← Chapters

အခန်း ၃၉၂

Vol. 40 Ch. 392

အခန်း ၃၉၂

Vol. 40 Ch. 392

အခန်း (၃၉၂)

ရုပ်ရှင်က ပေးစွမ်းတဲ့ ရင်ထဲက ခံစားချက်တွေက လွယ်လွယ်နဲ့ မပျက်ပြယ်သွားပါဘူး။

လူတိုင်းက Big One ရဲ့ ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရနေကြတဲ့ မျက်နှာထားတွေ ရှိနေကြပါတယ်။ ဒီရုပ်ရှင်က မျိုးချစ်စိတ်ကို တိုက်ရိုက် ဦးစားမပေးထားပေမယ့် အမေရိကမှာ ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်ကို အမေရိကန်တွေ ကျော်ဖြတ်တဲ့အကြောင်း ဖြစ်တာမလို့ "အမျိုးသားရေး ဂုဏ်ယူမှု" ကတော့ အတိုင်းအတာတစ်ခုအထိ ပါဝင်နေတာပါ။

တကယ်တော့ မျိုးချစ်စိတ်နဲ့ မိသားစုချစ်ခြင်းမေတ္တာက ဘေးအန္တရာယ် ရုပ်ရှင်တွေမှာ မရှိမဖြစ် အစိတ်အပိုင်းတွေပါပဲ။ အရေးကြီးတာက အဲဒီအစိတ်အပိုင်းတွေကို ဇာတ်လမ်းထဲမှာ ဘယ်လောက်အထိ သဘာဝကျကျနဲ့ သင့်တော်အောင် ထည့်သွင်းထားနိုင်လဲ ဆိုတာပါပဲ။

ကံကောင်းထောက်မစွာနဲ့ ဒီရုပ်ရှင်က အဲဒီအချက်မှာတော့ လုံးဝ အောင်မြင်သွားခဲ့တယ်။

အတိုင်ပင်ခံအဖြစ် ပါဝင်ခဲ့တဲ့ ပါမောက္ခ ကီရန်မိုဟန်က ငလျင်နဲ့ ပတ်သက်တဲ့ အခန်းတွေက အမှားအယွင်းမရှိ ကောင်းကောင်းမွန်မွန် ထွက်လာခဲ့တာကြောင့် စိတ်အေးသွားခဲ့ပါတယ်။ ဒါရိုက်တာ အာသာဖာရာက အသေးစိတ်အချက်အလက်တွေကို ဂရုစိုက်တတ်တာကြောင့်လည်း နာမည်ကြီးတာပါ။

သတင်းစာရှင်းလင်းပွဲ မဟုတ်ဘဲ အထူးပြသပွဲ ဖြစ်တာမလို့ သီးသန့် အင်တာဗျူးတွေ မရှိခဲ့ပါဘူး။ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေရဲ့ အင်တာဗျူးတွေကိုတော့ ရက်အနည်းငယ်အကြာမှာ ပြုလုပ်မယ့် တရားဝင် သတင်းစာရှင်းလင်းပွဲ အထူးပြသပွဲကျမှ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

ဘာပဲဖြစ်ဖြစ် ဒီလိုနဲ့ပဲ တရားဝင် အစီအစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေနဲ့ ကျွန်တော် နှုတ်ဆက်စကား လဲလှယ်ခဲ့ပြီး အယ်လီ ကြိုက်တဲ့ သရုပ်ဆောင်တွေကို လက်မှတ်​ထိုးပေးခိုင်းခဲ့ပါတယ်။ သူတို့ကလည်း ပြန်ပြီး ကျွန်တော့်ရဲ့ လက်မှတ်ကို တောင်းကြပါတယ်။

မလာခင်တုန်းက တက်ဂယူကို လက်မှတ် လိုချင်လားလို့ မေးခဲ့ပေမယ့် မျှော်လင့်ထားတဲ့အတိုင်းပဲ သူက စိတ်မဝင်စားပါဘူး။ သူသာ စိတ်ဝင်စားရင် အတူတူ လိုက်လာခဲ့မှာပဲလေ။

သရုပ်ဆောင်တွေက ပါမောက္ခ ကီရန်မိုဟန်ဆီကနေလည်း လက်မှတ်နဲ့ ဓာတ်ပုံတွေ တောင်းကြပါတယ်။ ပါမောက္ခ ကီရန်မိုဟန်က ပျာပျာသလဲ ဖြစ်သွားပေမယ့် လိုလိုလားလားပဲ လုပ်ပေးခဲ့တယ်။

ဟောလိဝုဒ်ရဲ့ ထိပ်တန်း ဆွဲဆောင်မှုအရှိဆုံးမင်းသမီးအဖြစ် နာမည်ကြီးတဲ့ ဂျန်နီဖာ ဝပ်ဆင်က ကျွန်တော့်ကို မသိမသာ မေးလာပါတယ်။

