အခန်း ၃၉၄
Vol. 40 Ch. 394
အခန်း (၃၉၄)
ပြန်လည်ရွေးကောက်ခံဖို့ တရားဝင် ကြေညာပြီးနောက် ရိုနယ်ရဲ့ ပထမဆုံး ခြေလှမ်းက ငလျင်ကြီးကြောင့် ပျက်စီးသွားတဲ့ ဒေသတွေက ပြန်လည်ထူထောင်ရေး လုပ်ငန်းခွင်တွေကို လှည့်လည်ကြည့်ရှုဖို့ ဖြစ်ပါတယ်။
ကျွန်တော်လည်း ရိုနယ်၊ ပါမောက္ခ ကီရန်မိုဟန်တို့နဲ့အတူ လုပ်ငန်းခွင်တွေဆီ သွားခဲ့ပါတယ်။ သွားလေရာမှာ ပြည်သူတွေရဲ့ သောင်းသောင်းဖျဖျ ကြိုဆိုမှုကို ခံခဲ့ရတယ်။
မြို့တွေရဲ့ အခြေအနေက တစ်မြို့နဲ့ တစ်မြို့ အတော်လေး ကွာခြားပါတယ်။ တချို့နေရာတွေဆို မူလပုံစံကို မှတ်မိဖို့တောင် ခက်ခဲလောက်အောင် ပျက်စီးနေပြီး တချို့နေရာတွေကတော့ အတော်အတန် အကောင်းအတိုင်း ရှိနေသေးသလိုပါပဲ။
မြို့ပြ ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေမှာ မြေပိုင်ရှင်တွေ၊ အဆောက်အဦး ပိုင်ရှင်တွေ၊ အိမ်ငှားတွေနဲ့ တခြားပတ်သက်သူတွေကြားမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။
မြို့တစ်ခုလုံးကို ငလျင်မတိုင်ခင်က အခြေအနေအတိုင်း ကွက်တိ ပြန်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို ထိရောက်မှုလည်း မရှိပါဘူး။
ဒီလုပ်ငန်းစဉ်မှာ နေထိုင်သူ အများစုရဲ့ သဘောတူညီချက်ကို ရယူပြီး ကျန်တဲ့ အိမ်ရာပိုင်ဆိုင်မှုတွေကို မဖြစ်မနေ သိမ်းယူရတဲ့ အဆင့်တွေ ပါဝင်ပါတယ်။ တချို့ ဒေသခံတွေက ဒါကို ပိုင်ဆိုင်မှု အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတဲ့အတွက် ပြည်နယ်အစိုးရဟာ ဒီလို ပဋိပက္ခဖြစ်နေတဲ့ အကျိုးစီးပွားတွေကို ညှိနှိုင်းပေးဖို့ အတော်လေး ရုန်းကန်ခဲ့ရတယ်။
အရင်းရှင် လူ့အဖွဲ့အစည်းမှာ လူတစ်ဦးချင်းစီက မိမိတို့ရဲ့ အကျိုးအမြတ် အများဆုံးရဖို့ပဲ ကြိုးစားကြပါတယ်။ ဒါပေမဲ့ "ဆန့်ကျင်ဘက် ဘုံပိုင်ပစ္စည်းများ၏ အနိဋ္ဌာရုံ" ဆိုတဲ့ စကားပုံ (ပုဂ္ဂလိက ပိုင်ဆိုင်မှု အခွင့်အရေးတွေ အရမ်းများလွန်းရင် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေခြင်း) အရ လူတိုင်းက မိမိကိုယ်ကျိုးတစ်ခုတည်းကိုပဲ ရှေ့တန်းတင်နေရင် တိုးတက်မှုက ရပ်တန့်သွားမှာပါ။
အလုပ်ပြုတ်သွားပြီး အလုပ်လုပ်ချင်ကြတဲ့ ဒုက္ခသည်တွေကို သက်မွေးဝမ်းကျောင်း သင်တန်းတွေ ပေးပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ခန့်အပ်ပေးခဲ့တယ်။ ဒါက အလုပ်လက်မဲ့ ပြဿနာနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့သလို ဆောက်လုပ်ရေး လုပ်ငန်းစဉ်ကိုလည်း သိသိသာသာ မြန်ဆန်စေခဲ့တယ်။
ကြီးမားတဲ့ စက်ယန္တရားကြီးတွေနဲ့ လူတွေဟာ အလုပ်ရှုတ်စွာနဲ့ လှုပ်ရှားနေကြပါတယ်။
ဝတ်စုံပေါ်မှာ ဂျမ်ပါအင်္ကျီ ထပ်ဝတ်ပြီး ဘေးကင်းလုံခြုံရေး ဦးထုပ် ဆောင်းထားတဲ့ ရိုနယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို ကိုယ်တိုင် စစ်ဆေးပြီး အလုပ်သမားတွေကို အားပေး စကားပြောနေပါတယ်။ ဒါက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို လာစစ်တဲ့ VIP တစ်ယောက်ရဲ့ ပုံမှန် ဝတ်စုံပါပဲ။ သူ့ဘေးမှာ ရပ်နေတဲ့ ကျွန်တော်လည်း အတူတူ ဝတ်ထားတာပါ။
