အခန်း ၅၅၆
Vol. 56 Ch. 556
အခန်း (၅၅၆) - အလှပဂေး ဖြစ်နေသော်လည်း ခိုးဝှက်မှု၌ မွေ့လျော်သူ
မိုင်တစ်ထောင်မျှ ကျယ်ပြောလှသော သဲကန္တာရကြီးအတွင်း၌ အထီးကျန် လူရိပ်တစ်ခုသည် ပင်ပန်းနွမ်းနယ်စွာဖြင့် တရွေ့ရွေ့ လျှောက်လှမ်းနေ၏။ သူ၏ ကျောပြင်ထက်တွင် သံမဏိဓားတစ်လက်ကို လွယ်ပိုးထားပြီး မျက်နှာထက်၌မူ အိုမင်းရင့်ရော်ခြင်း အရေးအကြောင်းများ ထင်ဟပ်နေသည်။ သူ့အား ရင်းနှီးကျွမ်းဝင်သူ တစ်ဦးဦးသာ မြင်တွေ့ပါက ထိုသူသည် ထျန်းလန်နတ်ဘုရားမြို့တော်ရှိ သံဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကျိုးစုန်း ဖြစ်ကြောင်း ဧကန်မုချ မှတ်မိကြပေလိမ့်မည်။
သို့သော် ကျိုးစုန်း လျှို့ဝှက်နယ်မြေငယ်အတွင်း၌ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းကို နတ်ဆိုးစုံတွဲနှင့် လန်ချန်းအဘိုးကြီးလေးဦးတို့ သိရှိကြပေသည်။ သို့ဖြစ်ရာ ဤလူမှာ ကျိုးစုန်းအဖြစ် ရုပ်ပြောင်းထားသူသာ ဖြစ်ပေလိမ့်မည်။
မိမိထွက်ခွာလာပြီးနောက် တိမ်ပြိုဂိုဏ်းမှ ထိုနယ်မြေငယ်ကို ပိတ်ဆို့ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းကိုမူ ထိုရုပ်ပြောင်းထားသူခမျာ မသိရှိသေးချေ။ ယခုအချိန်၌ သူသည် လျင်မြန်ပြင်းထန်ခဲ့သော ထိုတိုက်ပွဲအကြောင်းကို ပြန်လည်တွေးတောရင်း မိမိ၏ အင်အားကို ပိုမိုရှင်းလင်းစွာ နားလည်လာမိသည်။ သူ၏ အရှိန်အဝါမှာ ရွှေအမြုတေအစောပိုင်းအဆင့် ကျင့်ကြံသူများ၏ အရှိန်ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်မှော်ရတနာများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရုံမက ချီစွမ်းအင်မှာလည်း ထူထပ်ကာ အားကောင်းလှပေသည်။
ထိုအချက်သုံးချက် ပေါင်းစပ်လိုက်ပါက သူသည် အနီးကပ်တိုက်ပွဲများ၌ ကြောက်မက်ဖွယ်ရာ စွမ်းပကားများကို ထုတ်ဖော်နိုင်ပေသည်။ အခြေတည်ကျင့်ကြံသူများကြား ပြိုင်ဘက်ကင်းဟု သတ်မှတ်ခံထားရသည့် သွေးမိစ္ဆာကဲ့သို့ ရွှေအမြုတေတစ်ပိုင်း ကျင့်ကြံသူကိုပင် သူ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် တကယ့် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရပါက လော့ချန် အနေဖြင့် အကြွင်းမဲ့ ယုံကြည်ချက် မရှိသေးချေ။ သို့သော် သူ တစ်ဦးတည်းဖြင့် ခုခံထားနိုင်လောက်ပေသည်။
ဤမျှ သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ကောင်းစွာ အသုံးမပြုပါက နှမြောစရာ ကောင်းလှပေလိမ့်မည်။ သို့သော် ခန္ဓာကိုယ် ကျင့်စဉ်အနက် အစွမ်းထက်သော တိုက်ကွက်များကိုမူ သူ များများစားစား မတတ်မြောက်သေးချေ။ သူ၌ရှိသည်မှာ တောင်ဖြိုကျောက်တိုင်ခွဲလက်ဝါးနှင့် လင်းယုန်အသွင်ပြောင်းအတတ်မှ ရရှိသည့် လင်းယုန်နတ်ဘုရားလက်သည်း တိုက်ကွက်တို့သာ ရှိသည်။
“ငါ ပြန်ရောက်ရင် အစ်ကိုဝမ်နဲ့ သေသေချာချာ တိုင်ပင်ရမယ်.... သူသာဆို ငါ့ကို အကြံဉာဏ်ကောင်းတွေ အများကြီး ပေးနိုင်မှာ သေချာတယ်”
ပြီးခဲ့သည့် တိုက်ပွဲအတွင်း လော့ချန်သည် လင်းယုန်နတ်ဘုရားလက်သည်းကို စမ်းသပ်ခဲ့ပြီး ဖြစ်သည်။ ၎င်း၏ စွမ်းဆောင်ရည်မှာ အလွန်ထူးကဲလှပြီး ခံစစ် မှော်ရတနာများကိုပင် ဖျက်ဆီးပစ်နိုင်လောက်အောင် ပြင်းထန်လှသည်။ သို့သော် အားနည်းချက်မှာလည်း ထင်ရှားလှပေသည်။ ၎င်းမှာ တိုက်ခိုက်မှုအကွာအဝေး အလွန်တိုတောင်းခြင်းပင် ဖြစ်သည်။ လော့ချန် အနေဖြင့် မိမိ၏ ခန္ဓာကိုယ်ကို သားရဲအသွင်သို့ ပြောင်းလဲပြီး တိုက်ခိုက်မှုအကွာအဝေးကို မချဲ့ထွင်ပါက ထိုသို့လုပ်ဆောင်ခြင်းက သူ့အား ပစ်မှတ်ကြီးတစ်ခု ဖြစ်သွားစေပေလိမ့်မည်။ အကွာအဝေးကို ရယူရန်အတွက် အန္တရာယ်ကို ဖိတ်ခေါ်ရသကဲ့သို့ ဖြစ်နေသည်။
