အခန်း ၅၅၃
Vol. 56 Ch. 553
အခန်း (၅၅၃) - လန်ချန်းအဘိုးအိုအုပ်စု ပြားပြားဝပ်ရခြင်း
ဤနေရာ၌ အဆင့်မြင့် မှော်ရတနာ လက်စွပ်တစ်ကွင်း ရှိနေလိမ့်မည်ဟု လော့ချန် ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့မိချေ။ သူ စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ဒါကိုပဲ ကံတရားက ပေးတဲ့ အခွင့်အရေးလို့ ခေါ်တာလား’
ကျင့်ကြံခြင်းလမ်းစဉ်တွင် အခြေခံမဏ္ဍိုင် သုံးခုရှိသည်ဟု ပြောစမှတ်ပြုကြ၏။ ၎င်းတို့မှာ ပါရမီ၊ ကံတရားနှင့် စိတ်ဓာတ်တို့ပင် ဖြစ်သည်။ ပါရမီသည် ပထမဆုံးနှင့် အရေးအကြီးဆုံး ဖြစ်ပြီး ကျင့်ကြံသူတစ်ဦး၏ အစပျိုးမှုနှင့် အလားအလာ အကန့်အသတ်ကို သတ်မှတ်ပေးသည်။ ဒုတိယမှာ ကံတရားဖြစ်ပြီး ကံကောင်းမှု အလုံအလောက်ရှိလျှင် ဝက်တစ်ကောင်ပင်လျှင် နတ်ပြည်တက်နိုင်သည်။ နောက်ဆုံးဖြစ်သော်လည်း မရှိမဖြစ်လိုအပ်သည်မှာ စိတ်ဓာတ်ကြံ့ခိုင်မှုပင်။ ခိုင်မာသော စိတ်ဓာတ်နှင့် မလျှော့သော ဇွဲလုံ့လ ရှိသော်လည်း ညံ့ဖျင်းလှသော ပါရမီကြောင့် ကျဆုံးသွားခဲ့ရသည့် ကျင့်ကြံသူပေါင်းမှာ မရေမတွက်နိုင်အောင် ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ပါရမီထူးချွန်သော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ရင်နင့်ဖွယ် ဇာတ်သိမ်းခဲ့ရသည့် ပါရမီရှင်များလည်း ဒုနဲ့ဒေးပင်။
ထိုကျင့်ကြံခြင်း မဏ္ဍိုင်သုံးခုအနက် လော့ချန် အမှန်တကယ် ပိုင်ဆိုင်ထားသည်မှာ စိတ်ဓာတ်ကြံ့ခိုင်မှု တစ်ခုတည်းသာ ဖြစ်၏။ သူ၏ ပါရမီမှာ အလွန်ညံ့ဖျင်းလှသဖြင့် ထိုချို့ယွင်းချက်ကို ဖြည့်ဆည်းရန် စိတ်ဓာတ်ကြံ့ခိုင်မှုတစ်ခုတည်းကိုသာ လုံးဝဥဿုံ အားကိုးခဲ့ရသည်။ နှစ်ပေါင်းများစွာ ခါးသီးစွာ ရုန်းကန်ခဲ့ရမှုများ၊ အဆုံးမရှိသော အကြံအဖန်များ၊ အိပ်ရေးပျက်ခံ ကျင့်ကြံခဲ့ရမှုများ၊ ဤအရာအားလုံးမှာ သူ၏ပါရမီမပြည့်စုံမှုကို အစားထိုးရန်အတွက်ပင်။
ကံတရားနှင့် ပတ်သက်၍မူ သူ့၌ အတိုင်းအတာတစ်ခုအထိ ရှိနေသည်ဟု ဆိုရမည်။ အဆုံးစွန်၌ သူ ပိုင်ဆိုင်ထားသော အခြေအနေပြကြေးမုံပြင်သည်လည်း ကံတရားတစ်မျိုးပင်။ သို့သော်လည်း လမ်းလျှောက်ရင်း အဆင့်မြင့် မှော်ရတနာတစ်ခုကို မထင်မှတ်ဘဲ ကောက်ရသည့် ယခုလို ကံကောင်းမှုမျိုးနှင့် ကြုံရခြင်းမှာမူ သူ၏ဘဝတွင် ပထမဆုံးအကြိမ်ပင် ဖြစ်၏။
သူ စိတ်ဝိညာဉ်အာရုံကို လက်စွပ်အတွင်းသို့ ပို့လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် မည်ကဲ့သို့သော ကံတရားနှင့် ကြုံတွေ့ခဲ့ရသည်ကို သူ ချက်ချင်း သဘောပေါက်သွားတော့သည်။
"ငါ့ကံငါ ခဏ အထင်ကြီးမိသွားတယ်.... တိုက်စစ် ဒါမှမဟုတ် ခံစစ် အစွမ်းထက်တဲ့ မှော််ရတနာတစ်ခုခု အောက်မေ့တယ်.... သိုလှောင်လက်စွပ်တစ်ကွင်း ဖြစ်နေတာလား.... တောက်...."
