အခန်း ၆၀
Vol. 7 Ch. 60
အခန်း ၆၀ ။ ပြိုင်ပွဲ၏ အဆုံးသတ်ရလဒ်
နေမထွက်မီကတည်းက လျူကျင်း နိုးနေခဲ့သည်။
သူ နိုးလာခဲ့သော်လည်း အိပ်ရာမှ ထရန် မကြိုးစားခဲ့ချေ။ သူ့မျက်ဝန်းများက မျက်တောင်တစ်ချက်မျှပင် မခတ်ဘဲ မျက်နှာကြက်ဆီသို့သာ စိုက်ကြည့်နေမိသည်။ ရှောင်နန်၏ တောင်းဆိုမှု၊ အုပ်စုအဆင့် ပွဲစဉ်များ၊ ချွေထျန်း၊ ဆုန်ဒိုင်ယု၊ ရှောင်ဖန်းနှင့် စကားလက်ဆုံကျခဲ့မှု၊ ယွန်းဟန်နှင့် တိုက်ပွဲ။ သူ့ခန္ဓာကိုယ်က ငြိမ်သက်နေသော်လည်း စိတ်အာရုံကမူ ယခုအခြေအနေအထိ ရောက်လာစေခဲ့သည့် အဖြစ်အပျက်အားလုံးကို ပြန်လည်သုံးသပ်ရင်း အလုပ်များနေခဲ့သည်။
အံ့ဩစရာကောင်းသည်မှာ လျူကျင်းအနေဖြင့် ထိုအတိတ်အကြောင်းအရာ အများစုကို ပြန်တွေးရသည်ကို မုန်းတီးခြင်းမရှိကြောင်း သိလိုက်ရခြင်းပင်။
ချွေထျန်း၏ ကံဆိုးမှုမှလွဲ၍ ပြိုင်ပွဲကြီးက အဆင်ပြေခဲ့သည်ဟု ဆိုရမည်။ ပြောရလျှင် ပျော်စရာပင် ကောင်းလှပေသည်။
သို့သော်လည်း ယနေ့တွင်မူ ပျော်ရွှင်နေရန် အချိန်မရှိတော့ချေ။
သူ့မျက်မှောင်များ ကျုံ့သွား၏။
ယနေ့သည် ထိုနေ့ရက်ပင် ဖြစ်တော့သည်။
ရှောင်ဖန်းနှင့် ယွန်းဟန်တို့သည် အရှေ့ဘက်ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲကြီး၏ ဇာတ်သိမ်းအောင်နိုင်သူကို ဆုံးဖြတ်ရန် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြတော့မည် ဖြစ်သည်။ ယွန်းဂိုဏ်းနှင့် ရှောင်ဂိုဏ်း နှစ်ဦးစလုံးက အဆင့်မြင့်ဂိုဏ်းကြီးများပီပီ မိမိတို့ အသီးသီး အနိုင်ရလိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်နေကြသည်။ အရှေ့ဘက်ဆိပ်ကမ်းမြို့တော်ရှိ လူထုကြီး၏ ခန့်မှန်းချက်များကမူ တစ်ဝက်စီ ကွဲပြားနေပြီး၊ တိုက်ခိုက်ရေးသမား နှစ်ဦးစလုံးအပေါ်တွင် မတန်တဆ များပြားလှသော ငွေကြေးများကို လောင်းကြေးထပ်ထားကြလေသည်။
လျူကျင်းအတွက်မူ ထိုပွဲစဉ်၏ ရလဒ်က မည်သို့ထွက်ပေါ်လာမည်ဟူသော အချက်အပေါ် သံသယတစ်စက်မျှ မရှိချေ။
သူ အနည်းငယ် ဝေခွဲမရ ဖြစ်နေရသည်မှာ ပွဲပြီးနောက်ပိုင်းတွင် မည်သို့သော အရာများ ဆက်ဖြစ်လာမည်ဟူသော အချက်သာ ဖြစ်သည်။
သူ့ပုခုံးထက်သို့ ကျရောက်လာတော့မည့် အနာဂတ်ဖြစ်ရပ်များ၏ ဖိအားကို သူ ခံစားနေရသည်။ သို့သော်လည်း ထိုအရာက သူ့ကို ဝါးမြိုသွားခြင်းမရှိချေ။ ၎င်းမှာ နွေရာသီကာလတွင် ထူထဲသော စောင်အောက်၌ ရောက်နေသကဲ့သို့ သူ့အပေါ်သို့ လွှမ်းခြုံလာခြင်း ဖြစ်သည်။ သက်သောင့်သက်သာ မရှိလှသော်လည်း သူ့ကို အသက်ရှူမကျပ်စေသေးချေ။
သို့တိုင်အောင် ရှောင်နန်သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင်မူ သူ ပို၍ ဘေးကင်းသည်ဟု ခံစားရပေလိမ့်မည်။
လျူကျင်း သက်ပြင်းတစ်ချက် ချလိုက်ရင်း ထိုအတွေးကို ခေါင်းထဲမှ မောင်းထုတ်ရန် ကြိုးစားလိုက်သည်။
