← Chapters

အခန်း ၅၈

Vol. 7 Ch. 58

အခန်း ၅၈

Vol. 7 Ch. 58

အခန်း ၅၈။ အမျက်ဒေါသ

"ကျွန်တော် အရှုံးပေးပါတယ်"

လျူကျင်း၏ စကားလုံးများသည် ဇာတ်ရှိန်တက်နေစဉ် ရုတ်တရက် အရှိန်သတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ခေတ္တမျှအထိ လူများသည် ဘာဖြစ်သွားသည်ကို ဝေခွဲမရဘဲ မျက်တောင်ခတ်ရင်း မှင်သက်ကျန်ရစ်ခဲ့ကြသည်။ လျူကျင်း၏ စကားကို လူများ နားလည်သဘောပေါက်သွားချိန်တွင်မူ ဒိုင်လူကြီး၏ လက်မောင်းမှာ မြှောက်တက်သွားခဲ့ပြီ ဖြစ်သည်။

"ရှောင်ဂိုဏ်းမှ လျူကျင်း အရှုံးပေးသွားပြီ ခင်ဗျာ၊ ယွန်းဂိုဏ်းမှ ယွန်းဟန် အနိုင်ရရှိပါတယ်"

ထိုကြေညာသံသည် ကွင်းတစ်ခုလုံးကို ဟည်းထွက်သွားခဲ့ပြီး ပွဲကြည့်ပရိသတ်များ၏ မျက်နှာတွင် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကုတ်သွားကြသည်။ တစ်ယောက်တစ်ပေါက် တီးတိုးရေရွတ်သံများနှင့် ညည်းညူသံများ စီစီညံသွားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဤတိုက်ပွဲကို ယခုကဲ့သို့ အဆုံးသတ်သွားရန် မလိုလားခဲ့ကြသောကြောင့် ဖြစ်သည်။

လျူကျင်းအနေဖြင့် ယွန်းဟန်ကို မည်သို့မျှ အနိုင်မရနိုင်ကြောင်း လူတိုင်း သေချာနေခဲ့သော်လည်း ၎င်းတို့သည် ဤတိုက်ပွဲအတွင်းသို့ အာရုံအပြည့်ဖြင့် စီးမျောမိသွားခဲ့ကြသည်။ စက္ကန့်တိုင်းသည် သူတို့၏ မျှော်လင့်ချက်များကို ဆက်တိုက် ကျော်လွန်နေခဲ့သည်။ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံချိန်တွင်မူ လူများသည် မတ်တပ်ရပ်၍ နှစ်ဖက်စလုံးကို နားကွဲလုမတတ် ကျယ်လောင်လှသော အသံများဖြင့် အော်ဟစ်အားပေးခဲ့ကြသေးသည်။

ယခုမူ ထိုအရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။

ယွန်းဟန် နိုင်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ လူတိုင်း မျှော်လင့်ထားသည့် အဆုံးသတ်မျိုး ဖြစ်သော်လည်း ဖြစ်ပျက်သွားသည့် ပုံစံကြောင့် သူတို့၏ စိတ်ထဲတွင် ခိုးလိုးခုလု ဖြစ်သွားသည်။

သို့သော်လည်း သူတို့၏ ခံစားချက်များသည် ယွန်းဟန်၏ ခံစားချက်နှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်တော့ချေ။

သူ၏ အနိုင်ရရှိမှုကို ကြေညာပြီးသွားခဲ့ပြီ ဖြစ်သော်လည်း ယွန်းဟန်၏ ပတ်ပတ်လည်ရှိ ချီ စွမ်းအင် အလင်းကွင်းကြီးမှာ ပျောက်ကွယ်မသွားခဲ့ချေ။ ၎င်းသည် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များနှင့်အတူ ဆက်လက် တောက်လောင်နေဆဲပင် ဖြစ်သည်။

"အရှုံးပေးတယ် ဟုတ်လား" ဟု ယွန်းဟန်က ဒေါသကြောင့် တုန်ရီနေသော အသံဖြင့် ထပ်လောင်းရေရွတ်လိုက်သည်။

"မင်းက အရှုံးပေးတယ် ဟုတ်လား"

ယွန်းဟန်၏ ပတ်ပတ်လည်ရှိ ကျောက်ခဲအကျိုးအပဲ့များသည် သူ၏ ပြင်းထန်လှသော ချီ စွမ်းအင် ဖိအားအောက်တွင် ကြေမွပျက်စီးကုန်တော့သည်။

သူ၏ မျက်နှာမှာ ဖြူဖျော့ကာ ချွေးစေးများ ပြန်နေခဲ့သည်။ သူ၏ အရေပြားပေါ်တွင် အစိမ်းရောင် အမှတ်အသားများ ထွက်ပေါ်လာနေပြီး အသက်ရှူသံမှာလည်း ပုံမှန်ထက် ပိုမိုပြင်းထန် လေးလံနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် အဆိပ်၏ ဒဏ်ရာဒဏ်ချက်များကို စတင်ခံစားနေရပြီဖြစ်ကြောင်း အထင်အရှားပင်။

