← Chapters

အခန်း ၅၂၈

Vol. 53 Ch. 528

အခန်း ၅၂၈

Vol. 53 Ch. 528

အခန်း ၅၂၈ နတ်မင်းကြီး ကျဆုံးခြင်း။ ပရမ်းပတာခေတ် စတင်ခြင်း။

ကျီချန်တောက်၏ ခန့်ညားထည်ဝါသော အသံက ကောင်းကင်နှင့်မြေကြီးကြားတွင် ပျံ့နှံ့သွားလေသည်။ ထျန်းယွမ်မြို့အတွင်းရှိ လူတိုင်းနီးပါးက လေဟာနယ်တွင် မတ်မတ်ရပ်နေသော ပေတစ်သောင်း အရွယ်အစားရှိသည့် ခမ်းနားသော ပုံရိပ်ကြီးကို မြင်တွေ့လိုက်ရပြီး လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းရေးကို ဖန်တီးပေးမည်ဟူသော စကားကိုလည်း ကြားလိုက်ရတော့သည်။

လူတိုင်း တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။ ကျီချန်တောက်က ထိုနွားမိစ္ဆာဧကရာဇ်နှင့် အတူတကွ ထျန်းယွမ်အတွင်းသို့ ပြုတ်ကျသွားပြီး ထျန်းယွမ်၏ အခြေခံအုတ်မြစ်များကို ပြန်လည် ဖြည့်ဆည်းပေးလိုက်လေသည်။

ဤမြင်ကွင်းကို လူတိုင်းက လက်ခံရန် ခက်ခဲနေကြ၏။

'သူတို့ နိုင်သွားပြီ မဟုတ်ပါလား၊ ဘာကြောင့် ရုတ်တရက် ဒီလို အခြေအနေမျိုး ဖြစ်သွားရတာလဲ' ဟု လူအများက စိတ်ထဲမှ ရေရွတ်လိုက်မိကြသည်။

"နတ်မင်းကြီး"

"နတ်မင်းကြီး"

အံ့အားသင့် အော်ဟစ်သံများနှင့်အတူ နာကျင်ဝမ်းနည်းနေသော အသံများက အဆက်မပြတ် ထွက်ပေါ်လာလေသည်။

ကျန်းချဲ့နှင့် တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီး တို့မှလွဲ၍ ကျီချန်တောက်က ရုတ်တရက် သူ၏ ခန္ဓာကိုယ်ကို ပူဇော်ကာ ထျန်းယွမ်တွင် မြှုပ်နှံပြီး ထျန်းယွမ်၏ အခြေခံအုတ်မြစ်များကို ဖြည့်ဆည်းပေးလိမ့်မည်ဟု မည်သူကမျှ ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြချေ။ အခြေခံအားဖြင့် လက်ခံရန် ခက်ခဲလွန်းလှပေသည်။ လူအများအပြား၏ မျက်နှာပေါ်တွင် အလိုအလျောက် မျက်ရည်များ ကျဆင်းလာကြတော့သည်။

ကြီးမြတ်လှပေသည်။

ကျီချန်တောက်က ထျန်းယွမ်မြို့အတွက်၊ ဝိညာဉ်နယ်မြေ တစ်ခုလုံးအတွက် ဤနည်းလမ်းကို ရွေးချယ်ကာ လူသားမျိုးနွယ်ကို မိစ္ဆာနယ်မြေဘေးမှ နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးရန် လုပ်ဆောင်ခဲ့ကြောင်း လူတိုင်း သိရှိထားကြသည်။ ဤအခိုက်အတန့်တွင် မည်သူမဆို ကျီချန်တောက်အပေါ် အလိုအလျောက် လေးစား ကြည်ညိုစိတ်များ ဖြစ်ပေါ်လာကြလေသည်။

ကျန်းချဲ့က မြို့ရိုးပေါ်တွင် မတ်မတ်ရပ်နေပြီး နားထဲတွင် စောစောက ကျီချန်တောက် ပြောခဲ့သော စကားများ ပဲ့တင်ထပ်နေဆဲ ပင်ဖြစ်သည်။

ဤတစ်ကြိမ်တွင်တော့ ကျီချန်တောက်က တကယ်ပင် တရားဝင် ကျဆုံးသွားခဲ့ပြီ ဖြစ်၏။ သေဆုံးခါနီး အချိန်လေးတွင်ပင် သူ့ကို တစ်ကြိမ် ကူညီပေးခဲ့သေးသည်။ ထိုခံစားချက်က မည်သို့သော အရသာ ရှိသနည်း ဆိုသည်ကို သူကိုယ်တိုင် သာလျှင် နားလည်နိုင်ပေသည်။

အနက်ရောင်ရုံးတော် ဌာနချုပ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရသည်ကို ပြန်လည် တွေးတောမိရင်း ကျန်းချဲ့၏ မျက်ဝန်းများထဲတွင် အလိုအလျောက် တွေဝေသွားသော အရိပ်အယောင်အချို့ ဖြစ်ပေါ်လာသည်။ အမှန်တကယ်တော့ သူက ကျီချန်တောက်နှင့် အကြိမ်အနည်းငယ်သာ တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်ပြီး လက်တစ်ဖက်တည်း ဖြင့်ပင် ရေတွက်၍ ရနိုင်လေသည်။ သို့သော် တစ်ဖက်လူက သူ့ကို အများကြီး ကူညီပေးခဲ့ပေသည်။ သူ၏ စွမ်းဆောင်ရည်များကို အသိအမှတ်ပြုပေးခြင်း၊ လမ်းတစ်လျှောက် ကာကွယ်ပေးခြင်း၊ အခွင့်အရေးများ ပေးအပ်ခြင်း၊ မည်သည့် တုံ့ပြန်မှုကိုမျှ မမျှော်လင့်ဘဲ သူ ပိုမို မြန်ဆန်စွာ ကြီးထွားလာရန် သက်သက်သာ မျှော်လင့်ခဲ့ခြင်း ပင်ဖြစ်သည်။

