← Chapters

အခန်း ၅၅၇

Vol. 56 Ch. 557

အခန်း ၅၅၇

Vol. 56 Ch. 557

အခန်း (၅၅၇) - မိုးကြိုးနတ်ဘုရားပုလဲ

ကြီးမားသော မြေသားနံရံများ ဝန်းရံထားသည့် စက်ကွင်းအတွင်းတွင် လူသုံးယောက်က အဘိုးအိုနှင့် အမျိုးသမီးတစ်ဦးကို ဝိုင်းရံထားကြသည်။ မြေအောက်နက်ရှိုင်းသော နေရာတွင်မူ အခြားတစ်ဦးက အစီအရင်ကို အစွမ်းကုန် ထိန်းချုပ်နေသည်။

“ရုပ်လေးချောရက်သားနဲ့ ဘာလို့ ခိုးကြောင်ခိုးဝှက်အလုပ်မှာ မွေ့လျော်နေရတာလဲ”

လော့ချန်၏ လှောင်ပြောင်သံက ပျံ့လွင့်လာသည်။

လင်းယွီကျစ်သည် တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက် အလွန်ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီး နှုတ်ခမ်းထောင့်မှ သွေးစများက တရိပ်ရိပ် စီးကျနေဆဲ ဖြစ်သည်။ သူမသည် လော့ချန်ကို မြင်လိုက်ရသည့် ခဏ၌ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

“ရှင်.... ရှင် အသက်ရှင်နေသေးတာလား....”

လော့ချန် ခပ်ဖွဖွ ပြုံးလိုက်ရင်း ဆိုသည်။

“ခင်ဗျားကို စိတ်ပျက်သွားစေခဲ့ရင် တောင်းပန်ပါတယ်၊ ကျွန်တော်လော့ချန်က ဒီလောက် လွယ်လွယ်နဲ့ မသေပါဘူး"

လော့ချန် ဟူသော အမည်ကို ကြားလိုက်ရသည့်အခါ အဘိုးအို၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ သူသည် မဆိုင်းမတွပင် အနက်ရောင် ပုလဲတစ်ခုကို ထုတ်ယူလိုက်သည်။

“တန်ချန်ဇီ.... ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း....”

သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။

လော့ချန်သည် ထိုအနက်ရောင် ပုလဲလုံးလေးကို မြင်လိုက်ရသည့် ခဏ၌ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ရသည်။ ထိုအရာထံမှ လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ထွက်ပေါ်နေပြီး၊ ၎င်းကို အာရုံခံမိလိုက်သည့် အခိုက်အတန့်တွင် သူ ဗီဇအရ နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်ခွာလိုက်မိသည်။

လင်းယွီကျစ်သည်လည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

“အဘိုးကြီးဖုန်း.... ရှင် ရူးသွားပြီလား၊ ဒါက မိုးကြိုးနတ်ဘုရားပုလဲလေ၊ ရှင် ဒါကို ပေါက်ကွဲအောင် လုပ်လိုက်ရင် ကျွန်မတို့အားလုံး တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး....”

သို့သော် အဘိုးကြီးဖုန်းသည် အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိဘဲ သူ၏ စူးရှလှသော မျက်လုံးအစုံဖြင့် လော့ချန်ကိုသာ စိုက်ကြည့်နေခဲ့သည်။

“တန်ချန်ဇီ မင်း ရွှေအမြုတေ စီရင်စုသခင်ကိုတောင် သတ်နိုင်တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဒီပုလဲက လျှို့ဝှက်နယ်မြေထဲက ရလာတာ၊ ဒီပုလဲမှာလည်း ရွှေအမြုတေ စီရင်စုသခင်ကို သတ်နိုင်တဲ့ စွမ်းအားရှိတယ်.... မင်း ငါ့ကို လွှတ်မပေးရင် အားလုံး အတူတူသေကြတာပေါ့”

