အခန်း ၅၅၂
Vol. 56 Ch. 552
အခန်း (၅၅၂) - လျန်ချန်းအဘိုးကြီးလေးဦး၊ ဆရာရှောင်၊ ကျိုးစုန်းနှင့် နတ်ဆိုးစုံတွဲတို့၏ ရတနာလုပွဲ
ဂျိန်း....
မိုးခြိမ်းသံနှင့်အတူ ကောင်းကင်ယံမှ လျှပ်စီးတစ်ကြောင်း ပြင်းထန်စွာ ကျဆင်းလာရာ လူရိပ်တချို့ ထိတ်လန့်သွားရသည်။
လျှပ်စီးအလင်းတန်း မြေပြင်ထဲသို့ နစ်ဝင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ထိုနေရာ၌ အဘိုးအို လေးဦး ချက်ချင်းဆိုသလို စုရုံးမိသွားကြတော့သည်။ ထိုအထဲတွင် ခေါင်းဆောင် ဖြစ်ပုံရသော အဘိုးအို၏ မျက်နှာထက်၌ သောကရိပ်များ ယှက်သန်းနေ၏။ သူသည် ဖွေးဖွေးလှုပ်နေသော မြူခိုးများနှင့် မီးလောင်ကျွမ်းထားသည့် လွင်ပြင်ကျယ်ကြီးကို ငေးမောကြည့်ရင်း ဇဝေဇဝါဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ရှေးဟောင်းကျင့်ကြံသူတွေရဲ့ လျှို့ဝှက်နယ်မြေဆိုတာ ရတနာတွေ၊ အခွင့်အရေးတွေနဲ့ ပြည့်နှက်နေရမှာ မဟုတ်ဘူးလား.... အခုတော့ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင် အနည်းငယ်နဲ့ စတုတ္ထအဆင့် တွင်းထွက်သတ္တု အနည်းငယ်ကလွဲလို့ ဘာတစ်ခုမှ ရှာမတွေ့သေးဘူး"
ကျန်ရှိသော အဘိုးအို သုံးဦးလည်း မတတ်သာဘဲ ခေါင်းညိတ် ထောက်ခံလိုက်ကြရသည်။ ဤနယ်မြေအတွင်း၌ အမှန်တကယ်ပင် လက်ဆုပ်လက်ကိုင်ပြစရာ ရတနာဟူ၍ မရှိသလောက် ရှားပါးလှပေသည်။ ထိုအုပ်စုထဲတွင် အသက်အငယ်ဆုံး ဖြစ်ပုံရသော ကျင့်ကြံသူက အတန်ကြာ ဝေခွဲမရဖြစ်နေပြီးမှ မှတ်ချက်ပြုလိုက်၏။
"ဒါက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတစ်ယောက် လမ်းတစ်ထောက်နားခိုသွားတဲ့ နေရာသက်သက်ပဲ ဖြစ်နေမလား.... ဒါကြောင့်မို့လည်း တကယ့်ရတနာ အစစ်အမှန်တွေ ရှိမနေတာ ဖြစ်နိုင်တယ်"
အမှန်ပင်။ ရှေးဟောင်းလျှို့ဝှက်နယ်မြေတိုင်းသည် တန်ဖိုးချင်း တူညီကြသည်မဟုတ်။ အကယ်၍ အစွမ်းထက် ကျင့်ကြံသူတစ်ဦး နှစ်ရှည်လများ အခြေချ ကျင့်ကြံခဲ့သည့် နေရာမျိုးဆိုလျှင်မူ ရတနာ အခွင့်အရေးများ ပေါများလှပေလိမ့်မည်။ ထိုသို့သော နေရာမျိုး၌ ကျမ်းစာများ၊ နတ်ဘုရားလက်နက်များ၊ ဆေးဖက်ဝင် ပစ္စည်းများနှင့် မှော််ရတနာများအပြင် ပြီးပြည့်စုံသော ကျင့်စဉ် အမွေအနှစ်များပင် ကျန်ရစ်နေတတ်သည်။ သို့သော် ခရီးသွားရင်း လမ်းတစ်ထောက် ယာယီနားခိုသွားသည့် နေရာမျှသာ ဆိုလျှင်မူ တန်ဖိုးကြီးရတနာများ ချန်ထားခဲ့ရန် အကြောင်းမရှိချေ။ ၎င်းမှာ ရိုးရှင်းလှသော အမှန်တရားတစ်ခုပင်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသည် ပျံသန်းသွားလာရင်း တစ်ညတာ နားခိုရန်အတွက် ရုတ်တရက် တူးလိုက်သော ဂူဗိမာန်တွင်း၌ အဖိုးတန်ရတနာ အမြောက်အမြားကို ချန်ထားခဲ့ပါမည်လော။ ဘယ်သောအခါမျှ ချန်ထားခဲ့မည် မဟုတ်ပေ။
ဤရှေးဟောင်း လျှို့ဝှက်နယ်မြေအလွတ်သည်လည်း ထိုအခြေအနေမျိုးနှင့် ဆင်တူနေသည်။ နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်ဆေးပင် အနည်းငယ် ပေါ်ထွက်လာခြင်းမှာလည်း ကာလကြာရှည်စွာ မည်သူမျှ မခူးဆွတ်ခဲ့သဖြင့် သဘာဝအလျောက် ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော်ငြားလည်း ဤတွေးဆချက်ကို လုံးဝ လက်ခံရန် ခက်ခဲစေသည့် အချက်တစ်ခု ရှိနေသေးသည်။
ခေါင်းဆောင်ဖြစ်သူ အဘိုးအိုက ခေါင်းခါယမ်းလိုက်ရင်း....
