← Chapters

အခန်း ၅၆

Vol. 7 Ch. 56

အခန်း ၅၆

Vol. 7 Ch. 56

အခန်း ၅၆။ ရှောင်ဖန်းနှင့် စကားဝိုင်း

ထိပ်သီး (၁၆) ယောက် ရွေးချယ်မှု အဆင့်သည်ကား အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲ၏ ပထမဦးဆုံးနေ့ရက် ကုန်ဆုံးသွားသည်နှင့်အမျှ ပွဲကြည့်စင်ထက်မှ ပရိသတ်အပေါင်းတို့သည်လည်း ကျေနပ်အားရရွှင်လန်းစွာဖြင့် တစ်ဖွဲဖွဲ စတင်ထွက်ခွာလာကြတော့သည်။ ၎င်းတို့သည် အိမ်အပြန်လမ်းတစ်လျှောက်လုံးတွင် ယနေ့ကျင်းပခဲ့သည့် ပွဲစဉ်များအကြောင်းကိုသာ တမြုံ့မြုံ့ ပြောဆိုလာကြပြီး အချို့ဆိုလျှင် စိတ်လှုပ်ရှားဖွယ်ရာ တိုက်ကွက်များကို ကြီးကြီးကျယ်ကျယ် လက်ဟန်ခြေဟန် အမူအရာမျိုးစုံဖြင့် ပြန်လည်သရုပ်ဖော်နေကြသေးသည်။ အမြော်အမြင်ရှိရှိဖြင့် လောင်းကြေးထပ်ခဲ့သူများကမူ ရရှိလာသော အနိုင်ကြေးများကို သိမ်းဆည်းကာ ပျော်ရွှင်စွာ အောင်ပွဲခံရန် သွားကြလေသည်။

သို့သော်လည်း အားလုံးသော လူတို့အကြားတွင် မနက်ဖြန်၌ ဆက်လက်ဆင်နွှဲရမည့် တိုက်ပွဲများအကြောင်းကသာ အဓိက ရေပန်းစားလျက်ရှိသည်။ မနက်ဖြန်အတွက် ပြိုင်ပွဲပွဲစဉ်ဇယားများကို တရားဝင် ထုတ်ပြန်ကြေညာပြီးပြီ ဖြစ်ရာ ပြိုင်ပွဲဝင်များသာမက ပွဲကြည့်ပရိသတ်အားလုံး၏ အာရုံကို တစ်ခဲနက် ဖမ်းစားထားသည့် အထူးဆန်းဆုံး ပွဲစဉ်တစ်ပွဲလည်း ရှိနေပေသည်။

လျူကျင်း နှင့် ယွန်းဟန်...။

ယွန်းဂိုဏ်း၏ သခင်လေးနှင့် ရှောင်ဂိုဏ်းချုပ်၏ သမက်တော်စပ်သူ...။ ဤပွဲစဉ်သည် ယွန်းဂိုဏ်းနှင့် ရှောင်ဂိုဏ်းမှ တပည့်များအကြား ယှဉ်ပြိုင်ကြမည့် သာမန်တိုက်ပွဲတစ်ခုမျှသာ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ အမှန်စင်စစ်အားဖြင့်မူ ၎င်းသည် အရှေ့ဘက်ဆိပ်ကမ်းမြို့တော်၏ ထိပ်သီးဂိုဏ်းကြီးနှစ်ခုအကြား အထင်ရှားဆုံးနှင့် အရှိန်အဝါအကြီးမားဆုံးသော ပဋိပက္ခတစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့်လည်း လူအပေါင်းတို့ ဤမျှအထိ စိတ်လှုပ်ရှား စောင့်မျှော်နေကြခြင်းမှာ ဆန်းကြယ်လှသည်တော့ မဟုတ်ချေ။

အထူးတလည် ကောက်ချက်ချနေစရာပင် မလိုလောက်အောင်ပင်၊ ယွန်းဟန် ရှုံးနိမ့်လိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ ထင်မှတ်မထားကြချေ။

ထိုသို့ဖြစ်ရခြင်းမှာ လူတို့က လျူကျင်းကို အားနည်းလှသည်ဟု အထင်သေးနေကြခြင်းကြောင့်တော့ မဟုတ်ပါ။ အမှန်အတိုင်းဆိုရလျှင် ပြိုင်ပွဲဦးစတွင်မူ ထိုကဲ့သို့သော အတွေးမျိုး ရှိခဲ့ကြသည်မှာ အမှန်ပင်။ အကြောင်းမူကား လျူကျင်းသည် ကျင့်စဉ်အဆင့်တစ်ခုတည်း၌ သုံးနှစ်တိုင်တိုင် တစ်ဆို့နေခဲ့သည့် "အတွင်းအားစုစည်းခြင်း ပထမအဆင့်" ဟူသော အမည်းစက်ကြီးကို ထမ်းပိုးထားရသူ ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ထိုအချက်မှာ လူအများအလွယ်တကူ လျစ်လျူရှုနိုင်မည့်အရာ မဟုတ်သလို၊ ပထမဦးဆုံးပွဲစဉ်၌ပင် ပြိုင်ဘက်က အရှုံးပေးသွားခဲ့ခြင်းကလည်း သူ့အတွက် မည်သည့်အသိအမှတ်ပြုမှုကိုမျှ ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း မရှိပေ။