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ကျန်းချဲ့က သူ၏ ခံစားချက်များနှင့် ဝမ်းနည်း ကြေကွဲမှုများ အားလုံးကို ရင်ထဲတွင် မြှုပ်နှံထားလိုက်သည်။ မျက်နှာထား လေးနက်တည်ကြည်စွာဖြင့် အရှေ့ဘက်ရှိ ထျန်းယွမ်ထံသို့ ခါးညွတ် အရိုအသေ ပေးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။

"အနက်ရောင်ရုံးတော် နတ်သံတမန် ကျန်းချဲ့... နတ်မင်းကြီးကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်"

"လင်းကျန့်တောင် တပည့် ကျန်းဆန်း... နတ်မင်းကြီးကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်"

"ထျန်းယွမ်မြို့ တောင်ဘက်မြို့ရိုး မဟာစစ်သူကြီး ရွှယ်ဖျင်ဇူ... နတ်မင်းကြီးကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်"

"ထျန်းယွမ်မြို့ မြောက်ဘက်မြို့ရိုး မဟာစစ်သူကြီး ယန်ကျောက်ဝူ... နတ်မင်းကြီးကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်"

ကျန်းချဲ့က စတင်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူများ အားလုံးက ကျန်းချဲ့အတိုင်း လိုက်လုပ်ကာ ကျီချန်တောက်ကို အရိုအသေ ပေး၍ နှုတ်ဆက်လိုက်ကြသည်။ နောက်ဆုံးတွင် အသံများ အားလုံးက တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော အသံကြီးတစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။

"နတ်မင်းကြီးကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်"

တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးက ရင်ထဲရှိ နာကျင်ဝမ်းနည်းမှုများကို အတင်းအကျပ် မျိုသိပ်ထားလိုက်ပြီး လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်လေသည်။

"အခု ချက်ချင်း အမိန့်ပေးလိုက်... မြို့ထဲက စစ်တပ်တွေကို လှုပ်ရှားပြီး ထျန်းယွမ် မြို့စောင့်တပ်တွေ နေရာမှာ အင်အား ဖြည့်တင်းလိုက်... မိစ္ဆာမျိုးနွယ်ကို ကာကွယ်ရမယ်"

ကျီချန်တောက်အတွက် နောက်ဆုံး နှုတ်ဆက်ခြင်းက ထျန်းယွမ်မြို့အတွင်း၌ နေ့တစ်ဝက်နီးပါး ကြာမြင့်ခဲ့မှသာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ သို့သော် ဤသို့ ဖြစ်နေလျှင်တောင် ထျန်းယွမ်မြို့ တစ်ခုလုံး အတွင်း၌ နာကျင် ဝမ်းနည်းသော လေထုက ရစ်ပတ် နေဆဲပင်ဖြစ်သည်။ ကျီချန်တောက်၏ လုပ်ရပ်များက နတ်မင်းကြီး ဟူသော အမည်နာမနှင့် တကယ်ကို ထိုက်တန်ပြီး လူတိုင်း၏ လေးစား ကြည်ညိုမှုကို ခံယူထိုက်ပေသည်။

ကျီချန်တောက် ထျန်းယွမ်အတွင်းသို့ ပြုတ်ကျသွားပြီးနောက် တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးက အခြေအနေ အရပ်ရပ်ကို ချက်ချင်း ကိုင်တွယ် ဖြေရှင်းလိုက်သည်။ အခြေအနေက ဤအဆင့်အထိ ရောက်လာပြီဖြစ်ရာ ပြန်လည် ကုစား၍ မရနိုင်တော့ကြောင်း သူ နားလည်ထားပြီး အင်အား အားလုံးကို အသုံးပြုကာ ထျန်းယွမ်ကို ဆက်လက် ထိန်းသိမ်းထားရန်သာ တတ်နိုင်တော့သည်။ သို့မှသာ ကျီချန်တောက်၏ ကြိုးစားအားထုတ်မှုများက အချည်းနှီး မဖြစ်တော့မည် ဖြစ်၏။

"ကျီချန်တောက်က တကယ့်ကို သူရဲကောင်း တစ်ယောက်ပဲ... ကျုပ်က သူ့ကို မမီပါဘူး" ဟု ပင်လယ် နှိမ်နင်းရေး စစ်မှန်သောသခင် ရွှမ်ယွမ်ဟယ်က မြို့ရိုးပေါ်တွင် ရပ်နေရင်း အရှေ့ဘက်ရှိ ထျန်းယွမ်ကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်လေသည်။

ကျီချန်တောက်က ထျန်းယွမ်၏ အခြေခံအုတ်မြစ်များကို ဖြည့်ဆည်းပေးခဲ့သဖြင့် ထျန်းယွမ်၏ အတားအဆီးများ နောက်ထပ်တစ်ကြိမ် ပြန်လည် ဖြစ်တည်လာခဲ့သည်။ ယခုအခါ အတားအဆီးများကို အားကိုး၍ မိစ္ဆာနယ်မြေ၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် လုံလောက်သွားပြီ ဖြစ်ပြီး ထျန်းယွမ်၏ အခြေခံအုတ်မြစ်က အရင်ကထက်ပင် ပို၍ အစွမ်းထက် လာခဲ့သေးသည်။

ဤကဲ့သို့ မိမိကိုယ်ကိုယ် စွန့်လွှတ်ကာ သူတစ်ပါးကို ကယ်တင်သော လုပ်ရပ်မျိုးကို ရွှမ်ယွမ်ဟယ်ကလည်း လုပ်ဆောင် နိုင်ကောင်း လုပ်ဆောင် နိုင်လိမ့်မည် ဖြစ်သော်လည်း ကျီချန်တောက် ကဲ့သို့ ပြတ်သား ရဲဝံ့မည် မဟုတ်ချေ။ အရင်ကတည်းက ကျီချန်တောက်၏ အကြံအစည် အချို့ကို သူ နားလည် ထားခဲ့သော်လည်း ကိုယ်တိုင် မျက်မြင်တွေ့ရှိ လိုက်ရချိန်တွင် ရင်ထဲ၌ ဝမ်းနည်း ကြေကွဲ မှုများ ကျန်ရစ်နေဆဲ ပင်ဖြစ်သည်။