ကင်မရာ အများအပြားက ကျွန်တော်တို့ နောက်ကို လိုက်နေကြပါတယ်။ သဘာဝအတိုင်းပဲ၊ ဒီလို စစ်ဆေးမှုမျိုးမှာ မီဒီယာတွေ မပါလို့ မဖြစ်ဘူးလေ။ ဒီလို လုပ်တာကိုက ပြသဖို့အတွက် မဟုတ်လား။
ရိုနယ်က လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးကို မေးခွန်းတွေ အမျိုးမျိုး မေးနေပါတယ်။
"ဟိုဘက်က အဆောက်အဦးတွေကို မှန်ကပ်နံရံ စနစ်နဲ့ ဆောက်နေတာလား"
"ဟုတ်ပါတယ် ခင်ဗျာ။ မှန်တွေ သုံးပြီး ညီညွတ်မှု ရှိအောင် လုပ်ဖို့ စီစဉ်ထားပေမဲ့ အရောင် အနည်းငယ်စီ ကွဲပြားအောင် သုံးပြီး ခွဲခြားထားပါတယ်"
"အင်း... ပုံစံကြမ်းတွေကို ကြည့်လို့ရမလား"
သူက လက်ဝှေ့ယမ်းပြီး လမ်းညွှန်ချက်တွေ ပေးနေတာကို ကြည့်ရင်း ကိုရီးယားရဲ့မြောက်ဘက်က "အထွတ်အထိပ် ခေါင်းဆောင်" ရဲ့ ပုံစံမျိုး နည်းနည်း ပေါက်နေသလို ခံစားလိုက်ရတယ်။
တကယ်လို့ CNN သာ ကိုရီးယား ဗဟိုသတင်းအေဂျင်စီ ဖြစ်ခဲ့ရင် သူတို့ ဒီလို သတင်းပို့ကြလောက်မှာပါ။
"လေးစားအပ်ပါသော အထွတ်အထိပ် ခေါင်းဆောင် ရဲဘော်ရိုနယ်ဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကွင်းဆင်း လမ်းညွှန်မှု ပြုလုပ်ခဲ့ပြီး ကယ်လီဖိုးနီးယားဟာ တော်လှန်ရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ ကိုယ့်အားကိုယ်ကိုး စနစ်နဲ့ ရှေ့ဆက်နေတယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ကြီးကြပ်ရေးမှူးတွေကို ဆင့်ခေါ်ပြီး မြင့်မားတဲ့ တိုက်ခန်း အဆောက်အဦးတွေရဲ့ ပုံစံနဲ့ စတိုင်လ် အားနည်းချက်တွေကို ထောက်ပြခဲ့ကာ မှန်တွေကို တာဝန်မဲ့ သုံးစွဲနေတဲ့ မှားယွင်းတဲ့ ဗိသုကာ လမ်းကြောင်းတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အဆောက်အဦးတွေကို စောင်းမနေဘဲ ဖြောင့်ဖြောင့် ဆောက်လုပ်ရမယ်ဆိုတဲ့ အဖိုးတန် သင်ကြားမှုကို ပေးသနားခဲ့ပါတယ်"
(ကံမကောင်းစွာနဲ့ပဲ CNNက ရိုနယ်နဲ့ အဆင်မပြေဖြစ်နေတုန်းပါပဲ။)
အဓိက ကွာခြားချက်တစ်ခုကတော့ ဘာမှ မသိဘဲနဲ့ လမ်းညွှန်ချက် အမျိုးမျိုး ပေးတတ်တဲ့ မြောက်ဘက်က ခေါင်းဆောင်နဲ့ မတူဘဲ ရိုနယ်က ဗိသုကာ ပညာရပ်အကြောင်းကို ကျွမ်းကျင်သူ အများစုထက် ပိုသိနေတာပါပဲ။
ဒါကလည်း သူ သမ္မတ မဖြစ်ခင်က အိမ်ခြံမြေ သူဌေးကြီး တစ်ယောက် ဖြစ်ခဲ့လို့ပါ။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ သူ့နာမည်ပါတဲ့ အဆောက်အဦးတွေ ရှိနေတုန်းဆိုတော့ သူ မသိရင်ပဲ ထူးဆန်းနေမှာလေ။
ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာတိုင်းမှာ "ကယ်လီဖိုးနီးယားကို ပြန်လည် ကြီးကျယ် စေရမည်" ဆိုတဲ့ ဆိုင်းဘုတ်တွေကို ချိတ်ဆွဲထားပြီး အဆောက်အဦးတွေဟာ အလျင်အမြန် မြင့်တက်လာနေပါပြီ။
