အခန်း ၅၂၄
Vol. 53 Ch. 524
အခန်း ၅၂၄ စိတ်ကူး တစ်ချက်တည်း ဖြင့် ကောင်းကင် တံခါး ကို ဖွင့်လှစ်ခြင်း... နိုင်ငံတော် ၏ ကံတရား က ကောင်းကင်ယံ ကို ထိုးဖောက် သွားခြင်း
အလယ်ပိုင်းလွင်ပြင် မြို့တော်။
အင်ပါယာ ဥယျာဉ်တော် အတွင်းတွင် ဖြစ်လေသည်။
ယွမ်ခန် ဧကရာဇ် ကျီဝမ်ဟောင် က ရွှေရောင် နဂါး ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝိညာဉ် ရေကန် ၏ အရှေ့တွင် ရပ်နေပေသည်။ အောက်ဘက်တွင် ကူးခတ် သွားလာနေသော ဝိညာဉ် ငါးများကို ကြည့်ရင်း ဧကရာဇ် ၏ မျက်နှာပေါ်တွင် စိုးရိမ် ပူပန်မှုများ အပြည့်အဝ ရှိနေပြီး တစ်ခုခုကို တွေးတော ပူပန်နေသည့် အလား ပင်ဖြစ်၏။
ကျီဝမ်ဟောင် က ပင်လယ်ရပ်ခြား ရှိ ထျန်းယွမ် ၏ အခြေအနေကို စိုးရိမ် ပူပန်နေခြင်း ဖြစ်ချေသည်။
အရင်က တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီး ကိုယ်တိုင် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ထျန်းယွမ် ၏ အန္တရာယ် ရှိပုံကို အသေးစိတ် ရှင်းပြခဲ့သည်။ မိစ္ဆာနယ်မြေ စစ်တပ်ကြီး က အချိန်မရွေး တိုက်ခိုက်လာနိုင်သဖြင့် အင်ပါယာ နန်းတော် ဘက်မှ သယံဇာတ အရင်းအမြစ် အမြောက်အမြား ထောက်ပံ့ပေးရန် တောင်းဆိုခဲ့လေသည်။
ဤကိစ္စနှင့် ပတ်သက်၍ ကျီဝမ်ဟောင် က လုံးဝ ငြင်းဆန်ခြင်း မရှိခဲ့ချေ။
ဧကရာဇ် တစ်ပါး အနေဖြင့် ထျန်းယွမ်မြို့ ၏ အရေးပါမှုကို သူ သေချာပေါက် သိရှိထားပေသည်။ ထိုနေရာ က အစစ်အမှန် နိုင်ငံတော် တံခါးပေါက် ပင်ဖြစ်ပြီး ၎င်းနှင့် နှိုင်းယှဉ်ပါက မြောက်ပိုင်း လူရိုင်း ဝမ်ထင် ပင်လျှင် သိပ်ပြီး အရေးမပါတော့သည့် အလား ပင်ဖြစ်၏။ မည်သို့ပင်ဆိုစေ ထိုအရာ က မိစ္ဆာမျိုးနွယ် ဖြစ်လေသည်။ လူသားမျိုးနွယ် တစ်ခုလုံး ၏ ကြီးမားသော ရန်သူကြီး ပင်ဖြစ်သည်။
ဤအကြောင်းရင်း ကြောင့်ပင် တာ့ကျိုး နိုင်ငံတော် တစ်ခုလုံး ၏ ထက်ဝက် နီးပါးခန့် ရှိသော စစ်အင်အားများ က ထျန်းယွမ်မြို့ ကို စောင့်ကြပ်နေကြရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ပင် တာ့ကျိုး နိုင်ငံတော် က နိုင်ငံ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ခြောက်ရာ ကျော်သာ ရှိသေးသော်လည်း လောက ကြီး ၏ အခြေအနေကို အနည်းငယ် ထိန်းချုပ်၍ မရနိုင်တော့သည့် အနေအထား သို့ ရောက်ရှိနေရခြင်း ပင်ဖြစ်ချေသည်။
ထို့ကြောင့် လောကကြီး တွင် ပုန်ကန်မှု များ နေရာအနှံ့ ပေါ်ပေါက်လာရခြင်း ဖြစ်၏။ မြောက်ပိုင်း လူရိုင်း များ၏ အန္တရာယ်... တောင်ပိုင်း နယ်စပ် ၏ အန္တရာယ်... သြဇာခံ မိသားစု ကြီးများ ၏ အန္တရာယ် နှင့် သူ့ကို အလွန် ခေါင်းကိုက် စေသော ချင်းထျန်းမိစ္ဆာဂိုဏ်း တို့ ပင်ဖြစ်သည်။
သို့သော် ပြဿနာမှာ ကျီဝမ်ဟောင် က မည်မျှပင် ခေါင်းကိုက် နေပါစေ ထျန်းယွမ် မှ စစ်တပ်များကို လွယ်လွယ်ကူကူ ဆွဲထုတ်၍ မရနိုင်ခြင်း ပင်ဖြစ်ပေသည်။ အကယ်၍ ထျန်းယွမ် သာ ကျိုးပေါက် သွားပါက သူ၏ ဧကရာဇ် ပလ္လင် လည်း အန္တရာယ် ရှိနေပြီ ဖြစ်ပြီး ယခုအခါ အန္တရာယ် များထဲမှ အကြီးမားဆုံး အန္တရာယ် ပင်ဖြစ်ချေသည်။
ထို့ကြောင့် မြောက်ပိုင်း လူရိုင်း နယ်မြေမှ ပြန်ရောက်ခါစ ဖြစ်သော ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် က အချိန် တစ်ခဏမျှ ပင် အနားမယူနိုင်ဘဲ ထျန်းယွမ် သို့ ချက်ချင်း ခရီးဆက်ခဲ့ရခြင်း ဖြစ်လေသည်။ သို့သော် ယခုအချိန် အထိ မည်သည့် အောင်ပွဲ သတင်းမျှ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးချေ။ ဤအရာက ကျီဝမ်ဟောင်ကို အနည်းငယ် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လာစေတော့သည်။