သို့သော်လည်း နောက်ဆက်တွဲ ထွက်ပေါ်လာသော ပွဲစဉ်ရလဒ်များက လူအများ၏ အမြင်ကို ရုတ်ချည်း ပြောင်းလဲသွားစေခဲ့သည်။ ချွေထျန်းကို ယွန်းဟန်က မည်မျှအထိ လွယ်လွယ်ကူကူ အနိုင်ယူပြခဲ့သည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မှ လျူကျင်း အဘယ်ကြောင့် အစောတလျင် အရှုံးပေးခဲ့ရသည်ကို လူပေါင်းစုံတို့ သဘောပေါက် နားလည်သွားကြတော့သည်။ ထို့အပြင် လျူကျင်းကိုယ်တိုင်ကလည်း ဆိုင်ချင်း ကို သာသာယာယာဖြင့် အပြတ်အသတ် အနိုင်ယူပြလိုက်သည့် အခါတွင်မူ သူ၏ စစ်မှန်သော အစွမ်းအစကို လူတိုင်း ခြွင်းချက်မရှိ လက်ခံအသိအမှတ်ပြုခဲ့ကြရလေသည်။ ဖူ မိန်းကလေး နှင့် ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲတွင်လည်း ထိုနည်းအတိုင်းပင် လူအများ၏ အကောင်းမြင် ချီးကျူးထောပနာပြုခြင်းကို တစ်ခဲနက် ရရှိခဲ့ပြန်သည်။

သို့ရာတွင် ကံကြမ္မာ မျက်နှာသာမပေးသည်မှာကား... ယခု သူ ဆက်လက်ရင်ဆိုင်ရမည့် ပြိုင်ဘက်သည် ယွန်းဟန် ဖြစ်နေခြင်းပင်။

မှန်ပေသည်။ လူအပေါင်းတို့က လျူကျင်းကို အားနည်းလှသည်ဟု သတ်မှတ်နေကြခြင်း မဟုတ်ပါ။ ယွန်းဟန်၏ အစွမ်းသတ္တိမှာ မည်မျှအထိ မယုံကြည်နိုင်လောက်အောင် အဆမတန် သန်မာထက်မြက်လှသည်ကို သူတို့က ပိုမိုတွေးဆမိနေကြခြင်းသာ ဖြစ်သည်။ လျူကျင်းသည် မိမိထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများကို အောင်မြင်စွာ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည်မှာ မှန်သော်လည်း၊ ထိုသူများ၏ အရည်အချင်းမှာ ယွန်းဟန်နှင့်မူကား နှိုင်းယှဉ်ရန်ပင် မထိုက်တန်ချေ။ ယွန်းဂိုဏ်း၏ အနာဂတ်သခင်လေး ဖြစ်သည့်အလျောက် သူ၏ အစွမ်းသတ္တိမှာ ပြင်ပသို့ ပြသထားသော ကျင့်ကြံခြင်းအဆင့်ထက်ပင် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်း ထက်မြက်လှပေသည်။

၎င်းမှာ ချွေထျန်းကိုယ်တိုင် ခါးသီးလှစွာသော သင်ခန်းစာဖြင့် လက်ခံခဲ့ရသည့် ငြင်းပယ်၍မရသော အမှန်တရားတစ်ခုပင် ဖြစ်သည်။

ထို့ကြောင့်လည်း ပွဲကြည့်ပရိသတ်အပေါင်းက ယွန်းဟန်တစ်ယောက် သေချာပေါက် အနိုင်ရရှိလိမ့်မည်ဟု ကြိုတင်တွေးဆ ထင်မှတ်ထားကြခြင်းမှာ အလွန်ပင် သဘာဝကျလှပေတော့သည်။

အမှန်စင်စစ်အားဖြင့်မူ လျူကျင်းကိုယ်တိုင်ပင်လျှင် ဤပွဲစဉ်၌ မိမိအနေဖြင့် အောင်နိုင်ပါ့မလားဟူ၍ စိတ်မအေးနိုင် ဖြစ်နေရရှာသည်။

“အကိုလျူ... လာ..၊ ကျွန်မတို့ သွားပြီး အောင်ပွဲခံရအောင်လေ"

ဇူအန်၏ လှမ်းအော်လိုက်သော အသံကြောင့် လျူကျင်းတစ်ယောက် အတွေးကမ္ဘာထဲမှ ရုတ်ချည်း လန့်နိုးလာခဲ့ရသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုသို့ ဝင်ရောက်နှောင့်ယှက်ခြင်းခံရသည်ကို လျူကျင်းအနေဖြင့် စိတ်အနှောင့်အယှက်မဖြစ်ဘဲ ဝမ်းမြောက်ဝမ်းသာပင် လက်ခံမိလိုက်လေသည်။ ဇူအန်မှာ ပါးစပ်မစိနိုင်လောက်အောင်ပင် တပြုံးပြုံး ဖြစ်နေရှာရာ ထိုသို့ ဝမ်းသာလုံးဆို့နေခြင်းမှာလည်း ခိုင်လုံသော အကြောင်းပြချက် ရှိနေပေသည်။ အကြောင်းမူကား သူမကိုယ်တိုင် ပြိုင်ပွဲ၏ နောက်တစ်ဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ရုံသာမက၊ သူတို့၏ ရှောင်ဂိုဏ်း သည်လည်း ထိပ်သီး (၁၆) ယောက်စာရင်းတွင် နေရာပေါင်း (၇) နေရာအထိ အပြတ်အသတ် သိမ်းပိုက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ကျန်ရှိနေသော နေရာများအနက် (၆) နေရာကို ယွန်းဂိုဏ်းက ရရှိသွားခဲ့ပြီး၊ ကျန်ရှိသည့် (၃) နေရာကိုမူ အခြားအင်အားစုများမှ ထိပ်သီးတပည့်များက အသီးသီး ခွဲဝေယူခဲ့ကြသည်။

