← Chapters

အခန်း ၅၉

Vol. 7 Ch. 59

အခန်း ၅၉

Vol. 7 Ch. 59

အခန်း ၅၉။ သီးသန့် ဖြစ်တည်မှု

“ငါ့သား ဘာဒဏ်ရာမှ မရှိနေတာ မြင်ရတော့ အဖေ ဝမ်းသာတယ်။”

“အဖေ့ကို စိတ်ပူအောင် လုပ်မိလို့ ကျွန်တော်တောင်းပန်ပါတယ် ”

သားအဖနှစ်ဦးသည် စကားတစ်ခွန်းမှ မဆိုဘဲ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။ မည်သည့်စကားမျှ မပြောသော်လည်း သူတို့နှစ်ဦးသည် အချင်းချင်း၏ စိတ်ကို အကြွင်းမဲ့ နားလည်နေကြသည်။ မျက်နှာရိပ်မျက်နှာကဲ အနည်းငယ်မျှ လှုပ်ခတ်သွားခြင်းကပင် စကားလုံးပေါင်း ရာထောင်ချီထက် ပို၍ အဓိပ္ပာယ်လေးနက်စေရာ၊ ၎င်းက သူတို့သားအဖနှစ်ဦး မည်မျှအထိ ရင်းနှီးနီးကပ်မှု ရှိကြောင်း သက်သေတစ်ခုပင် ဖြစ်တော့သည်။

“သမားတော်ကြီးလျူ... အဲဒါတော့ လုံးဝမှားနေပြီနော်။”

ဇူအန်အတွက်မူ ကံမကောင်းစွာဖြင့် ထိုသူနှစ်ဦးစလုံး၏ စိတ်အခြေအနေကို လုံးဝ ရိပ်မိနိုင်စွမ်း မရှိချေ။

“သူ့အပေါ်မှာ အဲဒီလောက်အထိ လိုက်လျော နားလည်ပေးလို့ မရဘူးရှင့်” ဟု သူမက လျူကျင်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

“တကယ်လို့ သမားတော်ကြီးက အဲလိုသာ အလိုလိုက်နေရင် အစ်ကိုလျူက နောက်လည်း ဒီလိုမျိုး ထပ်လုပ်ဦးမှာပဲ။ အဲဒါမျိုးသာ ထပ်ဖြစ်ရင်တော့ ကျွန်မဖြင့် မအိုသင့်ခင် အိုရတော့မှာ။”

စိတ်ပျက်လက်ပျက် ဖြစ်နေသော ဇူအန်ကို ကြည့်ပြီး လျူကျန့်ကော်က နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။

“စိုးရိမ်တာကတော့ သဘာဝပါပဲ။ ပြိုင်ပွဲဆိုတာ အန္တရာယ် သိပ်များတာကိုး။ ဒါပေမဲ့ အဲဒီလို ဖြစ်လာနိုင်တာကို ကျုပ်ဘက်က ကြိုတင်ပြီး လက်ခံထားပြီးသားပါ။”

“ကြိုတင်လက်ခံထားတယ် ဟုတ်လား...”

ဇူအန်နှင့် တစ်ချိန်တည်း ပြိုင်တူပြောမိသွားကြောင်း သတိပြုမိလိုက်သောအခါ လျူကျင်းတစ်ယောက် မျက်တောင်တခတ်ခတ်ဖြင့် ရှက်သွေးဖြာသွားတော့သည်။ သူ့အဖေက ခေါင်းညိတ်ပြ၏။

“မင်းကို အရင်က ပြောခဲ့ဖူးသလိုပါပဲ သားရာ... ဒါက အဖေ ပထမဆုံးအကြိမ် မြင်ဖူးတဲ့ ပြိုင်ပွဲမှ မဟုတ်တာ။”

၎င်းမှာ အရင်က ပြောခဲ့သည့် စကားမျိုးနှင့်တော့ ကွက်တိမကျလှပေ။ ပြိုင်ပွဲမစတင်မီက သူ့အဖေသည် ပြိုင်ပွဲများတွင် ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများကို လျူကျင်းအား ပြောပြနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဇူအန် ရှိနေခြင်းကြောင့် သူ့အဖေအနေဖြင့် ထိုအတိတ်အကြောင်းအရာများကို ယခုအချိန်တွင် ဆက်၍ပြောပြလိမ့်မည်မဟုတ်ချေ။

လျူကျင်းတစ်ယောက် ရှောင်ဖန်းနှင့် ညဉ့်နက်သန်းခေါင် စကားလက်ဆုံကျခဲ့မိသည်ကို ပထမဆုံးအကြိမ် မဟုတ်ဘဲ ထပ်မံ၍ ကျိန်ဆဲမိပြန်သည်။ ထိုသို့သာ မဟုတ်ခဲ့လျှင် မနေ့ကတည်းက သူ့အဖေနှင့် ဤထက်ပို၍ စကားများများစားစား ပြောဖြစ်ခဲ့ပေလိမ့်မည်။