အထွတ်အထိပ် ခေါင်းဆောင်ရဲ့ ညွှန်ကြားမှုအောက်က ချောလီမာ (ရှေ့အခန်းမှာအသေးစိတ်ရှင်းပြထားပါတယ်) အရှိန်နှုန်း တိုက်ပွဲနဲ့ တကယ် တူပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားလို ကမန်းကတန်းနဲ့ အရည်အသွေးမပြည့်မီအောင် ဆောက်တာမျိုးတော့ မဟုတ်ပါဘူး။
မြောက်ကိုရီးယားဆိုရင် ရက်ပိုင်းအတွင်းမှာပဲ အထပ်မြင့် အဆောက်အဦးတစ်ခုကို ထောင်လိုက်ပြီး ဒါဟာ သူတို့နိုင်ငံရဲ့ စွမ်းဆောင်ရည်ပဲလို့ ကမ္ဘာကို ကြွားလုံးထုတ်လေ့ ရှိတာပါ။ ဒါပေမဲ့ သူတို့ ရရှိတာက ချီးကျူးမှု မဟုတ်ဘဲ လှောင်ပြောင်မှုပါပဲ။ အဲဒီလို ကမန်းကတန်း ဆောက်ခဲ့တဲ့ အဆောက်အဦးတွေ ပြိုကျပြီး လူအမြောက်အမြား သေဆုံးခဲ့ရတာ တစ်ကြိမ်ထက်မက ရှိခဲ့ဖူးလို့လေ။
အမေရိကန်ကလည်း အရှိန်နှုန်း တိုက်ပွဲ ဆင်နွှဲနေတာ မှန်ပေမဲ့ နည်းလမ်းကတော့ လုံးဝ ကွဲပြားပါတယ်။
နည်းပညာဆိုတာ လိုအပ်ချက်အရ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး ဆောက်လုပ်ရေး စီမံကိန်း အစီအစဉ်တွေကို ကြေညာလိုက်တဲ့အခါ ဗိသုကာ ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေက ဆောက်လုပ်ရေး နည်းလမ်းသစ်တွေကို တီထွင်ခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက အကြီးစား အရင်းအနှီးတွေ စိုက်ထုတ်ခဲ့ကြတယ်။
အစိတ်အပိုင်းလိုက် တပ်ဆင်တဲ့ စနစ်နဲ့ ဆောက်လုပ်ရေး 3D printer တွေလိုမျိုး ခေတ်မီ ဆောက်လုပ်ရေး နည်းပညာမျိုးစုံကို လုပ်ငန်းခွင်တွေမှာ အသုံးပြုနေကြတာပါ။
Modular building ဆိုတာ အဆောက်အဦးရဲ့ အဓိက အစိတ်အပိုင်းတွေကို သီးခြား စက်ရုံတွေမှာ ထုတ်လုပ်ပြီးနောက် လုပ်ငန်းခွင်ဆီ ယူဆောင်လာပြီး တပ်ဆင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အဲ့ဒီနည်းလမ်းက Lego တုံးတွေ ဆက်သလိုမျိုး ဖြစ်ပြီး ဆောက်လုပ်ရေး အချိန်ကို သိသိသာသာ လျှော့ချပေးနိုင်တဲ့ အားသာချက် ရှိပါတယ်။
ဆောက်လုပ်ရေး 3D printerတွေကတော့ ပုံဆွဲသလိုမျိုး အဆောက်အဦးတွေကို ထောင်ပေးနေတာ ဖြစ်ပြီး ထည့်သွင်းထားတဲ့ ပုံစံပြ မြေပုံအတိုင်း မင်အစား ကွန်ကရစ်တွေကို ညှစ်ထုတ်ပေးတာပါ။ နေရာတစ်ခုမှာ ဆောက်လို့ ပြီးသွားရင် နောက်တစ်နေရာကို ရွှေ့ပြီး ဒီလုပ်ငန်းစဉ်အတိုင်း ထပ်လုပ်ပါတယ်။
ဒီမြင်ကွင်းကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်လိုက်ရတာက အတော်လေး အံ့ဩစရာ ကောင်းပါတယ်။
ဒီလို နည်းပညာသစ်တွေကို အချိန်တိုအတွင်း တီထွင်ပြီး စီးပွားဖြစ် အသုံးချနိုင်တာ အမေရိကန်ကလွဲလို့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ ရှိမှာမလို့လဲ။
လုံးဝ သစ်လွင်တဲ့ မြို့သစ်တစ်ခုဟာ ဆန်ဖရန်စစ္စကိုနဲ့ Silicon Valley မှာ အခု တည်ဆောက်နေပါပြီ။
ဒါကို မြင်တော့ ကျွန်တော့်ရဲ့ ကြိုးပမ်းမှုတွေက အချည်းနှီး မဖြစ်ခဲ့ဘူးလို့ ခံစားလိုက်ရတယ်။ တကယ်လို့ ဒီမှာ နေခဲ့တဲ့ ပြည်သူတွေသာ အသက်မရှင်ခဲ့ရင် မြို့ကို ပြန်လည် တည်ဆောက်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