ယနေ့ ရင်ဆိုင်ရမည့် နေ့ရက်ကတော့ တော်တော်လေးကို ရှည်လျားဦးမည် ဖြစ်တော့သည်။
“ဒီနေ့တော့ ဆေးခန်းပြန်ဖွင့်မယ်လို့ စိတ်ကူးတယ် သား။”
သူတို့သားအဖ မနက်စာ စားနေစဉ်အတွင်း လျူကျန့်ကော်က ပြောလာသည်။
“တကယ်ပဲလား အဖေ။”
လျူကျင်းက သူ့စိတ်ထဲက အံ့ဩသွားမှုကို ကောင်းစွာမဖုံးကွယ်နိုင်ဘဲ မေးလိုက်မိသည်။
သူ့အဖေက ပြုံးပြ၏။
“အဖေ ပြိုင်ပွဲဆီ သွားတာက မင်းတိုက်တာ ကြည့်ချင်လို့ပဲလေ။ မင်း ဒီလောက်အထိ လုပ်နိုင်ခဲ့တာကို အဖေ တကယ်ဂုဏ်ယူပါတယ်။ အခု မင်းလည်း မပြိုင်ရတော့ဘူးဆိုတော့ အဖေ ထပ်သွားဖို့ မလိုတော့ဘူး။ ဒါပေမဲ့ မင်းကို အဖေနဲ့အတူ ဆေးခန်းမှာပဲ ပိတ်ထားဖို့ စိတ်မကူးပါဘူး။ မင်းလည်း မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုတွေကို သွားအားပေးချင်နေမှာပဲ မဟုတ်လား။”
ဤသို့ဖြင့် သူ့အဖေသည် လျူကျင်း၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုကို စကားတစ်ခွန်းတည်းဖြင့် ဖြေရှင်းပေးလိုက်တော့သည်။
အခြားသော အခြေအနေမျိုးတွင်ဆိုလျှင် အဖေ့ထံမှ ဤကဲ့သို့ ချီးမွမ်းစကား ကြားရခြင်းက သူ့ကို စိတ်လှုပ်ရှား ပီတိဖြာသွားစေမည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ ခံစားလိုက်ရသည်မှာ စိတ်သက်သာရာရမှု သက်သက်သာ ဖြစ်သည်။
“နားလည်ပါပြီ အဖေ။”
၎င်းမှာ လျူကျင်း အမှန်တကယ် ပြောချင်သည့် စကားမျိုးတော့ မဟုတ်ချေ။ ထိုအခိုက်အတန့်တွင် လျူကျင်း အမှန်တကယ် ဖွင့်ဟချင်ခဲ့သည့် စကားလုံးများမှာ “ကျေးဇူးတင်ပါတယ် အဖေ” ဟူ၍သာ ဖြစ်သည်။
လျူကျင်း၏ အဖေသည် ကျင့်ကြံခြင်း စွမ်းအင်လှိုင်းကို မသုံးစွဲနိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူသည် သာမန်လူများထက်ပင် ပို၍ အားနည်းလှရာ၊ ၎င်းမှာ လျူကျင်း လက်မခံချင်သော်လည်း လက်ရှိအခြေအနေအရ မျက်ကွယ်ပြုထား၍မရသော အချက်တစ်ချက် ဖြစ်နေသည်။
ယနေ့တွင် ရှောင်ဂိုဏ်းနှင့် ယွန်းဂိုဏ်းတို့၏ ဂိုဏ်းချုပ်ကြီးများက သူတို့သားများ၏ တိုက်ပွဲကို ကြည့်ရှုရန် ကိုယ်တိုင် ရောက်ရှိနေကြလိမ့်မည်။ အကယ်၍ မမျှော်လင့်ထားသော ကိစ္စတစ်ခုခု ဖြစ်ပွားလာခဲ့လျှင် ထိုဂိုဏ်းချုပ်ကြီးနှစ်ဦး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြမည့် ဖြစ်နိုင်ခြေမျိုးလည်း ရှိနေပေသည်။ ထိုသို့ဖြစ်ရန် ရာခိုင်နှုန်း မများလှသော်လည်း ၎င်းကို လျစ်လျူရှုထားခြင်းက မိုက်မဲရာကျပေလိမ့်မည်။
ထို့ကြောင့်ပင် ယနေ့တွင် သူ့အဖေ ပြိုင်ပွဲကွင်းအတွင်း၌ ရှိမနေမည့်အချက်ကို လျူကျင်း အလွန်ပင် ဝမ်းမြောက်မိခြင်း ဖြစ်သည်။