သို့သော်လည်း... ယွန်းဟန် ထံတွင် လျူကျင်းကို သတ်ပစ်ရန်အတွက် လုံလောက်သည်ထက်မကသော စွမ်းအားများ ရှိနေဆဲ ဖြစ်သည်။

"မင်း အဲဒီလိုမျိုး လုပ်သွားတာကို ငါက ခွင့်ပြုလိမ့်မယ်လို့ ထင်နေတာလား"

"ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေက ငါတို့ စိတ်ကြိုက် ထိန်းချုပ်လို့ရတဲ့ အရာတွေ မဟုတ်ဘူးလေ ယွန်းဟန်" ဟု လျူကျင်းက လိုအပ်လာပါက မိမိကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ဆင်ရင်း ပြန်လည် ဖြေကြားလိုက်သည်။

"ငါတို့ တိုက်ခိုက်ခဲ့ကြတယ်၊ ဒါပေမဲ့ ငါက မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ ထင်ရှားသွားခဲ့ပြီပဲ။"

ယွန်းဟန်၏ စိုက်ကြည့်နေသော မျက်ဝန်းများမှာ ဒေါသတကြီး ပေါက်ကွဲလုမတတ် ပြင်းထန်လှသည်။

"ဒီတိုက်ပွဲအတွင်းမှာ ငါကိုယ်ငါ အလွန်အကျွံ တွန်းအားပေးမိသွားတယ်၊ ငါဆက်ပြီး မတိုက်ခိုက်နိုင်တော့ဘူး။ ဒါကြောင့် အရှုံးပေးလိုက်တာ။ ဒါကိုတော့ မင်းအနေနဲ့ အပြစ်ရှာလို့ မရနိုင်လောက်ပါဘူး ဟုတ်တယ်မလား စည်းမျဉ်းတွေအရ ငါတို့ဟာ ဘယ်အချိန်မှာမဆို အရှုံးပေးပိုင်ခွင့် ရှိတာပဲ။ ဟုတ်တယ်မလား "

လျူကျင်းက နောက်ဆုံးမေးခွန်းကို ဒိုင်လူကြီးထံသို့ ဦးတည်မေးမြန်းလိုက်သည့်အခါ ဒိုင်လူကြီးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ ရုတ်တရက်ဆိုသလို သူသည် ယွန်းဟန်၏ ဒေါသပစ်မှတ် ဖြစ်သွားခဲ့ရသည်။ ယွန်းဟန်၏ စိုက်ကြည့်နေသော မျက်ဝန်းများက လျူကျင်း၏ စကားကို ငြင်းပယ်ရန်နှင့် တိုက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခွင့်ပြုရန် ဒိုင်လူကြီးကို အတင်းအဓမ္မ တောင်းဆိုနေခဲ့သည်။ ယခုအချိန်တွင် ယွန်းဟန် အလိုချင်ဆုံးအရာမှာ ထိုအချက်မှတစ်ပါး အခြားမရှိချေ။

ယွန်းဟန်သည် ဤပွဲစဉ်တွင် အနိုင်ရရှိခဲ့သည်မှာ မှန်သော်လည်း လျူကျင်းသည် သူ့ကို မည်သည့်အခါမျှ ခွင့်မလွှတ်နိုင်လောက်အောင် နက်ရှိုင်းစွာ ထိခိုက်ဒဏ်ရာရစေခဲ့ပြီး ဖြစ်သည်။

၎င်းမှာ အဆိပ်ကြောင့် မဟုတ်ပေ။ ယွန်းဟန်၏ ခန္ဓာကိုယ်သည် ထိုအဆိပ်ကို နောက်ဆုံးတွင် ပြန်လည်ခြေဖျက်နိုင်လိမ့်မည်ဟု လျူကျင်း သေချာပေါက် သိနေသည်။ မဟုတ်ပါ... လျူကျင်း ဖျက်ဆီးပစ်လိုက်သည့်အရာမှာ ယွန်းဟန်၏ ခန္ဓာကိုယ် မဟုတ်ချေ။