သိုလှောင်လက်စွပ်အတွင်း၌ သံဂေါ်ပြားအသေးစားများ၊ မြေခဲများနှင့် အခြား သာမန်တူးဖော်ရေး ကိရိယာများသာ ရှိနေသည်။ လော့ချန်သည် ၎င်း၏ အသုံးဝင်ပုံကို ချက်ချင်း နားလည်သွားခဲ့သည်။ ဥမင်လိုဏ်ခေါင်းများတွင် လှည်းများနှင့် ပေါက်တူးများ လိုအပ်သကဲ့သို့ ဤလက်စွပ်သည်လည်း မိုးကြိုးအမြုတေကျောက်များကို သိုလှောင်ရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်း၏ အဆင့်မှာ အစပိုင်းက ဤမျှ မမြင့်မားခဲ့တန်ပေ။ သို့သော် နှစ်ထောင်ချီ မိုးကြိုးအမြုတေကျောက်၏ စွမ်းအင်များနှင့် ရာစုနှစ်ပေါင်းများစွာ ထိတွေ့ဖန်များရာမှတစ်ဆင့် တဖြည်းဖြည်း အသွင်ပြောင်းကာ အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် နှစ်ပေါင်းတစ်ထောင်တိုင်တိုင် မိုးကြိုးစွမ်းအင်များ အစဉ်မပြတ် စီးဆင်းနေခဲ့သည့်တိုင် ၎င်းသည် အဆင့်မြင့်၏ အောက်ခြေကိုသာ ရောက်ရှိသေးသည်။ ဤအချက်က ၎င်းကို ပြုလုပ်ထားသည့် အခြေခံကုန်ကြမ်းများမှာ အစကတည်းက သာမန်ပစ္စည်းများသာ ဖြစ်ကြောင်း သက်သေပြနေသည်။
"ဒါပေမဲ့လည်း အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးသလိုပါပဲ.... မဆိုးပါဘူး" ဟု လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် နှစ်ထောင်ချီ မိုးကြိုးအမြုတေကျောက်များကို မည်သို့ရိတ်သိမ်းရမည်၊ မည်သည့်နေရာတွင် စနစ်တကျ သိမ်းဆည်းရမည်ကို ပူပန်နေခဲ့ရုံရှိသေးသည်။ ယခုမူ ထိုသို့ စိုးရိမ်စရာ မလိုတော့ချေ။ သူ မဆိုင်းမတွဘဲ ပိုင်ရှင်မဲ့ သိုလှောင်လက်စွပ်နှင့် စိတ်ချင်းဆက်သွယ်လိုက်ပြီး ၎င်းကို မိုးကြိုးသိုလှောင်လက်စွပ်ဟု အမည်ပေးလိုက်သည်။
ထို့နောက် လက်စွပ်အတွင်းမှ အထူးပြုလုပ်ထားသော ဂေါ်ပြားတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ၎င်းကို လက်ထဲ ဆုပ်ကိုင်လိုက်သည့် အချိန်မှသာ ထိုဂေါ်ပြားသည်လည်း မှော််ရတနာတစ်ခု ဖြစ်နေမှန်း သူ သတိပြုမိတော့သည်။ ၎င်းမှာ အဆင့်နိမ့်မျှသာ ဖြစ်သော်လည်း တကယ့် မိုးကြိုးဓာတ် မှော််ရတနာ စစ်စစ်ပင် ဖြစ်သည်။
"ဒီနေရာကို ပိုင်ခဲ့တဲ့သူက ဘယ်လိုလူမျိုးလဲ မသိဘူး.... မိုးကြိုးအမြုတေကျောက် တောင်ပုံရာပုံ တွေ့ထားရုံတင်မကဘူး၊ တူးဖော်တဲ့ ကိရိယာတွေကအစ မှော််ရတနာတွေ ဖြစ်နေတယ်.... တကယ့်ကို သူဌေးကြီးပဲ၊ ပြီးတော့ ဒီနေရာက အစွန်းအဖျားပိုင်းပဲ ရှိသေးတယ်၊ ငါသာ ဗဟိုချက်ဘက်ကို ဆက်သွားရင် ဒီထက်မက ကြီးမားတဲ့ ရတနာတွေ စောင့်ကြိုနေမှာ အသေအချာပဲ"
လော့ချန် သေသေချာချာ မှတ်မိနေသည်။ ယခင်က ဤကမ္ဘာငယ်လေး၏ တံခါးကို စတင်ဖွင့်လှစ်စဉ်က နောက်မှ လိုက်ပါလာမည့် ကျင့်ကြံသူများနှင့် မဆုံတွေ့စေရန် ရည်ရွယ်ချက်ဖြင့် လူသူအရောက်အပေါက် အနည်းဆုံးအရပ်သို့ သူ တမင်တကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့်ပင် လျှို့ဝှက်သော ထောင့်တစ်နေရာ၌ ရှိသည့် ပျက်စီးယိုယွင်းနေသော နန်းတော်စုငယ်လေးတစ်ခုသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အင်အားကြီး ကျင့်ကြံသူများ ဤနေရာသို့ ဝင်ရောက်လာသည့်အခါ ၎င်းတို့၏ အာရုံသည် ရတနာအကြွယ်ဝဆုံး ဖြစ်သည့် ဗဟိုချက်မဆီသို့သာ သဘာဝအလျောက် ရောက်ရှိသွားပေလိမ့်မည်။ တစ်နှစ်ပတ်လုံး မည်သူမျှ သူ့အား လာရောက်မနှောင့်ယှက်ခြင်းက သူ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သက်သေပြနေသည်။