"ကျုပ်လည်း အတူတူပါပဲ"

တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးက ရွှမ်ယွမ်ဟယ်နှင့် ယှဉ်တွဲရပ်နေပြီး မျက်နှာပေါ်တွင် ဖယ်ရှား၍ မရနိုင်သော လေးနက်သည့် ခံစားချက်များ ပါဝင်နေသည်။ ကျီချန်တောက်က ထျန်းယွမ်ကို ကာကွယ်ပေးခဲ့သော်လည်း မိမိကိုယ်ကိုယ် သေတွင်းထဲ ပို့လိုက်ရသည်။ ထိုသို့သော နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်ရာ သူကလည်း တစ်ဖက်လူကို တကယ်ပင် လိုက်မမီနိုင်ချေ။ သူ ဤနေရာတွင် စောင့်ကြပ်နေရခြင်းမှာ အင်ပါယာ နန်းတော်ကြောင့် သက်သက်သာ ဖြစ်လေသည်။

"နတ်မင်းကြီး ကျဆုံးသွားပြီ ဆိုတော့ နောက်ဆက်တွဲ အနေနဲ့ လောကကြီးက ပရမ်းပတာ ဖြစ်တော့မယ်" ဟု ရွှမ်ယွမ်ဟယ်က ဆက်ပြောလိုက်သည်။

ကျီချန်တောက်၏ စွမ်းအားကို လောကတစ်ခုလုံးက ရှင်းလင်းစွာ သိရှိထားကြသည်။ သူ ရှိနေခြင်းကြောင့်သာ ဗုဒ္ဓဘာသာကို ဖိနှိပ်ထားနိုင်ပြီး တောင်ပိုင်း နယ်စပ်ကို ဖိနှိပ်ထားနိုင်ကာ မြောက်ပိုင်း လူရိုင်း ဝမ်ထင်နှင့် လောက၏ ပုန်ကန်မှုများကို ထိန်းချုပ် ထားနိုင်ခဲ့ခြင်း ပင်ဖြစ်သည်။

ကျီချန်တောက်၏ စွမ်းအားကို မည်သူကမျှ လာရောက် မစမ်းသပ်ရဲကြသဖြင့် သူ့ကို ဤအခြေအနေ အထိ ရောက်အောင် တွန်းပို့လိုက်ခြင်း ပင်ဖြစ်သည်။ သို့သော် ယခုအခါ ကျီချန်တောက် ကျဆုံးသွားပြီဖြစ်ရာ လူတိုင်း၏ ရင်ထဲတွင် ကြောက်ရွံ့ စိုးရိမ် နေရသော သူ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် ဘာတွေ ဖြစ်လာမည်နည်း၊ အများကြီး စဉ်းစားစရာ မလိုဘဲ ခန့်မှန်း နိုင်ပေသည်။ လောကကြီးတွင် စစ်မီးလျှံများ တောက်လောင်လာမည် ဖြစ်ပြီး သူရဲကောင်းများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြမည့် အချိန်ပင်ဖြစ်သည်။ မျက်စိရှေ့တွင် ရောက်ရှိလာတော့မည့် ပရမ်းပတာ ခေတ်ကြီးတစ်ခုက ဤအရာမှ စတင်လာတော့မည် ဖြစ်၏။

"မှန်ပါတယ်"

တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

ယခုလက်ရှိ တိုင်းပြည်ဆရာ တစ်ဦး အနေဖြင့် ဝမ်ထိုက်ရှီးက ကျီချန်တောက်၏ အရေးပါမှုကို သဘာဝကျကျ နားလည်ထားသည်။ နဂါးပလ္လင် အပေါ်တွင် ထိုင်နေသော ယွမ်ခန်ဧကရာဇ် ကျီဝမ်ဟောင် ပင်လျှင် ကျီချန်တောက် လောက် အရေးမပါချေ။

ဧကရာဇ်များကို အများကြီး ပြောင်းလဲ၍ ရနိုင်ပြီး ကျီမျိုးရိုး ဆွေတော်မျိုးတော်များက မများပြားသော်လည်း မနည်းပါးလှချေ။ ထီးနန်း ဆက်ခံရန် အခြား လူတစ်ယောက်ကို အလွယ်တကူ ရှာဖွေ၍ ရနိုင်ပေသည်။ သို့သော် ကျီချန်တောက် ကတော့ မရချေ။ သူ၏ သြဇာ လွှမ်းမိုးမှုနှင့် စွမ်းအားက လောကကြီးတွင် သီးခြား အဆင့်အတန်း တစ်ခု အဖြစ် တည်ရှိနေခြင်း ပင်ဖြစ်သည်။

သူ ရှိနေခြင်းက ပရမ်းပတာခေတ်ကို ဖိနှိပ်ထားနိုင်သည်။ သူသာ မရှိပါက လောကကြီးက သေချာပေါက် ဖရိုဖရဲ ဖြစ်သွားမည် ပင်ဖြစ်သည်။

ချင်းထျန်းမိစ္ဆာဂိုဏ်း၊ အနောက်ဘက် ဗုဒ္ဓဘာသာ၊ တောင်ပိုင်း ပိုင်ယွဲ့၊ မြောက်ပိုင်း လူရိုင်းများ၊ အားလုံးက ဤအခွင့်အရေးကို အသုံးချကာ ပုန်ကန်ပြီး အလယ်ပိုင်း လွင်ပြင်သို့ ဝင်ရောက်လာနိုင်ကြပေသည်။ သို့သော် သူက ကြီးမားသော တာဝန်များကို ထမ်းဆောင်နေရသဖြင့် အင်ပါယာ နန်းတော်သို့ ပြန်ရန် ခက်ခဲနေလေသည်။ ယခုလက်ရှိ အင်ပါယာ နန်းတော်၏ အင်အားများကို အားကိုး၍ လောကတစ်ခုလုံးကို ဖိနှိပ်ထားရန် အခြေခံအားဖြင့် မဖြစ်နိုင်တော့ချေ။