"ဒီနေရာမှာ နန်းတော်အဆောက်အအုံတွေ ရှိနေတယ်.... ယာယီနားခိုတဲ့ နေရာပဲဆိုဦးတော့၊ ဒါက အင်အားကြီးကျင့်ကြံသူတစ်ယောက်ရဲ့ ရွေ့လျားနန်းတော်ပဲ ဖြစ်ရမယ်.... ပြီးတော့ သာမန်နေရာဆိုရင် မိုးကြိုးတောင်တန်းလို ပထဝီအနေအထားမျိုး မဖြစ်လာနိုင်ဘူး"
သူ၏စကားကြောင့် ကျန်သုံးယောက်မှာလည်း လက်ခံလိုက်ကြသည်။ သာမန်ဂူဗိမာန်တစ်ခုကို ဤကဲ့သို့ ခန်းနားလှသော အစီအရင်မျိုးဖြင့် တည်ဆောက်ထားလိမ့်မည် မဟုတ်ချေ။
“ကျွန်တော်တို့ ဆက်ပြီး ရှာဖွေကြည့်ရအောင်၊ တစ်ခုခုတော့ တွေ့ကောင်းပါရဲ့”
“သတိတော့ထားကြ.... ဒီနေရာမှာ ရတနာ မတွေ့ရသေးပေမဲ့ အန္တရာယ်ကတော့ စိတ်ကူးယဉ်မရနိုင်လောက်အောင် ကြီးမားတယ်.... ဒီက မိုးကြိုးစွမ်းအင်တွေက အပြင်ကဟာတွေထက် အဆပေါင်းများစွာ ပိုပြင်းတယ်၊ ငါတို့ထဲက တစ်ယောက်ယောက်သာ ထိသွားရင် သေချာပေါက် သေလမ်းပဲ" ဟု ခေါင်းဆောင်အဘိုးအိုက ဆက်လက် သတိပေးလိုက်သည်။
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီးနောက် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်ကြသည်။ အထက်ကောင်းကင်မှာ ကြည်လင်နေပြီး တိမ်တိုက်တစ်လိပ်မျှ မရှိသော်လည်း၊ မိုးကြိုးအလင်းတန်းများသည် မည်သည့် အချက်ပြမှုမျှမရှိဘဲ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတတ်သည်။ သူတို့ စတင်ဝင်ရောက်လာစက တစ်ကိုယ်တော် အခြေတည်ကျင့်ကြံသူပေါင်းတစ်ရာကျော် ရှိခဲ့သော်လည်း၊ ယခု တစ်နှစ်နီးပါး ကြာမြင့်လာသည့်တိုင် အကျိုးအမြတ် မရရှိဘဲ သေဆုံးသူများသာ တိုးပွားလာခဲ့သည်။
“ဟိုမှာ၊ ကြည့်ကြ”
အဘိုးအိုတစ်ယောက်က အဝေးကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် ပျက်စီးယိုယွင်းနေသော်လည်း ချီစွမ်းအင်များ ထွက်ပေါ်နေသည့် နန်းတော်အစုအဝေးတစ်ခု ရှိနေသည်။
“ရတနာသိုက်နေရာပဲ”
လူတိုင်း၏ မျက်လုံးများ တောက်ပသွားကြပြီး၊ ထိုနေရာဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။ သို့သော် ပျက်စီးနေသော နန်းတော်အနီးသို့ ရောက်ရှိလာသည့်အခါ သူတို့၏ ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး ရပ်တန့်လိုက်ရတော့၏။ မိုးကြိုးလျှပ်စီးများက နန်းတော်တစ်ခုလုံးကို ရစ်ပတ်အုပ်မိုးထားသဖြင့် သူတို့၏ ဝိညာဉ်အာရုံဖြင့်ပင် အတွင်းပိုင်းသို့ ထိုးဖောက် စူးစမ်း၍မရချေ။
"ဒီနေရာက မိုးကြိုးစွမ်းအင်တွေ တဖြည်းဖြည်း လျော့နည်းလာနေပြီ.... ငါတို့မှာ ဖျက်ဆီးဖို့ နည်းလမ်းမရှိတော့ ခဏစောင့်မှဖြစ်မယ်"
"ကိစ္စမရှိပါဘူး....”