"မူလပိုင်ရှင်က ဘယ်သူပဲဖြစ်ဖြစ် ဂရုစိုက်မနေတော့ဘူး.... တူးဖော်ရေးက ပထမပဲ"
ရွှေအမြုတေ စီရင်စုသခင်ကိုပင် သတ်ဖြတ်ခဲ့သော ဆေးဖော်ဆရာကြီး တန်ချန်ဇီသည် ကျင့်ကြံခြင်း၏ ရှည်လျားသော အိပ်စက်ခြင်းမှ နိုးထလာပြီးနောက် သာမန်တွင်းတူးသမားတစ်ဦးကဲ့သို့ မြေတူးနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမိမည် မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် သူ၏ ချီစွမ်းအား အများစုမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ မည်သည့်အဆင့်အထိ ရောက်ရှိနေသည်ကို သူကိုယ်တိုင်ပင် မဝေခွဲနိုင်လောက်အောင် အားကောင်းလှသဖြင့် ဤအလုပ်သည် အလွန်ပင် ချောမွေ့လွယ်ကူနေခဲ့သည်။
လော့ချန်တစ်ယောက် ဝိညာဉ်ဂေါ်ပြားကို ဝှေ့ယမ်းကာ နှစ်ထောင်ချီ မိုးကြိုးအမြုတေကျောက်များကို တစ်ခုပြီးတစ်ခု တူးဖော်လိုက်သည်။ ထို့နောက် ၎င်းတို့ကို မိုးကြိုးသိုလှောင်လက်စွပ်ထဲတွင် အသင့်ပြင်ဆင်ထားသော မြေဆီလွှာထဲသို့ ညင်သာစွာ ထည့်သွင်းလိုက်သည်။
ဤမြေဆီလွှာမှာ ပျိုးထောင်ရန်အတွက် မဟုတ်ဘဲ စွမ်းအင်များကို ထိန်းချုပ်ပိတ်ဆို့ထားရန် ဖြစ်သည်။ နှစ်ထောင်ချီ မိုးကြိုးအမြုတေကျောက် တစ်ခုချင်းစီ၌ ရှိသော မိုးကြိုးစွမ်းအင်မှာ အလွန်တရာ သန့်စင်လွန်းလှပြီး၊ အမှန်စင်စစ် ၎င်းအထဲတွင် ချိတ်ပိတ်ထားသော စွမ်းအားသည် ကျင့်ကြံသူတစ်ဦး ရင်ဆိုင်ရမည့် မိုးကြိုးကပ်ဘေးနှင့်ပင် အလားသဏ္ဍာန် တူလှသည်။ ဤအထူးပြုပြင်ထားသော မြေဆီလွှာသာ မရှိပါက စွမ်းအင် အနည်းငယ်မျှ ယိုစိမ့်ရုံနှင့် သာမန်သိုလှောင်ပစ္စည်းတစ်ခုမှာ မျက်စိတစ်မှိတ်အတွင်း ပြာကျသွားပေလိမ့်မည်။ ဤမြေဆီလွှာ၏ အကူအညီကြောင့်သာ မိုးကြိုးအမြုတေကျောက်များကို လက်စွပ်အတွင်း၌ ဘေးကင်းစွာ သိုလှောင်နိုင်ခြင်း ဖြစ်သည်။
တစ်နေ့တာပတ်လုံး ပင်ပန်းစွာ လုပ်ဆောင်ပြီးနောက်၊ လော့ချန် နောက်ဆုံးတွင် မိုးကြိုးကြောမှ နောက်ဆုံးအစုအဝေးကို တူးဖော်ပြီးစီးသွားခဲ့သည်။ သူ ပင်ပန်းနွမ်းနယ်မှုကို အနည်းငယ် ခံစားနေရသော်လည်း မျက်လုံးများမှာမူ ကျေနပ်မှုအပြည့်ဖြင့် တောက်ပနေသည်။ ယခုအခါ နှစ်ထောင်ချီ မိုးကြိုးအမြုတေကျောက်များကို ပိုင်ဆိုင်ထားပြီဖြစ်ရာ၊ နောင်တစ်ချိန်တွင် သူ ရွှေအမြုတေအဆင့် ရောက်ပါက ဤရှားပါးသော ပစ္စည်းကို လိုက်လံရှာဖွေနေစရာ မလိုတော့ချေ။ သူ၏ ကိုယ်ပိုင်သက်စောင့်မှော််ရတနာကို သွန်းလုပ်ရန် လမ်းစမှာ သေချာသွားခဲ့ပြီ ဖြစ်သည်။
လက်ချောင်းများကြားတွင် မိုးကြိုးသိုလှောင်လက်စွပ်ကို လှည့်ပတ်ကြည့်ရှုရင်း ၎င်း၏ လက်ရာကို အားရကျေနပ်စွာဖြင့် သူ၏ ဘယ်ဘက်လက်ညှိုးတွင် စွပ်လိုက်သည်။
"ကြည့်လို့လည်းကောင်းတယ်၊ သုံးရတာလည်း တော်တော်အဆင်ပြေတာပဲ"