"ဒုတိယ စီအီးအိုက ဘာလို့ အတူတူ မလိုက်လာတာလဲဟင်"

"သူက အခုတလော နည်းနည်း အလုပ်ရှုပ်နေလို့ပါ"

သူက အခုတလော သူ့ရဲ့ "ပရိသတ်တွေ" ကို စီမံခန့်ခွဲနေရလို့ အလုပ်တွေ ပိနေတာပါ။

ဂျန်နီဖာက မျက်လုံးလေးတွေ မှိတ်တဲ့အထိ ပြုံးပြတယ်။

"ကျွန်မလည်း Lost Fantasy ကို အရမ်း သဘောကျတာ၊ သူ့ကို တကယ် တွေ့ချင်မိတယ်။ သူ့ကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ကို ပေးလို့ရမလားဟင်"

"..."

အိုတက်ဂယူရဲ့ နာမည်ကြီးမှုက ဒီလောက်အထိပဲလား။

ဒါပေမဲ့ ဂျန်နီဖာက Lost Fantasy ကို တကယ် သဘောကျလို့ ပြောတာလား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေတာလား။

အထူးပြသပွဲက ညဉ့်နက်မှ ပြီးဆုံးသွားခဲ့တယ်။

ရုပ်ရှင်စတူဒီယိုက တက်ရောက်လာတဲ့ စတားတွေအတွက် ဟိုတယ်အခန်းတွေ ဘွတ်ကင်လုပ်ပေးထားပါတယ်။ အထဲဝင်ပြီး အိပ်ရမယ့် အချိန်ဖြစ်ပေမယ့် ဘယ်သူမှ လွယ်လွယ်နဲ့ မပြန်ကြသေးပါဘူး။

လူတိုင်းက လမ်းခွဲရမှာကို နှမြောနေကြတဲ့အတိုင်း ပါတီပွဲလုပ်ဖို့ ဟိုတယ်ရဲ့ Penthouse အခန်းတစ်ခန်းကို ငှားရမ်းဖို့ ဆုံးဖြတ်လိုက်ကြပြီး အသက်ငယ်သေးတဲ့ မင်းသား၊ မင်းသမီးတွေကတော့ အချင်းချင်း မျက်စိချင်း အချက်ပြနေကြပါပြီ။

အမ်ဘာက ကျွန်တော့်ကို မေးတယ်။

"စီအီးအို ကန်ဂျင်ဟူ၊ ကျွန်မတို့နဲ့ အတူတူ မလိုက်ဘူးလား"

ကျွန်တော် ဘေးနားက ပါမောက္ခ ကီရန်မိုဟန်ကို လှည့်ကြည့်လိုက်တယ်။

"ပါမောက္ခ လိုက်မှာလား"

ပါမောက္ခ ကီရန်မိုဟန်က လန့်သွားပြီး လက်ခါပြတယ်။

"မလိုက်တော့ပါဘူး။ အဲ့ဒီလိုနေရာမျိုးက လူငယ်တွေ ပျော်ဖို့အတွက်ပဲလေ"

အသက်ကြီးတဲ့ သရုပ်ဆောင်တွေတောင် ကောင်းကောင်းကြီး လိုက်သွားကြတာပဲလေ။

အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း တစ်ခါလောက်တော့ သွားချင်မိတယ်။ ဒီလို အခွင့်အရေးမျိုးရတုန်းမှ မလိုက်ရင် ဟောလိဝုဒ် စတားတွေနဲ့ ဘယ်အချိန်မှာ အတူတူ ဆုံဖူးတော့မှာလဲ။

ဒါပေမဲ့ မင်းသမီးတွေနဲ့ တွဲရိုက်ထားတဲ့ ကျွန်တော့်ဓာတ်ပုံတွေက အွန်လိုင်းပေါ် ရောက်နေပါပြီ။ ကျွန်တော်သာ ပါတီပွဲကို မလိုအပ်ဘဲ လိုက်သွားရင် ဘာတွေဖြစ်လာမလဲ မသိနိုင်ပါဘူး။

ကျွန်တော့် စိတ်ထင်တာပဲလားတော့ မသိပေမယ့် မိန်းကလေးအနည်းငယ်က ကျွန်တော့်ဆီကို ရမ္မက်ပြင်းပြတဲ့ အကြည့်တွေ ပို့နေကြပါတယ်။ အထူးသဖြင့် အန်ဂျလီနာ တင်တာရဲ့ အကြည့်က နေရထိုင်ရ ခက်လောက်အောင် ပြင်းထန်လွန်းနေတာပါ။

