အခန်း ၅၂
Vol. 7 Ch. 52
အခန်း ၅၂ ။ ညှာတာမှုကင်းမဲ့ခြင်း
"လာစမ်း..."
လျူကျင်းက လက်တစ်ဖက်ကို ဝေ့ယမ်းကာ စိန်ခေါ်သည့်ဟန်ဖြင့် လှမ်းခေါ်လိုက်သည်။ ထိုအခါ ချန်ဝေ၏ မျက်နှာထက်တွင် ထက်သန်သော အပြုံးတစ်ခု ပေါ်လာပြီး လျူကျင်းထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်ကာ အပြင်းအထန် တိုက်ခိုက်တော့၏။ ထိုသို့ဖြင့် အကြိတ်အနယ်ရှိလှသော တိုက်ပွဲသည် တကျော့ပြန် စတင်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူအားလုံးကလည်း အသက်ရှူရန်ပင် မေ့လျော့လျက် စူးစိုက်ကြည့်ရှုနေကြတော့သည်။
သို့သော် မျှော်လင့်ထားသည့်အတိုင်းပင်... လျူကျင်း၏ လျင်မြန်ဆန်းပြားသော သိုင်းကွက်များအောက်တွင် ချန်ဝေတစ်ယောက် မရှုမလှ ရှုံးနိမ့်သွားခဲ့ရလေသည်။
ထိုပွဲပြီးနောက် ဆက်တိုက်ယှဉ်ပြိုင်ရသည့် နောက်ထပ်ပွဲစဉ်သုံးပွဲစလုံးတွင်လည်း လျူကျင်းသည် ပြိုင်ဘက်များကို အလားတူပုံစံဖြင့်ပင် အလွယ်တကူ အလဲထိုးနိုင်ခဲ့သည်။ နောက်ထပ် ယှဉ်ပြိုင်ရမည့် ပွဲစဉ်တွင်မူ လျူကျင်းအတွက် ကံကောင်းခြင်း လက်ဆောင်တစ်ခု ဖြစ်လာခဲ့၏။ အကြောင်းမူ သူနှင့် ရင်ဆိုင်ရမည့် ပြိုင်ဘက်သည် ယခင်ပွဲစဉ်၌ ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ပွဲထွက်ရန် မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။
ဤသို့ဖြင့် ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံးဟူသော ရလဒ်ဖြင့် လျူကျင်းသည် နောက်တစ်ဆင့်သို့ တက်ရောက်ရန် လုံးဝသေချာသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသေးသည့် ပွဲစဉ်နှစ်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်ပင် အုပ်စုတွင်း ဒုတိယနေရာကို မည်သူမျှ လုယူနိုင်မည် မဟုတ်တော့ပေ။
သို့ရာတွင် ကျန်ရှိနေသေးသော ပြိုင်ဘက်များအနေဖြင့် အဖွဲ့၏ ဂုဏ်သိက္ခာကို အညှိုးနွမ်းခံကာ အလံဖြူပြလိမ့်မည်ဟုတော့ မဆိုလိုပေ။ ထက်သန်သော တိုက်ခိုက်လိုစိတ်တို့ဖြင့် လျူကျင်းကို ရင်ဆိုင်ရန် စောင့်ကြိုနေကြဆဲပင်ဖြစ်သည်...။အချို့သော ကျင့်ကြံသူများအတွက်မူ... ဤမဟာပြိုင်ပွဲသည် နယ်ပယ်တစ်ခုလုံးတွင် ထိပ်တန်းအဖြစ် ရပ်တည်နေသော "ရှောင်ဂိုဏ်းကြီး " မှ တပည့်ရင်းတစ်ဦးနှင့် ချီစွမ်းရည် လက်ရည်စမ်းခွင့်ရမည့် တစ်သက်တာ၏ တစ်ခုတည်းသော ကံပွင့်ခြင်း အခွင့်အရေး ဖြစ်နေသည်။ အကယ်၍ ရှုံးနိမ့်သွားခဲ့လျှင်ပင်... "ငါတို့ဟာ အထက်တန်းစား ရှောင်ဂိုဏ်းက သမက်နဲ့ ပြိုင်ရင်း ရှုံးသွားတာပဲလေ" ဟု မိမိကိုယ်မိမိ ဖြေသိမ့်နိုင်ကြပေသည်။
၎င်းတို့သည် ထိုသို့သော ဂုဏ်ယူစရာ အခြေအနေမျိုးကို နောင်တစ်ချိန်တွင် ပါးစပ်ရာဇဝင်တစ်ခုအဖြစ် ပြောစမှတ်တွင် ကျန်ရစ်စေရန် ရည်ရွယ်ထားပုံရသည်။ထို့အပြင်…၎င်းတို့ ရင်ဆိုင်ရမည့် ပြိုင်ဘက်သည် ပြိုင်ပွဲ ပေါင်းများစွာကို တစ်ဆက်တည်း ဆင်နွှဲထားရသူ ဖြစ်သည်။ သူ၏ အတွင်းချီစွမ်းအင် နှင့် ဒန်တျန် အတွင်းရှိ အရှိန်အဝါတို့သည် မုချဧကန် ကုန်ခမ်းလျက် မောပန်းနွမ်းနယ်နေလောက်ပြီ ဖြစ်ရာ... ၎င်းတို့အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို အလဲထိုးနိုင်မည့် နတ်ဘုရားပေးသော အခွင့်အလမ်းကြီးက ရှေ့မှောက်သို့ ရောက်ရှိနေသည်။
အကယ်၍သာ ဤ "အရှေ့ဘက် ဆိပ်ကမ်းမြို့တော်၏ မဟာပြိုင်ပွဲ ကြီးအတွင်း၌... တန်ခိုးအရှိန်အဝါ ကြီးမားလှသော ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း ၏ သမက်ဖြစ်သူကို အနိုင်ယူနိုင်ခဲ့လျှင်... ဖြစ်ပေါ်လာမည့် အကျိုးဆက်က အတိုင်းအဆမရှိ ကြီးမားလှသည်။ ၎င်းသည် သူတို့ ၏ ကျင့်ကြံခြင်း ဂုဏ်သိက္ခာအတွက် သာမက... သူတို့ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးကိုပါ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားစေမည့်၊ ကြီးမားသော ကံကြမ္မာ အလှည့်အပြောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ထိုသို့သော အတွေးမျိုးကို စိတ်ထဲတွင် အသီးသီး ထည့်ထားကြရင်း သူတို့သည် လျူကျင်းကို အနိုင်ယူရန် အစွမ်းကုန် ကြိုးစားကြတော့သည်။
လျူကျင်းအနေဖြင့် မိမိကိုယ်ကိုယ် အားနည်းသယောင် ဟန်ဆောင်ပြခဲ့မိခြင်းက အမှားတစ်ခု ဖြစ်သွားခဲ့ပုံရသည်။ ထိုသို့သာ မလုပ်ခဲ့လျှင် ပြိုင်ဘက်များသည် ကြောက်လန့်တကြားဖြင့် အညံ့ခံကြမည် ဖြစ်သည်။ သို့သော်လည်း သူသည် သူ့ စွမ်းရည်အစစ်အမှန်ကို အချိန်မတိုင်မီ စောစီးစွာ ထုတ်မပြချင်ခဲ့ပေ။ အထူးသဖြင့် သူ တိုက်ခိုက်နေစဉ်အတွင်း အခြားအုပ်စုအချို့ထံမှ စူးစိုက်ကြည့်နေကြသည့် အကြည့်များကို သတိမပြုမိဘဲ နေရန် ခက်ခဲလှသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင်မူ လျူကျင်းသည် အုပ်စုအဆင့်တွင် ယှဉ်ပြိုင်ခဲ့ရသည့် ပွဲစဉ်ကိုးပွဲအနက် ရှစ်ပွဲအထိ အနိုင်ရရှိသွားခဲ့သည်။
"ဘာလို့လဲ..."