ဖြူစင်သော သူ၏ အရေပြားပေါ်တွင် အနက်ရောင် မိုးကြိုးလက်စွပ်မှာ ဆန်းကြယ်စွာဖြင့် ဆွဲဆောင်မှု ရှိနေ၏။ လော့ချန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ အခြားသိုလှောင်အိတ် ငါးအိတ်ထဲမှ ရတနာတောင်ပုံရာပုံကို ဤလက်စွပ်ထဲသို့ တိုက်ရိုက် ပြောင်းရွှေ့ထည့်သွင်းလိုက်သည်။ ၎င်းမှာ အဆင့်မြင့် မှော််ရတနာ ဖြစ်သဖြင့် သိုလှောင်နိုင်စွမ်းမှာ သာမန်ပစ္စည်းများနှင့် မိုးနဲ့မြေလို ကွာခြားလှသည်။ သိုလှောင်အိတ်ငါးအိတ်စာ ပစ္စည်းများကို ထည့်သွင်းပြီးသည့်တိုင် လက်စွပ်အတွင်း၌ ဟာလာဟင်းလင်းပြင်ကြီး ကျန်ရှိနေသေးသည်။
သူ လုံးဝ မထိဘဲ ချန်ထားခဲ့သည်မှာ မပွင့်သေးသော သိုလှောင်အိတ်အချို့သာ ဖြစ်သည်။ သိုလှောင်ပစ္စည်းတစ်ခုအတွင်း အခြားသိုလှောင်ပစ္စည်းတစ်ခုကို ထည့်သွင်းခြင်းမှာ မိုက်မဲရာကျပြီး ဟင်းလင်းပြင်စွမ်းအင်များ ပဋိပက္ခဖြစ်ကာ ပြင်းထန်စွာ ပေါက်ကွဲတတ်သည်ကို လော့ချန် ကောင်းစွာ သိရှိထားသည်။
အရာအားလုံးကို စနစ်တကျ စီစဉ်ပြီးနောက် လော့ချန်သည် အတိတ်ကာလက ကူချိုင်ယီ ဝယ်ပေးခဲ့သော ဆင်စွယ်ရောင် ဝတ်ရုံကို ထုတ်ယူကာ လဲလှယ်ဝတ်ဆင်လိုက်သည်။ ယခင်က ဝတ်ဆင်ထားခဲ့သော အနီရောင်တာအိုဝတ်ရုံ၏ ကာကွယ်ရေးစွမ်းအားမှာ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ အဝတ်စုတ်တစ်ခုမျှသာ ရှိတော့သည်။
ပျက်စီးသွားသော ဝတ်ရုံကို ကြည့်ရင်း လော့ချန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တိဝမ်ယွင်ကို သတ်ဖြတ်ပြီး ကြီးမားလှသော အောင်ပွဲကို ရရှိခဲ့သည်ဆိုသော်လည်း ပေးဆပ်ခဲ့ရမှုနှင့် ရရှိလာသည့် ရလဒ်မှာ မမျှတလှချေ။
ထိုတိုက်ပွဲတွင် သူသည် ကျန့်ဖန်တံဆိပ်တော်၊ အနီရောင်တာအိုဝတ်ရုံနှင့် ဒုတိယအဆင့် ဆူးပန်းစေ့ပေါင်းတစ်ရာကျော်ကို ဆုံးရှုံးခဲ့ရသည်။ မင်လုံယွီ အပင်ပန်းခံ ပြုပြင်ပေးထားခဲ့သော မော်ကွန်းဝင်အစီအရင်အိမ်မြှောင်ပင်လျှင် ဤနေရာသို့ ဝင်ရောက်စဉ် ကာကွယ်ပေးရင်း လုံးဝ ဥဿုံ ပျက်စီးသွားခဲ့ရသည်။ ထို့ပြင် တတိယအဆင့် မိုးကြိုးလှိုင်းမုန်တိုင်းအစီအရင်ကို အသက်သွင်းရန်အတွက် အဆင့်လတ် ဝိညာဉ်ကျောက်တုံးပေါင်း ၅၀၀ သုံးစွဲခဲ့ရသည်။ အဆိုးရွားဆုံးမှာ ကရုဏာမဲ့နတ်သမီးထံမှ ရရှိထားသော တန်ဖိုးကြီးမားလှသည့် သက်စောင့်ရေခဲကျောက်စိမ်းကို သုံးစွဲလိုက်ရခြင်းပင်။ ဤမျှ ပေးဆပ်ခဲ့ရသော်လည်း သူ ဘာမှပြန်မရခဲ့ပေ။ သူ အလွန်လိုချင်ခဲ့သော တိဝမ်ယွင်၏ မှော််ရတနာပင်လျှင် မိုးကြိုးဒဏ်ကြောင့် ပြာကျသွားခဲ့ရသည်။
"တကယ့်ကို အကြီးအကျယ် ရှုံးတာပဲ" ဟု လော့ချန် စိတ်ပျက်စွာ ညည်းတွားလိုက်သည်။
"နောက်တစ်ခါ ဒါမျိုး လုံးဝမလုပ်တော့ဘူး.... အဆင့်ကျော်လူသတ်တဲ့အလုပ်ကို ဘယ်တော့မှ ထပ်မလုပ်တော့ဘူး.... အဲ့လိုလုပ်တဲ့သူက အရူးပဲ"
တစ်ယောက်တည်း ဗြစ်တောက်ဗြစ်တောက် ပြောဆိုရင်း အပြင်သို့ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်သော်လည်း နှစ်လှမ်းခန့်လျှောက်အပြီးတွင် ကြက်သေ သေသွားခဲ့ရသည်။
အစီအရင်ကို ဖျက်ဆီးကာ ဝင်ရောက်လာကြသော လန်ချန်းအဘိုးအိုတို့အုပ်စုသည်လည်း နန်းတော်၏ အတွင်းပိုင်း၌ ရပ်နေသော လော့ချန်ကို လှမ်းမြင်သွားကြသည်။
“သေစမ်း....”