သူ၏ မာန သာ ဖြစ်သည်။

ယွန်းဟန်သည် ပြိုင်ပွဲကဏ္ဍတိုင်းနီးပါးတွင် သူ့ထက် များစွာနိမ့်ပါးသော လူတစ်ဦးနှင့် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပြီး၊ အဆုံးသတ်တွင်မူ ထိုလူ၏ လက်ချက်ဖြင့် ထိခိုက်နာကျင်ခဲ့ရသည်။ သူသည် လျူကျင်းကို နာကျင်အောင်လုပ်ရန် ကြံရွယ်ခဲ့သော်လည်း ယခုအခါ လျူကျင်းမှာ မည်သည့်ဒဏ်ရာမျှမရဘဲ လုံးဝ အကောင်းပကတိ ရှိနေပြီး ယွန်းဟန်ကိုယ်တိုင်သာ ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိသွားခဲ့သူ ဖြစ်သည်။

အမှန်စင်စစ်ဆိုရလျှင် ယွန်းဟန်သည် တစ်ပွဲလုံးတွင် လျူကျင်းအပေါ် မည်သည့် ထိရောက်သော တိုက်ကွက်တစ်ခုမျှပင် ထိမှန်အောင် မလုပ်နိုင်ခဲ့ချေ။

ယွန်းဟန် မည်သို့ပင် ကြည့်ကြည့်၊ တစ်ပွဲလုံးသည် သူ၏ သိက္ခာကို တမင်တကာ စော်ကားဖျက်ဆီးလိုက်ခြင်းသာ ဖြစ်ပြီး ၎င်းကို သူ မည်သို့မျှ သည်းမခံနိုင်ချေ။ ထို့ကြောင့် ယွန်းဟန် ယခုကဲ့သို့ ဒေါသပေါက်ကွဲနေခြင်းမှာ အလွန်ပင် သဘာဝကျလှသည်။ သို့သော်လည်း လျူကျင်း၏ အရှုံးပေးမှုက သူ့အတွက် ချက်ချင်း လက်စားချေနိုင်မည့် အခွင့်အရေးကို လုယူသွားခဲ့ပြီး သူ၏ ဒေါသမီးများကို ပေါက်ကွဲပစ်ရန် မည်သည့် ထွက်ပေါက်မျှ မရှိတော့ချေ။

သူ မည်မျှပင် အလိုရှိနေပါစေ... ယွန်းဟန်အနေဖြင့် ယခုအချိန်တွင် လျူကျင်းကို ဝင်ရောက်တိုက်ခိုက်၍ မရနိုင်တော့ ပေ။ သူ ပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဘေးတွင် မတ်တပ်ရပ်လျက် လျူကျင်း တစ်လှမ်းချင်း လှည့်ထွက်သွားသည်ကိုသာ စောင့်ကြည့်နေရခြင်း ဖြစ်သည်။

၎င်းသည် သံသယဖြစ်ဖွယ်မရှိဘဲ လူတစ်ယောက်ကို ရင်ဘတ်အောင့်ပြီး သွေးအန်မတတ် ဖြစ်စေမည့် အခြေအနေမျိုးပင်။

ထိုသို့သော မကျေနပ်ချက်၊ စိတ်ပျက်မှု အားလုံးသည် ယခုအခါ ကွင်းလယ်ရှိ ဒိုင်လူကြီးထံသို့ ဦးတည်သွားခဲ့တော့သည်။

"ကျွန်... ကျွန်တော်... ပြိုင်ပွဲဝင် လျူကျင်း ပြောတာ... မ... မှန်ကန်ပါတယ်" ဟု ဒိုင်လူကြီးက တုန်ရီနေသော အသံဖြင့် အနိုင်နိုင် ထုတ်ဖော်ပြောကြားလိုက်ရာ လျူကျင်းကိုပင် အနည်းငယ် အထင်ကြီးသွားစေသည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင် သူကသာ ယွန်းဟန်ဘက်က ရပ်တည်ပေးခဲ့မည်ဆိုပါက ရှောင်ဂိုဏ်း၏ အမျက်ဒေါသလှိုင်းလုံးကြီးက သူ့အပေါ်သို့ ကျရောက်လာမည် ဖြစ်သည်။ ဂိုဏ်းကြီးနှစ်ခုကြား ညပ်နေချိန်တွင် ရှောင်ဂိုဏ်းဘက်က ရပ်တည်ပေးလိုက်ခြင်းကသာ အသဘာဝကျဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

ယွန်းဟန်၏ လည်ချောင်းထဲမှ မပီမသဆဲလိုက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကိုယ် မတတ်နိူင်တာကို အခြားလူတွေအပေါ် လွှဲချအပြစ်ပုံချနေရတာ တကယ်သနားစရာကောင်းတာပဲ"

ရှောင်ဖန်း သည် လောကကြီးတွင် အရှိန်အဝါ အရှိဆုံးသော ယုံကြည်ချက်မျိုးဖြင့် ကွင်းအတွင်းသို့ လှမ်းဝင်လာခဲ့သည်။ လူတိုင်းသည် လျူကျင်းနှင့် ယွန်းဟန်တို့၏ အခြေအနေအပေါ်၌သာ အာရုံစိုက်နေကြသဖြင့် သူ ရောက်ရှိလာသည်ကို မည်သူမျှ သတိမထားမိခဲ့ကြချေ။

