အခန်း ၃၉၅
Vol. 40 Ch. 395
အခန်း (၃၉၅)
ကယ်လီဖိုးနီးယားက အစီအစဉ်တွေကို အားလုံး အဆုံးသတ်ပြီးတဲ့နောက် ကိုရီးယားကို ပြန်ဖို့ ပြင်ဆင်လိုက်တယ်။ ပြန်မယ့် လေယာဉ်ပေါ်မှာ မြင်ခဲ့တဲ့ အနာဂတ် အမြင်အကြောင်း တွေးတောရင်း အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေကြည့်နေမိတယ်။
အိမ်ပြန်ရောက်တော့ မြေအောက်ကားရပ်နားရာနေရာမှာ ကားပါကင်ထိုးပြီး ဓာတ်လှေကားနဲ့ အပေါ်တက်လာခဲ့တယ်။ ဓာတ်လှေကားတံခါး ပွင့်သွားတဲ့အချိန်မှာပဲ အယ်လီက အရှေ့မှာ မတ်တပ်ရပ် စောင့်ကြိုနေတာကို တွေ့လိုက်ရတယ်။
“ငါ ပြန်ရောက်ပြီ…”
စကားတောင် ဆုံးအောင် မပြောရသေးခင်မှာပဲ အယ်လီက ကျွန်တော့်ကို လှမ်းဖက်ပြီး နမ်းလိုက်တယ်။ အိမ်ပြန်လာတဲ့အချိန်မှာ ကိုယ့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ့်သူ ရှိနေတာဟာ တကယ်ကို ပျော်စရာကောင်းတဲ့ အရာပါပဲ။
ခပ်ကြာကြာ နမ်းပြီးတဲ့နောက်မှာတော့ အယ်လီက ကျွန်တော့် မျက်လုံးတွေကို စိုက်ကြည့်ပြီး မေးလာတယ်။
“ဟိုမိန်းမက ဘာမှ မလုပ်ဘူးမလား”
‘ဟိုမိန်းမ’ ဆိုတာ အန်ဂျလီနာ တင်တာကို ပြောတာ ဖြစ်မယ်ထင်တယ်။
“ဘာမှ မလုပ်ပါဘူး။ အိမ်တံခါးဝကနေတင် ချက်ချင်း ထွက်ပြေးသွားတာ”
“အမေရိကမှာ ဘယ်လိုလဲ။ ပျော်ဖို့ကောင်းလား”
“တစ်ယောက်ထဲမလို့ ပျင်းစရာကြီးပါ”
“ငါ့ကိုရော မလွမ်းဘူးလား”
“လွမ်းတာပေါ့”
“ဟောလိဝုဒ် မင်းသမီးတွေထဲမှာ ဘယ်သူက အလှဆုံးလဲ”
“အယ်လီက ဟောလိဝုဒ်က မင်းသမီးအားလုံး ပေါင်းထားတာထက် အဆပေါင်းများစွာ ပိုလှပါတယ်”
“ဟွန့်… လူလိမ်ကြီး”
အယ်လီက မကျေနပ်သလိုမျိုး နှုတ်ခမ်းလေး ဆူပြနေပေမဲ့ မျက်ဝန်းတွေကတော့ ပြုံးနေခဲ့တယ်။ အဲဒီ အမူအရာလေးက သိပ်ကို ချစ်ဖို့ကောင်းနေတာမလို့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ကပဲ အရင်ဆုံး ပြန်နမ်းလိုက်မိတယ်။
အနားကနေ စောင့်ကြည့်နေတဲ့ တက်ဂယူက ဝင်ပြောလာတယ်။
“သူငယ်ချင်းရာ… ငါ့ကိုရော ရှိတယ်လို့ယူဆသေးရဲ့လား”
ကျွန်တော်တို့တွေ အိမ်မှာပဲ အတူတူ ညစာစားပြီး ဧည့်ခန်းထဲမှာ ထိုင်လိုက်ကြတယ်။
အယ်လီက ကျွန်တော် ပြန်ရောက်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်ပုလင်းတစ်ပုလင်း ဖောက်လိုက်တယ်။ ဧည့်ခန်း ဆိုဖာပေါ်မှာ ထိုင်ရင်း သတင်းကြည့်ကာ ဝိုင်သောက်နေကြတာပေါ့။
ဝိုင်သောက်နေရင်းနဲ့လည်း မြင်ခဲ့တဲ့ အနာဂတ် မြင်ကွင်းတွေက ခေါင်းထဲမှာ ဆက်တိုက် ပြန်လည် ပေါ်လာနေတုန်းပဲ။ တီဗီသတင်းထဲမှာ ဆိုးလ်မြို့ဟာ နိုင်ငံခြားသားတွေ နေထိုင်ဖို့အတွက် ကမ္ဘာ့ စတုတ္ထမြောက် ကုန်ကျစရိတ် အမြင့်ဆုံးမြို့ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။
