလား... ”

​ “ရှိလား... ”

​ [ရဲချန်]

​ “ချင်းရွှယ်... ကိုယ် အဆင့် (၁၀) ရဲ့ အထွတ်အထိပ်ကို ချိုးဖျက်ပြီး အဆင့် (၁၁) ထဲကို ဝင်ရောက်နိုင်ခဲ့ပြီ”

​ “ကိုယ် မင်းကို သဘောကျတယ်၊ ကိုယ့်ရဲ့ ကောင်မလေး ဖြစ်ပေးနိုင်မလား”

​ “ဒီတစ်ခါတော့ မင်းအဖေရဲ့ သဘောတူညီချက်ကို သေချာပေါက် ရအောင် ယူနိုင်မယ်လို့ ကိုယ် ယုံကြည်တယ်”

​ “မင်္ဂလာနံနက်ခင်းပါ... ဘာလုပ်နေလဲ”

​ “ကောင်းသောညပါ... အိပ်မက်လှလှ မက်ပါစေ”

All Chapters