"ဒါ မင်းနဲ့ မဆိုင်တဲ့ ကိစ္စပဲ ရှောင်ဖန်း"

ရှောင်ဖန်းက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။

"ငါနဲ့မဆိုင်ဘူး ဟုတ်လား မင်းက ငါ့ရဲ့ယောက်ဖကို ခြိမ်းခြောက်နေတာကို ငါက ဝင်မပါဘဲ နေရမယ်ပေါ့ ငါ့ယောက်ဖရဲ့ ထိုးနှက်ချက်တွေက ပြင်းထန်လွန်းလို့ မင်းအသိဉာဏ်တွေ လွတ်ထွက်သွားပြီလား"

ထိုသို့ပြောလိုက်ခြင်းဖြင့် ရှောင်ဖန်းသည် လျူကျင်းနှင့် တိုက်ခိုက်စဉ်က ယွန်းဟန်၏ ညံ့ဖျင်းလှသော စွမ်းဆောင်ရည်ကို ထပ်မံသတိပေးလိုက်ခြင်းဖြစ်ပြီး သူ၏ အရှက်ရမှုကို ပိုမိုဆိုးရွားအောင် ပြုလုပ်လိုက်ရုံသာမက ယနေ့တွင် ယွန်းဟန်အနေဖြင့် သူ့သဘောအတိုင်း လုပ်ခွင့်ရလိမ့်မည်မဟုတ်ကြောင်းကိုပါ အပြတ်အသတ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ရှောင်ဖန်းသည် လူများကို လှောင်ပြောင်စော်ကားရာတွင် တကယ်ကို ဆရာကျလှသည်ဟု လျူကျင်း စိတ်ထဲမှ ချီးကျူးမိလိုက်သည်။

"ငါတို့က ပြိုင်ပွဲပွဲစဉ်အတွင်းမှာ ရှိနေတာ"

ယွန်းဟန်၏ တုံ့ပြန်မှုမှာ အားနည်းလှပေသည်။ အကယ်၍သာ သူသည် တည်တည်ငြိမ်ငြိမ် တွေးတောနိုင်မည့် အခြေအနေတွင် ရှိနေခဲ့ပါက သူ၏ အကြောင်းပြချက်ကို ပိုမိုကောင်းမွန်စွာ ချေပနိုင်လိမ့်မည် ဖြစ်သည်။

"ဟုတ်ပါတယ် ဘယ်သူကငြင်းနေလို့လဲ ဒုက္ခပဲ မင်းတို့က ပြိုင်ပွဲပွဲစဉ်အတွင်းမှာ ရှိနေခဲ့တာပါ" ဟု ရှောင်ဖန်းက သူ၏ စကားကို ပြုပြင်ပေးလိုက်ပြီး ယုံကြည်ချက်ရှိသော ခြေလှမ်းများဖြင့် လျူကျင်း၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။

"ငါ့ယောက်ဖက အရှုံးပေးသွားပြီ။ မင်းကိုလည်း အနိုင်ရရှိသူအဖြစ် ကြေညာပြီးသွားပြီ။ ဒီဖြစ်ရပ်တွေကို မင်း မျက်စိလျှမ်းမသွားဘူးလို့ ငါ မျှော်လင့်ပါတယ်"

ပို၍ အမြော်အမြင်ရှိသော လူတစ်ဦးဆိုပါက ဤနေရာတွင်တင် အငြင်းပွားမှုကို ရပ်တန့်လိုက်မည် ဖြစ်သည်။

"သူ့ပုံစံက ဆက်မတိုက်နိုင်တော့တဲ့ ပုံစံမျိုး ပေါက်နေလို့လား" ဟု ယွန်းဟန်က လျူကျင်းဘက်သို့ လက်ညှိုးထိုးပြရင်း အော်ဟစ်လိုက်သည်။

"အဲဒါက မဆိုင်ဘူး။ ငါ့ယောက်ဖက သူ့ရဲ့ အတိုင်းအတာအတိုင်းအဆကို သူသိတယ်၊ မင်းကတော့ အဲဒီလိုလူမျိုး မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။"

ရှောင်ဖန်း၏ အပြုံးမှာ ပို၍ တောက်ပလာပြီး…

"တကယ်လို့ ငါတို့က ဘယ်သူ ဆက်တိုက်နိုင်လဲဆိုတာကို အပေါ်ယံ အသွင်အပြင်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင်တော့... မင်းကသာ ဆက်မတိုက်နိုင်တော့တဲ့သူလို့ သတ်မှတ်ခံရလိမ့်မယ် ထင်တယ်။ ဒါပေမဲ့ မင်းက အဲဒီလိုမျိုး အဆုံးသတ်သွားတာကို အလိုရှိတယ်ဆိုရင်လည်း ငါတို့ ရှောင်ဂိုဏ်းဘက်က ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။"