တခြားလူတွေက ကျွန်တော့်ကို နောက်ထပ် အကြိမ်အနည်းငယ် ဖိတ်ခေါ်ပေမယ့် ကျွန်တော် ခေါင်းခါပြလိုက်တယ်။

"ကျွန်တော် အရင် ပြန်တော့မယ်။ ပါမောက္ခ ကီရန်မိုဟန်နဲ့ သီးသန့် ဆွေးနွေးစရာ ရှိလို့ပါ"

ကျွန်တော်တို့ အပြင်ကို မလိုအပ်ဘဲ ထွက်သွားရင် နေရာတိုင်းမှာ စောင့်ဆိုင်းနေတဲ့ ပါပါရာဇီတွေနဲ့ တိုးမှာပါ။ ဒါကြောင့် တိတ်ဆိတ်တဲ့ ဟိုတယ်ဘားတစ်ခုမှာပဲ သောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ပါမောက္ခ ကီရန်မိုဟန်ရဲ့ အကြံပြုချက်အတိုင်း ကျွန်တော် ဘာဘွန် ဝီစကီကို မှာလိုက်ပါတယ်။

"မင်း ငါ့ရဲ့ ဓာတ်ခွဲခန်းကို ပထမဆုံး လာခဲ့တုန်းကအချိန်ကို အမှတ်ရသေးတယ်။ အဲဒီတုန်းက ဒီဖြစ်ရပ်က ရုပ်ရှင်အဖြစ်တောင် ရိုက်ကူးခံရလိမ့်မယ်လို့ ငါ လုံးဝ စိတ်မကူးခဲ့မိဘူး"

"ကျွန်တော်လည်း အတူတူပါပဲ"

ပါမောက္ခ ကီရန်မိုဟန်နဲ့ တွေ့တိုင်း ကျွန်တော့်စိတ်ထဲမှာ ရင်းနှီးမှု အပြည့် ခံစားရပါတယ်။ အဲ့လိုခံစားမိတာက အဲဒီ ငရဲလို အခြေအနေကြီးကို အတူတူ ဖြတ်သန်းခဲ့ကြလို့ ဖြစ်မှာပါ။

ပါမောက္ခ ကီရန်မိုဟန်ကလည်း သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ တွေ့ရတဲ့အတိုင်း နွေးထွေးတဲ့ မျက်နှာထား ရှိနေတာပါ။

ကျွန်တော်တို့ တစ်ခါတလေ ဆက်သွယ်ဖြစ်ကြပေမယ့် အပြင်မှာ လူချင်းတွေ့ရတော့ ပြောစရာ စကားတွေ အများကြီး ရှိနေပါတယ်။ ရုပ်ရှင်အကြောင်း၊ ငလျင်အကြောင်း၊ စီးပွားရေးအကြောင်း၊ ကျောင်းအကြောင်း၊ TWR အကြောင်း အစရှိသဖြင့်ပေါ့။

ပါမောက္ခ ကီရန်မိုဟန်က TWR ရဲ့ တိုးတက်မှုတွေကို ကောင်းကောင်း သိနေပါတယ်။ သူက ကျွန်တော့်ကို ပါမောက္ခ ပက်ထရော့ဗ်နဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့သူ ဖြစ်တာမလို့ သူတို့ချင်းက အခုထိ မကြာခဏ ဆက်သွယ်ဖြစ်နေကြတုန်းပဲလို့ ပြောပါတယ်။

အရက်ရှိန် နည်းနည်း တက်လာတဲ့အခါမှာတော့ ပါမောက္ခ ကီရန်မိုဟန်က ပေါ့ပေါ့ပါးပါးပဲ မေးလာတယ်။

"ငါ သိချင်နေတာကြာပြီ။ ပိုက်ဆံ အဲဒီလောက် အများကြီး ရှိရတာ ဘယ်လို ခံစားရလဲ"

"အင်း... ပထမဆုံးအနေနဲ့ပြောရရင်တော့ ကောင်းတာပေါ့"

"ဟားဟား... ဟုတ်တာပေါ့၊ ပိုက်ဆံ အများကြီး ရှိတာက မကောင်းစရာ မရှိပါဘူး"

"ဒါပေမဲ့ တစ်ခါတလေကျရင် ကျွန်တော့်စိတ်ထဲမှာ ဒီလို အတွေးမျိုး ဝင်လာတတ်တယ်"

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကပဲ စစ်တပ်ကနေ ထွက်ခါစ ကျွန်တော်ဟာ ပိုက်ဆံတစ်ပြားမှမရှိတဲ့ လူငယ်တစ်ယောက် ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို တိုတောင်းတဲ့ အချိန်အတွင်းမှာ လူအနည်းငယ်ပဲ စိတ်ကူးယဉ်ရဲတဲ့ စည်းစိမ်ဥစ္စာတွေကို စုဆောင်းနိုင်ခဲ့တယ်။