‘ဘယ်လိုလုပ်ရမလဲ.... တကယ်ကို ဆုံးဖြတ်ရခက်တဲ့ ကိစ္စပဲ’
ထိုအတွေးနှင့်အတူ သူသည် သွေးမိစ္ဆာနှင့် တိုက်ခိုက်ခဲ့စဉ်က အကြောင်းကို ပြန်လည်အမှတ်ရသွားသည်။
“အင်း.... ဟန်ကျန့်ကတော့ အသက်ရှင်နေဦးမှာပဲ၊ ဟန်မိသားစုမှာ အသေခံရုပ်သေးရုပ်တွေ ရှိတာပဲ”
တာဟဲဈေးမြို့တော်၏ အဆုံးအဖြတ်စင်မြင့်ထက်တွင် ရန်ဘက်အင်အားစုနှစ်ခု ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြစဉ်က တာကျန်းဂိုဏ်းမှ ကောင်းထင်ယွမ်သည် ထိုအသေခံရုပ်သေးရုပ်ကို အသုံးပြုခဲ့ဖူးသည်။ ထိုအရာများမှာ အမှန်တကယ်ပင် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။ လော့ချန် သိသလောက်ဆိုလျှင် ကျောက်စိမ်းအိုးနယ်မြေကြီးအတွင်း တိမ်ပြိုဂိုဏ်းမှ ဟန်မိသားစုတစ်ခုတည်းသာ ဤအရာကို သွန်းလုပ်နိုင်သည့် အတတ်ပညာ ရှိပေသည်။
တာဟဲဈေးမြို့တော်အကြောင်းကို တွေးမိသည်နှင့် လော့ချန်သည် သိုလှောင်အိတ်ထဲရှိ လူသားပုံစံ ရုပ်သေးရုပ်နှင့် ရှုကျီအကြောင်းကိုပါ ပြန်လည်သတိရလာမိသည်။
သူ၏ နှုတ်ခမ်းအစုံမှာ ကျေနပ်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားရသည်။ အကယ်၍ ထိုစဉ်က ထျန်းရှင်းကျီသာ အဖြစ်မှန်ကို မပြောခဲ့ပါက ရှုကျီ၏ မလိမ့်တပတ် လုပ်မှုကို သူ သိလိုက်ရမည် မဟုတ်ချေ။
ထိုစဉ်က ထျန်းရှင်းကျီသည် သူ၏ ကတိကို ဖျက်ဖျက်ခဲ့ခြင်း မဟုတ်ပေ။ သူသည် လော့ချန်အတွက် အခြေတည်ဆေးလုံးသုံးလုံးကို အမှန်တကယ် ရှာဖွေပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ထျန်းရှင်းကျီကိုယ်စား တာဟဲဈေးမြို့တော်သို့ လာခဲ့သော ရှုကျီကမူ ဆေးလုံးနှစ်လုံးကိုသာ ပေးခဲ့ပြီး တစ်လုံးကို လျှို့ဝှက်စွာ သိမ်းဆည်းထားခဲ့သည်။ အကယ်၍ လော့ချန်သာ နတ်ဒေဝါပျားရည် သုံးသုတ်ကို ကိုယ်တိုင်မဖော်စပ်နိုင်ခဲ့ပါက သူ၏ အခြေတည်အဆင့်တက်လှမ်းမှုမှာ အလုံးစုံ ကျရှုံးသွားနိုင်ပေသည်။
ဤသည်မှာ ကျင့်ကြံသူများအကြား အဆိုးရွားဆုံးသော ရန်ငြိုးမျိုး ဖြစ်၏။ မိမိ၏ တာအိုလမ်းကြောင်းကို တိုက်ရိုက်ပိတ်ဆို့လိုက်ခြင်းပင် မဟုတ်ပါလော။ ဤကဲ့သို့သော နာကျည်းမှုကို လွယ်လွယ်နှင့် ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိချေ။ အကယ်၍ အခွင့်အရေးသာ စောစောရခဲ့ပါက လော့ချန် အပြည့်အဝ တုံ့ပြန်ခဲ့ပြီးသား ဖြစ်လိမ့်မည်။ ဟန်ကျန့်က ဤအကြောင်းကို တိုင်တန်းမည်လားဆိုသည်ကိုမူ သူ မစိုးရိမ်ပေ။ သူ တိုက်ခိုက်ချိန်တွင် ရုပ်သွင်ကို ဖုံးကွယ်ထားခဲ့ရုံမက အမှတ်အသားဖြစ်သော မီးဓာတ်မှော်အတတ်များကိုလည်း အသုံးမပြုခဲ့ချေ။ သူ မည်သည့်ခြေရာလက်ရာမျှ ချန်လှန်မထားခဲ့ပေ။
ကျန်ရှိနိုင်သော တစ်ခုတည်းသော သဲလွန်စမှာ ကြက်သွေးရောင် တောင်ပံသာ ရှိသည်။ သို့သော် ၎င်းမှာ မှော်ရတနာတစ်ခုမှ ထွက်ပေါ်လာသည့် အရိပ်မျှသာ ဖြစ်ပြီး သွေးချီစွမ်းအင်ဖြင့်သာ သူ နှိုးဆွခဲ့ခြင်း ဖြစ်သည်။ သေချင်ယောင်ဆောင်ကာ မျက်စိမှိတ်နေခဲ့သော ဟန်ကျန့်အနေဖြင့် မည်သည့်အရာကိုမျှ သတိထားမိလိမ့်မည် မဟုတ်ချေ။ သွေးမိစ္ဆာကမူ လော့ချန် မည်သူမည်ဝါဖြစ်ကြောင်း သိရှိခဲ့သော်လည်း ယခုအခါ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် သွေးမိစ္ဆာ၏ ဇစ်မြစ်က လော့ချန်ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