ထိုစကားကြောင့် ပွဲကြည့်ပရိသတ်ထဲမှ အချို့လူများက ရယ်မောလိုက်ကြသဖြင့် ယွန်းဟန်၏ အမျက်ဒေါသမှာ မြင့်တက်သွားခဲ့တော့သည်။

လူတွေက သူ့ကို ဝိုင်းရယ်နေကြသည်၊ သို့သော် သူ ဘာမှ ပြန်မလုပ်နိုင်ချေ။

"သခင်လေး ယွန်းဟန်..." ဝူယန် ၏ အသံမှာ လျူကျင်း တစ်ခါမျှ မကြားဖူးလောက်အောင် အလွန်တုန်ရီရိုကျိုးနေခဲ့သည်။ သမားတော်ဝူ၏ သားဖြစ်သူသည် ပျက်စီးနေသော ကွင်းပြင်ထဲသို့ လှမ်းဝင်လာခဲ့ပြီး ယွန်းဟန်၏ နောက်ဘက် ကိုက်အနည်းငယ်အကွာတွင် မတ်တပ်ရပ်နေသည်။ သူသည် ရှေ့သို့ ထပ်မံတိုးကပ်ရန်ပင် မဝံ့ရဲချေ။

"သူတို့ပြောတာ မှန်ပါတယ်... တိုက်ပွဲက... ပြီးသွားပါပြီ။ သခင်လေး နိုင်ပါတယ်။"

ဝူယန်က သူ့ကို အနိုင်ရရှိသွားပြီဟု ပြောနေသော်လည်း ယွန်းဟန်၏ စိတ်အာရုံမှာ ထိုစကား၏ ရှေ့က စကားစုတစ်ခုတည်းတွင်သာ တစ်ဆို့နေကြောင်း လျူကျင်း ရိပ်မိလိုက်သည်။

'ပြီးသွားပါပြီ' ဆိုသည့် စကား။

စက္ကန့်ပိုင်းမျှအကြာတွင် ယွန်းဟန်၏ ဒေါသတကြီး ထွက်ပေါ်နေသော ချီ စွမ်းအင်များ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ ဒေါသထွက်နေသော မျက်နှာထားမှာလည်း မှေးမှိန်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် တောက်ပနေဆဲဖြစ်သော အမုန်းတရားများသာ မရှိခဲ့ပါက သူ တကယ်ပဲ တည်ငြိမ်သွားခဲ့ပြီဟု လျူကျင်း ထင်မှတ်မိပေလိမ့်မည်။

"ကောင်းပြီလေ... အဲဒီတော့လည်း မင်းရဲ့ ယောက်ဖကို ငါ့မျက်စိရှေ့ကနေ အမြန်ဆုံး ခေါ်ထုတ်သွားလိုက် ရှောင်ဖန်း။ ဒီအကြောင်းကို ငါတို့ ဗိုလ်လုပွဲ ကျမှ ဆက်ပြီး ဆွေးနွေးကြတာပေါ့။"

ထိုစကားကြောင့် ရှောင်ဖန်း ရီချင်သွားသည်။

"ငါလည်း အဲဒီအခိုက်အတန့်ကို ပျော်ပျော်ကြီး စောင့်နေပါ့မယ်" ဟု သူက ပြောလိုက်ပြီး သူနှင့် လျူကျင်းတို့သည် ကွင်းပြင်ထဲမှ အတူတူ လှည့်ထွက်လာခဲ့ကြတော့သည်။

"ခ... ခဏ" ယွန်းဟန်ကို ဆေးကုသပေးရန် ပြင်ဆင်နေသည့် ဝူယန်က သူတို့ကို လှမ်းခေါ်လိုက်သည်။

"နှစ်ယောက်စလုံး ဒဏ်ရာစစ်ဆေးဖို့ ဒီမှာ ခဏနေဦး။"

"မလိုဘူး ငါ့ယောက်ဖကို ဆေးကုသဆောင်ဆီ ငါကိုယ်တိုင် သေချာပေါက် ခေါ်သွားပေးပါ့မယ်" ဟု ရှောင်ဖန်းက ပြောလိုက်သည်။

"ကြည့်ဦးလေ... တိုက်ပွဲမှာ အပြင်းအထန် ဒဏ်ရာရထားတာ အားလုံးအသိပဲဥစ္စာ။"

ရှောင်ဖန်း၏ စကားများသည် ခပ်ရွဲ့ရွဲ့လေသံဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အကြောင်းမူကား လျူကျင်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဟူ၍ အပ်ပေါက်ရာပင်မရှိသောကြောင့် ဖြစ်သည်။ သူ့ကို ကြည့်ရုံမျှဖြင့် သူသည် ဤပွဲတွင် ရှုံးနိမ့်သွားခဲ့သူဖြစ်သည်ဟု မည်သူမျှ ရိပ်မိနိုင်မည် မဟုတ်ချေ။ သို့သော်လည်း လျူကျင်းက ခေါင်းညိတ်ပြလိုက်ပြီး...