ချွေထျန်းသည် အုပ်စုပထမဖြင့် ပွဲပြီးဆုံးသွားခဲ့သော်လည်း ဂုဏ်ပြုဆင်နွှဲရန် သူ၏ ဂိုဏ်းတူညီအစ်ကိုများထံသို့ မသွားခဲ့ချေ။ ထိုအစား ရလဒ်များကို ကြေညာပြီးနောက်တွင် ထိုသူသည် လျူကျင်းရှိရာဆီသို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့သည်။
အကယ်၍ လျူကျင်းသည် ရှောင်နန် ဖြစ်ခဲ့လျှင် ပြုံးပြုံးလေးဖြင့် ချွေထျန်းကို ချီစွမ်းအင် အရှိန်အဝါဖြင့် ဖိနှိပ်ထားနိုင်လိမ့်မည်။ အကယ်၍ သူသည် ရှောင်ဖန်း သာ ဖြစ်ခဲ့လျှင် ချွေထျန်း၏ ရိုသေလေးစားမှု မရှိခြင်းနှင့် ပတ်သက်၍ တစ်ဝက်မက ဆူပူကြိမ်းမောင်းနေလောက်ပြီ ဖြစ်သည်။ ရှောင်ဂိုဏ်းဝင်တစ်ဦးထံသို့ လျှောက်လာပြီး အဆင့်အတန်းတူသဖွယ် ဆက်ဆံပြောဆိုခြင်းသည် စနစ်တကျမရှိသလို လိမ္မာပါးနပ်ရာလည်း မကျလှပေ။
နောက်ဆုံးတွင်တော့ လျူကျင်းသည် သူ၏ ဆရာသခင် ပြုမူမည့်အတိုင်းသာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
“ ဘာကိစ္စလဲဗျ..”
လျူကျင်း၏ စကားကြောင့်... သက်ကြီးပြိုင်ဘက်ကြီး ဖြစ်သူ ချွေထျန်း၏ မျက်နှာသည် စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် တွန့်ကွေးသွားသည်။ ချွေထျန်း ဘာကိုသိချင်နေသည်ဆိုသည်ကို လျူကျင်း ကောင်းကောင်းကြီး သိနေသည်မှာ ထင်ရှားလှသည်။ သို့သော်လည်း သူသည် ချွေထျန်းအတွက် အရာရာကို လွယ်ကူချောမွေ့အောင် လုပ်ပေးရန် တာဝန်မရှိပေ။
ချွေထျန်းဘက်က မည်သည့်အမှားမျှ မလုပ်ခဲ့ဖူးသော်လည်း အချိန်အတော်ကြာအောင် အထင်သေးစော်ကားခံလာရမှုများက လျူကျင်း၏ သည်းခံနိုင်စွမ်းကို ကုန်ဆုံးစေခဲ့ပြီ ဖြစ်သည်။
ချွေထျန်းက လျူကျင်းကို စူးစိုက်ကြည့်ရင်း ဆက်ပြောလိုက်၏။
“ငါက ရှောင်ဂိုဏ်းရဲ့ ဂုဏ်သရေရှိ တပည့်တစ်ယောက်ဟာ ဂိုဏ်း သိက္ခာကို တမင်တကာ ညှိုးနွမ်းအောင် လုပ်လိမ့်မယ်လို့ ယုံကြည်လောက်တဲ့အထိ မိုက်မဲတဲ့သူ မဟုတ်ဘူးလို့ထင်နေတာ၊ ငါတို့ပြိုင်ပွဲမှာ မင်းဘက်က အရှုံးပေးလိုက်တုန်းက ငါ တုန်လှုပ်သွားခဲ့ပေမဲ့... ကြောက်လို့ အရှုံးပေးခဲ့တာလို့တော့ တစ်ခါမှ မတွေးခဲ့မိဘူး”
ထိုအချက်က ချွေထျန်းကို ပတ်ဝန်းကျင်ရှိ လူအများစုထက် ပို၍ လိမ္မာပါးနပ်စေခဲ့သည်။
“အဲဒီနောက်ပိုင်း ပွဲစဉ်တွေမှာ မင်းပြသခဲ့တဲ့ လက်ရည်တွေကလည်း ဒီအချက်ကို သက်သေပြနေတာပဲ။ ဒါကြောင့်မို့လို့ ငါ့အနေနဲ့ ဒီလိုပဲ ကောက်ချက်ချဖို့ ရှိ တော့တယ်။ မင်းကအုပ်စုတွင်း ဒုတိယနေရာနဲ့ပဲ ပွဲသိမ်းချင်ခဲ့တာမလား”
လျူကျင်းသည် ချွေထျန်း၏ အကြည့်ကို စက္ကန့်အနည်းငယ်မျှ စူးစိုက်ကြည့်နေခဲ့သည်။ သူတို့နှစ်ဦးကြားရှိ လေထုထဲတွင် တင်းမာလှသော တိတ်ဆိတ်မှုများ လွှမ်းမိုးသွားပြီး... ချွေထျန်း၏ နဖူးပြင်ပေါ်တွင်လည်း ချွေးစေးများ စတင်ထွက်ပေါ်လာတော့သည်။
နောက်ဆုံးတွင်မူ လျူကျင်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်... ကျွန်တော် အဲဒီလိုပဲ ရည်ရွယ်ခဲ့တာ”
လျူကျင်းက ဤမျှအထိ ပွင့်ပွင့်လင်းလင်း ဝန်ခံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ချွေထျန်းမှာ အံ့အားသင့်သွားသည့် ပုံပေါ်သွားသည်။
“ဘာဖြစ်လို့လဲ”
လျူကျင်းက သက်ပြင်းတစ်ချက် အသာအယာ ချလိုက်ရင်း ဆို၏။
“ပြိုင်ပွဲရဲ့ အုပ်စုတွေနဲ့ ပွဲစဉ်ဇယားတွေကို ကြိုတင်ပြီး ဘယ်လိုစီစဉ်ထားလဲဆိုတာ ခင်ဗျားမသိတာကို ကျွန်တော် အပြစ်မဆိုပါဘူး။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ဒီပြိုင်ပွဲရဲ့ အသန်မာဆုံး ယှဉ်ပြိုင်သူတွေကိုတော့ မျက်ခြေမပြတ် စောင့်ကြည့်ထားသင့်တာ။ အဲဒီလိုသာ စောင့်ကြည့်ခဲ့ရင် ခင်ဗျားကို ဘာက စောင့်ကြိုနေလဲဆိုတာ ခင်ဗျားသိလိမ့်မယ်”
လျူကျင်းသည် ထိုစကားကိုသာ ချန်ထားရစ်ခဲ့ပြီး လှည့်ထွက်လာခဲ့တော့သည်။