သူ့အား သတ်ဖြတ်ပြီးနောက် လော့ချန် နတ်မျက်စိဖြင့် ကြည့်ရှုလိုက်သောအခါ ရုပ်ဖျက်ထားမှုကို ထိုးဖောက်မြင်သွားခဲ့ရသည်။ မထင်မှတ်ဘဲ ထိုသူမှာ မက်မွန်တောင်မှ ရွှမ်ယွီဖြစ်နေသည်။ ဤသည်မှာ လုံးဝ မျှော်လင့်မထားသော အရာပင်။ ရွှမ်ယွီသည် ထူးခြားမြင့်မားသော ရာထူးမရှိသော်လည်း သူ့နောက်တွင် အကြီးအကဲမက်မွန်ပွင့် ရှိနေသည့်အပြင် ရွှေအမြုတေတစ်ပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသည် မက်မွန်တောင်၏ ပြည့်တန်ဆာလုပ်ငန်းကြီးကိုပင် ဦးစီးနေသဖြင့် စည်းစိမ်ဥစ္စာ မနည်းလှချေ။ ရွှမ်ယွီတွင် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သည့် လက္ခဏာမျိုးလည်း မရှိခဲ့ရာ အဘယ်ကြောင့် ထိုကဲ့သို့ နတ်ဆိုးလုပ်ရပ်များကို လုပ်ဆောင်ရသနည်း။
“ဘာပဲဖြစ်ဖြစ် ဒါတွေက ငါနဲ့ မသက်ဆိုင်ဘူး.... အရင်ဆုံး ထျန်းလန်မြို့ကို ပြန်ပြီး ချီစွမ်းအင်တွေကို ပြန်ဖြည့်ရမယ်"
လော့ချန် လျင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။ သို့သော် သူ ရွှေသဲကျွန်းမျော၏ မိုင်တစ်ထောင်အကွာသို့ ရောက်ရှိသောအခါ ရုတ်တရက် ခြေလှမ်းများ တန့်သွားရသည်။
သူသည် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားအချို့ကို ထုတ်ယူလိုက်ရာ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ အားလုံးမှာ သူ့ထံရောက်ရှိနေသည့် သတင်းစကားများ ဖြစ်ကြသည်။ အချို့မှာ တွမ်ဖုန်းထံမှ ဖြစ်ပြီး၊ အချို့မှာ ရွှီဟွမ်ကျန်းနှင့် ချူခွေးထံမှ ဖြစ်ကြသည်။ ဤသည်မှာ အံ့ဩစရာ မဟုတ်ပေ။ သူ နတ်ဘုရားအသွင်ပြောင်း နယ်မြေငယ်သို့ ဝင်ရောက်စဉ်က ထိုသုံးဦးမှာ စစ်တလင်းထက်၌ ရှိနေဆဲ ဖြစ်ရာ စိုးရိမ်စိတ်ဖြင့် လိုက်ရှာခြင်းမှာ သဘာဝကျပေသည်။
သူ့အား အံ့အားသင့်စေသည်မှာ ဝမ်ယွမ်နှင့် မင်လုံယွီတို့ထံမှ လာသော သတင်းစကားများ ဖြစ်သည်။
“ဒီနှစ်ယောက်က ထျန်းလန်နတ်ဘုရားမြို့တော်မှာ ရှိနေရမှာ မဟုတ်ဘူးလား....”
လော့ချန် ကျောက်စိမ်းပြားများကို အသက်သွင်းကာ တစ်ခုချင်းစီကို နားထောင်လိုက်သည်။ နားထောင်ပြီးသွားသောအခါ သူ၏ ရင်ထဲ၌ နွေးထွေးသော ခံစားချက်တစ်ခု တိုးဝှေ့လာရသည်။ တားဆီး၍မရသော ခံစားချက်များက သူ၏စိတ်နှလုံးထဲသို့ လွှမ်းမိုးသွားသည်။
“သူတို့တွေက ငါ့ကို ကယ်ဖို့ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာကြတာလား....”
“ကောင်းပြီ.... ဒါဆိုရင် အရင်ဆုံး တွေ့ဖို့ ချိန်းလိုက်မယ်”
သူသည် တုံံ့ဆိုင်းမနေဘဲ ဝမ်ယွမ်၊ ချူခွေးနှင့် မင်လုံယွီတို့ထံသို့ အသံပြန်လည် ပေးပို့လိုက်တော့သည်။
....
မိုင်တစ်ထောင် သဲကန္တာရကြီး၏ အလွန်၊ စိမ်းလန်းစိုပြည်သော တောအုပ်နက်ကြီးအတွင်း၌ လူရိပ်သုံးခုသည် မိုးကြိုးလျှပ်စီးကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းပျံသန်းလာကြသည်။ သူတို့ မြေပြင်သို့ ဆင်းသက်သည်နှင့် စိတ်ဝိညာဉ်အသိကို ချက်ချင်း အသက်သွင်းလိုက်ကြသည်။ သို့သော် သူတို့ ရှာဖွေခြင်းမပြုရီမှာပင် သစ်ပင်ကြီးတစ်ပင်နောက်မှ ဆင်စွယ်ရောင်ဝတ်ရုံနှင့် လူတစ်ဦးက အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်လျက် ထွက်ပေါ်လာသည်။
“အားလုံးပဲ.... မတွေ့ရတာ ကြာပြီနော်”
လော့ချန် ခပ်ဖွဖွ ပြုံးရင်း ဆိုလိုက်သည်။ သူ၏ ပိန်ပါးသော မျက်နှာထက်မှ ပုံမှန် အေးစက်စူးရှမှုများမှာ အနည်းငယ် လျော့ပါးသွားရသည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... တကယ်.... တကယ်ပဲ အသက်ရှင်နေသေးတာပဲ”
မင်လုံယွီက စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ အရှေ့သို့ ဝမ်းသာအားရ ပြေးလာသည်။
မင်လုံယွီတစ်ယောက် မိမိအား လာဖက်တော့မည်ကို ကြိုမြင်သဖြင့် လော့ချန် လက်ကို အမြန်မြှောက်၍ တားဆီးလိုက်ရသည်။