တက်ဂယူက မေးလာတယ်။
“နိုင်ငံခြားသားတွေ နေဖို့အတွက် တကယ်ပဲ အဲဒီလောက်အထိ ဈေးကြီးတာလား”
အယ်လီက ခေါင်းညိတ်ပြတယ်။
“အင်း… အဲလိုပဲ ထင်ရတာပဲ။ တကယ်တော့ ဆိုးလ်ရဲ့ အထွေထွေ လူနေမှုစရိတ်က အဲလောက် မကြီးလှဘူး။ ဒါပေမဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေကတော့ ကမ္ဘာ့ အဓိက မြို့ကြီးတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့အထိ မြင့်မားတယ်”
Golden Gateက နိုင်ငံခြား ဘဏ္ဍာရေး လုပ်ငန်းတစ်ခု ဖြစ်တာကြောင့် နိုင်ငံခြားသား ဝန်ထမ်း အချိုးအစားက များပြားပါတယ်။ ကုမ္ပဏီက သူတို့ရဲ့ နေထိုင်မှုစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ပေးလေ့ ရှိတာပါ။ အဲဒါကြောင့်လည်း အစ်မ ဟျွန်းဂျူးနဲ့ အယ်လီတို့ဟာ ဟိုတယ်မှာ တည်းခိုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အယ်လီက ဟိုတယ်ကနေ ထွက်ပြီး ကျွန်တော်တို့နဲ့အတူ လာနေတာ ဖြစ်ပေမဲ့ နေထိုင်မှု စရိတ် ထောက်ပံ့ကြေးကိုတော့ ဆက်လက် ရရှိနေဆဲဖြစ်ပြီး အဲဒီ ပိုက်ဆံတွေကို စုဆောင်းနေတယ်လို့ သိရတယ်။
ဘာပဲဖြစ်ဖြစ် နေထိုင်မှုစရိတ် မြင့်မားတာဟာ အိမ်ခြံမြေ ဈေးနှုန်းတွေ အလွန်အမင်း ခေါင်ခိုက်နေတာကြောင့်ပါပဲ။
ဒီတစ်ကြိမ်မှာတော့ ကျွန်တော်က ဝင်မေးလိုက်တယ်။
“နိုင်ငံခြားသားတစ်ယောက်ရဲ့ အမြင်ကနေ ကြည့်ရင် ဆိုးလ်ရဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေက အဆမတန် ဈေးကြီးတယ်လို့ ယူဆလို့ရမလား”
“ကြီးတာပေါ့။ ဒါပေမဲ့ ဟောင်ကောင်ထက်စာရင်တော့ တော်သေးတယ်။ ဟောင်ကောင်ကတော့ တကယ်ကို စကားလုံးနဲ့တောင် ဖော်ပြလို့ မရအောင်ပဲ။ ပြီးခဲ့တဲ့နှစ်က အိမ်ထောင်ကျသွားတဲ့ ငါ့သူငယ်ချင်းတစ်ယောက် ချင်ဆာစုဆွီ မှာ စတူဒီယို အခန်းကျဉ်းလေးတစ်ခန်း ဝယ်ခဲ့တယ်။ ဘယ်လောက် ပေးခဲ့ရလဲ သိလား”
“ဘယ်လောက်လဲ”
“၁၀ သန်း။ ငါက အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ မေးတော့၊ ဆွမ်းဝမ်က အဟောင်းတန်း၊ အခန်းကျဉ်းလေးတွေတောင် တစ်ခန်းကို ၅ သန်းစီ ပေါက်တယ်လို့ ပြောတယ်။ Victoria Peak ဒါမှမဟုတ် Repulse Bay လိုမျိုး နေရာက စူပါ ဇိမ်ခံအိမ်ကြီးတွေဆိုရင် သန်း ၂,၀၀၀ ဒါမှမဟုတ် သန်း ၃,၀၀၀ ကျော်တယ်”
အယ်လီ ပြောလိုက်တဲ့ ငွေကြေးယူနစ်က ကိုရီးယားဝမ် မဟုတ်ဘဲ ဟောင်ကောင်ဒေါ်လာ ဖြစ်တာ သေချာပါတယ်။ ဟောင်ကောင်ဒေါ်လာ ၁၀ သန်းဆိုတာ ကိုရီးယားဝမ်နဲ့ တွက်ရင် သန်း ၁ ထောင်ခွဲ ဝန်းကျင် ရှိပြီး ဟောင်ကောင်ဒေါ်လာ သန်း ၂,၀၀၀ ဆိုတာ ကိုရီးယားဝမ် သန်းပေါင်း ၃သိန်းနီးပါး ရှိပါတယ်။