ကျီချန်တောက် က သူ၏ ရင်ထဲတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ များကို ချန်ရစ်ထားခဲ့ပြီး ထိုသူ က တစ်နိုင်ငံလုံး ၏ အခြေခံ အုတ်မြစ် ကြီး ဖြစ်ကြောင်း သူ နားလည်ထားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာနယ်မြေ ကို ရင်ဆိုင်ရချိန်တွင် သူ စိတ်မချ နိုင်သေးချေ။
"ဦးရီးတော်... ငါ့ ကို စိတ်ပျက် အောင် မလုပ်ပါနဲ့..." ဟု ရေရွတ်ကာ ကျီဝမ်ဟောင် က လက်ထဲရှိ ငါးစာများကို ဝိညာဉ် ရေကန် အတွင်းသို့ ပစ်ချလိုက်လေသည်။
မျက်စိရှေ့တွင် မပီဝေဝါ ဖြစ်သွားပြီး မထွက်ခွာမီ အချိန်က ကျီချန်တောက် နှင့် ဆွေးနွေးခဲ့သော ကိစ္စ အချို့ကို သူ သတိရသွားတော့သည်။ တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ အကြွင်းမဲ့ ယုံကြည်မှု ကို သူ အာရုံခံမိသော်လည်း သူ၏ ရင်ထဲရှိ ပင်ပန်း နွမ်းနယ် မှုများကိုလည်း အလားတူ ခံစားမိခဲ့ပေသည်။ သူ က ဧကရာဇ် ဖြစ်သည်မှာ မှန်သော်လည်း ကျီချန်တောက် ကတော့ သူ၏ ဧကရာဇ် ပလ္လင် ကို ကာကွယ် စောင့်ရှောက်ပေးသော နတ်ဘုရား တစ်ပါး ပင်ဖြစ်၏။
သူ က ကျီချန်တောက် အပေါ် အမြဲတမ်း အလွန် စိုးရိမ် ကြောက်ရွံ့ နေခဲ့ပြီး အာဏာ များကို ပြန်လည် သိမ်းယူရန် အချိန်တိုင်း စဉ်းစားနေခဲ့သော်လည်း ကျီချန်တောက် ၏ စကားများထဲမှ ပင်ပန်း နွမ်းနယ် မှုများကို ခံစားလိုက်ရချိန်တွင် သူ အနည်းငယ် တွေဝေသွားခဲ့ချေသည်။ ကျီချန်တောက် ရှိနေသရွေ့ သူ စိုးရိမ် ကြောက်ရွံ့ နေရသော်လည်း စိတ်ချ ရပေသည်။ သို့သော် အကယ်၍ တစ်ဖက်လူ သာ မရှိတော့လျှင်...
"ဦးရီးတော်... ဦးရီးတော်..." ဟု ကျီဝမ်ဟောင် က တိုးညင်းစွာ ရေရွတ်လိုက်ပြီး မျက်ဝန်းများက လင်းလိုက် မှိန်လိုက် ဖြစ်နေလေသည်။
ရုတ်တရက် ဤအခိုက်အတန့် မှာပင်။
လေဟာနယ် အထက်တွင် အလွန် ကြီးမားသော အက်ကွဲကြောင်း ကြီး တစ်ခု ရုတ်တရက် ပွင့်ဟလာပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု တစ်ခုက လေဟာနယ်ကို အတင်းအကျပ် ဆွဲဖြဲ လိုက်သည့် အလား ပင်ဖြစ်သည်။ ကျီဝမ်ဟောင် ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်တော့သည်။ ကျီချန်တောက် မရှိသည့် အချိန်ကို အခွင့်ကောင်း ယူကာ သူပုန် များက သူ့ကို လုပ်ကြံရန် ကြိုးစားနေသည်ဟု ထင်မှတ်လိုက်မိ၏။
ထို အက်ကွဲကြောင်း ကြီး က လေဟာနယ်ကို ဖြတ်သန်း သွားပြီး ပေသောင်းပေါင်းများစွာ အထိ ရှည်လျားကာ မြို့တော် တစ်ခုလုံး အတွင်းရှိ လူများ အားလုံးက ရှင်းလင်းစွာ မြင်တွေ့နိုင်ကြလေသည်။ အားလုံးက ခေါင်းကို မော့ကာ လှမ်းကြည့်လိုက်ကြပြီး ဘာတွေ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြပေသည်။ 'ကောင်းကင် ပြိုကျ ပြီလား...' ဟု တွေးတောမိကြသည်။
မရေမတွက်နိုင်သော လူများ၏ ရင်ထဲတွင် ထိတ်လန့် တုန်လှုပ်မှုများ ဖြစ်ပေါ်နေချိန်တွင် ခန့်ညား ထည်ဝါသော အသံကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားတော့သည်။
"ငါ က တာ့ကျိုး နိုင်ငံတော် ရဲ့ ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် ပဲ... ဘိုးဘေး ကြီး ရဲ့ သွေးမျိုးဆက် ကို ဆက်ခံ ပြီး ရှုပ်ထွေး နေတဲ့ လောက ကြီး ထဲမှာ အင်ပါယာ နန်းတော် ကို ဖိနှိပ် ထားတယ်... အခု ကောင်းကင်သားတော် ဓား ကို ကိုင်ဆောင် ပြီး ငါ က ကောင်းကင်သားတော် ကိုယ်စား နိုင်ငံတော် တံခါးပေါက် ကို စောင့်ကြပ် ကာကွယ် ပြီး လူသား မျိုးနွယ် ရဲ့ ငြိမ်းချမ်းရေး ကို ကာကွယ် စောင့်ရှောက် မယ်... တာ့ကျိုး ရဲ့ နိုင်ငံတော် ကံတရား... လာစမ်း..."
ဤ ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်နှင့် ကျီဝမ်ဟောင် ၏ ခေါင်းထဲတွင် ပုံရိပ် တစ်ခု မျက်တောင်တစ်ခတ်အတွင်း ထွက်ပေါ်လာတော့သည်။ ဦးရီးတော် ပင်ဖြစ်သည်။
'သူ ဘာလုပ်ချင် တာလဲ... နိုင်ငံတော် ၏ ကံတရား ကို စုစည်း မလို့လား... ငါ့ ရဲ့ ခွင့်ပြုချက် မရှိဘဲ ဦးရီးတော် က ဘယ်လို လုပ်ပြီး ဒီလို လုပ်ရဲ ရတာလဲ...'