“မင်းကွာ သူများထက်ကိုပိုတယ်.... မသိတဲ့လူဆိုရင် မင်းနဲ့ငါ့ကို ကြိုက်နေကြတယ် ထင်တော့မယ်”
မင်လုံယွီက ခြေလှမ်းများ ချက်ချင်းရပ်ကာ ရှက်ရှက်ဖြင့် ခေါင်းကို ကုတ်လိုက်သည်။ လော့ချန်က သူ၏ ပုခုံးကို ပုတ်ကာ ဆိုသည်။
“မင်းရဲ့ အစီအရင်က သိပ်အထင်ကြီးစရာပဲ”
မင်လုံယွီ၏ မျက်လုံးများ တောက်ပသွားပြီး လွှတ်ခနဲ ဆိုသည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော့်မှာ အခု ဒီထက်ကောင်းတာတွေ ရှိသေးတယ်၊ ကြည့်မလားဗျ”
လော့ချန် သဘောကျစွာ ရယ်မောရင်း ခေါင်းခါလိုက်သည်။
“အရင်ဆုံး အကာအကွယ် အစီအရင်တစ်ခု ခင်းလိုက်ဦး၊ တခြားလူတွေ မြင်နေမယ်”
“ဟဲဟဲ.... ဟုတ်ကဲ့ပါဗျ”
မင်လုံယွီက အစီအရင်ပြားကို ချက်ချင်းထုတ်ကာ ပတ်ဝန်းကျင်၌ စတင်ခင်းကျင်းတော့သည်။ ထိုမှော်အစီအရင်ပြားမှာ ယခင်က ယန်ဝေတစ်ယောက် ဝမ်ယွမ်ကို သတ်ဖြတ်ရန် မိုးကြိုးထောင်ချောက် အစီအရင် ခင်းကျင်းခဲ့သည့် ရတနာပင် ဖြစ်သည်။
လော့ချန်က ထိုရတနာကို ဝမ်ယွမ်နှင့်အတူ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ တစ်နှစ်မျှသာ ရှိသေးသော်လည်း မင်လုံယွီသည် ၎င်း၏ လျှို့ဝှက်ချက်များကို နားလည်နေပြီ ဖြစ်သည်။ မဟုတ်ပါက ထိုလူသည် ယခုကဲ့သို့ ယုံကြည်မှုအပြည့်နှင့် ကြွားဝါနိုင်လိမ့်မည် မဟုတ်ချေ။
“ငါ သိသားပဲ၊ မင်းဆိုတဲ့ကောင်က လွယ်လွယ်နဲ့ သေမယ့်လူ မဟုတ်ဘူးဆိုတာ”
ချူခွေးက တဟားဟား ရယ်မောရင်း အနားသို့ လျှောက်လာသည်။
လော့ချန်က သူ့အား နှုတ်ဆက်လိုက်သည်။
“ချူခွေး.... အဲ့တုန်းက မင်း ငါ့ကို ကာကွယ်ပေးပြီး တိဝမ်ယွင်နဲ့ ရင်ဆိုင်ပေးခဲ့တာ၊ ဒီကျေးဇူးကို ငါ ဘယ်တော့မှ မမေ့ပါဘူး”
ချူခွေးက လက်ကို ဝှေ့ယမ်းကာ ပယ်ချလိုက်သည်။
“ဒါတွေ ဘာလို့ ပြန်ပြောနေတာလဲ၊ ငါ့အကြောင်း မင်းသိပါတယ်၊ ငွေရရင် အလုပ်လုပ်တာပဲ၊ မင်း ငါ့ကို ငွေမပေးရသေးပေမယ့် ငါ ကတိပေးခဲ့ပြီးပြီဆိုတော့ အဆုံးထိ လုပ်ရမှာပေါ့”
လော့ချန် ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ အချို့သောအရာများသည် နှုတ်ဖြင့် ပြောနေမည့်အစား နှလုံးသားထဲ၌သာ ထွင်းထုထားခြင်းက ပို၍ လေးနက်ပေသည်။
နောက်ဆုံးတွင် ဝမ်ယွမ်က အရှေ့သို့ လျှောက်လာပြီး လော့ချန်၏ ရင်ဘတ်ကို လက်သီးဖြင့် ခပ်ပြင်းပြင်း တစ်ချက် ထိုးလိုက်သည်။
“အဲ့တိုက်ပွဲကို မင်း ငါ့ကိုယ်စား တိုက်ပေးခဲ့တာ”
ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း အရာအားလုံး ပါဝင်နေပေသည်။ အမှန်ပင်၊ အကယ်၍ ဝမ်ယွမ်ကို ကယ်တင်ရန် မဟုတ်ပါက လော့ချန်သည် ယန်လေကျိကို သတ်ဖြတ်မိမည်မဟုတ်သလို၊ တိဝမ်ယွင်ကိုလည်း ရန်ငြိုးဖွဲ့မိမည် မဟုတ်ချေ။ ကံကြမ္မာ၏ အလှည့်အပြောင်းတိုင်းတွင် အကြောင်းနှင့် အကျိုး ရှိစမြဲပင်။ လော့ချန်သည် ဆုံးရှုံးမှုများစွာ ရှိခဲ့သော်လည်း နတ်ဘုရားအသွင်ပြောင်း နယ်မြေငယ်အတွင်းမှ အကျိုးအမြတ်များလည်း ရရှိခဲ့ရာ အချည်းနှီးတော့ မဟုတ်ခဲ့ပေ။
“ဟင်....”
ရုတ်တရက် ဝမ်ယွမ်က လော့ချန်ကို အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်လာသည်။ သူ မသိစိတ်ဖြင့် လော့ချန်၏ ရင်ဘတ်ကို လှမ်း၍ တို့ထိရန် ပြင်လိုက်သည်။
“ဟေ့....”
လော့ချန်က သူ၏လက်ကို ပုတ်ထုတ်လိုက်သည်။
“အစ်ကိုကြီး.... ဒါမျိုးကြီးတော့ မလုပ်နဲ့လေ၊ အစ်ကိုကြီးရဲ့ အကြည့်နဲ့ လက်ဟန်က နည်းနည်း ကြက်သီးထစရာကြီး သိလား”
ဝမ်ယွမ်က ခေါင်းခါရင်း လော့ချန်ကို ဇဝေဇဝါ စိုက်ကြည့်ကာ ဆိုသည်။
“မင်းရဲ့ ခန္ဓာကိုယ်က....”