ဟောင်ကောင်ရဲ့ တစ်ဦးချင်း ဝင်ငွေက ကိုရီးယားထက် မြင့်မားတယ်ဆိုပေမဲ့ လစာကတော့ အဆမတန် ကွာခြားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဟောင်ကောင်က လစာစား ဝန်ထမ်းတစ်ယောက်အတွက် အိမ်တစ်လုံး ဝယ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့တဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။
အယ်လီက သက်ပြင်းချရင်း ပြောတယ်။
“ဒါတွေအားလုံးက Asset Parking ကြောင့်ပဲ”
Asset Parking ဆိုတာကတော့ ကားတစ်စီးကို လုံခြုံတဲ့ နေရာမှာ ကားပါကင် ထိုးထားသလိုမျိုး၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ ရွှေ့ပြောင်း သိုမှီးထားခြင်းကို ဆိုလိုတာပါ။
ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ လျင်မြန်တဲ့ စီးပွားရေး တိုးတက်မှုနဲ့အတူ သူဌေး အမြောက်အမြားကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ ပိုက်ဆံတွေကို ကိုယ့်နိုင်ငံထဲမှာပဲ ဆက်ထားဖို့ကျတော့ နိုင်ငံရေးအရ ဖြစ်စေ၊ စီးပွားရေးအရ ဖြစ်စေ မတည်ငြိမ်မှုတွေကို ခံစားရပါတယ်။ တကယ်လို့ ကိုရီးယားရဲ့ အတိတ်က IMF အကြပ်အတည်းလိုမျိုး ဖြစ်ရပ်မျိုး ကြုံလာရရင် ငွေကြေးတန်ဖိုး ကျဆင်းမှုကြောင့် ကိုယ့်ပိုင်ဆိုင်မှု တန်ဖိုးရဲ့ ထက်ဝက်ကျော်က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်ပါတယ်။
ဒါကြောင့် လူတွေဟာ အနည်းဆုံးတော့ သူတို့ပိုင်ဆိုင်မှုရဲ့ တချို့ကို ဖြစ်စေ၊ အားလုံးကို ဖြစ်စေ လုံခြုံစိတ်ချရတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေဆီ ရွှေ့ပြောင်းချင်ကြပြီး အမေရိကန် ဘဏ်တွေမှာ အပ်နှံတာ ဒါမှမဟုတ် ဂျပန် စတော့ရှယ်ယာတွေ ဝယ်ယူတာမျိုး လုပ်ကြပါတယ်။
အဲဒီအထဲမှာမှ အိမ်ခြံမြေ လုပ်ငန်းဟာ ငွေသား အမြောက်အမြားကို လွယ်လွယ်ကူကူနဲ့ ဘေးကင်းကင်း သိုလှောင်ထားနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုအရ လူဝင်မှုကြီးကြပ်ရေး ခွင့်ပြုထားတဲ့ နိုင်ငံတွေမှာဆိုရင် အိမ်ခြံမြေ ဝယ်ယူမှု ပမာဏအပေါ် မူတည်ပြီး အမြဲတမ်း နေထိုင်ခွင့် ဗီဇာကိုပါ ရရှိနိုင်သလို၊ ဝယ်ထားတဲ့ အိမ်ကို ပြန်ငှားစားတာတို့၊ နိုင်ငံခြားမှာ ပညာသင်မယ့် သားသမီးတွေအတွက် အသုံးပြုတာတို့ကို လုပ်လို့ ရတယ်လေ။