အချို့သောသူများက မနာလိုဝန်တိုစိတ်ဖြင့် ငြင်းပယ်ရန် ကြိုးစားကြသော်ငြားလည်း၊ ရှောင်ဂိုဏ်းသည် ပြိုင်ပွဲ၏ ပထမဦးဆုံးနေ့ရက်တွင် သေချာပေါက် သမိုင်းဝင်အောင်ပွဲဆင်နိုင်ခဲ့သည်မှာကား ငြင်းပယ်၍မရသော အမှန်တရားပင် ဖြစ်တော့သည်။

"ငါ လိုက်ရမလား၊ မလိုက်ရဘူးလား မသိသေးဘူး" ဟု လျူကျင်းက ပြောလိုက်သည်။ ယခုအချိန်တွင် သူအလိုချင်ဆုံးအရာမှာ သူ၏ဖခင်နှင့် စကားပြောဆိုပြီး ဖခင်ဖြစ်သူ၏ အတိတ်အကြောင်း ဇာတ်လမ်းအချို့ကို ထပ်မံမျှဝေပေးရန် တောင်းဆိုချင်နေခြင်း ဖြစ်သည်။

"ငါ့ယောက်ဖကလည်း... ဘာတွေ ကြောင်တောင်တောင် လုပ်နေတာလဲ။ ဒီညက အောင်ပွဲခံရမယ့်ညကြီးကို၊ ငါတို့နဲ့အတူတူ လိုက်ခဲ့စမ်းပါ" ဟု ရှောင်ဖန်းက လှမ်းပြောသည်။

"ဒါဆိုလဲကောင်းဘီလေ " ဟု လျူကျင်းက မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းရင်း ပြန်လည်ဖြေကြားလိုက်သည်။ "ငါ နဲနဲသတိလက်လွတ် ဖြစ်သွားလို့ပါ"

ယနေ့ညတွင် ရှောင်ဂိုဏ်းအနေဖြင့် ကောင်းမွန်သော ရလဒ်များ ရရှိခဲ့သောကြောင့် ၎င်းတို့ အောင်ပွဲခံချင်ကြသည်မှာ အလွန်ပင် သဘာဝကျလှသည်။ ထိုသို့သော အခါသမယမျိုးတွင် လျူကျင်းတစ်ယောက် မည်သို့ ပျက်ကွက်နေနိုင်ပါမည်နည်း။ ၎င်းမှာ လျူကျင်းကိုယ်တိုင် မကြာခဏ တွေးတောလေ့ရှိသည့်အရာ မဟုတ်သော်လည်း ယခုအခါတွင် သူသည် ရှောင်ဂိုဏ်းအတွင်း အရေးပါသော လူပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ၏ လုပ်ဆောင်ချက်များသည် ရှောင်ဂိုဏ်း၏ ဂုဏ်သိက္ခာအပေါ် သက်ရောက်မှု ရှိနေပေသည်။

" အဖေကို သွားပြောဖို့ ခဏလောက် အချိန်ပေးဦး ..၊ ငါ ဘယ်ရောက်နေလဲဆိုတာ အဖေ စိတ်ပူပြီး ရှာနေလောက်ပြီ"

"မလိုပါဘူး" ဟု ရှောင်ဖန်းက ပြောလိုက်သည်။ သူသည် ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော တပည့်နှစ်ဦးကို လှမ်းကြည့်ကာ အမိန့်ပေးလိုက်သည်။

"မင်းတို့နှစ်ယောက် သမားတော်လျူဆီ အခုသွားစမ်း။ လျူကျင်း ငါတို့နဲ့အတူ အောင်ပွဲခံဖို့ လိုက်လာမယ်လို့ သွားပြောလိုက်။ ပြီးတော့ သမားတော်လျူ ဘာပဲအကူအညီလိုလို မင်းတို့ကောင်တွေ အစွမ်းကုန် ကူညီပေးရမယ်"

ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ရှောင်ဖန်းက မျက်မှောင်ကုတ်လျက်—

"တကယ်လို့ သူပါ ငါတို့နဲ့အတူ လိုက်ချင်တယ်ဆိုရင်လည်း လိုက်ခဲ့လို့ရတယ်လို့ ပြောလိုက်" ဟု ထပ်လောင်းပြောဆိုသည်။

လျူကျင်း တစ်ချက် မျက်တောင်ခတ်လိုက်သည်။

ပထမတစ်ကြိမ်...

ဒုတိယတစ်ကြိမ်...