မျက်တောင်တစ်ခတ်အတွင်း သူ၏ ရင်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်လာပြီး မျက်နှာထား က လင်းလိုက် မှိန်လိုက် ဖြစ်နေလေသည်။ နိုင်ငံတော် ၏ ကံတရား ဆိုသည်မှာ နိုင်ငံ တစ်ခု၏ အခြေခံ အုတ်မြစ် ဖြစ်ပြီး ကောင်းကင်သားတော် သာလျှင် ထုတ်ယူ သုံးစွဲ နိုင်ပေသည်။ နိုင်ငံတော် ၏ ကံတရား ဖြင့် ကာကွယ်ထားမှု အောက်တွင် သိုင်းသူတော်စင် ပင်လျှင် သူ၏ အနီးသို့ ချဉ်းကပ်ရန် ခက်ခဲလှပေသည်။ နိုင်ငံတော် အမွေဆက်ခံသည့် ကျောက်စိမ်းတံဆိပ်တုံး ကတော့ နိုင်ငံတော် ၏ ကံတရား ကို ဖိနှိပ်ထားသော ရတနာ ပင်ဖြစ်၏။ သူ့ တစ်ယောက်တည်း သာလျှင် ထုတ်ယူ သုံးစွဲ နိုင်ချေသည်။
ကျီဝမ်ဟောင် က ကျီချန်တောက် ကို ကူညီ ပေးရမည်လား ဟု တွေဝေ နေစဉ်မှာပင် ရုတ်တရက် အင်ပါယာ နန်းတော် အတွင်းရှိ ခမ်းနား ထည်ဝါသော နန်းဆောင် တစ်ခု အတွင်းမှ ရွှေရောင် အလင်းတန်း တစ်ခု ကောင်းကင် ကိုးထပ် အထက်သို့ တိုက်ရိုက် ထိုးတက်သွားတော့သည်။
ထိုအရာက အခြားမဟုတ်ဘဲ တာ့ကျိုး ၏ နိုင်ငံတော် အမွေဆက်ခံသည့် ကျောက်စိမ်းတံဆိပ်တုံး ပင်ဖြစ်သည်။
ရွှေရောင် အလင်းတန်း က အက်ကွဲကြောင်း ထံသို့ တိုက်ရိုက် ထိုးစိုက်သွားပြီး အဆုံးအစမရှိသော တာ့ကျိုး နိုင်ငံတော် ၏ ကံတရား များ က ထို အက်ကွဲကြောင်း ထံသို့ ဝင်ရောက် သွားနေသည်ကို သာမန် မျက်စိဖြင့်ပင် မြင်တွေ့နေရလေသည်။ မြို့တော် တစ်ခုလုံး ကို ရွှေရောင် ပင်လယ်ပြင် ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားစေတော့သည်။ မရေမတွက်နိုင်သော လူများက ဤ မြင်ကွင်းကို ကိုယ်တိုင် မျက်မြင်တွေ့ရှိ လိုက်ကြပေသည်။
"ဘာ... ရိုင်းစိုင်း လိုက်တာ... ငါ့ ရဲ့ ခွင့်ပြုချက် မရှိဘဲ ဘယ်သူ ကများ နိုင်ငံတော် ရဲ့ ကံတရား ကို တိတ်တဆိတ် ထုတ်ယူ သုံးစွဲ ရဲတာလဲ..." ဟု ပြောကာ ကျီဝမ်ဟောင် မျက်တောင်တစ်ခတ်အတွင်း အကြီးအကျယ် ဒေါသထွက်သွားတော့သည်။ ဤသည်မှာ ဧကရာဇ် ၏ အာဏာ နှင့် သက်ဆိုင်နေပြီး သူ့ကို လုံးဝ လျစ်လျူရှု ထားခြင်း ပင်ဖြစ်သည်။
"အရှင်မင်းကြီး..." ဟု အိုမင်း ရင့်ရော်သော အသံ တစ်သံ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ လေဟာနယ် အတွင်းမှ အရာရှိ ဝတ်စုံကို ဝတ်ဆင်ထားသော ဆံပင်ဖြူ အဘိုးအို တစ်ဦး ထွက်ပေါ်လာပြီး တာ့ကျိုး နန်းတော် ၏ ကာကွယ် စောင့်ရှောက်သူ ဝေ့ ကုန်းကုန်း ပင်ဖြစ်လေသည်။
"ဝေ့ ကုန်းကုန်း... မင်း က ကျောက်စိမ်းတံဆိပ်တုံး ကို တိတ်တဆိတ် အသုံးပြု ခဲ့တာလား... မင်း ရဲ့ မျက်စိ ထဲမှာ ငါ ဆိုတဲ့ အရှင်မင်းကြီး ရဲ့ အာဏာ စိုးစဉ်းမျှ မရှိတော့ဘူးလား..." ဟု မေးလိုက်စဉ် ကျီဝမ်ဟောင် ၏ မျက်နှာထား က မည်းမှောင်နေပေသည်။
ကျီချန်တောက် က နိုင်ငံတော် ၏ ကံတရား ကို ထုတ်ယူ သုံးစွဲသည်ကို သူ မနှမြောသော်လည်း... ကျီချန်တောက် ၏ ဤကဲ့သို့သော လုပ်ရပ် က အရမ်းကို အာဏာရှင် ဆန်လွန်းနေသောကြောင့် ပင်ဖြစ်သည်။ ဝေ့ ကုန်းကုန်း နှင့် ပူးပေါင်းကာ သူ့ကို တိုက်ရိုက် လျစ်လျူရှု ထားပြီး မည်သည့် ခွင့်ပြုချက်မျှ မတောင်းခံဘဲ သူ့ကို ဧကရာဇ် တစ်ပါး အနေဖြင့် လုံးဝ အသိအမှတ် မပြုသည့် အလား ပင်ဖြစ်ချေသည်။
ဝေ့ ကုန်းကုန်း က ခေါင်းကို ခါရမ်းလိုက်၏။
"အရှင်မင်းကြီး အထင်လွဲ နေပါပြီ... ကျွန်တော်မျိုး မှာ ကျောက်စိမ်းတံဆိပ်တုံး ကို အသုံးပြု ပြီး နိုင်ငံတော် ရဲ့ ကံတရား ကို တိုက်ရိုက် ထုတ်ယူ နိုင်တဲ့ စွမ်းရည် မျိုး လုံးဝ မရှိပါဘူး..."