သူ့အဖေ၏ အတိတ်သမိုင်းကြောင်းမှာမူ ယခုအချိန်အထိ ရေငွေ့ပျံသကဲ့သို့ ဖမ်းဆုပ်ရခက်ခဲမြဲ ခက်ခဲနေဆဲပင် ဖြစ်ပုံရသည်။

“ပြိုင်ပွဲတစ်ခုရဲ့ ဖိအားတွေက လူတွေကို ဘယ်လိုအခြေအနေအထိ တွန်းပို့ပစ်နိုင်သလဲဆိုတာ အဖေ မြင်ဖူးပါတယ်... အထူးသဖြင့် မင်းတို့လို ငယ်ရွယ်သေးတဲ့သူတွေကိုပေါ့။ ရည်မှန်းချက်တွေ၊ အာဃာတတွေ၊ မျှော်လင့်ချက်တွေဆိုတာ တကယ်တော့ အန္တရာယ်ကြီးတဲ့ ပေါင်းစပ်မှုတစ်ခုပဲ။ မင်း ပြိုင်ပွဲဝင်မယ်လို့ အဖေ့ကို ပြောကတည်းက ဒီလိုမျိုးတစ်ခုခု ဖြစ်လာလိမ့်မယ်လို့ ကြိုတင်တွေးဆထားပြီးသားပါ။ မင်းက အဖေ့ရဲ့ သားပဲလေ... ကံမကောင်းချင်တော့ အဖေ့ရဲ့ ခေါင်းမာတဲ့ အကျင့်တွေကို တော်တော်လေး အမွေရထားတာကိုး။”

ဒါကတော့...

လျူကျင်း မျက်မှောင်ကြုတ်မိသွားသည်။

သူ့အဖေ ပြောတာ တကယ်ပဲ မှန်နေတာလား။

လျူကျင်းအနေဖြင့် ယွန်းဟန်နှင့် စင်ပေါ်တက် ပြိုင်ဆိုင်ခဲ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ရှောင်နန် ပေးအပ်ခဲ့သော တာဝန်ကြောင့်သာ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်ပြောချင်မိသည်။ အကယ်၍ ထိုသို့ ဆွေးနွေးမှုသာ မရှိခဲ့လျှင်... ထို့နောက် ရှောင်ဖန်းကိုလည်း ဘာမှ မဟမိခဲ့လျှင်မူ သူသည် ယွန်းဟန်နှင့် ဧကန်မုချ တိုက်ခိုက်ဖြစ်မည် မဟုတ်ချေ။

ထိုမေးခွန်းကို ချက်ချင်းပင် မဖြေနိုင်ခြင်းက လျူကျင်းကို စတင်စိုးရိမ်ပူပန်လာစေသည်။

ရှောင်နန်သာ သူ့ကို ဘာမှ လာမပြောခဲ့ပါက သူ ယွန်းဟန်နှင့် တိုက်ခိုက်ဖြစ်ရန် ရာခိုင်နှုန်း တော်တော်များများ သေချာနေသည်...ဖြစ်နိုင်ချေ အလွန်ပင် ရှိနေသည်။ သို့မဟုတ် သူ့စိတ်ထဲတွင် ထိုတိုက်ပွဲ ဖြစ်လာစေရန် အလိုရှိနေသည့် အစိတ်အပိုင်းတစ်ခု ရှိနေပြီး၊ ပြိုင်ပွဲကြီးက ထိုအရာအတွက် အခြေအနေ ဖန်တီးပေးလိုက်ရုံသက်သက်လည်း ဖြစ်နိုင်ပေသည်။

ဤအတွေးမျိုးက လျူကျင်းအတွက် သက်သောင့်သက်သာ မရှိစေသော်လည်း အလွယ်တကူ ပယ်ချပစ်၍ရသော အရာမျိုးတော့ မဟုတ်ချေ။ ပို၍ တွေးတောမိလေလေ၊ ထိုအတွေးက ပို၍ မှန်ကန်နေသယောင် ရှိလေလေပင်။

တကယ်တော့ သူကိုယ်တိုင်ကပင် ယွန်းဟန်နှင့် တိုက်ခိုက်ချင်နေခဲ့ခြင်း ဖြစ်နိုင်သည်။

သူက တကယ်ပဲ ခေါင်းမာတတ်သည့် သူတစ်ယောက် ဖြစ်နေ၍လား...။

“သမားတော်ကြီးလျူက အဲဒါကို သိနေခဲ့တာဆိုရင် ဘာလို့ အစ်ကိုလျူကို ပြိုင်ပွဲဝင်ခွင့် ပြုခဲ့ရတာလဲဟင်။”

ဇူအန်၏ လေသံမှာ အပြစ်တင်စောင်းမြောင်းနေခြင်းမျိုး မဟုတ်ဘဲ အမှန်တကယ်ပင် ဝေခွဲမရ ဖြစ်နေခြင်းသာ။ ယွန်းဟန်နှင့် တိုက်ခိုက်ပြီးနောက်တွင် လျူကျင်း၏ အဖေထံမှ ယခုထက် ပို၍ ပြင်းထန်သော တုံ့ပြန်မှုမျိုးကို မျှော်လင့်ထားခဲ့မိသဖြင့် သူမ စိတ်ရှုပ်ထွေးနေရခြင်း ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် လျူကျင်းကိုယ်တိုင်လည်း ထိုသို့ပင် မျှော်လင့်ထားခဲ့မိသည်။