“ပြန်ရောက်ရင် ပြောမယ်ဗျာ”
လော့ချန်က သူ၏ စကားမဆုံးမီ ဖြတ်ပြောလိုက်သည်။ ထို့နောက် အစီအရင်အတွင်းမှာပင် သူသည် ပိုင်ရှင်မဲ့ မှော်ရတနာများကို သိုလှောင်အိတ်ထဲမှ ထုတ်ယူကာ မြေပြင်ပေါ်သို့ သွန်ချလိုက်သည်။ ဤလုပ်ရပ်က ထူးဆန်းနေသော်လည်း ချူခွေးကမူ ချက်ချင်း နားလည်သွားသည်။
“အမှန်တော့ အဲဒါတွေကို သွားပြီး စာရင်းသွင်းဖို့ မလိုတော့ပါဘူး၊ လေးဂိုဏ်းမဟာမိတ်အဖွဲ့က မင်း တိဝမ်ယွင်ကို သတ်လိုက်တာ သိပြီးသားပဲ၊ ဂုဏ်းထူးဆောင်စာရင်းမှာ မင်းအတွက် အမှတ်တစ်သောင်း စာရင်းဝင်ထားပြီးပြီ၊ အဲဒါက အထက်လမ်းစဉ် ရွှေအမြုတေဖွဲ့စည်းနည်းနဲ့ လဲလှယ်ဖို့ လုံလောက်တယ်”
‘ရွှေအမြုတေစီရင်သခင်ကို သတ်တာတောင် တစ်သောင်းပဲ ရတာလား၊ တကယ် နှမြောစရာပဲ’ ဟု လော့ချန် စိတ်ထဲမှ တွေးလိုက်သည်။
“တစ်သောင်းတည်းနဲ့ မလုံလောက်ဘူး၊ ငါ အိုက်လောင်တောင်နဲ့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ အောက်လမ်းစဉ် လျှို့ဝှက်နည်းတွေကိုပါ လိုချင်သေးတယ်”
“အဲ့ဒါနဲ့တောင် ပိုလျှံနေပါသေးတယ်၊ ငါတို့ အတူတူ ပူးပေါင်းတုန်းက အမှတ်ရှစ်ထောင်ကျော် ရထားတာလေ၊ အဲ့နည်းနှစ်ခုလုံးက စုစုပေါင်း အမှတ်လေးထောင်ပဲ ကျသင့်တာ”
လော့ချန် ခေါင်းညိတ်လိုက်ပြီး
“ဒါပေမဲ့ အောက်လမ်းစဉ် လျှို့ဝှက်နည်းတွေက ပြင်ပပစ္စည်းတွေအပေါ် အများကြီး အမှီပြုနေရတယ်၊ ဥပမာ နဂါးဖီးနစ်နည်းက နဂါးအသွင်ပြောင်းဆေးလုံးနဲ့ နှင်းဖီးနစ်ဆေးလုံး လိုအပ်သလိုမျိုးပေါ့၊ ကျန်တဲ့နှစ်ခုလည်း အတူတူပဲ ဖြစ်မှာပဲ၊ တကယ်လို့ ဖြည့်စွက်ပစ္စည်းတွေ မရနိုင်ရင် ကျန်တဲ့အမှတ်တွေကို အခြေတည်ဆေးလုံးတွေနဲ့ အခြေတည် အရင်းအမြစ်တွေနဲ့ပဲ လဲလှယ်လိုက်မယ်”
သူ တဟားဟား ရယ်မောလိုက်သည်။
“အမှတ်တွေကို အလဟဿ အဖြစ်ခံစရာ အကြောင်းမရှိဘူး မဟုတ်လား၊ နတ်ဘုရားအသွင်ပြောင်း နယ်မြေငယ် ပွင့်လာပြီဆိုတော့ စစ်ပွဲကလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ၊ နောက်ဆုံးတစ်ခေါက် အမြတ်ထုတ်ရတာပေါ့၊ ဒါမှ ဒီခရီးစဉ်က အချည်းနှီးမဖြစ်မှာ”
ချူခွေး ထိုအချက်ကို လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ သူ့အတွက်မူ အခြေတည် ဆေးလုံးများကို လဲလှယ်ရန် မလိုအပ်သော်လည်း လော့ချန်သည် လော့ထျန်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်လေရာ ဤကဲ့သို့သော လက်တွေ့ကျသည့် အကျိုးအမြတ်ကို လျစ်လျူရှုမည် မဟုတ်ချေ။
ချူခွေး၏ အမှတ်များမှာ မှတ်တမ်းဝင်ထားပြီးသား ဖြစ်သည်။ လော့ချန် နယ်မြေငယ်မှ ထွက်လာစဉ် စုဆောင်းခဲ့သော အမှတ်များနှင့်ဆိုလျှင် သူတို့၌ စုစုပေါင်း အမှတ်ကိုးထောင် ရှိပေလိမ့်မည်။ ထိုပမာဏကို မြင်သောအခါ သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
“တကယ်လို့ အဲ့တုန်းက တိဝမ်ယွင်ကြီးသာ ကြားဖြတ်မနှောင့်ယှက်ခဲ့ရင် ငါတို့နှစ်ယောက် အဲ့အချိန်ကတည်းက အမှတ်တွေအလုံအလောက် ရပြီးသားဖြစ်မှာ၊ ဒီလောက် ဒုက္ခရောက်မှာ မဟုတ်ဘူး”
“အတိတ်ကို တွေးမနေပါနဲ့တော့၊ အမြန်သွားပြီး အမြန်ပြန်လာခဲ့၊ ငါတို့ ဒီမှာပဲ စောင့်နေမယ်”
လော့ချန်က ပြောလိုက်သည်။
“ဒါဆို ငါ သွားပြီ”
“ဂရုစိုက်နော်၊ တခြားလူတွေ သတိမထားမိစေနဲ့”
လော့ချန်က စိုးရိမ်စိတ်ဖြင့် သတိပေးလိုက်သည်။
“ငါ သိပါတယ်၊ အမြုတေဖွဲ့စည်းနည်း သုံးခုဆိုတာ လောဘသားတွေရဲ့ မျက်စိကျစရာ ဖြစ်နေမှာပေါ့”
ချူခွေးက ခပ်ဖွဖွ ပြုံးရင်း အမှတ်လဲလှယ်ရန် လိုအပ်သော သက်သေအထုပ်ကို ယူကာ ကောင်းကင်ယံထက်သို့ ပျံတက်၍ ပျောက်ကွယ်သွားတော့သည်။ သူ ထွက်သွားပြီးနောက် လော့ချန်က လော့ထျန်းအဖွဲ့၏ လက်ရှိအခြေအနေကို မေးမြန်းလိုက်ရာ အရာအားလုံး အဆင်ပြေနေဆဲဖြစ်ကြောင်း သိရသဖြင့် စိတ်သက်သာရာ ရသွားတော့သည်။ တစ်ချိန်တည်းမှာပင် ကရုဏာမဲ့နတ်သမီးကိုယ်တိုင် သူ့အား ရှာဖွေရန် နတ်ဘုရားအသွင်ပြောင်း နယ်မြေငယ်သို့ ဝင်ရောက်ခဲ့သည်ဟူသော သတင်းက လော့ချန်ကို အမှန်ပင် အံ့အားသင့်စေခဲ့သည်။