ပါလိုအာတို ပြန်လည်ထူထောင်ရေး လုပ်ငန်းခွင်မှာ ဗိသုကာ ဒီဇိုင်းကုမ္ပဏီ ဖြစ်တဲ့ ArcIT ရဲ့ ဥက္ကဌ ပီတာ ကတ်ဆူယိုနဲ့ တွေ့ခဲ့တယ်။ သူက ဂျပန်လူမျိုးနဲ့ တူပေမဲ့ နိုင်ငံသားကတော့ အင်္ဂလိပ်ပါ။ ယူကေကို ပြောင်းရွှေ့သွားတဲ့ ဂျပန်မိဘတွေကနေ လီဗာပူးလ်မှာ မွေးဖွားခဲ့တဲ့ ဒုတိယမျိုးဆက် ရွှေ့ပြောင်းအခြေချသူ ဖြစ်ပါတယ်။
သူ တည်ထောင်ခဲ့တဲ့ ArcIT ကုမ္ပဏီဟာ ဗိသုကာ ဒီဇိုင်းပိုင်းကို အထူးပြုပါတယ်။ တခြားကုမ္ပဏီတွေနဲ့ ကွာခြားတာကတော့ သူတို့ ကိုယ်ပိုင် တီထွင်ထားတဲ့ အတုယူဖန်တီးထားတဲ့ AI ကို အသုံးပြုတာပါ။
အခုတော့ ကမ္ဘာလုံးဆိုင်ရာ ဗိသုကာ ဒီဇိုင်းကုမ္ပဏီကြီး ဖြစ်နေပြီ ဖြစ်ပေမဲ့ အစောပိုင်း ကာလတွေကတော့ လမ်းခရီးက ချောမွေ့ခဲ့တာ မဟုတ်ပါဘူး။ အစပိုင်းမှာ AI ရဲ့ စွမ်းဆောင်ရည်က ညံ့လွန်းလို့ လူတွေကပဲ အရာအားလုံးကို လက်နဲ့ ပြန်ပြင်ခဲ့ရတာပါ။
ဒါပေမဲ့ startup ကုမ္ပဏီတိုင်းက ဖြည်းဖြည်း မှန်မှန် ကြီးထွားလာတာ မဟုတ်ဘဲ တချို့သော အချိန်တွေမှာ ရုတ်တရက် ခုန်တက်သွားတတ်ကြတာမျိုးရှိပါတယ်။
ဝင်ငွေ ဝမ် သန်း ၁ ထောင် ရှိတဲ့ ကုမ္ပဏီတစ်ခုဟာ စဉ်ဆက်မပြတ် သုတေသနနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပေမဲ့ ဝင်ငွေက သန်း ၁၁၀၀၊ သန်း ၁၂၀၀၊ သန်း ၁၃၀၀ ဆိုပြီး တဖြည်းဖြည်း တိုးမလာတတ်ပါဘူး။ အဲဒီအစား သန်း ၁ ထောင်မှာပဲ အကြာကြီး ရပ်တန့်နေပြီးမှ ရုတ်တရက် သန်း ၂ ထောင် ဒါမှမဟုတ် သန်း ၃ ထောင်အထိ ခုန်တက်သွားတတ်တာမျိုးပါ။
graph ပေါ်မှာ ကြည့်ရင် တဖြည်းဖြည်း မြင့်တက်သွားတဲ့ မျဉ်းဖြောင့်ထက် လှေကားထစ်တစ်ခုလို မြင်ရတတ်ပါတယ်။ ဒါကြောင့်မလို့ ရူပဗေဒ ဝေါဟာရကို ငှားပြီး "ကွမ်တမ် ခုန်ပျံကျော်လွှားမှု" လို့ ခေါ်ကြတာပါ။
ကုမ္ပဏီ အများစုက အဲဒီလို ရပ်တန့်နေတဲ့ ကာလကို မကျော်ဖြတ်နိုင်ဘဲ ပြိုလဲသွားတတ်ကြတယ်။ တကယ်လို့ ကျွန်တော်သာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ရင် ArcIT လည်း ဒီလို ကံကြမ္မာမျိုးနဲ့ ကြုံတွေ့ခဲ့ရနိုင်ပါတယ်။
data တွေ ပိုပြီး ထည့်သွင်းလာနိုင်ပြီး machine learning ကတစ်ဆင့် AI က ပိုပြီး ခေတ်မီလာတဲ့အခါ ArcIT ဟာ အကောင်းဆုံး ရလဒ်တွေကို ထုတ်ပေးနိုင်ခဲ့တယ်။
အံ့ဩစရာ ကောင်းတာက AIရဲ့လုပ်ဆောင်မှုဟာ လူတွေ လုပ်နိုင်တာထက် ပိုပြီး တိကျနေတာပါပဲ။ အစပိုင်းမှာ သံသယဝင်ခဲ့ကြတဲ့ ဗိသုကာ ပညာရှင်တွေတောင် နောက်ပိုင်းမှာ ဒါကို ဝန်ခံခဲ့ကြရတယ်။
ArcIT ဟာ သူတို့ရဲ့ AI ပရိုဂရမ်ကို အပြင်က ဗိသုကာ ပညာရှင်တွေ သုံးနိုင်အောင် ဖြန့်ဝေပေးခဲ့ပြီး မူပိုင်ခွင့်ကြေးတွေ ကောက်ခံခဲ့တယ်။
အမြတ်အစွန်းတွေ သေချာရလာတာနဲ့အမျှ ကုမ္ပဏီရဲ့ တန်ဖိုးက ထိုးတက်သွားခဲ့ပြီး Unicorn Benchmark ဖြစ်တဲ့ ဒေါ်လာ သန်း ၁ထောင်ကို ကျော်လွန်သွားခဲ့တာ ကြာပါပြီ။