"အေးလေ... ငါလည်း မနည်းတောင့်ခံထားရတာ" ဟု လျူကျင်းက မည်သည့်ခံစားချက်မျှမပါသော လေသံဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။

၎င်းကလည်း ထုံးစံအတိုင်း ယွန်းဟန်ကို ပိုမိုစိတ်တိုဒေါသထွက်စေရန်သာ လုပ်ဆောင်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သူသည် လျူကျင်းနှင့် တိုက်ခိုက်ပြီးနောက်တွင် မိမိကိုယ်ကိုယ်သာ ဆေးကုသမှု ခံယူရမည့်သူ ဖြစ်နေသည်ဟူသော အမှန်တရားကို နောက်ထပ်တစ်ကြိမ် အတင်းအဓမ္မ ရင်ဆိုင်လိုက်ရပြန်သည်။

"သူတို့ကို သွားခွင့်ပြုလိုက်။"

ဝူယန်ကို ချီးကျူးရမည်မှာ ယွန်းဟန်က ထိုစကားကို တစ်ကြိမ်သာ ပြောလိုက်ရခြင်းပင် ဖြစ်သည်။ ဒေါသထွက်နေသော ယွန်းဟန်ကို သွားရောက် စိန်ခေါ်ငြင်းဆန်ခြင်းမှာ လိမ္မာပါးနပ်သော လုပ်ရပ်မဟုတ်ပေ။ ဝူယန်သည် လျူကျင်းနှင့် ရှောင်ဖန်းတို့ကို ဆက်နေရန် တားဆီးမည့်အစီအစဉ်ကို ချက်ချင်းလက်လျှော့လိုက်ပြီး ယွန်းဟန်ထံသို့သာ သူ၏အာရုံကို ပြောင်းလဲလိုက်ကာ သူ၏လက်များတွင် ချီ စွမ်းအင်များ တောက်ပစေလျက် ယွန်းဟန်ကို စတင်စစ်ဆေးကုသပေးတော့သည်။

လျူကျင်းနှင့် ရှောင်ဖန်းတို့သည် ကွင်းပြင်ထဲမှ နှေးကွေးစွာဖြင့် လှမ်းထွက်လာခဲ့ကြသည်။ အလွန်အမင်း နှေးကွေးလှစွာပင်။ သူတို့ ပွဲကြည့်ပရိသတ်များ၏ မျက်စိအောက်မှ ကွယ်လုနီးပါး ဖြစ်နေချိန်မှာပင် ထိုအသံကို ကြားလိုက်ရတော့သည်။

"ခ... ခဏစောင့်ပါဦး"

ဝူယန် သည် အလွန်အမင်း နေရခက်သော မျက်နှာထားမျိုးဖြင့် သူတို့ကို နောက်ထပ်တစ်ကြိမ် လှမ်းခေါ်လိုက်ပြန်သည်။

"ငါ့ယောက်ဖကို ဆေးကုသပေးဖို့ ခေါ်သွားနေတာကို မင်းမမြင်ဘူးလား"

"တောင်းပန်ပါတယ် သခင်လေး ရှောင်ဖန်း" ဟု ဝူယန်က သူတို့ထံသို့ လှမ်းလျှောက်လာရင်း ပြောလိုက်သည်။ ထို့နောက် ပိုမိုတိုးညင်းသော လေသံဖြင့် ဆက်ပြောသည်မှာ…

"ဒါပေမဲ့ ဒီကိစ္စက စောင့်လို့မရလို့ပါ။ သမားတော်အချင်းချင်း အနေနဲ့ သခင်လေးရဲ့ ယောက်ဖကို မေးခွန်းတစ်ခု မေးရပါမယ်။"

"အဲဒီလိုလား ဒါဆိုလည်း မြန်မြန်ပြောစမ်း"

ဝူယန်နှင့်မတူဘဲ ရှောင်ဖန်းသည် သူ၏အသံကို လျှော့ချရန် အနည်းငယ်မျှပင် ကြိုးစားခြင်း မရှိခဲ့ချေ။

"သခင်လေး ယွန်းဟန်နဲ့ တိုက်တုန်းက သုံးခဲ့တဲ့ အဆိပ်ချီအကြောင်း သိချင်လို့ပါ။ သူ့ကို ကုဖို့ အဲဒါ အရေးကြီးလို့" ဟု ဝူယန်က လျူကျင်း မနည်းကြားရလောက်သော လေသံဖြင့် ဆိုသည်။