"ခင်ဗျား ဘယ်လိုလုပ်ဖို့ ပြင်ဆင်ထားလဲ" ဟု ရွှမ်ယွမ်ဟယ်က ဝမ်ထိုက်ရှီးကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ဖြစ်လာတဲ့ အခြေအနေ အတိုင်းပဲ ဖြေရှင်းရမှာပေါ့"

တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးတွင်လည်း ဤအခိုက်အတန့်၌ အခြား နည်းလမ်းကောင်းများ မရှိတော့ချေ။ အမှန်တကယ်တော့ အကယ်၍ ဖြစ်နိုင်မည် ဆိုပါက ကျီချန်တောက်၏ သေဆုံးမှု သတင်းကို လျှို့ဝှက် ထားချင်ခဲ့သည်။ သို့သော် ဤကိစ္စက အခြေခံအားဖြင့် မဖြစ်နိုင်ကြောင်း သိသာထင်ရှား လှပေသည်။

လောကကြီး အတွင်းရှိ ထိပ်တန်း စွမ်းအားရှင်များ၏ နတ်စွမ်းရည်များက အလွန် အစွမ်းထက်လှရာ ဤကဲ့သို့သော ကိစ္စမျိုးကို လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ချေ။ ယခုအချိန်တွင် သတင်းများ ပျံ့နှံ့သွားလောက်ပြီ ဟုပင် ဆိုနိုင်ပေသည်။

သူက ဖိနှိပ်ထားချင်လျှင်တောင် ဖိနှိပ်၍ မရနိုင်တော့ချေ။ ပရမ်းပတာ ခေတ်ကြီး အရမ်း မြန်မြန် ဆန်ဆန် ရောက်မလာပါစေနဲ့ ဟု ဆုတောင်းရုံသာ တတ်နိုင်တော့သည်။ သို့မှသာ အင်ပါယာ နန်းတော်က တုံ့ပြန်ရန် အချိန် မရလိုက်ဘဲ ချက်ချင်း ပြိုကျ ပျက်စီးသွားခြင်းမှ ရှောင်ရှား နိုင်မည် ဖြစ်၏။

"ခေါက်ရှန်းနတ်မင်းကြီး ကျဆုံးသွားပြီ ဆိုတော့ နောင်တစ်ချိန်မှာ ခင်ဗျားက အင်ပါယာ နန်းတော်ရဲ့ နံပါတ်တစ် အစွမ်းထက်ဆုံး စွမ်းအားရှင် ဖြစ်လာတော့မယ်... ခင်ဗျားရဲ့ ပခုံးပေါ်က တာဝန်တွေကလည်း ပိုပြီး ကြီးမားလာတော့မယ်"

ရွှမ်ယွမ်ဟယ်က ခေါင်းကို ညိတ်ပြလိုက်ပြီး တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီး၏ ဖိအားကို နားလည်ပေးလိုက်လေသည်။ နားလည်ပေးခြင်းက တစ်ပိုင်း ဖြစ်သော်လည်း ဤကိစ္စက လင်းကျန့်တောင်နှင့် အများကြီး ပတ်သက်မှု မရှိချေ။

လင်းကျန့်တောင်က ထျန်းယွမ်တွင် စောင့်ကြပ်နေခြင်းမှာ မိစ္ဆာနယ်မြေ၏ ဝင်ရောက် တိုက်ခိုက်မှုကို ကာကွယ်ရန် သက်သက်သာ ဖြစ်ပြီး ဘိုးဘေး၏ အမိန့်ကို လိုက်နာနေခြင်း ဖြစ်သည်။ အင်ပါယာ နန်းတော်၏ အမိန့်ကို နာခံနေခြင်း မဟုတ်ပေ။ ဧကရာဇ် ပင်လျှင် သူ့ကို အမိန့်ပေးပိုင်ခွင့် မရှိချေ။ သူ၏ ဤစကားက တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးကို သူ၏ သဘောထားကို ဖော်ပြလိုက်ခြင်း ပင်ဖြစ်သည်။ အင်ပါယာ နန်းတော်၏ လက်အောက်သို့ ဝင်ရောက်မည် မဟုတ်သလို အလယ်ပိုင်း လွင်ပြင်ကို ဖိနှိပ်ရန် လည်း ကူညီမည် မဟုတ်ကြောင်း ပင်ဖြစ်သည်။

ဝမ်ထိုက်ရှီးက တစ်ဖက်လူ၏ အဓိပ္ပာယ်ကို နားလည်သွားပြီး မတတ်သာသည့် အဆုံး သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

ထျန်းယွမ်မြို့ အတွင်း။

ယခုအခါ ကျန်းချဲ့က အကြံအစည် အချို့ကို စီစဉ်နေလေသည်။ ကျီချန်တောက်၏ ကျဆုံးမှုကြောင့် သူ အလွန် ဝမ်းနည်းခဲ့ရသော်လည်း အခြေအနေက ဤအဆင့်အထိ ရောက်လာပြီ ဖြစ်ကြောင်းကိုလည်း ရှင်းလင်းစွာ နားလည်ထားပေသည်။

'ကျီချန်တောက်က ငါ့ရဲ့ အကြီးမားဆုံးသော ကျောထောက်နောက်ခံကြီး ပဲ ကျီချန်တောက်ရဲ့ ကာကွယ်စောင့်ရှောက်မှု ရှိနေခြင်းကြောင့်သာ ငါက ဘေးအန္တရာယ် ကင်းရှင်းနေခဲ့ပြီး ဘယ် အင်အားစုကြီးကမှ ငါ့ကို မပစ်မှတ်ထားရဲခဲ့တာ ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းခွဲ ဖြစ်တဲ့ ထျန်းလုံ ဘုန်းကြီးကျောင်းကို ဖျက်ဆီးပစ်ခဲ့တာတောင် ဗုဒ္ဓဘာသာ ဘက်က ငါ့အပေါ် သတ်ဖြတ်ဖို့ မလှုပ်ရှားခဲ့ဘူ…မလုပ်ချင်လို့ မဟုတ်ဘဲ မလုပ်ရဲတာ ' ဟု ကျန်းချဲ့က စိတ်ထဲမှ တွေးတောနေမိသည်။