လော့ချန် တုံ့ဆိုင်းသွားရသည်။ သူ ဝမ်ယွမ်နှင့် ချူခွေးတို့အား ကြည့်လိုက်ရာ ဝမ်ယွမ်က ခေါင်းကို ခပ်ဖွဖွညိတ်ပြရင်း ထိုအချက်မှာ အမှန်ပင် ဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။

ချူခွေးကလည်း ဆိုသည်။

“သူပြောတာ အမှန်ပဲ၊ လျှို့ဝှက်နယ်မြေထဲမှာ ဒီလိုပုလဲမျိုး ရှိတယ်၊ တစ်ခါက အဲဒါကို ဖောက်ခွဲလိုက်လို့ ရွှေအမြုတေအဆင့် စီရင်စုသခင်တစ်ယောက်တောင် ဒဏ်ရာပြင်းပြင်းရခဲ့ဖူးတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ လော့ချန် နောင်တအနည်းငယ် ရမိသွားသည်။ သူသည် အစောပိုင်းက ပြတ်သားစွာ တိုက်ခိုက်ခဲ့ပြီး ထိုသုံးယောက်အနက် အင်အားအကြီးဆုံးဖြစ်သော အခြေတည် အဆင့် ၈ တွင် ရှိသည့် ကျင့်ကြံသူကြီးကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ခဲ့သော်လည်း၊ အားနည်းလှသည်ဟု ထင်ရသော ဤအဘိုးအို၏ လက်ထဲတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးလက်နက် ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။ နတ်ဘုရားအသွင်ပြောင်းနယ်မြေ၏ ကံကောင်းမှုဆိုသည်မှာ ဤမျှအထိ ထူးခြားဆန်းကြယ်လှပေသည်။

လော့ချန်သည် မိမိ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ရင်း ဆိုသည်။

“ဒါက တစ်ခါသုံး လက်နက်၊ ခင်ဗျားတို့လည်း အန္တရာယ်များတာပဲ”

“ဟုတ်တယ်၊ ဒါပေမဲ့ မင်းတို့ ငါ့ကို မလွှတ်ပေးရင် အားလုံး သေမယ်၊ ဒါကြောင့် သေချာ စဉ်းစားပါ”

အဘိုးကြီးဖုန်းက အားတက်သရော ဆိုသည်။

လော့ချန်သည် ဝမ်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းယွီကျစ်ဘက်သို့ အကြည့်လွှဲလိုက်သည်။

“ချူခွေးကို လိုက်တိုက်တာက ဘယ်သူ့အစီအစဉ်လဲ”

“အဲဒါ လု....”

သူမ စကားမဆုံးသေးမီမှာပင် အဘိုးကြီးဖုန်းက စကားဖြတ်ပြောလိုက်သည်။

“ဒီမိန်းမ လင်းယွီကျစ်ရဲ့ အစီအစဉ်လေ၊ မိတ်ဆွေလုနဲ့ ငါက ထျန်းလန်နတ်ဘုရားမြို့တော်က လူတွေ မဟုတ်ကြဘူး၊ ချူခွေးနဲ့လည်း သိတာ မဟုတ်ဘူး၊ ဒါပေမဲ့ သူမကတော့ ချူခွေးကို ကောင်းကောင်းသိတယ်၊ ဒါတင်မကဘူး မင်းတို့ လော့ထျန်းအဖွဲ့ထဲကို ချူခွေး ဝင်သွားတယ်ဆိုတာကိုလည်း သူမ သိနေခဲ့တာ၊ သူမက မင်းတို့ အမှတ်တွေကို သုံးပြီး အထက်လမ်းစဉ် အမြုတေဖွဲ့စည်းနည်းကို လဲလှယ်လိမ့်မယ်ဆိုတာကို သိလို့ ငါတို့ကို အတင်းဆွဲခေါ်လာတာ....”

“အဘိုးကြီးဖုန်း.... ရှင် အရူးပဲ....”