“အဆောက်အအုံတွေ ရှိနေတော့ အတွင်းမှာ တန်ဖိုးရှိတဲ့အရာတွေ ကျန်ကောင်းပါရဲ့၊ တကယ်လို့ မရှိခဲ့ရင်တောင် ဒီနှစ်ထောင်ချီဆေးပင်တွေကို ခူးဆွတ်ရရင်ပဲ အလကားမဖြစ်တော့ဘူးပေါ့”
သူတို့ လေးဦးစလုံးသည် အစီအရင်အလံများကို ထုတ်ယူကာ ကာကွယ်ရေးအစီအရင်တစ်ခုကို တည်ဆောက်လိုက်ကြပြီး၊ မိုးကြိုးစွမ်းအင်များ လုံးဝ လွင့်ပြယ်သွားသည်အထိ ဤနေရာ၌ပင် စခန်းချရန် ပြင်ဆင်လိုက်ကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့် အချိန် ကုန်လွန်သွားခဲ့လေပြီ။
သေးငယ်သော နန်းတော်အချို့ကို ဝန်းရံထားသည့် မိုးကြိုးစွမ်းအင်များ လွင့်ပြယ်သွားခဲ့ပြီ ဖြစ်ရာ၊ အဘိုးအို လေးဦးသည် ပျက်စီးနေသော နန်းတော်များအတွင်း အားတက်တရော ဝင်ထွက်ရှာဖွေကြပြီး နောက်ဆုံးတွင် ရတနာအနည်းငယ် ရရှိခဲ့ကြသည်။ ယခုအခါ ဗဟိုချက်မရှိ နန်းတော်ကြီးတစ်ခုသာ ကျန်ရှိတော့၏။ မိုးကြိုးလျှပ်စီးများ ရစ်ပတ်နေဆဲဖြစ်သော ထိုခန်းနားလှသည့် နန်းတော်ကြီးကို ကြည့်ရင်း သူတို့၏ မျက်နှာထက်၌ မျှော်လင့်ချက်များ ပြည့်နှက်လာတော့သည်။
"ငါ ကြားတာတော့ ဂိုဏ်းကြီးခြောက်ဂိုဏ်းက စီရင်စုသခင်တွေ ပူးပေါင်းပြီး နန်းတော်ရဲ့ ဟိုးအတွင်းပိုင်းအထိ ရှာဖွေခဲ့ကြတယ်တဲ့၊ တကယ့်ကို တန်ဖိုးရှိတဲ့ ရတနာတွေ ရသွားခဲ့မှာပဲ"
“မတွေးပါနဲ့တော့.... အဲ့ဒီနေရာတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး.... ဓားဂိုဏ်းက ခိုင်ယန်ဆိုသူက အခြေတည်အဆင့်ကျင့်ကြံသူ ၃၂ ယောက်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တဲ့ သတင်းကို မေ့သွားပြီလား”
“ရတနာတွေအတွက်နဲ့ ခြောက်ဂိုဏ်းက ရွှေအမြုတေကျင့်ကြံသူတွေ အချင်းချင်းတောင် သတ်ဖြတ်နေကြပြီ"
“ဟုတ်တယ်၊ တကယ်လို့ ဒီမှာ ဝိညာဉ်သန္ဓေတည်အဆင့်တက်ဖို့ အခွင့်အရေးရှိရင်တောင် ကျွန်တော်တို့ဆီ ရောက်လာမှာ မဟုတ်ဘူး.... ရွှေအမြုတေအဆင့်တက်ဖို့ အခွင့်အရေးကိုတောင် မတွေ့သေးဘူး၊ တွေ့သာတွေ့ရင် ဒါက ကျွန်တော်တို့အတွက် မဟာကံကောင်းမှုကြီးပဲဗျာ”
သူတို့ စကားပြောနေစဉ် အသက်အကြီးဆုံး အဘိုးအိုက နောက်လှည့်ကြည့်လိုက်သည်။ သူသည် လူမရှိသော နောက်ဘက်ကို ကြည့်ကာ အသံအက်အက်ဖြင့် ပြောလိုက်သည်။
“မိတ်ဆွေ၊ အချိန်အတော်ကြာအောင် ချောင်းမြောင်းနေခဲ့တာ၊ အခုတော့ ထွက်လာပြီး နှုတ်ဆက်သင့်ပြီ မဟုတ်လား”
သူ့စကားအဆုံးတွင် နောက်ဘက်မှ လေထုက ရေလှိုင်းသဖွယ် တုန်ခါသွားပြီး ရယ်မောသံတစ်ချို့ ထွက်ပေါ်လာသည်။
“ကျွန်တော် ရှောင်က ခိုးကြောင်ခိုးဝှက် လုပ်တာ မဟုတ်ပါဘူး.... ခင်ဗျားတို့ လန်ချန်း အဘိုးကြီးလေးယောက်ရဲ့ နာမည်ကျော်ကြားမှုကြောင့်သာ ရှောင်ပုန်းနေခဲ့ရတာပါ”
လျန်ချန်အဘိုးကြီး လေးယောက်က အသံလာရာသို့ ကြည့်လိုက်သောအခါ ကျောက်စိမ်းပုလွေတစ်ချောင်းကို ကိုင်ဆောင်ထားသည့် တင့်တယ်လှပသော လူငယ်တစ်ယောက် ပေါ်လာသည်။ ထိုပုလွေကို မြင်လိုက်သောအခါ သူတို့၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။
“ဆရာရှောင်....”
“မင်းက ပန်းမြို့တော်မှာပဲ နေနေတာ မဟုတ်လား၊ ဒီ မိုးကြိုးတောင်တန်းကို ဘာကိစ္စ ရောက်လာတာလဲ”
"မင်း ငါတို့ကို အကြာကြီး စောင့်ကြည့်နေတာ၊ အမှန်အတိုင်းပြောစမ်း၊ မင်း ဘာလိုချင်နေတာလဲ"
“ဒီနေရာကို ငါတို့ လေးယောက်က အရင်တွေ့ထားတာ၊ မိတ်ဆွေရှောင် အခုချက်ချင်း ထွက်သွားပေးပါ”
အသံလေးသံမှာ တစ်ဆက်တည်း ထွက်ပေါ်လာခဲ့သည်။
ဆရာရှောင်က မျက်မှောင်ကြုတ်လိုက်ရင်း....
"ခင်ဗျားတို့လို အဘိုးကြီးတွေနဲ့ စကားမပြောချင်တာ ဒါကြောင့်ပဲ၊ တတွတ်တွတ်နဲ့ ပြောနေတာ တကယ့်ကို နားငြီးတယ်...."