“ဇူအန်ရယ်၊ ဦးက ကိုယ့်သား စွမ်းရည်အပေါ်မှာ အပြည့်အဝ ယုံကြည်မှု ရှိလို့ ပေါ့။ တကယ်လို့ စိတ်ထဲမှာ တစ်မျိုးတစ်ဖုံ ခံစားခဲ့ရမယ်ဆိုရင်တော့ သူ့ကို ပြိုင်ပွဲမဝင်ဖို့ ဦး တားမြစ်ခဲ့မှာပေါ့။”

အကယ်၍ အဖေကသာ တားမြစ်ခဲ့မည်ဆိုလျှင် လျူကျင်းအနေဖြင့် မည်သည့်မေးခွန်းမျှ မမေးဘဲ စကားနားထောင်ခဲ့မည်မှာ အသေအချာပင် ဖြစ်သည်။

သူသည် ရှောင်နန်ကို မည်မျှပင် ခင်မင်နှစ်သက်သည် ဖြစ်စေ၊ ရှောင်နန်နှင့် သူ့ဖေဖေ နှစ်ဦးအကြား ရွေးချယ်ရမည်ဆိုလျှင်မူ တွေးတောနေစရာပင် မလိုသည့် ကိစ္စတစ်ခု ဖြစ်ပေသည်။

ဇူအန်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်လိုက်မိရာ ဆံပင်အချို့က မျက်နှာပေါ်သို့ ဝဲကျလာတော့သည်။

“သမားတော်ကြီးလျူရယ်... အခုအချိန်မှာ အဲဒီလောက်အထိ အလိုမလိုက်ပါနဲ့ဦးရှင့်။ အစ်ကိုလျူ နောက်တစ်ခါ အဆင်အခြင်မဲ့ မလုပ်ရဲအောင် တစ်ခုခု ခြောက်လှန့်ပြောထားဖို့ လိုနေတာပါ။”

လျူကျင်းက သူမ၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ရင်း...

“နောက်တစ်ခါကျရင် ငါ ပိုပြီး သတိထားပါ့မယ်လို့ ကတိပေးပါတယ်”

“နောက်တစ်ခါဆိုတာမျိုး မရှိအောင် အာမခံပေးရမှာရှင့် အစ်ကိုလျူရဲ့။”

“ဒါကတော့... နောက်တစ်ခါ ထပ်မဖြစ်တော့ပါဘူးလို့ ငါ အတတ်လဲ အာမမခံနိုင်ဘူးလေ။”

“ကျွန်မကို ညာပြောဖို့တောင် အားမနာတော့ဘူးပေါ့။ အစ်ကိုလျူကတော့ တကယ်ပဲ နှလုံးသားမရှိတဲ့ ခေါင်းဆောင်ဖြစ်သွားပြီ။”

ဇူအန်က လေသံကို နှိမ့်၍ ပြောဆိုနေခြင်း မဟုတ်သော်လည်း သူတို့နှစ်ဦး၏ အသေးအဖွဲ အငြင်းပွားမှုက ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခြင်း မရှိချေ။ သူတို့ ရောက်ရှိနေသည်မှာ ရှောင်ဂိုဏ်း၏ သီးသန့်အခန်းထဲတွင် မဟုတ်ဘဲ လူအုပ်ကြီး၏အလယ်တွင် ထိုင်နေခြင်းဖြစ်သည်မို့ ဤအချက်က တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

ထိပ်သီး (၁၆) ယောက် စာရင်းဝင် တိုက်ခိုက်ရေးသမား နှစ်ဦး ရှိနေခြင်းကပင် လူအုပ်ကြီးအကြား အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေရန် လုံလောက်သည်ဟု လူတိုင်း ထင်မှတ်မိပေလိမ့်မည်။ အထူးသဖြင့် လျူကျင်းဆိုလျှင် ယခုပြိုင်ပွဲကြီးတစ်ခုလုံး၏ အကောင်းဆုံးပွဲစဉ် ဖြစ်လာခဲ့သည့် ယွန်းဟန်နှင့် တိုက်ပွဲကို ပြီးခဲ့သည့် မိနစ်ပိုင်းအလိုကမှ ဆင်နွှဲခဲ့ခြင်း မဟုတ်ပါလော။

မည်သို့ပင် ဖြစ်စေ... သူတို့ ရှိနေခြင်းက ပတ်ဝန်းကျင်ရှိ လူအများ၏ အာရုံကို ဖမ်းစားထားနိုင်ရမည် ဖြစ်သည်။