‘အမယ်.... ဒီအမျိုးသမီး ငါ့ကိုတော့ တန်ဖိုးထားရှာသားပဲ၊ ပြန်ရောက်ရင် သွားနှုတ်ဆက်လိုက်ဦးမယ်’
လော့ချန်သည် မိုးကြိုးမုန်တိုင်းကို အသက်သွင်းစဉ်က မိုင်ပေါင်းထောင်ချီ အရပ်မှ ထိုအမျိုးသမီး အပြေးအလွှား ရောက်ရှိလာခဲ့ပုံကို မှတ်မိနေဆဲ ဖြစ်၏။ ယခုအခါ သူသည် အဆင့်မြင့်ကျင့်ကြံသူများကို ရင်ဆိုင်ရန် မည်သို့မျှ ကြောက်ရွံ့ခြင်း မရှိတော့ပေ။ အတိတ်ကမူ သူသည် ဆေးဖော်စပ်ခြင်း အတတ်ပညာ၏ ဂုဏ်သတင်းကိုသာ အားကိုးခဲ့ရသဖြင့် ထိုယုံကြည်မှုမှာ စိတ်ချရခြင်း မရှိခဲ့ချေ။ ယခုမူ သူ၏ အင်အားက သိသာစွာ တိုးတက်လာပြီဖြစ်ရာ စစ်မှန်သော ယုံကြည်မှုဖြင့် ဤကဲ့သို့သော ကိစ္စရပ်များကို အေးဆေးစွာ ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင် စကားဝိုင်းမှာ တရွေ့ရွေ့နှင့် သွေးမိစ္ဆာ၏ အကြောင်းသို့ ရောက်ရှိလာသည်။
“မက်မွန်တောင်က ရွှမ်ယွီ ဟုတ်လား....”
ဝမ်ယွမ် အနည်းငယ် မှင်တက်သွားသည်။
လော့ချန်က ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ၊ သူ ဘာလို့ အဲ့လို လုပ်ရပ်မျိုးကို လုပ်ရလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး”
ဝမ်ယွမ်က မျက်မှောင်ကြုတ်ကာ ဆိုသည်။
“ဖြစ်နိုင်တာကတော့ သူ နတ်ဆိုးကျင့်စဉ်တစ်ခုခုကို ကျင့်ကြံနေလို့ အနှစ်သာရသွေးတွေကို အမြောက်အမြား စုဆောင်းနေတာ ဖြစ်လိမ့်မယ်”
လော့ချန်က တွေးဆဆဖြင့် ရေရွတ်လိုက်သည်။ သူလည်း ဤကဲ့သို့ပင် သံသယဝင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ရှေးဟောင်းလွင်ပြင်တွင်လည်း ဝမ်ယွမ် လျှို့ဝှက်စွာဖြင့် ချီသန့်စင်အဆင့် ကျင့်ကြံသူများ၏ အနှစ်သာရသွေးများကို အမြောက်အမြား စုဆောင်းခဲ့ပုံနှင့် အတူတူပင် ဖြစ်သည်။ ၎င်းမှာ ပျော်ရွှင်မှုအတွက် မဟုတ်သည်မှာ အသေအချာပင်။ ရွှမ်ယွီ၏ နောက်ကွယ်၌ အကြောင်းအရင်းတစ်ခု ရှိပေလိမ့်မည်။ နတ်ဆိုးကျင့်စဉ် ကျင့်ကြံခြင်း သို့မဟုတ် တားမြစ်ဆေးလုံးများ ဖော်စပ်ခြင်းကသာ အသင့်တော်ဆုံးသော ရှင်းလင်းချက် ဖြစ်ပေသည်။
“နှမြောစရာကောင်းတာကတော့ ကျွန်တော် သူ့ဆီကနေ အကောင်းစား ခံစစ် မှော်ရတနာတစ်ခု ရခဲ့ပေမယ့် တခြားလူတွေအရှေ့မှာ ပေါ်ပေါ်ထင်ထင် သုံးလို့မရတာပဲ”
ခံစစ် မှော်ရတနာများမှာ အလွန်ပင် ရှားပါးလှသည်။ မိမိကိုယ်တိုင် သွန်းလုပ်သည့် ပညာရှင်မဟုတ်ပါက သာမန်အခြေတည်ကျင့်ကြံသူတစ်ဦးအဖို့ ရရှိရန် မလွယ်ကူချေ။ ချူခွေးကဲ့သို့သော လူပင်လျှင် အတိတ်က ပျက်စီးနေသော ရတနာတစ်ခုကိုသာ မနည်းရရှိခဲ့ပြီး ၎င်းမှာလည်း တိဝမ်ယွင်၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရသည်။ ရွှမ်ယွီ သယ်ဆောင်လာသော အနီရောင် ပိုးထည်ရတနာမှာ အကြီးအကဲမက်မွန်ပွင့် ပေးထားခြင်း ဖြစ်ရမည်။ တိုက်ပွဲအတွင်း လော့ချန် အလွယ်တကူ အားနည်းချက်ကို ရှာဖွေနိုင်ခဲ့ပုံကို ကြည့်လျှင် ရွှမ်ယွီ ထိုရတနာကို ပိုင်ဆိုင်ခဲ့သည်မှာ မကြာသေးကြောင်း ထင်ရှားသည်။ ၎င်းမှာ သန့်စင်မှု မပြည့်စုံခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
ဝမ်ယွမ်က ဆိုသည်။
“မှော်ရတနာ တစ်ခုတည်းပါ၊ ဒီတိုက်ပွဲကနေ မင်းနဲ့ ချူခွေးတို့ ရလိုက်တာ ဆယ်ဆမက ရှိတာပဲ၊ အားလုံးက ထိပ်တန်းပစ္စည်းတွေချည်းပဲ၊ တစ်ခုတည်းအတွက် စိတ်မကောင်းဖြစ်မနေနဲ့”