တတိယတစ်ကြိမ်...

ရှောင်ဖန်း စကားစပြောကတည်းက လျူကျင်းအနေဖြင့် သူသည် မိမိကို စိတ်အနှောင့်အယှက်ပေးချင်၍ ပြောနေခြင်းလား သို့မဟုတ် မကျွမ်းကျင်သော လက်ဟန်ခြေဟန်ဖြင့် ဝိုင်းကူညီပေးရန် ကြိုးစားနေခြင်းလားဆိုသည်ကို မသေချာခဲ့ချေ။ ယခုလည်း... သူ ကောက်ချက်ချရန် မသေချာသေး ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ စောနကမှထွက်ပေါ်လာသော စကားလုံးများသည် လွန်ခဲ့သော အပတ်အနည်းငယ်ခန့်ကဆိုလျှင် ရှောင်ဖန်း၏ နှုတ်မှ မည်သည့်နည်းနှင့်မျှ ထွက်လာမည့် စကားမျိုး မဟုတ်ခဲ့ပေ။

"ကျွန်တော်တို့... နှစ်ယောက်တည်းပဲသွား‌ ပြောရမှာလား သခင်လေး"

" အေးလေ မင်းတို့ ရှုံးခဲ့လို့ပေါ့ကွ"

ရှောင်ဖန်းက မေးခွန်းထုတ်လာသည့် အူကြောင်ကြောင်တပည့်ကို ကြည့်ကာ စိတ်ပျက်လက်ပျက် ငေါက်ငမ်းလိုက်သည်။

"ပြီးတော့... ဟို့ထောင် လိုမျိုး 'ယွန်းဟန်' လက်ထဲမှာ ရှုံးခဲ့ရတာပါဆိုပြီး မင်းတို့ ဆင်ခြေပေးလို့တောင် မရဘူး"

ထိုစကားကြောင့် ထိုတပည့်များ၏ မျက်နှာတွင် စိတ်ပျက်အားလျော့မှုနှင့် နောင်တရိပ်များ အထိုင်းအမှိုင်း ဖြတ်ပြေးသွားသည်။ သို့သော်လည်း သူတို့သည် မည်သည့်ငြင်းဆန်မှုမျှမပြုဘဲ ရရှိလာမည့် ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီးသာ လက်ခံလိုက်ကြလေသည်။

"ကဲ... "

ရှောင်ဖန်းက လက်နှစ်ဖက်ကို တဖြောင်းဖြောင်း ရိုက်လိုက်ရင်း— "သွားကြစို့" ဟု အမိန့်ပေးလိုက်တော့သည်။

လျူကျင်းကို အံ့အားသင့်စေသည်မှာ သူတို့သည် ရှောင်ဂိုဏ်းအိမ်တော်သို့ တန်းမသွားဘဲ မြို့ထဲရှိ နာမည်ကြီး စားသောက်ဆိုင်ကြီးတစ်ခုထံ ဦးတည်လိုက်ခြင်းပင်။

ထိုနေရာရှိ ဟင်းတစ်ပွဲ၏ ဈေးနှုန်းမှာ သာမန်လူတစ်ဦး၏ တစ်လစာဝင်ငွေထက်ပင် ပိုမိုကြီးမြင့်လှသည်။ သာမန်လူများဆိုပါက လပေါင်းများစွာ ကြိုတင်စာရင်းသွင်း ရမည် ဖြစ်သော်လည်း ရှောင်ဂိုဏ်းအတွက်မူ ထိုသို့မဟုတ်ချေ။ သူတို့ရောက်ရှိလာသည်နှင့် သီးသန့်အခန်းတစ်ခန်းကို ချက်ချင်းပင် စီစဉ်ပေးခဲ့ပြီး အစေခံများက အကောင်းတကာ့အကောင်းဆုံး အစားအစာများနှင့် အရက်များကို အပြိုင်အဆိုင် လာရောက်ချပေးကြသည်။ အချို့ကမူ ဘေးမှနေ၍ တူရိယာများ တီးခတ်ဖျော်ဖြေပေးကြသေး၏။

ပြန်လည်စဉ်းစားကြည့်လျှင် လျူကျင်းအနေဖြင့် ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားသင့်သည်။

အမှန်စင်စစ် ရှောင်ဂိုဏ်းအတွက် ဤကဲ့သို့သော နေရာမျိုးမှာ အားကျစရာမဟုတ်သော်လည်း မိမိအိမ်တွင်း၌သာ တိတ်တဆိတ်အောင်ပွဲခံနေလျှင် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။ သူတို့သည် ဇိမ်ခံရန် လာခဲ့ကြခြင်းဖြစ်သလို ထို့ထက်ပို၍ အရေးကြီးသည်မှာ မိမိတို့ ဇိမ်ခံနေသည်ကို အများသူငါ မြင်တွေ့စေချင်ခြင်း ဖြစ်သည်။ များစွာသောအရာများကဲ့သို့ပင် အရာအားလုံးသည် 'အပေါ်ယံအသွင်အပြင်' ပေါ်တွင်သာ မူတည်နေသည်။ ရှောင်ဂိုဏ်းသည် ဤကဲ့သို့ အသုံးအဖြန်းကြီးမှုကို ပြသနေရမည်ဖြစ်ပြီး သို့မှသာ လူအများက သူတို့ မည်မျှအထိ ချမ်းသာကြွယ်ဝပြီး အောင်မြင်နေသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။

၎င်းမှာ လောက၏ သဘာဝတရားတစ်ခုပင် ဖြစ်တောသည်။

"အဲဒါနဲ့ ငါက ‘ဒီအဖေကြီးကို ဒူးထောက်စမ်း’ လို့ အော်ပစ်လိုက်တာပေါ့ကွ"

"အေးပါ... ငါတို့ သိပါတယ်။ ငါတို့လည်း အဲဒီမှာ ရှိနေတာပဲဟာကို။ အကုန်လုံး မြင်လိုက်ကြတာပဲ"

"ဟားဟား မနာလိုဖြစ်နေတာ ကြည့်ရဆိုးလိုက်တာကွာ။ ပွဲကြည့်ပရိသတ်တွေက နင့်ကို ငါ့လောက် အားမပေးတာ ငါ့အပြစ်လား။အဟက် ငါ့ပွဲက ပိုကြည့်ကောင်းလို့ပေါ့"

"ကြည့်ကောင်းတယ် ဟုတ်လား... အင်းလေ၊ ဟုတ်မှာပေါ့" ဇူအန်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"ပြိုင်ဘက်ကို အကြာကြီး အချိန်ဆွဲကစားပြီးမှ သေလုမျောပါး ဖြစ်လုနီးပါး အူကြောင်ကြောင်နိုင်သွားတဲ့ ပုံစံကတော့ အချို့လူတွေအတွက် ကြည့်ကောင်းရင် ကောင်းမှာပေါ့။ လူတွေက တိရစ္ဆာန်အသိလောက်ပဲရှိတဲ့ ငတုံး တွေ ကို ကြည့်ရတာ သဘောကျကြတာကိုး"

"နင်... နင် အပြောရဲလှချည်လား"

ရုတ်တရက်..။

" မင်း အရက်မသောက်ဘူးလား၊ ဘာလဲ... မင်းအကြိုက်နဲ့ မတွေ့လို့လား"

ရှောင်ဖန်း ရုတ်တရက် သူ့အနားသို့ကပ်လာကာ ပြောလိုက်သော စကားကြောင့် လျူကျင်း ကြောင်သွားသည် ။သူ ဇူအန်နှင့် နှာခေါင်းကြီး လီ တို့၏ အငြင်းပွားမှုအပေါ် အာရုံရောက်နေ ခြင်းဖြစ်သည်။ သူ သတိထားမိလိုက်ချိန်တွင် ရှောင်ဖန်းသည် သူ၏ ဘေးနားတွင် ဘယ်အချိန်ကတည်းက ရောက်၍ ဝင်ထိုင်နေမှန်းပင် မသိလိုက်ချေ။

"သောက်လည်း ထူးမှာမဟုတ်လို့ လေ" ဟု လျူကျင်းက သူ၏ ပြည့်လျှံနေဆဲဖြစ်သော အရက်ခွက်ကို မြှောက်ပြရင်း ပြောလိုက်သည်။

"ငါက သောက်လည်း မူးတာမှမဟုတ်တာ"

"အချို့လူတွေက မူးချင်လို့ မဟုတ်ဘဲ အရသာခံချင်ရုံသက်သက်နဲ့ သောက်ကြတာလည်း ရှိတာပဲ" ရှောင်ဖန်းက ဆိုသည်။

"တကယ်လား..." လျူကျင်းက မေးလိုက်သည်။

"စိတ်ဝင်စားစရာပဲ။ ဒါနဲ့... သူတို့တွေ ဒီလိုဖြစ်နေတာ တကယ်ပဲ အဆင်ပြေရဲ့လား"

'သူတို့တွေ' ဟု သူဆိုလိုသည်မှာ အခန်းထဲရှိ အခြားသော တပည့်အားလုံးကို ဖြစ်သည်။ ၎င်းတို့၏ မျက်နှာများသည် အရက်ရှိန်ကြောင့် နီရဲတွတ်နေကြပြီး အားလုံးက နှာခေါင်းကြီး လီ နှင့် ဇူအန်တို့၏ အငြင်းပွားမှုကိုသာ အာရုံစိုက်နေကြကာ တစ်ယောက်တစ်ပေါက်နှင့် ဘက်လိုက်အော်ဟစ်နေကြပြီ ဖြစ်သည်။

"ဘာမှ ပြဿနာမရှိပါဘူး" ဟု ရှောင်ဖန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"သူတို့တွေ အခုလို အူကြောင်ကြောင် လုပ်နေကြတာ မှန်ပေမဲ့ အရက်က သူတို့အပေါ်မှာ ရေရှည်ဆိုးကျိုး သက်ရောက်မှာမှ မဟုတ်တာ"

အကြောင်းမူကား ၎င်းတို့အားလုံးသည် 'နာမ်ဝိညာဥ်သန္ဓေတည်အဆင့်' သို့ ရောက်ရှိနေကြပြီ ဖြစ်သောကြောင့်ပင်။ ရှောင်ဂိုဏ်း၏ ကိုယ်စားပြုအဖွဲ့ထဲတွင် လျူကျင်းတစ်ဦးတည်းသာလျှင် 'အတွင်းအားစုစည်းခြင်းအဆင့်' ၌ ရှိနေသေးသူ ဖြစ်သည်။

"မင်း ပွဲထွက်အရှုံးပေးလိုက်လည်း ရပါတယ်" ရှောင်ဖန်းက သူ မမျှော်လင့်သောစကားကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ဟင်..”

လျူကျင်း၏ လက်ထဲမှ အရက်ခွက်သည် အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ ရှောင်ဖန်း၏ စကားများသည် သူ၏ စိတ်ထဲမှ အတွေးများကို ထင်ဟပ်နေစေကာမူ ၎င်းမှာ လျူကျင်း ကြိုတင်မျှော်လင့်ထားသည့် စကားမျိုး လုံးဝမဟုတ်ပေ။ အထူးသဖြင့် ရှောင်ဖန်းကဲ့သို့သော လူတစ်ဦးထံမှ ဤကိစ္စကို ယခုကဲ့သို့ ဒဲ့တိုးကြီး စပြောလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့သလို၊ သူ့ကို အရှုံးပေးရန် တိုက်တွန်းလိမ့်မည်ဟု ပို၍ပင် မတွေးရဲခဲ့ချေ။

"စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမဲ့ ဒါက အရှုံးပေးလိုက်လို့ အရှက်ရစရာမရှိတဲ့ အခြေအနေမျိုးပဲကွ" ဟုရှောင်ဖန်းက ဆက်ပြောသည်။

"ကျန်တဲ့လူတွေအားလုံးကလည်း မင်းကို အဲဒီလိုပဲ လုပ်လိမ့်မယ်လို့ မျှော်လင့်ထားကြတာ ငါသေချာပေါက် သိတယ်"

ရှောင်ဖန်း ပြောတာ မှန်ကောင်းမှန်လိမ့်မည်ဟု လျူကျင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့်လည်း ဇူအန်က မနက်ဖြန်ပွဲစဉ်အတွက် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ပုံမပြဘဲ အေးဆေးဖြစ်နေခြင်းပင်။ ယွန်းဟန်နှင့် လျူကျင်း၏ ပြိုင်ပွဲအား ဇူအန် စိုးရိမ်မနေရခြင်းမှာ သူ ထိုပွဲကို အရှုံးပေးလိမ့်မည်ဟု ကြိုတင်တွေးထား၍ ဖြစ်နိုင်သည်။ ထို့ကြောင့်လည်း ယခုအချိန်တွင် လူတိုင်း လွတ်လွတ်လပ်လပ် ရယ်မောပျော်ပါးနိုင်နေကြခြင်း ဖြစ်သည်။ သူတို့ တကယ်ကို စိုးရိမ်စရာမလိုဟု တွေးထားကြပုံရသည်။

"မင်း ဒီလောက်အထိ နားလည်ပေးနိုင်လိမ့်မယ်လို့ ငါမထင်ထားမိဘူး၊ ယောက်ဖ" လျူကျင်းက ဆိုသည်။

ရှောင်ဖန်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း—

"ယွန်းဟန်က အန္တရာယ်များတယ်ကွ။ မင်းက သာမန်အတွင်းစည်းတပည့်တစ်ယောက်ဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ မင်းက ငါ့ယောက်ဖ ဖြစ်နေတယ်လေ။ တကယ်လို့ သူ့ကို မင်းအပေါ် ထိခိုက်နာကျင်အောင်လုပ်ဖို့ အကွက်ပေးလိုက်ရင် သူကတော့ အဲဒီအခွင့်အရေးကို သေချာပေါက် အမိအရ ဆုပ်ကိုင်မှာပဲ" ဟု ဆိုသည်။

အဓိက မှာ ထိုအချက်ပင် ဖြစ်သည်။

အမှန်စင်စစ် သူသည် ရှောင်ဖန်းနှင့် အစမ်းလေ့ကျင့်တိုက်ခိုက်စဉ်က အနိုင်ရခဲ့သည်ဟု ပြောနိုင်သော်လည်း ထိုအခြေအနေနှစ်ခုကို နှိုင်းယှဉ်ဖို့ တွေးခြင်းက အလွန်ပင် မိုက်မဲရာကျပေလိမ့်မည်။ အစကတည်းက ရှောင်ဖန်းသည် သူ့ကို အတည်ပေါက် တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ချေ။ ရှောင်ဖန်းသည် အမြင်ကပ်ကပ်ဖြင့် ဆုံးမလိုသော်လည်းလျူကျင်းကို အပြင်းအထန် ထိခိုက်နာကျင်စေရန် ရည်ရွယ်ချက်ဖြင့် ထိုအစမ်းတိုက်ပွဲလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။

သို့သော် ယွန်းဟန်မှာမူ ထိုသို့ ဖြစ်လိမ့်မည်မဟုတ်။ အကယ်၍ လျူကျင်းအနေဖြင့် သူနှင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့မည်ဆိုပါက သူ့ထက် အင်အားချင်း မိုးနဲ့မြေလို ကွာခြားရုံသာမက အစိပ်စိပ်အမွှာမွှာဖြစ်အောင် နှိပ်စက်ဖို့ ဝန်မလေးမည့်သူတစ်ဦးကို ရင်ဆိုင်ရမည် ဖြစ်သည်။

ထို့အပြင် ယွန်းဟန်သည် လျူကျင်း တိုက်ခိုက်ပုံတိုက်နည်းကိုလည်း မြင်တွေ့ စောင့်ကြည့်ထားပြီးဖြစ်သည်။ သူသည် အခြားပြိုင်ဘက်များကဲ့သို့ လျင်လျင်မြန်မြန်နှင့် လူမိုက်ကွက်ဝင်ကာ အလစ်အငိုက်အမိခံမည့် လူစားမျိုး မဟုတ်ပေ။

"ငါ မင်းကို အခုပဲ အပြတ်ပြောလိုက်မယ်။ ငါနဲ့တိုက်တုန်းက ကံကောင်းခဲ့တာလေးကို အောက်မေ့ပြီး မင်း အတွေးမလွဲနဲ့၊ တကယ်လို့ မင်း ယွန်းဟန်နဲ့ တိုက်ရင် သေချာပေါက် ရှုံးလိမ့်မယ်။ အံ့ဖွယ်ဖြစ်ရပ်ဆိုတာ နှစ်ခါပြန် ဖြစ်မလာဘူးကွ။ တကယ်လို့ ငါတို့နှစ်ယောက် အခုချက်ချင်း ပြန်တိုက်မယ်ဆိုရင်တောင် မင်း ငါ့ကို ရှုံးမှာပဲ"

လျူကျင်း တစ်ချက် ညည်းတွားလိုက်ရင်း—

"အဲဒါတော့ မှန်ပါတယ် လေ" ဟု ဝန်ခံလိုက်သည်။

"ပီးရောလေ၊ မင်းဆီက အဲဒီစကားကိုပဲ ကြားချင်တာ"

လျူကျင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း ဘာမှပြန်မပြောတော့ပေ။ အမှန်အတိုင်းပြောရလျှင် သူ ယွန်းဟန်နှင့် တိုက်ခိုက်ရမည့် အကြောင်းရင်းလည်း မရှိချေ။ အစကတည်းက သူ၏ပန်းတိုင်မှာ ဤပြိုင်ပွဲတွင် ဗိုလ်စွဲရန် မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။

လျူကျင်းအတွက်မူ သူ၏ 'အရှေ့ဘက်ဆိပ်ကမ်းမြို့တော်ပြိုင်ပွဲ' သည် အောင်မြင်မှုတစ်ခု ရရှိခဲ့ပြီးသား ဖြစ်သည်။ သူသည် ထိပ်သီး ၁၆ ယောက်စာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ရုံသာမက 'ဆုန်ဒိုင်ယု' နှင့်ပင် ဆုံတွေ့ခွင့်ရခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယွန်းဟန်နှင့် တိုက်ခိုက်ပြီး သူ့ကိုယ်သူ အန္တရာယ်ဇုန်ထဲအထိ တွန်းပို့ရန် မလိုအပ်တော့ချေ။

"မင်း မျက်နှာသေကြီးနဲ့ ဒီလိုပဲ ဆက်ထိုင်နေရင် မင်း ဘာတွေးနေလဲဆိုတာ ငါ လုံးဝခန့်မှန်းလို့မရဘူး" ဟု ရှောင်ဖန်းက စိတ်ပျက်လက်ပျက် အသံဖြင့် ပြောသည်။ "ဒါပေမဲ့ ငါသေချာပေါက် သိတာတစ်ခုကတော့... မင်းတွေးနေတာ ကောင်းတဲ့အရာတော့ ဖြစ်ဖို့မလွယ်ဘူး ဆိုတာပဲ"

"မဟုတ်ဖူးကွ... မင်းက ဒီနေ့ကျမှ ပုံမှန်နဲ့မတူဘဲ ငါ့အပေါ် ထူးထူးခြားခြား ရင်းရင်းနှီးနှီး ဆက်ဆံနေတယ်လို့ တွေးမိသွားလို့ပါ" လျူကျင်းက ဗြောင်ကျကျပင် ဆိုလိုက်သည်။

" အော် ဒါလား၊ ငါတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်တာက ရှောင်ဂိုဏ်းအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ငါ့ကို အတန်တန် မှာထားကြလို့ပဲ။ ဒါကြောင့် ငါ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ဘေးဖယ်ထားပြီး မင်းနဲ့ အဆင်ပြေအောင် ကြိုးစားပေးနေတာ"

"ဪ... အေးပါ"

"အဲဒါက ပြဿနာရှိလို့လား။ ဒါမှမဟုတ် မင်းက ငါ့ဆီကနေ ဘာ စကားတွေ ကြားရမယ်လို့ မျှော်လင့်နေတာလဲ"

"မဟုတ်ပါဘူး" လျူကျင်းက ပြန်ပြောလိုက်သည်။ အမှန်တော့ ထိုသို့ပြောခြင်းက ရှောင်ဖန်း၏ ရုတ်တရက် ပြောင်းလဲသွားသော သဘောထားကို လက်ခံရန် ပို၍ပင် လွယ်ကူစေသည်။

"ဘာပြောပြော မင်း ဒီလိုပြောတာ ငါကျေးဇူးတင်ပါတယ်"

"ဒါနဲ့... မင်း တကယ်ပဲ တွေးနေတာလား"

"ဟင် ဘာကိုလဲ"

"ယွန်းဟန်နဲ့ တိုက်မယ့်အကြောင်းလေ"

ထိုစကားကြောင့် လျူကျင်း သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်မိသည်။

"မင်းရဲ့ယောက်ဖတစ်ယောက်အနေနဲ့ ... မင်း သေလုမျောပါး အရိုက်ခံချင်တယ်ဆိုရင် ငါကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ ရိုက်ပေးပါ့မယ်။ ယွန်းဟန်ဆီအထိ သွားပြီး အလုပ်ရှုပ်ခံနေစရာမလိုဘူးဟ"

လျူကျင်းကမူ ထိုပြက်လုံးကို လျစ်လျူရှုလိုက်သည်။ အနည်းဆုံးတော့... ၎င်းမှာ ပြက်လုံးတစ်ခုပဲ ဖြစ်ပါစေဟု သူ မျှော်လင့်မိသည်။

"အေးလေ မင်းပြောတာ မှန်ပါတယ်"

"ငါက အရာတော်တော်များများမှာ မှန်တတ်တာပဲ ယောက်ဖရဲ့။ မင်းပဲ နားလည်လွယ်အောင် ရှင်းရှင်းလင်းလင်း တွေးတတ်ဖို့ပဲ လိုတာ"

"အဲဒါတွေ ထားဦး ၊ငါတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတခုရှိတယ် ..အဲဒါ"

လျူကျင်းက ပြောရင်း ခေတ္တမျှ ရပ်တန့်သွားသည်။ စိတ်ထဲတွင် တစ်စုံတစ်ခုကို ဝေခွဲမရ ဖြစ်နေပြီးမှ ရှောင်ဖန်းဘက်သို့ လှည့်ကြည့်လိုက်ကာ—

"အစ်ကိုကြီး ရှောင်နန် မသွားခင်တုန်းက ငါ့ကို တာဝန်တစ်ခု ပေးခဲ့တယ်"နောက်တစ်နေ့တွင် လျူကျင်း ပြိုင်ပွဲကွင်းအတွင်းသို့ လှမ်းဝင်လာခဲ့သည်။ ပွဲကြည့်ပရိသတ်များက ထုံးစံအတိုင်း အုန်းအုန်းကျွက်ကျွက် အားပေးအော်ဟစ်ကြပြီး ထိုအားပေးသံများသည် ယွန်းဟန်အတွက် ဖြစ်သည်မှာ အထင်အရှားပင်။ ၎င်းတို့ထဲက အချို့ဆိုလျှင် လျူကျင်းတစ်ယောက် သေချာပေါက် ပွဲထွက်အရှုံးပေးလိမ့်မည်ဟုပင် ထင်ကြေးပေးနေကြသည်။

ယွန်းဂိုဏ်းက ယွန်းဟန်နဲ့ ရှောင်ဂိုဏ်းက လျူကျင်း"

ဒိုင်လူကြီးက ၎င်းတို့၏ အမည်များကို ကြေညာလိုက်ပြီး လျူကျင်းက အရှုံးပေးသည့်အနေဖြင့် လက်မြှောက်ပြလာမည့်အချိန်ကို စောင့်ဆိုင်းနေမိသည်။ ထိုသို့ စောင့်ဆိုင်းနေသည်မှာ သူတစ်ဦးတည်း မဟုတ်ချေ။ ပွဲကြည့်ပရိသတ်များ၊ ပြိုင်ပွဲဝင်များနှင့် သူ၏ ကိုယ်ပိုင်ဂိုဏ်းသားများကပင် လျူကျင်း၏ နှုတ်မှ အရှုံးပေးစကား ထွက်ပေါ်လာမည့်အလှည့်ကို ငံ့လင့်နေကြသည်။

သို့သော်လည်း... မည်သည့်စကားမျှ ထွက်ပေါ်မလာခဲ့။

တိတ်ဆိတ်မှုက ကာလအတန်ကြာအောင် ဆွဲဆန့်သွားပြီး ဒိုင်လူကြီး၏ နဖူးမှ စိုးရိမ်စိတ်ကြောင့် ချွေးစေးများပင် စီးကျလာသည်။ ယွန်းဟန်၏ မျက်လုံးများသည် အံ့အားသင့်မှုကြောင့် တစ်ချက် မျက်တောင်ခတ်သွားပြီးနောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ စက္ကန့်တိုင်း ကုန်ဆုံးသွားသည်နှင့်အမျှ ပွဲကြည့်ပရိသတ်များ၏ ရင်ခုန်စိတ်လှုပ်ရှားမှုမှာ ပိုမိုမြင့်တက်လာပြီး ထိုမျှော်လင့်ချက်အားလုံးသည် ဒိုင်လူကြီး၏ မြှောက်ထားသော လက်မောင်းပေါ်သို့ ဖိစီးကျရောက်လာရာ ၎င်းလက်မောင်းမှာ ဆက်လက်တောင့်ခံထားနိုင်ခြင်း မရှိတော့ဘဲ—

မြှောက်ထားသောလက်က ဖြတ်ခနဲ ကျလာသည်။

"စတိုက်ကြ"

All Chapters