အကယ်၍ ကိစ္စတစ်ခုခုသာ လွဲချော်ပျက်စီးသွားခဲ့ပါက ကွင်းထဲတွင် ရှိနေသမျှသော လူအားလုံးမှာ မတော်တဆ ထိခိုက်နစ်နာမည့်သူများ ဖြစ်သွားနိုင်ချေ ရှိသည်။ သူ့အဖေက သာမန်လူတစ်ယောက် ဖြစ်နေလျှင်တောင် လျူကျင်းအနေဖြင့် စိုးရိမ်ပူပန်နေမိမည်မှာ အမှန်ပင်။ ယခုမူ သူကချီ စွမ်းအင်ကိုပင် မသုံးနိုင်သည့်အတွက် ယနေ့တွင် ဆေးခန်း၌သာ ရှိနေခြင်းက လုံးဝကို မရှိမဖြစ် လိုအပ်သောအချက် ဖြစ်ပေသည်။
စင်စစ် လျူကျင်းအနေဖြင့် ယမန်နေ့ကတည်းက ဤအကြောင်းအရာကို မည်သို့ စကားစပျိုးရမလဲဟု တွေးတောရင်း အခက်တွေ့နေခဲ့ရခြင်း ဖြစ်သည်။ သူ့ဘက်က ဘာမှပင် မ ပြောလိုက်ရဘဲ သူ့အဖေ ကိုယ်တိုင်က ဤကိစ္စကို ကြိုတင်ဖြေရှင်းပေးသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိချေ။
လျူကျင်းက သူ့အဖေ၏ နီမြန်းနေသော မျက်ဝန်းများကို စိုက်ကြည့်မိလိုက်သောအခါမှ ၎င်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ကြောင်း ရိပ်မိသွားတော့သည်။
သူ သိနေခဲ့တာပဲ။ သူ့အဖေက မည်သို့သိရှိသွားကြောင်း သို့မဟုတ် မည်မျှအထိ သိနေကြောင်းကို လျူကျင်း မသိသော်လည်း၊ လက်ရှိအခြေအနေဆိုးကြီးထဲမှ မိမိကိုယ်ကိုယ် ကြိုတင်ဖယ်ခွာထားရန် လုံလောက်သည့်အထိတော့ သူ့အဖေ ဧကန်မုချ သိနေခဲ့ပြီ ဖြစ်သည်။
“မင်း တတ်နိုင်သမျှ သတိအရှိဆုံး နေလိမ့်မယ်လို့ အဖေ ယုံကြည်ပါတယ်။”
“အဖေ့ မျှော်လင့်ချက်တွေအတိုင်း ဖြစ်စေရပါ့မယ် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်။”
“ဒါဆိုရင်တော့ အဖေ စိတ်အေးရပြီ။ မင်းက အဖေ တွေးထားတာထက်တောင် အမြဲ ပိုလုပ်ပြနိုင်ခဲ့တာပဲဥစ္စာ။”
ယခုတစ်ကြိမ်တွင်မူ သူ့အဖေ၏ စကားလုံးများကြောင့် လျူကျင်း၏ စိတ်ထဲတွင် လှိုက်ကနဲ ဖြစ်ပေါ်လာသော ဂုဏ်ယူပီတိဖြစ်မှုကို တားဆီးရန်အတွက် ရှေ့မှောက်က အခြေအနေဆိုးကြီး၏ ဖိအားများပင် စွမ်းဆောင်နိုင်ခြင်း မရှိတော့ချေ။
ယနေ့သည် ရင်ဆိုင်ရမည့် ထိုနေ့ရက်ပင် ဖြစ်တော့သည်၊ သူလည်း အသင့်ပြင်ထားပြီးသားပင်။
ရှောင်ဂိုဏ်းဆီသို့ လျှောက်လှမ်းရသော လမ်းခရီးမှာ ဘာအနှောင့်အယှက်မှမရှိဘဲ အေးဆေးလှသော်လည်း တကယ်တမ်း၌မူ မလိုအပ်သော ကိစ္စတစ်ခုသာ ဖြစ်သည်။
ယခင်နေ့ရက်များကအတိုင်း ကွင်းထဲသို့ တန်းသွားလိုက်ရလျှင် ပို၍ပင် ရိုးရှင်းလွယ်ကူလိမ့်မည်ဟု လျူကျင်း တွေးမိသည်။ သူ့အိမ်မှ ကွင်းဆီသို့ သွားရသော ခရီးက သူ့အိမ်မှ ရှောင်ဂိုဏ်းဝင်းကြီးဆီသို့ သွားရသော ခရီးထက် အဆမတန် ပို၍ တိုတောင်းလှပေသည်။ ယခုအခြေအနေတွင်မူ သူသည် ရှောင်ဂိုဏ်းဝင်းကြီးဆီသို့ အဝေးကြီး လျှောက်သွားရမည်ဖြစ်ပြီး၊ ထိုနေရာရောက်မှသာ ကျန်သည့်သူများနှင့်အတူ ကွင်းဆီသို့ ပြန်သွားရမည် ဖြစ်သည်။