သို့သော် တကယ်တမ်း၌မူ ထိုသို့ ဖြစ်မနေခဲ့ချေ။

၎င်းမှာ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရန် ထူးခြားဆန်းပြားသော စွမ်းရည်တစ်ခုခုကို အသုံးပြုထားခြင်းကြောင့် မဟုတ်သလို၊ တစ်လောကလုံးတွင် တစ်ခုတည်းသာရှိသော ရတနာ သို့မဟုတ် ဆေးလုံးတစ်မျိုးမျိုးကို သုံးထား၍လည်း မဟုတ်ပေ။ အမှန်တော့ သူတို့ လူမသိသူမသိ ဖြစ်နေရသည့် အကြောင်းရင်းက ထင်ထားသည်ထက် ပို၍ ရိုးရှင်းလွန်းလှသည်။

သူတို့ ဝတ်စုံ လဲလိုက်ကြရုံမျှသာ ဖြစ်သည်။

ဇူအန်နှင့် လျူကျင်းတို့သည် ရှောင်ဂိုဏ်း၏ ဝတ်ရုံများကို ဝတ်ဆင်မထားကြတော့ချေ။ ထို့ပြင် လူအုပ်ကြားထဲတွင် ထင်ပေါ်ခြင်းမရှိစေမည့် သာမန်ဝတ်ရုံ အရိုးရှင်းဆုံးကိုသာ လဲလှယ်ဝတ်ဆင်ထားကြသည်။ လူတွေ သတိမမူမိဘဲ ကျော်ဖြတ်သွားရန်အတွက် ဤအချက်ကလေးကတင် လုံလောက်နေခဲ့တော့သည်။

ဤမျှလောက်အထိ လွယ်ကူနေခြင်းက မဖြစ်နိုင်သယောင် ထင်မှတ်စရာပင်။ အဆုံးစွန်၌မူ လျူကျင်းနှင့် ဇူအန်တို့သည် လွန်ခဲ့သော မိနစ်ပိုင်းအနည်းငယ်ခန့်ကတင် သူတို့ကို အားပေးကြွေးကြော်ခဲ့ကြသည့် လူအုပ်ကြီး၏အလယ်ထဲတွင်ပင် ရှိနေကြခြင်း ဖြစ်သည်။

သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူတို့ကို သတိမမူမိကြချေ။

ဇူအန်နှင့် လျူကျင်းတို့သည် ရှောင်ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်ကြသော်လည်း အမှန်တကယ်၌မူ လူအုပ်ကြီးထဲတွင် ရောနှောနေသည့် လူငယ်နှစ်ဦးမျှသာ ဖြစ်သည်။

ရှောင်ဂိုဏ်း၏ ဝတ်ရုံများ မရှိတော့သည့်အခါ သူတို့အနေဖြင့် မိမိတို့၏ ကျင့်ကြံခြင်း စွမ်းအင်လှိုင်း ကို ထိန်းချုပ်ထားသရွေ့ အခြားသူများနှင့် ခွဲခြားနိုင်မည့် အမှတ်အသားဟူ၍ မရှိတော့ချေ။

လူအများက သူတို့ တိုက်ခိုက်သည်ကို မြင်တွေ့ခဲ့ကြဖူးသော်လည်း ၎င်းမှာ ဘေးကင်းသော အကွာအဝေးတစ်ခုမှ လှမ်းကြည့်ခဲ့ကြခြင်းသာ ဖြစ်သည်။ အကယ်၍ သူတို့၏ မျက်နှာများကို အသေအချာ အနီးကပ် စိုက်ကြည့်မိမည်ဆိုလျှင်မူ ဤနှစ်ဦးကို မှတ်မိသွားကြကောင်း သွားနိုင်ပေလိမ့်မည်။ သို့သော်လည်း မည်သူ့တွင်မှ သူတို့ကို အာရုံစိုက်နေရမည့် အကြောင်းပြချက် မရှိချေ။ လူတိုင်းက လျူကျင်းနှင့် ယွန်းဟန်တို့၏ ပွဲစဉ်အကြောင်းကိုသာ အချင်းချင်း မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြပြီး၊ သို့မဟုတ်ပါက ကွင်းအလယ်တွင် စင်အသစ်တစ်ခုကို မည်သို့ ပြင်ဆင်နေကြသည်ကိုသာ ငေးမောကြည့်ရှုနေကြတော့သည်။

ယွန်းဟန်၏ ဝိညာဉ်ခွဲ လက်ဝါးစောင်း တိုက်ကွက်၏ စွမ်းပကားကြောင့် တိုက်ခိုက်ရေးစင်မြင့်ကြီးမှာ တစ်စစီ ပျက်စီးသွားခဲ့ရပြီး၊ ထို့နောက်တွင်လည်း ယွန်းဟန်၏ ဒေါသအဟုန်ကြောင့် စင်မြင့်မှာ ထက်ပိုင်းကျိုးကာ ပို၍ပင် ကြေမွပျက်စီးသွားခဲ့ရသည်။ လျူကျင်း ဖျက်ဆီးခဲ့မှုက ထိုမျှလောက် မပြင်းထန်သော်လည်း သူ၏ အဆိပ်စွမ်းအင်က ပျက်စီးနေသော ကျောက်တုံးကျောက်ခဲအချို့ကို အရည်ပျော်သွားစေခဲ့သည်။ ထို့ကြောင့် ပျက်စီးသွားသော စင်မြင့်ဟောင်းကို ဖယ်ရှားကာ စင်မြင့်အသစ်တစ်ခုနှင့် အစားထိုးရန် ပြင်ဆင်နေကြစဉ်အတွင်း ပြိုင်ပွဲကြီးမှာ ခေတ္တခဏ ရပ်နားထားရသည့် အခြေအနေသို့ ရောက်ရှိနေတော့သည်။