ကျန်သုံးယောက်က ရှေ့သို့တိုးကာ စကားပြောရန် ပြင်လိုက်စဉ်၊ အသက်အကြီးဆုံး အဘိုးအိုက လက်မြှောက်၍ တားဆီးလိုက်သည်။ သူ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး၊ မှုန်ဝါးသော်လည်း စူးရှသော မျက်လုံးများဖြင့် ထိုလူငယ်ကို စိုက်ကြည့်လိုက်သည်။
"ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်က မင်းလောက် မမြင့်ပေမဲ့ မင်းကို မကြောက်ဘူး၊ ဒီနေရာက အရင်ရောက်တဲ့သူ အရင်ပိုင်ပဲ၊ ပြဿနာ မဖြစ်အောင် မင်းပဲ အရင်ထွက်သွားတာ ကောင်းမယ်"
ဆရာရှောင် နှုတ်ခမ်းမဲ့လိုက်သည်။
‘ဒီအဘိုးကြီး ဘာတွေ သွေးရူးသွေးတန်း လျှောက်ပြောနေတာလဲ.... လျှို့ဝှက်နယ်မြေဆိုတာ ရတနာသိုက်နေရာပဲ.... အရင်ရောက်တဲ့သူ အရင်ပိုင်ဆိုတဲ့ စကားမျိုး မရှိဘူး၊ ခင်ဗျားတို့ မကြောက်လည်း ဘာမှုစရာလဲ’
သူ့အတွက်မူ လူလေးယောက်ဖြစ်စေ၊ လူတစ်ရာဖြစ်စေ မည်သည့် ထူးခြားမှုမျှ မရှိချေ။
သို့သော် သူ ကျောက်စိမ်းပလွေကို မြှောက်လိုက်ဆဲမှာပင် သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူနှင့် မျက်နှာချင်းဆိုင်ရှိ အသင့်ပြင်ထားသော လန်ချန်း အဘိုးအို လေးဦး၏ မျက်နှာထက်၌လည်း အရိပ်အယောင်အချို့ လှုပ်ရှားသွား၏။
အဝေးမှ လေခွင်းသံ ပြင်းပြင်းထွက်ပေါ်လာသည်ကို သူတို့ ကြားလိုက်ရသည်။
ခဏအကြာတွင် လူသုံးယောက် သူတို့ရှေ့သို့ ရောက်ရှိလာသည်။ ရှေ့ဆုံးမှ လူမှာ ကျောပြင်ထက်၌ သံမဏိဓားကြီးတစ်လက်ကို လွယ်ထားသော ထွားကျိုင်းသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။ ကျန်ရှိသော လူနှစ်ဦးမှာ စုံတွဲများ ဖြစ်ပုံရပြီး၊ ခံစားချက်ကင်းမဲ့သော မျက်နှာထားများနှင့်အတူ သူတို့ထံမှ လူသတ်ငွေ့များ တရိပ်ရိပ် ထွက်ပေါ်နေသည်။
ဆရာရှောင် မျက်ခုံးပင့်လိုက်သည်။
“ထျန်းလန်နတ်ဘုရားမြို့တော် သံဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျိုးစုန်း.... ပိုင်ယွမ်မြို့က မရဏနတ်ဆိုးစုံတွဲ၊ ဒီနေ့တော့ တကယ့်ကို စည်ကားနေတာပဲ”
သူ စကားပြောနေစဉ် အသစ်ရောက်ရှိလာသူ သုံးဦးကလည်း လက်ရှိ အခြေအနေကို အကဲခတ်လိုက်ကြသည်။ ကျိုးစုန်း၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားပြီး မသိမသာ ခြေလှမ်း ဆုတ်လိုက်မိသည်။ လက်ရှိ ရှိနေသူများထဲတွင် သူ၏ ကျင့်ကြံမှုအဆင့်က အနိမ့်ဆုံးဖြစ်ပြီး အခြေတည်အဆင့် (၈) မျှသာ ရှိသေးသည်။ လန်ချန်းအဘိုးအို လေးဦးနှင့် ကျင့်ကြံမှုချင်း တူညီသော်လည်း ထိုသူများက လေးယောက်တစ်ဖွဲ့ ဖြစ်ပြီး သူကမူ တစ်ကိုယ်တော်သာ ဖြစ်သည်။
နတ်ဆိုးစုံတွဲနှင့် ဆရာရှောင် တို့မှာလည်း အလွန်ကျော်ကြားလှသူများ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ အခြေတည်အဆင့် (၉) ၌ ရှိနေကြပြီး၊ ကိုယ်ပိုင် ထူးခြားဆန်းကြယ်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ ကျော်ကြားမှုအပိုင်းတွင်မူ ထျန်းလန်နတ်ဘုရားမြို့တော်၏ ထိပ်တန်းတစ်ကိုယ်တော်ကျင့်ကြံသူ ချူခွေးနှင့်ပင် ရင်ပေါင်တန်းနိုင်သူများ ဖြစ်ကြသည်။ မကြာသေးမီက ချူခွေးသည် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ပြီးနောက် နာမည် ပိုမိုကျော်ကြားလာခဲ့သော်လည်း ၎င်းမှာ ဤသူများကို အထင်သေးရန် အကြောင်းပြချက် မဟုတ်ချေ။