တစ်ခါပြန်ကြည့်လျှင်လည်း ဤအရာအားလုံးက ဂိုဏ်း၏ ပုံရိပ်နှင့် သိက္ခာအပေါ်တွင်သာ အခြေခံနေခြင်း ဖြစ်တော့သည်။ လျူကျင်းအနေဖြင့် ထိုကဲ့သို့ အပေါ်ယံဂုဏ်ဒြပ်များကို သိပ်ပြီး ဂရုမစိုက်လှသော်လည်း ကျန်သည့်လူတိုင်းအတွက်မူ ထိုသို့ မဟုတ်ချေ။
ယနေ့သည် ပြိုင်ပွဲကြီး၏ နောက်ဆုံးနေ့ရက် ဖြစ်သည်။
ရှောင်ဂိုဏ်းနှင့် ယွန်းဂိုဏ်းတို့သည်သာ ကွင်းထဲတွင် ကျန်ရှိတော့သည့် တစ်ခုတည်းသော အင်အားစုများ ဖြစ်ကြပြီး၊ ကျန်သည့်အဖွဲ့အစည်းအားလုံးမှာမူ ပြုတ်ကျကျန်ရစ်ခဲ့ကြပြီ ဖြစ်သည်။ ယနေ့တွင် တိုက်ပွဲနှစ်ပွဲသာ ရှိတော့မည်။ ‘နှာခေါင်းကြီး’ လီသည် တတိယနှင့် စတုတ္ထနေရာကို ဆုံးဖြတ်ရန်အတွက် ယွန်းဂိုဏ်းမှ တပည့်တစ်ဦးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့နောက်တွင်မူ ဗိုလ်လုပွဲကြီး စတင်ပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်ရက်တာ ကာလနှင့် နှိုင်းယှဉ်လျှင် ယနေ့ပွဲစဉ်က စိတ်ပျက်စရာကောင်းလောက်အောင်ပင် တိုတောင်းလှပေလိမ့်မည်။ ရှောင်ဖန်းနှင့် ယွန်းဟန်တို့၏ တိုက်ပွဲမှာ မိနစ်သုံးဆယ်ထက် ပို၍ ကြာမြင့်လိမ့်မည်မဟုတ်ကြောင်း လျူကျင်း အသေအချာ သိနေသည်။
သို့သော်လည်း ထိုမိနစ်သုံးဆယ်စာအတွက် ရှောင်ဂိုဏ်းသည် သူတို့၏ အရှိန်အဝါ အကောင်းဆုံးပုံစံကို ထုတ်ပြရန် ပြင်ဆင်နေကြခြင်းပင် ဖြစ်သည်။
ရှောင်ဂိုဏ်းကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင် (၁၀) ဦးစလုံးကို သင့်တော်သော အစေခံအခြွေအရံ အင်အားအပြည့်အစုံဖြင့် ဝေါယာဉ်တန်းကြီးဖြင့် ကွင်းဆီသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။ သူတို့ချည်းပဲ သွားကြမည်တော့ မဟုတ်ချေ။
ရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖြစ်သော ‘ရှောင်ကျန်း’ ကိုယ်တိုင်လည်း ရှိနေမည် ဖြစ်သည်။ ထို့ပြင်...
“လူငယ်လေး လျူကျင်း... မင်း တကယ်ကို အချိန်ကွက်တိ ရောက်လာတာပဲ။”
အကြီးအကဲဟွေသည် ရှောင်ဂိုဏ်း၏ ပင်မတံခါးကြီးရှေ့တွင် ကွက်တိ မတ်တတ်ရပ်လျက် ရှိနေသည်။ သူက ကြင်နာတတ်သော အဖိုးအိုတစ်ဦး၏ ပုံရိပ်အတိုင်း လျူကျင်းကို ပြုံးပြနေ၏။ ၎င်းက ကောင်းမွန်လှပသော အပြုံးတစ်ခုဖြစ်ပြီး လူအတော်များများကိုလည်း လှည့်စားနိုင်ပေလိမ့်မည်။ သို့သော်လည်း လျူကျင်းသည် သူ့ဆရာဖြစ်သူက ဇူအန်၏အနားတွင် အဖိုးအိုတစ်ဦးကဲ့သို့ မည်မျှအထိ ဟန်ဆောင်ကောင်းကြောင်း မျက်ဝါးထင်ထင် မြင်ဖူးထားခဲ့ပြီးသား ဖြစ်သည်။
ထိုအရာနှင့် နှိုင်းယှဉ်လိုက်လျှင်မူ အကြီးအကဲဟွေ၏ အပြုံးက အတုအယောင်သက်သက်ဟုသာ ဆိုရပေလိမ့်မည်။
“အကြီးအကဲဟွေ...”
လျူကျင်းက နှုတ်ဆက်သည့်အနေဖြင့် သူ့ဦးခေါင်းကို ညွတ်ပြလိုက်ရင်း…
“ဒီတပည့်ကို ကြိုဆိုဖို့အတွက် အကြီးအကဲ ကိုယ်တိုင် အခုလို လာရောက်ပေးတာ ဂုဏ်ယူမိပါတယ် ခင်ဗျာ။”
အကြီးအကဲဟွေက ခပ်ဖွဖွ ရယ်မောလိုက်ရင်း...