ဇဝေဇဝါဖြစ်ကျန်ခဲ့သော ချွေထျန်းသည် မကြာမီ ပွဲစဉ်ဇယားကို သွားရောက်ကြည့်ရှုတော့မည်ဖြစ်ကြောင်းနှင့် ထိုနေရာတွင် သူ ဘာကို တွေ့ရှိရမည်ကိုလည်း လျူကျင်း အသေအချာ သိနေသည်။ ပုံမှန်အားဖြင့် အုပ်စုတစ်ခု၏ ပထမရသူသည် အခြားအုပ်စုတစ်ခု၏ ဒုတိယရသူနှင့် ယှဉ်ပြိုင်ရလေ့ရှိသော်လည်း အမြဲတမ်းတော့ ထိုသို့မဟုတ်ပေ။ လျူကျင်းအနေဖြင့် ဤအခြေအနေတစ်ခုလုံးကို အထူးတလည် သံသယဝင်စရာကောင်းသည်ဟု ထင်မြင်နေမိသော်လည်း ထိုအချက်က ချွေထျန်း နောက်ထပ်ရင်ဆိုင်ရမည့် ပွဲစဉ်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။
ယွန်းဂိုဏ်းမှ ယွန်းဟန်နှင့် ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ မှ ချွေထျန်း။
“မင်းတို့အားလုံး မြင်ကြတယ်မလား... ဒါက ရှောင်ဂိုဏ်းကို လာပြီး စိန်ခေါ်တဲ့ကောင်တွေ ဘာဖြစ်သွားမလဲဆိုတာပဲ။ ဒီဘိုးတော်ကြီးကို ဒူးထောက်ဦးချကြစမ်း”
နှာခေါင်းကြီး လီကတော့ နိုင်ငြားသော်လည်း ဣန္ဒြေမရနိုင်ရှာပေ။
ကိုးပွဲနိုင်၊ သုညရှုံးဆိုသည့် ပြီးပြည့်စုံသော မှတ်တမ်းဖြင့် သူသည် အုပ်စုပထမအဖြစ် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုမျှနှင့်တင် အားရကျေနပ်မနေဘဲ သူသည် စင်မြင့်ထက်တွင် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ လူအများကြားစေရန် အော်ဟစ်ရင်း မောက်မောက်မာမာဖြင့် ဟန်ရေးပြ လျှောက်လှမ်းနေတော့သည်။
ဤကဲ့သို့သော အပြုအမူက ရန်သူများစွာ တိုးပွားစေမည်မှာ အသေအချာပင်။ အခုပင် သူ့ကို မုန်းတီးစူးစိုက်သည့် အကြည့်များဖြင့် ကြည့်နေကြပြီ ဖြစ်သည်။ သို့သော် သူသည် ရှောင်ဂိုဏ်းဝင်တစ်ဦး ဖြစ်နေသောကြောင့် ဤအပြုအမူကြောင့် သူ့အပေါ် ဆိုးကျိုးသက်ရောက်မှုတစ်ခုခု ရှိလာနိုင်ခြေတော့ မရှိသလောက်ပင် ဖြစ်သည်။
“ဒီ နှာခေါင်းကြီးကတော့ဘယ်အချိန်မှာ ပါးစပ်ပိတ်ရမလဲဆိုတာ သင်ယူဖို့ လိုနေပြီ”
ဇူအန်ကတော့ စင်ပေါ်တက်ပြီး သူ့မျက်နှာကို လှမ်းဖြတ်ရိုက်ချင်စိတ် ပေါက်နေသည်။ လျူကျင်းကဲ့သို့ပင် သူမသည်လည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် လျူကျင်းနှင့်မတူသည်မှာ သူမက အုပ်စုပထမဖြင့် ပွဲသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ပွဲမပြီးသေးသည့် အခြားအုပ်စုများကို ရှောင်ဂိုဏ်း၏ သီးသန့်အခန်းထဲမှနေ၍ သက်သောင့်သက်သာဖြင့် စောင့်ကြည့်နေကြသည်။
“အား... အဲဒီနွား အနိုင်ယူခဲ့တဲ့သူတွေရဲ့ ဂိုဏ်းတူညီအစ်ကိုတွေ ဘယ်လောက်တောင် ဒေါသထွက်နေမလဲဆိုတာ တွေးကြည့်လို့တောင် ရတယ်။ သူ့ရဲ့ ညီအစ်ကိုတွေအပေါ် သိက္ခာချလို့ဆိုပြီး ကလဲ့စားချေမယ့်သူတွေနဲ့ တိုးမှာကိုတော့ ငါ ကြောက်တယ်... တကယ့်ကို စိတ်ရှုပ်စရာကြီး” ဟု အတွင်းစည်းတပည့်တစ်ဦးက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။
သူမသည် ပုံကြီးချဲ့ပြောနေခြင်း ဖြစ်သော်လည်း စကားထဲတွင် အမှန်တရားအချို့တော့ ရှိနေသည်။
“အဲဒါက အရေးကြီးလို့လား” ဟု နောက်ထပ် တပည့်တစ်ဦးက ဝင်မေးလိုက်သည်။
“ထိပ်ဆုံးမှာ ရှိနေတဲ့သူတွေက ဘာပဲလုပ်လုပ် အမုန်းခံရတာပဲလေ”
“ဒါပေမဲ့လည်း အဲဒါက ငါတို့ လုပ်ရမယ့်အလုပ်ကို ပြောင်းလဲပစ်လို့မရဘူး”
ရှောင်ဖန်း၏ စကားကြောင့် လူတိုင်း ကိုယ်ဟန်ကို အနည်းငယ် ပိုမိုမတ်မတ် ပြင်ထိုင်လိုက်ကြသည်။ သူသည်လည်း နောက်ဆုံးတွင် သူ၏ ပွဲစဉ်များကို ယှဉ်ပြိုင်ပြီးစီးခဲ့ပြီ ဖြစ်သည်။ အရှုံး အနိူင်ကို မည်သူကမျှ သူ့ကို မေးမြန်းရန် မလိုပေ။
သူသည် ရှောင်ဂိုဏ်း၏ ရှောင်ဖန်း မဟုတ်ပါလား။
အစကတည်းကပင် ပထမနေရာကို ရယူရန်ဆိုသည်မှာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့် ဖြစ်ခဲ့သည်။