တကယ်တော့ ၎င်းကို ထိုင်ကြည့်နေရခြင်းမှာ အတော်လေး စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။

ရှောင်ဂိုဏ်းမှ တစ်ဦးနှင့် ယွန်းဂိုဏ်းမှ တစ်ဦးဖြစ်သော အသက်ကြီးတပည့်နှစ်ဦးက စင်မြင့်ပျက်စီးပုံများကို ရှင်းလင်းပြီးနောက်၊ ဧရာမ ကျောက်တုံးစင်မြင့်ကြီးကို ပုခုံးပေါ်ထမ်းကာ ကွင်းထဲသို့ သယ်ဆောင်လာကြသည်ကို ကြည့်ရင်း ပရိသတ်များက အံ့ဩတသံ တစီစီ မြည်ဟီးနေကြတော့သည်။

“ဒါနဲ့မင်း ကွင်းထဲ ဆင်းမသွားရသေးဘူးလား...”

စကားလမ်းကြောင်း လွှဲလိုက်ရန် မျှော်လင့်ချက်ဖြင့် လျူကျင်းက မေးလိုက်ပြီး အသစ်ပြင်ဆင်ပြီးစီးသွားသည့် စင်မြင့်ဆီသို့ ညွှန်ပြလိုက်သည်။ အဆုံးစွန်၌မူ ဇူအန်သည်လည်း ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်နေဆဲ မဟုတ်ပါလော။

“ဆင်းသွားလည်း အပိုပါပဲရှင်...” ဇူအန်က စိတ်ပျက်လက်ပျက်ဖြင့် စုတ်သပ်လိုက်ရာ သူမ၏ မျက်နှာထက်တွင် မှောင်မှောင်မှိုင်မှိုင် အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။

“ကျွန်မရဲ့ နောက်တစ်ပွဲက ‘နှာခေါင်းကြီး’ နဲ့ တိုးနေတာ။”

လျူကျင်း မျက်တောင်တခတ်ခတ် ဖြစ်သွားရပြန်သည်။

‘နှာခေါင်းကြီး’ လီသည် အမှန်တကယ် သန်မာသူဖြစ်သော်လည်း ဇူအန်အနေဖြင့် သူမ၏ ရှုံးနိမ့်မှုကို ကြိုတင်လက်ခံထားရလောက်သည့်အထိတော့ မဟုတ်ချေ။ သူတို့နှစ်ဦးအကြား မည်သည့်တိုက်ပွဲမဆို အကြိတ်အနယ် ရှိမည်ဖြစ်ပြီး လျူကျင်း၏ ဘက်လိုက်တွေးတောမှုကြောင့်လည်း ဖြစ်နိုင်သော်လည်း များသောအားဖြင့် ဇူအန်သာ အနိုင်ရလေ့ရှိသည်။

“ကျွန်မတို့နှစ်ယောက်စလုံးက ရှောင်ဂိုဏ်းရဲ့ တပည့်တွေဖြစ်နေတော့... ‘ကျောက်၊ စက္ကူ၊ ကတ်ကြေး’ ညှပ်ပြီးပဲ ပွဲပြတ်အောင် လုပ်လိုက်ကြတယ်လေ။”

ဇူအန်က အကြည့်လွှဲလိုက်ရင်း တိုးညှင်းသော လေသံလေးဖြင့် ထပ်လောင်းပြောသည်။

“သူ ကျောက် ထုတ်မယ်လို့ ကျွန်မ အပိုင်တွက်ထားခဲ့တာ...။”

ဩော်... အဲဒါကြောင့်ကိုး။ နှမြောစရာ ကောင်းလိုက်လေခြင်း။

“ကျွန်မပဲ အရှုံးပေးမယ်လို့ နှစ်ယောက်သား သဘောတူထားပြီးသားဆိုတော့ အောက်ကို ဆင်းသွားလည်း ဘာမှ ထူးမှာမဟုတ်တော့ဘူး။”

ဇူအန်က ထိုအကြောင်းကို ဘာမှမဖြစ်သယောင် ပေါ့ပေါ့ပါးပါး ပြောရန် ကြိုးစားနေသော်လည်း ဟန်ဆောင်မှုအောက်တွင် ရှိနေသည့် သူမ၏ စိတ်ပျက်လက်ပျက် ဖြစ်နေမှုကို လျူကျင်း ကောင်းကောင်း ရိပ်မိနိုင်သည်။

“ဒါကပဲ ပိုကောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်...” လျူကျင်းက ပြောလိုက်သည်။

“မင်း သူ့ကို နိုင်ခဲ့ရင်တောင် နောက်တစ်ပွဲက ယွန်းဟန်နဲ့ တိုးမှာလေ။”

ဇူအန်က သူ့ကို မျက်မှောင်ကုတ်ကာ စိုက်ကြည့်လိုက်ရင်း...

“အစ်ကိုလျူရယ်... ကျွန်မက အသက်ရှင်ရတာကို ငြီးငွေ့နေသေးတာ မဟုတ်ဘူးရှင့်။ အခုရှိနေတဲ့ ယွန်းဟန်ရဲ့ အခြေအနေမျိုးနဲ့ဆိုရင် အစ်ကိုလျူနဲ့ သခင်လေးရှောင်ဖန်းတို့ နှစ်ယောက်ပဲ သူနဲ့ယှဉ်တိုက်ရဲတာ..”

သူမ ဖွင့်ဟမပြောခဲ့သည့် စကားမှာမူ... ရှောင်ဖန်းက လျူကျင်းနှင့်မတူဘဲ ယွန်းဟန်၏ရန်မှ မိမိကိုယ်ကိုယ် အမှန်တကယ် ကာကွယ်နိုင်စွမ်းရှိသည်ဟူသော အချက်ပင် ဖြစ်သည်။

လျူကျင်း တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုက သူ့အမြင်အာရုံထဲသို့ ဖြတ်ပြေးဝင်လာခဲ့သည်။

“ခဏလေးနော်...”

သူက မတ်တတ်ထရပ်ရင်း ပြောလိုက်ကာ သူ့အဖေရှိရာဘက်သို့ ဦးညွှတ်ပြလိုက်သည်။ “ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်။”

ဇူအန် တစ်စုံတစ်ခု လှမ်းပြောရန် ကြိုးစားလိုက်သော်လည်း သူကမူ လူအုပ်ကြားထဲတွင် အဝေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်တော့သည်။

“မင်း ဒီမှာ ရှိနေသေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”

“ အော် မရှိစရာလားရှင်.. ပြိုင်ပွဲတွေဆိုတာ လူတွေကို ဖျော်ဖြေဖို့ လုပ်ထားတာလေ။ ကျွန်မလည်း ဖျော်ဖြေမှု ရချင်လို့ စောင့်ကြည့်နေတာ။”

“ဒါဆို မင်း မျှော်လင့်ထားသလောက်ကော အားရကျေနပ်မှု ရခဲ့ရဲ့လား။”

“အို... သေချာတာပေါ့။ ရှင်က တော်တော်လေး ဖျော်ဖြေမှုပေးနိုင်တယ်ဆိုတာ သက်သေပြလိုက်တာပဲ။”

ဆုန်ဒိုင်ယု၏ အပြုံးက လျူကျင်း သဘောမကျနိုင်လောက်အောင်ပင် ကျေနပ်အားရမှု အပြည့် ရှိနေသည်။

“ပြိုင်ဘက်တစ်ယောက်ကို လူပုံလယ်ခေါင်မှာ အရှက်ခွဲရတဲ့ အခွင့်အရေးက ခဏခဏ ရတာ မဟုတ်ဘူး။ ဂုဏ်ယူပါတယ်နော်။”

လျူကျင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“စိတ်မကောင်းစရာပဲ... ငါကတော့ ဒီလိုမျိုး သဘောမကျဘူး။ အဲဒါမျိုးက မင်းနဲ့ ငါ့ယောက်ဖက အတော်လေး အကျင့်တူကြတာပဲ၊ ”

လျူကျင်းက ရှောင်ဖန်း၏ ပွဲစဉ် စတင်နေပြီဖြစ်သော စင်မြင့်ရှိရာဘက်သို့ မေးထိုးပြလိုက်သည်။ ထိုပွဲက စက္ကန့်အနည်းငယ်ထက် ပိုကြာလိမ့်မည်မဟုတ်ကြောင်း သူ စိတ်ထဲက သိနေသည်။

“မဖြစ်နိုင်တာ...”

ဆုန်ဒိုင်ယုက သူမ၏ ရင်ဘတ်ပေါ်သို့ လက်တစ်ဖက် တင်လိုက်ရင်း အားကိုးရာမဲ့ဟန် ဆောင်လိုက်သည်။

“ကျွန်မလို မိန်းမပျိုလေးက အဲဒီလို လူကြမ်းကြီးနား ရောက်သွားရင် ဘာဖြစ်မလဲ ရှင် တွေးကြည့်စမ်းပါ။”

လျူကျင်းက သူမကို မျက်မှောင်ကုတ်ကာ စိုက်ကြည့်လိုက်တော့သည်။

“မသိဘူးလေ... တကယ်လို့ အဲဒီလိုသာ ဖြစ်လာရင် ငါ့ယောက်ဖအတွက်ပဲ ပိုစိုးရိမ်ရလိမ့်မယ် ထင်တယ်။”

“ရှင်က တော်တော် လျှာစောင်းထက်တာပဲ။ နားထောင်လို့ ကောင်းသလောက် ရင်ဘတ်ထဲ အောင့်သွားတာပဲ။”

“အဲဒါတွေ ထားလိုက်ပါတော့...”

သူမ၏ စကားနောက်သို့ မျောပါသွားနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့် လျူကျင်းက စကားလမ်းကြောင်း လွှဲလိုက်ရသည်။ ဤသို့ စကားနာထိုးနေရသည်မှာ ပျော်စရာကောင်းသော်လည်း ယခုအချိန်တွင် ပို၍ အရေးကြီးသော ကိစ္စရပ်များ ရှိနေသေးသည်။

“မင်း ဒီနေ့ ဒီကိုလာတာ ဘယ်လောက်အထိ စိတ်ချရလဲလို့ ငါ တွေးမိလို့ပါ။ အခု ယွန်းဂိုဏ်းကလူတွေ ဒေါသထွက်နေကြတာ။”

ဆုန်ဒိုင်ယုသည် မနေ့ကတင် ယွန်းဂိုဏ်း၏ တပည့်တစ်ဦးကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် သာမန်အတွင်းစည်းတပည့်တစ်ဦး ရှုံးနိမ့်သွားခြင်းက ထူးပြီး အရေးပါလှသည်တော့ မဟုတ်ချေ။ အနည်းဆုံးတော့ ယွန်းဟန်နှင့် ရှောင်ဖန်းတို့၏ တိုက်ပွဲကြီးက ရှေ့မှောက်တွင် စောင့်ကြိုနေသည့် အချိန်မျိုးတွင်ပေါ့။

သို့သော်လည်း ယွန်းဟန်နှင့် လျူကျင်းတို့၏ တိုက်ပွဲကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

ထိုသို့သော အခြေအနေဆိုးတစ်ခု ဖြစ်ပျက်သွားပြီးနောက်တွင်မူ ယွန်းဂိုဏ်းအနေဖြင့် စံပြအဖြစ် အပြစ်ပေးရန်အတွက် တစ်စုံတစ်ဦးကို ရှာဖွေနေပေလိမ့်မည်။ ပုံမှန်အားဖြင့်ဆိုလျှင် ယွန်းဂိုဏ်းအနေဖြင့် ဆုန်ဒိုင်ယုကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးကို ပြောင်ပြောင်တင်းတင်း ထိပါးရဲလိမ့်မည်မဟုတ်သော်လည်း လတ်တလောတွင်မူ ယွန်းဂိုဏ်းက သူမ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိကြသေးချေ။ ထို့ကြောင့် သူတို့ဘက်က သူမကို မတော်တဆ ထိခိုက်အောင် လုပ်မိသွားနိုင်သည့် ဖြစ်နိုင်ခြေမှာ နည်းလှသည်တော့ မဟုတ်ပေ။

သို့သော်လည်း ဆုန်ဒိုင်ယု၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်မျိုး လုံးဝ မရှိချေ။ ပြောရလျှင် သူမက အနည်းငယ်ပင် စိတ်ပျက်နေပုံရသည်။

“အာ... အဲဒါကတော့ မကောင်းဘူးလေ။ ပိုပြီး ပါးနပ်တဲ့ ယောက်ျားဆိုရင် ယွန်းဂိုဏ်းရဲ့ ဒေါသကို ကျွန်မဆီ ဦးတည်အောင် လုပ်မှာပေါ့။ တကယ်လို့ သူတို့သာ ဆုန်မျိုးနွယ်စုရဲ့ သမီးပျိုကို ထိပါးရဲရင် ဘယ်လောက်တောင် ပြာယာခတ်သွားမလဲ ရှင် တွေးကြည့်စမ်းပါ။”

“အဲဒီလို အရှုပ်အထွေးတွေက ငါ စိတ်ဝင်စားတဲ့အရာတွေ မဟုတ်ဘူး။”

ဆုန်ဒိုင်ယုက နှုတ်ခမ်းဆူလိုက်ရင်း...

“ဟွန့် တိုက်ခိုက်တာကလွဲရင် ရှင်က တကယ့်ကို ပျင်းစရာကောင်းတာပဲရှင်။”

“မင်း ပြောချင်သလိုသာပြောတော့၊ ငါက မင်းကို အန္တရာယ်ထဲ တွန်းပို့တာကို ဖျော်ဖြေမှုတစ်ခုလို့ သဘောမထားနိုင်ရုံသက်သက်ပါ။”

“အန္တရာယ် ဟုတ်လား...”

ဆုန်ဒိုင်ယုက ရယ်မောလိုက်ရင်း...