“အဲဒါတွေ စိတ်ထဲထားမနေပါနဲ့။ ငါက မင်းကို ဂုဏ်ပြုဖို့ အခွင့်အရေး ယူလိုက်တာပါ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်ကတင် မင်းက ငါ့ရဲ့ အပြင်စည်းတပည့်တစ်ဦး ဖြစ်ခဲ့တာကိုး။ အခုတော့ အရှေ့ဘက်ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲကြီးရဲ့ ထိပ်သီး (၁၆) ယောက်စာရင်းထဲ ရောက်နေပြီ။ မင်းရဲ့ စွမ်းဆောင်နိုင်မှုတွေက တကယ်ကို ချီးကျူးထိုက်ပါတယ်ကွာ။”
“အကြီးအကဲရဲ့ ချီးမွမ်းစကားက ကျွန်တော့်အတွက် လွန်လှပါတယ် ခင်ဗျာ။ ကျွန်တော်က ရှောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ တာဝန်ကျေအောင် လုပ်ခဲ့ရုံသက်သက်ပါပဲ။”
“နှိမ့်ချတတ်လိုက်တာကွယ်”
သူတို့နှစ်ဦး ရှောင်ဂိုဏ်းဝင်းကြီးအတွင်းသို့ လျှောက်လှမ်းသွားကြစဉ် အကြီးအကဲဟွေက ပြန်ပြောသည်။
“ဒါက ဂိုဏ်းသားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းကောင်းပဲ။ ငါ့တပည့်တွေကိုလည်း ဒီလိုစိတ်ဓာတ်ရှိဖို့ အမြဲ ဆုံးမလေ့ရှိတယ်လေ။”
၎င်းမှာ လိမ်ညာနေခြင်းသာ ဖြစ်သည်။
အကြီးအကဲဟွေသည် ပြင်ပစည်းတပည့်များကို တာဝန်ယူကြီးကြပ်ရသူ ဖြစ်သော်လည်း သူသည် ထိုတပည့်များအပေါ်တွင် လုံးဝ ပစ်ပယ်ထားသည်ဟု ပြောလျှင်ပင် လျှော့ပြောရာကျပေလိမ့်မည်။ အကြီးအကဲဟွေသည် ပြင်ပစည်းတပည့်များနှင့် ပတ်သက်သော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိသလောက် ရှားပါးလှပြီး၊ သူ၏ တာဝန်အများစုကို အဆင့်နိမ့် နည်းပြများထံသို့သာ လွှဲပြောင်းပေးထားသည်ဟု ဆိုပါက မှားမည်မဟုတ်ချေ။
တစ်နည်းအားဖြင့်ဆိုသော် အကြီးအကဲဟွေသည် သူ တာဝန်ယူထားရသော တပည့်များကို အနီးကပ် လမ်းညွှန်ဆုံးမစကား ပြောကြားသည်ဆိုသော အခြေအနေမျိုးမှာ ဘယ်သောအခါမှ ဖြစ်လေ့မရှိသည့် အရာပင် ဖြစ်သည်။
သို့ဆိုလျှင် ယခုအချိန်တွင် အကြီးအကဲဟွေက ဘာကြောင့်များ သူ့ကို အထူးတလည် လာရောက်စကားပြောဆိုနေရသနည်း။
လျူကျင်းအနေဖြင့် ဤအချက်ကို မည်မျှပင် ခေါင်းစားခံကာ စဉ်းစားတွေးတောကြည့်သော်လည်း အကြီးအကဲဟွေ၏ စိတ်ဆန္ဒအစစ်အမှန်က ဘာလဲဆိုသည်ကို ယခုတိုင် အဖြေရှာမရသေးချေ။ လွန်ခဲ့သည့်ညက ရှောင်ဖန်းနှင့် ဆွေးနွေးခဲ့မှုကပင် ဤသံသယကို ပြောင်းလဲပေးနိုင်ခြင်း မရှိခဲ့ပေ။
ပြောရလျှင် ထိုဆွေးနွေးမှုကြောင့် အခြေအနေများမှာ ပို၍ပင် ရှုပ်ထွေးဝေခွဲမရ ဖြစ်သွားခဲ့ရတော့သည်။
အစောပိုင်းတွင် အကြီးအကဲဟွေသည် ဖော်ရွေပျူငှာသော ပုံစံမျိုး ပြသခဲ့သော်လည်း၊ ရှောင်ဖန်းက လျူကျင်းအား စုလျားရစ်ပတ်ခြင်း ကို ဖျက်သိမ်းစေလိုသည့်အချိန်၌မူ ရှောင်ဖန်း၏ဘက်မှ ရပ်တည်ခဲ့ဖူးသည်။ ယခုအခါတွင်မူ သူသည် လျူကျင်းအပေါ် ကောင်းမွန်သော ဆက်ဆံရေး ထပ်မံဖြစ်ပေါ်စေရန် ကြိုးပမ်းနေပုံရပြန်ရာ လျူကျင်းအနေဖြင့် သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကိုသာ မှန်းဆကြည့်နေမိတော့သည်။ ၎င်းမှာ အကြီးအကဲဟွေသည် အခွင့်အရေးသမားတစ်ဦးပီပီ ဂိုဏ်းအတွင်းရှိ လျူကျင်း၏ လက်ရှိအဆင့်အတန်းနှင့် တန်ဖိုးကို အသိအမှတ်ပြုလာခြင်းဟူသော ရိုးရှင်းသည့် အကြောင်းပြချက်လည်း ဖြစ်နိုင်သော်လည်း၊ ယခုထက်မက ပိုမိုလေးနက်သော နောက်ကွယ်ကိစ္စရပ်တစ်ခုခု ရှိနေဦးမည်မှာ အမှန်ပင်။
