← Chapters

အခန်း ၅၄

Vol. 7 Ch. 54

အခန်း ၅၄

Vol. 7 Ch. 54

အခန်း ၅၄။ ဖူ ဆိုသည့် မိန်းကလေး

ဆိုင်ချင်းကို ထမ်းစင်ဖြင့် သယ်ဆောင်သွားကြတော့သည်။

ထို့နောက်လျူကျင်းသည် စင်မြင့်ထက်မှ လှမ်းဆင်းလာသည်။ သူ၏ ခြေလှမ်းတိုင်းတွင် အားပေးသံများ ဝန်းရံလျက် ရှိနေကာ သူအပြတ်အသတ် အနိုင်ယူနိုင်ခဲ့သော လက်ရည်စွမ်းပြမှုမှာ အား ပေးနေကြသောလူထု၏ ကောင်းမွန်သော တုံ့ပြန်မှုကို ရရှိခဲ့သည်။ အတွင်းစည်းအဆင့် သတ္တမအဆင့်ရှိသူတစ်ဦးက နာမ်ဝိညာဉ်သန္ဓေတည်အဆင့်ရှိသူကို အနိုင်ယူသည်မျိုးကို မြင်တွေ့ရခဲလှသည်။ လူအုပ်ကြီးသည် လျူကျင်း၏ နောက်ထပ်ပွဲစဉ်များကို ဧကန်မုချ မျှော်လင့်စောင့်စားနေကြတော့မည် ဖြစ်သည်။

လျူကျင်းအနေဖြင့် အုပ်စုအဆင့်တုန်းက စိတ်ပျက်စရာကောင်းခဲ့သည့် စွမ်းဆောင်ရည်အတွက် ယခုပွဲတွင် အဆမတန် အဖတ်ဆယ်နိုင်ခဲ့ပြီဟု ဆိုလျှင် မမှားပေ။ အမှန်စင်စစ် လျူကျင်းကိုယ်တိုင် မမြင်ရသော်လည်း ရှောင်ဖန်း၏ ကျေနပ်အားရစွာ ခေါင်းညိတ်ပြမှုကိုပင် သူ အာရုံခံစားမိနေသလို ရှိသည်။

“တကယ့်ကို အံ့မခန်းစရာ ပွဲစဉ်ပဲကွ၊ ဂုဏ်ယူပါတယ်ကွာ”

ဝူယန် သူရှိရာသို့ လျှောက်လှမ်းလာသောကြောင့် လျူကျင်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ ပြုံးပြသင့်ပြီး ဘာကိုမျှ ရိပ်မိခြင်းမရှိသလို၊ ဘာကိုမျှ သံသယမဝင်သလိုမျိုး ဟန်ဆောင်သင့်သည်ဟု သူ ထင်မြင်မိသည်။

သို့သော်လည်း သူ ထိုသို့မလုပ်ခဲ့ပေ။

“ငါ့ပြိုင်ဘက်က ငါ့ကို အထင်သေးသွားလို့ ကံကောင်းသွားတာပါ”

လျူကျင်းသည် လိမ်ညာနေခြင်းလည်းမဟုတ်သလို အလွန်အမင်း နှိမ့်ချနေခြင်းလည်း မဟုတ်ပေ။

အကယ်၍သာ ဆိုင်ချင်းက သူ့ကို အလေးအနက်ထားခဲ့မည်ဆိုပါက ဤတိုက်ပွဲသည် ယခုထက် များစွာ ပိုမိုခက်ခဲသွားလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ အနိုင်ရမည်မှာ အမှန်ပင်ဖြစ်သော်လည်း အနည်းနဲ့အများ ဒဏ်ရာအနာတရတော့ ရရှိသွားနိုင်ခြေ ရှိသည်။

ဝူယန်က ရယ်မောလိုက်သည်။

“မင်း တကယ် နှိမ့်ချလွန်းတာပဲ။ မင်းရဲ့ ထိုးနှက်ချက်တွေက တကယ့်ကို အံ့ဩစရာပဲကွာ။ လူတွေပြောကြတာ တကယ်မှန်တာပဲ... ရှောင်ဂိုဏ်းဝင်တွေရဲ့ လက်သီးချက်က မီးမြှားတွေလိုပဲ ပြင်းထန်လှတယ် ဆိုတာလေ”

“အဲဒီလိုလား”

မီးမြှားတွေ ဆိုပါလား။ မဟုတ်‌ပေ။၊

လျူကျင်းအနေဖြင့် မီးဓာတ်သည် သူ့ ပင်ကိုယ်စွမ်းအင်ဓာတ်ဟု မပြောနိုင်ပေ။

လျူကျင်းသည် ရှောင်ဂိုဏ်း၏ အခြေခံ သိုင်းကွက်ပုံစံကို လေ့ကျင့်သင်ကြားထားခဲ့ဖူးသော်လည်း သူ တိုက်ခိုက်သည့် အကြိမ်တိုင်းတွင် သူ့ခန္ဓာကိုယ်က ၎င်းသိုင်းကွက်ကို အလိုအလျောက် ပြုပြင်ပြောင်းလဲပစ်မိခြင်းကို မတတ်နိုင်ခဲ့ချေ။

သူ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုးခေါင်းမြွေနတ်ဘုရား၏ အဆိပ်ရှိန်က သူ့အပေါ်တွင် အမာရွတ်တစ်ခု ချန်ထားခဲ့ပြီးသား ဖြစ်သည်။ ၎င်း၏ သက်ရောက်မှုသည် ကိုးခေါင်းမြွေနတ်ဘုရား၏ သွေးကြောများ သို့မဟုတ် ယခု သူ ထုတ်ဆင့်နိုင်ပြီဖြစ်သော အဆိပ်စွမ်းအင် ပါဝင်သည့် ချီစွမ်းအင်များထက်ပင် ပိုမိုနက်ရှိုင်းလှသည်။