"ဒီလို ဆိုမှတော့... ဒါ က ဦးရီးတော် တိတ်တဆိတ် လုပ်ခဲ့တာပေါ့..." ဟု ပြောကာ ကျီဝမ်ဟောင် ၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။
ဝေ့ ကုန်းကုန်း က ခေါင်းကို ငုံ့ထားပြီး စကား တစ်ခွန်းမျှ မပြောချေ။ ဤကဲ့သို့သော အမူအရာ က ဝန်ခံလိုက်သည် နှင့် အတူတူ ပင်ဖြစ်လေသည်။
ဤကဲ့သို့သော အခြေအနေ က ကျီဝမ်ဟောင် ၏ ရင်ထဲတွင် ပို၍ပင် ဒေါသ ထွက်သွားစေသော်လည်း ဤအခိုက်အတန့်တွင် သူ က ဧကရာဇ် တစ်ပါး ဖြစ်သော်လည်း အနည်းငယ် စွမ်းအားမဲ့ နေသည်ဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ အခြေခံအားဖြင့် နိုင်ငံတော် အမွေဆက်ခံသည့် ကျောက်စိမ်းတံဆိပ်တုံး နှင့် နိုင်ငံတော် ၏ ကံတရား ကို ထုတ်ယူ သုံးစွဲ ၍ မရတော့သောကြောင့် ပင်ဖြစ်သည်။
'ဆိုလိုသည်မှာ ဦးရီးတော် က နိုင်ငံတော် ၏ ကံတရား ကို ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ ဆိုတဲ့ သဘောလား... သူ ကများ ကောင်းကင်သားတော် ဖြစ်နေတာလား...' ဟု ဒေါသတကြီး တွေးတောမိလေသည်။
နိုင်ငံတော်ဆရာ အိမ်တော် အတွင်းတွင် ဖြစ်သည်။
နိုင်ငံတော်ဆရာ ယောင်ယွဲ့ နှင့် ရွှမ်ထျန်း ဝူကျိ နန်းတော် မှ အထွတ်အမြတ် အကြီးအကဲ ဖုန်းဝူကျိ တို့ က ယှဉ်တွဲ ရပ်နေကြပြီး လေဟာနယ် အတွင်းရှိ ကောင်းကင်ကို ဖွင့်လှစ်ထားသော အက်ကွဲကြောင်း ကြီး ကို ကြည့်ရင်း မျက်ခုံး နှစ်ခု ကြားတွင် နက်ရှိုင်းသော အံ့အားသင့်မှုများ ပါဝင်နေကြပေသည်။
"ကျီချန်တောက် က မိုင်ပေါင်း သိန်းနဲ့ချီ အဝေး ကနေ တာ့ကျိုး ရဲ့ နိုင်ငံတော် ကံတရား ကို တိုက်ရိုက် ထုတ်ယူ နိုင်တယ်... ဒါ ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ... ကျီချန်တောက် ရဲ့ မှော်စွမ်းအင် က နက်နဲ ဆန်းကြယ် တယ် ဆိုရင်တောင် ဒီလောက် အစွမ်းထက် တဲ့ စွမ်းရည် မျိုး မရှိသင့်ဘူးလေ..." ဟု ဖုန်းဝူကျိ က အရင်ကကဲ့သို့ ကစားစရာ လို သဘောထားသော မျက်နှာထား မျိုး မရှိတော့ဘဲ ယခုအခါ မျက်နှာပေါ်တွင် အံ့အားသင့် သံသယဖြစ်နေသော အရိပ်အယောင်များ တောက်ပလျက် ပြောလိုက်လေသည်။
သူ ကိုယ်တိုင် လည်း ထျန်းယွမ်မြို့ သို့ ရောက်ဖူးပြီး ထိုနေရာ က ဝိညာဉ်နယ်မြေ နှင့် မတူညီကြောင်း သိရှိထားသည်။ ထျန်းယွမ် က ကာကွယ်မှု တစ်ခု ဖြစ်သကဲ့သို့ အတားအဆီး တစ်ခု လည်း ဖြစ်ပြီး ထျန်းယွမ် ကို ကျော်လွန်၍ နေရာ ရွှေ့ပြောင်းခြင်း လုံးဝ မပြုလုပ်နိုင်ချေ။ ထျန်းယွမ် ၏ ကန့်သတ်ချက် ကြောင့် သာမက ပန်းသုံးပွင့် စုစည်းခြင်း အဆင့် ရှိသော လောကနတ်ဘုရား ပင်လျှင် မိုင်ပေါင်း သိန်းနှင့်ချီ ဝေးကွာသော နေရာသို့ နေရာ ရွှေ့ပြောင်း နိုင်ခြင်း မရှိသောကြောင့် ပင်ဖြစ်သည်။ ဤကဲ့သို့ နိုင်ငံတော် ၏ ကံတရား ကို တိုက်ရိုက် ထုတ်ယူ သုံးစွဲခြင်း ဆိုလျှင်တော့ ပို၍ပင် အံ့ဩစရာကောင်းလှပေသည်။
"ဒီ လူ ရဲ့ စွမ်းရည် က သာမန် လူ တွေ စိတ်ကူး လို့ ရနိုင်တဲ့ အရာ မျိုး မဟုတ်ဘူး..." ဟု ယောင်ယွဲ့က ဆိုသည်။
အရင်က သူမ က ကျီချန်တောက် ကို ထိုးထွင်း မသိမြင်နိုင်ခဲ့ဘဲ တစ်ဖက်လူက အလွန် ယုံကြည်မှု လွန်ကဲ နေသည်ဟု ပင် ထင်မှတ်ထားခဲ့ပေသည်။ သို့သော် ယခုအခါ ကျီချန်တောက် တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းရည် ရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ တစ်ဖက်လူ၏ ကြောက်မက်ဖွယ် ကောင်းပုံကို ချက်ချင်း နားလည်သွားတော့သည်။ သိုင်းသူတော်စင် ၏ အမြင့်ဆုံး ကန့်သတ်ချက် သို့ ရောက်ရှိလုနီးပါး ပင်ဖြစ်ချေသည်။ ခေါက်ရှန်းနတ်မင်းကြီး ဟူသော အမည်နာမ နှင့် တကယ်ကို ထိုက်တန်ပါပေသည်။
"ကြည့်ရတာ ထျန်းယွမ် ဘက်မှာ အခြေအနေ မတည်မငြိမ် ဖြစ်နေပုံရတယ်... ငါတို့ လူသား မျိုးနွယ် တွေ ဒီ တစ်ကြိမ် ကပ်ဆိုး ကြီး ကနေ လွတ်မြောက် နိုင်ပါစေ လို့ မျှော်လင့်ရတာပဲ..." ဟု ဖုန်းဝူကျိ က လေးနက်သော အသံဖြင့် သက်ပြင်းချလိုက်လေသည်။
တာအို ဂိုဏ်း ကလည်း အရင်က မိစ္ဆာမျိုးနွယ်ကို ခုခံ တားဆီးရာတွင် အဓိက အင်အားစု တစ်ခု ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲ များကြောင့် တာအို ဂိုဏ်း က နှစ်ပိုင်း ကွဲသွားခဲ့ပြီး ရွှမ်ထျန်း ဝူကျိ နန်းတော် ၏ စွမ်းအား က မူလကတည်းက ဗုဒ္ဓဘာသာ ကို များစွာ ကွာခြားလှရာ အကယ်၍ အကုန်အကျ ခံပြီး ဆက်လက် ယှဉ်ပြိုင် နေမည် ဆိုပါက ပျက်စီး ယိုယွင်းမှု ကို ပိုမို မြန်ဆန် သွားစေရန် သက်သက်သာ ဖြစ်လေသည်။ ထို့ကြောင့် ပင် ထျန်းယွမ်မြို့ သို့ သွားရောက် စောင့်ကြပ်ခြင်း မပြုလုပ်ခဲ့ခြင်း ပင်ဖြစ်သည်။
နိုင်ငံတော်ဆရာ ယောင်ယွဲ့ ၏ မျက်ခုံးများ တင်းကျပ်စွာ တွန့်ကွေးသွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဗုဒ္ဓဘာသာ ရဲ့ အကြံအစည် က အရမ်း နက်ရှိုင်း လွန်းတယ်... တကယ်လို့ ရန်ချန် နဲ့ ရွှီမီလဲ့ တို့ လှုပ်ရှား မယ် ဆိုရင် ငါတို့ တာအို ဂိုဏ်း ကလည်း သဘာဝကျကျ လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး... နှမြောစရာ က... ဒီလောက် ကြီးမားတဲ့ ဝိညာဉ်နယ်မြေ ကြီး ကို ဒီ လူ တစ်ယောက်တည်း သာ တောင့်ခံ နေရတယ်... လေးစား စရာ ပဲ..."