လင်းယွီကျစ်တစ်ယောက် ဒေါသတကြီး ဆဲဆိုတော့သည်။

“ရှင် ကျွန်မနဲ့ အိပ်ခဲ့တုန်းက ကျွန်မကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူးဆို....”

“ဟဲဟဲ.... သာယာမှုဆိုတာ တာအိုကတိသစ္စာပြုတာမှ မဟုတ်တာ.... မင်းလို အရူးမပဲ ဒါကို အတည်မှတ်နေတာပေါ့.... ဒါတင်မကဘူး၊ ငါက မင်းကို အခြေတည်နှောင်းပိုင်းအထိ ရောက်အောင် ကူညီပေးခဲ့ပြီးပြီ.... ငါ မင်းအပေါ် ဘာမှ အကြွေးမတင်တော့ဘူး”

“ရှင်.... လူယုတ်မာအဘိုးကြီး....”

ကောင်းကင်ယံထက်တွင်မူ ချူခွေးသည် သူ၏ ချီထျန်းတုတ်ရှည်ကြီးကို ကိုင်ဆောင်ထားရင်း တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

ထိုပူးပေါင်းခဲ့ကြသူ နှစ်ဦး အချင်းချင်း အပြစ်တင်နေကြသည်ကို ကြည့်ရင်း သူ၏ မျက်နှာထက်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ယှက်သန်းလာခဲ့သည်။ သူသည် အမှတ်များဖြင့် ပစ္စည်းလဲလှယ်စဉ်က မည်သူမျှ မရိပ်မိစေရန် အစွမ်းကုန် ဖုံးကွယ်ခဲ့ပြီး လျင်မြန်စွာ လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။ အချို့သော ပစ္စည်းများမှာ စောင့်ဆိုင်းရမည့် အချိန်ကြာမြင့်သဖြင့် သဲလွန်စ မကျန်စေရန် ထိုပစ္စည်းများကိုပင် စွန့်လွှတ်ခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ဦးက သူ့အား ရိပ်မိသွားခဲ့ပြီး ၎င်းမှာ သူ၏ အိမ်နီးနားချင်းဖြစ်သူ လင်းယွီကျစ် ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။

သေသေချာချာ ပြန်တွေးကြည့်လျှင်မူ ဤအရာမှာ မဆန်းလှပေ။ သူမသည် တစ်ချိန်က အနံ့ခံအတတ်ဖြင့် နာမည်ကျော်လှသော ရနံ့သခင်နှင့် ပတ်သက်မှု ရှိခဲ့ဖူးသည်။ ထိုသခင်မ၏ ရှေ့တွင်မူ မည်မျှပင် ကောင်းမွန်သော ဖုံးကွယ်မှုမျိုး ဖြစ်ပါစေ အသုံးမဝင်ချေ။ လင်းယွီကျစ်သည် ထိုအတတ်ပညာကို သင်ယူခဲ့ပြီး ဆယ်စုနှစ်ချီ၍ လေ့ကျင့်ထားခဲ့ပုံရသည်။ ချူခွေးအနေဖြင့် မိမိ၏ ကိုယ်နံ့ကို ဖုံးကွယ်ရန် သတိမထားမိခဲ့သဖြင့် ယခုကဲ့သို့ အငိုက်မိသွားခြင်းမှာ မဆန်းတော့ချေ။

ထိုစဉ် လော့ချန်က ရုတ်တရက် စကားဆိုလိုက်သည်။

“အဘိုးကြီးဖုန်း ခင်ဗျား သွားနိုင်တယ်.... ဒါပေမဲ့ လင်းယွီကျစ်ကတော့ ဒီမှာ ကျန်ခဲ့ရမယ်”