သို့သော်လည်း ယခုအချိန်တွင် သူ့ကို ထိပ်တိုက်ရင်ဆိုင် စစ်မေးရန် ကြိုးစားခြင်းကမူ မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
“ဒီတပည့်အနေနဲ့ အကြီးအကဲဟွေရဲ့ လမ်းညွှန်စကားတွေကို အကောင်းဆုံး နှလုံးသွင်း ဆင်ခြင်ပါ့မယ် ခင်ဗျာ။” ဟုလျူကျင်းက သူ့ဦးခေါင်းကို ညွတ်ပြရင်း ပြောလိုက်သည်။
“အေး... အဲလိုပဲ ဖြစ်ပါစေ။ မင်းအနေနဲ့ အခုပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဆိုပေမဲ့ နောက်ထပ် နှစ်နှစ်အကြာမှာ နောက်ပြိုင်ပွဲတစ်ခု ရှိလာဦးမှာပဲ။ တကယ်လို့ မင်းသာ ဝီရိယစိုက်ထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးသွားမယ်ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အမြင့်ဆုံးအခြေအနေသစ်တစ်ခုကို ရောက်ရှိသွားမှာပါ။ ဒီတစ်ခါမှာ ထိပ်သီး (၁၆) ယောက်ထဲ ဝင်နိုင်ခဲ့ပေမဲ့ နောက်တစ်ကြိမ်မှာ ဒီထက်ပိုပြီး မြင့်မားတဲ့နေရာကို ရောက်သွားနိုင်တာပေါ့။ ဒါတင်မကသေးဘူး... ဂိုဏ်းချုပ်ကြီးရဲ့ သမက်တစ်ယောက်အနေနဲ့ အဲဒီအချိန်ရောက်ရင် အခုထက် ပိုမိုပြောင်မြောက်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ဖို့ မင်း အစွမ်းကုန် ကြိုးစားရလိမ့်မယ်။”
အကြီးအကဲဟွေက ရှောင်ဖန်းနဲ့ အလှမ်းဝေးသွားအောင် ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေသည်လား...။
ဤအတွေး ခေါင်းထဲသို့ ဖြတ်ပြေးဝင်လာချိန်တွင် လျူကျင်းတစ်ယောက် မျက်မှောင်ကြုတ်မိတော့မည့် စိတ်အာရုံကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
“အဲဒီအချိန်ရောက်ရင် ဂိုဏ်းချုပ်ကြီး ‘ရှောင်ကျန်း’ ရဲ့ သိက္ခာကို မကျဆင်းစေရပါဘူးလို့ ဒီတပည့် အကောင်းဆုံး အာမခံပါတယ် ခင်ဗျာ။”
လျူကျင်း၏ ဟန်လုပ်ပြုံးထားရသည့် မျက်နှာကို သတိမထားမိသည့် အကြီးအကဲဟွေကမူ တဟားဟား ရယ်မောရင်း စကားများကို ဆက်တိုက်ဆိုနေခဲ့တော့သည်။ လျူကျင်းမျက်နှာထက်တွင် သုတပါးအား ရိုသေလေးစားလျက်ရှိသော အမူအရာတစ်ခုကို ဘယ်တုန်းကမှ ဤမျှလောက်အထိ ထိန်းရန်ခက်ခဲခဲ့ဖူးခြင်း မရှိချေ။ ဂိုဏ်းကိုယ်စားပြု ပြိုင်ပွဲဝင်များမှာ သိပ်မဝေးလှသော နေရာတွင် ရှိနေကြမှန်း သူသိသော်လည်း၊ သူတို့ရှိရာဆီသို့ လျှောက်လှမ်းရမည့် လမ်းခရီးကမူ အလွန်ပင် ရှည်လျားလှဦးမည် ဖြစ်တော့သည်။
ဝေါယာဉ်တန်း စီတန်းလှည့်လည်မှုကြီးက လျူကျင်း၏ အကြိုက်နှင့်စာလျှင် အနည်းငယ် ဟိတ်ဟန်ကြီးလွန်းလှပြီး အချိန်လည်း အလွန်အမင်း ကြာမြင့်လှပေသည်။ သူ့ဘာသာသူသာ သွားမည်ဆိုလျှင် ‘ကိုယ်ဖော့သိုင်း’ ကို အသုံးပြုပြီး စက္ကန့်ပိုင်းအတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။ ဂိုဏ်းချုပ်ကြီး ‘ရှောင်ကျန်း’ အတွက်ဆိုလျှင်မူ ထိုအကွာအဝေးကို ဖြတ်ကျော်ရန် မျက်တောင်တစ်ခတ်စာမျှပင် လိုအပ်လိမ့်မည်မဟုတ်ချေ။