၎င်းမှာ အမှန်တရားပင် ဖြစ်သည်။ မိုးကြိုးတောင်တန်း စစ်ပွဲအတွင်း လော့ချန်သည် တိဝမ်ယွင်ကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့သော်လည်း အလုံးစုံကို ခြုံငုံကြည့်လျှင် အမြတ်က အဆမတန် သာလွန်လှပေသည်။ အခြေတည်ကျင့်ကြံသူ အများအပြား သေဆုံးခဲ့ရပြီး ထိုအထဲတွင် ချမ်းသာသော အခြေတည်နှောင်းပိုင်းကျင့်ကြံသူများစွာ ပါဝင်ရာ ယခုအခါ ထိုအရာအားလုံးမှာ သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကိုယ်တိုင် သုံးသည်ဖြစ်စေ၊ လော့ထျန်းအဖွဲ့သို့ ခွဲဝေပေးသည်ဖြစ်စေ လုံလောက်လှပေသည်။ အမှန်စင်စစ် ပထမတန်းစား အင်အားစုအများစုပင်လျှင် လော့ထျန်းအဖွဲ့လောက် မှော်ရတနာ အမြောက်အမြား စုဆောင်းနိုင်လိမ့်မည် မဟုတ်ချေ။
“ချူခွေး အမြုတေဖွဲ့စည်းနဲ့ အခြေတည် ဆေးလုံးတွေ ယူပြီး ပြန်လာတာနဲ့ ငါတို့ ခရီးဆက်ကြတာပေါ့၊ ဒါတွေနဲ့ဆိုရင် လော့ထျန်းအဖွဲ့ တောက်ပလာဖို့က အချိန်တစ်ခုပဲ လိုတော့တယ်”
ဝမ်ယွမ်က လော့ထျန်းအဖွဲ့၏ အနာဂတ်ကို ပထမဆုံးအကြိမ်အဖြစ် မျှော်မှန်းကြည့်လိုက်သည်။
အင်အားစုတစ်ခု၏ တောက်ပမှု သို့မဟုတ် ဆုတ်ယုတ်မှုသည် အကြောင်းရင်းများစွာအပေါ် မူတည်သော်လည်း အဆုံးစွန်၌ အဓိက အချက်နှစ်ချက်သာ ရှိသည်။ ၎င်းတို့မှာ အတွင်းပိုင်း အခြေခံအုတ်မြစ်နှင့် ပြင်ပပတ်ဝန်းကျင်တို့ပင် ဖြစ်သည်။ အတွင်းပိုင်းအရ လော့ထျန်းအဖွဲ့တွင် ခိုင်မာသော အုတ်မြစ်ရှိသည်။ သူတို့၌ အရည်အချင်းရှိသူများနှင့် အရင်းအမြစ်များစွာ ရှိသည်။ ပြင်ပအရမူ ဤစစ်ပွဲကြီးပြီးနောက် ကျောက်စိမ်းအိုးနယ်မြေ၏ အလယ်လတ်အဆင့်တွင် ကြီးမားသော အင်အားလစ်ဟာမှုကြီး ဖြစ်ပေါ်နေသည်။ ဤသည်မှာ သူတို့အတွက် အကောင်းဆုံးသော အခွင့်အရေးပင် မဟုတ်ပါလော။
သူတို့ စကားပြောနေစဉ်မှာပင် အစီအရင်ကို စောင့်ကြပ်နေသော မင်လုံယွီက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
“ညီလေးချူ ပြန်လာပြီ”
“ဒီလောက် မြန်တာလား၊ လေးဂိုဏ်းမဟာမိတ်အဖွဲ့က လော့ထျန်းအဖွဲ့သားတွေ အမှတ်လာလဲမှာကို ကြိုတွက်ထားလို့လား”
လော့ချန် ခေါင်းမော့ကြည့်လိုက်ရာ မိုင်အနည်းငယ်အကွာ ကောင်းကင်ယံထက်တွင် ချူခွေး၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ ရုတ်တရက် သူ၏ မျက်ခုံးများ လှုပ်သွားရသည်။ အဝေးတွင် ပျံသန်းလာသော ချူခွေးသည် ထူးခြားသော လက်ဟန်တစ်ခုကို ပြုလုပ်နေသည်။
လော့ချန် ၎င်းကို ချက်ချင်း မှတ်မိလိုက်သည်။ ထိုလက်ဟန်မှာ သူ ဘယ်သောအခါမျှ မေ့ပျောက်နိုင်ခြင်းမရှိသော အချက်ပြမှုတစ်ခု ဖြစ်သည်။ လော့ချန်နှင့် ချူခွေးတို့ ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်စဉ်က ကြိုတင်သတ်မှတ်ထားခဲ့သော အချက်ပြချက်များအနက် ဤလက်ဟန်၏ အဓိပ္ပာယ်မှာ 'မိမိနောက်၌ နောက်ယောင်ခံလိုက်သူ ရှိနေသဖြင့် တုံ့ပြန်တိုက်ခိုက်ရန် ပြင်ဆင်ပါ' ဟူ၍ ဖြစ်သည်။
“တစ်ယောက်ယောက် သူ့နောက်ကို လိုက်လာပုံရတယ်”
လော့ချန်က ပြုံးရင်း ရေရွတ်လိုက်သည်။
ဝမ်ယွမ်က စူးစမ်းလိုစိတ်ဖြင့် ကြည့်နေစဉ်မှာပင် လော့ချန်က သူ့ထံသို့ စိတ်ဝိညာဉ်အသိဖြင့် လျှို့ဝှက်သတင်း ပို့လိုက်သည်။
ခဏအကြာတွင် ချူခွေးသည် မိုင်အနည်းငယ်အကွာအဝေးကို ဖြတ်ကျော်ကာ တောအုပ်ထက်သို့ ရောက်ရှိလာသည်။ သို့သော် သူသည် အစီအရင်အတွင်းသို့ ဆင်းသက်ခြင်းမပြုဘဲ တန်းတန်းမတ်မတ် အရှိန်မြှင့်၍ ကျော်ဖြတ်ပျံသန်းသွားခဲ့သည်။
သူ့နောက် မိုင်ဝက်ခန့်အကွာတွင်မူ လေထုထဲ၌ ချီစွမ်းအင်များမှာ သိမ်မွေ့စွာ လှိုင်းထနေသည်။
ထိုလှိုင်းတွန့်လေးသည် တောအုပ်ထက်သို့ ဖြတ်သန်းခါနီးမှာပင် ရုတ်တရက် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် အတင်းအကျပ် ရိုက်ခတ်ခြင်း ခံလိုက်ရသကဲ့သို့ တန့်သွားရသည်။ လူရိပ်သုံးခု ရုတ်တရက် ပေါ်ထွက်လာသည်။
“သတိထား....”
စူးရှသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
သို့သော် သူမ၏ သတိပေးသံကို အေးစက်သော အသံတစ်သံက တုံ့ပြန်လိုက်သည်။ “နောက်ကျသွားပြီ”
နောက်တစ်စက္ကန့်တွင် မြေပြင်ထက်မှ ဧရာမ မြေတံတိုင်းကြီး လေးခုသည် နားကွဲမတတ် မြည်ဟည်းသံနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာပြီး ထွက်ပြေးမည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်တော့သည်။ လူရိပ်နှစ်ခုမှာ ကောင်းကင်ယံထက်သို့ ပျံတက်လာကြသည်။ တစ်ဦးမှာ လျှပ်စီးကဲ့သို့ စူးရှပြတ်သားသော အဖြူရောင်အလင်းတန်းများ လွှမ်းခြုံထားပြီး၊ အခြားတစ်ဦးမှာမူ ကောင်းကင်ကို ဖြိုခွဲတော့မည့် သားရဲနဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်လှသော သွေးချီစွမ်းအင်များ ဝုန်းဝုန်းတောက်လောင်နေသည်။
ကြားဖြတ်တိုက်ခိုက်သူ သုံးဦးစလုံး မျက်နှာများ ပြာနှမ်းသွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အပေါ်သို့ အတင်းအကျပ် ပျံတက်ရန် ကြိုးပမ်းကြသည်။ သို့သော် သူတို့ မလွတ်မြောက်မီမှာပင် ချူခွေးက အပေါ်စီးမှ ပြန်လှည့်၍ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ယံထက်မှ ပြိုကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ ဧရာမ တုတ်ကောက်အရိပ်ကြီးတစ်ခုက သူတို့ထံသို့ ကြောက်မက်ဖွယ်ရာ စွမ်းအားနှင့်အတူ ကျလာတော့သည်။
ဝုန်း....
ဝုန်း....
ဝုန်း....
မျက်တောင်တစ်ခတ်အတွင်း အခြေအနေက လုံးဝ ပြောင်းလဲသွားရသည်။
သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ သေဆုံးလျက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားရပြီး သူ၏ မျက်လုံးများမှာ ပြူးကျယ်နေဆဲ ဖြစ်သည်။ လော့ချန်ကမူ ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်ပြီး၊ သူ၏ လက်ဝါးမှာ လက်သည်းပုံစံ ပြုလုပ်လျက် ထိုသူ၏ နှလုံးသားကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ အဘိုးအိုတစ်ဦးမှာမူ သူ၏ ရင်ဘတ်ထက်၌ ဧရာမ အပေါက်ကြီးနှစ်ခုဖြင့် နောက်သို့ ယိမ်းထိုးဆုတ်ခွာသွားရပြီး၊ ထိုအပေါက်များအနက် တစ်ခုမှာ သူ၏ နှလုံးသားကို လက်မဝက်မျှသာ လွဲချော်သွားခဲ့ခြင်း ဖြစ်သည်။ ရုပ်ရည်အလွန်လှပသော အမျိုးသမီးတစ်ဦးမှာမူ မြေပြင်မှ လူးလဲထ၍ ထင်ရှားစွာပင် ဒဏ်ရာအပြင်းအထန် ရရှိထားသည်။ သူမ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး နှုတ်ခမ်းထက်တွင်လည်း သွေးများ စွန်းထင်နေသည်။ သို့သော် သူမသည် ချူခွေး၏ တိုက်ကွက်ကို တိုက်ရိုက်ခံယူခဲ့ခြင်း ဖြစ်သည်။ ဤမျှနှင့် အသက်ရှင်နေသေးခြင်းက သူမ၏ အင်အားကို သက်သေပြနေပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ဦးသေဆုံးကာ နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူများမှာ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသည်၊ သူတို့ သုံးဦးစလုံးမှာ အခြေတည်နှောင်းပိုင်းကျင့်ကြံသူများ မဟုတ်ပါလော။ ရှေ့တန်းစစ်မျက်နှာပြင်၏ ပြင်းထန်သော တိုက်ပွဲများတွင်ပင် ဤကဲ့သို့သော အရှက်ရမှုမျိုး မကြုံတွေ့ခဲ့ဖူးချေ။ မိုးကြိုးလျှပ်စီးကဲ့သို့ လျင်မြန်လှသော ထိုအဖြူရောင် အလင်းတန်းက သူတို့အကြား အင်အားအကြီးဆုံးသူကို ချက်ချင်း သတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။
ထိုအချိန်၌ အားလုံး၏ အကြည့်များက လော့ချန်ထံသို့ ကျရောက်လာကြသည်။
ရှူး....
သူ၏ လက်ဝါးထက်၌ မီးတောက်ငယ်တစ်ခု လောင်ကျွမ်းသွားပြီး ဆုပ်ကိုင်ထားသော နှလုံးသားမှာ ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားရသည်။
လော့ချန်က ယဉ်ကျေးပျူငှာသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ကျန်ရှိနေသူနှစ်ဦးကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
“မိတ်ဆွေလင်း.... မတွေ့ရတာ ကြာပြီနော်၊ ရုပ်လေးချောရက်သားနဲ့ ဘာလို့ ခိုးကြောင်ခိုးဝှက်အလုပ်မှာ မွေ့လျော်နေရတာလဲ”
လော့ချန်နှင့် သူ၏စွန့်စားခန်းများ