တစ်ခါတစ်ရံတွင်မူ ကိုးခေါင်းမြွေနတ်ဘုရားက သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးပေါ်တွင် သိုင်းပုံစံအပြည့်အစုံတစ်ခုကို ပုံနှိပ်ပေးခဲ့သလိုမျိုးပင် ခံစားရသည်။

လျူကျင်းသည် ထိုကိစ္စကို လက်ရှိတွင် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ ဝူယန်သည် ဒဏ်ရာရသွားသော ဆိုင်ချင်းထံသို့ သွားရောက်ကြည့်ရှုခြင်းမပြုဘဲ သူ၏ရှေ့တွင် တစ်စုံတစ်ခုကို မျှော်လင့်နေသည့်ဟန်ဖြင့် မတ်မတ်ရပ်နေဆဲ ဖြစ်သည်။

“မင်း သူ့ဆီ သွားကြည့်ဖို့ မလိုဘူးလား” ဟု လျူကျင်းက ဆိုင်ချင်းကို သယ်ဆောင်သွားသည့် ဘက်သို့ မေးထိုးပြရင်း မေးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဝူယန်က ခေါင်းခါပြလိုက်၏။

“မလိုပါဘူးကွာ။ သူ့ကို ဆေးကုသဆောင်ထဲမှာ ကုသပေးပါလိမ့်မယ်။ ငါ အဲဒီကို သွားလည်း ဘာမှထူးမှာမဟုတ်ဘူး။ ဒါထက် မင်းကိုတော့ အခုထိ ဘယ်သူမှ ဒဏ်ရာ လာမစစ်ပေးရသေးဘူးမလား”

“ဟမ် မင်းငါ့ကိုစစ်ပေးမလို့လား ..တယ်လဲ သဘောကောင်းနေပါလား…”

ဟု လျူကျင်းက လေသံအေးစက်စက်ဖြင့် ခနဲ့လိုက်သည်။

“မင်းရဲ့ တာဝန်သိစိတ်ကိုတော့ တကယ် ချီးကျူးရမယ်။ ငါ့ဘက်က တစ်ချက်ကလေးတောင် ထိခိုက်မိတာ မရှိတာကိုတောင် အသည်းအသန် လာစစ်ပေးချင်နေတယ်ဆိုတော့လေ။ ဒါမှမဟုတ် ငါ့မျက်လုံးထဲ ဖုန်မှုန့်တစ်ခုခု ဝင်သွားမှာ စိုးရိမ်နေလို့လား”

သူ၏ စကားကြောင့် ဝူယန်၏ အပြုံးသည် အနည်းငယ် လျော့သွားသည်။

“လုပ်စမ်းပါကွာ... ဒါက လုပ်ရိုးလုပ်စဉ်ဆိုတာ မင်း ကောင်းကောင်းကြီး သိသားပဲ။ လွယ်လွယ်ကူကူ ကုသပေးလို့ရတဲ့ ဒဏ်ရာမျိုး ရှိနေတာကို ငါတို့ဘက်က ဒီအတိုင်း လွှတ်ထားလိုက်လို့ ဘယ်ဖြစ်မလဲ။ ကျင့်ကြံခြင်းလောကကြီးက မျက်လှည့်ပြသလိုပဲ... ဘယ်အရာကိုမှ အသေအချာ ပြောလို့ရတာ မဟုတ်ဘူး။ အခြားသူတွေကို ဘယ်လိုမျိုး လိုက်စစ်ပေးလဲဆိုတာ မင်းလည်း မြင်ခဲ့တာပဲမလား။ မင်းလိုပဲ တစ်ချက်မှ အထိမခံရဘဲ နိုင်သွားတဲ့ ထိပ်သီးပါရမီရှင်တွေကိုတောင် ငါတို့က သေချာ ဂရုစိုက် စစ်ဆေးပေးခဲ့တာပဲလေ”

ဝူယန်သည် လိမ်ညာနေခြင်း မဟုတ်ပေ။ ပွဲစဉ်တစ်ခုစီပြီးတိုင်း တိုက်ခိုက်သူများ၏ ကျန်းမာရေးကို အမြန်စစ်ဆေးပေးခြင်းမှာ သဘာဝကျလှသည်။ အကယ်၍ လူတစ်ယောက်က အနိုင်ရရှိသူအဖြစ် ထွက်ခွာသွားပြီးမှ နာရီအနည်းငယ်အကြာတွင် အဆိပ်မိကာ သေဆုံးသွားသည်မျိုး ဖြစ်လာပါက မကောင်းပေ။ ထို့ကြောင့်ပင် ဆေးကုသအဖွဲ့ အရာရှိသည် အလွန်အရေးကြီးခြင်း ဖြစ်သည်။

ပြိုင်ပွဲများ ရှေ့ဆက်လာသည်နှင့်အမျှ ဝူယန်သည် ပြိုင်ပွဲဝင်များ၏ ကျန်းမာရေးကို ပွဲပြီးရုံတင်မကဘဲ ပွဲမစတင်မီတွင်လည်း စစ်ဆေးပေးရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် လူအများအနေဖြင့် ပြိုင်ပွဲဝင်များ၏ ကျန်းမာရေးကို ကြိုတင်၍ အကွက်ဆင် နှောင့်ယှက်ထားခြင်း မရှိကြောင်း အသေအချာ သိရှိနိုင်မည် ဖြစ်သည်။

လျူကျင်းကိုလည်း အခြားပြိုင်ပွဲဝင်များနှင့်မတူဘဲ ခွဲခြားဆက်ဆံနေခြင်းမျိုး မဟုတ်ချေ။

အနည်းဆုံးတော့... အပေါ်ယံကြည့်လျှင် ထိုသို့ ထင်ရသည်။

အကယ်၍သာ သူ အလိုရှိပါက ဤကိစ္စကို အနည်းဆုံး ဆယ်မိနစ်ခန့်အထိ အချိန်ဆွဲထားနိုင်ကြောင်း လျူကျင်း အသေအချာ သိနေသည်။ ငါးမိနစ်မြောက်လောက် ရောက်လျှင်ပင် ဝူယန်ကို စိတ်တိုဒေါသထွက်သွားအောင် သူ လုပ်နိုင်ပေလိမ့်မည်။

သူသည် ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီလေ... တာဝန်သိလှတဲ့ သမားတော်ကြီး ကဲ စိတ်တိုင်းကျ စစ်ဆေးလိုက် ” ဟု လျူကျင်းက လေသံအေးစက်စက်ဖြင့် ခနဲ့လိုက်ပြီး ဝူယန် အနားသို့ တိုးကပ်လာနိုင်ရန် သူ၏ လက်နှစ်ဖက်ကို ဘေးသို့ ခွဲထုတ်ပေးလိုက်သည်။

ဝူယန်သည် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စတင်စစ်ဆေးတော့ပြီး သူ့လက်များကို ချီစွမ်းအင်ဖြင့် လင်းထိန်စေကာ လျူကျင်း၏ ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်ရှုလေသည်။ လျူကျင်းအနေဖြင့် ဝူယန်ကို ဤမျှအထိ အနားပေးကပ်လိုက်ရခြင်းအပေါ် ဘာမျှ စိုးရိမ်ပူပန်ခြင်းမရှိပေ။ ဝူယန်က သူတို့နှစ်ဦးအနက် ပိုမိုသန်မာသူ ဖြစ်ခဲ့ဖူးသည့် နေ့ရက်များမှာ လွန်ခဲလှပြီ ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းအပိုင်းတွင်လည်း လျူကျင်းထက် မသာလွန်သလို၊ ဆေးပညာအတတ်ပညာပိုင်းတွင်လည်း လျူကျင်းကို သာလွန်နိုင်ခြင်း လုံးဝမရှိတော့ပေ။ အကယ်၍သာ ဝူယန်ဘက်က တစ်ခုခု လုပ်ရန် ကြံစည်လာခဲ့လျှင် လျူကျင်း ချက်ချင်း ရိပ်မိမည်ဖြစ်ပြီး ထိုကိစ္စကို အချိန်မီ ဟန့်တားနိုင်မည် ဖြစ်သည်။

သို့သော်လည်း သူ ဘာမျှ မလုပ်ခဲ့ပေ။ ဝူယန်သည် တစ်ကြိမ်တစ်ခါမျှ မဟုတ်တာလုပ်ရန် မကြိုးစားခဲ့ချေ။ ယခုအချိန်အထိ သူ လာရောက်စစ်ဆေးပေးခဲ့သည့် အခြားလူများနည်းတူပင် ဝူယန်သည် ဆေးကုသအဖွဲ့ အရာရှိတစ်ဦးထံမှ မျှော်လင့်ထားနိုင်သည့်အတိုင်း စနစ်တကျ ပြုမူဆောင်ရွက်ခဲ့သည်။

“မင်းကျန်းမာရေး အခြေအနေ အကုန်ကောင်းပါတယ်” ဟု ဝူယန်က နောက်သို့ ခြေတစ်လှမ်း ဆုတ်ရင်း ခပ်ရွဲ့ရွဲ့ လေသံဖြင့် ပြောလိုက်သည်။

“အခု စိတ်ကြိုက် သွားလို့ရပါပြီ”

“ဒီလိုကြားရတာ တကယ်ပဲ စိတ်အေးရတာပဲ။ ငါတို့အားလုံး မင်းရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ ဆေးပညာစွမ်းရည်တွေအပေါ် ဒီလောက်အထိ အားကိုးယုံကြည်လို့ရနေတာ တကယ် ကံကောင်းတာပဲကွာ”

“အဟက် ငါကတော့ ဆေးအကူသာသာပါကွာ”

“အစ်ကိုလျူ”

လျူကျင်း ရှောင်ဂိုဏ်း၏ သီးသန့်အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဇူအန်က တောက်ပသော အပြုံး၊ ဝှေ့ယမ်းနေသော လက်မောင်းများနှင့်အတူ သူ့ကို ဆီးကြိုနှုတ်ဆက်လေသည်။ အကယ်၍ သူမအနေဖြင့် သူတို့နှစ်ဦး၏ အဆင့်အတန်း ကွာခြားမှုနှင့် အခြားတပည့်များ ရှိနေခြင်းကို အားနာထောက်ထားခြင်း မရှိခဲ့ပါက သူမ သူ့ကို ပြေးဖက်မိလောက်ပြီဟု လျူကျင်း အသေအချာ တွေးမိသည်။

သူမ ထိုသို့မလုပ်ခဲ့သည့်အတွက် သူ ဝမ်းမြောက်မိပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဖက်လှဲတကင်း နှုတ်ဆက်ခြင်းမျိုးကို မည်သို့တုံ့ပြန်ရမည်မှန်း သိပ်မသိသောကြောင့် ဖြစ်သည်။

“တကယ့်ကို အံ့မခန်းစရာကောင်းတဲ့ တိုက်ပွဲပဲ အစ်ကိုလျူ ကျွန်မဖြင့် အံ့ဩလို့ မဆုံးဘူး”

သူမ ဤသို့ပြောလိမ့်မည်ဟု လျူကျင်း ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် သူ မျှော်လင့်မထားခဲ့သည့်အရာမှာ အခြားသော အတွင်းစည်းတပည့်များကပါ ဝိုင်းဝန်းချီးကျူးလာကြခြင်း ဖြစ်သည်။

“အစ်ကိုကြီးလျူရဲ့ လှုပ်ရှားမှုတွေက တကယ့်ကို တိကျသေချာလှပါတယ်။ နောက်တစ်ချိန်ကျရင် ကျုပ်တို့ချင်း လက်ရည်စမ်းခွင့် ရနိုင်မလားခင်ဗျာ”

“အဲဒီဆိုင်ချင်းကတော့ ထိုက်တန်တဲ့အပြစ်ကို ရသွားတာပဲ။ ဒီလောက်ညံ့တဲ့ကောင်မျိုးမတွေ့ဖူးဘူး..”

“ဒါ ယွန်းဂိုဏ်းရဲ့ သဘာဝပဲလေ ကျုပ်တို့ရဲ့ လျူကျင်းက သူ့ကို အဆင့်အတန်း သိသွားအောင် သင်ခန်းစာပေးလိုက်တာပဲ မဟုတ်လား”

ထို့နောက်တွင် လူတိုင်းထံမှ ရယ်မောသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။ နှာခေါင်းကြီး လီပင်လျှင် ဝင်ရောက်ရယ်မောခဲ့ပြီး လျူကျင်း အံ့အားသင့်သွားရသည်မှာ ထိုအပြုအမူများက ဟန်ဆောင်ထားခြင်းမျိုး မဟုတ်ဟု ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။

သူသည် ရှောင်ကျန်း၏ သမက်ဖြစ်လာခဲ့သည့် အချိန်ကတည်းကပင် လူအများမှာ သူ့ထံမှ မျက်နှာသာရရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသည်။ လူတို့သည် သူ့ကို သာမန်ကိစ္စလေးများအတွက်ပင် ခဏခဏ အလွန်အမင်း ချီးမွမ်းလေ့ရှိကြသဖြင့် လျူကျင်းအနေဖြင့် ထိုအရာများကို ငြီးငွေ့နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

သို့သော်လည်း ယခု သူ၏ ဂိုဏ်းတူအတွင်းစည်းတပည့်များ ပြောဆိုနေကြသည့် စကားလုံးများကမူ အဓိပ္ပာယ်မဲ့ မြှောက်ပင့်နေကြခြင်းမျိုး မဟုတ်ဟု ခံစားရသည်။

၎င်းတို့သည် ရိုးသားဖြူစင်သော စိတ်ရင်းအမှန်များ ဖြစ်ပုံရသည်။

“တကယ် ကြည့်လို့ကောင်းတဲ့ တိုက်ပွဲပဲကွ” ဟု ရှောင်ဖန်းက သူ့ကို ခေါင်းညိတ်ပြရင်း တည်ကြည်သော လေသံဖြင့် ဆို၏။

“မင်း တကယ် လက်စွမ်းပြနိုင်ခဲ့တယ် ယောက်ဖ။ အခုအချိန်ကစပြီး ဘယ်အဆင့်မရှိတဲ့ ကောင်တွေမှ ငါတို့ ရှောင်ဂိုဏ်းကို အထင်သေးရဲတော့မှာ မဟုတ်ဘူးလို့ ယုံကြည်ချက်ရှိရှိ ပြောလို့ရသွားပြီလေ”

“ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေက ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေခဲ့တဲ့အတွက် ဝမ်းမြောက်မိတာပေါ့” ဟု လျူကျင်းကလည်း လေသံခပ်အေးအေးဖြင့် ပြန်ပြောလိုက်သည်။

သူနှင့် ရှောင်ဖန်းတို့၏ အကြည့်ချင်း ဆုံသွားခဲ့ကြပြီး အပြန်အလှန် ခေါင်းညိတ်ပြလိုက်ကြစဉ် သူတို့နှစ်ဦးကြား၌ နားလည်မှုတစ်ခု စီးဆင်းသွားခဲ့သည်။ ထိုအခိုက်အတန့်သည် စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။ ၎င်းပြီးဆုံးသွားသည်နှင့် သူတို့နှစ်ဦးစလုံး ပွဲစဉ်များကို ဆက်လက်စောင့်ကြည့်ရန် အာရုံပြန်စိုက်လိုက်ကြသည်။

လောလောဆယ်တွင်တော့ ဤသည်မှာ သူတို့ လုပ်နိုင်သမျှ အကောင်းဆုံး အခြေအနေ ဖြစ်ပေလိမ့်မည်။ လျူကျင်းအနေဖြင့် ရှောင်ဖန်းနှင့် မည်သို့ စကားစမြည် ပြောဆိုရမည်ကို ယခုထက်ထိ သဲသဲကွဲကွဲ မသိသေးပေ။

ကံကောင်းထောက်မစွာပင် အခြားသော တပည့်များကမူ ထိုတိတ်ဆိတ်မှုကို ဝင်ရောက်ဖြည့်ဆည်းပေးရန် အလွန်ပင် ဆန္ဒရှိနေကြသည်။

“ဘယ်ဘက် ဘယ်ဘက်ကွ ဘယ်ဘက်အခြမ်းကို တိုက်ခိုက်လိုက်စမ်း မဟုတ်ဘူးလေ... ဟာ ဒီကောင်‌ ဘာတွေ လျှောက်လုပ်နေတာလဲ”

“ငါတော့ ဆက်ပြီး မကြည့်ရဲတော့ဘူးဗျာ။ သူတို့ကို စောင့်ကြည့်နေရုံနဲ့တင် ငါ့ ချီစွမ်းအင်တွေ ကုန်တော့မလို ခံစားနေရတယ်”

“မင်းကမှတော်သေး၊ငါက အဲဒီပွဲမှာ ဝိညာဉ်ကျောက်တုံးတွေ သွားလောင်းမိတာဟ”

လျူကျင်းသည် ပြုံးရုံသာပြုံးပြီး ဘာမှမပြောဘဲ ဇူအန်ရှိရာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ဇူအန်က အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်မိသွားပြီးနောက် မကြာမီမှာပင် မျက်ဝန်းထဲ၌ နားလည်သဘောပေါက်ရိပ်များ ထင်ဟပ်သွားခဲ့သည်။ ဇူအန်သည် သူမ၏ ကျောပြင်ကို သူ့ထံသို့ ချက်ချင်း လှည့်ပေးလိုက်တော့သည်။

“နိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု လျူကျင်းက ပြောလိုက်ပြီး သူ၏ လက်ညှိုးများဖြင့် သူမ၏ ဝတ်စုံပေါ်မှတစ်ဆင့် သူမ၏ ကျောပြင်ကို ထိတွေ့ကာ ချီစွမ်းအင်စီးဆင်းရာ သွေးကြောလမ်းကြောင်းများအတိုင်း လိုက်လံစမ်းသပ်ပေးလိုက်တော့သည်။

“မဟုတ်တာ အစ်ကိုလျူရယ် ကျွန်မပြိုင်ဘက်က ထည့်ပြောနေဖို့တောင် မတန်ပါဘူး။ အုပ်စုအဆင့်ကို ကံကောင်းလို့ ကျော်ဖြတ်လာနိုင်တဲ့ အမှိုက်တစ်စ ဟာမျိုးပါပဲ”

လျူကျင်းက အင်းဟူ၍သာ ခေါင်းညိတ်ပြပြီး ဘာမှမပြောဘဲ သူ၏လက်ညှိုးများကို သူမ၏ လက်မောင်းများထက်သို့ ရွှေ့ကာ ဆက်လက်စမ်းသပ်ပေးလိုက်သည်။ သူ မှတ်မိသလောက်ဆိုလျှင် ဇူအန် ယှဉ်ပြိုင်ခဲ့ရသူမှာ သူ၏ မျိုးနွယ်စုအတွင်း၌ ပါရမီအလွန်ထူးချွန်သူတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူ ဖြစ်သည်။ ဇူအန်က ထိုသူ့အကြောင်းကို ဤကဲ့သို့ ပြောဆိုနိုင်ခြင်းက သူမ မည်မျှအထိ သန်မာသည်ဆိုသည်ကို သက်သေပြနေခြင်းပင်။ ရှောင်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးပီသပေစွ ဟု သူမှတ်ချက်ချလိုက်သည်။

ထိုအခိုက်အတန့်တွင်ပင် လျူကျင်းသည် အခန်းတွင်း၌ ဆူညံသံများ သိသိသာသာ ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။ ဘေးဘီသို့ အမြန်တစ်ချက် အကဲခတ်ကြည့်လိုက်ရာ အခြားသော တပည့်များသည် ပွဲစဉ်များကို စောင့်ကြည့်ခြင်းမပြုတော့ဘဲ သူနှင့် ဇူအန်တို့ကိုသာ အာရုံစိုက် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ ရှောင်ဖန်းပင်လျှင် သူတို့ကို မကြည့်သယောင် ဟန်ဆောင်နေသော်လည်း အကဲခတ်နေခဲ့သည်။

နောက်ဆုံးတွင်မူ နှာခေါင်းကြီး လီကပင် စတင်မေးမြန်းလိုက်တော့သည်။

“မင်း ဘာတွေ လုပ်နေတာလဲ”

ဇူအန်သည် ရှက်ရွံ့သွားခြင်းမရှိသည့်အပြင် သူမ၏ မျက်နှာပေါ်တွင် အထက်စီးဆန်သော အပြုံးတစ်ခုဖြင့် တခစ်ခစ် ရယ်မောလိုက်သေးသည်။

“အို... သိချင်လို့လား။ အစ်ကိုလျူက ငါ့ ချီစွမ်းအင်စီးဆင်းတဲ့သွေးကြောလမ်းကြောင်းတွေရဲ့ အခြေအနေကို စမ်းသပ်ပေးနေတာလေ” ဟု သူမက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။

“ငါက ခုနကတင် ပွဲပြီးထားတာဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာအနာတရတစ်ခုခု ရှိမရှိ အစ်ကိုလျူက သေချာအောင် စစ်ဆေးပေး နေတာ ၊ဘယ်လိုလဲ သူက တကယ် အားကိုးရတယ်မလား”

“သူက နင့် သွေးကြောလမ်းကြောင်းတွေကို အာရုံခံနိုင်လို့လား” ဟု နှာခေါင်းကြီးလီ၏ ဘေးနားရှိ တပည့်တစ်ဦးက ရုတ်တရက် စိတ်ဝင်စားသွားသည့်ဟန်ဖြင့် ဝင်မေးလိုက်သည်။ ထို့နောက် သူက လျူကျင်းဘက်သို့ လှည့်ကြည့်ကာ

“အစ်ကိုကြီးလျူက အဲဒီလိုမျိုး လုပ်နိုင်တာလားခင်ဗျာ” ဟုမေးလိုက်သည်။

“ဒါက တော်တော်လေးလွယ်ပါတယ် ငါ့အဖေဆီကနဲနဲပါးပါးသင်ထားတာပါ”

ဟုလျူကျင်းပြန်ပြောလိုက်သည်။

လျူကျင်းအနေဖြင့် ဇူအန်ကို ယခုကဲ့သို့ စစ်ဆေးပေးခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ရှောင်ဖန်းနှင့် ရင်ဆိုင်ရန် သိုင်းကျင့်နေသည့် အတောအတွင်း၌လည်း သူ၏ ဆေးပညာလေ့လာမှုများကို ရုတ်တရက် ရပ်တန့်ပစ်ခဲ့ခြင်းမျိုး မရှိခဲ့ချေ။ ဇူအန်သည်လည်း သူ့ထံမှ အသိအမှတ်ပြုမှုကို လိုချင်သဖြင့် စမ်းသပ်ခံလူနာအဖြစ် ကိုယ်တိုင်ကိုယ်ကျ မကြာခဏ ပါဝင်ကူညီပေးခဲ့သည်။ ထိုသို့ဖြင့် သူမကို ဤသို့စစ်ဆေးပေးခြင်းမှာ သူ၏ အလေ့အထတစ်ခုလို ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“အစ်ကိုလျူက ရှင့်ရဲ့ သွေးကြောလမ်းကြောင်းတွေကို စမ်းသပ်စစ်ဆေးပေးတဲ့အခါမှာ... ကျင့်စဉ်တွေကို လေ့ကျင့်နေရင်း တစ်ခုခု မှားယွင်းနေတာမျိုး ရှိရင်တောင် ချက်ချင်း ထောက်ပြပေးနိုင်တာ။ အံ့ဩစရာ မကောင်းဘူးလား”

သူမ ပုံကြီးချဲ့ပြောနေသလောက်တော့ ၎င်း စမ်းသပ်ခြင်းက အံ့ဩစရာကြီး မဟုတ်လှပေ။ သူမ၏ ချီစွမ်းအင် စီးဆင်းမှုကို သူ အာရုံခံနိုင်စွမ်း ရှိနေသဖြင့် ထိုစီးဆင်းမှုထဲတွင် ပုံမှန်မဟုတ်သော အခြေအနေမျိုး ရှိမရှိကို လွယ်လွယ်ကူကူ ထောက်ပြပေးနိုင်ပြီး ၎င်းတို့ကို ဖြေရှင်းနိုင်ရန် ကူညီပေးနိုင်ခြင်းမျှသာ ဖြစ်သည်။ ဤမျှသာ ဖြစ်သည်။

လက်ရှိတွင် သူ ဇူအန်အား စစ်ဆေးပေးနေရသည့် အဓိက အကြောင်းရင်းမှာ ဝူယန်ဘက်က တစ်ခုခု မဟုတ်တာ လုပ်သွားခြင်း ရှိမရှိ သေချာအောင် စစ်ဆေးချင်သောကြောင့် ဖြစ်သည်။ ယခုအချိန်အထိတော့ သူ ဘာမျှ မလုပ်ခဲ့သည့်ပုံပင်။ ဇူအန်၏ ခန္ဓာကိုယ်ထဲတွင် ပုံမှန်မဟုတ်သော အခြေအနေမျိုး တစ်ခုမျှ ရှာမတွေ့ခဲ့ပေ။

“ဟိုလေ …ဟို”

တပည့်တစ်ဦးက တွန့်ဆုတ်နေသော မျက်နှာပေးဖြင့် ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်သွားကာ

“အစ်ကိုကြီးလျူ… အစ်ကိုကြီးလျူအနေနဲ့ ကျွန်တော့်ရဲ့ သွေးကြောလမ်းကြောင်းတွေကိုပါ တစ်ခါတည်း စမ်းသပ်ပေးလို့ ရမလားခင်ဗျာ”

“ကျွန်တော့်ကိုလည်း စစ်ဆေးပေးပါဦး”

“အစ်ကိုကြီးလျူ ကူညီပါဦးဗျာ။ အခုတလော ကျွန်တော် ကျင့်စဉ်အဆင့်တစ်ခုမှာတင် ပိတ်မိနေသလို ခံစားနေရလို့ပါ”

“ကျွန်တော့်ရဲ့ ပွဲစဉ်က မကြာခင် စတော့မှာပါ။ ဒါပေမဲ့ ကျွန်တော် ပွဲပြီးလို့ ပြန်လာတဲ့အခါ ကျန်းမာရေးကောင်းရဲ့လားဆိုတာ အစ်ကိုကြီးလျူ သေချာပေါက် စစ်ဆေးပေးပါဦးနော်”

မကြာမီမှာပင် ၎င်းတို့အားလုံးက သူ့ထံမှ အကူအညီကို အလုအယက် တောင်းခံလာကြတော့သည်။ ထိုအခြေအနေတစ်ခုလုံးကို ဘာအမူအရာမျှ မပြဘဲ ပုံမှန်အတိုင်းသာ ထိုင်ကြည့်နေသည့် ရှောင်ဖန်းတစ်ဦးမှလွဲ၍ ကျန်ရှိနေသောသူအားလုံးပင်ဖြစ်သည်။

“ရတာပေါ့” ဟု လျူကျင်းက ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ပြန်ပြောလိုက်သည်။

“ဘာလို့ မရ ရမှာလဲ သိပ်လဲအပန်းမကြီးပါဘူး”

မည်သို့ပင်ဖြစ်စေ ဤအခြေအနေသည် ဝူယန်၏ လှုပ်ရှားမှုများကို အနီးကပ် ထောက်လှမ်းရန် သူ အလိုချင်ဆုံး အခွင့်အရေးကြီး ဖြစ်နေသည်မဟုတ်ပါလား။

အစပိုင်းတွင် အတော်လေး တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ရှေ့သို့ ရဲရဲဝံ့ဝံ့ ထွက်လာခဲ့သည့် နှာခေါင်းကြီး လီ၏ သွေးကြောလမ်းကြောင်းများကို စမ်းသပ်ပေးပြီးလုနီးပါး ဖြစ်နေချိန်တွင်... လျူကျင်းသည် သူမှတ်မိနေသော မျက်ဝန်းစိမ်းလေးနှင့် မိန်းကလေး စင်မြင့်ထက်သို့ လှမ်းတက်လာသည်ကို လှမ်းမြင်လိုက်ရသည်။

“ယွန်းဂိုဏ်းက မိုမူနဲ့ ဖူ”

“‌ဟေ့ ကြည့်စမ်း ဟိုကောင်မလေးက တစ်ကိုယ်တော် ကျင့်ကြံသူလား”

ဂိုဏ်းတပည့်တစ်ဦးက လျူကျင်း၏ စိတ်ထဲတွင် တွေးနေမိသည့် အတွေးကိုပင် အသံထွက်ကာ လှမ်းပြောလိုက်သည်။

“ဒီလိုပွဲမျိုးမှာ တစ်ကိုယ်တော်သမားနဲ့ တိုးဖို့ဆိုတာ တော်တော်ခဲယဉ်းတာကွ”

အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများသည် များသောအားဖြင့် မြို့အတွင်းရှိ အင်အားကြီးဂိုဏ်းအသီးသီးကို ကိုယ်စားပြုထားကြသူများ ဖြစ်သော်လည်း တစ်ကိုယ်တော် ဝင်ရောက်ယှဉ်ပြိုင်သူများကို ပိတ်ပင်ထားခြင်းမျိုးတော့ မဟုတ်ပေ။ မည်သည့်ကျင့်ကြံသူမဆို လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်သည်။ သို့သော်လည်း ခိုင်မာသော ဂိုဏ်းအဖွဲ့အစည်းတစ်ခုခု၏ ထောက်ပံ့မှုမရှိဘဲနှင့် ထိုသို့ ဝင်ပြိုင်သူများသည် များသောအားဖြင့် မျှော်မှန်းထားသော ပန်းတိုင်အထိ မရောက်နိုင်ကြချေ။

တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးအနေဖြင့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကပင် တော်တော့်ကို မလွယ်ကူသည့် ကိစ္စဖြစ်သည်။ အမှန်စင်စစ် ဖူ၏ ကျင့်စဉ်အဆင့်မှာ အထင်သေး၍ရသော အဆင့်မျိုး မဟုတ်ပေ။ ယွန်းဟန်၏ ပွဲစဉ်အပြီးတွင် သူမ သူ့အနားသို့ ချဉ်းကပ်လာခဲ့စဉ်ကပင် သူမသည် အတွင်းစည်းအဆင့်၏ အဋ္ဌမအဆင့်တွင် ရှိနေကြောင်း လျူကျင်း ရိပ်မိခဲ့ပြီးသား ဖြစ်သည်။

“အဲ့ကောင်မလေး အုပ်စုခွဲတုန်းက ကံကောင်းသွားလို့ နေမှာပါ။ ဒါပေမဲ့ အဲဒီကံကတော့ ဒီနေရာမှာတင် လမ်းဆုံးသွားပြီ။ နာမည်မရှိတဲ့ သာမန်လူတစ်ယောက်က ယွန်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို အနိုင်ယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ”

“စတင်စေ”

ချက်ချင်းပင် ယွန်းဂိုဏ်းမှ တပည့်က စတင်တိုက်ခိုက်တော့သည်။ ဆိုင်ချင်းနှင့်မတူဘဲ ထိုသူသည် ပြိုင်ဘက်ကို ဦးအောင်တိုက်ခိုက်ခွင့် မပေးပေ။ သူ၏ခါးတွင် ချိတ်ဆွဲထားသော ဓားကို ဆွဲမထုတ်သေးသော်လည်း သူသည် အရှိန်အဟုန်အပြည့်ဖြင့် တိုးဝင်သွားခဲ့သည်။

“အဟက် ကြည့်‌ နေ၊ ဒီပွဲကမျက်စိတစ်မှိတ်အတွင်းမှာတင် ပွဲပြတ်သွားတော့မှာပါ”

သို့သော်လည်း ထိုသို့ပြောလိုက်သောသူမှာ မှားသွားခဲ့သည်။

မိုမူ အနားသို့ မကပ်နိုင်မီမှာပင် ဖူ၏ ဝတ်ရုံအောက်မှနေ၍ သံမဏိရောင်တစ်ချက် ဝင်းခနဲ လင်းလက်သွားခဲ့သည်။ မိုမူသည် ဘေးဘက်သို့ အမြန်ငုံ့ရှောင်လိုက်သဖြင့် ပစ်လွှတ်လိုက်သော ဓားပျံငယ်သည် သူ့ဘေးမှ လေခွဲသံနှင့်အတူ ဝူးခနဲ ဖြတ်သန်းသွားတော့သည်။

သူမ၏ ဝတ်ရုံခြုံအောက်တွင် ဖူက အသာအယာ ပြုံးလိုက်သည်။

မိုမူတစ်ယောက် သူရှောင်ကွင်းနိုင်ခဲ့ပြီဟု ထင်မှတ်ထားသော ဓားပျံငယ်သည် လေထဲတွင် ရုတ်တရက် လမ်းကြောင်းပြောင်းကာ ဝေ့လည်လှည့်လာခဲ့သည်။ သူ၏ မျက်ဝန်းများ ကျယ်ပြန့်သွားပြီးနောက် အဝေးသို့ အလန့်တကြား ဆုတ်ခုန်လိုက်ရ၏။ ဓားပျံသည် ကျောက်စင်မြင့်ကို အလွယ်တကူ ကန့်လန့်ဖြတ် ဖြတ်တောက်သွားပြီးနောက် မိုမူထံသို့ ခန့်မှန်းရခက်သော လှုပ်ရှားမှုများဖြင့် နောက်တစ်ကြိမ် ပြန်လည်ပျံသန်းလာခဲ့ပြန်သည်။

“ဟာ... ဓားပျံပဲ”

ထိုအရာ ပေါ်ထွက်လာမှုကြောင့် ပွဲကြည့်ပရိသတ်များကြား၌ စိတ်ဝင်တစား တီးတိုးဝေဖန်သံများ ဆူညံသွားခဲ့သည်။ ၎င်းမှာလည်း အကြောင်းရင်းရှိပေသည်။ ကျင့်ကြံခြင်းလောကတွင် ဤသို့ လက်နက်မျိုးကို မြင်တွေ့ခွင့်ရရန် ခဲယဉ်းလှသောကြောင့် ဖြစ်သည်။ ဓားပျံဆိုသည်မှာ ၎င်း၏ ပိုင်ရှင်ဖြစ်သူက အဝေးမှနေ၍ စိတ်ဝိညာဉ်ဖြင့် ထိန်းချုပ်နိုင်သော လက်နက်မျိုး ဖြစ်သဖြင့် အဝေးပစ်တိုက်ခိုက်မှုများအတွက် အလွန်အစွမ်းထက်လှသည်။

ကျင့်စဉ်အဆင့် အလွန်မြင့်မားသော အထွတ်အထိပ်ကျင့်ကြံသူများအတွက်မူ မည်သည့်လက်နက်မဆို ဓားပျံအဖြစ် အသုံးပြုနိုင်သည်ဟု ဆိုကြသော်လည်း... ကျင့်စဉ်အဆင့် နိမ့်ပါးသေးသူများအတွက်မူ ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရရှိနိုင်ရန် အထူးဆန်းကြယ်သော ကုန်ကြမ်းပစ္စည်းများဖြင့် သွန်းလုပ်ထားသည့် ရတနာလက်နက်မျိုး လိုအပ်သည်။ ရလဒ်အနေဖြင့် ဤကဲ့သို့သော လက်နက်များမှာ အလွန်ပင် ရှားပါးလှပေသည်။

ဤသည်မှာ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး လက်ဝယ် ပိုင်ဆိုင်ထားနိူင် သည့် အရာမျိုး လုံးဝမဟုတ်ချေ။

“ဒါတွေ လျှောက်ပြောနေဖို့ မလိုဘူး။ သူ့မှာ လက်နက်ကောင်း ရှိနေရင်တောင်မှ ပြိုင်ဘက်က အပြတ်အသတ် သန်မာနေတုန်းပဲဥစ္စာ”

ဤတစ်ကြိမ်တွင် ဝင်ပြောလိုက်သူမှာ နှာခေါင်းကြီး လီ ဖြစ်သည်။ သူ၏ ပြောစကားမှာ မမှားပေ။ မိုမူသည် နာမ်ဝိညာဉ်သန္ဓေတည်အဆင့်၏ ဒုတိယအဆင့်တွင် ရှိနေသူ ဖြစ်သည်။ သူ၏ ခွန်အား၊ အရှိန်အဟုန်နှင့် ကျင့်စဉ်စွမ်းရည်တို့မှာ သိသိသာသာ သာလွန်နေသင့်သည်။

မိုမူသည်လည်း ထိုသို့သော အတွေးမျိုး ရှိပုံရပြီး ခါးဘေးရှိ ဓားကို ဆွဲထုတ်လိုက်ကာ ထိုဓားပျံရှိရာဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။

‘သူ့ လက်နက်က ဘယ်လောက်ပဲ အဆင့်မြင့်မြင့်... ငါ့ ခွန်အားနဲ့ အရှိန်အဟုန်ကို မမှီနိုင်ပါဘူး။ တစ်ချက်တည်းနဲ့ အဲဒီဓားပျံကို ရိုက်ချိုးပစ်ပြီးမှ အဲ့ကောင်မကို ဆက်ချေမှုန်းမယ်’

မိုမူသည် သူ၏ ဓားကို အရှိန်အဟုန်ဖြင့် လွှဲချလိုက်စဉ် စိတ်ထဲတွင် ထိုသို့သော အတွေးမျိုးဖြင့် အကြမ်းပတ် ကြုံးဝါးနေမည်မှာ ဧကန်မုချပင် ဖြစ်သည်။

လက်နက်ချင်း ထိတွေ့မိသွားသည့် အခိုက်အတန့်တွင် မိုမူ၏ ဓားမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရသည်။

အရွယ်အစား ပိုမိုသေးငယ်သော ဓားပျံသည် မိုမူ၏ လက်နက်ကို အပြတ်အသတ် အနိုင်ယူသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုမျှတင် မကသေးပေ။ မိုမူမှာ အလွန်အမင်း တုန်လှုပ်အံ့ဩသွားခဲ့ရသဖြင့် ထိုဓားပျံ သူ၏ ပုခုံးအတွင်းသို့ စိုက်ဝင်သွားသည်ကိုပင် ရှောင်တိမ်းရန် အချိန်မရခဲ့ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဓားပျံသည် သူ၏ ပုခုံးမှသည် ဝမ်းဗိုက်အထိ ဓားရာတစ်ကြောင်း ဖြတ်တောက်မွှေနှောက်သွားခဲ့သည်။

ထို့နောက်တွင်မူ ၎င်းသည် သူ၏ ခြေထောက်များကို လာရောက်ခုတ်မွှေတော့သည်။ မကြာမီမှာပင် ခြေဖနောင့်အကြောများ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ သူ၏ လက်မောင်းများလည်း ထို့အတူပင် ဖြစ်သွားခဲ့ရသည်။ ဓားပျံသည် မည်မျှအထိ လျင်မြန်လှသနည်းဆိုလျှင် မိုမူ၏ ဘေးပတ်ပတ်လည်တွင် သံမဏိလေပွေလှိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်သွားခဲ့တော့သည်။

အသက်ရှူ ငါးချက်စာ အချိန်မျှသာ။

ထိုမျှသော အချိန်သာ ကြာမြင့်ခဲ့သည်။ အသက်ရှူငါးချက်စာ အချိန် ကုန်လွန်သွားသည့်အခါတွင်မူ မိုမူ၏ ခန္ဓာကိုယ်မှာ သွေးအိုင်ထဲတွင် လဲပြိုကျသွားခဲ့ရပြီး ထိုဓားပျံမှာ ဖူ၏ လက်ထဲသို့ အလိုအလျောက် ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

“ဖူ အနိုင်ရရှိပါတယ်”

All Chapters