ကုမ္ပဏီကြီးတွေကို တည်ထောင်ခဲ့ကြတဲ့ နာမည်ကြီး စီအီးအိုတွေကို ကျွန်တော် တွေးမိတယ်။ MS ရဲ့ ဘီလ် ဂိတ်၊ AMZ ရဲ့ ဂျိတ်ဘိုင်ရွန်၊ ပြီးတော့ SoftBox ရဲ့ မာဆာယိုရှီ ဆန် တို့ပေါ့။ သူတို့က ငယ်ငယ်ကတည်းက သူတို့ရဲ့ စီးပွားရေးနဲ့ ဘဝကို စီမံကိန်းချခဲ့ကြပြီး အဲဒီစီမံကိန်းတွေကို တစ်ဆင့်ချင်းစီ အကောင်အထည် ဖော်ခဲ့ကြတာပါ။

ဒါပေမဲ့ ကျွန်တော်ကတော့ ကံကောင်းထောက်မစွာနဲ့ ရရှိခဲ့တဲ့ စွမ်းရည်တွေကြောင့် ဒီလို နေရာမျိုးကို ရောက်လာခဲ့ရတာ ဖြစ်ပါတယ်။

"ကျွန်တော်က ဒီလောက်အထိ ကြီးမားတဲ့ စည်းစိမ်တွေကို ပိုင်ဆိုင်ဖို့ တကယ်ပဲ ထိုက်တန်ရဲ့လား"

"ဘာလို့ အဲဒီလို တွေးရတာလဲ"

"ဒါကို တခြားလူတစ်ယောက်သာ ပိုင်ဆိုင်ခဲ့ရင် ပိုပြီး ကောင်းမွန်တဲ့ အရာတစ်ခုခုကို လုပ်နိုင်ခဲ့လိမ့်မယ်လို့ ခံစားရလို့ပါ။ ကျွန်တော် ဒီပိုက်ဆံတွေ အားလုံးနဲ့ ဘာလုပ်ရမလဲဆိုတာ အခုထိ ကောင်းကောင်း မသိသေးဘူး"

ပါမောက္ခ ကီရန်မိုဟန်က ကျွန်တော့်ကို စိတ်ဝင်တစားနဲ့ ကြည့်လာတယ်။

"မင်း တစ်ခါက ဒီလို စကားမျိုး ပြောဖူးတယ်နော်။ ငါက ငါ့ရဲ့ အဖွားလိုပဲ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းရည်မျိုး ရှိနေနိုင်တယ်ဆိုတဲ့ စကားကိုပြောတာလေ"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"ဟုတ်ပါတယ်။ ကျွန်တော် ပြောဖူးပါတယ်"

သူ့ရဲ့ အဖွားက ရက်ဒ်အင်ဒီယန်း နတ်ဆရာရဲ့ မျိုးဆက်ဖြစ်ပြီး Big One ရဲ့ ဖြစ်ပွားမယ့် အချိန်ကို တိတိကျကျ ဟောကိန်းထုတ်နိုင်ခဲ့တာပါ။ အခုတော့ ကွယ်လွန်သွားပြီ ဖြစ်တာမလို့ အတည်ပြုဖို့ နည်းလမ်းတော့ မရှိတော့ပါဘူး။

ပါမောက္ခ ကီရန်မိုဟန်က ဖန်ခွက်ထဲက အရက်ကို အကုန်မော့ချလိုက်တယ်။

"အဲဒါကို တကယ်ပဲ ဟုတ်တယ်လို့ ယူဆပြီး ငါ ဟောကိန်းတစ်ခု ထုတ်လိုက်မယ်။ မင်းဟာ အနာဂတ်မှာ ဒီထက်ပိုပြီး ကြီးမားတဲ့ အရာတွေကို လုပ်လိမ့်မယ်။ အခုထက်ထိ လုပ်ခဲ့တာတွေထက် ပိုပြီး အံ့သြဖို့ကောင်းပြီး ကြီးကျယ်ခမ်းနားတဲ့ အရာတွေကိုပေါ့"

"ဘာလို့ အဲဒီလို ထင်ရတာလဲ"

ကျွန်တော့်မေးခွန်းကို သူက သဘောကျစွာ ပြုံးပြပါတယ်။

"ဒီအတိုင်း ပင်ကိုသိစိတ်လို့ပဲ ပြောရမလား"

"Caltech က ပါမောက္ခတစ်ယောက်အတွက်တော့ ဒီလိုပြောတာက သိပ်ပြီး ယုတ္တိမရှိလှဘူးနော်"