သို့သော် ယခုအခါ ကျီချန်တောက် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

သတင်းများ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် တစ္ဆေ သရဲ မိစ္ဆာများက သေချာပေါက် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြမည် ဖြစ်၏။ သို့သော် ပြဿနာမှာ ယခုအခါ သူ့တွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း လုံးဝ မရှိသေးခြင်း ပင်ဖြစ်သည်။ နိုင်ငံတော်ဆရာ ယောင်ယွဲ့ကို အိပ်ရာထဲတွင် အောင်နိုင်ခဲ့လျှင်တောင် တစ်ဖက်လူက သူ့ကို သေချာပေါက် ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ သူ၏ ရန်သူက ဗုဒ္ဓဘာသာ တစ်ခုတည်း မဟုတ်ဘဲ ချင်းထျန်းမိစ္ဆာဂိုဏ်း လည်း ရှိသေးသလို ဝူစုန်းနတ်ဘုရားကျောင်း လည်း ရှိသေးသည်။ ဤအင်အားစုကြီး သုံးခုစလုံးက အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး သိုင်းသူတော်စင် စွမ်းအားရှင်များက တစ်ပါးတည်း မဟုတ်ကြချေ။ အရင်က ကျီချန်တောက်၏ သြဇာ အာဏာကို ကြောက်ရွံ့ နေသဖြင့် သူ့အပေါ် ကြီးနိုင်ငယ်ညှဉ်း မလုပ်ရဲခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ကျီချန်တောက်၏ ကာကွယ် စောင့်ရှောက်မှုကို ဆုံးရှုံးသွားပြီ ဖြစ်ရာ ထိုလူများက သေချာပေါက် သူ့အပေါ် လှုပ်ရှားလာကြမည် ဖြစ်၏။ ထို့အပြင် မိုးကြိုး ပစ်ခတ်သကဲ့သို့ မြန်ဆန် ပြင်းထန်သော တိုက်ခိုက်မှုမျိုး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ယခုအခါ ကျန်းချဲ့ အလိုအပ်ဆုံး အရာမှာ ပူဇော်ပစ္စည်းများကို စုဆောင်းပြီး သိုင်းသူတော်စင် အဆင့်သို့ အမြန်ဆုံး ဝင်ရောက်ရန် ပင်ဖြစ်သည်။ သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ယွမ်ရှန်း နှစ်ခုစလုံး သိုင်းသူတော်စင် အဆင့်သို့ ဝင်ရောက်သွားသော စွမ်းအားဖြင့် သိုင်းသူတော်စင် အဆင့်သို့ စတင် ဝင်ရောက် ကာစ ဖြစ်နေလျှင်တောင် သိုင်းသူတော်စင် ဒုတိယ အဆင့်ရှိသော ထင်ရှားသော သူတော်စင် စွမ်းအားရှင်ကို တားဆီးနိုင်မည်ဟု သူ ယုံကြည်ထားလေသည်။ ထို အချိန်အထိ ရောက်ရှိမှသာ သူ အမှန်တကယ် စိတ်အေး လက်အေး နေနိုင်မည် ဖြစ်သည်။ သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိမှသာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည် ဖြစ်၏။

ကျီချန်တောက်က သူ့အတွက် ကာကွယ်ရေး နည်းလမ်းများ မချန်ရစ်ခဲ့သည်ကို သူ အပြစ်မတင်ချေ။ တစ်ဖက်လူက ကူညီခြင်းက မေတ္တာတရား ဖြစ်ပြီး မကူညီခြင်းက တာဝန် ပင်ဖြစ်သည်။ ထို့အပြင် ထိုအချိန်က ကျီချန်တောက်မှာ သွေးထွက်သံယို တိုက်ပွဲကြီး တစ်ပွဲကို ရင်ဆိုင်နေရခြင်း ဖြစ်လေသည်။ အခြေခံအားဖြင့် မည်သည့် ခွန်အားမှ မကျန်ရှိတော့ချေ။ နောက်ဆုံး အနေဖြင့် နဂါးချီ စွမ်းအင်တစ်ခု ချန်ရစ်ပေးခဲ့ခြင်း ကပင် ကျန်းချဲ့ကို အလွန်အမင်း ကျေးဇူးတင် စေခဲ့ပြီ ဖြစ်သည်။

သူကလည်း အခြား လူများကို အားကိုးချင်သော စရိုက်မျိုး မဟုတ်ချေ။ ထို့ကြောင့် နောက်တစ်ဆင့် အနေဖြင့် ယောင်ယွဲ့ထံမှ ထိုက်ယင် လမင်းအနှစ်သာရ စွမ်းအင်ကို ရယူရန် ပင်ဖြစ်သည်။ အရင်က သူက ထိုအမှတ်အသား ပစ္စည်းကို အသုံးပြုကာ တစ်ဖက်လူထံသို့ သတင်း ပို့လိုက်ပြီ ဖြစ်၏။ သုံးရက် အကြာတွင် အရှေ့ပင်လယ်၌ တွေ့ဆုံနိုင်ရန် မျှော်လင့်ကြောင်း ပင်ဖြစ်သည်။ ယောင်ယွဲ့ကလည်း သူ၏ တောင်းဆိုချက်ကို မငြင်းဆန်ဘဲ လက်ခံရန် ရွေးချယ်ခဲ့လေသည်။

ထိုက်ယင် လမင်းအနှစ်သာရ စွမ်းအင်ကို ရရှိပြီးသည်နှင့် ကျန်းချဲ့၏ နောက်တစ်ဆင့် အစီအစဉ်မှာ ပိုင်ယွဲ့ထံမှ နဂါးသွေးကြောကို စုဆောင်းရန် ဖြစ်ပြီး နောက်ဆုံးတွင် ထို သေးငယ်သော လောကနယ်မြေ အတွင်းသို့ ဝင်ရောက်ကာ လောကနယ်မြေ၏ မူလအနှစ်သာရကို ယူဆောင်ရန် ပင်ဖြစ်သည်။ ဤကိစ္စများက ပြောရမည် ဆိုလျှင် လွယ်ကူသော်လည်း လက်တွေ့ လုပ်ဆောင်ရန် ကတော့ အလွန် မလွယ်ကူလှချေ။ မည်သို့ပင်ဆိုစေ လောကကြီးက အမြဲတမ်း ပြောင်းလဲနေတတ်သည် မဟုတ်ပါလား။