"ပြောစရာ ဘာရှိလို့လဲ။ သာမန်အဆိပ်ချီပါပဲ" ဟု လျူကျင်းက ပုခုံးတွန့်ပြရင်း... "မင်းလိုလူကတော့ အေးဆေးကုနိုင်မှာပါ။ ဒါကြောင့်ပဲ မင်းက အရှေ့ဘက်ဆိပ်ကမ်းမြို့တော်ရဲ့ အတော်ဆုံး သမားတော်ကြီး ဝူ ရဲ့ သားဖြစ်နေတာပေါ့။ မင်းပညာ မင်းကြွားချင်နေတာ မဟုတ်ဘူးလား။ ချီစွမ်းအင်တောင် မသုံးတတ်တဲ့ သမားတော်ဆီမှာ ပညာသင်ခဲ့ရတဲ့သူက မင်းကို ဘာပြောနိုင်မှာမလို့လဲ" ဟု ပြန်လည်တုံ့ပြန်လိုက်သည်။

ဝူယန် ဘာမှပြန်မပြောနိုင်တော့ချေ။ လျူကျင်းသည်လည်း ထိုတိတ်ဆိတ်မှုကို ကာလအတန်ကြာ ဆွဲဆန့်ထားလိုက်တော့သည်။

"ဒါမှမဟုတ်..." ဟု လျူကျင်းက နောက်ဆုံးတွင် စကားစလိုက်ပြီး…

"မင်း ယွန်းဟန်ကို ဘယ်လိုကုရမလဲ မသိဘူးလို့ ပြောချင်တာလား။ အဲဒီလိုဆိုရင်တော့ ယွန်းဟန် အသက်မသေဘူးဆိုတာ ငါ အာမခံတယ်။ အချိန်တန်ရင် အဆိပ်က သူ့အလိုလို ပြယ်သွားမှာပဲ။ ဒါပေမဲ့ ပြိုင်ပွဲမပြီးခင် ပြယ်ပါ့မလားဆိုတာတော့ ငါ မသေချာဘူး။ အဲဒီလိုသာဆို ယွန်းဂိုဏ်းကတော့ ကြိုက်မှာမဟုတ်ဘူးနော်။"

ဝူယန်၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး ထိုအချက်ကို ရှောင်ဖန်း က သတိပြုမိသွားခဲ့သည်။

"တကယ်ပဲလား။ မင်းပညာက ဒီလောက်တောင် ညံ့တာလား။ အခု ယွန်းဟန်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့လူဆီမှာ လာပြီး တောင်းပန်တိုးလျှိုးနေရအောင်အထိလား"

ရှောင်ဖန်း၏ စကားလုံးများသည် တိုးညင်းခြင်း အလျဉ်းမရှိချေ။ ထိုစကားသံများသည် ပွဲကြည့်စင်၏ အဝေးဆုံးနေရာရှိ ထိုင်ခုံများအထိပါ ပျံ့လွင့်သွားခဲ့သည်။

လူတိုင်း ကြားလိုက်ရသည်။

လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။

ယွန်းဟန်နှင့် ရင်ဆိုင်ခဲ့သည့် တိုက်ပွဲသည် လုံးဝဥဿုံ အောင်မြင်မှု ရရှိသွားခဲ့ပြီ ဖြစ်သည်။

"ဒါက ငါတို့ မျှော်လင့်ထားတာထက်တောင် ပိုအဆင်ပြေသွားတယ်"

"ဝူယန် တစ်ယောက် ပျာယာခတ်သွားတာကိုး" ဟု လျူကျင်းက ပြောလိုက်သည်။ "ယွန်းဟန်ကို မကုနိုင်မှာ စိုးရိမ်ပြီး လန့်သွားတာ။ အဲဒီလိုသာမဟုတ်ရင် သူ လူပုံလယ်ခေါင်မှာ အကူအညီတောင်းဖို့ ဘယ်တော့မှ တွေးမှာမဟုတ်ဘူး။"

၎င်းတို့နှစ်ဦးသည် ရှောင်ဂိုဏ်း၏ သီးသန့်အခန်းဆီသို့ ပြန်လည်လျှောက်လှမ်းလာခဲ့ကြသည်။

"သူ့ကိုယ်သူရော ယွန်းဟန်ကိုပါ ဒီလောက်အထိ အရှက်ကွဲအောင် လုပ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။" ရှောင်ဖန်း၏ မျက်နှာထက်မှ အပြုံးမှာ လျူကျင်းတစ်ခါမျှ မမြင်ဖူးလောက်အောင် အစစ်မှန်ဆုံးသော အပြုံးမျိုး ဖြစ်နေခဲ့သည်။