ဖုန်းဝူကျိ က နှုတ်ခမ်း မွေးများကို ပွတ်သပ်လိုက်ပြီး နှုတ်ခမ်း တွန့်ကွေးလိုက်၏။
"အဲဒီ ထိပ်ပြောင် တွေ က မူလကတည်းက ဒီလို ပဲလေ... ယုံကြည် လို့ မရဘူး... ပေါင်းသင်း လို့ လည်း မရဘူး... ပါးစပ် ကတော့ တရား ဓမ္မ တွေ ပြောနေပေမဲ့ တကယ်တမ်း ကျတော့ ဗိုက်ထဲမှာ အကြံအစည် ဆိုး တွေ အပြည့် ပဲ... တရား ဟောတယ် တရား ဟောတယ် တဲ့... ဟက်... မိစ္ဆာနယ်မြေ က ဝိညာဉ်နယ်မြေ ထဲကို တကယ် ဝင်လာတဲ့ နေ့ကျရင် အဲဒီ ကိုယ်တော် တွေ ဘာ အကျိုးကျေးဇူး များ ရမလဲ ဆိုတာကို ငါ က တကယ် ကြည့်ချင်သေးတယ်..."
နိုင်ငံတော်ဆရာ ယောင်ယွဲ့ ၏ မျက်ဝန်းများ က လင်းလိုက် မှိန်လိုက် ဖြစ်နေပြီး စကား ပြန်မပြောဘဲ အရင်က ကျီချန်တောက် ပြောခဲ့သော စကားများကို သာ စဉ်းစားနေမိလေသည်။ လေဟာနယ် အတွင်းရှိ ရူးသွပ်စွာ စီးဆင်း သွားသော နိုင်ငံတော် ၏ ကံတရား ကို ကြည့်ရင်း သူမ အနည်းငယ် တုန်လှုပ် သွားခဲ့ချေသည်။
'ဖြစ်နိုင်တာ က ထို ကျန်းချဲ့ နှင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်း ပြုလုပ်ရန် ကိစ္စ က မူလကတည်းက ကျီချန်တောက် ၏ အကြံအစည် ထဲမှာ ပါနေတာများလား... သို့သော် အကျိုးအမြတ် နှင့် အဆုံးရှုံး ကို မည်သို့ ချိန်ဆ ရမည်နည်း...'
ရွှေရောင် ကောင်းကင် အတားအဆီး က အရာအားလုံးကို ဖုံးကွယ် ထားပြီး မြို့တော် တစ်ခုလုံး က ရွှေရောင် အလင်းတန်းများ အောက်တွင် ရေချိုး သန့်စင် နေသည့် အလား ပင်ဖြစ်သည်။ မရေမတွက်နိုင်သော ပြည်သူများ က ဒူးထောက် ဆုတောင်း နေကြပြီး ကောင်းကင် မှ ကျက်သရေ မင်္ဂလာ များ ကျဆင်းလာသည် ဟု ထင်မှတ် နေကြသည်။ သို့သော် လူ အနည်းငယ် ကသာ ဤအရာ ၏ အဓိပ္ပာယ်ကို နားလည်ထားကြလေသည်။ ဥပမာ အားဖြင့် ထျန်းယွမ် ၏ အန္တရာယ် ကို ဖြေရှင်းရန် ခေါက်ရှန်းနတ်မင်းကြီး က နိုင်ငံတော် ၏ ကံတရား ကို ထုတ်ယူ သုံးစွဲ ရသည့် အခြေအနေ မျိုး ပင်ဖြစ်သည်။
အနောက်မြောက်ပိုင်း ပြည်နယ်များ။
တာ့လေ့ယင် ဘုန်းကြီးကျောင်း။
ဗုဒ္ဓ တရားတော် ရွတ်ဆိုသံ များ က မပြတ်တောက် ဘဲ မိုင်တစ်သောင်း အထိ ကျယ်ဝန်းသော ကောင်းကင်ယံ ကို လွှမ်းခြုံထားပြီး အဝေးမှ လှမ်းကြည့်မည် ဆိုပါက ကောင်းကင်နှင့် မြေကြီး ကို ဆက်သွယ် ထားသော ရွှေတောင်ကြီး တစ်ခု အလား ပင်ဖြစ်သည်။ မရေမတွက်နိုင်သော ဘုန်းကြီး များ က ကျင့်ကြံ နေခြင်း သို့မဟုတ် တင်ပျဉ်ခွေ ထိုင်နေခြင်း များ ပြုလုပ် နေကြပြီး ဗုဒ္ဓ နိုင်ငံတော် ၏ အဆုံးစွန်သော ပျော်ရွှင်ချမ်းမြေ့ဖွယ် မြင်ကွင်း တစ်ခု ပင်ဖြစ်လေသည်။
ထို ရွှေတောင်ကြီး ၏ အထွတ်အထိပ် တွင်...