အရာအားလုံးက သူ ခန့်မှန်းထားသလို လွယ်ကူနေရန် မဖြစ်နိုင်ချေ။ ချင်းထျန်းမိစ္ဆာဂိုဏ်းနှင့် ဗုဒ္ဓဘာသာ ကလည်း သူ ကြီးထွားလာမည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ အလယ်ပိုင်း လွင်ပြင်သို့ ပြန်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သတ်ဖြတ်ခြင်း ကပ်ဆိုးတစ်ခုက သေချာပေါက် ပေါက်ကွဲထွက် လာမည် ဖြစ်၏။ မိမိကိုယ်ကိုယ် ခြိမ်းခြောက် မခံရစေရန် အတွက် ကျန်းချဲ့က ယောင်ယွဲ့နှင့် တွေ့ဆုံရန် ချိန်းဆိုခြင်း အပြင် ပေလင် ချီမိသားစု ထံသို့ သတင်း ပို့ပေးရန် လည်း တောင်းဆိုခဲ့လေသည်။ ချီမိသားစု ညီအစ်မ နှစ်ဦးနှင့် ဟွမ်ရှန်းရှန်း တို့ကို ချီမိသားစုထံ ပြန်လည် ခေါ်ဆောင်သွားရန် ပင်ဖြစ်သည်။ ကျောက်ရှန်းကျီကိုလည်း လင်းကျန့်တောင်သို့ ချက်ချင်း ပြန်သွား ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ချီရွှယ်မိစ္ဆာသခင်ကို ချက်ချင်း အမိန့်ပေးကာ မိမိ၏ ယုံကြည်ရသော လက်အောက်ခံများ အားလုံးကို လူစုခွဲ၍ ပုန်းအောင်းနေစေရန် ပြုလုပ် ခိုင်းလိုက်လေသည်။

သူတို့သာ အန္တရာယ် မရှိဘူး ဆိုလျှင် ကျန်းချဲ့က မည်သည့် ကန့်သတ် ဖိနှိပ်မှုကိုမျှ ခံရမည် မဟုတ်တော့ချေ။ သူ၏ ယခုလက်ရှိ စွမ်းအားဖြင့် သိုင်းသူတော်စင်ကို ရင်ဆိုင်ရလျှင်တောင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ အချိန် တစ်ခဏမျှ အေးဆေးစွာ နေထိုင်ရန် သက်သက်သာ ဖြစ်လေသည်။ ကျန်းချဲ့က ထိုမျှလောက် ကိုတော့ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

ဤပြင်ဆင်မှုများ အားလုံးကို လုပ်ဆောင် ပြီးစီးသွားပြီးနောက် ကျန်းချဲ့က အနည်းငယ်မျှ တွေဝေနေခြင်း မရှိတော့ဘဲ တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးကို တွေ့ဆုံရန် ထျန်းယွမ် နန်းဆောင်ထံသို့ ချက်ချင်း သွားရောက် လိုက်တော့သည်။ ကောင်းကင်ကိုးထပ် နတ်ဆေးရည် ဟူသော ပူဇော်ပစ္စည်းကို သူ အရင်ဆုံး ရယူရမည် ဖြစ်၏။

"မင်းရဲ့ ရည်ရွယ်ချက်ကို ကျုပ် ရှင်းရှင်းလင်းလင်း သိပါတယ်... တိုက်ပွဲ မစခင် ကတည်းက နတ်မင်းကြီးက ဒီကိစ္စကို ကျုပ်ကို မှာကြားခဲ့ပြီး ဒီပစ္စည်းကို မင်း လက်ထဲ သေချာပေါက် အပ်ပေးဖို့ ပြောခဲ့တယ်"

ထျန်းယွမ် နန်းဆောင် အတွင်းတွင် တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးက ကျန်းချဲ့ စကား မပြောရသေးမီ မှာပင် ကျောက်စိမ်း ပုလင်းတစ်လုံးကို ကျန်းချဲ့ထံသို့ ပေးအပ်လိုက်လေသည်။

ကျီချန်တောက်၏ ကျဆုံးမှုက လောကကြီး၏ အခြေအနေကိုသာ သက်ရောက်မှု ရှိသည် မဟုတ်ဘဲ အခြား လူအချို့ကိုလည်း သက်ရောက်မှု ရှိလေသည်။ ဥပမာ အားဖြင့် ကျန်းချဲ့ ကဲ့သို့သော လူမျိုး ပင်ဖြစ်သည်။ ကျန်းချဲ့ကို ကျီချန်တောက်က အလွန် အလေးထားကြောင်း လောကကြီးရှိ လူတိုင်း သိရှိထားကြပြီး အမွေဆက်ခံမည့် တပည့်နှင့် တူညီသော ဆက်ဆံရေးမျိုး ပင်ဖြစ်သည်။ အရင်က ကျီချန်တောက် ရှိနေခြင်းကြောင့် မည်သူကမျှ ကျန်းချဲ့ကို မထိရဲခဲ့ကြသော်လည်း ယခုအခါ ကွာခြားသွားခဲ့ပြီ ဖြစ်၏။

ကျီချန်တောက် ကျဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ကျန်းချဲ့တွင် ကျီချန်တောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သော ပြိုင်ဘက်ကင်း ပါရမီ အရည်အချင်း ရှိနေရာ အင်အားစုအချို့၏ မျက်စိစူးစရာ အဖြစ် သေချာပေါက် ပြောင်းလဲသွားမည် ဖြစ်ပြီး မည်သူကမျှ သူ အမှန်တကယ် ကြီးထွားလာမည်ကို မျှော်လင့်ကြမည် မဟုတ်ချေ။ သိုင်းသူတော်စင် အဆင့်သို့ မရောက်မီမှာပင် သူ့ကို အမြစ်ပြတ် သုတ်သင်ဖို့ နည်းလမ်း ပေါင်းစုံဖြင့် သေချာပေါက် ကြိုးစားကြမည် ပင်ဖြစ်သည်။