“ထိပ်ဆုံးမှာ ရပ်တည်နေတဲ့သူတွေက အမြဲတမ်း မနာလို အမုန်းပွားခံရတတ်တာ အမှန်ပဲ။ အဲဒါကို ငါတို့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ သူတို့ ငါတို့အပေါ် ဘယ်လိုပဲ သဘောထားထား... ငါတို့ဘက်က ဆက်တိုက် အနိုင်ရနေဖို့ပဲ လိုတယ်... ဒါပါပဲ”
သူသည် အခြေအနေကို ပြေလည်အောင် ထိန်းညှိရန် ကြိုးစားနေခြင်း ဖြစ်သည်။ ယခုအချိန်တွင် ၎င်းတို့အချင်းချင်း စည်းလုံးညီညွတ်မှုမရှိသည့် ပုံစံမျိုး အပြင်လူကို ပြ၍မဖြစ်ပေ။ သို့သော်လည်း သူသည် နှာခေါင်းကြီး လီအပေါ် အမှန်တကယ် သဘောကျကျေနပ်ခြင်းမရှိသည်ကို လျူကျင်း ရိပ်မိနေသည်။ ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သူသည် လီ့ကို ဧကန်မုချ ဆူပူကြိမ်းမောင်းပေလိမ့်မည်။
ရှောင်ဖန်း၏ အကြည့်များက လျူကျင်းထံသို့ ရောက်ရှိလာသည်။
“မင်းက ဒုတိယနေရာနဲ့ ပွဲသိမ်းခဲ့တာပေါ့”
ထိုအခိုက်အတန့်တွင် လျူကျင်းနှင့် ရှောင်ဖန်းမှလွဲ၍ ကျန်ရှိနေသောသူအားလုံး တင်းမာသွားကြသည်။ လျူကျင်း သက်ပြင်းချလိုက်ချင်သော်လည်း မချမိအောင် ထိန်းလိုက်သည်။ ဤသည်မှာ သူ လာတော့မည်ကို ကြိုတင်သိရှိထားပြီးသား အခြေအနေတစ်ခု ဖြစ်ပေသည်။
“ဟုတ်တယ် ”
လျူကျင်း အံ့အားသင့်သွားရသည်မှာ ရှောင်ဖန်း၏ မျက်နှာတွင် ဒေါသအရိပ်အယောင် စိုးစဉ်းမျှပင် မတွေ့ရခြင်းကြောင့် ဖြစ်သည်။ ထိုအစား ရှောင်ဂိုဏ်း၏ သခင်လေးသည် လျူကျင်းကို တစ်မိနစ်ခန့် စူးစိုက်ကြည့်ရင်း တစ်စုံတစ်ခုကို တိတ်ဆိတ်စွာ တွေးတောနေပုံရသည်။
“လက်ရှိ အခြေအနေအရဆိုရင်တော့ ဒါဟာ အကောင်းဆုံး ရွေးချယ်မှုပဲ။ ဒါပေမဲ့ မင်းရဲ့ နောက်ထပ်ပွဲစဉ်မှာတော့ အဲဒီအချက်ကို အဖတ်ဆယ်နိုင်မယ့် ပုံစံမျိုးနဲ့ အနိုင်ရအောင် လုပ်ပါ။ ငါတို့မှာ ထိန်းသိမ်းရမယ့် ပုံရိပ်ဆိုတာ ရှိတယ်”
ရှောင်ဖန်းအနေဖြင့် လျူကျင်းကို အံ့အားသင့်အောင် လုပ်နိုင်ခဲလှသည်။
ဒီနေ့တွင်တော့ ထိုသို့သော အဖြစ်မျိုး နှစ်ကြိမ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။
အုပ်စုအဆင့် ပွဲစဉ်များ ပြီးဆုံးပြီး တစ်နာရီအကြာတွင်ပင် မဟာပြိုင်ပွဲကြီး စတင်လေတော့သည်။ ကွင်း၏ အလယ်ဗဟိုတွင် စင်မြင့်အကြီးစားတစ်ခုကို လာရောက်တပ်ဆင်ကြသဖြင့် ပွဲကြည့်ပရိသတ်များမှာလည်း ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုနေကြသည်။ ပြိုင်ပွဲကြီးကြပ်ရေးမှူးတစ်ဦးက စင်မြင့်ထက်တွင် ရပ်ကာ ပြိုင်ပွဲကြီး အစစ်အမှန် စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။
လျူကျင်းကမူ ထိုကြေညာချက်ကို သိပ်ပြီး သတိမထားမိပေ။
သူ၏ အာရုံတစ်ခုလုံးသည် ဘေးနားတွင် ရပ်နေသည့် ဆေးကုသအဖွဲ့ ပြုစုစောင့်ရှောက်သူထံသို့သာ ရောက်ရှိနေသည်။ အခြေအနေကို ပိုမိုအနီးကပ် စောင့်ကြည့်နိုင်ရန်အတွက် လျူကျင်းသည် ကွင်းပြင်ကြမ်းပြင်ထက်အထိပင် ဆင်းလာခဲ့သည်။
ယခုကဲ့သို့သော ပြိုင်ပွဲမျိုးတွင် ဆေးကုသအဖွဲ့ ကို အသင့်ပြင်ဆင်ထားရန်မှာ အလွန်ပင် လိုအပ်လှသည်။ လက်ရည်စမ်းပွဲများတွင်ပင် ဒဏ်ရာအကြီးအငယ် ရရှိခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ ထို့အပြင် တစ်ဂိုဏ်းလုံး၏ ကိုယ်စားပြု သိက္ခာနှင့် ကိုယ်ပိုင်ဂုဏ်မာန တို့ပါ ဖိအားအဖြစ် ပါဝင်လာသည့်အခါတွင်မူ အချို့သော တိုက်ပွဲများသည် အတော်လေး ပြင်းထန်အကြိတ်အနယ် ရှိလာမည်မှာ ပြောနေစရာပင် မလိုတော့ပေ။
ပြိုင်ပွဲ မပြီးဆုံးမီ အနည်းဆုံး ပြင်းထန်သော ဒဏ်ရာရရှိမှုတစ်ခုမျှ မရှိခဲ့လျှင်သာ ထူးဆန်းနေပေလိမ့်မည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု မသန်မစွမ်းဖြစ်သွားနိုင်သည်အထိ ပြင်းထန်သော ဒဏ်ရာမျိုးကိုပင် လူတို့က မျှော်လင့်ထားကြပြီးသား ဖြစ်သည်။
ယခင်ပြိုင်ပွဲများတွင်မူ... အသက်သေဆုံးမှုများအထိပင် ရှိခဲ့ဖူးသည်။