ကျိုးစုန်းက တွန့်ဆုတ်နေပြီး နောက်ဆုတ်သွားသော်လည်း နတ်ဆိုးစုံတွဲမှာမူ မတွန့်ဆုတ်ဘဲ ရှေ့သို့ တိုးဝင်လာခဲ့သည်။ ထိုနှစ်ဦးသည် တခြားသူများကို လျစ်လျူရှုကာ ပျက်စီးနေသော နန်းတော်အလယ်ရှိ မပျက်စီးသေးသော နန်းတော်ကြီးကိုသာ စိုက်ကြည့်နေကြတော့သည်။
"မိုးကြိုးစွမ်းအင်တွေ ဒီလောက် ထူထပ်နေတာ၊ သေချာပေါက် ရတနာသိုက်နေရာပဲ" ဟု အမျိုးသမီးဖြစ်သူက ဆိုလိုက်သည်။
"မောင့်ဇနီးချောလေးပြောတာ အမှန်ပဲ၊ ဒီနေရာကို မောင်တို့ သိမ်းပိုက်မယ်၊ ကျန်တဲ့သူတွေ အကုန် ထွက်သွားကြစမ်း"
ထိုအမျိုးသား၏ စကားအဆုံးတွင် ကျန်ရှိနေသူများ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားကြသည်။ နတ်ဆိုးစုံတွဲမှာ အမှန်ပင် အနိုင်ကျင့် ဗိုလ်ကျလွန်းလှသည်။ ဤနယ်မြေ ပွင့်လာခဲ့သည်မှာ တစ်နှစ်နီးပါး ရှိခဲ့လေပြီ။ အတွေ့အကြုံအရ ကျင့်ကြံသူများသည် စည်းမျဉ်းအချို့ကို နားလည်လာကြသည်။ မိုးကြိုးစွမ်းအင် ပိုမိုထူထပ်လေလေ၊ ဖုံးကွယ်ထားသော ရတနာက ပိုမိုကြီးမားလေလေ ဖြစ်သည်။ အန္တရာယ်က အဆမတန် မြင့်မားမည်ဖြစ်သော်လည်း ရတနာနှင့် ပတ်သက်လာလျှင် မည်သူမျှ နောက်ဆုတ်ရန် အစီအစဉ် မရှိကြချေ။
ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ ကျင့်ကြံသူများ ရရှိခဲ့သော ရတနာ အနည်းငယ်မှာလည်း မိုးကြိုးလျှပ်စီးများ အပြင်းထန်ဆုံး ပစ်ချနေသည့် နေရာများမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ သူတို့ရှေ့ရှိ ပျက်စီးနေသော နန်းတော်အစုအဝေးတွင် မိုးကြိုးစွမ်းအင်များ အလွန်အမင်း စုစည်းနေသဖြင့် ထိပ်သီးရတနာများ မကျန်ရှိတော့လျှင်ပင် အဖိုးတန်ရတနာအချို့ ကျန်ရှိနေဦးမည်မှာ အသေအချာပင်။
ထို့အပြင် လန်ချန်း အဘိုးအို လေးဦးသည် ဤနေရာသို့ အရင်ဆုံး ရောက်ရှိလာခဲ့ပြီး လဝက်ကျော် စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ သူတို့ အဘယ်မှာ လက်လွှတ်ပေးပါမည်နည်း။ မည်သည့် စကားမျှ ပြောဆိုခြင်းမရှိဘဲ အဘိုးအိုလေးဦးသည် တစ်ပြိုင်နက်တည်း ရွေ့လျားကာ စုစည်းလိုက်ကြတော့သည်။
“အဘိုးကြီးလေးယောက် သေချင်နေတာလား”
အသက်အကြီးဆုံး အဘိုးအိုကမူ နတ်ဆိုးအမျိုးသား၏ စကားကို ဂရုမစိုက်ဘဲ ဆရာရှောင်ကို ကြည့်လိုက်သည်။
“ပူးပေါင်းမလား”
ဆရာရှောင်က ချက်ချင်းပင် ပြန်ဖြေသည်။
“ရတယ်”
တစ်ခဏချင်းမှာပင် အချင်းချင်း ရန်လိုနေသည့် အုပ်စုနှစ်ခုမှာ မဟာမိတ် ဖြစ်သွားကြသည်။ လျန်ချန်အဘိုးကြီး လေးယောက်နှင့် ဆရာရှောင်တို့ ပူးပေါင်းလိုက်သောအခါ နတ်ဆိုးစုံတွဲထက် စွမ်းအားပိုသာသွားသည်။
မင်ရှားက ဒေါသထွက်သွားသော်လည်း သူ၏ဇနီးဖြစ်သူက တားလိုက်သည်။
“အားလုံးပဲ၊ အတွင်းမှာ ရတနာရှိမရှိက မသေချာဘူး.... အခုချိန်မှာ ကျွန်မတို့ အချင်းချင်း တိုက်ခိုက်ပြီး သွေးထွက်သံယို ဖြစ်မယ်၊ နောက်ဆုံးမှာ ဘာမှမတွေ့ရင်တော့ တကယ့်ကို ရယ်စရာ ဖြစ်သွားလိမ့်မယ်"
အမျိုးသမီးမှာ အလွန်ပင် လှပပြီး အသံမှာလည်း နားဝင်ချိုလှသည်။ ဆရာရှောင်၏ အကြည့်များက သူမ၏ သွယ်လျသော ကိုယ်လုံးထက်၌ ခေတ္တမျှ ရပ်တန့်သွားပြီး မျက်လုံးများ တောက်ပလာကာ....
"မမ ပြောတာ တကယ့်ကို ကျိုးကြောင်းဆီလျော်ပါတယ်၊ တိုက်ခိုက်နေတာက အချိန်ဖြုန်းတာပါ၊ ဒါကြောင့်...."
