← Chapters

အခန်း ၅၅

Vol. 7 Ch. 55

အခန်း ၅၅

Vol. 7 Ch. 55

အခန်း ၅၅။ ဓားပျံ ဆုန်ဒိုင်ယု

အုပ်စုအဆင့် ပွဲစဉ်များအပြီးတွင် ပြိုင်ပွဲဝင် သုံးရာကျော်အနက် ခြောက်ဆယ်လေးဦးသာ ကျန်ရှိတော့ပြီး ပထမအဆင့် ပြိုင်ပွဲများအပြီးတွင်မူ သုံးဆယ်နှစ်ဦးသာ ကျန်တော့သည်။ ဒီနေ့မကုန်ခင်မှာပင် ထိုအရေအတွက်၏ ထက်ဝက်မျှသာ ကျန်ရစ်တော့မည် ဖြစ်သည်။

ကျင်းပရမည့် ပွဲစဉ်အရေအတွက် အလွန်တရာ များပြားလှသဖြင့် ပြိုင်ပွဲ၏ ပထမဆုံးနေ့သည် အရှည်ကြာဆုံးနေ့ဟု ထင်မှတ်လျှင်လည်း မမှားပေ။ အမှန်စင်စစ် ပထမနေ့တွင် ဖြစ်ပွားသော တိုက်ပွဲအများစုမှာ အားနည်းသူများကို ညှာတာမှုကင်းမဲ့စွာ ဖယ်ထုတ်ပစ်ကြသောကြောင့် တစ်မိနစ်ထက်ပို၍ မကြာတတ်ချေ။ လျူကျင်း၏ ပွဲစဉ်အများစုမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြတ်ပြတ်သားသား ပြီးဆုံးသွားသည်။

သို့သော် နောက်ထပ်ရင်ဆိုင်ရမည့် ပွဲစဉ်ကတော့ ဤမျှ လွယ်ကူလိမ့်မည်မဟုတ်ပေ။

လျူကျင်းသည် တိုက်ပွဲများကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်ရန် ကွင်း၏ အောက်ဘက်စင်ဆီသို့ ပြန်လည်ဆင်းလာခဲ့သည်။ သူ၏မျက်ဝန်းများက စင်မြင့်ထက်တွင် ဖြစ်ပျက်သမျှကို အသေးစိတ် ကြည့်ရှုနေမိသော်လည်း စိတ်ထဲတွင်မူ ထိုလျှို့ဝှက်ဆန်းပြားသော မိန်းကလေးထံသို့သာ ခဏခဏ ရောက်ရှိနေခဲ့သည်။

သူမကတော့ ဖူ ဖြစ်သည်။

ပြိုင်ပွဲမစတင်မီ ပြိုင်ဘက်ကို အရှိန်အဝါဖြင့် ဖိနှိပ်ရန် ကြိုးစားခြင်းမှာ ကျင့်ကြံခြင်းလောကတွင် လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည်။ ထိုအမြင်နှင့် ကြည့်မည်ဆိုလျှင် ယွန်းဟန်၏ ပွဲစဉ်အတွင်း ဖူက သူ့အနားသို့ ချဉ်းကပ်လာခဲ့ခြင်းမှာ အလွန်အမင်း အံ့ဩစရာတော့ မဟုတ်ပေ။ သူမအနေဖြင့် သူ့အကြောင်းကို ကြိုသိရှိနားလည်လို၍သာ ဖြစ် လိမ့်မည်။

ထို့အတူပင် သူမကြောင့် ပြိုင်ဘက်၌ ရရှိသွားခဲ့သော ဒဏ်ရာအနာတရများမှာလည်း လျူကျင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အရာမျိုး မဟုတ်ချေ။ မိုမူအပေါ် ဖူ ထည့်သွင်းလိုက်သည့် ဒဏ်ရာများသည် ကုသရန် အထူးတလည် ခက်ခဲလှသည့်အရာများ မဟုတ်ပေ။ အဆိုးရွားဆုံးအနေဖြင့် မိုမူ၏ ကိုယ်ပေါ်တွင် အမာရွတ်အချို့ ကျန်ရစ်ခဲ့ရုံသာ ရှိလိမ့်မည် ဖြစ်သော်လည်း လျူကျင်းအနေဖြင့် ထိုသို့ဖြစ်လာလိမ့်မည်ဟုပင် မထင်ပေ။ အကြောင်းမူ ဆေးကုသအဖွဲ့ အမှုထမ်းများသည် ၎င်းတို့၏ စောင့်ကြည့်မှုအောက်တွင် ယွန်းဂိုဏ်းမှ လူတစ်ဦးအား တစ်သက်တာ ထိခိုက်ပျက်စီးစေမည့် ဒဏ်ရာမျိုး ခံစားရစေရန် မည်သို့မျှ ခွင့်ပြုလိမ့်မည်မဟုတ်သောကြောင့် ဖြစ်သည်။

မိုမူအနေဖြင့် နာမည်မရှိသော သာမန်တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးကို ရှုံးနိမ့်ခဲ့ရမှုကြောင့် သူ၏ ဂိုဏ်းတူညီအစ်ကိုများထံမှ ခံရမည့် လှောင်ပြောင်ရယ်မောမှုများက ဖူ လုပ်ဆောင်ခဲ့သမျှထက် များစွာ ပိုမိုဆိုးရွားပေလိမ့်မည်။

မှန် ပေသည်၊ ဖူ၏ လုပ်ရပ်များသည် ယွန်းဟန်က ချွေထျန်းအပေါ် လုပ်ဆောင်ခဲ့သည့် ရက်စက်မှုမျိုးနှင့်မူ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

ဖူ ပြသသွားခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုကို သူ သဘောမတူသော်လည်း ယခုကဲ့သို့သော ပြိုင်ပွဲမျိုးတွင် ဤကဲ့သို့သောအပြုအမူမျိုး ရှိလာလိမ့်မည်ဆိုသည်မှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။

လျူကျင်းအနေဖြင့် အလွန်ဆုံး ခံစားရသည်မှာ ယခုအခါတွင် အလုပ်ပိုများသွားကြမည့် ဆေးကုသပေးသူများအပေါ် စာနာမိရုံသက်သက်မျှသာ ဖြစ်သည်။

လျူကျင်းကို အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စေသည့် အချက်မှာ ဖူသည် လုံးဝ မည်သူမည်ဝါမှန်းမသိရသော နာမည်မရှိသူတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။

မြို့အတွင်းရှိ မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့်မျိုးနွယ်စုနှင့်မျှ ဆက်စပ်ပတ်သက်မှုမရှိသော လူတစ်ယောက်က အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရုံတင်မကဘဲ မိမိထက် ကျင့်စဉ်အဆင့် ပိုမိုမြင့်မားသော သူတစ်ဦးကိုပါ အပြတ်အသတ် အနိုင်ယူပြလိုက်နိုင်ခြင်း ဖြစ်သည်။ ထိုသို့သောအရာမျိုးသည် ပုံမှန်အားဖြင့် ဖြစ်လေ့ဖြစ်ထ မရှိပေ။ ဤသည်မှာ လျူကျင်း၏ စိတ်ထဲတွင် အဖြေရှာရန် ဆက်လက်ကြိုးစားနေရဆဲဖြစ်သော ပဟေဠိတစ်ခုပင် ဖြစ်တော့သည်။

ဖြစ်နိုင်သည်မှာ ဖူသည် မြို့အတွင်းရှိ အင်အားစုတစ်ခုခုနှင့် ဆက်စပ်မှုရှိနေပြီး သူမ၏ ဇာတိအမှန်ကို ဖုံးကွယ်ထားခြင်းမျှသာ ဖြစ်နိုင်သည်။ အကယ်၍ ဖူသည် အသေးစား မျိုးနွယ်စုတစ်ခုမှ ထူးချွန်ထက်မြက်သည့် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့မည်ဆိုပါက သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထားခြင်းဖြင့် သူမနှင့် နီးစပ်သူများ မည်သည့်ဆိုးကျိုးမှ မခံစားရစေဘဲ မိမိအလိုရှိသလို လွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင်မည့် အခွင့်အရေးကို ရရှိစေမည် ဖြစ်သည်။