ယခုအကြိမ်တွင်မူ ဆေးကုသအဖွဲ့ တွင် ရောက်ရှိနေသူမှာ သမားတော်ဝူ၏ သားဖြစ်သူ ဝူယန် ဖြစ်သည်။ လျူကျင်းသည် သူ၏ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် စောင့်ကြည့်နေမိသည်။ သို့သော်လည်း ထူးခြားသည့်အရာ ဘာမျှ ဖြစ်မလာခဲ့ပေ။ ဝူယန်က ရှောင်ဂိုဏ်းမှ တပည့်များ၏ ဒဏ်ရာများကို လာရောက်စစ်ဆေးပေးသည့် အချိန်တွင်ပင် လျူကျင်းအနေဖြင့် ပုံမှန်မဟုတ်သော အခြေအနေမျိုး တစ်ခုမျှ မရိပ်မိခဲ့ပေ။
“ယွန်းဂိုဏ်းက ယွန်းဟန်နဲ့ ရွက်သစ်ခုနစ်လွှာ ကျောင်းတော်က ချွေထျန်း”
ထိုပွဲစဉ်ကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် လျူကျင်း၏ အကြည့်များသည် စင်မြင့်ထက်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
ဤပွဲစဉ်သည် သူ အနည်းငယ် စိတ်ဝင်စားမှုရှိသည့် ပွဲတစ်ပွဲ ဖြစ်သည်။
ယွန်းဟန် စင်မြင့်ထက်သို့ လှမ်းတက်လိုက်သည့် အခိုက်အတန့်တွင် ပွဲကြည့်ပရိသတ်များမှာ သောင်းသောင်းဖျဖျ ကြွေးကြော်အားပေးကြလေသည်။ ဤသည်မှာလည်း ဖြစ်သင့်ဖြစ်ထိုက်ပေသည်။ သူသည် ယွန်းဂိုဏ်း၏ သခင်လေး မဟုတ်ပါလား။ ဤနေရာသို့ ရောက်လာကြသည့် လူအများစုမှာလည်း သူ့လို လူမျိုးများကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းနှင့် နှိုင်းယှဉ်ပါက ချွေထျန်း ရရှိသည့် အားပေးသံများမှာ သိသိသာသာပင် တိတ်ဆိတ်လှသည်။
အမှန်အတိုင်းပြောရလျှင် သူ စင်ပေါ်သို့ လျှောက်လှမ်းလာစဉ် ထွက်ပေါ်လာသည့် လက်ခုပ်သံများမှာ ယဉ်ကျေးပျူငှာရုံသက်သက် တီးပေးကြသည်ဟုသာ ဆိုရပေလိမ့်မည်။
“ပထမဆုံးပြိုင်ဘက်အနေနဲ့ အဲဒီယွန်းဟန်နဲ့ တိုးရတယ်လို့။ တကယ် ကံဆိုးတာပဲ”
“တစ်ယောက်ယောက်နဲ့တော့ တိုးမှာပဲလေ။ သူ အုပ်စုအဆင့်ကို ကျော်ဖြတ်ခွင့်ရခဲ့တာကိုပဲ နတ်ကောင်းနတ်မြတ်တွေကို ကျေးဇူးတင်သင့်တယ်။ ဒီ ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ ဆိုတာကို ငါ တစ်ခါမှ မကြားဖူးဘူး”
“ငါကတော့ သူ့အုပ်စုပွဲတွေကို သိပ်သတိမထားမိလိုက်ဘူး။ ဒါပေမဲ့ ကြားတာတော့ သူ ရှောင်ဂိုဏ်းကလူတစ်ယောက်ကိုတောင် အနိုင်ယူခဲ့တယ်ဆို... သူ့မှာ မျှော်လင့်ချက်နည်းနည်းလောက်တော့ ရှိနိုင်မလား”
“လုပ်စမ်းပါဗျာ... တွေးကြည့်ရင်တင် သိသာနေတာကို။ အဲဒီပွဲမှာ သူနဲ့တိုးတဲ့လူက နောက်တစ်ဆင့်ကျရင် ယွန်းဟန်နဲ့မတိုက်ချင်လို့ ကြောက်ပြီး တမင်အရှုံးပေးလိုက်တာ နေမှာပါ”
နောက်ဆုံးစကားကြောင့် လျူကျင်း၏ မျက်ခုံးများ တွန့်ကွေးသွားရသည်။ သူ ယွန်းဟန်နှင့် မတိုက်ခိုက်ဘဲ ရှောင်တိမ်းခဲ့ခြင်းမှာ ကြောက်ရွံ့၍ မဟုတ်ပေ။ ယွန်းဟန်ကို လွှဲရှောင်ခြင်းမှာ အသိတရားရှိရှိနှင့် လုပ်ဆောင်သင့်သည့် ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း ပွဲကြည့်ပရိသတ်များကတော့ ဤပွဲနှင့်ပတ်သက်ပြီး ၎င်းတို့ဘာသာ ကောက်ချက်ချ ဆုံးဖြတ်ပြီးသွားကြပုံရသည်။
ချွေထျန်းအနေဖြင့် အနိုင်ရရန် လုံးဝ မဖြစ်နိုင်ဟုပင် ဖြစ်သည်။
“အစွမ်းကုန် ကြိုးစားစမ်းပါ အကိုကြီးရာ”
ပွဲကြည့်ပရိသတ်အများစုက ကောက်ချက်ချပြီးသွားကြသော်လည်း ချွေထျန်းအတွက်မူ အားပေးမည့်သူအချို့ ရှိနေသေးသည့်ပုံပေါ်သည်။ သူ့ကို အော်ဟစ်အားပေးနေသည့် အသံမှာ လျူကျင်း မှတ်မိနေသော အသံတစ်ခု ဖြစ်နေသည်။ ထိုသူမှာ အုပ်စုအဆင့်တွင် သူ အနိုင်ယူခဲ့သည့် တပည့်ဖြစ်ပြီး သူ၏လက်မောင်းမှာ ယခုထက်ထိ ဘေးနားတွင် ပျော့ခွေစွာ တွဲလောင်းကျနေဆဲ ဖြစ်သည်။ အကြောပိတ်ချက်၏ အာနိသင်မှာ မပြယ်သေးပေ။ သူ၏ဘေးတွင်မူ အလားတူ အစိမ်းရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် လူများရှိနေကြပြီး ၎င်းတို့သည် ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ မှ အခြားတပည့်များ ဖြစ်ပုံရသည်။
အုပ်စုအဆင့်ပွဲစဉ်များ ပြီးဆုံးပြီးနောက်တွင် လျူကျင်းသည် ပြိုင်ပွဲဝင်စာရင်းကို စစ်ဆေးခဲ့သေးသည်။
‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ မှ စေလွှတ်လိုက်သော တပည့်တစ်ဆယ်အနက် ချွေထျန်း တစ်ဦးတည်းသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
“စတင်စေ”
ဒိုင်လူကြီးက အော်ဟစ်အချက်ပေးလိုက်သည်နှင့် ချွေထျန်းသည် အချိန်ဆိုင်းမနေဘဲ ချက်ချင်းပင် လှုပ်ရှားတော့သည်။ သူသည် သူ၏ ချီစွမ်းအင်များကို မီးပုံကြီးတစ်ခုကဲ့သို့ ဘေးပတ်ပတ်လည်တွင် တောက်လောင်ထွက်ပေါ်စေရင်း လက်သီး၊ ခြေကန်ချက်များကို ဆက်တိုက်ဆိုသလို ပစ်သွင်းကာ ယွန်းဟန်ထံသို့ အတင်းဝင်လုံးလိုက်ရာ လူအုပ်ကြီးထံမှ သောင်းသောင်းဖျဖျ အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
ယွန်းဟန်ကမူ ထိုတိုက်ကွက်တစ်ခုချင်းစီတိုင်းကို အသာအယာပင် ပိတ်ဆို့တားဆီးနေခဲ့သည်။
သူသည် ရှောင်တိမ်းရန် သို့မဟုတ် လွှဲဖယ်ပစ်ရန်ပင် စိတ်မဝင်စားပေ။ နောက်သို့ ခြေတစ်လှမ်းမျှပင် ဆုတ်မသွားခဲ့ချေ။ ချွေထျန်း၏ အစွမ်းကုန်ထုတ်သုံးထားသော အားအင်များကို သူ၏ ပုံမှန်ချီစွမ်းအင်ပမာဏမျှဖြင့်ပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလောက်အောင် အေးအေးလူလူ ရင်ဆိုင်နေခဲ့သည်။
ငါးစက္ကန့်အတွင်းမှာပင် တိုက်ကွက်ပေါင်း ငါးရာခန့် ကုန်လွန်သွားခဲ့ပြီး ထိုတိုက်ကွက်အားလုံးမှာ ချွေထျန်းဘက်ကချည်း တရစပ် ထိုးနှက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုငါးစက္ကန့်အတွင်းမှာပင် ယွန်းဟန်သည် နောက်သို့ ခြေတစ်လှမ်းမျှပင် ဆုတ်မပေးခဲ့ပေ။
ချွေထျန်းအနေဖြင့် သူ၏ အချည်းနှီးဖြစ်သော ရုန်းကန်မှုများကို ကိုယ်တိုင်သတိပြုမိလာပုံကို စောင့်ကြည့်ရသည်မှာ ဝမ်းနည်းစရာပင် ကောင်းလှသည်။ သူတို့နှစ်ဦးကြားရှိ စွမ်းရည်ကွာခြားမှုက ဤမျှအထိ ကြီးမားလိမ့်မည်ဟု သူ တစ်ခါမှပင် တွေးထင်ထားခဲ့ဖူးမည်မဟုတ်ပေ။ အကြောင်းမှာ သူသည် နာမ်ဝိညာဉ်သန္ဓေတည်အဆင့်၏ ပထမအဆင့်တွင် ရှိနေပြီး ယွန်းဟန်မှာမူ ထိုအဆင့်၏ အလယ်အလတ်ပိုင်းတွင်သာ ရှိနေခြင်းကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ဤမျှအထိ ကွာဟချက် အဆမတန် ကြီးမားနေရသနည်း။ အမှန်စင်စစ် ပွဲကြည့်ပရိသတ်ထဲမှ လူအများအပြားသည်လည်း ဤအချက်ကိုပင် ဇဝေဇဝါဖြစ်နေကြလိမ့်မည်ဟု လျူကျင်း အသေအချာ ယုံကြည်နေမိသည်။
ယွန်းဟန်နှင့် ချွေထျန်းတို့ကြားရှိ ကွာခြားချက်မှာ ကျင့်စဉ်အဆင့်တစ်ခုတည်းကြောင့်သာ မဟုတ်ပေ။
ယွန်းဟန်၏ ကျင့်ကြံခြင်းအခြေခံ အုတ်မြစ်သည် ချွေထျန်းနှင့် နှိုင်းယှဉ်၍မရအောင်ကို ပိုမိုခိုင်မာနက်ရှိုင်းလွန်းနေခြင်း ဖြစ်သည်။
ယွန်းဟန်သည် ငယ်စဉ်ကလေးဘဝကတည်းကပင် ယွန်းဂိုဏ်း၏ စနစ်တကျ လေ့ကျင့်သင်ကြားပေးမှုကို ခံခဲ့ရသူ ဖြစ်သည်။ သူသည် ပိုမိုကောင်းမွန်သော အသက်ရှူခြင်းနှင့် ကျင့်ကြံခြင်း နည်းစနစ်များကို သင်ယူခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ပိုမိုကောင်းမွန်သော အရင်းအမြစ်၊ ဆေးဝါးများကို ရရှိခဲ့ပြီး မိမိ၏ ချီစွမ်းအင်များကို ခန္ဓာကိုယ်အနှံ့ မည်သို့ပိုမိုထိရောက်စွာ စီးဆင်းစေရမည်ကိုလည်း သိရှိနားလည်ထားသည်။
အကယ်၍ ၎င်းတို့နှစ်ဦး၏ ဒန်တျန်၏ သန့်စင်မှုနှင့် စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ချွေထျန်း၏ ဒန်တျန်မှာ ယွန်းဟန်နှင့်ယှဉ်လျှင် အမှိုက်သရိုက်တစ်ခုကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။
အသက်အရွယ်အရ ချွေထျန်းက ယွန်းဟန်ထက် ပိုမိုကြီးရင့်သော်လည်း စွမ်းရည်ပိုင်းတွင်မူ ယွန်းဟန်အတွက် ကလေးကစားစရာမျှသာ ဖြစ်နေတော့သည်။