"ဟေ့ကောင် ရှောင်ယွီလန်.... မင်း ငါ့မိန်းမကို အဲဒီလို ဆက်ကြည့်နေဦးမယ်ဆိုရင် မင်းရဲ့ မျက်လုံးတွေကို ငါကိုယ်တိုင် ဖောက်ပစ်မယ်" ဟု မင်ရှားက အေးစက်စွာ ဟိန်းဟောက်လိုက်၏။
ဆရာရှောင်ကမူ ရယ်မောလိုက်ရင်း သူ၏ ကျောက်စိမ်းပလွေကိုသာ ဝှေ့ယမ်းနေလိုက်သည်။
“ကောင်းပါပြီ၊ ငါတို့ အငြင်းပွားစရာ မလိုပါဘူး.... အချိန်ကြာလေလေ၊ ခြောက်ဂိုဏ်းက ကျင့်ကြံသူတွေ ရောက်လာဖို့ အလားအလာ များလေပဲ”
“အဲ့ဒီအခါကျရင် ဒီအခွင့်အရေးက ငါတို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူး.... ဘယ်လိုလဲ၊ ပူးပေါင်းပြီး အစီအရင်ကို ဖျက်ဆီးကြမလား”
သူ့အဆိုပြုချက်ကို လန်ချန်း အဘိုးအို လေးဦးက ခေါင်းညိတ် ထောက်ခံကြသည်။ နောက်ဘက်မှ စောင့်ကြည့်နေသည့် ကျိုးစုန်းလည်း ခေါင်းညိတ်လိုက်၏။ မင်ရှားကမူ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သော်လည်း ဇနီးဖြစ်သူယို့ရှားက သူ့အင်္ကျီလက်ကို ဆွဲလိုက်သဖြင့် ငြိမ်သက်သွားတော့သည်။
ယို့ရှားက အသာအယာ ပြုံးလိုက်ရင်း....
"ပူးပေါင်းပြီး အစီအရင်ဖျက်တာကတော့ ပြဿနာမရှိပါဘူး၊ဒါပေမဲ့ ရတနာက နည်းပြီး မလုံလောက်ရင် ဘယ်လိုလုပ်မလဲ"
ဆရာရှောင်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ဆိုသည်။
“စွမ်းအားရှိတဲ့သူကပဲ ပိုင်ဆိုင်ရမှာပေါ့”
အဓိပ္ပာယ်မှာ အရည်အချင်းရှိသူက ယူရမည်ဟု ဆိုလိုသည်။ နတ်ဆိုးစုံတွဲမှာလည်း သဘောတူလိုက်သည်။ စွမ်းအားရှိသူ ဆိုသည်မှာ အလွန်ရိုးရှင်းသည်။ ဤနေရာ၌ အခွင့်အရေးဟူသည်မှာ ကိုယ်ပိုင်အင်အားအပေါ်တွင်သာ မူတည်သည်။ မည်သူက ပိုမိုအင်အားကြီးမားသနည်း၊ ထိုသူကသာ ရတနာ၏ ပိုင်ရှင် ဖြစ်ခွင့်ရှိပေလိမ့်မည်။
ယို့ရှား၏ နှုတ်ခမ်းထက်၌ ကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ မိုးကြိုးအလင်းတန်းများအောက်တွင် သူမ၏ မျက်လုံးများက ဆန်းကြယ်စွာ တောက်ပနေသည်။ မင်ရှားက ဇနီးဖြစ်သူကို ကြည့်လိုက်ပြီးနောက် မတွန့်ဆုတ်ဘဲ ခေါင်းညိတ်လိုက်တော့၏။
သဘောတူညီမှု ရပြီးနောက် ခုနစ်ဦးစလုံး တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး မိုးကြိုးလျှပ်စီးများ ဖုံးအုပ်ထားဆဲဖြစ်သော နန်းတော်ကြီးဆီသို့ ဦးတည် ချဉ်းကပ်သွားကြသည်။
လမ်းတစ်ဝက်လောက် ရောက်သောအခါ ဆရာရှောင်က နောက်ကို လှည့်ကြည့်လိုက်ရင်း....
"မိတ်ဆွေကျိုး.... မင်းကော ရတနာရှာပုံတော်ထဲ မပါဝင်ချင်ဘူးလား.... ဘယ်သူသိနိုင်မှာလဲ၊ မင်းအတွက် ရတနာဝေစုတစ်ခု ကျန်နေနိုင်သေးတယ်လေ"
ကျိုးစုန်းသည် ခေတ္တ တွန့်ဆုတ်နေပြီးနောက် အံကြိတ်ကာ သူတို့နောက်သို့ အပြေးအလွှား လိုက်ပါသွားတော့သည်။
....
နန်းတော်ကြီးအတွင်း၌ မျက်လုံးတစ်စုံ ရုတ်တရက် ပွင့်ဟလာသည်။ ထိုအချိန်တွင် မှောင်မိုက်နေသည့် နန်းတော်ကြီးအတွင်း ရုတ်တရက် အလင်းရောင်များ ဖြာထွက်လာသည်။
လော့ချန် မျက်လုံးပွင့်လာပြီး သူ့ခန္ဓာကိုယ်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူသည် မြေပြင်ပေါ်ရှိ တန်ဖိုးရှိသည့် ပစ္စည်းတချို့ကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ ပြီးခဲ့သည့်တစ်နှစ်လုံးတွင် ကိုယ်ခန္ဓာကို အားဖြည့်ရန်အတွက် သိုလှောင်အိတ် ၃၀ ကျော်မှ ချီစွမ်းအင်များကို အကုန်သုံးစွဲလိုက်ရသည်။ သူ၏ ချီစွမ်းအင်များလည်း အနည်းငယ်သာ ကျန်တော့သည်။ ၎င်းမှာ သူ စိတ်ရှုပ်ထွေးနေရသော အကြောင်းရင်းပင် ဖြစ်သည်။
သူ၏ကိုယ်ခန္ဓာမှာမူ အလွန်အမင်း ကြံ့ခိုင်လာခဲ့ပြီဖြစ်ပြီး တောင်ကြီးတစ်တောင်ကိုပင် တစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်သကဲ့သို့ ခံစားရသည်။ သို့သော် ချီစွမ်းအင်များ ခေါင်းပါးနေသဖြင့် အလွန်ပင် မသက်မသာ ဖြစ်နေသည်။
“မိုးကြိုးခန္ဓာကျင့်စဉ်ကို ကျင့်လိုက်လို့ ငါစုဆောင်းထားတဲ့ ချီစွမ်းအင်တွေက အစွမ်းထက်တဲ့ သွေးသားအဖြစ် ပြောင်းလဲသွားတာပဲ.... ချီစွမ်းအင်ကို ပြန်စုဆောင်းလို့ရတော့ ပြန်ကျင့်ကြံဖို့က ခက်ခဲမှာ မဟုတ်ပါဘူး”