သူ စကားပြောလိုက်သည်နှင့် တပြိုင်နက် သူတို့၏ ဆန့်ကျင်ဘက်ရှိ အစီအရင် တံတိုင်းကြီးမှာ တရွေ့ရွေ့ လှုပ်ရှားသွားပြီး လမ်းစတစ်ခု ပေါ်ထွက်လာခဲ့သည်။ အဘိုးကြီးဖုန်းသည် သက်ပြင်းတစ်ချက်ကို အဝ ချလိုက်မိသည်။ သူသည် လော့ချန်နှင့် အခြားသူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှေ့သို့ လှမ်းလိုက်သော်လည်း ခြေလှမ်းအချို့လှမ်းပြီးနောက် ပြန်လည် ရပ်တန့်သွားခဲ့ပြန်သည်။

လော့ချန်က မျက်ခုံးပင့်လိုက်ရင်း ဆိုသည်။

“ခင်ဗျားမှာ ဘာပြောစရာ ကျန်သေးလို့လဲ....”

အဘိုးကြီးဖုန်းက ရယ်ကျဲကျဲဖြင့် လက်ထဲရှိ အနက်ရောင် ပုလဲလုံးလေးကိုမြှောက်ရင်း ခြိမ်းခြောက်လိုက်သည်။

“ချူခွေးဆီမှာရှိတဲ့ ရွှေအမြုတေဖွဲ့စည်းနည်းလေး တစ်ခုလောက် ပေးချင်မလားလို့ပါ”

လော့ချန် သရော်ပြုံး ပြုံးလိုက်ရင်း ဆိုသည်။

“ခင်ဗျား လောဘကြီးလှချေလား....”

“လောဘကြီးတာလား.... မဟုတ်ပါဘူး၊ ငါက အိုနေပြီဆိုတော့ ဒါက ငါ့အတွက် ရွှေအမြုတေအဆင့် တက်လှမ်းနိုင်မယ့် နောက်ဆုံးအခွင့်အရေးပဲ၊ ငါ တတ်နိုင်သလောက်တော့ ကြိုးစားရမှာပေါ့”

သူသည် ထိုသူများကို ကောင်းစွာ အကဲခတ်မိထားပြီးသား ဖြစ်သည်။ ဤလော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများသည် မိမိတို့၏ အသက်ကို အလွန်အမင်း နှမြောတတ်ကြသည် မဟုတ်ပါလော။

လော့ချန် ခေါင်းကို ငုံ့ချလိုက်ပြီး သူ၏ မျက်နှာမှာ မည်းမှောင်သွားကာ တစ်ခုခုကို အသည်းအသန် စဉ်းစားနေပုံရသည်။ အဘိုးကြီးဖုန်းကလည်း သူ့အား အလောတကြီး မတိုက်တွန်းပေ။ ခဲရာခဲဆစ် ရထားသော လျှို့ဝှက်နည်းကို လွယ်လွယ်နှင့် ပေးရန် မလွယ်ကူမှန်း သူသိသော်လည်း လော့ချန်အနေဖြင့် နောက်ဆုံးတွင် သဘောတူလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

အမှန်ပင် ခဏအကြာတွင် လော့ချန် ခေါင်းကို မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းအစုံမှာ အေးစက်လှသော ရေကန်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းအေးစက်နေ၏။

“ကောင်းပြီ”

ထိုစကားကို ကြားလိုက်ရသောအခါ အဘိုးကြီးဖုန်း ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ သူ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

သူသည် မိမိကိုယ်ကို အထက်လမ်းစဉ် ရွှေအမြုတေဖွဲ့စည်းနည်းကို ရရှိပြီးနောက် ဆယ်စုနှစ်ငါးခုကြာ ဆိတ်ငြိမ်စွာ ကျင့်ကြံကာ နောက်ဆုံးတွင် အဆင့်တက်နိုင်တော့မည့် အနာဂတ်ကြီးကို စိတ်ကူးယဉ်နေမိတော့သည်။ ထိုအချိန်ကျလျှင် သူသည် ဤနယ်မြေတစ်ခုလုံး၌ ရှားပါးလှသော ရွှေအမြုတေ ကျင့်ကြံသူကြီးတစ်ဦး ဖြစ်လာပေလိမ့်မည်။ ဝိညာဉ်ကြောကို သိမ်းပိုက်၊ ဂိုဏ်းတစ်ခုကို ထောင်ကာ ဂိုဏ်းချုပ်ကြီးအဖြစ် စိုးစံရင်း နတ်ဘုရားအသွင်ပြောင်းလမ်းစဉ်ကိုပင် ထိတွေ့နိုင်ဦးမည် ဖြစ်သည်။

‘မဟုတ်ဘူး.... တစ်ခုခု မှားနေပြီ....’