ပုံရိပ် နှစ်ခု က စစ်တုရင် ကစား နေကြပြီး လူတစ်ယောက် က ရွှေရောင် ဖျော့ဖျော့ ရှေးဟောင်း ဘုန်းကြီး ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်များ မုတ်ဆိတ်များ က မီးခိုးရောင် ဖြစ်နေပြီး ခန္ဓာကိုယ် က ပိန်လှီ နေကာ သေလုမြောပါး ဖြစ်နေသော အဘိုးအို တစ်ဦး အလား ပင်ဖြစ်သည်။ တစ်ကိုယ်လုံး မှ မည်သည့် အရှိန်အဝါ မျှ ဖြာထွက် နေခြင်း မရှိချေ။
အခြား လူတစ်ယောက် ကတော့ တောက်ပသော သင်္ကန်း ကို ဝတ်ဆင်ထားပြီး ဗိုက်ကို ဖွင့်ဟ ထားကာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး အလား ပင်ဖြစ်သည်။ ဖြူဖွေးသော မျက်နှာပေါ်တွင် အနည်းငယ် ထူးဆန်း နေပြီး အချိန်တိုင်း ပြုံးနေသည့် အလား ပင်ဖြစ်ချေသည်။ ၎င်းမှာ အခြားမဟုတ်ဘဲ အထွတ်အထိပ် သိုင်းသူတော်စင် စာရင်း တွင် ထိပ်ဆုံး ငါးယောက် စာရင်းဝင် ဖြစ်ပြီး တာ့လေ့ယင် ဘုန်းကြီးကျောင်း ၏ ဗောဓိသတ် လေးပါး အနက် တစ်ပါး ဖြစ်သော ရွှီမီလဲ့ ဗောဓိသတ် ပင်ဖြစ်သည်။
ထို ပိန်လှီနေသော လူ ကတော့ ယခုလက်ရှိ ဗုဒ္ဓဘာသာ ၏ ခေါင်းဆောင် ဖြစ်ပြီး အထွတ်အထိပ် သိုင်းသူတော်စင် စာရင်း တွင် နံပါတ် သုံး နေရာ၌ ရှိကာ လက်တွေ့တွင်တော့ လောက ၏ နံပါတ် နှစ် ပုဂ္ဂိုလ် ဖြစ်ပြီး ကျီချန်တောက် ၏ အောက်တွင်သာ ရှိသော ရန်ချန် ဗောဓိသတ် ပင်ဖြစ်လေသည်။
"မိုင်ပေါင်း သိန်းနဲ့ချီ အဝေး ကနေ တာ့ကျိုး ရဲ့ နိုင်ငံတော် ကံတရား ကို ဆွဲယူ နိုင်တယ် ဆိုတော့ ကြည့်ရတာ ကောင်းကင်သားတော် ဓား က ကျီချန်တောက် ရဲ့ လက်ထဲမှာ ရှိနေလောက်တယ်... ကံကောင်း လို့ ငါတို့ တွေ အမြဲတမ်း ပုန်းအောင်း နေပြီး မလှုပ်ရှား ခဲ့တာပဲ... အဲဒီလိုမှ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုး တွေကို မှန်းဆ လို့ ရမှာ မဟုတ်ဘူး..." ဟု ရွှီမီလဲ့ ဗောဓိသတ် က ရယ်မောကာ ပြောလိုက်သည်။
"ကျီချန်တောက် က အင်ပါယာ နန်းတော် ရဲ့ ခေါက်ရှန်းနတ်မင်းကြီး ပဲ... တရား မျှတ မှု ကို ရင်ထဲမှာ ထားရှိ လို့သာ ငါတို့ ရဲ့ ပွင့်လင်း တဲ့ အကြံအစည် အောက်မှာ ထျန်းယွမ်မြို့ ထဲကို အတင်းအကျပ် ဝင်ရောက် ခဲ့ရတာပဲ... သူ့ရဲ့ စွမ်းအား နဲ့ ဆိုရင် လောက တစ်ခုလုံး ကို မဖိနှိပ် နိုင်ဘူး ဆိုရင်တောင် သေချာပေါက် ပြဿနာ တစ်ခု တော့ ဖြစ်နေတုန်းပဲ... သူ သာ မသေဆုံး ဘူး ဆိုရင် ဘုရားရှင် လူ့လောက ကို ဆင်းသက် လာဖို့ ခက်ခဲ လိမ့်မယ်..." ရန်ချန် ဘုန်းကြီး က ခေါင်းငုံ့ကာ စစ်တုရင် ကစား နေပြီး အလွန် သေးငယ်သော ကိစ္စလေး တစ်ခုကို ပြောပြနေသည့် အလား ပင်ဖြစ်လေသည်။
"မှန်တယ်... ကျီချန်တောက် ဆိုတဲ့ လူ က တကယ်ကို သာမန် မဟုတ်ဘူး... ဒါပေမဲ့ သူ က လောက ကြီး ကို အရမ်း ဂရုစိုက် လွန်းတယ်... အခု လူသား မျိုးနွယ် အန္တရာယ် ရှိနေတဲ့ အချိန်မှာ သူ မလှုပ်ရှား ရင် ဘယ်သူ ကများ ပြင်ပလောက က မိစ္ဆာ မျိုးနွယ် ကို တားဆီး နိုင်မှာလဲ... ဒီ တိုက်ပွဲ ပြီးရင် နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ ထျန်းယွမ် ရဲ့ အခြေခံ အုတ်မြစ် တွေကို ဖြည့်ဆည်း ဖို့ အတွက် ကျီချန်တောက် က သေချာပေါက် သူ့ကိုယ်သူ ပူဇော် ရလိမ့်မယ်... နှမြောစရာ က... သူ က လေးစား ရမယ့် ပြိုင်ဘက် တစ်ယောက် ပါပဲ..."
ရန်သူ ဖြစ်နေလျှင်တောင် ရွှီမီလဲ့ ဗောဓိသတ် က ကျီချန်တောက် အပေါ် အလွန် မြင့်မားသော သုံးသပ်ချက် ကို ပေးထားဆဲ ပင်ဖြစ်သည်။ ထိုသူ က အစစ်အမှန် နတ်ဘုရား ဖြစ်လာမည့် အလားအလာ ရှိသော တည်ရှိမှု ပင်ဖြစ်ချေသည်။
"ထျန်းယွမ်မြို့ က သတင်း တွေ အရ အဲဒီ ဝူအန်းမြို့စားကြီး ကျန်းချဲ့ က ကိုးလက်မ ယွမ်ရှန်း ရဲ့ ကန့်သတ်ချက် ကို ချိုးဖျက် ပြီး နတ်မျိုးစေ့ အလားအလာ ရှိတယ် တဲ့... ဒီ တိုက်ပွဲ ပြီးလို့ ကျီချန်တောက် သေဆုံး သွားတာ နဲ့ သူ့ကို ငါတို့ ဗုဒ္ဓဘာသာ ထဲ ဝင်လာအောင် နည်းလမ်း ရှာရမယ်... တကယ်လို့ ငြင်းဆန် မယ် ဆိုရင်တော့ ငရဲ ပြည် ကို ပို့လိုက်တာ ပေါ့... နောင်တစ်ချိန် မှာ နောက်ထပ် ကျီချန်တောက် တစ်ယောက် ဖြစ်မလာအောင် လို့လေ..." ဟု ရန်ချန် က မျက်လုံး မှိတ်ကာ ပြောလိုက်လေသည်။