"ဟားဟား... မင်း ဒါကို မူးနေတဲ့ အဖိုးကြီးတစ်ယောက်ရဲ့ စကားအဖြစ်ပဲ သတ်မှတ်လိုက်ပေ့ါကွာ။ ဒါပေမဲ့ ငါ ပြောတာသာ မှန်ခဲ့ရင် အဲဒီအချိန်ကျရင် မင်း ငါ့ကို တန်ဖိုးကြီးတဲ့ အရက်တစ်ခွက် ပြန်ဝယ်တိုက်ရမယ်နော်"

"ဝမ်းမြောက်ဝမ်းသာ တိုက်ပါ့မယ်"

ကျွန်တော်က များသောအားဖြင့် သိပ္ပံပညာကို မုန်းတီးပြီး ဘူမိဗေဒကိုလည်း စိတ်မဝင်စားပေမယ့် ဒီလို ပါမောက္ခမျိုးဆီကနေတော့ သင်ယူချင်စိတ်တော့ ရှိမိပါတယ်။

ကျွန်တော် စစ်တပ်ကနေ ထွက်ခါစ အချိန်တုန်းက ကျွန်တော့်ပုံစံကို ပြန်တွေးမိပါတယ်။

အခု ကျွန်တော်က အဲဒီအချိန်တုန်းကထက် ဘယ်လောက်တောင် ကွာခြားသွားပြီလဲ။ ပြီးတော့ အနာဂတ်မှာ ဘယ်လို လမ်းစဉ်ကို လျှောက်လှမ်းမလဲ။

ကျွန်တော် အရက်သောက်ဖို့ လုပ်လိုက်ချိန်မှာ ဖန်ခွက်က အလွတ်ဖြစ်နေမှန်း သတိထားမိပါတယ်။

"ဘရန်ဒီ နည်းနည်းလောက် ထပ်သောက်မလား"

ပါမောက္ခ ကီရန်မိုဟန်က အရင်မူးသွားတာကြောင့် အရက်သောက်တဲ့ အစီအစဉ်က သဘာဝအတိုင်းပဲ ပြီးဆုံးသွားခဲ့တယ်။

ကျွန်တော် သူ့ကို အခန်းထဲအထိ လိုက်ပို့ပေးပြီးမှ ကျွန်တော့်အခန်းဆီ ပြန်တက်ခဲ့တယ်။ presidential suite အခန်းက ၇၀ ပြုံ (စတုရန်းပေ ၂၅၀၀ ခန့်) ရှိတာမလို့ လူတစ်ယောက်ထဲ နေဖို့အတွက်တော့ အလွန်အမင်း ကျယ်ဝန်းလွန်းပါတယ်။

ကျွန်တော် အဝတ်အစားတောင် မလဲရသေးဘဲ ကုတင်ပေါ်မှာ လှဲချလိုက်ပြီး ပရဟိတပါတီနဲ့ အထူးပြသပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရှာဖွေဖတ်ရှုလိုက်တယ်။ သတင်းတွေကို လိုက်ကြည့်နေတုန်းမှာပဲ ကျွန်တော့်ဖုန်း မြည်လာခဲ့တယ်။

ကျွန်တော် ချက်ချင်းပဲ ဖုန်းကို ကိုင်လိုက်တယ်။ အယ်လီရဲ့ အသံ ထွက်ပေါ်လာတာပါ။

[ဘာလုပ်နေလဲ]

"ကုတင်ပေါ်မှာ တစ်ယောက်ထဲ လှဲနေတာ။ ဒါနဲ့ နင် အခု အလုပ်လုပ်နေတာ မဟုတ်ဘူးလား"

[အခုပဲ အလုပ်ဆင်းပြီး အိမ်ပြန်နေတာ။ ကြည့်ရတာ ဂျင်ဟူကတော့ ဟိုမှာ အရမ်းပျော်နေလို့ အချိန်တွေတောင် မေ့နေတဲ့ ပုံပဲ]

"ပျော်စရာလား။ ပျင်းစရာကြီးပါ"

[ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတဲ့ ဟောလိဝုဒ် စတားတွေကို အပြင်မှာ တွေ့ရတာ ဘယ်လိုလဲ]

"ယောက်ျားလေးရော မိန်းကလေးရော၊ ရုပ်ရည်က ဘယ်လိုပဲဖြစ်ဖြစ် လူတွေကို ဖမ်းစားနိုင်တဲ့ ဆွဲဆောင်မှုမျိုး ရှိကြတယ်"

[ဟုတ်မှာပေါ့။ အဲဒီလို ဆွဲဆောင်မှု ရှိကြလို့လည်း အဲဒီလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဈေးကွက်မှာ အဲဒီလောက် ကြီးမားတဲ့ သရုပ်ဆောင်ကြေးတွေကို တောင်းနိုင်ကြတာပေါ့]