သို့သော်လည်း ယခု ဝေါယာဉ်တန်းကြီးကမူ တစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့ရသည်။ တူရိယာတီးမှုတ်သံများပင် ပါဝင်သေး၏။
လျူကျင်း၏ အမြင်တွင်မူ ၎င်းမှာ အတော်လေးကို အဓိပ္ပာယ်မဲ့လွန်းလှသည်။ ဤကိစ္စတစ်ခုလုံးတွင် ကောင်းကွက်ဟူ၍ ရှာရလျှင်မူ သူတစ်ယောက်တည်း သီးသန့်စီးနင်းခွင့်ရသည့် ဝေါယာဉ်တစ်စီး ရရှိခဲ့ခြင်းသာ ဖြစ်ပြီး၊ ထို့ကြောင့်လည်း သူ မည်သူ့ကိုမှ စကားပြောနေစရာ မလိုတော့ချေ။
ကျိန်းသေပေါက်ပင်... အလွန်အမင်း ရှည်လျားလှသော ထိုဝေါယာဉ်တန်းကြီးကပင် နောက်ဆက်တွဲ ဖြစ်လာမည့် အခြေအနေများနှင့် နှိုင်းယှဉ်လိုက်လျှင် သက်သောင့်သက်သာ ရှိလှသေးသည်ဟု ဆိုရမည်။ လွန်ခဲ့သည့် ပြိုင်ပွဲပထမနှစ်ရက်အတွင်းက ရှောင်ဂိုဏ်း၏ သီးသန့်အခန်းမှာ အတွင်းစည်းတပည့်များ လွတ်လပ်စွာ စကားစမြည်ပြောဆိုကာ ပေါ့ပေါ့ပါးပါး အနားယူနိုင်သည့် သက်သောင့်သက်သာရှိသော နေရာတစ်ခု ဖြစ်ခဲ့သည်။ အလုံးစုံကို ခြုံငုံကြည့်လျှင် ထိုနေရာတွင် ရှိနေရခြင်းက ပျော်စရာ ကောင်းခဲ့ပေသည်။
သို့သော်လည်း ဂိုဏ်းချုပ်ကြီး ‘ရှောင်ကျန်း’ ကိုယ်တိုင် ရှိနေခြင်းက ထိုအခြေအနေအားလုံးကို ရိုက်ချိုး ပြောင်းလဲပစ်လိုက်တော့သည်။
သူသည် ယခင်နေ့ရက်များက ရှောင်ဖန်း ထိုင်ခဲ့သော နေရာတွင် ဝင်ရောက်နေရာယူလိုက်၏။ သူ့ညာဘက်တွင် အကြီးအကဲဂန်း ရှိနေပြီး၊ ဘယ်ဘက်တွင်မူ အကြီးအကဲဟွေ ရှိနေသည်။ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အတွင်းစည်းတပည့်များမှာမူ ယခုအခါ ကြမ်းပြင်ပေါ်တွင် ကျောကို မတ်မတ်ဆန့်ကာ ဒူးထောက်နေကြရရှာသည်။ သူတို့၏ အကြည့်များကလည်း အောက်ဘက်ရှိ စင်မြင့်ဆီသို့သာ အကြွင်းမဲ့ စိုက်ပျက်လျက် ရှိနေကြတော့သည်။
ထိုအချိန်မှာပင် ယွန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ‘ယွန်းဖန်’ ရောက်ရှိလာခဲ့သည်။
သူတို့အနေဖြင့် သူ့ကို မျက်စိနှင့် မမြင်ရသေးသော်လည်း၊ သူ၏ ကျင့်ကြံခြင်းစွမ်းအင် လှိုင်းလုံးကြီးများ ကွင်းတစ်ခုလုံးအပေါ်သို့ ဖိနှိပ်ကျရောက်လာသည်ကို အားလုံးက ကောင်းစွာ ခံစားလိုက်ကြရသည်။
သူ့ပတ်ဝန်းကျင်ရှိ တပည့်များ မျက်နှာပျက်ကာ တုန်လှုပ်ချောက်ချားသွားကြသည်ကို လျူကျင်း မြင်တွေ့လိုက်ရ၏။ အကယ်၍ သူကိုယ်တိုင်သာ ကိုးခေါင်းမြွေနတ်ဘုရား’ ၏ စွမ်းအားအရှိန်အဝါနှင့် ရင်မဆိုင်ဖူးခဲ့ပါက သူသည်လည်း အလားတူ အခြေအနေမျိုး ကြုံတွေ့နေရလောက်ပေသည်။ သူတို့အောက်ဘက်တွင် ရှိနေကြသော သာမန်လူထုကြီးမှာ မည်မျှအထိ ဒုက္ခရောက်နေကြမလဲဆိုသည်ကိုမူ သူ စိတ်ကူးပင် မယဉ်ရဲတော့ချေ။
ယွန်းဟန် ဒေါသ အမြင့်ဆုံးသို့ ရောက်ရှိနေသည့် အချိန်တွင်ပင် ကျင့်ကြံခြင်း စွမ်းအင် မှာ ဤမျှလောက်အထိ သတ်ဖြတ်လိုသောအရှိန်အဝါ မရှိခဲ့ဖူးချေ။