ကျောက်စိမ်း ပုလင်းအတွင်းရှိ ကောင်းကင်ကိုးထပ် နတ်ဆေးရည် နှစ်စက်ကို ကြည့်ရင်း ကျန်းချဲ့၏ စိုးရိမ် ပူပန်မှုများက လုံးဝ ပျောက်ကွယ်သွားတော့သည်။ တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးက ဤပစ္စည်းကို သူ့ထံ မပေးအပ်လာမည်ကို အရင်က သူ စိုးရိမ်နေခဲ့သေးသည်။ အကယ်၍ ထိုသို့သာ တကယ် ဖြစ်လာခဲ့မည် ဆိုပါက သူ့တွင် အခြား နည်းလမ်းကောင်းများ တကယ်ကို မရှိတော့ချေ။ မည်သို့ပင်ဆိုစေ တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီး၏ စွမ်းအားကလည်း လောကနတ်ဘုရား အဆင့်တွင် ရှိပြီး ကောင်းကင်နှင့် မြေကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသော တည်ရှိမှု ပင်ဖြစ်သည်။ သူ ယခုအခါ ရင်ဆိုင်နိုင်မည့် အဆင့်အတန်းမျိုး မဟုတ်သေးချေ။

"တိုင်းပြည်ဆရာကို ကျေးဇူးတင်ပါတယ်"

"မင်းက ထျန်းယွမ်အတွက် ကြီးမားတဲ့ စစ်အကျိုးဆောင်မှုကို ပြုလုပ်ခဲ့တယ်... ဒါက မင်း ရထိုက်တဲ့ အရာပဲ... နတ်မင်းကြီးရဲ့ မှာကြားချက် မရှိရင်တောင် ကျုပ်က နှမြောနေမှာ မဟုတ်ပါဘူး"

ကျန်းချဲ့ အပေါ် ဝမ်ထိုက်ရှီးကလည်း အလားတူ အလွန် အလေးထားပေသည်။ မည်သို့ပင်ဆိုစေ ဤသူက နတ်မျိုးစေ့ ဖြစ်လေသည်။ တစ်နေ့တွင် ကြီးထွားလာပါက နောက်ထပ် ခေါက်ရှန်းနတ်မင်းကြီး အဆင့်အတန်း ရှိသော တည်ရှိမှု တစ်ခု ဖြစ်လာဦးမည် ဖြစ်၏။

ဝိညာဉ်နယ်မြေ အတွက်ဆိုလျှင် အလွန် အရေးကြီးလှပေသည်။ ကျန်းချဲ့က အင်ပါယာ နန်းတော်၏ အဖွဲ့အစည်း အောက်တွင် ရှိနေပြီး အရာရှိ တစ်ဦး ဖြစ်ကာ အင်ပါယာ နန်းတော်၏ အမိန့်ပေးမှုကို ခံယူရမည် ဆိုလျှင်တော့ ပို၍ပင် မဆိုထားနှင့်တော့။ အကယ်၍ တစ်နေ့တွင် ကျန်းချဲ့က စွမ်းအားများ ပိုင်ဆိုင်လာပြီး အင်ပါယာ နန်းတော်ကို ဆက်လက် ကူညီ ထောက်ပံ့ပေးချင်သေးမည် ဆိုပါက ထိုအရာက သေချာပေါက် ကောင်းမွန်သော ကိစ္စ တစ်ခု ပင်ဖြစ်သည်။ သူက ကျန်းချဲ့နှင့် မိတ်ဆွေ ဖွဲ့ထားရန် ဝန်လေးနေမည် မဟုတ်ချေ။

"ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတစ်ကြိမ်မှာတော့ ကျွန်တော်က တိုင်းပြည်ဆရာကို တကယ် ကျေးဇူးတင်ရမှာပါ"

ကျေးဇူးတင် စကား အနည်းငယ် ပြောပြီးနောက် ကျန်းချဲ့က အပို စကားများ ဆက်မပြောတော့ဘဲ ချက်ချင်းပင် နှုတ်ဆက် ထွက်ခွာရန် တောင်းဆိုလိုက်လေသည်။

"ကျွန်တော်က နတ်မင်းကြီးနဲ့အတူ ထျန်းယွမ်ကို လေ့ကျင့်ဖို့ ရောက်လာခဲ့တာပါ... အခု နတ်မင်းကြီးလည်း ကျဆုံးသွားပြီ ဆိုတော့ ကျွန်တော်က ဆက်ပြီး နေဖို့ အကြောင်းပြချက် မရှိတော့ပါဘူး... မနက်ဖြန်ကျရင် ထျန်းယွမ်ကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပါတယ်... တိုင်းပြည်ဆရာလည်း ကျန်းမာရေး ဂရုစိုက်ပါဦး"

ဝမ်ထိုက်ရှီး၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"ကျုပ်က မင်းကို မသွားစေချင်လို့ မဟုတ်ပါဘူး... အခု လက်ရှိ အခြေအနေက မှန်းဆလို့ မရနိုင်တဲ့အတွက်ပါ... တကယ်လို့ မင်းက အလယ်ပိုင်းလွင်ပြင်ကို ပြန်သွားမယ်ဆိုရင် အင်အားစုအချို့က မင်းကို အလွယ်တကူ လက်လွှတ်ပေးမှာ မဟုတ်ဘဲ သေချာပေါက် လှုပ်ရှားလာလိမ့်မယ်... ကြီးနိုင်ငယ်ညှဉ်း လုပ်တာမျိုးတောင် ရှိလာနိုင်တယ်... ဒါပေမဲ့ တကယ်လို့ ထျန်းယွမ်မြို့ထဲမှာ ဆက်နေမယ်ဆိုရင်တော့ ဒီနေရာမှာ လာပြီး ရမ်းကားရဲတဲ့သူ မရှိသေးတဲ့အတွက် မင်းကို ဘေးကင်းအောင် ကာကွယ်ပေးထားနိုင်တယ်"