"အသေးအမွှား ယွမ်ရှန်းအဆင့် စစ်မှန်သောသခင် တစ်ယောက် သက်သက် ပါပဲ... ပါရမီ အရည်အချင်း က ဘယ်လောက်ပဲ ထူးချွန် နေပါစေ တကယ် ကြီးထွား လာဖို့ ဆိုရင် အနှစ် တစ်ရာ အချိန် မရှိဘဲ မဖြစ်နိုင်ပါဘူး... ဗောဓိသတ် က သူ့ကို အရမ်း အထင်ကြီး လွန်းနေပါပြီ..." ရွှီမီလဲ့ က ကျန်းချဲ့၏ နာမည်ကို ကြားဖူးထားပြီး သူ၏ စွမ်းအား မည်မျှ အစွမ်းထက် ကြောင်းကိုလည်း သိရှိထားလေသည်။ သို့သော် လုံးဝ မျက်စိထဲ မထည့်ထားချေ။
"တစ်ခဏလေး ပေါ့ဆ မိရင် နောင်တရ စရာ တွေ ဖြစ်လာနိုင်တယ်... ဒီ ကောင်လေး က ကျီချန်တောက် ရဲ့ တပည့် ဖြစ်ပြီး သူ့ရဲ့ အလေးထား မှုကို ခံရတယ်... ကိုယ်ပေါ်မှာ လျှို့ဝှက်ချက် တွေ အများကြီး ရှိနေပြီး နှစ်အနည်းငယ် လောက်လေး အတွင်းမှာ ဒီလို အဆင့် မျိုး ရောက်လာတာ လောကနတ်ဘုရား ပြန်လည် ဝင်စား တာ ဆိုရင်တောင် မဖြစ်နိုင်ဘူး... အရင်က ကျီချန်တောက် ရှိမနေဘူး ဆိုရင် ငါ ကိုယ်တိုင် သွားပြီး ဒီ လူ ကို တွေ့ကြည့် ချင်သေးတယ်... တကယ်လို့ ဗုဒ္ဓဘာသာ ထဲ ဝင်လာအောင် လုပ်နိုင်ရင် နောင်တစ်ချိန် မှာ ငါတို့ ဗုဒ္ဓဘာသာ ရဲ့ ကာကွယ် စောင့်ရှောက်သူ ဗောဓိသတ် တစ်ပါး ဖြစ်လာမှာပဲ..." ဟု ရန်ချန် က ဆက်ပြောလိုက်သည်။
ရွှီမီလဲ့ က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။
"ဗောဓိသတ် စိတ်ချပါ... ဒီ လူ ကို ကျွန်တော် သေချာပေါက် သိမ်းသွင်း ပါ့မယ်... ကျီချန်တောက် သေဆုံး တဲ့ အချိန် ကိုသာ စောင့်နေလိုက်ပါ..."
"အင်း..."
အရှေ့ပင်လယ်။
ဟိုင်ကျောင် ကမ်းပါးယံ တွင် ဖြစ်လေသည်။
အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူ မုတ်ဆိတ်ဖြူ များနှင့် ဆရာ ကျန် က အရင် နေ့ရက် များ ကဲ့သို့ အိပ်မောကျ နေခြင်း မရှိတော့ဘဲ နက်ရှိုင်းသော နတ်မျက်လုံး များကို ဖွင့်ကာ ထျန်းယွမ် ရှိရာ အရပ် သို့ လှမ်းကြည့် နေလေသည်။
အဆုံးအစမရှိသော လေဟာနယ်ကို ထိုးထွင်း မြင်နိုင်စွမ်း ရှိသည့် အလား ပင်ဖြစ်ပြီး ကိုယ်ပေါ်တွင် အထီးကျန် ဆန်သော အရိပ်အယောင် အချို့ ပါဝင်နေပေသည်။ မြင့်မြတ်သော ပင်လယ်မြို့ မြို့တော်ဝန် ရှန်ယွမ် ကတော့ စိတ်အာရုံကို စုစည်းကာ ဘေးတွင် ရပ်နေ၏။
"ထျန်းယွမ် ကို မိစ္ဆာ မျိုးနွယ် တွေ ဖောက်ထွက် သွားပြီ..." ဟု ဆရာ ကျန် က ရုတ်တရက် ပြောလိုက်လေသည်။
ရှန်ယွမ် က ခေါင်းကို မော့ကာ အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဘာ... ထျန်းယွမ် ကျိုးပေါက် သွားပြီ လား..."
"မိစ္ဆာ မျိုးနွယ် က နှစ်ပေါင်း များစွာ ကြာအောင် အကြံအစည် ဆွဲ ခဲ့ပြီး အစီအရင် ဖျက်ဆီး တဲ့ ဝိညာဉ် ပစ္စည်း တစ်ခု ကို သန့်စင် နိုင်ခဲ့တယ်... ပြင်ပလောက စစ်မြေပြင် ကို ထိုးဖောက် ပြီး ထျန်းယွမ် ရဲ့ အတားအဆီး ကို အတင်းအကျပ် ဖောက်ထွင်း သွားတာပဲ..."
"ဒါ..."
ရှန်ယွမ် က နေရာတွင် မှင်သက် သွားတော့သည်။ သူ ကလည်း ထျန်းယွမ်မြို့ သို့ ရောက်ဖူးပြီး ထျန်းယွမ် က ဘာကို ကိုယ်စားပြု သနည်း ဆိုသည်ကို သိရှိထားကာ မျက်နှာပေါ်တွင် တွေဝေနေသော အရိပ်အယောင် အချို့ ဖြင့် မေးလိုက်လေသည်။
"ဆရာ... တပည့် သွားလို့ ရမလား..."
"ကျီချန်တောက် က တာ့ကျိုး ရဲ့ နိုင်ငံတော် ကံတရား ကို ဆွဲယူ နေပြီ... မင်း သွားရင်တောင် အသုံးဝင် မှာ မဟုတ်ဘူး..."
"နိုင်ငံတော် ၏ ကံတရား ဖြင့် ကာကွယ် ထားခြင်း... ကျီနတ်မင်းကြီး က တကယ်ကို ကတိ တည်တာပဲ... ဒီ တိုက်ပွဲ ပြီးရင် လောက ကြီး က ဖရိုဖရဲ ဖြစ်တော့မယ် ထင်တယ်..." ဟု ရှန်ယွမ် က တိတ်ဆိတ် ငြိမ်သက် သွားပြီး ကျီချန်တောက် က ဘာကို ဆိုလို သနည်း ဆိုသည်ကို နားလည် ထားလေသည်။ အကယ်၍ သူသာ သေဆုံးသွားပါက အင်ပါယာ နန်းတော် သေချာပေါက် ပရမ်းပတာ ဖြစ်သွားမည် ဖြစ်ပြီး လောက တစ်ခုလုံး ကလည်း ဤအရာ ကြောင့် ဖရိုဖရဲ ဖြစ်သွားမည် ပင်ဖြစ်သည်။
"နှမြောစရာ က... ဒီ ကောင်လေး မှာ နတ်ဘုရား ဖြစ်လာမယ့် အရည်အချင်း ရှိပေမဲ့ နတ်ဘုရား ဖြစ်လာမယ့် အခွင့်အရေး မရှိဘူး... ဖြစ်နိုင်တာ က သူ လည်း ဒီ အဆင့် ကို ကြိုတင် ခန့်မှန်း မိလို့ လူသား မျိုးနွယ် အတွက် နောက်ဆုံး အနေနဲ့ ခွန်အား တစ်ခု ထုတ်ပေး ချင်တာ ဖြစ်နိုင်တယ်..."