"ဂုဏ်ယူပါတယ်ကွ.. မင်း တာဝန်ကို အပြစ်ပြောစရာမရှိအောင် အပြည့်အဝ လုပ်နိုင်ခဲ့တယ်။"

လျူကျင်းထံမှ အကူအညီတောင်းခံခြင်းအားဖြင့် ဝူယန်သည် သူ၏ကိုယ်ပိုင်ဆေးပညာအရည်အချင်းမှာ လျူကျင်း၏အဆိပ်ကို ချေဖျက်ရန် မလုံလောက်ကြောင်း ဝန်ခံလိုက်ရခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ယွန်းဟန်ကို လျူကျင်း၏ အကူအညီ လိုအပ်နေသည့် အခြေအနေမျိုးထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

လျူကျင်းကလည်း ထိုအကူအညီကို သဘာဝကျကျ ပေးအပ်ခဲ့ပြီးဖြစ်ရာ တစ်နေ့တည်းတွင်ပင် ယွန်းဟန်ကို နှစ်ကြိမ်တိုင်တိုင် အရှက်ရစေခဲ့သည်။

အမှန်အတိုင်းပြောရလျှင် လျူကျင်းသည် သူ့ကို ဆေးကုသပေးနေစဉ်အတွင်း ယွန်းဟန်အနေဖြင့် သူ့အပေါ် ဝင်ရောက်တိုက်ခိုက်ခြင်းမပြုဘဲ ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့သည့်အပေါ် အံ့အားသင့်မိနေသည်။

"ငါလည်း အဲဒီလိုပဲ ထင်ပါတယ်"

ရှောင်ဖန်းက သူ့ကို စေ့စေ့ကြည့်ရင်း... "မင်းပုံစံက ပျော်နေတဲ့ပုံ မပေါက်ပါလား။ ယွန်းဟန်ကို နိုင်လုနီးပါးအထိ တိုက်နိုင်ခဲ့တာလေ။ မင်းကိုယ်မင်း ဒီထက်ပိုပြီး ဂုဏ်ယူနေလိမ့်မယ်လို့ ငါ ထင်ထားတာ" ဟု ဆိုသည်။

"ငါ့မှာ ဂုဏ်ယူစရာ အကြောင်းရှိလား မရှိဘူးလားဆိုတာ ငါကိုယ်တိုင်တောင် မသေချာဘူး" ဟု လျူကျင်းက ရိုးရိုးသားသား ပြန်လည်ဖြေကြားလိုက်သည်။

သူသည် ယွန်းဟန်ကို တမင်တကာ မျှားခေါ်ခဲ့သည်၊ သူ၏ ဒေါသကို ဆွပေးခဲ့သည်၊ ပြီးတော့ သူ့ကို အရှက်ခွဲခဲ့ပြန်သည်။

ဒါက တကယ်ပဲ ဝမ်းသာပျော်ရွှင်ရမည့် အရာမျိုးလား သူဝေခွဲမရချေ။

ရှောင်ဖန်းက သက်ပြင်းချလိုက်ရင်း... "မင်းကို ငါ တကယ် နားမလည်နိုင်တော့ဘူး။ ထားလိုက်ပါတော့... မင်းအတွက်ပါပေါင်းပြီး ငါ ပျော်လိုက်ပါ့မယ်" ဟု ဆိုသည်။

ယခုတစ်ကြိမ်တွင်မူ ရှောင်ဖန်းကို မျက်စိတစ်ဆုံး လှမ်းကြည့်လိုက်သူမှာ လျူကျင်း ဖြစ်သည်။

"မင်းရော အဆင်ပြေပါ့မလား"

အကြောင်းမူကား လျူကျင်းသည် ပြိုင်ပွဲအတွင်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း ရှောင်ဖန်းကမူ ပြိုင်ပွဲအတွင်း၌ ရှိနေဆဲ ဖြစ်သောကြောင့်ပင်။ ယနေ့တွင် ယွန်းဟန်နှင့် ဝူယန်တို့ နှစ်ဦးစလုံး အရှက်ခွဲခြင်း ခံခဲ့ရသည်။ ၎င်းတို့သည် ပြိုင်ပွဲမှတစ်ဆင့် လျူကျင်းအပေါ် လက်စားချေနိုင်ခြင်း မရှိတော့သော်လည်း ရှောင်ဖန်းမှာမူ ၎င်းတို့အတွက် တရားဝင် တိုက်ခိုက်နိုင်မည့် ပစ်မှတ်တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

“မင်းက ငါ့အတွက် စိုးရိမ်ပေးဖို့ မလိုသေးပါဘူးကွာ။ မင်းတာဝန် မင်း ကျေပွန်အောင် လုပ်ပြီးပြီပဲ။ ကျန်တာတော့ ငါ့ဘာသာငါ ရှင်းလိုက်ပါ့မယ်။”

All Chapters