ချွေထျန်းက သူ၏ရန်သူနှင့် အကွာအဝေးတစ်ခုရရန် နောက်သို့ ခုန်ဆုတ်လိုက်သည့် အချိန်တွင်ပင် ယွန်းဟန်က သူ့နောက်သို့ လိုက်လံတိုက်ခိုက်ရန်ပင် စိတ်မဝင်စားခဲ့ချေ။ ဤသည်မှာ သူ ဤပွဲစဉ်အပေါ် မည်မျှအထိ အလေးအနက်မထားဘဲ ပေါ့ပေါ့တန်တန် သဘောထားနေသည်ဆိုသည့် နောက်ထပ် သက်သေတစ်ခုပင် ဖြစ်သည်။ ပွဲကြည့်ပရိသတ်ထဲမှ အချို့လူများက လှောင်ပြောင်ရယ်မောကြသည်။ ချွေထျန်း၏ မျက်နှာမှာမူ ဘာမှပြန်မလုပ်နိုင်သည့် အကျည်းတန်သော ဒေါသများကြောင့် နီမြန်းတောက်လောင်လာတော့သည်။
အကယ်၍သာ ယွန်းဟန်အနေဖြင့် ဤပွဲကို အဆုံးသတ်ချင်ခဲ့ပါက စောစောကတည်းက အဆုံးသတ်နိုင်ခဲ့ပြီးပြီ ဖြစ်သည်။ သူသည် စောင့်ကြည့်နေကြသူများကို မိမိ၏ အထက်တန်းကျလှသော စွမ်းရည်များကို ထုတ်ကြွားပြသရန်အတွက် ချွေထျန်းကို အသုံးချနေခြင်းမျှသာ ဖြစ်သည်။
ယွန်းဟန်က မိမိ မည်မျှအထိ သန်မာကြောင်း ရှောင်ဖန်းကို သက်သေပြရန်အတွက်သာ ဤသို့လုပ်ဆောင်နေခြင်း ဖြစ်သည်ဆိုလျှင်ပင် လျူကျင်းအတွက် အံ့သြစရာမဟုတ်တော့ပေ။
ချွေထျန်းကဲ့သို့သော လူမျိုးမှာ သူ၏ မျက်လုံးထဲတွင်ပင် ရှိမနေချေ။
“အရှုံးမပေးနဲ့ အစ်ကိုကြီးထျန်း”
ချန်ဝေ၏ အော်ဟစ်အားပေးသံမှာ ပွဲကြည့်စင်ထံမှ ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ သူသည် ကွင်းထဲသို့ပင် ခုန်ဆင်းလာချင်သည့် ပုံစံမျိုး ဖြစ်နေသည်။
“မှတ်မိသေးတယ်မလား ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ ရဲ့ နာမည်ကို တစ်မြို့လုံး သိစေရမယ်လို့ ကျွန် တော်တို့ ကတိပေးထားခဲ့ကြတယ်လေဗျာ”
လျူကျင်းအနေဖြင့် ထိုသူ ဤစကားကို မပြောခဲ့ပါစေနှင့်ဟု အမှန်တကယ် ဆုတောင်းမိသည်။ ချွေထျန်း၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည့် ပြတ်သားတင်းမာလှသော အမူအရာကို ကြည့်ရသည်မှာ စိတ်အေးရမည့် အခြေအနေတစ်ခုတော့ မဟုတ်ပေ။
ချွေထျန်းသည် တိုက်ခိုက်ရေးကိုယ်ဟန်ကို နောက်တစ်ကြိမ် ထပ်မံပြင်လိုက်ပြီး သူ၏ ချီစွမ်းအင်များကို ပိုမိုမြင့်မားသည်ထက် မြင့်မားအောင် မြှင့်တင်လိုက်တော့သည်။ သူ၏ ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်တွင် အက်ကြောင်းများပင် စတင်ထွက်ပေါ်လာခဲ့သည်။ သူသည် ယွန်းဟန်ကို တစ်စုံတစ်ခု လှမ်းပြောလိုက်သော်လည်း လျူကျင်းမှာ အလွန်ဝေးကွာလှသဖြင့် စကားလုံးများကို သဲသဲကွဲကွဲ မကြားရပေ။
သို့သော်လည်း ဘာဖြစ်နေသည်ဆိုသည်ကိုမူ သူ နားလည်လိုက်သည်။
သံမဏိအရေပြားကျင့်စဉ်။
သံမဏိဓာတ် ချီစွမ်းအင်များသည် ချွေထျန်း၏ ဘေးပတ်ပတ်လည်တွင် လှိုင်းထလာပြီး သူ၏ အရေပြားပေါ်တွင် စုစည်းကာ တစ်သားတည်း ပေါင်းစပ်သွားတော့သည်။ အစွမ်းကုန် အားဖြည့်ကာ မာကျောသွားသော ခန္ဓာကိုယ်ဖြင့် ချွေထျန်းသည် ယွန်းဟန်ထံသို့ အပြင်းအထန် ပြေးဝင်လုံးလိုက်သည့်အခါတွင် မြေပြင်များပင် ကွဲအက် ပျက်စီးကုန်တော့သည်။
ချက်ချင်းပင်... တစ်ချက်တည်းသော ထိချက်။
တစ်ချက်တည်းသော ထိချက်က ချွေထျန်းကို စင်မြင့်ထက်မှ လွင့်စင်သွားစေခဲ့သည်။
လျူကျင်းပင် ထိုလှုပ်ရှားမှုကို သဲသဲကွဲကွဲ မမြင်လိုက်ရပေ။ ပွဲကြည့်ပရိသတ်အများစုအတွက်မူ ချွေထျန်းမှာ ရုတ်တရက်ကြီး စင်ပေါ်မှ လွင့်ထွက်သွားပြီး ပြိုင်ပွဲကွင်း၏ နံရံနှင့် ကျောပြင်အရှိန်အဟုန်ဖြင့် ဆောင့်မိသွားခြင်းသာ ဖြစ်သည်။ သူ စုစည်းထားခဲ့သော သံမဏိဓာတ်စွမ်းအင်ပါဝင်သော ချီစွမ်းအင်များမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးပျယ်လွင့်သွားခဲ့တော့သည်။
ဤမျှနှင့်ပင် ချွေထျန်း၏ အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲခရီးစဉ်ကတော့ ပြီးဆုံးသွားခဲ့ရပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ထမ်းစင်ပေါ်သို့ တင်ကာ ဆေးကုသမှုခံယူရန် သယ်ဆောင်သွားကြတော့သည်။ ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ မှ လူများသည်လည်း စိုးရိမ်ပူပန်သော မျက်နှာပေးများဖြင့် သူ့ထံသို့ ပြေးသွားကြသည်။
သူတို့သာ အမှန်တရားကို သိကြမည်ဆိုလျှင်...
ယွန်းဟန်သည် ချွေထျန်းကို ရိုးရိုးရိုက်နှက်လိုက်ခြင်း မဟုတ်ပေ။
စောန တိုက်ကွက်တွင် သူသည် ချွေထျန်း၏ အောက်ဒန်တျန်ကို ကရုဏာကင်းမဲ့စွာဖြင့် တိကျသေချာစွာ နှက်လိုက်ခြင်း ဖြစ်သည်။
ချွေထျန်းအနေဖြင့် နောင်တစ်ချိန်တွင် ကျင့်စဉ်များကို ပြန်လည်လေ့ကျင့်နိုင်ဦးမည်ဆိုလျှင် ၎င်းကမှ လျူကျင်းအတွက် အံ့သြစရာ ဖြစ်နေပေလိမ့်မည်။
“ကျွန်မ စဉ်းစားလို့မရလို့ပါ။ သူ ဘာလို့ အဲဒီလို လုပ်ခဲ့တယ်လို့ ထင်လဲ”
လျူကျင်း အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်မိသွားသည်။ ဝတ်ရုံခြုံထားသည့် လူတစ်ယောက်သည် သူ သတိမပြုမိလိုက်ဘဲ အနားသို့ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်။ ထွက်ပေါ်လာသော အသံအရ သူမသည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိနိုင်ပြီး သူမ၏ အရပ်အမောင်းမှာလည်း သူနှင့် သိပ်မကွာလှပေ။ ထို့ကြောင့် ၎င်းတို့သည် သက်တူရွယ်တူများ ဖြစ်နိုင်ခြေ ရှိသည်။
“သူ ဘာလုပ်တာကို ပြောတာလဲ”
ထိုမိန်းကလေးက ရယ်မောလိုက်သည်။ သူမ၏ ဝတ်ရုံခေါင်းမြှောက်အောက်တွင် တောက်ပသော စိမ်းလန်းသည့် မျက်ဝန်းများကို သူ မြင်တွေ့လိုက်ရသည်။
“လုပ်စမ်းပါရှင်... ရှင် သတိမထားမိလိုက်ဘူးလို့တော့ ကျွန်မကို မပြောပါနဲ့။ ရှင်က လူတိုင်းကို ဒီလိုမျိုး စူးစူးစိုက်စိုက် ကြည့်တတ်တဲ့သူဆိုရင်တော့ ကျွန်မ တကယ် ကြောက်မိမှာပဲ”
သူဒေါသတကြီး စူးစိုက်ကြည့်နေမိတာလား။
“သူ့ရဲ့ အောက်ဒန်တျန်လေ။ ကျွန်မက သူ့ရဲ့ အောက်ဒန်တျန်အကြောင်းကို ပြောနေတာပါ။ အဲဒါက လွယ်လွယ်နဲ့ ပြန်ကောင်းလာနိုင်တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူး။ ကျွန်မသိရသလောက်တော့ သူလာတဲ့ ကျောင်းတော်က အသစ်ဖွင့်ထားတာ သိပ်မကြာသေးဘူး။ သူ့ကို ပြန်ကုသပေးနိုင်မယ့် အရင်းအမြစ်မျိုး သူတို့မှာ ရှိနိုင်ခြေ မရှိဘူး။ နှမြောစရာပဲ... အဲဒီလိုသာ မဟုတ်ရင် သူ ဒီထက်မက ပိုမြင့်တဲ့အဆင့်တွေကို တက်လှမ်းနိုင်မှာ။ ယွန်းဂိုဏ်းရဲ့ သခင်လေးက သူ့ကို အဲဒီလိုမျိုး ရက်ရက်စက်စက် နှက်လိုက်တာဟာ အဲဒီအကြောင်းပြချက်ကြောင့်ပဲ ဖြစ်မလား”
ဧကန်မုချ ထိုအကြောင်းပြချက်ကြောင့်ပင် ဖြစ်သည်။ သူ၏ လက်ရှိအခြေအနေနှင့် ယခုကဲ့သို့ သံမဏိဓာတ်စွမ်းအင်ပါဝင်သော ချီစွမ်းအင်ကို အသုံးပြုနိုင်ခြင်းမှာ တကယ်ကို ချီးကျူးစရာပင် ဖြစ်သည်။ ယွန်းဟန်သည် နောင်တစ်ချိန်တွင် အန္တရာယ်ရှိလာနိုင်သည့် ပြဿနာတစ်ခုကို အမြစ်ပြတ်ချေမှုန်းရန် အခွင့်အရေးကို မြင်တွေ့သွားပြီး ချက်ချင်းပင် လက်ဦးမှုရယူလိုက်ခြင်း ဖြစ်သည်။
တိုက်ကွက်တစ်ခုတည်းဖြင့် သူသည် ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ ၏ အသန်မာဆုံးတပည့်ကိုသာမက ၎င်းတို့ကျောင်းတော် ဂုဏ်သတင်းကျော်စောလာမည့် အခွင့်အလမ်းကိုပါ ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။ ယခုအချိန်မှစ၍ ၎င်းတို့အနေဖြင့် ရှေ့ဆက်တက်လှမ်းလိုပါက ပိုမိုသန်မာသော အင်အားစုကြီးများ၏ သနားညှာတာမှုကိုသာ မှီခိုအားထားကြရတော့မည် ဖြစ်သည်။
““အဲဒါက အရေးကြီးလို့လား”
“မကြီးပါဘူး” ထိုမိန်းကလေးက သူမ၏ ဝတ်ရုံခေါင်းမြှောက်အောက်မှနေ၍ ပြုံးလိုက်သည်။
“ကျွန်မ အတွက်တော့ အရေးမကြီးပါဘူး”
လျူကျင်း လှည့်ထွက်သွားစဉ်တွင် ထိုမိန်းကလေးက သူ့ကို လှမ်း၍ အော်ပြောလိုက်သည်။
“ဒါနဲ့... ရှင်က ကျွန်မ ဘယ်သူလဲဆိုတာ မမေးတော့ဘူးလား”
“မမေးတော့ပါဘူး၊ ငါစိတ်မဝင်စားဘူး”
“အရေးမကြီးပါဘူးလေ။ ရှင်သာ ပွဲစဉ်အားလုံးကို ဒီလိုမျိုး စူးစူးစိုက်စိုက် ဆက်ကြည့်နေမယ်ဆိုရင် မကြာခင် ကျွန်မနာမည်ကို ရှင်သိလာရမှာပါ။ နောက်ထပ်ပွဲစဉ်မှာ ရှင်သာ အနိုင်ရခဲ့မယ်ဆိုရင် ကျွန်မတို့နှစ်ယောက် ပြိုင်ပွဲမှာတရားဝင် ဆုံတွေ့ခွင့်ရကြလိမ့်မယ်။ ရှင့်ရဲ့ လက်ရည်ပြသမှုကို ကျွန်မ မျှော်လင့်စောင့်စားနေပါတယ်”