"ဆရာ... အရင်က ဆရာ ရဲ့ အခြေခံ အုတ်မြစ် တွေ အများကြီး ကို စွန့်လွှတ် ပြီး ထျန်းယွမ် ကို ပူဇော် ခဲ့တယ်... ကျီချန်တောက် မှာရော အသက်ရှင် နိုင်မယ့် အခွင့်အရေး ရှိနိုင်မယ် လို့ ဆရာ ထင်လား..."
ရှန်ယွမ် က ဤကိစ္စ နှင့် ပတ်သက်၍ အလွန် သိချင်နေပေသည်။ အရင် တစ်ခေါက် ကလည်း တစ်ခါ မေးဖူး သော်လည်း မရေရာသော အဖြေ တစ်ခု သာ ရရှိခဲ့လေသည်။
ဆရာ ကျန် က ခေါင်းကို ခါရမ်း လိုက်သည်။
"ငါ့ မှာ ငါ့ ရဲ့ လမ်းစဉ် ရှိတယ်... ကျီချန်တောက် မှာ လည်း သူ့ ကိုယ်ပိုင် လမ်းစဉ် ရှိတယ်... တကယ်လို့ သူ က အသက်ရှင် ဖို့ သက်သက် သာ အာရုံစိုက် မယ် ဆိုရင် အသက်ရှင် နိုင်မယ့် မျှော်လင့်ချက် အနည်းငယ် တော့ ရှိနိုင်တယ်... ဒါပေမဲ့ တကယ်လို့ သူ က အရာအားလုံး ကို စွန့်လွှတ် မယ် ဆိုရင်တော့..."
"နှမြောစရာ ပဲ..." ဟု ရှန်ယွမ် က တိတ်တဆိတ် သက်ပြင်း ချလိုက်လေသည်။
အလယ်ပိုင်း လွင်ပြင် အတွင်းတွင် ကျီချန်တောက် နိုင်ငံတော် ၏ ကံတရား ကို ထုတ်ယူ သုံးစွဲ သည်ကို အာရုံခံ နိုင်သူမှာ မြို့တော် မှလွဲ၍ အလွန် နည်းပါးလှသည်။ သို့သော် မည်သူပင် ဖြစ်ပါစေ အားလုံးက ကောင်းကင်နှင့် မြေကြီး ၏ အထွတ်အထိပ် တွင် ရပ်တည် နေကြသော တည်ရှိမှု များ ပင်ဖြစ်သည်။
သို့သော် ထျန်းယွမ် ၏ အနီးအနား တွင်တော့ ဤ မြင်ကွင်းကို မရေမတွက်နိုင်သော မျက်လုံးများက ကိုယ်တိုင် မျက်မြင်တွေ့ရှိ လိုက်ကြလေသည်။
ကောင်းကင်ယံ အပြည့် ရွှေရောင် အလင်းတန်းများ က ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံ ထားသည်။ အဆုံးစွန်သော ခန့်ညား ထည်ဝါမှု ရှိသည့် နိုင်ငံတော် ၏ ကံတရား စွမ်းအားများ က အဆုံးအစမရှိသော မြစ်ကြီး တစ်စင်း အလား ကောင်းကင်နှင့် မြေကြီး အထက်တွင် ဖြတ်သန်း သွားပြီး အနောက်ဘက်ရှိ သိုင်းသူတော်စင် များ နှင့် ကျန်းချဲ့ တို့ အားလုံး ရှင်းလင်းစွာ မြင်တွေ့ နေရကာ ရင်ထဲတွင် တုန်လှုပ် နေကြလေသည်။
"နိုင်ငံတော် ရဲ့ ကံတရား... နိုင်ငံတော် ရဲ့ ကံတရား... ဒီလို ကိုး..." တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီး က ဤအခိုက်အတန့်တွင် ကျီချန်တောက် ၏ အကြံအစည် ကို အပြည့်အဝ နားလည် သွားပြီး ရင်ထဲတွင် အနည်းငယ် စွန့်စား လွန်းသည်ဟု ထင်မြင်မိလေသည်။
ထျန်းယွမ် က အရာအားလုံးကို တားဆီးထားရာ နိုင်ငံတော် ၏ ကံတရား က အခြေခံအားဖြင့် ဝင်ရောက် လာ၍ မရနိုင်သလို ထုတ်ယူ သုံးစွဲ၍ လည်း မရနိုင်ချေ။ သို့သော် အကယ်၍ ထျန်းယွမ် က အပေါက် တစ်ခု ပွင့်သွားမည် ဆိုပါက ဤအရာ ကို လုပ်ဆောင် နိုင်မည့် အခွင့်အရေး ရှိလာမည် ဖြစ်ပြီး ကောင်းကင်သားတော် ဓား ဖြင့် နိုင်ငံတော် ၏ ကံတရား ကို ထိန်းချုပ် မည် ဆိုလျှင်တော့ ပို၍ပင် အံ့ဩဖွယ်ကောင်းလှပေသည်။
ထို့အပြင် ကျီချန်တောက် ၏ မူလ ကတည်းက အထွတ်အထိပ် သို့ ရောက်ရှိနေသော စွမ်းအား နှင့် ပေါင်းစပ် လိုက်မည် ဆိုပါက နတ်ဘုရားများ ဝင်ရောက်တားဆီးလျှင်ပင် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည် ဟု ခေါ်ဆိုနိုင်ပြီး အရင်က တာ့ကျိုး နိုင်ငံတော် ၏ ဘိုးဘေး ကြီး စစ်နတ်ဘုရား ဧကရာဇ် နှင့် ပင် နှိုင်းယှဉ်၍ ရနိုင်ပေသည်။ ဤကဲ့သို့သော အကြံအစည် မျိုး ရှိနေသောကြောင့် ပင် သူတို့ကို လှုပ်ရှားခွင့် မပြုခဲ့ခြင်း ပင်ဖြစ်သည်။
ကျီချန်တောက် တစ်ယောက်တည်း ဖြင့် မိစ္ဆာ များစွာ ကို တားဆီး နိုင်ပေသည်။
ခေါက်ရှန်းနတ်မင်းကြီး ဟူသော နာမည် နှင့် တကယ်ကို ထိုက်တန်ပါပေသည်။