ယွန်းဖန်၏ ချီစွမ်းအင်လှိုင်းများမှာမူ အဆုံးစွန်အထိ ထက်မြက်နေပြီး သူတို့၏ ဦးခေါင်းထက်တွင် ဆွဲချိတ်ထားကာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ယိုစီးကျနေသည့် ဓားတစ်လက်ကဲ့သို့ ခံစားရစေသည်။ ၎င်းမှာ ကျင့်ကြံခြင်း၏ အဋ္ဌမမြောက် အဆင့်ဖြစ်သော ထိပ်သီးတကိုယ်တော် အဆင့် သို့ ရောက်ရှိထားသူတစ်ဦး၏ တန်ခိုး အရှိန်အဝါပင် ဖြစ်တော့သည်။
ထိုအခိုက်အတန့်တွင် ကွင်းတစ်ခုလုံး၌ ထိုအစွမ်းထက်လှသော ဖိအားဒဏ်မှ သူတို့ကို ကာကွယ်ပေးနိုင်သူဟူ၍ တစ်ဦးတည်းသာ ရှိတော့သည်။
ရှောင်ကျန်း၏ ကျင့်ကြံခြင်းစွမ်းအင်များ မြင့်တက်လာပြီး ယွန်းဖန်၏ ခြိမ်းခြောက်နေသော စွမ်းအင်များကို တွန်းဖယ်ပစ်လိုက်ကာ ရှောင်ဂိုဏ်းသားများ၏ အပေါ်သို့ ဝတ်ရုံတစ်ခုကဲ့သို့ လွှမ်းခြုံကာကွယ်ပေးလိုက်သည်။ ဤကိစ္စရပ်တစ်ခုလုံး ဖြစ်ပျက်နေစဉ်အတွင်း ရှောင်ကျန်း၏ မျက်နှာအမူအရာမှာမူ စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။
လျူကျင်း၏ နဖူးပြင်ထက်တွင် ချွေးစက်တစ်စက် ဖြတ်ပြေးသွားသည်။ တိုက်ပွဲများပင် မစတင်ရသေးသော်လည်း ယနေ့၏ ပထမဆုံးသော ထိုးနှက်ချက်ကိုမူ အပြန်အလှန် ပေးဆပ်လိုက်ကြပြီ ဖြစ်သည်။
ပထမဆုံး ပွဲစဉ်မှာ ကံကောင်းထောက်မစွာဖြင့် အလွန်ပင် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ အနည်းဆုံးတော့ လျူကျင်းအတွက်မူ ထိုသို့ ခံစားလိုက်ရသည်။ ‘နှာခေါင်းကြီး’ လီသည် ဟိတ်ဟန်ကြီးကြီးမားမား မရှိဘဲ တတိယနေရာကို အလွယ်တကူ ဆွတ်ခူးသွားခဲ့၏။ လူအချို့က သူ့အတွက် အားပေးကြွေးကြော်ခဲ့ကြသော်လည်း သူတို့၏ အထက်တွင် ရှိနေသော အစွမ်းကြီးသော ပုဂ္ဂိုလ်နှစ်ဦး၏ အရှိန်အဝါကြောင့် ပရိသတ်ကြီးမှာ တုန်လှုပ်ခြောက်ချားနေခဲ့ကြပြီ ဖြစ်သည်။
“ရှောင်ဂိုဏ်းက ရှောင်ဖန်းနဲ့ ယွန်းဂိုဏ်းက ယွန်းဟန်”
တိုက်ခိုက်ရေးသမား နှစ်ဦးစလုံး ကွင်းထဲသို့ လှမ်းဝင်လာကြရာ သူတို့၏ ဖခင်များထံမှ ကျင့်ကြံခြင်းစွမ်းအင်များကလည်း တုံ့ပြန်သည့်အနေဖြင့် ထိုးတက်သွားခဲ့တော့သည်။ ဂိုဏ်းချုပ် ယွန်းဖန်၏ စွမ်းအင်က သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး၊ ဂိုဏ်းချုပ် ရှောင်ကျန်း၏ စွမ်းအင်ကမူ ကြံ့ခိုင်ပြတ်သားသော စည်းစနစ်အတိုင်း တည်ငြိမ်လျက် ရှိနေသည်။
ရှောင်ဖန်းနှင့် ယွန်းဟန်တို့သည် စင်မြင့်၏ အလယ်ဗဟိုတွင် ထိပ်တိုက်ဆုံတွေ့ကြ ရာ ဝူယန်က သူတို့တစ်ဦးစီ၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး သူတို့၏ အခြေအနေကို အသေအချာ စစ်ဆေးလိုက်သည်။ သူတို့ ၏ ကျန်းမာရေးအခြေအနေအား စိတ်ကျေနပ်မှုရှိကြောင်း တွေ့ရှိရသည့်အခါမှသာ ပြိုင်ပွဲကွင်းအတွင်းရှိ ဒိုင်လူကြီးထံသို့ ခေါင်းညိတ်ပြလိုက်တော့သည်။မကြာမီမှာပင် ဒိုင်လူကြီး ထံမှ အသံကျယ်ကြီးတခု ထွက်ပေါ်လာသည်။
“စတင်စေ”