၁၉၉၉ ခုနှစ်မှာ ဗြိတိန်က ဟောင်ကောင်ကို တရုတ်လက်ထဲ ပြန်လည် လွှဲပြောင်းပေးအပ်မယ်လို့ ကြေညာခဲ့စဉ်က လူအများစုက အိမ်ခြံမြေ ဈေးနှုန်းတွေ ပြိုလဲသွားလိမ့်မယ်လို့ စိုးရိမ်ခဲ့ကြတယ်။ အမှန်တကယ်ပဲ ကျွမ်းကျင်သူ အများစုက တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့် စီးပွားရေး ပျက်ပြားပြီး အိမ်ခြံမြေ တန်ဖိုးတွေ ကျဆင်းသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။
ဒါပေမဲ့ ရလဒ်ကတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံက ရင်းနှီးမြုတ်နှံမှုတွေ ဟောင်ကောင်ထဲကို အလုံးအရင်းနဲ့ စီးဝင်လာခဲ့လို့ပါပဲ။ တရုတ်ပြည်က သူဌေးတွေက ဟောင်ကောင်က အိမ်တွေကို အလုအယက် ဝယ်ယူခဲ့ကြတာကြောင့် အိမ်ခြံမြေ ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားခဲ့တယ်။
လွှဲပြောင်းပေးပြီးနောက်ပိုင်း အိမ်ခြံမြေ ဈေးနှုန်း မြင့်တက်မှုနှုန်းဟာ အံ့ဩစရာကောင်းလောက်အောင် ၄၀၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့တယ်။
ဒါက ပျမ်းမျှပမာဏကို ပြောတာဖြစ်ပြီး ဝယ်လိုအား မြင့်မားတဲ့ နေရာတွေမှာဆိုရင် ဈေးနှုန်းက ၁၀ ဆကျော်အထိ မြင့်တက်သွားခဲ့တာပါ။
ဒါ့အပြင် အလုပ်အကိုင် ရှာဖွေဖို့အတွက် တရုတ်လူမျိုးတွေ အစုအဝေးလိုက် ရောက်ရှိလာတာကြောင့် အိမ်ရာ ရှားပါးမှုပြဿနာက ပိုမို ပြင်းထန်လာခဲ့တယ်။ ဟောင်ကောင်ဟာ မြို့ပြနိုင်ငံငယ်လေး ဖြစ်တာကြောင့် အိမ်ရာအသစ်တွေ ထပ်မံ ပံ့ပိုးပေးဖို့ ခက်ခဲခဲ့တယ်။ အဲဒါကြောင့်ပဲ အခန်းကျဉ်းလေး တစ်ခန်းကိုမှ လူအများကြီး ခွဲဝေနေထိုင်ရတဲ့ ‘လှောင်အိမ်အိမ်ရာ’တွေ ဒါမှမဟုတ် ၃ ပြုံ (၁၀ စတုရန်းမီတာ သို့မဟုတ် စတုရန်းပေ ၁၀၀ ခန့်) သာ ကျယ်ဝန်းတဲ့ တိုက်ခန်းပေါက်စလေးတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။
“ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သူဌေးတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံကြတဲ့အတွက် ဟောင်ကောင်တင်မကဘဲ နယူးယောက်၊ ဆီအက်တဲလ်၊ ဆန်ဖရန်စစ္စကို၊ အယ်လ်အေ၊ ဗန်ကူးဗား၊ တိုရွန်တို၊ ဆစ်ဒနီ၊ မဲလ်ဘုန်းနဲ့ လန်ဒန်တို့မှာပါ အိမ်ခြံမြေ ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားခဲ့ရတာပေါ့”
တက်ဂယူက ခေါင်း စောင်းပြီး ဝင်မေးတယ်။
“ဒါဆို ဆိုးလ်ကရော”
“ဆိုးလ်ရဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေကလည်း မြင့်တက်နေတာ မှန်ပေမဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရရင် တခြားမြို့တွေလောက်တော့ မပြင်းထန်သေးဘူး”
ကိုရီးယား အိမ်ခြံမြေကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပစ်မှတ် ဖြစ်လာနေတာ မှန်ပေမဲ့ စီးပွားရေး လုပ်ငန်းသုံး အိမ်ခြံမြေတွေနဲ့ မတူဘဲ လူနေထိုင်ရာ အိမ်ရာတွေမှာ ရင်းနှီးမြှုပ်နှံမှုကတော့ အခုထက်ထိ အဲလောက် မမြင့်မားသေးပါဘူး။