အဘိုးကြီးဖုန်းသည် သူ၏ စိတ်ကူးယဉ်မှုများထဲမှ ချက်ချင်း နိုးထလာခဲ့သည်။

“မင်း.... မင်း ငါ့ကို လိမ်တယ်....”

သူသည် ဗီဇအရ လက်ထဲမှ မိုးကြိုးနတ်ဘုရားပုလဲကို အသက်သွင်းရန် ကြိုးပမ်းလိုက်ပြီး အားလုံးကို အတူတူ အမှုန်ချေပစ်ရန် ပြင်လိုက်သော်လည်း သူ၏ ရှေ့တွင် မြင်လိုက်ရသော အရာကြောင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ သူ၏ လက်ကောက်ဝတ်မှာ ဓားထက်ထက်ဖြင့် အလှီးခံလိုက်ရသလို ပြတ်တောက်သွားခဲ့ပြီး လက်ဝါးတစ်ခုလုံး မြေပေါ်သို့ ပြုတ်ကျသွားခဲ့ချေပြီ။ ပို၍ ဆိုးရွားသည်မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးချီစွမ်းအင်များမှာ ကမောက်ကမ ဖြစ်သွားပြီး သွေးကြောများအတွင်းရှိ စွမ်းအင်များ ပိတ်ဆို့ကာ ချီစွမ်းအင် တစ်စက်မျှပင် မထုတ်ဖော်နိုင်တော့ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ယွမ်သည် သူ၏ လက်ဝါးနှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရင်း အော်ဟစ်လိုက်တော့သည်။

“ပေါက်ကွဲစမ်း....”

နောက်တစ်စက္ကန့်တွင် အဘိုးကြီးဖုန်း၏ ခန္ဓာကိုယ်သည် ရေဖောင်းကြီးတစ်ခုကဲ့သို့ ဖောင်းကားလာပြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူသည် ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း သူ၏ စိတ်အာရုံမှာ တစ်စက္ကန့်မျှ ဝေဝါးသွားခဲ့သဖြင့် အဖိုးတန်လှသော အချိန်ကို လွဲချော်သွားခဲ့ရသည်။

“လော့ချန်.... ငါ သရဲဖြစ်ရင်တောင် မင်းကို....”

ဘုန်း....

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ယံထက်မှ သွေးမိုးများ ရွာသွန်းလာစဉ် လင်းယွီကျစ်သည် ထုံထိုင်းမိန်းမောစွာဖြင့် ထိုနေရာ၌ ရပ်တန့်နေခဲ့ပြီး မိမိရှေ့မှ မြင်ကွင်းကို ငေးငိုင်စွာ ကြည့်နေမိတော့သည်။ သူမ၏ လှပသော မျက်နှာထက်တွင် သွေးစက်များ စွန်းထင်းနေခဲ့၏။ သူမ ခေါင်းကို မော့ကြည့်လိုက်သည့်အခါ အလွန်အမင်း တည်ငြိမ်နေသော လော့ချန်ကို မြင်တွေ့လိုက်ရသည်။ လော့ချန်သည် သူ၏လက်ထဲတွင် မိုးကြိုးနတ်ဘုရားပုလဲကို ကိုင်ဆောင်ထားရင်း စိတ်ဝင်တစားဖြင့် ကြည့်ရှုနေခဲ့သည်။