“တစ်ယောက်ယောက်က အရင်ရောက်နေတာပဲ....”
"နန်းတော်ကို ပိတ်ဆို့ပြီး သူ့ကို ဖမ်း...."
“ကလေးလေး အပြင်ထွက်ခဲ့....”
ဒေါသတကြီး အော်ဟစ်သံများနှင့်အတူ မိစ္ဆာချီစွမ်းအင်များ လွှမ်းခြုံထားသော ပုံရိပ်တစ်ခုသည် ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်လာပြီး လော့ချန်ထံသို့ တန်းတန်းမတ်မတ် လာရောက်တိုက်ခိုက်တော့သည်။
နန်းတော်အတွင်းရှိ လော့ချန်၏ မျက်နှာထားမှာ အေးစက်သွားခဲ့သည်။ သူသည် မဆိုင်းမတွပင် သူ၏ နောက်ဆုံးလက်ကျန် စွမ်းအားများကို စုစည်းလိုက်ရာ၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော အဖြူရောင် ချပ်ဝတ်တန်ဆာလွှာများ ဖုံးအုပ်သွားတော့သည်။ နောက်တစ်ခဏတွင် သူသည် အဖြူရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ရှေ့သို့ ဦးတည်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်း လူနှစ်ဦး မျက်လုံးချင်း ဆုံသွားကြသော်လည်း မည်သူမျှ အရှိန်မလျှော့ဘဲ အချင်းချင်း တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
မင်ရှား၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူသည် မိစ္ဆာချီဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်စဉ်ကို အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်ထားသူဖြစ်သည်။
"သေချင်နေတာပဲ"
မင်ရှားက ဟိန်းဟောက်ရင်း လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ သူ၏ ဝတ်ရုံလက်ထဲမှ မည်းနက်သော မိစ္ဆာကျားသစ်တစ်ကောင် ပေါ်ထွက်လာပြီး ကောင်းကင်ယံကို တုန်ခါစေလျက် အဖြူရောင်ပုံရိပ်ထံသို့ ပြေးဝင်သွားသည်။ သို့သော် ထိုအဖြူရောင်ပုံရိပ်သည် ရှောင်တိမ်းရန်ပင် မကြိုးစားဘဲ လက်သီးတစ်ချက် ပြန်လည် ထိုးနှက်လိုက်သည်။
ဘုန်းးး....
မိစ္ဆာကျားသစ်ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း ကြေမွသွားခဲ့သည်။ ထိုအဖြူရောင်ပုံရိပ်သည် မင်ရှား၏ ဘေးမှ ဖြတ်ကျော်သွားစဉ် ခန္ဓာကိုယ်ကို လှည့်ကာ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ မင်ရှား၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် တောင်တန်းများကို ဖြိုခွဲနိုင်လောက်သော သွေးချင်းချင်းနီသည့် ချီစွမ်းအင်လှိုင်းကြီး ထွက်ပေါ်လာသည်။
၎င်းမှာ တောင်ဖြိုကျောက်တိုင်ခွဲလက်ဝါး မှော်အတတ်ပင်။
မင်ရှားသည် အော်ဟစ်ရင်း သူ၏ ခံစစ် မှော််ရတနာကို အလျင်အမြန် အသက်သွင်းလိုက်သည်။
ဘုန်းးး....
ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် တစ်ပြိုင်နက်၊ သူသည် အနောက်သို့ မိုင်ပေါင်းများစွာ လွင့်ထွက်သွားပြီး နန်းတော်နံရံနှင့် ပြင်းထန်စွာ ဆောင့်မိတော့သည်။ မိုးကြိုးတန်းများက သူ့အပေါ်သို့ စီးဆင်းသွားပြီး အကြိမ်ကြိမ် တိုက်ခိုက်လေရာ သူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ မြေပြင်ပေါ်တွင် အတော်ကြာ လိမ့်နေပြီးမှ ရပ်တန့်သွားခဲ့သည်။
"မောင် အဆင်ပြေရဲ့လား"
ဇနီးဖြစ်သူက အပြေးအလွှား ရောက်လာပြီး သူ့အား အလျင်အမြန် ထူမလိုက်သည်။
မင်ရှား ခေါင်းမော့ကြည့်လိုက်စဉ် ထိုအဖြူရောင်ပုံရိပ်သည် လန်ချန်း အဘိုးအိုလေးဦး၏ ဝိုင်းရံပိတ်ဆို့မှုအတွင်းသို့ တိုးဝင်သွားသည်ကို မြင်လိုက်ရသည်။
"ငါ့လမ်းက ဖယ်စမ်း"
ထိုပုံရိပ်သည် အေးစက်စွာ အော်ဟစ်ရင်း လက်ဗလာဖြင့်ပင် ပြင်းထန်သော တိုက်ကွက်များကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။ အားကောင်းသည့် စွမ်းအားလှိုင်းကြီးကြောင့် အဘိုးအို လေးဦးမှာ အနောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။ သို့သော် ထိုအချိန်၌ပင် ကောင်းကင်ယံထက်မှ ကြီးမားလှသော ဓားကြီးတစ်လက် ကန့်လန့်ဖြတ် ဆင်းသက်လာတော့သည်။
၎င်းမှာ အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်ထားသော ဓားထိန်းချုပ်မှုအတတ်ဖြင့် လမ်းညွှန်ထားသည့် မှော််ရတနာ ဓားပျံတစ်လက် ဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ ကျောက်စိမ်းအိုးနယ်မြေ၏ ထိပ်တန်းဓားကျင့်ကြံသူများနှင့်ပင် ရင်ပေါင်တန်းနိုင်သည်။ သို့သော် ထိုပုံရိပ်သည် ၎င်းကို ဂရုမစိုက်ဘဲ မုဒြာလက်ကွက်များ ဖော်နေသော ကျိုးစုန်းထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
"မင်းက ငါ့ဓားကို ဒီအတိုင်း လျစ်လျူရှုရဲတယ်ပေါ့.... ရော့"
ကျိုးစုန်းသည် မိမိ၏ ရင်ဘတ်ကို မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်သည်။ သူ၏ ဝမ်းဗိုက်တွင် ကြီးမားလှသော အပေါက်ကြီးတစ်ပေါက် အဖောက်ခံလိုက်ရပြီ ဖြစ်သည်။ သူ၏ ဓားသည် ရန်သူကို တိုက်ရိုက် ထိမှန်ခဲ့သော်လည်း ထိုလူသည် ၎င်းကို လုံးဝ မမှုဘဲ ကျော်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ထိပ်တန်းအဆင့် မှော််ရတနာ ဓားပျံ ဖြစ်သည် မဟုတ်လော။
သေခါနီး မှုန်ဝါးနေသော ထိုအချိန်လေးအတွင်း၊ သူသည် အဖြူရောင်ပုံရိပ်ကို ခပ်ဝါးဝါး မြင်လိုက်ရသလိုပင်။
၎င်းမှာ တစ်စုံတစ်ရာသော ကာကွယ်ရေး ချပ်ဝတ်လော။
ယခုအခါ ထိုအဖြူရောင်ပုံရိပ်သည် အစီအရင်ကို ဖောက်ထွက်ကာ နန်းတော်ကြီး၏ အပြင်ဘက်သို့ ထွက်ခွာလုနီးနီး ဖြစ်နေပြီ ဖြစ်သည်။ ဘေးဘက်တွင် ရပ်နေသော ဆရာရှောင်က ခပ်ဖွဖွ ပြုံးလိုက်ရင်း
"မိတ်ဆွေ ဘာလို့ လောနေရတာလဲ"
သူသည် ပုလွေကို နှုတ်ခမ်းတွင် တေ့ကာ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ စိတ်ဝိညာဉ်ကို ညို့ယူဖမ်းစားနိုင်သော ပုလွေသံ ထွက်ပေါ်လာသည်။ ထိုအသံသည် ရည်မှန်းချက်ထားသူမှတစ်ပါး မည်သူမျှ မမြင်နိုင်၊ မကြားနိုင်ချေ။ ဤသည်မှာ သူ၏ ကိုယ်ပိုင်လျှို့ဝှက်ချက်ဖြစ်သော အသံဖြင့် လှည့်စားခြင်းအတတ်ပင် ဖြစ်သည်။ ရန်သူ အရေအတွက်ကို သူ မကြောက်ချေ၊ ရန်သူ၏ စိတ်ဝိညာဉ်အခြေခံသည် သူ၏အောက် နိမ့်ကျနေသရွေ့ ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်။ စိတ်ဝိညာဉ်အခြေခံ ပိုမိုခိုင်မာသူများပင်လျှင် ဒဏ်ရာရရှိပေလိမ့်မည်။ ထိုအဖြူရောင်ပုံရိပ်၏ စိတ်ဝိညာဉ် တုန်လှုပ်သွားသည်နှင့် တစ်ပြိုင်နက်၊ သူတို့ ခုနစ်ဦးလုံး တစ်ပြိုင်နက် တိုက်ခိုက်ကာ အသေသတ်ကြမည်ဖြစ်သည်။ ထိုအခါ တစ်ဖက်လူတွင် လွတ်မြောက်ရန် လမ်းစ ရှိတော့မည်မဟုတ်။
သို့သော်လည်း ဆရာရှောင်ကို အလွန်တရာ တုန်လှုပ်သွားစေသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ထိုအဖြူရောင်ပုံရိပ်၏ ဘေးပတ်လည်တွင် မည်းနက်သော အလင်းကွင်းတစ်ခု ပေါ်ထွက်လာသည်။ ထိုမည်းနက်သော အရှိန်အဝါ တစ်ချက် တုန်ခါသွားသည်နှင့် အသံလှိုင်းအားလုံးမှာ ဟာလာဟင်းလင်းပြင်အတွင်းသို့ ကွယ်ပျောက်သွားတော့သည်။ နောက်တစ်စက္ကန့်တွင် ထိုပုံရိပ်သည် နန်းတော်ကြီး၏ အပြင်ဘက်သို့ လွတ်မြောက်ကာ ဝေးရာသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
နတ်ဆိုးစုံတွဲက လိုက်လံဖမ်းဆီးရန် ထွက်လာသည့်အခါတွင်မူ ထိုလူ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။ ဆရာရှောင်က တံခါးဝသို့ လျှောက်လာခဲ့သည်။ သူ၏ မျက်နှာမှာ ဖြူလျော်နေပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ ကျောက်စိမ်းပုလွေ၏ တန်ပြန်စွမ်းအားကြောင့် သူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။ သူသည် ငေးငိုင်စွာ စိုက်ကြည့်နေမိပြီး သူ၏ စိတ်အာရုံမှာ တုန်လှုပ်နေခဲ့သည်။
"အဲဒါ ဘယ်သူလဲ.... ငါတို့ ရှစ်ယောက်လုံးကို အမှိုက်လို သဘောထားပြီး စိတ်ကြိုက် နင်းချေသွားတာ၊ သူက စီရင်စုသခင်တစ်ယောက်လား"
မည်သူမျှ ပြန်မဖြေချေ။ ထိုအဖြူရောင်ပုံရိပ်သည် စီရင်စုသခင်တစ်ဦး ဖြစ်နေလျှင်ပင်၊ သူတို့ ရှစ်ဦးလုံး၏ ပူးပေါင်းအင်အားမှ ဤမျှ လွယ်ကူစွာ လွတ်မြောက်သွားနိုင်ခြင်းမှာ မယုံကြည်နိုင်စရာပင်။ သူတို့ထဲတွင် မည်သူမျှ သာမန်လူများ မပါကြချေ။ အားအနည်းဆုံးဖြစ်သော ကျိုးစုန်းပင်လျှင် ဂိုဏ်းကြီးများ၏ ဂိုဏ်းမျိုးဆက်နှင့် ရင်ပေါင်တန်းနိုင်သော ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ရလဒ်မှာ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ကျိုးစုန်း၏ ဆုန်းယန်သံမဏိဓားပင်လျှင် ထိုလူ၏ လက်ထဲသို့ ပါသွားခဲ့ရသည်။
ဆရာတော်ရှောင်တစ်ယောက် မယုံကြည်နိုင်စွာဖြင့် ကြက်သေသေနေစဉ်၊ သူ၏ နောက်ဘက်မှ ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခု ရုတ်တရက် ဆိုက်ရောက်လာသည်။
"ယုတ်မာလိုက်တာ"
လန်ချန်းအဘိုးအိုလေးဦးသည် ချက်ချင်းပင် မှော််ရတနာလေးခုဖြင့် သူ့အား တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ နတ်ဆိုးစုံတွဲမှာ မျက်နှာပျက်သွားပြီး အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။
"မောင်ရေ မိန်းမတို့ အရင်ဆုတ်ကြစို့"
ယို့ရှားက တိုက်တွန်းလိုက်သည်။
မင်ရှားသည်လည်း ထပ်မံ၍ မိုက်ရူးရဲမဆန်တော့ပေ။ သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ပုံရိပ်၏ လက်ဝါးဒဏ်ကို ခံထားရသဖြင့် တိုက်ခိုက်ရန် မတတ်နိုင်တော့ပေ။ လင်မယားနှစ်ယောက်သား အဘိုးအိုလေးဦး၏ ဝိုင်းရံမှုကို ခံနေရသော ဆရာရှောင်ကို ပစ်ပယ်ကာ ချက်ချင်းပင် ထွက်ခွာလာကြတော့သည်။
မဆုတ်ခွာမီ မင်ရှားက အနောက်သို့ လှည့်ကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ထိုတိုက်ကွက်ကြောင့် ပြင်းထန်သော မိစ္ဆာချီလှိုင်းကြီးသည် ဆရာရှောင်၏ ခန္ဓာကိုယ်အတွင်းသို့ တူနှင့် ထုရိုက်လိုက်သလို တိုးဝင်သွားတော့သည်။
"မင်းတို့ ကောင်တွေ ဘယ်သူမှ ဒီကနေ အသက်ရှင်လျက် ထွက်မသွားရဘူး"
ဆရာရှောင်က ဟိန်းဟောက်လိုက်သည်။
သူ၏ စူးရှလှသော အော်ဟစ်သံသည် လေထုထဲတွင် ပဲ့တင်ထပ်နေသည်။ အဘိုးကြီး လေးဦးသည် စိတ်ကို စုစည်းကာ အစွမ်းကုန် တုံ့ပြန်လိုက်ကြသည်။ အကယ်၍ သူ့အား ဤနေရာတွင် မသတ်နိုင်ပါက ဘာမှမရဘဲ ပြန်ရမည်ဖြစ်ရာ ထိုဆုံးရှုံးမှုကို သူတို့ လက်မခံနိုင်ကြချေ။ ဤသို့ဖြင့် တိုက်ပွဲကြီး စတင်လေတော့သည်။
ထိုတိုက်ပွဲနှင့် မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်တွင်မူ အဖြူရောင် အလင်းတန်းသည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ထိပ်တန်းအဆင့် မှော််ရတနာနှင့် စွမ်းအားတူညီလှသည့် ချပ်ဝတ်တန်ဆာများကို ခံစားမိပြီးနောက် သူ၏ မျက်နှာတွင် အံ့သြမှုများ ထွက်ပေါ်လာသည်။
"သူတို့က ငါထင်ထားတာထက် ပိုပြီး အားနည်းနေတာလား...."
"မဟုတ်ဘူး.... ငါ ပိုပြီး အစွမ်းထက်လာတာ ဖြစ်ရမယ်"
သူ လက်သီး ဆုပ်လိုက်ရင်း၊ အရေပြားအောက်တွင် စီးဆင်းနေသော စွမ်းအားကို ခံစားလိုက်သည်။
"ဒီစွမ်းအား.... ပြီးတော့ ဒီအရှိန်အဟုန်...."
ချက်ချင်းပင် သူ၏ ပခုံးနှစ်ဖက်မှ နီမြန်းသော အတောင်ပံတစ်စုံ ဖြန့်ထွက်လာသည်။ အမွှေးအတောင်များပေါ်တွင် မိုးကြိုးလျှပ်စီးကြောင်းများ တဖျတ်ဖျတ် တောက်လောင်နေသည်။ နီမြန်းသော အတောင်ပံသည် သူနှင့်အတူ အသွင်ပြောင်းလဲသွားခဲ့ပြီး အဆင့်မြင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ငါသာ တိဝမ်ယွင်နဲ့ ထပ်ပြီး ဆုံတွေ့ရရင်.... မိုးကြိုးလှိုင်းမုန်တိုင်းအစီအရင် မရှိရင်တောင်၊ ငါနိုင်ဖို့ အခွင့်အရေး ၇၀ ရာခိုင်နှုန်း ရှိတယ်လို့ ပြောရမယ်"
လော့ချန် တိုးညှင်းစွာ ရယ်မောရင်း အတောင်ပံများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ယံထက်သို့ ခုန်တက်ကာ နန်းတော်အပျက်အစီးများရှိရာ အရပ်မှ ဝေးရာသို့ ပျံသန်းထွက်ခွာသွားတော့သည်။
သူသည် ဤလျှို့ဝှက်နယ်မြေ၏ ဗဟိုချက်မဆီသို့ သွားရန် ရည်ရွယ်ချက် လုံးဝမရှိချေ။ အခွင့်အရေးဆိုသည်မှာ အမြဲတမ်း ပြင်ဆင်ထားသူများအတွက်သာ ဖြစ်ပြီး၊ သူသည် လုံးဝ မပြင်ဆင်ရသေးချေ။ ပို၍ အရေးကြီးသည်မှာ ဤနေရာသည် ကျောက်စိမ်းအိုးနယ်မြေမှ ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ အာရုံစိုက်မှုကို ခံထားရပြီ ဖြစ်သည်။ ယခင်က သူ ဆုံတွေ့ခဲ့သော အစွမ်းထက် ကျင့်ကြံသူများပင် အပြင်ပန်းတွင်သာ လှည့်လည်နေရသည်ဆိုကတည်းက ဗဟိုချက်မတွင် မည်မျှ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေမည်ကို ခန့်မှန်းနိုင်သည်။
သူ၏ ခန္ဓာကိုယ်မှာ အလွန် ကြံ့ခိုင်နေပြီ ဖြစ်သော်လည်း သူသည် ၎င်းအပေါ် အခြေခံသည့် တိုက်ကွက်များကို မလေ့ကျင့်ရသေးချေ။ သူသည် သာမန် ခန္ဓာကိုယ် စွမ်းအားကိုသာ အားကိုးနေရသေးသည်။ သူ၏ အားသာချက်ဖြစ်သော မှော်အတတ်မှာလည်း လက်ရှိတွင် ချီစွမ်းအား ကုန်ခမ်းမှုကြောင့် ကန့်သတ်ခံထားရသည်။ ဤအခြေအနေဖြင့် ရတနာသွားရှာခြင်းမှာ သေမင်းအားသွားရှာသည်နှင့် တူပေလိမ့်မည်။ ထို့ကြောင့် ဆုတ်ခွာခြင်းကသာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်၏။
လော့ချန်သည် သူ၏ လက်ကျန်ချီစွမ်းအားကို မသုံးစွဲဘဲ အထွတ်အထိပ်အဆင့် လေလွင့်ခြေလှမ်းကိုသာ သုံး၍ အလျင်အမြန် ဆုတ်ခွာခဲ့သည်။ လမ်းခရီးတွင် သူသည် အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့် မည်သူမျှ သူ ဖြတ်သန်းသွားသည်ကို သတိမပြုမိကြချေ။ သို့သော်လည်း လမ်းခရီးတလျှောက် ဖြစ်ပွားနေသော တိုက်ပွဲအချို့ကို သူ လှမ်းမြင်နေရသည်။ တစ်ကိုယ်တော်ကျင့်ကြံသူ အနည်းငယ်သာ ရှိပြီး တိုက်ပွဲအများစုမှာ ဂိုဏ်းကြီးများမှ တပည့်များအကြား ဖြစ်ပွားနေခြင်း ဖြစ်သည်။
"စစ်ပွဲက မပြီးသေးဘူးလား.... ဒါမှမဟုတ် ပုံစံပြောင်း၊ နေရာပြောင်းသွားတာပဲ ဖြစ်ရမယ်.... ဒါပေမဲ့ အတူတူပါပဲ"
လော့ချန် ရေရွတ်ရင်း ရုတ်တရက် ရပ်တန့်လိုက်သည်။
ရှေ့တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေပြီး၊ တိုက်ခိုက်နေကြသော နှစ်ဖက်စလုံးမှာ သူ ကောင်းစွာ သိကျွမ်းနေသည့် လူများ ဖြစ်နေကြသည်။
လော့ချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ကံတရားမှာ အမှန်ပင် ကျီစယ်တတ်ပေသည်။
သူ၏ ကျောဘက်တွင် ဆန်းကြယ်သော အတောင်ပံများ ခပ်ဖွဖွ တုန်ခါသွားသည်။ သူသည် လက်တစ်ဖက်တွင် ဓားကို ဆုပ်ကိုင်လိုက်ပြီး၊ အခြားလက်တစ်ဖက်တွင်မူ ဖြူဖွေးဝင်းလက်သော ချပ်ဝတ်လက်အိတ်သည် လင်းယုန်ငှက်ကြီး၏ လက်သည်းများကဲ့သို့ ထွက်ပေါ်လာလေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