"အာ... လူတိုင်းရဲ့ အင်္ဂလိပ်စာ အသံထွက်က အရမ်းကောင်းလွန်းတော့ ငါ့ရဲ့ အင်္ဂလိပ်စာ အသံထွက် ဘယ်လောက် ညံ့လဲဆိုတာကို ပြန်ဆင်ခြင်မိတယ်"

တကယ်တော့ ကျွန်တော်က နိုင်ငံခြားမှာ ကျောင်းတက်ခဲ့တာလည်း မဟုတ်ခဲံသလို နိုင်ငံခြား ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တာလည်း မဟုတ်တာမလို့ ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ အသံထွက်က အသင့်အတင့်ပဲ ရှိတာပါ။ အမေရိကန်တွေ နားထောင်ရင်တော့ နည်းနည်း ဝဲနေသလို ခံစားရနိုင်ပါတယ်။

အခုအချိန်ကျမှ သေသေချာချာ ပြင်ဖို့က ခက်ခဲတာမလို့ ဒီအတိုင်းပဲ ထားလိုက်တော့တယ်။ ဆက်သွယ်ပြောဆိုလို့ ရဖို့က အဓိကပဲလေ။ ပြောရရင် ကျွန်တော်နဲ့မတူဘဲ အယ်လီကတော့ ဗြိတိသျှ အသံထွက်နဲ့ စကားပြောတာပါ။

[အမှန်အတိုင်း ပြောနော်။ ဘယ်သူက အလှဆုံးလဲ]

မျက်လုံးပြူးသွားလောက်မယ့် အလှတရားနဲ့ပြည့်ဝကြတဲ့ မိန်းကလေး အနည်းငယ် ရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမှန်အတိုင်းပြောလိုက်ရင် ကျွန်တော် ကိုယ့်သေတွင်းကိုတူးသလို ဖြစ်သွားမှာပေါ့။

"အယ်လီထက် လှတဲ့မိန်းကလေး မရှိပါဘူး"

[ဟွန်း... အဲဒီလို ပြောနေပေမယ့် ဓာတ်ပုံတွေထဲမှာတော့ တော်တော်လေး ရင်းနှီးနေတဲ့ ပုံပဲ]

ပရဟိတပါတီနဲ့ ပတ်သက်တဲ့ သတင်းတော်တော်များများက တင်ပြီးနေပါပြီ။ ကျွန်တော့် ဓာတ်ပုံတွေလည်း အများကြီး ရှိနေတာပါ။ တချို့က သတင်းထောက်တွေ ရိုက်ထားတာ ဖြစ်ပြီး တချို့ကတော့ သရုပ်ဆောင်တွေက ရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ထားတာတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒါတွေအပြင် ပါပရာဇီတွေက တိတ်တဆိတ် ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ရှိနေပါသေးတယ်။ ရိုက်ကူးထားတဲ့ အနေအထားပေါ်မူတည်ပြီး ကျွန်တော် တခြားမင်းသမီးတွေနဲ့ စကားပြောနေတာက ချစ်သူတွေလို ရင်းနှီးနေတဲ့ ပုံစံမျိုး ပေါက်နေတာပါ။

မျှော်လင့်ထားတဲ့အတိုင်းပဲ အတင်းအဖျင်း သတင်းစာတွေနဲ့ အင်တာနက် သတင်းစာမျက်နှာတွေက ဒါကို ကောလာဟလ သတင်းတွေလို စိတ်လှုပ်ရှားဖွယ် ဇာတ်နာအောင် ရေးသားထားကြပါတယ်။

"သတင်းထောက် အမှိုက်တွေရဲ့ နိယာမအရ ဘယ်နိုင်ငံမှာမဆို သတင်းထောက် အမှိုက်တွေက ရှိနေတာပဲလေ"

[ဒါနဲ့ အရက်သောက်ထားတာလား]

"အင်း။ စောစောက ပါမောက္ခ ကီရန်မိုဟန်နဲ့ အတူတူ သောက်နေတာ၊ ငါတို့ နှစ်ယောက်ထဲပဲ"

တခြားလူတွေက penthouseမှာ ပါတီပွဲ လုပ်နေကြတယ်လို့ ကျွန်တော် ပြောလိုက်တော့ အယ်လီက မေးတယ်။

[ဂျင်ဟူက ဘာလို့ မသွားတာလဲ]

"တက်ဂယူရော အယ်လီရော မရှိဘဲနဲ့ တစ်ယောက်ထဲ သွားပြီး ဘာလုပ်မှာလဲ။ ဒါကြောင့် ဒီအတိုင်း ဟိုတယ်အခန်းထဲကိုပဲ တိတ်တဆိတ် ပြန်လာခဲ့တာ"

[လိမ္မာတယ်]