“ဒီမိန်းမကိုလည်း သတ်ပစ်လိုက်တော့”

လော့ချန်၏ ထိုအမိန့်သံသည် အလွန်ပင် သာမန်ဆန်လှပြီး မည်သည့် ခံစားချက်မျှ မပါရှိချေ။ သို့သော် လင်းယွီကျစ်အတွက်မူ ၎င်းမှာ ငရဲမင်း၏ ခေါ်သံကဲ့သို့ပင် ဖြစ်နေတော့သည်။ သူမသည် ဗီဇအရ မှော််ရတနာကို ထုတ်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း နောက်ကျသွားခဲ့ချေပြီ။ လူရိပ်နှစ်ခုသည် တစ်ပြိုင်နက် လှုပ်ရှားသွားခဲ့ပြီး တစ်ယောက်က အထက်မှ ဆင်းသက်လာကာ အခြားတစ်ယောက်က ဘေးဘက်မှ တိုးဝင်လာခဲ့သည်။

သူတို့၏ တိုက်ကွက်များမှာ ပြတ်သားပြီး ရက်စက်လှပေသည်။ ခဏအကြာတွင် ထျန်းလန်နတ်ဘုရားမြို့တော်၌ နာမည်ကျော်လှသော မိန်းမလှလေးသည် ဤဆိတ်ငြိမ်လှသော တောအုပ်ကြီးထဲတွင် အသက်မဲ့သွားရှာတော့သည်။

ချူခွေးသည် အစီအရင်အတွင်းသို့ လှမ်းဝင်လာရင်း ခေါင်းကို ခါယမ်းကာ မျက်မှောင်ကြုတ်လိုက်သည်။

“မင်းတို့ လုပ်တာတွေက သိပ်ရက်စက်တယ်၊ ငါတော့ အိပ်မက်ဆိုးတွေ မက်တော့မှာပဲ”

လော့ချန် ခပ်ဖွဖွ ရယ်မောရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

‘အောက်ဖက်က ငါ့လူကမှ တကယ်ရက်စက်တဲ့သူ’

မင်လုံယွီသည် ချီသန့်စင်အဆင့်ဖြင့်ပင် ဖိုရှန်းဂိုဏ်းမှ ဟန်တန်ကို လူအများရှေ့တွင် အစီအရင်ဖြင့် သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။ ၎င်းနှင့် နှိုင်းယှဉ်လျှင် လော့ချန်နှင့် ဝမ်ယွမ်တို့မှာ များစွာ သနားညှာတာတတ်သည်ဟု ဆိုရပေမည်။ သူတို့သည် ရန်သူကို အနာကျင်ဆုံးနှင့် အမြန်ဆုံး အဆုံးသတ်ပေးခဲ့ခြင်း ဖြစ်သည်။

ချူခွေးက အနားသို့ ချဉ်းကပ်လာပြီး လော့ချန်၏ လက်ထဲရှိ အနက်ရောင် ပုလဲလုံးလေးကို စိုက်ကြည့်ရင်း ဆိုသည်။

“ဒါပေမဲ့ မင်းက တကယ့်ကို သတ္တိရှိတာပဲ၊ သူ ဒါကို ချက်ချင်း ပေါက်ကွဲအောင် လုပ်လိုက်မှာကို မကြောက်ဘူးလား....”

လော့ချန်က ခေါင်းကို ခါယမ်းလိုက်ရင်း ဆိုသည်။

“ငါက ဒီလောက်အထိ အလောတကြီး လုပ်ဖို့ အစီအစဉ် မရှိပါဘူး၊ အစ်ကိုဝမ်ရဲ့ နည်းစနစ်က အချိန်ယူရတာဖြစ်လို့ အဘိုးကြီး ထွက်သွားမှပဲ သူ့ကို တဖြည်းဖြည်းချင်း အနုနည်းနဲ့ နှိမ်နင်းဖို့ စိတ်ကူးထားတာ”