“ဒီကွင်းထဲက ယွန်းဂိုဏ်းသားတွေက ကျွန်မကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ ရှင် တကယ်ထင်နေတာလား။ ကျွန်မက ရှင့်ကို ပါးနပ်လွန်းလို့ သဘောကျ‌ နေပါတယ်ဆို၊ စိတ်ပျက်အောင်တော့ မလုပ်ပါနဲ့ဦး။”

လျူကျင်း မျက်မှောင်ကြုတ်မိသွားသည်။ သူမတွင် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြနိုင်မည့် နည်းလမ်းတစ်ခုခု ရှိနေလို့လား။ ဖြစ်နိုင်ချေ အလွန်ရှိသော်လည်း သူမ၏ ယုံကြည်ချက်က ထိုအချက်တစ်ခုတည်းအပေါ်တွင် အခြေခံထားပုံမရချေ။

သူမသည် သူတို့ တိုက်ခိုက်ခဲ့စဉ်တုန်းက စွမ်းရည်အမှန်ကို ဝှက်ထားခဲ့တာလား...။

“ရှစ်ထို... နင်ကော ငါ့ကို အန္တရာယ် ကြုံခွင့်ပြုမှာလား။”

“ဒီအစေခံ ရှိနေသရွေ့တော့ သခင်မလေးကို ဖုန်မှုန့်တစ်စလေးတောင် မထိစေရပါဘူး။”

လျူကျင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

လူတစ်ယောက်သည် မည်သည့်နေရာမှန်းမသိဘဲ ရုတ်တရက် ပေါ်လာခဲ့ပြီး ဆုန်ဒိုင်ယု၏အနီးတွင် မတ်တတ်ရပ်ကာ မိုးမောက်လျက် ရှိနေတော့သည်။ သူသည် ရှောင်ကျန်းလောက် အရပ်မရှည်သော်လည်း ကိုယ်လုံးကိုယ်ထည်ကမူ ပို၍ ထွားကျိုင်းလှသည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သူ့ခန္ဓာကိုယ်တွင် အဆီပိုဟူ၍ သိပ်ရှိလိမ့်မည်မဟုတ်ကြောင်း လျူကျင်း ရိပ်မိလိုက်သည်။ ထိုလူ၏ မျက်နှာနှင့် ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ကျောက်တုံးကို ထုဆစ်ထားသည့်အလား ခိုင်ခံ့တောင့်တင်းလွန်းလှ၏။

သူ၏ ရုတ်တရက် ပေါ်လာမှုမှာ ‘လေလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း’ ကဲ့သို့သော လှည့်ကွက် သို့မဟုတ် အရှိန်အဟုန်ပြင်းသည့် အတတ်ပညာတစ်ခုခုကြောင့် မဟုတ်ချေ။ သူ့ပုံရိပ်က တစ်စက္ကန့်မှ နောက်တစ်စက္ကန့်အတွင်း ရုတ်ချည်း ထင်ရှားပေါ်လွင်လာခြင်းသာ ဖြစ်သည်။

“ရှင် မြင်တဲ့အတိုင်းပဲ... ကျွန်မအတွက် စိုးရိမ်နေဖို့ မလိုပါဘူး။ ရှင့်ရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပေမဲ့ ဆုန်မိသားစုရဲ့ သမီးပျိုတစ်ယောက်က အစောင့်အရှောက်မပါဘဲ ခရီးသွားလိမ့်မယ်လို့ ထင်လောက်တဲ့အထိတော့ မအပါနဲ့ဦး။”

“ဒီလိုကိုး ၊ ငါ... နားလည်ပါပြီ။”

“ကဲ... ကျွန်မကသာ အဲဒီလို ပြောလိုက်ရပေမဲ့ ဒီပြိုင်ပွဲတိုလေး ဘယ်လိုပြီးသွားမလဲဆိုတာကိုတော့ အဆုံးထိ ထိုင်ကြည့်ဖြစ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတာ ရှင်းပြနေဖို့ မလိုဘူးမလား။”

လျူကျင်းက ခေါင်းခါပြလိုက်ရင်း...

“မလိုပါဘူး။ ငါ နားလည်ပါတယ်၊ လမ်းခရီးမှာ ဘေးကင်းပါစေ။”

ပြိုင်ပွဲကြီး၏ ပထမဆုံး နှစ်ရက်တာ ကာလအတွင်း၌မူ ကွင်းထဲတွင် ရောက်ရှိနေကြသော ယွန်းဂိုဏ်းနှင့် ရှောင်ဂိုဏ်းတို့၏ အဖွဲ့ဝင်များမှာ ပြိုင်ပွဲဝင်မည့်သူများသာ ဖြစ်ကြသည်။ စင်မြင့်အသစ်ကို နေရာချပေးခဲ့သည့် တပည့်နှစ်ဦးဆိုလျှင်ပင် ဤနေရာသို့ သီးသန့် လှမ်းခေါ်ခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ပြိုင်ပွဲကြီး၏ နောက်ဆုံးနေ့တွင်မူ ထိုသို့ ဖြစ်လာတော့မည် မဟုတ်ချေ။

နောက်ဆုံး ဗိုလ်လုပွဲမှာ ယွန်းဟန်နှင့် ရှောင်ဖန်းတို့အကြား တိုက်ပွဲဖြစ်လာလိမ့်မည်ကို လူတိုင်း သိနေကြသည်။

သို့ဖြစ်ရာ သူတို့၏ ဖခင်များကိုယ်တိုင် လာရောက်ကြည့်ရှုကြလိမ့်မည်မှာ အလွန်ပင် သဘာဝကျလှသည် မဟုတ်ပါလော။

All Chapters