"အာ... အယ်လီ ကြိုက်တဲ့ စတားတွေဆီကနေ လက်မှတ်တွေ ထိုးခိုင်းခဲ့သေးတယ်။ အဲ့ဒီလက်မှတ်တွေကို ယူလာခဲ့မယ်နော်"

[အဲဒါတွေအရေးမကြီးဘူး။ ဂျင်ဟူကိုပဲ အမြန်ဆုံး မြင်ချင်လှပြီ]

"ငါလည်း အတူတူပါပဲ"

အယ်လီရဲ့ အသံကို ကြားရတော့ တကယ်ပဲ တွေ့ချင်မိတယ်။

ငါတို့ အတူတူ လာခဲ့ရင် ကောင်းမှာကွာ။

အယ်လီက နောက်ပြောင်ပြီး ပြောတယ်။

[ဒါဆို ကျွန်မ အခုပဲ လာခဲ့ရမလား]

ကျွန်တော်ကလည်း ပြန်ပြီး နောက်ပြောင်လိုက်တယ်။

"တကယ်ကောင်းတဲ့ အကြံပဲ။ ဘယ်အချိန်လောက် ရောက်မလဲ"

ဒင်ဒေါင်

အဲဒီအချိန်မှာပဲ အခန်းရဲ့ လူခေါ်ဘဲလ် မြည်လာခဲ့တယ်။

တကယ်ကြီးလားဟ။ အယ်လီက တိတ်တဆိတ် ခွင့်ယူပြီး အမေရိကကို လာခဲ့တာလား။ ငါ့ကို အံ့သြအောင် လုပ်ဖို့လား။

အယ်လီက ဇဝေဇဝါဖြစ်တဲ့ အသံနဲ့ မေးတယ်။

[ဒီလိုအချိန်ကြီး ဘယ်သူလဲ]

ကျွန်တော့် မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

"ကဲ... ဘယ်သူများ ဖြစ်လောက်မလဲ"

အဲဒီလို ပြောရင်း တံခါးကို ကျွီခနဲ ဖွင့်လိုက်ပါတယ်။ အရပ်ရှည်ပြီး သွယ်လျတဲ့ မိန်းမလှတစ်ယောက်က တံခါးရှေ့မှာ ရပ်နေတာပါ။

ကျွန်တော် ကြောင်အပြီး ရပ်နေတုန်းမှာပဲ သူက ပြုံးပြီး ပြောတယ်။

"ဟေ့။ ဂျင်ဟူ။ ကောင်းလိုက်တာ။ အခုထိ မအိပ်သေးဘူးပဲ"

သူ့ရဲ့ ဝတ်စုံက ရင်ဘတ်တစ်ခုလုံး လုံးဝ ပေါ်လုနီးပါး ဖြစ်နေတဲ့ အင်္ကျီလည်ပင်းအဟိုက် အောက်ခံ ဂါဝန်တိုလေး ဖြစ်ပါတယ်။ ဒါက ကျွန်တော် ကြားပဲ ကြားဖူးတဲ့ "ရင်ဘတ်အဟိုက် ဖက်ရှင်" ဆိုတာများလားမသိဘူး။

ကျွန်တော် တစ်ခါတလေ မင်းသမီးတွေ ဆုပေးပွဲတွေ ဒါမှမဟုတ် အခမ်းအနားတွေမှာ အဲဒီလို ဝတ်တာမျိုး မြင်ဖူးပေမယ့် အပြင်မှာ အနီးကပ် မြင်ဖူးတာကတော့ ဒါ ပထမဆုံးပါပဲ။

ဒါ့အပြင် စကတ်က တိုလွန်းတာကြောင့် ဒါက ဂါဝန်လား၊ ဒါမှမဟုတ် အင်္ကျီအရှည်ကြီးလားဆိုတာ ခွဲခြားဖို့တောင် ခက်ပါတယ်။ ပြီးတော့ ဖိနပ်ကို ဘယ်နေရာမှာ ပစ်ထားခဲ့ပြီး ခြေဗလာနဲ့ လာခဲ့တာလဲ မသိပါဘူး။

သူ့ လက်ထဲမှာလည်း ရှန်ပိန်ပုလင်းတစ်ပုလင်း ရှိနေပြီး အရမ်းမူးနေတဲ့ ပုံစံနဲ့ ကိုယ်ခန္ဓာကိုတောင် မနည်း ထိန်းနေရတာပါ။

ကျွန်တော် အရင်က မြင်ဖူးတဲ့ သတင်းတစ်ခုကို ပြန်သတိရမိပါတယ်။ အဲဒါကတော့ တင်တာ အုပ်စုရဲ့ အမွေခံ အန်ဂျလီနာ တင်တာက အရမ်းမူးပြီး သူ သဘောကျတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဟိုတယ်အခန်းထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် ထိုအမျိုးသားက တံခါးမဖွင့်ပေးတာကြောင့် အရှက်ရခဲ့ရတဲ့ သတင်းပါ။

ဒါပေမဲ့ ဒီနေ့ အန်ဂျလီနာရဲ့ ဝတ်စုံကို မြင်လိုက်ရတော့ အတွေးတစ်ခု ဝင်လာခဲ့ပါတယ်။ အခန်းထဲမဝင်နိုင်ခဲ့တာထက်စာရင် ဝင်နိုင်ခဲ့တဲ့ အကြိမ်အရေအတွက်က ပိုပြီး အများကြီး ရှိခဲ့လောက်မယ်ထင်တယ်။

ဘာပဲဖြစ်ဖြစ် ဒီလို အခြေအနေမျိုး ကျွန်တော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ လူက အသက်ရှင်နေသရွေ့ အရာရာကို မြင်တွေ့နိုင်တာပဲလေ။

ကျွန်တော် ခဏလောက် ကြောင်အသွားတဲ့ အချိန်မှာပဲ အယ်လီရဲ့ ဒေါသထွက်နေတဲ့ အသံက ဖုန်းထဲကနေ ထွက်ပေါ်လာပါတယ်။

[အခု နင့်ရှေ့မှာ ရှိနေတာ ဘယ်သူလဲ]

ကျွန်တော် အယ်လီကို အန်ဂျလီနာရဲ့နာမည် ပြောပြလိုက်တယ်။

"အမ်... အန်ဂျလီနာ တင်တာပါ"

[ငါ ထင်သားပဲ]

"မဟုတ်ဘူး၊ အဲဒီလိုမျိုး မဟုတ်..."

အယ်လီက သက်ပြင်းချသလို ပြောတယ်။

[သိပါတယ်။ ငါလည်း ကောလာဟလတွေ ကြားဖူးတယ်]

"..."

ဒီမိန်းကလေးက ဘယ်လောက်တောင် နာမည်ကြီးနေလို့လဲ။

[ဖုန်း သူ့ကို ပေးလိုက်]

"ပြန်ပဲလွှတ်လိုက်ပါ့မယ်"

အယ်လီက ဒေါသထွက်နေတဲ့ အသံနဲ့ ပြောတယ်။

[အ ခု ချက် ချင်း ပေး လိုက် စမ်း]

"ကောင်းပါပြီ"

ကျွန်တော် ရွေးချယ်စရာမရှိဘဲ ဖုန်းကို အန်ဂျလီနာဆီ ကမ်းပေးလိုက်တယ်။

"ခင်ဗျားအတွက် ဖုန်းလာနေတယ်"

"ဘယ်သူလဲ"

"ပြောကြည့်ရင် သိမှာပါ"

အန်ဂျလီနာက ဖုန်းကို ယူလိုက်ပါတယ်။

"ဟဲလို။ အန်ဂျလီနာ ပြောနေတာပါ"

မူးနေတဲ့ အသံနဲ့ ရယ်မောရင်း နှုတ်ဆက်လိုက်တဲ့ အန်ဂျလီနာက ချက်ချင်းဆိုသလို မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော် သွားခဲ့တယ်။ အဲဒီနောက် ကြောက်လန့်တကြားနဲ့ တစ်ကိုယ်လုံး တုန်ရီလာခဲ့တာပါ။

"အဆင်ပြေရဲ့လား"

"အားးးးး"

အန်ဂျလီနာက ဖုန်းကို ပစ်ချလိုက်ပြီးနောက် အသက်လုပြီး ထွက်ပြေးတဲ့အတိုင်း ထွက်ပြေးသွားခဲ့တယ်။ အဲဒီလို ပြေးတဲ့အချိန်မှာတောင် ယူလာခဲ့တဲ့ ရှန်ပိန်ပုလင်းကိုတော့ သေသေချာချာ ပြန်ယူသွားပါသေးတယ်။

ကံကောင်းထောက်မစွာနဲ့ ဟိုတယ်စင်္ကြံလမ်းက ကော်ဇောခင်းထားတာ ဖြစ်တဲ့အပြင် ပစ်ချလိုက်တဲ့ ဆောင်း အီလက်ထရောနစ် က ထုတ်လုပ်တဲ့ စမတ်ဖုန်းက တော်တော်လေး ခိုင်ခံ့လို့ပါ။

ကျွန်တော် ဖုန်းကို ကောက်ကိုင်လိုက်တယ်။ ဖုန်းက အခုထိ မကျသေးပါဘူး။

"နင် ဘာပြောလိုက်တာလဲ"

အယ်လီက ရယ်မောရင်း ပြန်ပြောတယ်။

[ဂျင်ဟူ မသိတာက ပိုကောင်းပါတယ်]

"..."

All Chapters