အခြေအနေကို ဆန်းစစ်ပြီးနောက် လော့ချန် နန်းတော်နောက်ဘက်သို့ ကြည့်လိုက်သည်။ ပြင်ပမှ မိုးကြိုးစွမ်းအင်များ အစဉ်တစိုက် ဆွဲငင်ခံနေရခြင်းမှာ သူ၏ ကျင့်ကြံမှုကြောင့်ဟု ထင်ခဲ့သော်လည်း၊ ယခု သူ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည့်တိုင် မိုးကြိုးလျှပ်စီးများသည် နန်းတော်အတွင်းသို့ အဆက်မပြတ် တိုးဝင်နေဆဲ ဖြစ်သည်။ ဤဆန်းကြယ်မှု၏ အရင်းအမြစ်မှာ သူကိုယ်တိုင် မဟုတ်သည်မှာ ထင်ရှားလှပေသည်။
လော့ချန် မတ်တပ်ရပ်လိုက်ပြီး နန်းတော်၏ အတွင်းပိုင်းဆီသို့ လျှောက်လှမ်းသွားတော့သည်။
သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရုံရှိသေး၊ မျက်စိရှေ့၌ ဆန်းကြယ်လှသော အလင်းတန်းတစ်ခု ဖြာထွက်လာသဖြင့် သူ၏ မျက်လုံးများပင် ကျိန်းစပ်သွားရသည်။ သူ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း မှင်တက်သွားမိ၏။
"ဒါက.... မိုးကြိုးအမြုတေကျောက်လား...."
သူ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“မဟုတ်သေးပါဘူး၊ ဒါထက် ပိုတဲ့အရာတွေပဲ”
လော့ချန် တံတွေးတစ်ချက် မြိုချလိုက်မိသည်။ သူ၏ ရှေ့၌ ဖြူဖွေးဝင်းလက်နေသော မိုးကြိုးပန်းပွင့်များ အစုလိုက်အပြုံလိုက် ပွင့်လန်းနေကြသည် မဟုတ်ပါလော။ ပန်းပွင့်တစ်ပွင့်ချင်းစီသည် မိုးကြိုးလျှပ်စီးများဖြင့် ထုဆစ်ထားသော လက်ဖက်နှင်းဆီပန်းများကဲ့သို့ ခန်းနားထည်ဝါလှပြီး ပြင်းထန်သော စွမ်းအားများဖြင့် လှုပ်ရှားသက်ဝင်နေသည်။
၎င်းတို့မှာ အမှန်စင်စစ် မိုးကြိုးစွမ်းအင်များ ထူထပ်ရာ အရပ်၌သာ ဖြစ်ပေါ်တတ်သော စတုတ္ထအဆင့် ပန်းပွင့်ပုံစံ မိုးကြိုးအမြုတေကျောက်များ ဖြစ်ကြသည်။
မိုးကြိုးတောင်တန်းကဲ့သို့သော ထူးခြားသည့် နေရာမျိုးတွင်ပင် ပန်းပွင့်တစ်ပွင့် ဖြစ်ပေါ်လာရန် ဆယ်နှစ်တိတိ အချိန်ပေးရသည်။ တောင်တန်း ကိုးခု ရှိသဖြင့် ဆယ်နှစ်အတွင်း ကိုးပွင့်သာ ထွက်ရှိနိုင်ခြင်း ဖြစ်၏။
ဤအရာများမှာ တန်ဖိုးကြီးရုံသာမက နှစ်ပေါင်းများစွာ စုစည်းလာခဲ့သော မိုးကြိုးစွမ်းအားများနှင့် ဆန်းပြားသော သတ္တုရိုင်းများ ပေါင်းစပ်လျက် သဘာဝအတိုင်း ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲနိုင်စွမ်း ရှိကြသည်။ ၎င်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ အသက်သခင်ပမာ အရေးပါလှသော သက်စောင့်မှော်ရတနာများ သွန်းလုပ်ရာတွင် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။
၎င်းမပါရှိပါက သက်စောင့်မှော်ရတနာ မည်မျှပင် အစွမ်းထက်ပါစေ အလယ်အလတ်အဆင့်၌သာ ထာဝရ ရပ်တန့်နေပေလိမ့်မည်။ တစ်နည်းအားဖြင့် တိုးတက်ပြောင်းလဲနိုင်စွမ်း ရှိတော့မည်မဟုတ်ချေ။ ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်ချီ၍ မွေးမြူထားပါက အင်အား အနည်းငယ် တိုးတက်လာနိုင်သော်လည်း၊ ၎င်း၏ အဆင့်အတန်းကမူ ဘယ်သောအခါမျှ မြင့်တက်လာမည် မဟုတ်ပေ။ မိုးကြိုးအမြုတေကျောက်နှင့် ပေါင်းစပ်ထားသော သက်စောင့်မှော်ရတနာမှသာ အဆင့်အတန်း မြင့်တက်လာနိုင်ပြီး၊ နောင်တစ်ချိန်တွင် ကျင့်ကြံသူ၏ ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းမှုနှင့်အတူ သက်စောင့်မှော်ရတနာ အဖြစ်သို့ ပြောင်းလဲသွားနိုင်ခြင်း ဖြစ်သည်။
ဂိုဏ်းကြီးများမှ ကျင့်ကြံသူ အမြောက်အမြားပင် သက်စောင့်မှော်ရတနာ တစ်လက်မျှ ရရှိရန် ရုန်းကန်နေကြရသည်။ ၎င်းက သက်စောင့်မှော်ရတနာ မည်မျှ ရှားပါးကြောင်း သက်သေပြနေခြင်းပင်။ သို့သော် ယခု လော့ချန်၏ ရှေ့မှောက်၌မူ တစ်ပွင့်နှစ်ပွင့် မဟုတ်ဘဲ မိုးကြိုးအမြုတေပန်းပေါင်း တစ်ဆယ့်ရှစ်ပွင့်တိတိ ရှိနေချေပြီ။ ထို့အပြင် ၎င်းတို့မှာ ဆယ်နှစ်တစ်ကြိမ် ပွင့်သော သာမန် အမျိုးအစားလည်း မဟုတ်ချေ။ သာမန် မိုးကြိုးအမြုတေပန်းမှာ ငွေဖြူရောင် ရှိသော်လည်း၊ ယခု တွေ့ရှိရသော တစ်ဆယ့်ရှစ်ပွင့်မှာမူ လုံးဝ ဖြူဖွေးဝင်းလက်နေသည်။
‘နှစ်တစ်ထောင်သက်တမ်း မိုးကြိုးအမြုတေပန်းလား....’