အကယ်၍ ကျန်းချဲ့သာ ထျန်းယွမ်မြို့တွင် ဆက်နေရန် ဆန္ဒရှိမည် ဆိုပါက နှစ်ဦးနှစ်ဖက် စလုံးအတွက် အကျိုးရှိသော ကိစ္စ တစ်ခု အဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။ ပထမဆုံး အနေဖြင့် ထျန်းယွမ်မြို့ အတွင်းရှိ ကျင့်ကြံခြင်း ဆိုင်ရာ သယံဇာတ အရင်းအမြစ်များက လောကကြီး၏ မည်သည့် နေရာနှင့်မျှ မနိမ့်ကျချေ။ ကျန်းချဲ့ သိုင်းသူတော်စင် အဆင့်သို့ ဝင်ရောက်နိုင်ရန် ထောက်ပံ့ပေးရန် လုံးဝ ပြဿနာ မရှိပေ။ ကျန်းချဲ့ကို နောက်ထပ် ထျန်းယွမ်မြို့၏ မြို့တော်ဝန် တစ်ဦး အဖြစ် ပျိုးထောင်ပေးရန် ပင် သူ လိုလိုလားလား ရှိနေလေသည်။

"တိုင်းပြည်ဆရာရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ တကယ်ကို မသွားမဖြစ်တဲ့ အကြောင်းပြချက် ရှိနေလို့ပါ"

အမှန်တိုင်း ပြောရမည် ဆိုလျှင် အကယ်၍ ကျန်းချဲ့က အခြား ပူဇော်ပစ္စည်းများ ကြောင့်သာ မဟုတ်ပါက ဤနေရာတွင် ဆက်လက် နေထိုင်ကာ တံခါးပိတ် ကျင့်ကြံ နေချင်သည်မှာ သေချာပေါက် ပင်ဖြစ်သည်။ သူ သိုင်းသူတော်စင် အဆင့်သို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပြဿနာများ အားလုံးက ပြဿနာ ဖြစ်တော့မည် မဟုတ်ချေ။

သို့သော် ပြဿနာမှာ...

သူက ကျန်ရှိနေသော ပူဇော်ပစ္စည်း အမျိုးအစား အချို့ကို သွားရောက် စုဆောင်းရန် လိုအပ်နေပြီး ဤနေရာတွင် အချိန်ဆွဲ နေ၍ မရနိုင်ခြင်း ပင်ဖြစ်သည်။ တစ်ရက် အချိန်ဆွဲ လိုက်လေ အန္တရာယ် တစ်မှတ် ပိုများ လာလေလေ ပင်ဖြစ်၏။

"မင်း သေချာ စဉ်းစားပြီးပြီလား" ဟု တိုင်းပြည်ဆရာ ဝမ်ထိုက်ရှီးက လေးနက်သော အသံဖြင့် မေးလိုက်လေသည်။

"ကျွန်တော် သေချာ ဆုံးဖြတ်ပြီးပါပြီ... ဒါပေမဲ့ တိုင်းပြည်ဆရာ စိတ်ချပါ... နောင်တစ်ချိန်မှာ ထျန်းယွမ်မှာ နောက်ထပ် အန္တရာယ်မျိုး ကြုံတွေ့လာရရင် ကျွန်တော်က သေချာပေါက် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး" ဟု ကျန်းချဲ့က သူ၏ ကတိစကားကို ပေးလိုက်တော့သည်။

သူက တရားမျှတမှုကို ရင်ထဲမှာ ထားရှိသော စရိုက်မျိုး မဟုတ်ဘဲ မိမိ၏ ရည်မှန်းချက် ကြီးမားမှုကိုသာ ပိုမို အလေးထားသူ ပင်ဖြစ်သည်။ သို့သော် သူလည်း တစ်နေ့တွင် ကျီချန်တောက်လို အဆင့်အတန်းမျိုးသို့ သေချာပေါက် ကြီးထွား ရောက်ရှိလာမည် ဖြစ်ပြီး ထို အချိန် ကျရောက်လာပါက လောကကြီးတွင် အမြင့်မားဆုံးသော လူတစ်ယောက် အနေဖြင့် ရန်သူများကို နိုင်ငံတော် တံခါးပေါက်၏ အပြင်ဘက်တွင် တားဆီး ကာကွယ်ရန် သာ ရွေးချယ်ရမည် ပင်ဖြစ်သည်။

ဝမ်ထိုက်ရှီးက ကျန်းချဲ့ကို သေချာစွာ အကဲခတ်လိုက်ပြီး တစ်ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ကျန်းချဲ့၏ တောင်းဆိုချက်ကို သဘောတူလိုက်လေသည်။

"မင်းက သေချာ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ကျုပ်ကလည်း ထပ်ပြီး မတားတော့ပါဘူး... ဒါပေမဲ့ မင်းက နောင်တစ်ချိန်မှာ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့လာရရင် ထျန်းယွမ်ကို လာပြီး ခိုလှုံလို့ ရပါတယ်... ကျုပ်မှာ တာဝန်ရှိနေလို့ ဒီနေရာကနေ ထွက်သွားလို့ မရပေမဲ့... ဒီနေရာမှာ ဆိုရင် ဗုဒ္ဓဘာသာက ရန်ချန် ရောက်လာရင်တောင် ကျုပ်က မင်းကို ကာကွယ်ပေးထားနိုင်တယ်... ဒါ့အပြင် မင်း ဒီတစ်ကြိမ် ထွက်သွားတဲ့ အချိန်ကျရင် ကျုပ်က ဒီသတင်းကို ဖိနှိပ်ပေးထားမယ်... မင်း တံခါးပိတ် ကျင့်ကြံနေတယ်လို့ ကြေညာပေးထားမယ်... မင်းအတွက် ပြဿနာအချို့ကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်ပါတယ်"

ကျန်းချဲ့က ထိုစကားကို ကြားသောအခါ ချက်ချင်း မတ်တတ်ရပ်ကာ အရိုအသေ ပေးလိုက်လေသည်။

"တိုင်းပြည်ဆရာကို ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်”

All Chapters