အခုဆို AI ဟာ ဒီဇိုင်းပိုင်းမှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီလေ။ အရင်ကလည်း ဗိသုကာ ပညာရပ်မှာ ကွန်ပျူတာ ပရိုဂရမ် အမျိုးမျိုးကို သုံးခဲ့ကြပေမဲ့ ArcIT ရဲ့ AI ကတော့ အဲဒါတွေကို အများကြီး ကျော်လွန်သွားခဲ့တာပါ။
နှိုင်းယှဉ်ရရင် ဒါဟာ frame တစ်ခုချင်းစီကို လက်နဲ့ ဆွဲရတဲ့ အန်နီမေးရှင်း စနစ်ဟောင်းကနေ ကွန်ပျူတာ သုံးပြီး လုပ်တဲ့ ဒစ်ဂျစ်တယ် အန်နီမေးရှင်း စနစ်ကို ကူးပြောင်းသွားသလိုပါပဲ။
ဗိသုကာ ပညာရှင်တွေက AI ကြောင့် သူတို့ရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးရလိမ့်မယ်လို့ စိုးရိမ်ခဲ့ကြပေမဲ့ လက်တွေ့ကတော့ ဆန့်ကျင်ဘက် ဖြစ်ခဲ့တယ်။ AI ဟာ ဗိသုကာ ပညာရှင်တွေကို အခွင့်အရေးသစ်တွေ ပေးခဲ့ပြီး AI နဲ့ လူသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်း ပေါင်းစပ်မှုက လုံးဝ သစ်လွင်တဲ့ ဗိသုကာ ပုံစံတွေကို မွေးဖွားပေးခဲ့တယ်။
ဒါပေမဲ့ အခွင့်အရေး ရလာတဲ့အခါ လူတိုင်းက အတူတူ ဆုပ်ကိုင်နိုင်ကြတာ မဟုတ်ပါဘူး။ တချို့က နည်းပညာသစ်တွေကို လက်ခံပြီး အသုံးချကြသလို တချို့ကတော့ ရှိရင်းစွဲ နည်းလမ်းတွေကိုပဲ ဖက်တွယ်ထားကြတယ်။ အဲဒီ ရွေးချယ်မှုတွေရဲ့ ရလဒ်ကတော့ ကွဲပြားသွားခဲ့ပါပြီ။
ArcIT ဟာ ပါလိုအာတိုနဲ့ ရက်ဒ်ဝုဒ် စီးတီးတို့ရဲ့ မြို့ပြ ပြန်လည်တည်ဆောက်ရေး တစ်ခုလုံးကို တာဝန်ယူထားပါတယ်။
ဥက္ကဌ ကတ်ဆူယိုဟာ ရုံးချုပ်ရှိတဲ့ လန်ဒန်မှာ မနေဘဲ ကယ်လီဖိုးနီးယားမှာပဲ အချိန်အများစုကို ကုန်ဆုံးနေပြီး တကယ်ကို အလုပ်များနေခဲ့တာပါ။
ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ ပူးတွဲတည်ထောင်သူ ဂျနယ်လ် ဂျက်ဆင်ကတော့ ကုမ္ပဏီ ရှယ်ယာတွေကို ရောင်းပြီး ထွက်သွားခဲ့ပါပြီ။ ဂျနယ်လ် ဂျက်ဆင်ဟာ အခုဆိုရင် လုပ်ငန်းသစ်တစ်ခုမှာ အလုပ်လုပ်နေတယ်လို့ ကြားရပါတယ်။
သူတို့ကြားမှာ တစ်ခုခု ဖြစ်ခဲ့ပုံရပေမဲ့ ကျွန်တော် နှိုက်နှိုက်ချွတ်ချွတ် မမေးခဲ့ပါဘူး။ ဂျက်ဆင် ထွက်သွားလို့ လစ်လပ်သွားတဲ့ နေရာကို တခြား ကွန်ပျူတာ အင်ဂျင်နီယာတွေနဲ့ အစားထိုးထားပါတယ်။
ဥက္ကဌ ကတ်ဆူယိုက ကျွန်တော့်ကို ပြောတယ်။
"မြို့ပြ စီမံကိန်း ရေးဆွဲတာက semiconductor ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ လက်သည်းခွံလောက်ပဲ ရှိတဲ့ chip ပြားလေးပေါ်မှာ လိုအပ်တဲ့ ပတ်လမ်း အားလုံးကို ဆံ့အောင် ထည့်ရသလိုမျိုး မြို့ရဲ့ ကန့်သတ်ထားတဲ့ နေရာလွတ် ထဲမှာလည်း အရာအားလုံးကို ဖန်တီးရတာပါ။ လူနေရပ်ကွက်တွေ၊ ရုံးခန်းနေရာတွေ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဈေးဝယ်စင်တာတွေ၊ စိမ်းလန်းစိုပြည်တဲ့ နေရာတွေ၊ ယာဉ်ကြော ပမာဏ၊ ရေနဲ့ မိလ္လာ စနစ် စတာတွေ အားလုံး ပါဝင်ပါတယ်။ တကယ်လို့ အသေးအဖွဲ အရာတစ်ခုခု လွဲချော်သွားရင် နောက်ပိုင်းမှာ ပြဿနာကြီးတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ပြဿနာတစ်ခုက နောက်ထပ် ပြဿနာတစ်ခုကို မွေးဖွားပေးတတ်လို့ အချိန်ကြာလာတာနဲ့အမျှ ပြင်ရတာ ပိုခက်လာတတ်ပါတယ်"