ဝမ်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ တိုက်ပွဲအစတွင် ချူခွေးက သူတို့၏ ဆုတ်လမ်းကို ပိတ်ဆို့ခဲ့ပြီး လော့ချန်က တစ်ယောက်ကို ချက်ချင်း သတ်ကာ၊ သူကမူ အဘိုးကြီးဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ သွေးချီစွမ်းအင်များကို လျှို့ဝှက်စွာ ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထည့်သွင်းလိုက်သော ချီစွမ်းအင်ပမာဏမှာ မများလှသဖြင့် သူ၏မှော်အတတ်ကို ချက်ချင်း မသုံးနိုင်ခဲ့ချေ။ ထို့ကြောင့် အဘိုးအိုသာ လောဘမကြီးခဲ့လျှင် သို့မဟုတ် လော့ချန်သာ သူ၏ အစွမ်းထက်လှသော စိတ်ချီစွမ်းအားဖြင့် လှည့်စားခြင်း အတတ်ကို မသုံးခဲ့လျှင် ဝမ်ယွမ်အနေဖြင့် ထိုအတတ်ကို ဇွတ်မှိတ်၍ သုံးဝံ့မည်မဟုတ်ချေ။ ထိုသို့ သုံးခဲ့သည့်တိုင် အောင်မြင်ရန် သီသီလေးသာ လိုခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လော့ချန်က စိတ်ညှို့ခြင်းအတတ်ဖြင့် ထပ်မံ ဖိနှိပ်ခဲ့၍သာ အဘိုးအို အသိပြန်မဝင်နိုင်ဘဲ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

“ငါတို့လက်ထဲမှာ ဒီလို မိုးကြိုးနတ်ဘုရားပုလဲ ရှိနေမှတော့ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် ယုံကြည်မှု ရှိသွားတာပေါ့....”

ချူခွေးက မျက်လုံးများ တောက်ပလျက် ဆိုသည်။

လော့ချန်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်မိသည်။ သူသည် မှော်ရတနာတစ်ခု ဆုံးရှုံးခဲ့ရသော်လည်း ယခုအခါ မိုးကြိုးနတ်ဘုရားပုလဲကို ရရှိခဲ့ချေပြီ။ လောကကြီး၏ နိယာမအရ မုန်တိုင်းပြီးလျှင် လေပြေလာတတ်သည် မဟုတ်ပါလော။

“စစ်တလင်းကို ရှင်းလင်းကြစို့၊ ပြီးရင် ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာကြမယ်”

လော့ချန် ဆိုလိုက်သည်။

သူသည် ဘေးပတ်ပတ်လည်ရှိ တောအုပ်ကြီးကို ကြည့်ရင်း ရင်ထဲ၌ လေးလံမှုကို ခံစားလိုက်ရသည်။ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ပြန်ရမည့် လမ်းခရီးသည် ချောမွေ့လိမ့်မည်မဟုတ်မှန်း သူ သိနေခဲ့သည်။

ချူခွေးနှင့် ဝမ်ယွမ်တို့သည် ရတနာများကို လိုက်လံ သိမ်းဆည်းကြပြီး၊ မင်လုံယွီသည် မြေအောက်မှ ထွက်လာကာ စွမ်းအင် အကြွင်းအကျန်များကို ဖျက်ဆီးရန် အစီအရင်တစ်ခုကို အသက်သွင်းလိုက်သည်။ လော့ချန်သည်လည်း သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ သန့်စင်ခြင်း မှော်အတတ်ကို အကြိမ်ကြိမ် သုံးစွဲ၍ မည်သည့် သဲလွန်စမျှ မကျန်ရှိစေရန် စီမံလိုက်တော့သည်။ သူသည် ချူခွေး၏ ကိုယ်ပေါ်ကိုပါ ထပ်မံ၍ သန့်စင်ပေးလိုက်သေးသည်။ လင်းယွီကျစ်ပင် ဤကဲ့သို့သော အတတ်မျိုး ရှိနေလျှင် အခြားသူများ၌လည်း ရှိနေနိုင်သည် မဟုတ်ပါလော။ ဤတစ်ကိုယ်တော်ကျင့်ကြံသူများသည် လောကအနှံ့တွင် ဆယ်စုနှစ်ချီ ကျင်လည်နေခဲ့ကြသူများဖြစ်ရာ မည်သူမျှ မိုက်မဲကြသည်မဟုတ်ဘဲ ကိုယ်ပိုင်ဝှက်ဖဲများ ရှိကြသည်သာ ဖြစ်သည်။ အမြဲတမ်း သတိထားခြင်းက အကောင်းဆုံးပင်။