သို့သော်လည်း လျူကျင်းကတော့ ထိုသို့ဖြစ်နိုင်ခြေရှိသည်ဟု သံသယဝင်မိသည်။ ဖူ ဆိုသည်မှာ သူမ၏ နာမည်အရင်း မဟုတ်နိုင်သော်လည်း ယခုကဲ့သို့ မြစိမ်းရောင်တောက်ပသော မျက်ဝန်းမျိုးမှာ အရှေ့ဘက် ဆိပ်ကမ်းမြို့တော်တွင် တွေ့ရခဲလှသည်။ ၎င်းသည် ရုပ်ဖျက်ထားခြင်းလည်း ဖြစ်နိုင်သော်လည်း လျူကျင်းကတော့ ထိုသို့မထင်ပေ။

ထို့နောက်တွင်မူ သူမ၏ လက်နက် ရှိနေသေးသည်။

၎င်းမှာ ဓားပျံ ဖြစ်သည်။

ကျင့်စဉ်အဆင့် အလွန်မြင့်မားသော မည်သူမဆို မည်သည့်လက်နက်ကိုမဆို မိမိစိတ်အလိုအတိုင်း နာခံအောင် ပြုလုပ်နိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ဓားပျံများမှာမူ ပေါများလှသည်မဟုတ်ပေ။ ဓားပျံဆိုသည်မှာ ကျင့်စဉ်အဆင့် နိမ့်ပါးသေးသူများသာ အသုံးများကြသော လက်နက်မျိုး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ၎င်းတို့မှာ အားနည်းသော သူများအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားသော လက်နက်များ ဖြစ်ကြပြီး ၎င်းတို့ သန်မာလာသည့်အခါတွင်မူ ထိုလက်နက်များကို စွန့်ပစ်ခဲ့ကြမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ထိထိ‌ ရောက်ရောက် အသုံးချနိူင်သည့်လက်နက်မျိုးဟု မသတ်မှတ်ကြပေ။

အချို့ကမူ ထိုလက်နက်များကို အသုံးမဝင်သော ဇိမ်ခံပစ္စည်းများဟုပင် ခေါ်ဆိုကြပေလိမ့်မည်။

ရှောင်ဂိုဏ်းနှင့် ယွန်းဂိုဏ်းကြီးများတွင်သာမက မြို့တော်အတွင်းရှိ အထက်တန်းစား အင်အားစုအချို့၌လည်း ထိုကဲ့သို့သော ရတနာလက်နက်များ ပိုင်ဆိုင်ထားကြသည်မှာ အမှန်ပင်။ သို့သော် ကိစ္စက ဤနေရာ၌ပင် ထောက်နေသည်။ အကယ်၍ ဤဓားပျံသည် အရှေ့ဘက်ဆိပ်ကမ်းမြို့တော်၏ ထိပ်သီးအသိုင်းအဝိုင်းမှ လာခြင်းဖြစ်ပါက... ဖူ၏ နောက်ခံဇာတိကို စုံစမ်းရန်မှာ အလွန်လွယ်ကူလှပေလိမ့်မည်။

သို့ဖြစ်ရာ... သူမသည် ဤမြို့တော်ပြင်ပမှ ရောက်ရှိလာသော အမည်မသိ ထူးဆန်းသူတစ်ဦး မုချဧကန် ဖြစ်ရပေမည်။

လျူကျင်းသည် သက်ပြင်းတစ်ချက်ကို အသာအယာချရင်း ခေါင်းကို ခါယမ်းလိုက်မိသည်။

‘ငါ ဘာတွေ လျှောက်တွေးနေတာလဲ...’

ဖူ၏ ရည်ရွယ်ချက်က မည်သို့ပင်ရှိစေကာမူ... လက်ရှိတွင် အရေးကြီးဆုံး လက်တွေ့အမှန်တရားက တစ်ခုတည်းသာ ရှိသည်။ ထိုအချက်မှာ သူမသည် သူ၏နောက်ထပ် ရင်ဆိုင်ရမည့် ပြိုင်ဘက် ဖြစ်နေခြင်းပင်။

အမှန်အတိုင်းဆိုရလျှင်... လျူကျင်း၌ ဤမဟာပြိုင်ပွဲကြီးတွင် အထွတ်အထိပ် ဗိုလ်စွဲရန်ဟူသော ရည်မှန်းချက်မျိုး စိုးစဉ်းမျှ မရှိချေ။ ထိုသို့သော တန်ခိုးအာဏာမက်မောမှုမျိုးက ရှောင်ဖန်းကဲ့သို့သော ပါရမီရှင်များအတွက်သာ ဖြစ်သည်။ ဖူကို အပြတ်အသတ် အနိုင်ယူလိုသည့် ပြင်းပြသော ဆန္ဒမျိုးလည်း သူ့တွင် မရှိလှပေ။

သို့သော်လည်း... သူသည် သူ၏ ပထမဆုံးပွဲစဉ်နှစ်ပွဲကိုတော့ မုချအောင်နိုင်ရမည်ဟု မိမိကိုယ်ကိုယ် ကတိသစ္စာ ပြုထားခဲ့ဖူးသည်။ မိမိကိုယ်ကိုယ်ပေးသော ကတိကိုပင် တည်အောင် မလုပ်နိုင်ပါက... အခြားသူများအပေါ်ထားမည့် ဂတိကဝတ်များကို မည်သို့ ယုံကြည်ချက်ရှိရှိ တည်ဆောက်နိုင်ပါတော့မည်နည်း။

ထို့အပြင်...

ထိုစင်မြင့်အောက်တွင်... သူ၏ ဖခင်ဖြစ်သူကလည်း မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေသည် မဟုတ်ပါလား။

ဤမျှဆိုလျှင် လျူကျင်းအတွက် အကြောင်းပြချက် လုံလောက်သွားခဲ့ပြီဖြစ်သည်။ သူ၏ ချီစွမ်းအင်များကို အဆုံးစွန်ထိ ထုတ်ဖော်ကာ အစွမ်းကုန် ကြိုးစားအားထုတ်သွားရန်သာ ရှိတော့သည်။

ရှောင်ဂိုဏ်း၏ အခြေအနေမှာ အလုံးစုံ ချောမွေ့မနေခဲ့ဘဲ အတွင်းစည်းတပည့် သုံးဦးအထိ အကောင်းဆုံး တစ်ဆယ့်ခြောက်ဦးစာရင်းသို့ တက်လှမ်းနိုင်ခြင်းမရှိဘဲ လမ်းခုလတ်၌ပင် ပြုတ်ကျသွားခဲ့ရသည်။

၎င်းတို့အနက် တစ်ဦးမှာ ယွန်းဂိုဏ်း၏ ထိပ်သီးပါရမီရှင် ယွန်းဟန်၏ လက်ချက်ဖြင့် ပြုတ်ကျသွားခဲ့ရခြင်း ဖြစ်သည်။ ပြိုင်ဘက်ချင်း စွမ်းရည်ကွာခြားလွန်းသဖြင့် အရှက်ရစရာဖြစ်သော်လည်း ငြင်းပယ်၍မရသော လက်တွေ့အမှန်တရားပင်။

သို့သော်လည်း မကြာမီမှာပင်... ရှောင်ဂိုဏ်း၏ သခင်လေး ရှောင်ဖန်းက သူ၏ပွဲစဉ်အတွင်း ယွန်းဂိုဏ်းမှ တပည့်တစ်ဦးကို စင်မြင့်ထက်မှ လွင့်စင်ထွက်သွားအောင် အကြင်နာကင်းမဲ့စွာ အလဲထိုးပစ်ခဲ့သည်။ ဤကဲ့သို့ သွေးကြွေးပြန်ဆပ်ကာ ဂိုဏ်း၏သိက္ခာကို ပြန်လည်ဆွဲတင်ပေးခဲ့သဖြင့် ရှောင်ဂိုဏ်းဝင်များ၏ စိတ်ထဲ၌ ခံပြင်းမှုဒဏ်ရာမှာ အနည်းငယ် ပြေလျော့သွားခဲ့ရသည်။

ကျန်ရှိနေသော နှစ်ဦးအနက် တစ်ဦးမှာ ယွန်းဂိုဏ်း၏ အခြားအတွင်းစည်းတပည့်တစ်ဦး၏ လက်ချက်ဖြင့် ကံဆိုးသွားခဲ့ပြီး... နောက်ဆုံးတစ်ဦးကမူ မြို့တော်အတွင်းရှိ ဩဇာကြီးမားလှသော အင်အားကြီးဂိုဏ်းကြီးတစ်ခု၏ အဆင့်တစ် ပါရမီရှင်ကို ရင်ဆိုင်ရင်း ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

တပြိုင်နက်တည်းမှာပင်... ဇူအန်နှင့် နှာခေါင်းကြီး လီတို့နှစ်ဦးစလုံးကမူ ၎င်းတို့၏ ပွဲများတွင် ပြတ်ပြတ်သားသား အနိုင်ရရှိကာ ရှေ့သို့ ဆက်လက်ချီတက်သွားခဲ့ကြသည်။ ရှောင်ဂိုဏ်းဝင်အားလုံး တိုက်ခိုက်ပြီးစီးခြင်း မရှိသေးသော်လည်း... ကျန်ရှိနေသော ဂိုဏ်းတူညီအစ်ကိုများအားလုံး ဧကန်မုချ အောင်ပွဲဆင်နိုင်ကြလိမ့်မည်ဟု လျူကျင်း မြင်ရုံမျှဖြင့် အသေအချာ သုံးသပ်နေမိတော့သည်။

“ရှောင်ဂိုဏ်းမှ လျူကျင်းနှင့် ဖူ...”

ကြေညာသံ ပဲ့တင်ထပ်သွားသည့်အခါ လျူကျင်းသည် ပုံမှန်အတိုင်းပင် စိတ်ကိုခပ်အေးအေးထားရန်ကြိုးစားလိုက်သည်။

သူ စင်မြင့်ထက်သို့ လှမ်းတက်လိုက်သည်နှင့် တစ်ပြိုင်နက်... ကွင်းပြင်တစ်ခုလုံး နားကွဲလုမတတ် သောင်းသောင်းဖျဖျ ကြွေးကြော်အားပေးသံများ ဆူညံသွားခဲ့သည်။ ဤသည်မှာ သူ၏ အစောပိုင်းပွဲစဉ်များနှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေလို ကွာခြားလှသော အခြေအနေပင် ဖြစ်သည်။ သူက အတွင်းစည်းအဆင့်၏ သတ္တမအဆင့်တွင်သာ ရှိသေးပြီး ဖူက အတွင်းစည်းအဆင့်၏ အဋ္ဌမအဆင့်သို့ ရောက်ရှိနေသော်လည်း... ပွဲကြည့်ပရိသတ်များ၏ အားပေးမှုက သူ့ဘက်သို့သာ တစ်ခဲနက် ယိမ်းနေပုံရသည်။ ဘာပဲဖြစ်ဖြစ်... သူသည် ဩဇာကြီးမားလှသော ရှောင်ဂိုဏ်း၏ အမှတ်အသားကို ဆောင်ထားပြီး ဂိုဏ်းချုပ် ရှောင်ကျန်း၏ သမက်လည်း ဖြစ်နေသည်မဟုတ်ပါလား။ ဖူကမူ နောင်ခံမရှိသည့် အမည်မသိ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်ရာ... သူမအနေဖြင့် မိုမူအပေါ် အံ့မခန်း အနိုင်ရရှိခဲ့သည့်တိုင်အောင် အရှိန်အဝါကြီးမားလှသော ဂိုဏ်းကြီး၏ ဂုဏ်ဒြပ်ကို ယှဉ်နိုင်ရန် မလုံလောက်ခဲ့ချေ။

သို့သော်လည်း ဖူကမူ ထိုကဲ့သို့ အပယ်ခံရသည့် အခြေအနေကို စိုးစဉ်းမျှ စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။ သူမသည် ယုံကြည်မှုအပြည့်ရှိသော တည်ငြိမ်သည့် ခြေလှမ်းများဖြင့် စင်မြင့်ထက်သို့ လှမ်းဝင်လာခဲ့ပြီး... သူမ၏ ဝတ်ရုံခြုံအောက်တွင် ဆန်းကြယ်သော မျက်ဝန်းစိမ်းတစ်စုံက စူးရှစွာ လင်းလက်နေခဲ့သည်။

“ရှင် ဒီအထိရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်နော်” ဟု သူမက စင်မြင့်အလယ်ဗဟိုတွင် ဆုံတွေ့စဉ် ခပ်ရွဲ့ရွဲ့ လေသံဖြင့် လှမ်း၍ ပြောလိုက်သည်။

ယခုအခါ သူမသည် သူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် လျူကျင်းအနေဖြင့် သူမ၏ ရုပ်ရည်သွင်ပြင်ကို ပိုမိုအနီးကပ် မြင်တွေ့လိုက်ရသည်။ သူမ၏ ဝတ်ရုံခေါင်းမြှောက်က မျက်နှာကို အနည်းငယ် ဖုံးကွယ်ထားဆဲ ဖြစ်သော်လည်း... ဖူသည် နောင်တစ်ချိန်တွင် မိန်းမလှလေးတစ်ဦး ဖြစ်လာမည့်သူဟု လျူကျင်း စိတ်ထဲက ရဲရဲဝံ့ဝံ့ သုံးသပ်မိသည်။ သူမ၏ စိမ်းလန်းသော မျက်ဝန်းများက စွဲမက်ဖွယ်ကောင်းလှပြီး ရုပ်ရည်သွင်ပြင်မှာ နုနယ်သိမ်မွေ့ကာ... သူမ၏ ဆံနွယ်များမှာမူ ဖျော့တော့ပြီး ရွှေအိုရောင် တောက်လောင်နေသည့်အလား ထူးခြားလှပေသည်။

“မင်းအတွက်လည်း ဂုဏ်ယူပါတယ်”

လျူကျင်းက ခံစစ်ကိုယ်ဟန်ကို ချက်ချင်းပြင်လိုက်ရင်း အေးစက်စက် တုံ့ပြန်လိုက်သည်။

“ကိုယ့်ထက် ကျင့်ကြံဆင့်မြင့်တဲ့သူကို အလဲထိုးနိုင်တယ်ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးတစ်ယောက်ပဲလေ”

“အိုး…ရှောင်ဂိုဏ်းကလူတွေက တကယ်ကို ဟန်ဆောင်ကောင်းကြတာပဲ။ ရှင်ကိုယ်တိုင်လည်း ခုနကတင် အဲဒီအတိုင်း လုပ်ပြခဲ့တာ မဟုတ်ဘူးလား”

သူမက ဝတ်ရုံအောက်ကနေ မျက်ခုံးတစ်ဖက်ကို ပင့်ရင်း ခနဲ့လိုက်သည်။

“ငါကတော့ ပြိုင်ဘက်က ညံ့သွားလို့ ကံကောင်းသွားရုံပါ”

“လူ…လိမ်…ကြီး”

ဖူက ထိုစကားလုံးကို သီချင်းဆိုသလိုမျိုး အသံဆွဲကာ စနောက်ကျီစယ်သော အပြုံးဖြင့် ပက်ခနဲ ပြန်ပြောလိုက်သည်။

“ရှင် ဒီလိုမျိုးကြီး အောက်ကျို့ပြနေရင် မိန်းကလေးတွေ သဘောကျမှာ မဟုတ်ဘူးနော်။ ကိုယ့်ကိုယ်ကိုယ် ကြွားလွန်းတဲ့သူကလည်း ကြည့်မရဘူး... ဒါပေမဲ့ ရှင်လိုမျိုး အရမ်းကြီး နှိမ့်ချပြနေပြန်ရင်လည်း အမြင်ကတ်စရာကြီးလေ”

“ဒါဆို စိတ်မကောင်းစရာပဲ... ငါက အိမ်ထောင်သည်တစ်ယောက် ဖြစ်နေတယ်လေ၊ ငါ့ဇနီးကလွဲလို့ ဘယ်သူမှ ခေါင်းထဲမရှိဘူး၊အခြားမိန်းကလေးတစ်ယောက်ယောက်ကသာ ငါ့အပေါ် စိတ်ဝင်စားလာမယ်ဆိုရင် သူတော်တော်သနားစရာကောင်းမှာပဲ ”

ဤသည်မှာ လျူကျင်း ပုံမှန်ဆိုလျှင် ပြောလေ့ပြောထရှိသည့် စကားမျိုး မဟုတ်ချေ။ သို့သော်လည်း ဖူသည် ဤမြို့တော်နှင့် မသက်ဆိုင်သည့် အပြင်လူတစ်ဦး ဖြစ်ကြောင်း အသေအချာ သိရှိထားသဖြင့်... သူ့ စကားလုံးများကြောင့် အခြေအနေများ မည်သို့ လှည့်ပြောင်းသွားမည်ကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ပူပန်နေရန် မလိုတော့ဟု လျူကျင်း ခံစားလိုက်ရသည်။

“ကဲပါရှင်... ဒီလို ကျင့်ကြံခြင်းလောကကြီးထဲမှာ ဒီလိုအတွေးမျိုးက တကယ်သေးသိမ်လွန်းပါတယ်” ဟု ပြောရင်း သူမက လှောင်ပြောင်သည့်ဟန်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

“ထိပ်ဆုံးကို တက်လှမ်းဖို့ ရည်မှန်းချက် မရှိတဲ့သူတွေက အဖျက်ဆီးခံရုံပဲ ရှိတာ။ စွန့်စားရဲတဲ့ သတ္တိမရှိရင် အခွင့်အလမ်းဆိုတာလည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး”

“အဲဒီလို ဖြစ်နိုင်ပေမဲ့... ငါကတော့ ရည်မှန်းချက် ကြီးကြီးမထားတဲ့ သာမန်ကျင့်ကြံသူတစ်ယောက် လေ”

“အို... ရှင်က အဲဒီလို နှိမ့်ချပြောနေပေမဲ့ ရှင့်မျက်လုံးတွေကတော့ ကျွန်မကို အရှုံးပေးဖို့ ရည်ရွယ်ချက် လုံးဝမရှိတဲ့ ပုံစံပဲနော်”

“သေချာတာပေါ့၊ ငါ မင်းကို ရှုံးသွားခဲ့ရင် ငါ့သွေးတွေက ဒီစင်ပေါ်မှာ အလဟဿ စွန်းပေသွားမှာပေါ့၊ ငါကတော့ အဲဒီသွေးတွေကို ငါ့ခန္ဓာကိုယ်ထဲမှာပဲ လုံလုံခြုံခြုံ ရှိနေတာ ပိုသဘောကျတယ်”

“ဒါဆိုရင်တော့ နှမြောစရာပဲရှင်... ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ချင်းက လားလားမျှ ဆန့်ကျင်ဘက် ဖြစ်သွားပြီပေါ့”

သူမ၏ လေသံက ရုတ်တရက် သွေးအေးသွားပြီး ဝတ်ရုံခြုံအောက်မှ ချီစွမ်းအင်လှိုင်းများ ပြင်းထန်စွာ ဝုန်းခနဲ ထက်သန်လာသည်။

“အဲဒီလိုပဲ ထင်ရတာပဲ”

“စတင်စေ”

ဒိုင်လူကြီး၏ အော်ဟစ်အချက်ပေးသံ ဟိန်းထွက်သွားသည်နှင့် တပြိုင်နက် လျူကျင်းက အပြင်းအထန် တိုးဝင်သွားတော့သည်။ သို့သော်လည်း သူ၏ အရှိန်အဟုန်ကို အစွမ်းကုန် မမြှင့်တင်ရဲသေးချေ။ အဘယ်ကြောင့်ဆိုသော် မိုမူ၏ ဓားကို စက္ကန့်ပိုင်းအတွင်း အပိုင်းပိုင်းချေမှုန်းခဲ့သည့် ဖူ၏ ဓားပျံသည်... လေထုကို ဖြတ်သန်းကာ သတ်ဖြတ်ခြင်း အရှိန်အဟုန်ဖြင့် သူ့ထံသို့ ဦးတည်ပျံသန်းလာနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ဖူသည် သူမ၏ ဓားပျံကို မထုတ်သုံးနိုင်မီ... လျူကျင်းအနေဖြင့် ကိုယ်ဖော့သိုင်းကျင့်စဉ်ကို အသုံးပြုကာ သူမထံသို့ တဟုန်ထိုး တိုးဝင်တိုက်ခိုက်ခဲ့သင့်သလား။ လျူကျင်းကိုယ်တိုင်လည်း ရေရေရာရာ မသိချေ။

အမှန်စင်စစ် ဤသည်မှာ ပွဲမစတင်မီကတည်းက သူ သေချာပေါက် ထည့်သွင်းစဉ်းစားခဲ့သော အချက်တစ်ခု ဖြစ်သည်။ ထိုဓားပျံသည် သူမ၏ အသန်မာဆုံး ဝှက်ဖဲ ဖြစ်စေ၊ မဖြစ်စေကာမူ... ၎င်းနှင့် ရင်ဆိုင်ရသည်မှာ အတော်လေး အလုပ်ရှုပ်စရာ ကောင်းပေလိမ့်မည်။ ကိုယ်ဖော့သိုင်းကျင့်စဉ်ကို သာ ထုတ်သုံးခဲ့မည်ဆိုပါက ထိုလက်နက်ကို အစောကြီးကတည်းက အခက်အခဲမရှိ ဖယ်ရှားပစ်နိုင်ခဲ့ကောင်း ပိုင်နိုင်လိမ့်မည်။

သို့သော်လည်း ထိုသို့ စွန့်စားလုပ်ဆောင်ခြင်းက သူ့ကို သေတွင်းထဲ ပို့လိုက်သလိုမျိုး ရှုံးနိမ့်သွားစေနိုင်သည်လည်း ဖြစ်၏။

ကိုယ်ဖော့သိုင်းကျင့်စဉ်ကို အသုံးပြုခြင်းသည် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် ချီစွမ်းအင်တစ်ခုလုံးကို တစ်ချက်တည်းနှင့် အဆုံးစွန်ထိ စိုက်ထုတ်လိုက်ရခြင်းမျိုး ဖြစ်သည်။ အကယ်၍သာ သူ ၎င်းကို အသုံးပြုလိုက်သည့်အချိန်တွင် ဖူဘက်ကလည်း ထိုဓားပျံကို အချိန်မီ ပစ်လွှတ်နိုင်သွားခဲ့မည်ဆိုပါက... ဤတိုက်ပွဲသည် မျက်စိတစ်မှိတ်အတွင်းမှာတင် လျူကျင်း၏ ရှုံးနိမ့်မှုနှင့်အတူ ပြီးဆုံးသွားပေလိမ့်မည်။ လျူကျင်းသည် ထိုဓားပျံကို လေထဲ၌ လေခွဲသံနှင့်အတူ ဖြတ်သန်းပျံသန်းသွားစေရန် သူ၏ ခေါင်းကို ဘေးဘက်သို့ တိကျစွာ တိမ်းစောင်းရှောင်လိုက်သည့် တိုင်အောင်... မိမိအနေဖြင့် မှန်ကန်သော ရွေးချယ်မှုကို လုပ်ခဲ့မိရဲ့လားဆိုသည်ကို ယခုထက်ထိ သေချာရေရာခြင်း မရှိသေးချေ။

ဖူက သူမ၏ လက်ကို ဝေ့ယမ်းလိုက်ရာ ထိုဓားပျံသည် လေထဲတွင် ရုတ်တရက် ဝုန်းခနဲ လမ်းကြောင်း ပြောင်းလဲသွားခဲ့သည်။ ထိုသို့ တိုက်ခိုက်လာသည့် အခိုက်အတန့်တွင်ပင် လျူကျင်းက အဝေးသို့ လျင်မြန်စွာ ရှောင်တိမ်းရန်အတွက် ကိုယ်ဖော့သိုင်းကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်တော့သည်။

အုပ်စုအဆင့်တုန်းက အသုံးပြုခဲ့သည့် စင်မြင့်များနှင့်မတူဘဲ ယခု ၎င်းတို့ တိုက်ခိုက်နေကြသည့် မဟာကျောက်စင်မြင့်မှာ အတော်လေး ကြီးမားကျယ်ပြန့်လှသည်။ ထို့ကြောင့် ၎င်းတို့ လှည့်ပတ်လှုပ်ရှားရန်အတွက် နေရာအလုံအလောက် ရှိနေသည်။ လျူကျင်းသည် ကွင်းတစ်ခုလုံးအနှံ့ ဘယ်ပြန်ညာပြန် အပြင်းအထန် ရှောင်တိမ်းနေခဲ့ပြီး... စင်မြင့်ကို အပိုင်းပိုင်းဖြတ်တောက်မွှေနှောက်နေသည့် ဖူ၏ အန္တရာယ်ရှိလှသော ဓားပျံ၏ ရှေ့တွင် အမြဲတမ်း ခြေတစ်လှမ်းစောနေစေရန်အတွက် ကိုယ်ဖော့သိုင်းကျင့်စဉ်ကို ဆက်တိုက်ဆိုသလို အသုံးပြုနေခဲ့သည်။

ဖူသည် သူမ၏ လက်နက်ကို စိတ်အလိုအတိုင်း မောင်းနှင်နေစဉ် သူမ၏ လက်ကလည်း လေထဲတွင် လိုက်လံလှုပ်ရှားနေခဲ့သည်။ သူမ ဝတ်ရုံ၏ ရှည်လျားသော လက်အင်္ကျီများက သူမ၏ လက်မောင်းများကို ဖုံးကွယ်ထားသော်လည်း... သူမ၏ လက်ညှိုးပေါ်တွင် တစ်စုံတစ်ခု ဝင်းခနဲ လင်းလက်နေသည်ကိုမူ သူ လှမ်းမြင်လိုက်ရသည်။ လက်စွပ်တစ်ကွင်းလား...။

သူမသည် ထိုရတနာလက်စွပ်ကို အသုံးပြုပြီး ထိုဓားပျံကို စိတ်ဝိညာဉ်ဖြင့် ထိန်းချုပ်မောင်းနှင်နေခြင်းများလား...။

လျူကျင်းသည် သူ့ထံသို့ ဝူးခနဲ တိုးဝင်လာသော ဓားပျံပေါ်မှ ကျော်ဖြတ်ခုန်လွှားရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုစဉ် ဖူ၏ မျက်နှာပေါ်၌မူ အောင်နိုင်သူတစ်ဦး၏ အပြုံးမျိုး ပေါ်ပေါက်လာခဲ့၏။ သူမသည် သူ့ကို ကွက်တိဖမ်းမိပြီဟု ထင်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေထဲတွင် ခန္ဓာကိုယ် ပွင့်ထွက်နေစဉ် သူ မည်သို့မျှ ရှောင်တိမ်းနိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ဓားပျံသည် လေထဲတွင် ဝေ့ဝဲကွေးညွတ်ကာ သူ၏ ခန္ဓာကိုယ်အလယ်ဗဟိုချက်တည့်တည့်သို့ သတ်ဖြတ်ခြင်း အရှိန်အဟုန်ဖြင့် ပြန်လည်ဦးတည်လာခဲ့သည်။

ထိုသေရေးရှင်ရေး အခိုက်အတန့်တွင်... လျူကျင်းသည် ကိုယ်ဖော့သိုင်းကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်သည်။

လေထဲ၌ ဤကျင့်စဉ်ကို အသုံးပြုခြင်းသည် ကြံ့ခိုင်သော မြေပြင်ပေါ်တွင် သုံးသလောက် ထိရောက်မှုမရှိသော်လည်း၊ လက်ရှိ လိုအပ်နေသော ဘေးလွတ်ရာ ရွေ့လျားမှုကိုမူ ကောင်းကောင်းကြီး စွမ်းဆောင်ပေးနိုင်ခဲ့သည်။ လျူကျင်း၏ ခန္ဓာကိုယ်သည် အရှိန်အဟုန်အသစ်တစ်ခုဖြင့် လေထုကို နင်းချေကာ ဘေးဘက်သို့ လျှပ်ခနဲ ရွေ့လျားသွားခဲ့၏။ သူ၏ ခန္ဓာကိုယ် ဖူထံသို့ တစ်ရှိန်ထိုး လွင့်ပျံမသွားမီ... ဖူ၏ မျက်နှာပေါ်တွင် ရုတ်တရက် ဖြစ်ပေါ်သွားသော တုန်လှုပ်ခြောက်ခြားမှုကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်လေးမှာ အလွန်ပင် တိုတောင်းလှသည်။

သို့သော်... သူ၏ ပြင်းထန်လှသော လက်သီးက သူမထံသို့ တိုက်ရိုက် ရောက်ရှိမသွားခဲ့ပေ။

ကိုယ်ဖော့သိုင်းကျင့်စဉ်၏ အရှိန်အဟုန်ကြောင့် ဖူ၏ ဓားပျံ ရောက်မလာခင် သူမရှိရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသော်လည်း... လျူကျင်း ခြေချလိုက်သည့်အချိန်တွင်မူ သူမက ထိုနေရာ၌ မရှိတော့ပေ။ ဖူသည် စင်မြင့်၏ အခြားတစ်ဖက် အစွန်းဆုံးနေရာသို့ ကိုယ်ယောင်ဖျောက်သကဲ့သို့ ရောက်ရှိသွားပြီး... သူမ၏ ရှေ့တွင်လည်း ထိုအန္တရာယ်ရှိလှသော ဓားပျံက ကာကွယ်သည့်အနေဖြင့် ပြန်လည်ဝဲပျံနေသည်ကို လျူကျင်း ချက်ချင်းပင် မြင်လိုက်ရသည်။

‘ဒါ... အဆင့်မြင့် ကိုယ်ဖော့လှုပ်ရှားမှု ကျင့်စဉ်တစ်ခုပဲ’

လျူကျင်းသည် သူထုတ်သုံးနိုင်မည့် တိုက်ကွက်များကို စဉ်းစားရင်း စုတ်တစ်ချက် အသာသတ်လိုက်မိသည်။ ဤကဲ့သို့ လှည့်စားတိုက်ခိုက်မှုမျိုးက ဒုတိယအကြိမ်တွင် ထပ်မံအောင်မြင်တော့မည်မဟုတ်ချေ။ အကယ်၍ သူ ဖူ၏ ကိုယ်နားသို့ ကပ်ချင်ပါက ထိုအနှောင့်အယှက်ပေးနေသော ဓားပျံကို အရင်ဆုံး အပြတ်ရှင်းပစ်ရမည် ဖြစ်သည်။ သို့သော် ထိုသံမဏိလက်နက်တွင် သူတိုက်ခိုက်ရမည့် အကြောကွက်များ မရှိသဖြင့်... သူ၏ ပုံမှန်အသုံးပြုနေကျ အကြောပိတ်တိုက်ကွက်ကို သုံး၍မရနိုင်ချေ။ ထို့အပြင် ထိုကဲ့သို့သော ရတနာလက်နက်ကို လက်ဗလာဖြင့် ဝင်ရောက်ခုခံရန် ကြိုးစားခြင်းကလည်း ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။ နာမ်ဝိညာဉ်သန္ဓေတည်အဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ သံမဏိအရေပြားကိုပင် လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်ခဲ့သော ဓားပျံက မိမိအပေါ် မည်မျှအထိ အသက်အန္တရာယ်ပြုနိုင်မည်နည်းဆိုသည်ကို လျူကျင်း စမ်းသပ်ကြည့်ရန် စိတ်ကူးပင် မရှိချေ။

‘ငါ့ အဆိပ်ချီစွမ်းအင်ကို ထုတ်သုံးရမလား...’

သူ၏ ခန္ဓာကိုယ်က စင်မြင့်ထက်တွင် ရိပ်ခနဲ ဝဲပျံရှောင်တိမ်းနေစဉ် လျူကျင်းက ထိုအကြံဉာဏ်ကို ခေတ္တမျှ စဉ်းစားကြည့်လိုက်သည်။ ဖူကမူ တစ်နေရာတည်းတွင် မလှုပ်မယှက် တည်ငြိမ်စွာ ရပ်နေသော်လည်း... သူမ၏ ဓားပျံနှင့် လျူကျင်း၏ ခန္ဓာကိုယ်တို့ကမူ စက္ကန့်ပိုင်းမျှ ပေါ့ဆ၍မရသော သေရည်ရှင်ရေး အပြေးအလွှား လိုက်တမ်းပြေးတမ်း ကစားပွဲတစ်ခုအသွင် ကွင်းတစ်ခုလုံးအနှံ့ လှုပ်ရှားနေကြသည်။ ဤသည်မှာ ပွဲကြည့်ပရိသတ်များ မြင်တွေ့နေကျ ထိပ်တိုက်ချင်းဆိုင် တိုက်ပွဲမျိုး မဟုတ်သော်လည်း... လျင်မြန်ဆန်းပြားလှသော အရှိန်အဟုန်ကြောင့် လူအုပ်ကြီးကမူ သောင်းသောင်းဖျဖျပင် ဆက်လက် အော်ဟစ်အားပေးနေကြဆဲ ဖြစ်သည်။

လျူကျင်းသည် ကိုးခေါင်းမြွေနတ်ဘုရား၏ စမ်းသပ်ချက်ကို အောင်မြင်ခဲ့သည့် အချိန်ကတည်းကပင် အဆိပ်စွမ်းအင် ပါဝင်သည့် ချီစွမ်းအင်ကို အလိုရှိသလို ထုတ်ဖော်နိုင်သည့် စွမ်းရည်ကို ရရှိခဲ့သည်။ ၎င်းသည် ကိုးခေါင်းမြွေနတ်ဘုရား၏ သေစေနိုင်သော အဆိပ်ရှိန်နှင့် အချိန်အတော်ကြာ ထိတွေ့ခဲ့ရခြင်း၏ ဆန်းကြယ်သော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ခြေ များလှသည်။ အမှန်စင်စစ် လျူကျင်း ကိုယ်တိုင် လက်ရှိ ထုတ်ဆင့်နိုင်သော အဆိပ်ချီစွမ်းအင်မှာ... ကိုးခေါင်းမြွေနတ်ဘုရား၏ ကမ္ဘာပျက်စေနိုင်သော အစစ်အမှန် အဆိပ်အရှိန်အဝါလောက်တော့ မည်သို့မျှ မပြင်းထန်နိုင်ချေ။

သို့သော် ထိုအချက်က သူသည် ဤလျှို့ဝှက်စွမ်းရည်ကို ၎င်း၏ အမြင့်မားဆုံး စွမ်းဆောင်ရည်အထိ ထုတ်သုံးနိုင်ခြင်း မရှိသေးဟုတော့ မဆိုလိုပေ။

မြွေဆိပ်ဖြူ လက်သီးချက် ။

ထိုသိုင်းကွက်အမည်သည် လျူကျင်း၏ စိတ်ထဲသို့ အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။ ယခုတလောတွင် ဤသို့ခဏခဏ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သူ ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ အဆိပ်ကို ဖန်တီးနိုင်စွမ်းကလည်း ပိုမိုသန်မာလာလိမ့်မည် ဖြစ်ကြောင်း လျူကျင်း ကောင်းကောင်း သိထားသည်။ အကယ်၍သာ သူ ထိုသိုင်းကွက်ကို ထုတ်သုံးခဲ့မည်ဆိုပါက ပြိုင်ဘက် ခံစားရမည့် ဒဏ်ရာမှာ သာမန် ထုံကျင်သွားရုံသက်သက်မျှ မဟုတ်တော့ပေ။ ၎င်းသည် ထုတ်သုံးရန် တောင့်တနေသည့် သေစေနိုင်လောက်သော သိုင်းကွက်ဆိုးကြီးတစ်ခု ဖြစ်သည်။

သို့သော်လည်း ယနေ့တွင်တော့ ထိုသိုင်းကွက်ကို ထုတ်သုံးရန် အချိန်မဟုတ်သေးပေ။

လျူကျင်းအနေဖြင့် ပြိုင်ဘက်ကို အသက်အန္တရာယ်ဖြစ်စေမည့် ပြင်းထန်သော ဒဏ်ရာမျိုး မပေးလိုသည့် အချက်ကို ဘေးဖယ်ထားလျှင်ပင်၊ ဤသိုင်းကွက်သည် လက်ရှိအခြေအနေအတွက် အကိုက်ညီဆုံး သိုင်းကွက် ဟုတ်မဟုတ်ဆိုသည်ကို သူ သေချာရေရာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

ထိုအချက်က သူ့အတွက် ရွေးချယ်စရာ တစ်ခုတည်းကိုသာ ကျန်ရှိစေတော့သည်။

လျူကျင်းက နောက်ဆုံးတွင် ရှောင်တိမ်းနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး ထိုအန္တရာယ်ရှိလှသော ဓားပျံကို ထိပ်တိုက်ရင်ဆိုင်ရန် အရှိန်အဟုန်ဖြင့် တိုးဝင်လုံးလိုက်သည့် အခိုက်အတန့်တွင်... ပွဲကြည့်ပရိသတ်များမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြတော့သည်။ အချို့လူများက ရင်တမမဖြင့် မတ်တတ်ထရပ်ကာ သူ့ကို အားပေးကြပြီး၊ အချို့ကမူ ထိုအသက်အန္တရာယ်ရှိလှသော လက်နက်နှင့် ဝေးဝေးနေရန် သူ့ကို သတိပေးရန် ကြိုးစားကြသည်။

“ချွမ်း..”

လက်နက်နှစ်ခု အပြင်းအထန် ထိတွေ့မိသွားစဉ်တွင် ကွင်းတစ်ခုလုံး ပဲ့တင်ထပ်သွားလောက်အောင် ဓားသွားချင်း ထိခိုက်သံ တိခနဲ တစ်ချက် ထွက်ပေါ်လာခဲ့သည်။

လျူကျင်း၏ ဓားမြှောင်က ဖူ၏ ဓားပျံထက် များစွာ ပိုမိုသေးငယ်လှသည်။ ၎င်းကို သာမန်သတ္တုဖြင့် သွန်းလုပ်ထားခြင်း မဟုတ်ဘဲ အလွန်အန္တရာယ်များလှသော မိစ္ဆာသားရဲတစ်ကောင်၏ အဆိပ်စွယ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

မိုမူ၏ ဓားကဲ့သို့ မဟုတ်ဘဲ... လျူကျင်း၏ ဓားမြှောင်ကမူ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခြင်း မရှိခဲ့ချေ။

လျူကျင်းသည် သူ့ထံသို့ ထပ်မံဦးတည်လာသော ဓားပျံကို ဓားမြှောင်ဖြင့် အပြင်းအထန် ခုခံတွန်းလှန်ရင်း သွားကို တင်းတင်းကြိတ်ထားလိုက်သည်။ သူ အံ့အားသင့်သွားရသည်မှာ ထိုဓားပျံသည် တစ်ချက်တည်းနှင့် ချက်ချင်းကြီး ကျိုးပျက်မသွားခြင်းကြောင့် ဖြစ်၏။ ၎င်းသည် နောက်သို့ လွင့်ပျံထွက်သွားပြီးနောက်... လေထဲတွင် ဝေ့ဝဲကာ အခြားသော ထောင့်ချိုးတစ်ခုမှနေ၍ သူ့ထံသို့ သတ်ဖြတ်ခြင်း အရှိန်အဟုန်ဖြင့် ထပ်မံအတင်းဝင်လုံးရန် ကြိုးစားလာခဲ့ပြန်သည်။ လျူကျင်းသည် ထိုဓားပျံ၏ ဘေးပတ်ပတ်လည်တွင် ဝဲပျံရှောင်တိမ်းရင်း နောက်ထပ် လက်ရည်စမ်းမှု နှစ်ကြိမ်ခန့် ကုန်လွန်သွားခဲ့ပြီး၊ လက်နက်ချင်း ထိမိသည့် အကြိမ်တိုင်းတွင် မီးပွားများ တဖျတ်ဖျတ် လွင့်စင်ထွက်ပေါ်လာခဲ့သည်။

၎င်းဓားပျံ ချက်ချင်း ကျိုးပျက်မသွားခြင်းကပင် ထိုလက်နက်၏ အရည်အသွေး ကောင်းမွန်မှုကို သက်သေပြနေခြင်း ဖြစ်သည်။ သို့သော်လည်း လျူကျင်း၏ လက်နက်မှာ စွမ်းအားပြင်းလှသော ဝိညာဉ်သားရဲတစ်ကောင်၏ အစွယ်ဖြင့် ထုဆစ်ထားခြင်း ဖြစ်ရာ... ဖူ၏ ဓားပျံ ပျက်စီးသွားရန်မှာ အချိန်တစ်ခုမျှသာ လိုအပ်တော့သည်။

စတုတ္ထအကြိမ်မြောက် အပြန်အလှန် ထိတွေ့မှုတွင်မူ... ထိုဓားပျံသည် တိခနဲ မြည်ကာ အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားခဲ့ရပြီး သတ္တုစအနုအမွှားများ ကျောက်စင်မြင့် ကြမ်းပြင်တစ်ခုလုံးအနှံ့ ဆူညံစွာ လွင့်စင်ကျဆင်းကုန်တော့သည်။

လျူကျင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းရင်း ဖူ၏ မျက်ဝန်းများကို စူးစိုက်ကြည့်လိုက်၏။

ထို့နောက်... သူမထံသို့ တဟုန်ထိုး အပြင်းအထန် တိုးဝင်သွားတော့သည်။

ရုတ်တရက်…။

“ကျွန်မ အရှုံးပေးပါတယ်”

လျူကျင်းသည် ဖူနှင့် လက်မအနည်းငယ်မျှသာ လိုတော့သည့် အကွာအဝေးတွင် တုန့်ခနဲ ရပ်တန့်လိုက်သည်။ သူသည် သူမကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်မိသော်လည်း သူမကမူ ဘာကိုမျှ တွန့်ဆုတ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြန်လည်စိုက်ကြည့်နေခဲ့သည်။

“ဖူကတော့ အရှုံးပေးလိုက်ပြီ ဖြစ်ပါတယ် ဒီပွဲစဉ်ရဲ့ အနိုင်ရရှိသူကတော့ ရှောင်ဂိုဏ်းက လျူကျင်းပဲ ဖြစ်ပါတယ်”

ဒိုင်လူကြီးက သူ၏ အောင်ပွဲကို ကြေညာလိုက်သော်လည်း လျူကျင်းအနေဖြင့်မူ အလှည့်စားခံလိုက်ရသလိုမျိုး ခံစားချက်ကို မဖျောက်ဖျက်နိုင်ခဲ့ချေ။

“စောစောက စွန့်စားမှုတွေ လုပ်ဖို့လိုတယ်ဆိုတဲ့ စကားတွေက ဘာဖြစ်သွားတာလဲ” ဟု ဝူယန်က ၎င်းတို့နှစ်ဦးကို လာရောက်စစ်ဆေးပေးနေသည့် အချိန်တွင် လျူကျင်းက လေသံအေးစက်စက်ဖြင့် လှမ်း၍ မေးလိုက်သည်။

“စွန့်စားရဲတဲ့ သတ္တိရှိဖို့ဆိုတာ အရေးကြီးတာပေါ့ရှင်” ဖူက သူမ၏ အရှုံးအပေါ် စိုးစဉ်းမျှပင် စိတ်အနှောင့်အယှက်ဖြစ်ပုံမရဘဲ ပက်ခနဲ ပြန်ပိတ်လိုက်သည်။

“ဒါပေမဲ့ လူတစ်ယောက်ဟာ မိမိရဲ့ ကံတရားကို ဘယ်အချိန်မှာ ဆက်ပြီး မကိုးစားသင့်တော့ဘူးလဲဆိုတာကိုလည်း ကောင်းကောင်း သိထားရမယ်လေ”

“ဒါတင်မကသေးဘူးလေ…”

၎င်းတို့နှစ်ဦးစလုံး စစ်ဆေးမှု ပြီးမြောက်သွားပြီး ပွဲကြည့်ပရိသတ်များ၏ မျက်စိအောက်မှ ထွက်ခွာလာခဲ့ကြပြီးနောက် သူမ၏ နှုတ်ခမ်းအစုံတွင် အပြုံးတစ်ခု ဆင်ယင်ရင်း ခပ်ရွဲ့ရွဲ့ ထပ်လောင်းပြောကြားလိုက်သည်။

“ကျွန်မ လိုချင်တဲ့အရာကို ရသွားခဲ့ပြီလို့ပဲ ထင်ပါတယ်”

“ဘာလဲဆိုတာ ငါ မေးကြည့်လို့ ရမလား”

“အကျိုးအမြတ် လမ်းစတစ်ခုပေါ့”

ဖူက ပြုံးလိုက်ရင်း တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ သူ့ထံသို့ ကမ်းပေးလိုက်သည်။

“ကျွန်မကိုယ်ကျွန်မ တရားဝင် မိတ်ဆက်ပါရစေ။ ကျွန်မက ကောင်းချီးငါးဖြာ ကုန်သွယ်ရေးအဖွဲ့ကြီးက ဆုန်ဒိုင်ယု ပါ။ တကယ်လို့ရှင်သာ ကျွန်မတို့ရဲ့ ကုန်စည်ကူးသန်းရာ နယ်ပယ်တွေရှိတဲ့ အနီးအနားကို ရောက်လာခဲ့မယ်ဆိုရင် ဒီတံဆိပ်ပြားကို အသုံးပြုဖို့ လုံးဝတွေဝေမနေနဲ့နော် ”

ကောင်းချီးငါးဖြာ ကုန်သွယ်ရေးအဖွဲ့ကြီးမှ ဆုန်ဒိုင်ယု ဟုတ်လား... ဒါဆိုရင် အဲဒီအဓိပ္ပာယ်က…

ဆုန်မျိုးနွယ်စုပဲ…။

လျူကျင်းပင်လျှင် ၎င်းတို့၏အကြောင်းကို ကြားဖူးနားဝ ရှိသည်။ ပို၍ တိတိကျကျ ပြောရလျှင် အဘိုးအိုကျန်းက ကျင့်ကြံခြင်းလောကထဲ ခြေမချမီ မဖြစ်မနေ သိထားရန် သေချာပေါက် သင်ကြားပြသပေးခဲ့ဖူးခြင်း ဖြစ်သည်။ ကောင်းချီးငါးဖြာ ကုန်သွယ်ရေးအဖွဲ့ကြီး ဆိုသည်မှာ တစ်မိုးအောက် ကုန်းမြေတိုက်ကြီးတစ်ခုလုံးအနှံ့တွင် မဟာလေလံရုံပေါင်းများစွာကို စီမံခန့်ခွဲနေသည့် ထိပ်တန်း ကုန်သည်ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ၎င်းသည် အချို့သော သာမန်နိုင်ငံများထက်ပင် ပိုမိုချမ်းသာကြွယ်ဝသည်ဟု ဆိုကြ၏။ ထိုကုန်သွယ်ရေးအဖွဲ့ကြီး၏ အတွင်း၌မူ ဩဇာကြီးမားလှသော ထိပ်တန်း မျိုးနွယ်စုကြီး အများအပြား ရှိကြသည်။

ဆွန်မျိုးနွယ်စုကမူ ထိုအထဲက တစ်ခုပင် ဖြစ်တော့သည်။

“ငါ… ဒါက…” လျူကျင်းက အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း ခပ်ထစ်ထစ် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“အစကတော့ ကျွန်မအနေနဲ့ ယွန်းဂိုဏ်းနဲ့ ရှောင်ဂိုဏ်းတို့ရဲ့ နောင်အနာဂတ် ဂိုဏ်းချုပ်ဖြစ်လာမယ့် ပါရမီရှင်တွေနဲ့ စကားပြောခွင့်ရဖို့ မျှော်လင့်ခဲ့တာပါ” ဟု ဆုန်ဒိုင်ယုက နှုတ်ခမ်းစွန်းကို အသာအယာကွေးညွတ်ရင်း ဆို၏။

“ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက ကျွန်မအကြိုက်နဲ့ ယှဉ်ရင် စိတ်သဘောထားက နည်းနည်း သာမန်ဆန်လွန်းနေကြတယ်။ ကုန်သွယ်ဖက်ဆိုတာ အားကိုးယုံကြည်ထိုက်တဲ့သူ ဖြစ်ရမယ်လေ။ ရှင့်ကိုကြည့်ရတာတော့ အမြင်ကျယ်ပြီး ပိုပြီးတော့ အသိတရားရှိတဲ့ပုံပဲ။ ရှင်က ဂိုဏ်းချုပ် ရှောင်ကျန်းရဲ့ သမက်လည်း ဖြစ်နေတော့... ရှင့်ကို သိကျွမ်းထားမယ်ဆို နောင်တစ်ချိန်မှာ ကျွန်မအတွက် ကြီးမားတဲ့ လမ်းစတစ်ခု ဖြစ်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ရှောင်ဂိုဏ်းက ရှားပါး ဆေးဖက်ဝင်ပစ္စည်း အတော်များများကို ထိန်းချုပ်ထားတာမဟုတ်လား”

“ဒါဆို ဒီတံဆိပ်ပြားကကော”

လျူကျင်းက မေးခွန်းထုတ်စရာဖြစ်နေသည့် ထိုပစ္စည်းကို မြှောက်ပြရင်း ခပ်အေးအေး မေးလိုက်သည်။ ၎င်းမှာ ကောင်းချီးငါးဖြာ ကုန်သွယ်ရေးအဖွဲ့ကြီး၏ အမှတ်တံဆိပ်ကို ထုဆစ်ထားသည့် ရိုးရှင်းသော အနက်ရောင် စတုဂံပုံစံ တံဆိပ်ပြားတစ်ခုမျှသာ ဖြစ်သည်။ “ဒါက ကောင်းချီးငါးဖြာ ကုန်သွယ်ရေးအဖွဲ့ကြီးနဲ့ ဆက်စပ်နေတဲ့ ဘယ်လိုနေရာမျိုးမှာမဆို တကယ်ပဲ အသုံးဝင်မှာလား”

“ဒါပေါ့ရှင်။ ကျွန်မက ကတိတစ်ခုပေးရင် ဘယ်လောက်အထိ တန်ဖိုးထားလဲဆိုတာ ရှင့်ကို သက်သေပြချင်လို့ပါ” ဟု ဆုန်ဒိုင်ယုက တည်ငြိမ်ပြတ်သားသော မျက်နှာထားဖြင့် ဆို၏။

“ကဲ... ကျွန်မဆီကနေ အကူအညီတစ်ခုခု တောင်းကြည့်လေ။ အဲဒီအရာက ကျွန်မ စွမ်းဆောင်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိနေမယ်ဆိုရင်... ရှင် ဖြစ်ချင်တဲ့အတိုင်း ချက်ချင်း ဖြည့်ဆည်းပေးပါ့မယ်”

တန်ခိုးဩဇာကြီးမားလှသော ဆုန်မျိုးနွယ်စုဝင်တစ်ဦးထံမှ ရရှိမည့် ကတိကဝတ် အကူအညီတစ်ခုပေါ့။

လျူကျင်းအနေဖြင့် ထိုအချက်ကို နှစ်ကြိမ်တိုင်တိုင် စဉ်းစားနေရန် မလိုခဲ့ပေ။

“ဒါဆိုရင်တော့... ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ က တပည့်တွေဟာ ဝူဖူမြို့တော်မှာရှိတဲ့ ခင်ဗျားတို့ရဲ့ မဟာလေလံရုံဆီကို ရောက်လာကြလိမ့်မယ် ထင်တယ်။ တကယ်လို့ သူတို့ ရောက်လာခဲ့ရင်... သူတို့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးဖို့ သေချာအောင် လုပ်ပေးပါ”

ဆုန်ဒိုင်ယုက လျူကျင်းကို မချင့်မရဲဖြင့် စူးစိုက်ကြည့်လိုက်မိတော့သည်။

“… ဒါပဲလားရှင်။ ဆုန်မျိုးနွယ်စုရဲ့ သမီးပျိုတစ်ယောက်က ရှင့်ကို အကူအညီပေးဖို့ ကမ်းလှမ်းတာကို... ရှင်က အဲဒီလို အဆင့်မရှိတဲ့ အမှိုက်တွေအတွက်နဲ့ တန်ဖိုးရှိတဲ့ အခွင့်အရေးကို ဖြုန်းတီးပစ်လိုက်တာပေါ့ ဟုတ်လား”

သူမက ရယ်မောလိုက်သော်လည်း မျက်ဝန်းထဲ၌မူ အံ့ဩရိပ်များ ဖြတ်ပြေးသွား၏။

“ကျွန်တော်က ကုန်သည်တစ်ယောက် မဟုတ်လို့ပါဗျာ”

“ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင်တော့…” ဟု ဆုန်ဒိုင်ယုက နှုတ်ခမ်းစွန်းကို အသာအယာ ကွေးညွတ်ရင်း ဆိုလိုက်သည်။

“ရှင်ဟာ တကယ်ကို အမြော်အမြင်ရှိတဲ့သူတစ်ဦးလို့ ကျွန်မ ထင်ပါတယ်။ ရှင့်နဲ့အတူ အကျိုးအမြတ် လမ်းစတွေ လက်တွဲရှာဖွေခွင့်ရမယ့် အချိန်ကို ကျွန်မ မျှော်လင့်စောင့်စားနေပါ့မယ်”

သူမသည် ထိုစကားကိုသာ ချန်ထားရစ်ခဲ့ပြီး... ထပ်မံ၍ စကားအရှည်ကြီး မပြောလိုတော့သည့်ဟန်ဖြင့် ပြတ်ပြတ်သားသား လှည့်ထွက်သွားခဲ့တော့သည်။

ဤသည်မှာ လျူကျင်းနှင့် ဆုန်ဒိုင်ယုတို့ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် နောက်ဆုံးအကြိမ်တော့ လုံးဝ ဖြစ်လာလိမ့်မည်မဟုတ်ပေ။

All Chapters