← Chapters

အခန်း ၅၃

Vol. 7 Ch. 53

အခန်း ၅၃

Vol. 7 Ch. 53

အခန်း ၅၃။ ပေါက်ပေါက်ရှာရှာ စိတ်ကူး

ဆေးကုသဆောင်တစ်ခုလုံးတွင် ညှိုးငယ်နာကျင်နေသော မျက်နှာများနှင့် နာကျင်စွာ ညည်းတွားသံများ ပြည့်နှက်နေသည်။

ဒဏ်ရာအနာတရ အနည်းငယ်ထက်မက ပြင်းပြင်းထန်ထန် ရရှိထားသူများကို ဤနေရာသို့ ခေါ်ဆောင်လာကြခြင်း ဖြစ်သည်။ လွတ်နေသော ကုတင်များစွာ ရှိနေသေးသော်လည်း ပွဲစဉ်များ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဤအခြေအနေက ပြောင်းလဲသွားလိမ့်မည်ဟု လျူကျင်း အသေအချာ သိနေသည်။ လူအများစုမှာ မိမိတို့၏ စွမ်းရည်အစစ်အမှန်များကို ထုတ်မပြချင်ကြသဖြင့် အုပ်စုအဆင့်တွင် အေးအေးဆေးဆေးသာ ယှဉ်ပြိုင်ခဲ့ကြသည်။

သို့သော်လည်း ယခုကတည်းကပင် အချို့သူများမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိနေကြပြီ ဖြစ်သည်။

ဂုဏ်မာန၊ တာဝန်သိစိတ်၊ ခေါင်းမာမှုနှင့် ရက်စက်ကြမ်းကြုတ်မှု။

ထိုအရာများ ရောပြွမ်းလာသည့်အခါတွင်မူ လူတို့မှာ ထိခိုက်ဒဏ်ရာရရှိကြရန်သာ ရှိတော့သည်။

‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ မှ လူများသည် ချွေထျန်း၏ ကုတင်ဘေးတွင် စုရုံးနေကြသည်။ ဆေးကုသအဖွဲ့ အရာရှိတစ်ဦးက ၎င်းတို့ကို စကားပြောနေသည်။ ၎င်းတို့၏ ဆရာသခင် ဖြစ်ဟန်တူသော အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အိုတစ်ဦးမှာ ဆေးကုသအဖွဲ့ အရာရှိနှင့် အပြင်းအထန် အခြေအတင် ငြင်းခုံနေလေသည်။ အကယ်၍ လျူကျင်းအနေဖြင့် အာရုံစိုက်နားစွင့်မည်ဆိုပါက သူတို့ ဘာပြောနေကြသည်ကို ကြားနိုင်သော်လည်း သူ မလုပ်ခဲ့ပေ။ အမှန်စင်စစ် သူသည် သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း မဖြစ်စေရန်အတွက် ၎င်းတို့၏ စကားဝိုင်းကို မကြားချင်ယောင်ဆောင်ကာ တမင်တကာပင် လွှဲဖယ်ထားခဲ့သည်။

သူတို့ ဘာအကြောင်းအရာကို ပြောဆိုနေကြသည်ဆိုသည်ကို သူ ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။

‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ အတွက်မူ ဤသည်မှာ ဝမ်းနည်းစရာကောင်းသော်လည်း မလွှဲမရှောင်သာသော ရလဒ်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ထိုအချက်က အဆိုးရွားဆုံးအရာ မဟုတ်သေးပေ။ ယွန်းဟန်သည် ပွဲတွင် အနိုင်ရရုံမျှနှင့် အားရကျေနပ်မနေခဲ့ဘဲ ချွေထျန်း၏ အောက်ဒန်တျန်ကိုပါ ဖျက်ဆီးပစ်ခဲ့ကာ သူ၏ ကျင့်ကြံခြင်းစွမ်းရည်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေခဲ့သည်။

အကယ်၍သာ ချွေထျန်းသည် သာမန်လူတစ်ယောက်မျှသာ ဖြစ်ခဲ့လျှင် ယွန်းဟန်အနေဖြင့် သူ၏ကျင့်ကြံခြင်းလမ်းကြောင်းကို ဤမျှအထိ ပြတ်ပြတ်သားသား ဖျက်ဆီးပစ်သည့်အဆင့်အထိ လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ယွန်းဟန်က ထိုသို့သော နည်းလမ်းမျိုးကို တမင်တကာ အသုံးပြုခဲ့ခြင်းက သူသည် ချွေထျန်းကို နောင်တစ်ချိန်တွင် အန္တရာယ်ပေးလာနိုင်သည့် ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြောင်း သက်သေပြနေသည်။ ထို့ကြောင့် ချွေထျန်း၏ ယခုကဲ့သို့ သနားစရာကောင်းလှသော အခြေအနေသည်ပင် သူ၏ ပါရမီထူးချွန်မှုကို ဖော်ပြနေခြင်း ဖြစ်သည်။

သို့သော်လည်း ထိုသို့ပြောနေရုံမျှဖြင့် မည်သူမျှ စိတ်သက်သာရာရသွားမည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။

နောက်ဆုံးတွင်တော့ ဖြစ်ပျက်ခဲ့သမျှကို မည်သည့်အရာကမျှ ပြောင်းလဲပစ်နိုင်မည် မဟုတ်ချေ။ ချွေထျန်း၏ ဒန်တျန်မှာ ပြာပုံဘဝသို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။ သူ၏ ဘဝတစ်ခုလုံး ရင်းနှီးတည်ဆောက်ခဲ့ရသော ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကြီးတစ်ခုလုံးမှာလည်း တစ်ခဏချင်းအတွင်း လုယူဖျက်ဆီးခြင်း ခံလိုက်ရလေပြီ။ ဤသည်မှာ သာမန်အားဖြင့် အလိုအလျောက် ပြန်လည်ကောင်းမွန်လာနိုင်မည့် ဒဏ်ရာမျိုး မဟုတ်သည်မှာ အသေအချာပင်။ ချွေထျန်း သတိရလာသည့်အခါ မိမိ၏ ချီစွမ်းအင်များကို ပြန်လည်စုစည်းရန် ကြိုးစားဦးမည် ဖြစ်သော်လည်း... မည်သို့မျှ မတတ်နိုင်တော့သည့် ဆိုးရွားလှသော လက်တွေ့အမှန်တရားနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။

သူ၏ ပျက်စီးသွားသော အခြေအနေအရ ကျင့်ကြံခြင်း လမ်းကြောင်းထက်တွင် ရှေ့ဆက်တက်လှမ်းရန် လုံးဝ မဖြစ်နိုင်တော့ပေ။ ဤသို့ ချီစွမ်းအင်အရှိန်အဝါ ပျက်စီးမှုကြောင့် သူ၏ ကျင့်စဉ်အဆင့်မှာ နာမ်ဝိညာဉ်သန္ဓေတည်အဆင့်မှ အတွင်းအားစုစည်းခြင်းအဆင့်သို့အထိ တစ်ဟုန်ထိုး ပြုတ်ကျသွားခဲ့လျှင်ပင် လျူကျင်းအတွက် အံ့သြစရာ မရှိတော့ချေ။

တာဝန်ခံသမားတော်သည် ဤဆိုးရွားလှသော အခြေအနေအလုံးစုံကို ချွေထျန်း၏ ဆရာသခင်ထံသို့ ရှင်းပြနေခြင်း ဖြစ်နိုင်သည်။ ချွေထျန်း၏ ဆရာသည်လည်း ဤအမှန်တရားကို ကောင်းကောင်းကြီး ရိပ်မိထားပြီးဖြစ်မှာ အသေအချာပင် ဖြစ်သည်။ သူသည် ဤကဲ့သို့သော ကြေကွဲစရာ ကံကြမ္မာကို လက်မခံချင်ရုံ သက်သက်မျှသာ ဖြစ်၏။ သမားတော်ကြီးက တောင်းပန်သည့်အနေဖြင့် ဦးညွှတ်လိုက်စဉ်... ထိုလူကြီး၏ မေးရိုးများမှာ ထိန်းမနိုင်သိမ်းမရသော ဒေါသနှင့် လှိုက်လှဲလှသော ပူဆွေးမှုတို့ကြောင့် တင်းတင်းစေ့နေခဲ့တော့သည်။

စင်စစ်မူ ချွေထျန်း၏ အခြေအနေက လုံးဝ ကုသ၍မရနိုင်သည်တော့ မဟုတ်ချေ။ ဆေးကုသအဖွဲ့ အမှုထမ်းအားလုံးသည် နည်းလမ်းတစ်ခုမဟုတ်တစ်ခုဖြင့် သမားတော်ဝူနှင့် ဆက်စပ်ပတ်သက်နေကြသူများ ဖြစ်သည်။ လျူကျင်းအနေဖြင့် ထိုသမားတော်အပေါ် အထင်အမြင် အလွန်သေးလှသော်လည်း၊ သမားတော်ဝူနှင့် သူ၏တပည့်များသည် လုံးဝ အရည်အချင်းမရှိသည့်လူများ မဟုတ်ကြကြောင်းကိုမူ သူ ဝန်ခံရပေလိမ့်မည်။ ချွေထျန်း၏ ပျက်စီးသွားသော ဒန်တျန်ကို မည်သို့ပြန်လည်ပြုပြင်ကုသရမည်ဆိုသည်ကို သူတို့ ကောင်းကောင်းကြီး သိကြပေလိမ့်မည်။

သို့သော်လည်း ထိုကဲ့သို့သော ကုသစရိတ်များနှင့် ကုန်ကျမည့် ရတနာဆေးဝါးများမှာ အလွန်တရာ အဖိုးအခ ကြီးမားလှသည်။

‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ ကဲ့သို့သော ဂိုဏ်းအသေးစားလေးတစ်ခုအနေဖြင့် ထိုမျှကြီးမားသော တန်ဖိုးကို တတ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သမားတော်ဝူ၏ တပည့်များအတွက်မူ ချွေထျန်း၏ အသက်အန္တရာယ် မစိုးရိမ်ရအောင် ဆေးဝါးဖြင့် ထိန်းညှိပေးနိုင်ခဲ့သည့် အချိန်ကတည်းကပင် သူတို့၏ တာဝန်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် ချွေထျန်းအတွက် ဘာမှ ဆက်လုပ်ပေးနိုင်စရာ မရှိတော့ခြင်း ဖြစ်သည်။

ချွေထျန်း၏ ဆရာသည် ထိုသတင်းဆိုးကို သွားရောက်ပြောပြရန်အတွက် ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ ၏ ကိုယ်စားလှယ်အဖွဲ့ရှိရာဆီသို့ လေးလံသော ခြေလှမ်းများဖြင့် ပြန်သွားပုံကို လျူကျင်း စောင့်ကြည့်နေမိသည်။

သူတို့ အားကိုးရာ ဂိုဏ်းတူအစ်ကိုကြီးကို စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ကိုးကွယ်အားထားခဲ့ကြသည့် တပည့်များထံမှ စိတ်ပျက်ဝမ်းနည်းစွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်မှာ မလွှဲမရှောင်သာပေ။ သူတို့ ကြားနေရသည့် အရာကို သူတို့ကိုယ်တိုင် မယုံကြည်နိုင် ဖြစ်နေကြသည်။

အထူးသဖြင့် ချန်ဝေ၏ ကြေကွဲစွာ အော်ဟစ်သံမှာ ဆေးကုသဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သဖြင့် ဘေးနားရှိလူများက အသံလျှော့ရန် သူ့ကို ချက်ချင်းပင် လှမ်းသတိပေးကြရသည်။ သူ ငြိမ်ကျသွားသော်လည်း ဝမ်းနည်းပူဆွေးစွာဖြင့် အခြေအတင် ပြောဆိုနေခြင်းကိုမူ မရပ်တန့်ခဲ့ပေ။

‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ မှ တပည့်များသည် ဖြစ်ပျက်နေသော အခြေအနေကို လေသံတိုးတိုးဖြင့် အငြင်းပွားနေကြသည်။ ချွေထျန်းကို သူတို့ ဘယ်လိုပြောရပါမည်နည်း။

“အင်း ငါတကယ်ပဲ ဘာမှမတတ်နိူင်တော့ဘူးလား..”

သူတို့ကျောင်းတော်၏ရှေ့ရေး သည်ကော မည်သို့ဖြစ်သွားမည်နည်း။

ပြိုင်ပွဲတွင် ရလဒ်ဆိုးရွားခဲ့မှုနှင့် ၎င်းတို့၏ အဆင့်တစ်တပည့်ကို ဆုံးရှုံးလိုက်ရမှုတို့ကြောင့် ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ သည် တပည့်အင်အား လျော့နည်းသွားရန်သာ ရှိတော့သည်။ အဆိုးရွားဆုံးအခြေအနေတွင်မူ နောက်ထပ်နှစ်အနည်းငယ်အတွင်း သူတို့ကျောင်းတော်ကြီး ရှိနေတော့မည်ပင် မဟုတ်ချေ။

ထိုသို့သောအရာများသည် ထူးဆန်းသည့်ကိစ္စမဟုတ်ပေ။ အမှန်စင်စစ် ၎င်းတို့မှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေကြသည်ဟုပင် ဆိုနိုင်သည်။ တည်မြဲခြင်းဆိုသည်မှာ အလွန်ပင် ခဏတာမျှသာ ဖြစ်သည်ဟု အဖိုးအိုကျန်းက လျူကျင်းကို တစ်ခါက ပြောဖူးသည်။ အင်အားစုအသစ်များသည် အချိန်နှင့်အမျှ ပေါ်ထွန်းလာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်နေကြသည်။ အနည်းစုသော အင်အားစုများသာ တည်ငြိမ်မှုကို ရရှိကြပြီး ထိုသို့ရရှိလျှင်ပင် ထာဝရတော့ မဟုတ်ပေ။

မှန်ပါသည်၊ ထိုသို့သောအရာများသည် ကြုံရိုးဖြစ်စဉ်များသာ ဖြစ်သည်။ ယခုကိစ္စသည်လည်း ထိုအထဲက တစ်ခုထက်မပိုသင့်ပေ။

သို့သော်လည်း...

တီးတိုးအငြင်းပွားသံများ ငြိမ်သက်သွားသည်အထိ လျူကျင်း စောင့်ဆိုင်းနေခဲ့သည်။ သူတို့၏ မျက်နှာများပေါ်တွင် လက်လျှော့အရှုံးပေးရိပ်များ သိသိသာသာ ထင်ဟပ်လာပြီး သတိမေ့မြောနေသော ချွေထျန်း၏ ခန္ဓာကိုယ်ကို သနားစရာကောင်းလှသည့် အကြည့်များဖြင့် ကြည့်နေကြသည့် အချိန်အထိပေါ့။

“မင်း ဒီနေရာကို ဘာလာလုပ်တာလဲ”

လျူကျင်း အနားသို့ တိုးကပ်လာသည်နှင့် တစ်ပြိုင်နက် ချန်ဝေ၏ ရန်လိုသော အမူအရာက ဆီးကြိုနေတော့သည်။ လွန်ခဲ့သော နာရီအနည်းငယ်ခန့်ကတင် သူနှင့် ပျော်ပျော်ပါးပါး ယှဉ်ပြိုင်ခဲ့သည့် လူငယ်လေး၏ အရိပ်အယောင်ကို မည်သို့မျှ ရှာမတွေ့နိုင်တော့ပေ။ သူ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီး တင်းမာနေသော ကြွက်သားများက သူ အတင်းအကြပ် ထိန်းချုပ်ထားရသည့် အကြမ်းဖက်လိုစိတ်ကို ဖော်ပြနေသည်။ သူသည် ဒေါသကို ပေါက်ကွဲထွက်ခွင့်ပေးရန် ထွက်ပေါက်တစ်ခု လိုအပ်နေပြီး လျူကျင်း ရောက်ရှိလာခြင်းက ထိုထွက်ပေါက်ကို ကံကောင်းထောက်မစွာဖြင့် ဖန်တီးပေးလိုက်သလို ဖြစ်သွားသည်။

“မင်းကြောင့်... မင်းကြောင့် အစ်ကိုကြီးထျန်း ဒီလိုဖြစ်သွားရတာ”

သူက ကုတင်ပေါ်တွင် လှဲလျောင်းနေသော ချွေထျန်း၏ ခန္ဓာကိုယ်ကို လက်ညှိုးထိုးရင်း အော်ဟစ်လိုက်သည်။

“မင်းသာ အစ်ကိုကြီးထျန်းကို အုပ်စုပထမရအောင် မလှည့်စားခဲ့ရင် သူ ဘယ်တော့မှ ဒီလိုအခြေအနေမျိုးနဲ့ လမ်းဆုံးမှာ မဟုတ်ဘူး ဒါနဲ့ မင်းက ဒီကို ဘာလာလုပ်တာလဲ ရှောင်ဂိုဏ်းက ငါတို့ကို လာပြီး လှောင်ပြောင်ရယ်မောမလို့လား”

“တော်စမ်း”

ထိုသို့ပြောလိုက်သူမှာ လျူကျင်း မဟုတ်ပေ။ ချန်ဝေ၏ ရှေ့တွင် လာရောက်ကာဆီးလိုက်ပြီး အကြည့်တစ်ချက်တည်းဖြင့် သူ့ကို ချက်ချင်း နှုတ်ဆိတ်သွားစေခဲ့သူမှာ ချွေထျန်း၏ ဆရာသခင်ပင် ဖြစ်သည်။

“ချန်ဝေ... မင်းရဲ့ ဒေါသကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ စကားတွေက မင်းရဲ့ သိက္ခာကိုတင် ကျဆင်းစေတာမဟုတ်ဘဲ ငါတို့ ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ နဲ့ ချွေထျန်းရဲ့ သိက္ခာကိုပါ ညှိုးနွမ်းစေတယ်”

“ဒါပေမဲ့ ကျွန်တော်...”

“မင်းပြောချင်တာက ငါတို့ ချွေထျန်းရဲ့ အရှုံးက ကြိုတင်ပြီးသားလို့ ဆိုလိုတာလား။ မင်း သူ့အပေါ်မှာ ဒီလောက်တောင် ယုံကြည်မှု မရှိရော့သလား”

ချန်ဝေမှာ ရှက်ကိုးရှက်ကန်းဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။

“ကျွန်တော်… အဲ့လိုပြောချင်တာမဟုတ်ပါဘူး။ တောင်းပန်ပါတယ် ဆရာ”

“‌ အေး..”

ထိုဆရာသခင်က လျူကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“ရှောင်ဂိုဏ်းရဲ့ ဂုဏ်သရေရှိ တပည့်တစ်ဦးက ကျုပ်တို့ ချွေထျန်းဆီကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုပေးတဲ့အတွက် ကျုပ်တို့ တကယ်ပဲ ဝမ်းမြောက်မိပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူဟာ ဧည့်သည်တွေကို ဧည့်ခံစကားပြောနိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး”

ဤသည်မှာ လျူကျင်း ကြုံဖူးသမျှထဲတွင် သူ့ကို ထွက်သွားရန် နှင်ထုတ်သည့် စကားလုံးများအနက် အယဉ်ကျေးဆုံးနှင့် အညှာတာဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။

သို့သော် ကိစ္စမရှိ ပေ။ ဤကိစ္စမှာ အချိန်အကြာကြီး ပေးရမည်မဟုတ်ပေ။

“နှစ်သုံးရာကြာပန်း”

ထိုဆရာသခင်၏ မျက် မှောင်ကြုတ်သွားသည်။

သို့သော်လည်း စကားစတင်ပြောလိုက်သူမှာ ချန်ဝေ ဖြစ်နေသည်။

“ဘာပြောတယ်”

“နှစ်သုံးရာသက်တမ်းရှိတဲ့ ကြာပန်း” ဟု လျူကျင်းက ထပ်မံ၍ ပြောလိုက်သည်။

“ချွေထျန်း၏ အခြေအနေက လုံးဝ ကုသလို့မရတာမျိုး မဟုတ်ပါဘူး။ သမားတော်ဝူရဲ့ တပည့်တွေလည်း ဒါကို ပြောပြခဲ့လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ ခင်ဗျားတို့အနေနဲ့ နှစ်သုံးရာသက်တမ်းရှိတဲ့ ကြာပန်းကိုသာ ရနိုင်မယ်ဆိုရင် ကျွမ်းကျင်တဲ့ သမားတော်တစ်ယောက်က သူ့ကို ပြန်ပြီး ကုသပေးနိုင်မှာပါ။ ဒါပေမဲ့လည်း ဒီလို ဆေးဖက်ဝင် ပစ္စည်းမျိုးဟာ အရှေ့ဘက် ဆိပ်ကမ်းမြို့တော်မှာ ရှားပါတယ်။ ခင်ဗျားတို့လည်း ဒါကို ကောင်းကောင်းကြီး သိထားပြီးဖြစ်မှာပါ။ ချွေထျန်းရဲ့ အခြေအနေကို ကုသဖို့ဆိုတာ ခင်ဗျားတို့ရဲ့ ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ အနေနဲ့ မတတ်နိုင်တဲ့ ကိစ္စတစ်ခုပါ”

“ဒါဆို မင်းက ငါတို့ကို လာပြီး လှောင်ပြောင်တာပေါ့ ဟုတ်လား”

ချန်ဝေက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီးထျန်းကို ရှုံးခဲ့တာက မင်းကို ဒီလောက်တောင် ဒေါသထွက်စေလို့... အခု ငါတို့ ဘယ်လိုမှ မရနိုင်တဲ့အရာကို လာ ပြောပြီး လှောင်တာလား”

“ချန်ဝေ... တော်စမ်း”

သူ၏ ဆရာသခင်၏ အမိန့်ပေးသံက သူ့ကို နှုတ်ဆိတ်သွားစေခဲ့သော်လည်း၊ အကယ်၍သာ ထိုဆရာကြီးအနေဖြင့် တားဆီးချင်ခဲ့ပါက ချန်ဝေကို ဤထက်မက စောစောစီးစီး တားမြစ်နိုင်ခဲ့လိမ့်မည် ဖြစ်ကြောင်း လျူကျင်း ရိပ်မိနေသည်။ ချန်ဝေက ဤမျှအထိ စကားအရှည်ကြီး ပြောခွင့်ရသွားခဲ့ခြင်းမှာ ဆရာဖြစ်သူက တမင်တကာ ခွင့်ပြုပေးထားခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ချန်ဝေ၏ စကားလုံးများအပေါ် သူ မည်သို့ တုံ့ပြန်မည်ကို ထိုဆရာကြီးက စောင့်ကြည့်ချင်နေ၍လား။ ဤသည်မှာ သူ၏ လာရောက်ရခြင်း ရည်ရွယ်ချက်ကို စမ်းသပ်သည့် နည်းလမ်းတစ်ခု ဖြစ်နေမလား။

မည်သို့ပင်ဖြစ်စေ... လျူကျင်းအနေဖြင့် ယခုကဲ့သို့သော ဆက်ဆံမှုကို မမျှော်လင့်ထားခဲ့သည်တော့ မဟုတ်ပေ။

“နှစ်သုံးရာသက်တမ်းရှိတဲ့ ကြာပန်းက အရှေ့ဘက် ဆိပ်ကမ်းမြို့တော်မှာ ရှာရခက်ပါတယ်။ ဒါကြောင့်မို့လို့ပဲ အဖိုးအခ အရမ်းကြီးနေတာပါ၊ ဒါပေမဲ့ အင်ပါယာရဲ့ အခြားဒေသတွေမှာတော့ အခြေအနေက ဒီလိုမျိုး မဟုတ်ပါဘူး”

ဤသည်မှာ အဘိုးအိုကျန်းက သူ့ကို သေချာပေါက် သင်ကြားပြသပေးခဲ့ဖူးသော အရာတစ်ခု ဖြစ်သည်။ စွမ်းအားပြင်း ဆေးဖက်ဝင်ပစ္စည်းများ ထွက်ရှိရာ နေရာများနှင့် အခြားသော မြို့များ၊ နိုင်ငံများတွင် မည်မျှအထိ ပေါများတတ်ပုံ အကြောင်းများကို သူ့ဆရာကြီးက အလျဉ်းသင့်တိုင်းပြောတတ်သည်။

ဥပမာအားဖြင့် အဆိပ်စွယ်ချိုင့်ဝှမ်းမှ ဆွတ်ခူးရရှိသော ဆေးဖက်ဝင်ပစ္စည်း အများအပြားကို အင်ပါယာ၏ အခြားအစိတ်အပိုင်းများတွင် အလွန်ရှားပါးသည်ဟု သတ်မှတ်ကြသည်။ အရှေ့ဘက် ဆိပ်ကမ်းမြို့တော်တွင် ထိုပစ္စည်းများကို အတော်လေး သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချကြသော်လည်း ရှောင်ဂိုဏ်းနှင့် ယွန်းဂိုဏ်းတို့ကမူ မြို့တော်တွင် ထိုပစ္စည်းများကို အဆမတန် ကြီးမားသော ဈေးနှုန်းများဖြင့် ခေါင်းပုံဖြတ် ရောင်းချကြလေ့ရှိသည်။

“တကယ်လို့ ခင်ဗျားတို့အနေနဲ့ ဝူဖူမြို့တော်အထိ ခရီးဆန့်နိုင်မယ်ဆိုရင် နှစ်သုံးရာသက်တမ်းရှိတဲ့ ကြာပန်းကို အတော်လေး သက်သာတဲ့ဈေးနဲ့ ဝယ်ယူနိုင်ပါလိမ့်မယ်။ အဲဒီမြို့မှာ 'ကောင်းချီးငါးဖြာ လေလံအိမ်တော်' လို့ အမည်ရတဲ့ နာမည်ကြီး လေလံရုံတစ်ခု ရှိပါတယ်။ ဆေးဖက်ဝင်ပစ္စည်းကို ရရှိပြီဆိုတာနဲ့ အနီးအနားက သမားတော်တစ်ယောက်ရဲ့ အကူအညီကို ငှားရမ်းဖို့ကတော့ သိပ်ပြီး ခက်ခဲမှာ မဟုတ်တော့ပါဘူး”

လျူကျင်းက စကားကို ခေတ္တမျှ ရပ်တန့်လိုက်သည်။

“အကယ်၍ ခင်ဗျားတို့ ဆန္ဒရှိမယ်ဆိုရင်တော့ ကျွန်တော့်အဖေရဲ့ ဆေးခန်းမှာပဲ ဒီကုသမှုကို ကျွန်တော်ကိုယ်တိုင် လုပ်ပေးဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ အဲဒီလောက်အထိတော့ လိုအပ်လိမ့်မယ် မထင်ပါဘူး”

ဝူဖူမြို့တော်က သမားတော်များသည်လည်း ချွေထျန်းကို ကုသပေးနိုင်စွမ်း ရှိကြပေလိမ့်မည်။

“ဘာဖြစ်လို့လဲ”

ဟု ထိုဆရာသခင်က မေးလိုက်သည်။ သူ၏ဘေးနားတွင်မူ ချန်ဝေက လျူကျင်းကို ပါးစပ်အဟောင်းသားဖြင့် ငေးစိုက်ကြည့်နေမိသည်။

“ဘာဖြစ်လို့ ရှောင်ဂိုဏ်းက လူတစ်ယောက်က ကျုပ်တို့လို ကျောင်းတော်အသေးစားလေးတစ်ခုရဲ့ ကံကြမ္မာကို ဒီလောက်အထိ အလေးထား စိတ်ပူပေးနေရတာလဲ”

ဘာဖြစ်လို့လဲ... ဟုတ်လား။ လျူကျင်းကိုယ်တိုင်လည်း ဤအချက်ကို သိချင်နေမိသည်။

သူ့တွင် သမားတော်တစ်ဦးအနေဖြင့် တာဝန်သိစိတ် တစ်စုံတစ်ရာ ရှိနေသောကြောင့်လား။ သို့မဟုတ် ချွေထျန်းကို ယွန်းဟန်၏ လက်ထဲသို့ ပစ်ထားခဲ့မိခြင်းက ချွေထျန်းကို ယခုကဲ့သို့ အခြေအနေမျိုး ရောက်သွားစေရန် သူကိုယ်တိုင်လည်း တစ်ဖက်တစ်လမ်းက ပါဝင်ပတ်သက်နေခဲ့သည်ဟု ခံစားနေရ၍လား။ ဧကန်မုချ ချွေထျန်းဘက်ကလည်း လက်လျှော့သင့်သည့် အချိန်တွင် လက်မလျှော့ခဲ့သည့်အတွက် သူ့အမှားနှင့်သူ ဖြစ်သော်လည်း လျူကျင်းသာ သူ့ကို ထိုနေရာသို့ ပို့မပေးခဲ့လျှင် ချွေထျန်းသည် ဤကဲ့သို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။

သို့မဟုတ်ပါကလည်း... လွန်ခဲ့သော အချိန်တစ်ခုတုန်းက ယွန်းဟန်၏ လက်တွင်းမှ ကယ်တင်ခြင်း ခံခဲ့ရဖူးသည့် လူတစ်ယောက်မှာ လျူကျင်းကိုယ်တိုင် ဖြစ်ခဲ့ဖူး၍များလား။

“ကျွန်တော်လည်း စဉ်းစားနေမိတုန်းပါပဲ” ဟု လျူကျင်းက ခေါင်းခါရင်း ပြောလိုက်သည်။

“ဒါတွေက အရေးမကြီးပါဘူး။ ခင်ဗျားတို့အနေနဲ့ ဒါကို ကျွန်တော့်ရဲ့ စိတ်အလိုလိုက်မှုတစ်ခုလို့ပဲ သတ်မှတ်လိုက်လည်း ရပါတယ်။ ပြီးတော့ ကျွန်တော့်အနေနဲ့ ခင်ဗျားတို့ အရှေ့ဘက် ဆိပ်ကမ်းမြို့တော်ကနေ ခေတ္တခဏလောက် ထွက်ခွာသွားဖို့ အကြံပြုချင်ပါတယ်။ ကျွန်တော့်အပြင် အခြားလူတွေကလည်း ခင်ဗျားတို့အပေါ် လာပြီး အကူအညီပေးဖို့ ကြိုးစားကြလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ အဲဒီအကူအညီအတွက် ပေးဆပ်ရမယ့် တန်ဖိုးကတော့ ခင်ဗျားတို့ မတတ်နိုင်လောက်အောင်ကို ကြီးမားနေပါလိမ့်မယ်”

‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ ကဲ့သို့ အင်အားချည့်နဲ့သွားသော အဖွဲ့အစည်းတစ်ခုသည် အခြားသူများ၏ အနိုင်ကျင့် ခေါင်းပုံဖြတ်ခြင်းကို ခံရရန် အလွန်ပင် လွယ်ကူလှသည်။ ထိုဆရာသခင်က နားလည်သဘောပေါက်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ကျုပ်တို့အနေနဲ့ ရှောင်ဂိုဏ်းရဲ့ စကားတွေကို အစွမ်းကုန် ထည့်သွင်းစဉ်းစားသွားမှာပါ”

၎င်းတို့၏ ရှေ့ရေးအတွက် လျူကျင်းအနေဖြင့် ထိုသို့သာ ဖြစ်ပါစေဟု မျှော်လင့်မိတော့သည်။

“ရှောင်ဂိုဏ်းက လျူကျင်းနဲ့ ယွန်းဂိုဏ်းက ဆိုင်ချင်း”

လျူကျင်းနှင့် သူ၏ပြိုင်ဘက်တို့ စင်မြင့်ထက်သို့ လှမ်းတက်လိုက်ကြစဉ် ပွဲကြည့်ပရိသတ်များမှာ ကျယ်လောင်စွာ သောင်းသောင်းဖျဖျ ကြွေးကြော်အားပေးကြလေသည်။ ရှောင်ဂိုဏ်းနှင့် ယွန်းဂိုဏ်းတို့အကြား ယှဉ်ပြိုင်မည့် တိုက်ပွဲမျိုးကို ၎င်းတို့အားလုံးက အလွန်အမင်း ကြည့်ရှုလိုနေကြခြင်း ဖြစ်သည်။

သူ၏ ရန်သူသည် အရပ်ရှည်ပြီး ကတုံး ကြီးနှင့် ဖြစ်သည်။ ပုခုံးပေါ်တွင် လှံတစ်စင်းကို တင်ထားပြီး သူ့ကို ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် စိုက်ကြည့်နေသည်။ လျူကျင်း ရရှိထားသော အချက်အလက်များအရ ဆိုင်ချင်းသည် အသက် တစ်ဆယ့်ငါးနှစ်အရွယ်သာ ရှိသေးပြီး နာမ်ဝိညာဉ်သန္ဓေတည်အဆင့်၏ ပထမအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။

“ဒီဆိုင်ချင်းက ရှောင်ကျန်းရဲ့ သမက်ကို အနိုင်ယူပြီး ယွန်းဂိုဏ်းအတွက် ဂုဏ်ဆောင်ခွင့်ရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ဒီနေ့ဟာ တကယ့်ကို နေ့ကောင်းရက်သားပဲဟေ့”

ဆိုင်ချင်းသည် ထိုကဲ့သို့သော ရန်စလိုသည့် စကားမျိုးကို ဘာကိုမျှ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောဆိုလိုက်သည်။ သူ၏ အမြင်တွင်မူ သတိကြီးစွာ ထားနေရမည့် အကြောင်းပြချက် လုံးဝမရှိပေ။ မည်သို့ပင်ဖြစ်စေ လျူကျင်းသည် မိမိအုပ်စုတွင်း၌ ဒုတိယနေရာဖြင့်သာ ပွဲသိမ်းခဲ့ရသူ မဟုတ်ပါလား။ ထို့အပြင် လျူကျင်းမှာ အတွင်းအားစုစည်းခြင်းအဆင့်၏ သတ္တမအဆင့်တွင်သာ ရှိသေးပြီး ဆိုင်ချင်းကမူ နာမ်ဝိညာဉ်သန္ဓေတည်အဆင့်၏ ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် မိမိကိုယ်ကိုယ် ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ မှ ချွေထျန်းထက် ပိုမိုသာလွန်သည်ဟု ယူဆထားမည်မှာ သံသယဖြစ်စရာမလိုဘဲ ထိုအတွေးမှာလည်း မှားနိုင်ခြေမရှိပေ။ ယွန်းဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နေခြင်းကြောင့် ဆိုင်ချင်း ရရှိခဲ့သော လေ့ကျင့်သင်ကြားမှုများမှာ ချွေထျန်းထက် ပိုမိုသာလွန်ကောင်းမွန်မည်ဟု တွေးဆရခြင်းမှာ အမှန်ပင် ဖြစ်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က နာမ်ဝိညာဉ်သန္ဓေတည်အဆင့် ပထမအဆင့်မှာရှိတဲ့ လူတစ်ယောက်နဲ့ တိုးတုန်းက မင်း အရှုံးပေးလိုက်တယ်မလား။ ငါတို့ သခင်လေးရဲ့ အရှိန်အဝါက ရင်ဆိုင်ဖို့ အရမ်းကြောက်စရာကောင်းတာကို ငါ နားလည်ပါတယ်။ အဲဒီလို အဆင့်နိမ့်တဲ့ ကောင်လေးကို သခင်လေးနဲ့ ရင်ဆိုင်ဖို့ ချန်ထားခဲ့တာကို ငါ အပြစ်မဆိုလိုပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းဘက်က ကောင်းကောင်းမွန်မွန် ပြန်တိုက်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

လျူကျင်းက ဘာမှပြန်မပြောတော့ပဲ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

“စတင်စေ”

ပြိုင်ပွဲဒိုင်လူကြီး၏ စကားဆုံးလိုက်သည်နှင့် လျူကျင်း၏ လက်သီးချက်သည် ဆိုင်ချင်း၏ မျက်နှာတည့်တည့်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ သူ၏ ချီစွမ်းအင်အား ကိုယ်ဖော့သိုင်းကွက်၏ အရှိန်အဟုန်မြှင့်တင်မှုဖြင့် ပေါင်းစပ်ကာ ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ အကယ်၍သာ ဆိုင်ချင်းအနေဖြင့် သူ့ကို အလေးအနက်ထားခဲ့မည်ဆိုပါက ထိုတိုက်ကွက်ကို ရှောင်တိမ်းနိုင်ခဲ့လိမ့်မည် ဖြစ်သည်။ စိတ်မကောင်းစရာမှာ သူက လျူကျင်းကို အလွန်အမင်း အထင်သေးပေါ့ဆခဲ့မိခြင်းပင်ဖြစ်သည်။

လျူကျင်းသည် သူ့ကို ပြန်လည်အခြေအနေပြင်ရန် သို့မဟုတ် သူ၏လက်နက်ကို ထုတ်သုံးနိုင်ရန် အချိန်ပေးဖို့ လုံးဝရည်ရွယ်ချက်မရှိပေ။ သူသည် ဆိုင်ချင်း၏ အားနည်းချက်၊ ကွက်လပ်များကို အတိုင်းသား မြင်တွေ့နေရပြီး ဆိုင်ချင်း၏ ခန္ဓာကိုယ်သည် သူ အလွတ်ရနေပြီးသား အကြောပိတ်အကွက်များ ပြည့်နှက်နေသည့် မြေပုံတစ်ခုကဲ့သို့ ဖြစ်နေသည်။

သူ၏ လက်ညှိုးချက်များက ထိုအကြောကွက်တစ်ခုချင်းစီကို လုံးဝ လွဲချော်ခြင်းမရှိဘဲ တိကျစွာ ပိတ်ဆို့ပစ်လိုက်တော့သည်။

ဤသည်မှာ ဆိုင်ချင်းအတွက်တော့ မတရားသလို ဖြစ်နေပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်တွင် လျူကျင်းအနေဖြင့် ယွန်းဂိုဏ်း၏ အခြေအနေကို လုံးဝ ဂရုစိုက်မနေနိုင်တော့ပေ။

ဆိုင်ချင်း၏ ခန္ဓာကိုယ် နောက်သို့ လွင့်ထွက်သွားသည့် အချိန်တွင်မူ သူ၏ ခြေထောက်များနှင့် လက်မောင်းများသည် အာရုံခံစားမှု ကင်းမဲ့ပြီး အသုံးပြု၍ မရတော့ပေ။ အချိန်တန်လျှင်တော့ ၎င်းတို့ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။ လျူကျင်းအနေဖြင့် တစ်သက်တာ မသန်မစွမ်းဖြစ်သွားစေမည့် ဒဏ်ရာမျိုး ပေးရန် ဆန္ဒမရှိပေ။ ထိုသို့သော အပြုအမူမျိုးက သူ၏ ပင်ကိုယ်သဘာဝ မဟုတ်ချေ။ သို့သော်လည်း လက်ရှိတွင် ဆိုင်ချင်းအနေဖြင့် တိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်မည့် အခြေအနေတွင် မရှိတော့သည်ကတော့ အမှန်ပင် ဖြစ်သည်။

ထိုအချက်က အရေးမကြီးတော့‌ ပေ။၊ ဆိုင်ချင်းသည် ပြန်၍ပင် ထမလာနိုင်တော့ချေ။ ထိုအတွင်းစည်းတပည့်သည် သတိမေ့မြောသွားခဲ့ပြီ ဖြစ်သည်။

ခေတ္တမျှ ကွင်းတစ်ခုလုံး ဆွံ့အအံ့သြလျက် တိတ်ဆိတ်သွားခဲ့သည်။ အတွင်းအားစုစည်းခြင်းအဆင့်၏ သတ္တမအဆင့်တွင်သာ ရှိသေးသော လူတစ်ယောက်က နာမ်ဝိညာဉ်သန္ဓေတည်အဆင့်ရှိ လူတစ်ယောက်ကို အပြတ်အသတ် အနိုင်ယူလိုက်နိုင်သည်ကို ပွဲကြည့်ပရိသတ်များမှာ လုံးဝ မယုံကြည်နိုင် ဖြစ်နေကြတော့သည်။

ဒိုင်လူကြီးက သူ၏လက်ကို မြှောက်ကာ လျူကျင်းကို အနိုင်ရရှိသူအဖြစ် ကြေညာလိုက်သည်။

ထို့နောက်တွင် ထွက်ပေါ်လာသော သောင်းသောင်းဖျဖျ အားပေးသံများမှာ နားကွဲလုမတတ် ဆူညံလှသည်။ သို့သော်လည်း လျူကျင်းမှာ ထိုအားပေးသံများကို အာရုံစိုက်နေရန် အချိန်မရှိပေ။ သူ၏ မျက်ဝန်းများသည် လူအုပ်ကြီးကြားထဲမှ သူ၏ ဖခင်ဖြစ်သူကို လိုက်လံရှာဖွေနေမိသည်။ ဖခင်ဖြစ်သူ၏ မျက်နှာပေါ်တွင်မူ ဂုဏ်ယူဝင့်ကြွားလှသော အပြုံးတစ်ခု ထင်ဟပ်နေခဲ့လေသည်။

လျူကျင်းအတွက်တော့... ထိုအပြုံးတစ်ခုတည်းနှင့်တင် လုံလောက်သွားပေပြီ။

All Chapters