အရာအားလုံး အဆင်ပြေသွားသောအခါ လေးဦးသား ထိပ်တန်းအဆင့် လှေပျံကြီးပေါ်တက်ကာ ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။

အတန်ကြာပြီးနောက်တွင်မူ ထိုတောအုပ်ကြီး၏ ကောင်းကင်ယံထက်သို့ လူတစ်စု ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် ပတ်ဝန်းကျင်ကို သံသယစိတ်ဖြင့် စူးစမ်းကြည့်ရှုရင်း နောက်ဆုံးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာ၌ ရပ်တန့်လိုက်ကြ၏။

“ဒီနေရာလား....”

“ဒီနေရာပဲ ဖြစ်ရမယ်၊ ဘာသဲလွန်စမှ မကျန်ခဲ့ပေမဲ့ ဒီမြေပြင်က ပုံမှန်ထက် ပိုပြီး မာနေတယ်၊ ဒါက ပြင်းထန်တဲ့ ဝိညာဉ်အရှိန်အဝါ ဖိနှိပ်မှုကြောင့် ဖြစ်ရတာပဲ”

“ဒီမှာ ဘာဖြစ်ခဲ့တာလဲ....”

“ငါက ဘယ်လိုသိမှာလဲ၊ သူတို့ တိုက်ပွဲဖြစ်ခဲ့ကြတာပဲ၊ သူတို့သွားတဲ့ လမ်းကြောင်းကို လိုက်လို့ရမလား....”

“မရဘူး၊ သူတို့ထဲမှာ သဲလွန်စ ဖျောက်ရာမှာ ကျွမ်းကျင်တဲ့သူ ပါပုံရတယ်၊ ငါ့ရဲ့ ဝိညာဉ်သားရဲတောင် သဲလွန်စ ရှာမရတော့ဘူး”

“ဒါဆိုရင်တော့ အခြေအနေက ရှုပ်ထွေးသွားပြီ”

“မရှုပ်ထွေးပါဘူးဗျာ၊ သူတို့ ဘယ်လမ်းကပဲသွားသွား သူတို့ရဲ့ နောက်ဆုံးပန်းတိုင်က ဒန်ရှားတောင်ပဲ မဟုတ်လား၊ ငါတို့ အဲဒီကို တန်းတန်းမတ်မတ် သွားရင် သူတို့ကို တွေ့ရမှာ အသေအချာပဲ”

“ဒါပေမဲ့ အဲဒီနယ်မြေက အခု ရေခဲခံတပ်ရဲ့ ပိုင်နက်ဖြစ်နေပြီလေ၊ ရွှေအမြုတေစီရင်စုသခင် ရှိနေတာဆိုတော့ ငါတို့အတွက် အခွင့်အရေး ရပါ့မလား....”

“ရောက်မှပဲ အခြေအနေကြည့်ပြီး ရှင်းကြတာပေါ့....”

ခေတ္တမျှ စကားဆိုပြီးနောက် ထိုလူစုသည် မိမိတို့၏ မှော်လက်နက်များကို စီးနင်းကာ ပျံသန်းထွက်ခွာသွားကြတော့သည်။ သူတို့၏ ပန်းတိုင်မှာ ဒန်ရှားတောင်ပင် ဖြစ်ချေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters