အခန်း ၅၇
Vol. 7 Ch. 57
အခန်း ၅၇။ ဂုဏ်သိက္ခာနှင့် မာန်မာန
ဤအဖြစ်အပျက်မှာ တိုက်ပွဲမစတင်မီ ညက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
"ယွန်းဟန်က အရင် စတိုက်မယ့်ကောင် မဟုတ်ဘူး" ဟု ရှောင်ဖန်းက သူ့ကို ပြောသည်။ ရှောင်ဂိုဏ်း၏ အမွေခံဖြစ်သူသည် သူ့ကို ကြည့်မနေဘဲ သူတို့၏ ကိုယ်စားလှယ်အဖွဲ့မှ အခြားအဖွဲ့ဝင်များဆီသို့သာ မျက်စိကစားထားသည်။ င်
ဇူအန်သည် နှာခေါင်းကြီးလီ၏ လည်ပင်းကို ညှပ်ချုပ်ထားပြီး ကျန်တပည့်များက သူမကို ဝိုင်းဝန်းအားပေးနေကြသည်။ ရှောင်ဖန်း၏ ပုံစံမှာ အေးအေးဆေးဆေး ရှိနေပုံရသော်လည်း သူ၏ အသံမှာမူ လုံးဝသေချာရေရာမှု ရှိနေသည်။
"ဟုတ်လို့လား..." လျူကျင်းက ခေါင်းကို တစ်စောင်းစောင်းလျက်...
"မင်းပဲ စောစောက... အဲဒီကောင်က ငါ့ကို နှိပ်စက်ဖို့ အကွက်ရရင် ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား"
ရှောင်ဖန်းက မျက်လုံးများကို မှိတ်ကာ သက်ပြင်းချလိုက်ရင်း
"မင်းကတော့လေ... မင်းရဲ့ အဆင့်အတန်းကို အမြဲတမ်း အလွယ်တကူ မေ့မေ့သွားတတ်လွန်းတယ် ယောက်ဖရာ" ဟု ဆိုသည်။
လျူကျင်း ထိုစကားကို ဘာမှပြန်မပြောနိုင်ခဲ့ချေ။ အမှန်တော့လည်း ရှောင်ဖန်း ပြောသည်မှာ မမှားပေ။ အမှန်အတိုင်းပြောရလျှင် သူသည် မိမိ၏ အဆင့်အတန်းကို အလွယ်တကူ မေ့လျော့နေတတ်သည်ဆိုခြင်းထက် တစ်ခါတရံမှသာ သတိရတတ်သည်ဟု ဆိုပါက ပို၍ တိကျပေလိမ့်မည်။
"ယွန်းဟန်က မင်းထက် အသက်လည်းကြီးသလို ပိုလည်း သန်မာတယ်လေ။ တကယ်လို့ အဲဒီကောင်က ပွဲစတာနဲ့ အစွမ်းကုန် ဝင်ချတိုက်မယ်ဆိုရင် သူ့ရည်ရွယ်ချက်က အထင်အရှားကြီး ဖြစ်သွားလိမ့်မယ်။ မင်းကို ပုဂ္ဂိုလ်ရေးအရ အဲဒီလို ပေါ်ပေါ်ထင်ထင် လာတိုက်တာမျိုးကို ငါတို့ ရှောင်ဂိုဏ်းက ဘယ်လိုမှ ငြိမ်ခံနေမှာ မဟုတ်ဘူး။ ငါတို့ဘက်က ပြန်ကလဲ့စားချေဖို့ အကွက်အကွင်း ဖြစ်သွားလိမ့်မယ်၊ အဲဒီကျရင် ယွန်းဂိုဏ်းကလည်း ငါတို့ကို ဘာမှ လာတားလို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ယွန်းဟန်အနေနဲ့ မင်းကို သူ့သဘောအတိုင်း အလွယ်တကူ ဖယ်ရှားပစ်လို့ မရနိုင်ဘူး"
လျူကျင်းသည် ရှောင်ဖန်း၏ စကားများကို သေချာစွာ တွေးတောဆင်ခြင်ကြည့်ရာ ကျိုးကြောင်းဆီလျော်ကြောင်း တွေ့ရှိရသည်။ အကယ်၍ ယွန်းဟန်သည် ပွဲစကတည်းက သူ၏ အစွမ်းအစအပြည့်ကို အသုံးပြုမည်ဆိုပါက လျူကျင်းကို အလွယ်တကူ ချေမှုန်းနိုင်မည် ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက ယွန်းဟန်အတွက် အကောင်းဆုံးရွေးချယ်မှု မဟုတ်ပေ။ ၎င်းတို့နှစ်ဦးအကြား ကျင့်ကြံခြင်းအဆင့် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသဖြင့် ယွန်းဟန်အနေဖြင့် ထိုကဲ့သို့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ပြီး အလွယ်တကူ လက်ရှောင်သွားနိုင်မည် မဟုတ်ချေ။
"မင်း ယွန်းဟန်နဲ့ ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ က ကောင်နဲ့ တိုက်တဲ့ပွဲကို မှတ်မိသေးလား" ဟု ရှောင်ဖန်းက မေးလိုက်သည်။
ထိုတိုက်ပွဲက လျူကျင်းအပေါ် မည်မျှအထိ သက်ရောက်မှုရှိခဲ့သည်ကိုမူ ရှောင်ဖန်း မသိရှိချေ။
"ယွန်းဟန်က အဲဒီတုန်းက ကစားနေခဲ့တာလည်း ဖြစ်နိုင်ပေမဲ့၊ မနက်ဖြန်ပွဲအတွက် သူ့ဗျူဟာကလည်း အဲဒီအတိုင်းပဲ ဖြစ်ဖို့များတယ်။ သူက မင်းဘက်ကနေ သူ့ကို အတင်းဖိအားပေးပြီး ပြန်တိုက်လာတဲ့အထိ စောင့်နေလိမ့်မယ်။ ပြီးတော့မှ ဘာညှာတာမှုမှမရှိဘဲ အသေချမှာကွ"
ရှောင်ဖန်းက မကျေနပ်သော မျက်နှာထားဖြင့်...
"အဲဒီလို ဖြစ်ပြီးသွားရင် သူက 'သူ့အစွမ်းက ငါ့ကို အံ့အားသင့်သွားစေလို့ အရှိန်မသတ်မိလိုက်တာ' ဒါမှမဟုတ် 'ဟာ စိတ်မကောင်းဘူးကွာ ၊ တိုက်နေတုန်း အရှိန်တက်သွားလို့ အစွမ်းကို မထိန်းနိုင်လိုက်ဘူး' ဆိုပြီး တစ်မျိုးမျိုး ဆင်ခြေပေးလိမ့်မယ်"
တစ်နည်းအားဖြင့်ဆိုသော် ယွန်းဟန်သည် ဖြစ်ပျက်သမျှ အရာအားလုံးကို မတော်တဆမှုတစ်ခုအဖြစ် ဟန်ဆောင်ဖန်တီးရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ယွန်းဂိုဏ်းအနေဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ရင်ဆိုင်ရမည်မှာ သေချာသော်လည်း ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခြင်းလောက် ဆိုးရွားလိမ့်မည် မမဟုတ်ပေ။ အဆိုးရွားဆုံး အခြေအနေတွင်ပင် ယွန်းဂိုဏ်းဘက်က ဤအပြစ်သည် လျူကျင်းအပေါ်တွင်သာ ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူ၏အလှည့်တွင် အရှုံးပေးရန် အခွင့်အရေးရှိပါလျက်နှင့် အရှုံးမပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု လွှဲချငြင်းဆိုနိုင်မည် ဖြစ်သည်။
သို့သော်လည်း...
"မင်းက ဖြစ်လာမယ့်အရာတွေကို နိမိတ်များကြိုရထားတာလား " ဟု လျူကျင်းက မေးလိုက်သည်။
"ပြဿနာတစ်ခုက ကိုယ့်အတွက် ဘေးမဖြစ်လာခင် ဘယ်လိုကြိုရှင်းရမလဲဆိုတာ သိထားဖို့က အရေးကြီးတယ်လေ" ဟု ရှောင်ဖန်းက မည်သည့်ခံစားချက်မျှမပါသော လေသံဖြင့် ပြန်လည်ဖြေကြားသည်။ "ငါ အခုပြောပြတာက ဆန်းပြားတဲ့ ဗျူဟာကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ယွန်းဟန် သဘောကျတဲ့ ပုံစံမျိုးဆိုတာတော့ သေချာတယ်"
တစ်နည်းအားဖြင့်ဆိုသော် ၎င်းမှာ ယွန်းဟန် အရင်ကလည်း လုပ်ဖူးသည့် လုပ်ရပ်မျိုး ဖြစ်သည်။
ထို့အပြင် ၎င်းမှာ ရှောင်ဖန်းကိုယ်တိုင်လည်း လုပ်ဖူးကောင်း လုပ်ဖူးမည့် လုပ်ရပ်မျိုးလည်း ဖြစ်နိုင်သည်။
"အေးပါ ငါ နားလည်ဘီ" ဟု လျူကျင်းက ပြောလိုက်သည်။
"မင်း တကယ်ကော သဘောပေါက်ရဲ့လား ယောက်ဖ" ဟု ရှောင်ဖန်းက လျူကျင်း ခွဲခြားရခက်သော လေသံမျိုးဖြင့် မေးလိုက်သည်။ ထိုအခိုက်အတန့်တွင် ရှောင်ဖန်း၏ မျက်နှာထက်မှ အမူအရာကို သူ ဖတ်ရခက်နေခဲ့သည်။
ရှောင်ဖန်းသည် သူ့ခွက်ထဲသို့ အရက်ထပ်ငှဲ့လိုက်သည်။
ပေအနည်းငယ်အကွာတွင်မူ နှာခေါင်းကြီးလီက ဇူအန်အပေါ် စကားနာထိုးပွဲတွင်အသာစီးပြန်ရနေ ပုံပင် ။
"ဘာပဲဖြစ်ဖြစ်ပေါ့" ဟု သူက အရက်ခွက်ကို နှုတ်ခမ်းဆီသို့ ယူဆောင်ရင်း ပြောလိုက်သည်။ "ယွန်းဟန်က မင်းဘက်က စတိုက်လာမယ့်အချိန်ကို စောင့်နေလိမ့်မယ်။ အဲဒါကပဲ မင်း အသက်ရှင်သန်ဖို့ အခွင့်အရေးရှိနေရတဲ့ တစ်ခုတည်းသော အကြောင်းရင်းပဲ။ တကယ်လို့ မင်း သူနဲ့တိုက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်လဲ အဲဒါက မင်းရဲ့ တစ်ခုတည်းသော အခွင့်အလမ်းပဲ။"
ရှောင်ဖန်း၏ စကားများသည် နိမိတ်ဖတ်ချက်တစ်ခုကဲ့သို့ မှန်ကန်လွန်းနေခဲ့သည်။ တိုက်ပွဲစတင်သည့် စက္ကန့်ပိုင်းတွင် ယွန်းဟန်သည် သူ့ကို အတင်းအဓမ္မ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုဘဲ စူးစမ်းလိုသော မျက်လုံးများဖြင့်သာ လှမ်းကြည့်နေခဲ့သည်။ သူ၏ ကိုယ်ဟန်အနေအထားမှာ ခုခံရန်အတွက် အသင့်ပြင်ထားသော ဖြေလျော့သည့် ပုံစံမျိုးဖြစ်ပြီး ၎င်းက သူ၏ ရည်ရွယ်ချက်ကို အထင်အရှား ဖော်ပြနေပေသည်။
ပထမဆုံး တစ်ကွက်ကို လျူကျင်းက စတင်ရမည် ဖြစ်သည်။
"မင်း ငါ့ကို ပြန်ချလိမ့်မယ်လို့ မထင်ထားတာတော့ ဝန်ခံရမယ်" ယွန်းဟန်က ခပ်လှောင်လှောင် ပြောလိုက်သည်။
"ဒါမှမဟုတ် မင်းက ငါ့ရှေ့မှာ လာရပ်နေရအောင် အတင်းအကျပ် အမိန့်ပေးခံထားရလို့လား။ အုပ်စုအဆင့်တုန်းက မင်း ပွဲထွက်အရှုံးပေးခဲ့လို့ ရှောင်ဖန်းက အဲဒီလောက်တောင် စိတ်တိုသွားတာလား"
"အဲဒီလိုမျိုး မဟုတ်ပါဘူး" ဟု လျူကျင်းက ခေါင်းခါရင်း... "ငါ ဒီကို ရောက်နေတာ ငါ့ရဲ့ ကိုယ်ပိုင်ဆန္ဒအရပဲ" ဟု ပြောလိုက်သည်။
ယွန်းဟန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း
"တကယ်လား... ဒါဆိုရင် နောက်ဆုံးကျ မင်း ငါ့နဲ့ပြိုင်ဖို့ပဲ ဖြစ်လာတာကိုး .. ၊ဒါနဲ့များ ပထမအဆင့်တုန်းက ဘာဖြစ်လို့ ငါနဲ့ မတိုးအောင် တကူးတက ရှောင်နေခဲ့တာလဲ" ဟု မေးလိုက်လေသည်။
အဓိက မေးခွန်းက ထိုအချက်ပင် မဟုတ်ပါလား။
သူ ဘာကြောင့် ဒါကို လုပ်နေရတာလဲ။ ဘာကြောင့် ယွန်းဟန်ကို တိုက်ခိုက်နေရတာလဲ။
ယွန်းဟန်က ယွန်းဂိုဏ်းက ဖြစ်ပြီး မိမိက ရှောင်ဂိုဏ်းက ဖြစ်နေလို့လား... မဟုတ်ချေ။ 'အရှေ့ဘက်ဆိပ်ကမ်းမြို့တော်ပြိုင်ပွဲ' သည် ထိုဂိုဏ်းနှစ်ခုကြားရှိ ပဋိပက္ခအပေါ်တွင်သာ အခြေခံ၍ လည်ပတ်နေခြင်း ဖြစ်သည်ဟု ပြောပါက ပုံကြီးချဲ့ရာမကျသော်လည်း လျူကျင်းအနေဖြင့် ထိုကဲ့သို့သောအရာများကို အနည်းငယ်မျှပင် ဂရုမစိုက်ပါ။ ထို့ကြောင့် သူ ဤသို့ လုပ်နေခြင်းမှာ ထိုဂိုဏ်းဂဏကိစ္စများကြောင့် မဟုတ်သည်မှာတော့ သေချာသည်။
သို့ဆိုလျှင်... လျူကျင်းက 'ချွေထျန်း' အပေါ် ဖြစ်ပျက်ခဲ့သည့်အရာများအတွက် ဒေါသထွက်နေပြီး ယခုအခါ ကလဲ့စားချေရန် ကြိုးစားနေခြင်းကြောင့်လား။
လျူကျင်းသည် ထိုအချက်ကို ဖြစ်နိုင်ချေရှိမရှိ သေချာစွာ မတွေးတောမီကပင် စိတ်ထဲကနေ ကြိုတင်ပယ်ဖျက်ထားခဲ့သည်။
မှန်ပါသည်... လျူကျင်းအနေဖြင့် ယွန်းဟန်၏ လုပ်ရပ်အပေါ် ဒေါသထွက်မိသည်မှာ အမှန်ပင် ဖြစ်သော်လည်း သူသည် ကလဲ့စားချေချင်ရုံ သက်သက်ဖြင့် ဤပြိုင်ပွဲကွင်းအတွင်းသို့ လှမ်းဝင်လာခဲ့ခြင်း မဟုတ်ပေ။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ချွေထျန်း၏ ကံကြမ္မာအပေါ် သူကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သည့် အခန်းကဏ္ဍကို လျစ်လျူရှုရာ ရောက်ပေလိမ့်မည်။
သို့ဆိုလျှင်... လွန်ခဲ့သော နှစ်ပေါင်းများစွာက ယွန်းဟန်က သူ၏ ကံကြမ္မာကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခဲ့ပြီး ရှောင်ဖန်းက သူ့ကို လာရောက်ကယ်တင်ပေးခဲ့ရသည့် ထိုမွန်းလွဲပိုင်းအချိန်လေးကြောင့် ဖြစ်နိုင်ပါသလား။
"ငါလည်း အဲဒါကို စဉ်းစားနေတာပဲ" ဟု လျူကျင်းက မိမိကိုယ်ကိုယ်ရော ယွန်းဟန်ကိုပါ ရည်ရွယ်၍ စကားလုံးများကို သေချာစွာ ချိန်ဆလျက် ပြောလိုက်သည်။
"ဒီလိုပြောရင်တော့ ငါ့ဘက်က နည်းနည်း ရိုင်းချင်ရိုင်းသွားလိမ့်မယ်။ ဒါပေမဲ့... ငါ မင်းကို အစကတည်းကကို မကြိုက်တာ"
၎င်းသည်ပင် သူ၏ စိတ်က ထုတ်ဖော်ပေးနိုင်သည့် အမှန်ကန်ဆုံးသော အကြောင်းပြချက် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ယွန်းဟန်၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားသည်ကို လျူကျင်း မြင်တွေ့လိုက်ရသော်လည်း သူ၏ တုံ့ပြန်စကားကို စောင့်ဆိုင်းမနေခဲ့ချေ။ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် လှုပ်ရှားသွားခဲ့ပြီ ဖြစ်သည်။
ပထမဆုံးသော တိုက်ကွက်သည် ယွန်းဟန်၏ အသင့်စောင့်ကြိုနေသော လက်ဝါးပေါ်သို့ ကျရောက်သွားခဲ့သည်။ ယွန်းဂိုဏ်း၏ သခင်လေးသည် လျူကျင်း၏ တိုက်ခိုက်မှုကို စက္ကန့်၏ ထောင်ဂဏန်းပုံ တစ်ပုံမျှသော အချိန်အတွင်း၌ပင် တုံ့ပြန်နိုင်ခဲ့သော်လည်း သူသည် အားစိုက်ထုတ်၍ တိုက်ခိုက်နေခြင်း မဟုတ်သကဲ့သို့ ခံစားရဆဲပင်။
သို့သော်လည်း လျူကျင်းက ဆက်လက်၍သာ အတင်းအဓမ္မ ထိုးနှက်တိုက်ခိုက်နေခဲ့သည်။
ပြိုင်ပွဲကွင်းအတွင်း၌ တိုက်ခိုက်သံ ဒါဇင်ပေါင်းများစွာ ဟည်းထွက်သွားခဲ့သည်။ ပွဲကြည့်ပရိသတ်များထံမှ အံ့ဩမှင်သက်သံများ ထွက်ပေါ်လာပြီး အချို့မှာမူ မတ်တပ်ရပ်၍ပင် အော်ဟစ်အားပေးလာကြသည်။ တိုက်ခိုက်ရေးအတွေ့အကြုံ သိပ်မရှိသူများပင်လျှင် အမှန်တရားကို ရိပ်မိနိုင်ကြသည်။ လျူကျင်း၏ ချီ စွမ်းအင်မှာ 'အတွင်းအားစုစည်းခြင်းအဆင့် ' ၌သာ ရှိနေသေးသော်လည်း သူပြသနေသည့် အင်အားမှာ ထိုအဆင့်ထက်မက ပိုမိုလွန်ကဲနေသည်။ သူ၏ တိုက်ကွက်များ နောက်ကွယ်ရှိ အရှိန်အဝါနှင့် ပေါက်ကွဲအားကို မည်သူမျှ ငြင်းပယ်၍မရချေ။ ၎င်းမှာ နာမ်ဝိညာဉ်သန္ဓေတည် အဆင့်၏ အစောပိုင်းအဆင့်များတွင် ရှိနေသူတစ်ဦး တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေရသကဲ့သို့ပင်။
သို့သော်လည်း...
ယွန်းဟန်က သူ၏ ထိုးနှက်ချက် တိုင်းကို တစ်ခုမကျန် ခုခံကာကွယ်သွားခဲ့သည်။
လျူကျင်းကို စတင်အားပေးခဲ့ကြသည့် လူများသည် အရှိန်အဝါအစစ်အမှန်ကို သဘောပေါက်သွားကြပြီးနောက် အားပေးသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ လျူကျင်းသည် သန်မာသည်။ သူပြသထားသော အဆင့်ထက်မက ပိုမိုသန်မာနေသည်မှာ အမှန်ပင်ဖြစ်ပြီး ၎င်းကို မည်သူမျှ မငြင်းနိုင်ချေ။
သို့သော် ယွန်းဟန်က ပို၍ သန်မာနေသည်။
လျူကျင်းသည် သူ၏ အဆင့်ထက်မက သန်မာနေသကဲ့သို့ ယွန်းဟန်အတွက်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ အပြောင်းအလဲမရှိ တည်ရှိနေဆဲပင်။ မဟုတ်သေး... ပို၍ပင် ကြီးမားနေနိုင်သေးသည်။ ယွန်းဟန်က မည်မျှအထိ အစွမ်းထက်သည်ကို မသိရသဖြင့် ၎င်းတို့နှစ်ဦးကြားရှိ ကွာခြားချက်မှာ အမှန်တကယ် မည်မျှအထိ ကြီးမားနေမည်ကို မည်သူမျှ အတတ်မပြောနိုင်ချေ။
၎င်းမှာ ယွန်းဟန်နှင့် ချွေထျန်း တို့၏ တိုက်ပွဲအတိုင်းပင် ဖြစ်သည်။ ဤတိုက်ပွဲ ယခုအချိန်အထိ ပြီးဆုံးမသွားသေးရခြင်းမှာ ယွန်းဟန်ဘက်က ပြန်လည်တိုက်ခိုက်ခြင်း မပြုရသေးသောကြောင့်သာ ဖြစ်သည်။ ပွဲကြည့်ပရိသတ်များထဲမှ နောက်ဆုံးလူပါ ထိုအချက်ကို သဘောပေါက်သွားသည့်အခါ လျူကျင်းအတွက် အားပေးသံများ လုံးဝဥဿုံ ငြိမ်သက်သွားခဲ့တော့သည်။ ရှောင်ဂိုဏ်း၏ သီးသန့်အခန်းထဲတွင်မူ ဇူအန်က လျူကျင်းကို ချက်ချင်းရပ်တန့်ရန် အော်ဟစ်တားဆီးနေပြီး ရှောင်ဖန်းကမူ ကျောက်ဆစ်ရုပ်တုကဲ့သို့ အမူအရာကင်းမဲ့သော မျက်နှာထားဖြင့် အရာအားလုံးကို စိုက်ကြည့်နေခဲ့သည်။
လျူကျင်းက ရပ်တန့်မသွားခဲ့ချေ။
သူသည် မိမိကိုယ်ကိုယ် အန္တရာယ်ပြုမိနိုင်သည်ကိုပင် ဂရုမစိုက်တော့ဘဲ တိုက်ကွက်များကို တစ်ခုပြီးတစ်ခု ယွန်းဟန်အပေါ်သို့ ဆက်တိုက် ထိုးနှက်နေခဲ့သည်။ ထိုသို့ တိုက်ခိုက်နေစဉ်အတွင်း သူ၏ စိတ်ထဲတွင် အတွေးတစ်ခုကသာ ထပ်တလဲလဲ လည်ပတ်နေခဲ့သည်။
“ဒီကောင်က မယုံနိုင်စရာပဲ..”
သူသည် ယွန်းဟန်အား လူတစ်ယောက်အနေဖြင့် လုံးဝ မနှစ်မြို့သော်လည်း သူ၏ ရှေ့မှောက်ရှိ အမှန်တရားကိုမူ ငြင်းပယ်၍မရချေ။ ယွန်းဟန်သည် မယုံနိုင်လောက်အောင် တော်လွန်းလှသည်။ သူသည် သူ၏ သာလွန်လှသော အရှိန်အဝါနှင့် အင်အားကိုသာ အားကိုးပြီး ခုခံနေခြင်း မဟုတ်ပေ။ အမှန်စင်စစ် သူတို့နှစ်ဦးကြားရှိ အင်အားကွာဟချက်ကို ကြွားလုံးထုတ်ပြသရန်အတွက် ခုခံခြင်းကိုသာ ရွေးချယ်ထားခြင်း ဖြစ်သော်လည်း သူ၏ ခုခံမှုတိုင်းမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။ မလိုအပ်သော လှုပ်ရှားမှုဟူ၍ တစ်စက်ကလေးမျှ ရှာမတွေ့နိုင်ချေ။ သူသည် လျူကျင်း၏ တိုက်ခိုက်မှုအရှိန်ကို အကောင်းဆုံး လျှော့ချခြေဖျက်နိုင်မည့် နည်းလမ်းဖြင့် သူ၏ ထိုးနှက်ချက်များကို အမြဲတမ်း အမိအရ ဖမ်းဆုပ်ခုခံနေခဲ့သည်။
၎င်းမှာ သူ သိစိတ်ဖြင့် တမင်တကာ လုပ်ဆောင်နေသည့်အရာ မဟုတ်ပေ။ လျူကျင်းအနေဖြင့် ယွန်းဟန်၏ စရိုက်ကို လုံလောက်စွာ ရိပ်မိထားပြီးဖြစ်၍ ထိုအချက်ကို နားလည်သည်။
ဤသည်မှာ သူ ဖြတ်သန်းခဲ့ရသော လေ့ကျင့်မှုအားလုံး၏ ရလဒ်သက်သက်သာ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က ထိုနည်းအတိုင်း သဘာဝအလျောက် လှုပ်ရှားနေခြင်း ဖြစ်သည်။
နှမြောစရာကောင်းလိုက်တာ။
ဤမျှအထိ ထူးချွန်ပြည့်စုံလှသော တိုက်ခိုက်ရေးသမားတစ်ဦးတွင် ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွေရာ စရိုက်လက္ခဏာမျိုး ရှိနေခြင်းမှာ နှမြောစရာ ကောင်းလှသည်ဟုသာ ဆိုရမည်။ ထိုအတွေးသည် လျူကျင်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့သော်လည်း ၎င်းက သူ့ကို ဘာမှ အထောက်အကူမပြုနိုင်ခဲ့ချေ။ သူ၏ နဖူးထက်တွင် ချွေးစေးများ ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာသော်လည်း သူ၏ အရှိန်ကို လျှော့ချမပစ်ခဲ့ပေ။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် အားအင်ကို ချွေတာသုံးစွဲရန် တွေးတောနေခြင်းမှာ နေရာမရှိချေ။ အစကတည်းကပင် ဤတိုက်ပွဲသည် အရာအားလုံးကို ပုံအောထားသည့် အသေအလဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် မည်သူမျှ မမျှော်လင့်ထားသော မဖြစ်နိုင်သည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
ယွန်းဟန် ရှောင်တိမ်းလိုက်သည်။
ထိုလှုပ်ရှားမှုကြောင့် ပွဲကြည့်ပရိသတ်များ ဇဝေဇဝါဖြစ်သွားကြသော်လည်း လျူကျင်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည့် ယွန်းဟန်ထက် ပို၍ လန့်ဖျပ်သွားသူ မရှိချေ။ အချို့သူများကမူ ဤအခိုက်အတန့်ကို တစ်သက်တွင် တစ်ခါသာ ရနိုင်မည့် အခွင့်အရေးကောင်းတစ်ခုဟု သတ်မှတ်ကြပေလိမ့်မည်။
ပထမဆုံးအကြိမ်အဖြစ် လျူကျင်းသည် ယွန်းဟန်အပေါ် အားပါပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို တိုက်ရိုက်ထိမှန်အောင် တိုက်ခိုက်နိုင်မည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် အကယ်၍ သူသာ ထိုသို့ တိုက်ခိုက်လိုက်မည်ဆိုပါက သူသည် ယွန်းဟန်၏ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုအောက်တွင် သေချာပေါက် အသက်ရှင်နိုင်မည်မဟုတ်ကြောင်း လျူကျင်း သိနေခဲ့သည်။
ကိုယ်ဖော့သိုင်း ။
လျူကျင်းသည် ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ယွန်းဟန်နှင့် ကိုက်ပေါင်းများစွာ ကွာဝေးသောနေရာတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ယွန်းဂိုဏ်း၏ သခင်လေးသည် မှင်သက်အံ့ဩနေသော မျက်နှာထားဖြင့် သူ၏ လက်မောင်းများကို စိုက်ကြည့်နေပြီးမှ ခေါင်းကို ငုံ့ချလိုက်ရာ သူ၏ ဆံပင်များက မျက်နှာပေါ်တွင် အရိပ်ကျ သွားခဲ့သည်။
"မင်း..."
ထိုစကားလုံးတစ်လုံးတည်းတွင် ပါဝင်နေသော ဒေါသအတိုင်းအဆမှာ အထင်အရှား သိသာလွန်းလှသည်။
"မင်းလို အမှိုက်က... ငါ့ခန္ဓာကိုယ်ကို အဆိပ်နဲ့ ညစ်ညမ်းအောင် လုပ်ရဲတယ်ပေါ့လေ"
ယွန်းဟန်သည် အော်ဟစ်ပေါက်ကွဲနေခဲ့ပြီ ဖြစ်သည်။ သူ၏ စကားသံများက ကျယ်လောင်လွန်းလှသဖြင့် ပွဲကြည့်ပရိသတ်များအထိပါ အတိုင်းသား ကြားလိုက်ရပြီး ၎င်းတို့သည်လည်း အချင်းချင်း တီးတိုးရေရွတ် ဝေဖန်ပြောဆိုလာကြတော့သည်။
လျူကျင်း တစ်ချက် သက်ပြင်းချလိုက်မိသည်။
မျှော်လင့်ထားသည့်အတိုင်းပင်... ယွန်းဟန်တစ်ယောက် ၎င်းကို သတိမထားမိဘဲ နေခဲ့လိမ့်မည်ဟု မျှော်လင့်နေခြင်းမှာ လောဘကြီးရာ ကျလွန်းလှပေသည်။
လျူကျင်းသည် ရှောင်ဖန်းနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက 'အဆိပ်ချီ ကို တစ်ကြိမ်တည်း သာ အသုံးပြုခဲ့ဖူးသည်။ ၎င်းမှာ အောင်မြင်ရန်အတွက် ရှောင်ဖန်း၏ စိတ်တိုတတ်သော စရိုက်အပေါ်တွင်သာ လုံးလုံးလျားလျား ပုံအောထားရသည့် အန္တရာယ်များလှသော လောင်းကြေးတစ်ခု ဖြစ်ခဲ့သည်။ အကယ်၍ ရှောင်ဖန်းသာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့မည်ဆိုပါက ထိုအဆိပ်ကို ချက်ချင်း သတိပြုမိသွားမည် ဖြစ်သည်။
ယခု ယွန်းဟန်နှင့် ရင်ဆိုင်ရချိန်တွင်မူ လျူကျင်းသည် အလွန်သေးငယ်လှသော အဆိပ်ချီ ပမာဏကိုသာ ထုတ်လွှတ်ခဲ့ပြီး ၎င်းပမာဏမှာ ယင်ကောင်တစ်ကောင်လောက်သာ သတိထားမိနိုင်မည့် အတိုင်းအဆမျိုး ဖြစ်သည်။
လျူကျင်းသည် ယွန်းဟန် ခုခံကာကွယ်သွားသည့် တိုက်ကွက်တိုင်း၏ နောက်ကွယ်တွင် ထိုမျှလောက်သော အဆိပ်ချီ ပမာဏကို အတိအကျ ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ယွန်းဟန်အနေဖြင့် ၎င်းကို သတိမထားမိခဲ့ခြင်းမှာ မဆန်းပေ။ သူသည် တိုက်ကွက် ဆယ်ကွက်ကို ခုခံစဉ်က သတိမထားမိခဲ့ချေ။ တိုက်ကွက် ငါးဆယ်ကို ခုခံစဉ်ကလည်း သတိမထားမိခဲ့သလို၊ တိုက်ကွက် တစ်ရာကို ခုခံစဉ်ကလည်း မရိပ်မိခဲ့ချေ။
ဤကဲ့သို့ဖြင့် တစ်ကွက်ချင်းစီ ထိမှန်ရိုက်ခတ်မှုမှတစ်ဆင့် အဆိပ်များသည် ယွန်းဟန်၏ ခန္ဓာကိုယ်အတွင်း၌ တဖြည်းဖြည်းချင်း စုပုံလာခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ ယွန်းဟန်က သူ၏ တိုက်ခိုက်မှုများကို ခုခံရန် မရွေးချယ်ခဲ့ဘဲ ရှောင်တိမ်းခဲ့မည်ဆိုပါက ဤဗျူဟာသည် မည်သည့်နည်းနှင့်မျှ အောင်မြင်လိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုသော် ယွန်းဟန်အနေဖြင့် သူ၏ သာလွန်မှုကို ကြွားလုံးထုတ်ပြသရန် ဤမျှအထိ စိတ်အားထက်သန်မနေခဲ့ပါက ဤကဲ့သို့သော အခြေအနေမျိုး မည်သည့်အခါမျှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
"ကဲ... ဘာလဲ မင်းဘက်က ဆင်ခြေပေးဖို့ ဘာစကားမှ မရှိတော့ဘူးလား" ဟု ယွန်းဟန်က သူ၏ ပတ်ပတ်လည်တွင် ချီစွမ်းအင်များ တောက်လောင်ထွက်ပေါ်လာစေလျက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"မင်း သတိမထားမိဘဲ ငါ နိုင်သွားတဲ့အထိ စောင့်နိုင်ရင် ကောင်းမယ်လို့ ငါ တကယ် မျှော်လင့်ခဲ့တာ"
လျူကျင်း၏ စကားများသည် ယွန်းဟန်၏ ဒေါသအရှိန်ကို ပိုမိုဆိုးရွားစေရန်သာ လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ၏ ချီ စွမ်းအင်မှာ ပိုမိုမြင့်တက်လာပြီး ၎င်း၏အရှိန်ကြောင့် သူ၏ပတ်ပတ်လည်ရှိ ကွင်းပြင်ကြမ်းပြင်များပင် အက်ကွဲကုန်တော့သည်။ အဆိပ်ကြောင့် သူ၏အသားအရေမှာ သိသိသာသာ ဖြူဖျော့လာနေပြီ ဖြစ်သော်လည်း ဤတိုက်ပွဲကို အနိုင်ယူရန်အတွက် လုံလောက်သည်ထက်မကသော စွမ်းအားများ သူ၏ထံတွင် ရှိနေဆဲပင်။
လျူကျင်းအနေဖြင့် သူ အနိုင်ရရန် အခွင့်အရေးရှိလိမ့်မည်ဟု တကယ့်ကို တစ်ခါမျှ မတွေးခဲ့ဖူးသော်လည်း ဤခဏတာ အခိုက်အတန့်လေးတွင်မူ သူ မျှော်လင့်ချက်အနည်းငယ် ထားမိလုနီးပါး ဖြစ်သွားခဲ့သည်။ အကယ်၍သာ ယွန်းဟန်တစ်ယောက် နောက်ထပ် တိုက်ကွက်အချက်ပေါင်း ရာဂဏန်းလောက်အထိ ကြာမှ သတိထားမိခဲ့မည်ဆိုပါက...
သို့သော် ဘာမှမထူးတော့ပါ။ ဘာမှ အရေးမကြီးတော့ပေ။
၎င်းက လျူကျင်းအနေဖြင့် သူ၏ စွမ်းအားများကို တိတ်တဆိတ် ဖုံးကွယ်ထားရန် မလိုအပ်တော့ကြောင်းကိုသာ ပြသနေသည်။
ထိုသို့ တွေးလိုက်သည်နှင့်အမျှ လျူကျင်း၏ ချီစွမ်းအင်များသည်လည်း ပြင်းထန်စွာ မြင့်တက်လာခဲ့တော့သည်။
တိုက်ခိုက်သူနှစ်ဦးစလုံး သူတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည့်အခါ ပွဲကြည့်ပရိသတ်များသည် စွဲမက်စွာဖြင့် ငေးမောကြည့်ရှုနေကြသည်။ ယွန်းဟန်၏ စွမ်းပကားမှာ အမေးထုတ်စရာမလိုအောင် ကြီးမားလှပြီး သူသည် လျူကျင်းထက် ပိုမိုသန်မာနေသည်မှာလည်း သံသယဖြစ်ဖွယ် မရှိပေ။ သို့သော်လည်း အားလုံး၏ အာရုံကို အဖမ်းစားနိုင်ဆုံးဖြစ်နေသည်မှာ လျူကျင်း၏ ချီစွမ်းအင်ဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းကလည်း အကြောင်းရင်း ခိုင်ခိုင်လုံလုံ ရှိနေသည်။
အဘယ်ကြောင့်ဆိုသော် လျူကျင်း၏ ဝိညာဉ်အရှိန်အဝါ တစ်ခုလုံးသည် 'အဆိပ်ချီစွမ်းအင်သက်သက်ဖြင့်သာ လုံးလုံးလျားလျား ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။
'အတွင်းအားစုစည်းခြင်းအဆင့် ' ၌သာ ရှိသေးသော လူတစ်ဦးအနေဖြင့် ဤကဲ့သို့သောအရာကို လုပ်ဆောင်နိုင်ခြင်းမှာ မှင်သက်အံ့ဩဖွယ်ရာ ကောင်းလှသည်။ အဆိပ်များသည် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှိုင်းထကာ ပွက်ပွက်ဆူနေခဲ့သည်။ ယွန်းဟန်၏ သက်သက်မဲ့ စွမ်းအားကြီးမားမှုက သူ၏ ပတ်ပတ်လည်ရှိ အရာအားလုံးကို ရိုက်ခွဲဖျက်ဆီးနေချိန်တွင်မူ လျူကျင်း၏ ပတ်ပတ်လည်ရှိ အဆိပ်များက သူ၏ ခြေဖဝါးအောက်မှ ကွင်းပြင်ကြမ်းပြင်ကို စတင်အရည်ပျော်စေခဲ့သည်။
"ဒါက ငါ့ကို အထင်ကြီးအောင် လုပ်နိုင်မယ်လို့ မင်းထင်နေတာလား" ဟု ယွန်းဟန်က အော်ဟစ်လိုက်သည်။
"အဆိပ်ရှိရုံနဲ့ မင်းက ငါ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမယ်လို့ မင်း ထင်နေတာလား"
သူ၏ ပတ်ပတ်လည်တွင် တောက်လောင်နေခဲ့သော ယွန်းဟန်၏ ချီ စွမ်းအင်များသည် ရုတ်တရက် သူ၏ လက်ဝါးထံသို့ စုစည်းသွားခဲ့သည်။ ဘာဖြစ်တော့မည်ဆိုသည်ကို လျူကျင်း ချက်ချင်းပင် ရိပ်မိလိုက်သည်။
ဝိညာဉ်ခွဲ လက်ဝါးစောင်း သိုင်းကွက်။
၎င်းမှာ ယွန်းဂိုဏ်း၏ လျှို့ဝှက်သိုင်းကွက်များထဲမှ တစ်ခု ဖြစ်သည်။
အကယ်၍ လျူကျင်းသာ ထိုတိုက်ကွက် အထိမှန်ခံရပါက သူသည် နှစ်ပိုင်း ပြတ်သွားပေလိမ့်မည်။ ထိုအချက်မှာ မေးခွန်းထုတ်စရာမလိုအောင် သေချာလှသည်။ ယခုအချိန်တွင် သူ ပြုလုပ်နိုင်သည့်အရာဟူ၍ တစ်ခုတည်းသာ ရှိတော့သည်။
မြွေဆိပ်ဖြူ လက်သီးချက် ။
လျူကျင်းက သူ၏ ချီစွမ်းအင်များကို လက်နှစ်ဖက်ထံသို့ စုစည်းလိုက်သည့်အခါ ယွန်းဟန်က လှောင်ပြောင်ရယ်မောလိုက်သည်။ ထိုသို့ စွမ်းအားပြသနိုင်ခြင်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်ယှဉ်လျှင် အထင်ကြီးစရာ ကောင်းလှသည်မှာ အမှန်ပင်ဖြစ်သော်လည်း ယွန်းဟန်၏ စွမ်းပကားနှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်တော့ချေ။
"ကောင်းပြီလေ... အမှိုက်ကောင်ရဲ့ ၊မင်းက အသက်မရှင်ချင်တော့ဘူးဆိုရင်လည်း ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းတို့နှစ်ဦးစလုံး အရှိန်အပြည့်ဖြင့် အချင်းချင်း အတင်းအဓမ္မ ဝင်ရောက်တိုက်ခိုက်ကြတော့သည်။
ထိုအခါ ပြိုင်ပွဲကွင်းကြီးမှာ နှစ်ခြမ်းကွဲထွက်သွားခဲ့တော့သည်။
ယွန်းဟန်၏ ဝိညာဉ်ခွဲ လက်ဝါးစောင်း တိုက်ကွက်သည် ညှာတာမှုကင်းမဲ့စွာ ကျရောက်သွားခဲ့ပြီး ကွင်းတစ်ခုလုံးကို တုန်ဟိန်းသွားစေမည့် စွမ်းအားလှိုင်း တစ်ခုကို ထွက်ပေါ်စေခဲ့သည်။ ပြိုင်ပွဲကွင်းကြီးကို ခိုင်ခံ့လှသော အကြမ်းခံပစ္စည်းများနှင့် တည်ဆောက်ထားစေကာမူ သူ၏ အစွမ်းသတ္တိအောက်တွင်မူ ကြေမွပျက်စီးသွားခဲ့ရသည်။ စောင့်ကြည့်နေကြသော လူများသည် ထိုတိုက်ပွဲမှ ထွက်ပေါ်လာသည့် ပြင်းထန်လှသော အရှိန်အဝါများရန်မှ ကာကွယ်ရန် သူတို့၏ လက်မောင်းများကို မြှောက်၍ မျက်နှာကို ကာကွယ်လိုက်ကြရသည်။
ဖုန်မှုန့်များနှင့် သဲငွေ့များ စင်ကြယ်သွားသည့်အခါတွင်မူ ယွန်းဟန်သည် ကွင်း၏ အလယ်ဗဟိုတွင် အလွန်အမင်း ဒေါသထွက်နေသော မျက်နှာထားဖြင့် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဘယ်လိုဖြစ်လို့လဲ"
ကွင်း၏ အစွန်းဆုံးနေရာတွင်မူ လျူကျင်း ရပ်နေခဲ့သည်။ သူသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ပြုံးလိုက်မိသည်။ အစောပိုင်းက သူ့ကို ဝန်းရံထားခဲ့သော 'အဆိပ်ချီ' စွမ်းအင်များမှာ ယခုအခါတွင်မူ မည်သည့်နေရာ၌မျှ ရှာမတွေ့နိုင်တော့ချေ။
လေလွင့် သူခိုး လျှို့ဝှက်ခြေလှမ်း။
အဆုံးသတ်တွင် ထိုတိုက်ခိုက်သူနှစ်ဦးသည် အချင်းချင်း တိုက်ရိုက်ထိတွေ့ ပွတ်တိုက်မိခြင်း လုံးဝ မရှိခဲ့ချေ။ စက္ကန့်၏ နောက်ဆုံးအပိုင်းအစလေးအတွင်းတွင် လျူကျင်းသည် ထိုသိုင်းအတတ်ကို အသုံးပြု၍ လျင်မြန်စွာ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်ပြီး ယွန်းဟန်ကိုမူ ကွင်းပြင်ကြီးကိုသာ ရိုက်ခွဲဖျက်ဆီးပစ်ရန် ချန်ထားခဲ့ခြင်း ဖြစ်သည်။
ယခုမူ... သူ လုပ်ဆောင်နိုင်သည့်အရာဟူ၍ တစ်ခုတည်းသာ ကျန်တော့သည်။
"ကျွန်တော် အရှုံးပေးပါတယ်"