လော့ချန် အသက်ပြင်းပြင်းရှူလိုက်ရင်း ထိုနှစ်တစ်ထောင်သက်တမ်းရှိ မိုးကြိုးအမြုတေပန်း တစ်ဆယ့်ရှစ်ပွင့်ကို ကြည့်ကာ လက်ဝါးချင်း ပွတ်လိုက်မိသည်။
‘ငါ ဒါကို လှမ်းယူလိုက်ရင် အစီအရင် ပေါက်ကွဲသွားမလား မသိဘူး....’
စီရင်စုသခင်များသာ ဤအရာကို ဘေးကင်းစွာ ဆွတ်ခူးနိုင်စွမ်း ရှိကြသည်။ ထိုဖြစ်စဉ်တွင် နတ်ဘုရားအာရုံနှင့် နိယာမစွမ်းအားတို့ လိုအပ်သည်။ အခြေတည်အဆင့် ကျင့်ကြံသူများ၌မူ ၎င်းတို့ မရှိကြဘဲ ဝိညာဉ်အာရုံနှင့် မသန့်စင်ရသေးသော ချီစွမ်းအင်သာ ရှိကြသည်။
‘ငါ့ရဲ့ ကြံ့ခိုင်လာတဲ့ ခန္ဓာကိုယ်စွမ်းအားကို သုံးပြီး စမ်းသပ်ကြည့်ရင်ကော....’
လော့ချန် သူ၏ သွယ်လျသော လက်ဝါးကို ဆန့်ထုတ်ကြည့်လိုက်သည်။
အမှန်ပင်၊ သူ၏ လက်ဝါးမှာ သွယ်လျနေ၏။ သူ၏ ခန္ဓာကိုယ်မှာ အသားအရေများ ဆုံးရှုံးသွားခဲ့သဖြင့် မူလက ကျယ်ပြန့်သော လက်ဝါးမှာပင် သွယ်လျသိမ်မွေ့သွားခဲ့ရသည်။ သို့သော်ငြားလည်း၊ သူ၏ မိုးကြိုးဖြင့် သန့်စင်ထားသော ခန္ဓာကိုယ်သည် မိုးကြိုးစွမ်းအင်ကို စုပ်ယူ၍ မကျင့်ကြံနိုင်သေးသော်လည်း၊ အနည်းဆုံးတော့ ၎င်း၏ ဒဏ်ကို ခုခံနိုင်စွမ်း ရှိသင့်ပေသည်။
လော့ချန်တစ်ယောက် နှစ်တစ်ထောင်သက်တမ်းရှိ မိုးကြိုးအမြုတေကျောက်ကို ဆွတ်ခူးရန် ပြင်လိုက်စဉ် အတွင်းဘက်ဆုံးရှိ ပန်းပွင့်၏ အောက်ခြေ၌ တစ်ခုခုကို မမျှော်လင့်ဘဲ တွေ့ရှိသွားသဖြင့် သူ၏ အကြည့်များ တုံ့ဆိုင်းသွားသည်။ ထိုနေရာ၌ နက်မှောင်သော လက်စွပ်တစ်ကွင်း ရှိနေသည်။
မိုးကြိုးအမြုတေကျောက်၏ ပြင်းထန်သော စွမ်းအားစီးဆင်းမှုအောက်တွင် ဆန်းကြယ်သော အရှိန်အဝါတစ်ခု ဖုံးကွယ်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ သေသေချာချာ မကြည့်ခဲ့ပါက လုံးဝ သတိပြုမိလိမ့်မည် မဟုတ်ချေ။
ဝှူး....
သူ လက်ညှိုးကို တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် အနက်ရောင် လက်စွပ်သည် သူ၏ လက်ဝါးထဲသို့ ပျံသန်းရောက်ရှိလာတော့သည်။ ၎င်း၏ မျက်နှာပြင်မှာ မီးကျွမ်းထားသကဲ့သို့ မည်းနက်နေသော်လည်း၊ မိုးကြိုးအမြုတေကျောက်၏ ဖုံးအုပ်မှုမှ ကင်းလွတ်သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော စွမ်းအားအရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ လော့ချန်၏ မျက်ခွံများ တုန်ခါသွားရပြီး အော်ဟစ်မိတော့၏။
"အဆင့်မြင့် မှော်ရတနာ"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