အစောပိုင်းက ဒါရီလ် ဆီဂန် ပြောခဲ့ဖူးတာကို ကျွန်တော် သတိရသွားတယ်။
ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲတာက ဘယ်လို အမှားအယွင်းမှ မရှိဘဲ ချိတ်ဆက်ထားတဲ့ ဂီယာတုံး ပေါင်းထောင်သောင်း ချီရှိတဲ့ စက်ကြီးတစ်လုံးနဲ့ တူပါတယ်။ တကယ်လို့ ဂီယာတုံးတစ်ခုကို ပိုကောင်းတဲ့ တစ်ခုနဲ့ အစားထိုးတာတို့၊ အစိတ်အပိုင်းအသစ် တစ်ခုခုကို လွဲမှားစွာ ထည့်မိတာတို့ လုပ်မိရင် စက်ကြီးတစ်ခုလုံး ရပ်တန့်သွားနိုင်ပါတယ်။ ဒါကြောင့် အစကတည်းက စနစ်တကျ တည်ဆောက်ရတာပါ။
ဥက္ကဌ ကတ်ဆူယိုက ကျွန်တော့်ကို မေးတယ်။
"မြို့တစ်မြို့မှာ ဘာက အရေးကြီးဆုံးလဲ သိလား"
"အင်း... ဘာဖြစ်မလဲ"
"လူတွေလေ"
တော်တော်လေးကို ရိုးရှင်းတဲ့ အဖြေပါပဲ။
သူက ဥပမာတစ်ခုနဲ့ ရှင်းပြပါတယ်။
ပဲရစ်မြို့မှာ ၁၉၆၀ ပြည့်လွန်နှစ်တွေက စတင်ပြီး ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်တဲ့ ဝင်ငွေနည်းသူတွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေကို အိမ်ရာ ပံ့ပိုးပေးဖို့အတွက် အကြီးစား အိမ်ငှား တိုက်ခန်းတွေကို အသစ် ဆောက်လုပ်ခဲ့ဖူးပါတယ်။
ရလဒ်က ဘာဖြစ်ခဲ့လဲ။ သူတို့တွေ တိုက်ခန်းအသစ်တွေမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခဲ့ကြလား။
အံ့ဩစရာ ကောင်းတာက တိုက်ခန်းဝန်းတစ်ခုလုံးက ဆင်းရဲသား ရပ်ကွက်အဖြစ် ပြောင်းလဲသွားခဲ့တာပါ။ နေရာအနှံ့မှာ အမှိုက်တွေ လျှံကျနေပြီး စနစ်တကျ ထိန်းသိမ်းခြင်း မရှိတဲ့ အဆောက်အဦးတွေက ပစ်ထားခြင်း ခံရလို့ လျင်မြန်စွာ ပျက်စီး ယိုယွင်းလာခဲ့တယ်။
"ဆင်းရဲမွဲတေမှုနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှုကို မဖြေရှင်းဘဲ အိမ်ရာ ပံ့ပိုးပေးရုံ သက်သက်နဲ့တော့ ဆင်းရဲသား ရပ်ကွက် ဖြစ်သွားတာကို မတားဆီးနိုင်ပါဘူး။ အဲဒီနောက်ပိုင်း ပဲရစ်မြို့ဟာ သူတို့ရဲ့ အိမ်ငှား တိုက်ခန်း မူဝါဒကို ပြောင်းလဲခဲ့တယ်။ ဝင်ငွေနည်းတဲ့ လူတွေကို တစ်နေရာထဲမှာ စုပြုံထားမယ့်အစား ကုန်ကျစရိတ် ပိုများရင်တောင် မြို့အနှံ့မှာ ခွဲထုတ်ပြီး နေရာချပေးခဲ့တယ်"
"ဒါကြောင့် ဘယ်လို အဆောက်အဦးမျိုးပဲ ဆောက်ဆောက်၊ ဘယ်လို မြို့မျိုးပဲ ဖန်တီးဖန်တီး အဲဒီမှာ နေထိုင်တဲ့ လူတွေကသာ အရေးကြီးဆုံးပါ"
"ဘယ်သူတွေ နေထိုင်လဲဆိုတဲ့အပေါ် မူတည်ပြီး အချိန်ကြာလာတာနဲ့အမျှ မြို့တစ်မြို့ရဲ့ ပုံစံက လုံးဝ ပြောင်းလဲသွားတတ်တယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ မြို့ဖြစ်ပါစေ ဘယ်သူမှ မနေရင် တန်ဖိုး မရှိဘူး"
ကံကောင်းစွာနဲ့ပဲ ဒီမြို့မှာ နေခဲ့တဲ့ လူအများစုက အသက်ရှင်ကျန်ရစ်ခဲ့လို့ မြို့ပြ ပြန်လည်တည်ဆောက်ရေးက အဆင်ပြေပြေ ရှေ့ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းက Silicon Valley မှာ ရှိခဲ့တဲ့ MS၊ Goobleနဲ့ Facenoteတို့လို ကုမ္ပဏီကြီးတွေကလည်း ရုံးချုပ်အသစ်တွေကို စတင် ဆောက်လုပ်နေကြပါပြီ။
ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (World Trade Center) ပြိုကျသွားတဲ့ နေရာမှာ ပိုပြီး ကြီးမား လှပတဲ့ အဆောက်အဦးကို ပြန်လည် ဆောက်လုပ်ခဲ့သလိုမျိုး ဒီမြို့ကလည်း ပိုပြီး လှပစွာ ပြန်လည် မွေးဖွားလာဦးမှာပါ။ ပြီးတော့ အရင်ကလိုပဲ ကမ္ဘာ့အဆင့်မြင့် စက်မှုလုပ်ငန်းတွေကို ထပ်မံ ဦးဆောင်သွားဦးမှာပါ။
ငလျင်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ သူတွေအတွက် ကြီးမားတဲ့ အထိမ်းအမှတ် ပန်းခြံတစ်ခုကို မြို့လယ်ခေါင်မှာ တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ ပန်းခြံရဲ့ နာမည်က 'KJN အထိမ်းအမှတ် ပန်းခြံ' လို့ ပေးထားပါတယ်။
သဘာဝအတိုင်းပဲ ဒါက ကျွန်တော့်ရဲ့ အမည်စာလုံး အတိုကောက်တွေကို ယူပြီး ပေးထားတာပါ။
ဥက္ကဌ ကတ်ဆူယိုက ပြုံးရင်း ပြောတယ်။
"ဒီမြို့ တည်ရှိနေသရွေ့တော့ ခင်ဗျာ့ရဲ့ နာမည်က ထာဝရ အမှတ်ရနေမှာပါ။ စီအီးအို ကန်"
ဒီမှာတင် မကပါဘူး၊ တခြား မြို့တွေမှာလည်း လမ်းအသစ်တွေနဲ့ ပန်းခြံတွေကို ကျွန်တော်နဲ့ ပါမောက္ခ ကီရန်မိုဟန်တို့ရဲ့ နာမည်တွေ ပေးနေကြပါတယ်။
"ပန်းခြံရဲ့ နာမည်ကို ပြောင်းလို့ ရမလား"
ကျွန်တော့် မေးခွန်းကြောင့် သူက ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ပြတယ်။
"မြို့ပြစီမံကိန်း ကော်မတီရဲ့ ဆွေးနွေးမှုကို လုပ်ရမှာ ဖြစ်ပေမဲ့ စီအီးအို ကန်ရဲ့ သဘောထားကိုတော့ ထည့်သွင်း စဉ်းစားပေးမှာပါ။ ဘယ်လို နာမည်မျိုး ပေးချင်လို့လဲ"
ကိုရီးယားမှာ ရှိတဲ့ ကျွန်တော့် သူငယ်ချင်းကို တွေးမိပြီး ပြောလိုက်တယ်။
"ကျွန်တော် 'OTK' လို့ နာမည်ပေးချင်တယ်။ သူက ဘယ်သူ့ထက်မဆို ပိုပြီး ဒုက္ခခံခဲ့ရလို့ပါ"
ဥက္ကဌ ကတ်ဆူယိုဆီကနေ မြို့ပြ ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ဇာတ်လမ်း အမျိုးမျိုးကို ကြားခဲ့ရတယ်။
"ကျွန်တော် ငယ်ငယ်တုန်းကတော့ နည်းပညာတွေ အရမ်းထွန်းကားလာမယ့် ခေတ် ပေါ်ပေါက်လာပြီး အဝေးကနေ အလုပ်လုပ်တာတွေ ခေတ်စားလာကာ လူတွေက လူကြပ်တဲ့ မြို့ကြီးတွေကို စွန့်ခွာပြီး ဆင်ခြေဖုံး အိမ်တွေမှာ နေထိုင်ကြလိမ့်မယ်လို့ ထင်ခဲ့ဖူးတယ်"
တကယ်ပဲ ကွန်ပျူတာနဲ့ အင်တာနက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အဲဒီလို အနာဂတ်မျိုးက လက်တစ်ကမ်းအလို ရောက်နေပြီလို့ ထင်ရပါတယ်။
ဒါပေမဲ့ ဒီဟောကိန်းက လုံးဝ မှားယွင်းသွားခဲ့တယ်။
ဥက္ကဌ ကတ်ဆူယိုက ပြုံးလိုက်တယ်။
"အကြောင်းပြချက်က ရိုးရှင်းပါတယ်။ လူတွေ စုပေါင်း နေထိုင်ကြတဲ့အခါ အချင်းချင်း ပေါင်းစပ် တွန်းအားတွေ ဖြစ်ပေါ်လာတတ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ လျစ်လျူရှုခဲ့မိလို့လေ"
စမ်းသပ်မှု အမျိုးမျိုးအရ ထူးချွန်တဲ့ လူတွေဟာ အတူတူ ရှိနေကြတဲ့အခါ ပိုပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိလာတတ်ကြပါတယ်။ ဒါကြောင့်မလို့ အဝေးကနေ အလုပ်လုပ်ဖို့ဆိုတာ နည်းပညာအရ ဖြစ်နိုင်ရင်တောင် အတူတူ အလုပ်လုပ်ပြီး အပြန်အလှန် ထိတွေ့ ဆက်ဆံရတာက ပိုပြီး ထိရောက်မှု ရှိပါတယ်။
ဒါကလည်း ကမ္ဘာ့ တခြားတစ်ဖက်မှာ ရှိတဲ့ လူတစ်ယောက်နဲ့ Video Callကနေ ကောင်းကောင်း ဆက်သွယ်နိုင်ပါလျက်နဲ့ လူတွေက ဘာလို့ လေယာဉ်စီးပြီး သွားတွေ့ကြလဲဆိုတဲ့ အကြောင်းရင်းပါပဲ။
"ဒါက ကုမ္ပဏီတွေတင် မကဘဲ မြို့တွေမှာလည်း အတူတူပါပဲ။ ကွဲပြားတဲ့ လူတွေ မြို့ပြတွေမှာ စုဝေး နေထိုင်ကြပြီး အဲဒီကနေ ယဉ်ကျေးမှုအသစ်တွေ မွေးဖွားလာကြတယ်။ ဒါကြောင့်မလို့လည်း ကော်ပိုရေးရှင်းကြီးတွေက မြို့ကြီးတွေဆီ ပိုပြီး စုပြုံလာကြပြီး ပိုကြီးမားတဲ့ ရုံးချုပ်တွေကို ဆောက်လုပ်နေကြတာပါ။ ကွဲပြားတဲ့ ဝန်ထမ်းတွေ နေရာတစ်ခုထဲမှာ ထိတွေ့ ဆက်ဆံပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိလာအောင် တွန်းအားပေးဖို့အတွက်ပါ"
စက်မှုလုပ်ငန်းတွေရဲ့ ပြောင်းလဲမှုကလည်း ဒီနေရာမှာ အခန်းကဏ္ဍတစ်ခုက ပါဝင်နေပါတယ်။
ကုမ္ပဏီတွေဟာ ပုံမှန် အလုပ်တွေကိုပဲ လုပ်တတ်တဲ့ သာမန် အလုပ်သမားတွေထက် နည်းပညာအသစ်တွေကို ဖန်တီးနိုင်ပြီး အသုံးချတတ်တဲ့ လူတွေကို ပိုပြီး လိုအပ်လာကြတယ်။ ကုမ္ပဏီတွေက အရည်အချင်းရှိသူတွေကို ရှာဖွေဖို့ မြို့ကြီးတွေဆီ စုပြုံလာကြသလို အရည်အချင်းရှိသူတွေကလည်း ကုမ္ပဏီတွေကို ရှာဖွေဖို့ မြို့ကြီးတွေဆီ စုပြုံလာကြပြီး သံသရာ လည်နေတာ ဖြစ်ပါတယ်။
"အဲဒီအထဲမှာ ဆိုးလ်မြို့က သတိပြုရမယ့် မြို့တစ်မြို့ပါပဲ။ တကယ်ကို ထူးခြားတယ်။ ကမ္ဘာ့ အဓိက မြို့ကြီးတွေနဲ့ နှိုင်းယှဉ်ရင်တောင် ဆိုးလ်မြို့လောက် ကြီးမားတဲ့ မဟာမြို့ကြီးမျိုးကို တွေ့ရခဲတယ်။ အခုဆို ကမ္ဘာပေါ်မှာ ဆိုးလ်မြို့ကို မသိတဲ့လူ မရှိသလောက်ပါပဲ။ ဆိုးလ်မြို့လို့ ပြောရင် လူတွေရဲ့ စိတ်ထဲမှာ ဘာကို အရင်ဆုံး ပြေးမြင်လဲ သိလား"
"၁၉၈၈ အိုလံပစ်လား"
"OTK Company ပါ။ တကယ်ပြောတာ၊ နောက်နေတာ မဟုတ်ဘူး။ လူတွေ Seattle လို့ ပြောရင် AMZ ကို ပြေးမြင်သလိုမျိုး ပြေးမြင်ကြတာလေ"
ကျွန်တော် ခပ်ပြုံးပြုံးပဲ လုပ်နေလိုက်တယ်။
"ဒါဆို ဆက်သွယ်ရေးနဲ့ နည်းပညာတွေ တိုးတက်လာတာက မြို့ပြ စုပြုံမှုကို ပိုပြီး ပြင်းထန်စေခဲ့တာပေါ့နော်"
ဒီလို အရာတွေကို ကြည့်ရင် အနာဂတ်ကို ကြိုတင်ခန့်မှန်းဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူတဲ့ အလုပ်ပါပဲ။ (ကိုယ့်မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းအားမျိုး မရှိရင်ပေါ့။)
အဲဒီလို တွေးလိုက်မိတဲ့ အခိုက်အတန့်မှာပဲ အကြာကြီး ပျောက်ကွယ်နေခဲ့တဲ့ အရာတစ်ခုက ကျွန်တော့် မျက်စိရှေ့မှာ ဖျတ်ခနဲ လင်းလက်သွားခဲ့တော့တယ်။