အဲဒါအတွက် အဓိက အချက် နှစ်ချက် ရှိပါတယ်။ တစ်ချက်က မြောက်ကိုရီးယားကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ် အခြေအနေ ဖြစ်ပြီး၊ ဒုတိယ တစ်ချက်ကတော့…
“ကိုရီးယားက အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံ မဟုတ်လို့ပဲ”
အထူးတလည် ပြောနေစရာ မလိုအောင်ပဲ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနဲ့ တခြား နိုင်ငံတွေအပြင် ဟောင်ကောင်ကပါ အင်္ဂလိပ်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။ တကယ်လို့ ကိုရီးယားသာ ကိုရီးယားစာအစား အင်္ဂလိပ်စာကို သုံးခဲ့မယ်ဆိုရင် အိမ်ခြံမြေ ဈေးနှုန်းတွေဟာ အခုထက် ဆယ်ဂဏန်း ရာခိုင်နှုန်းလောက် ပိုပြီး မြင့်မားနေလောက်ပါပြီ။
ဒီလို အကြောင်းပြချက်တွေရှိနေတာကြောင့် ကိုရီးယားရဲ့ လူနေအိမ်ရာ ဈေးကွက်ဟာ ကမ္ဘာ့အဆင့် ဈေးကွက်ထက်စာရင် ပြည်တွင်းအဆင့် ဈေးကွက်နဲ့ ပိုပြီး နီးစပ်နေတာပါ။
အယ်လီက ကျွန်တော့်ကို ဝေဝါးဝါးနဲ့ လှမ်းကြည့်လာတယ်။
“ဒါနဲ့ ဂျင်ဟူ… နင်က များသောအားဖြင့် အိမ်ခြံမြေ လုပ်ငန်းတွေကို သိပ်စိတ်မဝင်စားပါဘူး။ ဘာလို့ ရုတ်တရက် ထမေးတာလဲ”
ရင်းနှီးမြှုပ်နှံမှု ပါရမီရှင်လို့ လူသိများတဲ့ ဝါရင် ဘတ်ဖတ်က အိမ်ခြံမြေ လုပ်ငန်းတွေမှာ သိပ်ပြီး ရင်းနှီးမြှုပ်နှံလေ့ မရှိပါဘူး။ သူက အခြေခံအားဖြင့် စတော့ရှယ်ယာတွေက အိမ်ခြံမြေထက် ပိုမိုကောင်းမွန်တဲ့ အကျိုးအမြတ်ကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ထားပြီး သူ့ရဲ့ ဘဝမှာလည်း အမှန်တကယ်ပဲ ထိရောက်ခဲ့တယ်။
ဒါပေမဲ့ အဲဒါက ဝါရင် ဘတ်ဖတ်ရဲ့ အခြေအနေသာ ဖြစ်ပြီး လူအများစုကတော့ အိမ်ခြံမြေကို သူတို့ရဲ့ အရေးကြီးဆုံး ပိုင်ဆိုင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ထားကြတာပါ။
ဝါရင် ဘတ်ဖတ်လိုပဲ ကျွန်တော်ကလည်း အိမ်ခြံမြေ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာ ရှားပါတယ်။ ကုမ္ပဏီ ပိုင်ဆိုင်တဲ့ တစ်ခုထဲသော အိမ်ခြံမြေက ကုမ္ပဏီ ရုံးချုပ် အဆောက်အဦး ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင် ပိုင်ဆိုင်တာကတော့ လက်ရှိ နေထိုင်နေတဲ့ အိမ်တစ်လုံးပဲ ရှိပါတယ်။
ကျွန်တော်က ပြုံးပြီး ပြောလိုက်တယ်။
“Silicon Valley က ဆောက်လုပ်ရေး လုပ်ငန်းတွေကို မြင်ခဲ့ရတော့ နည်းနည်း စိတ်ဝင်စားသွားတာနဲ့ သိချင်လာလို့ပါ”
ဝိုင်ရှိန်လေး တက်နေတဲ့ အယ်လီကို သူ့အခန်းထဲ ပို့ပြီး အိပ်ခိုင်းလိုက်ပြီးတဲ့နောက် ကျွန်တော် ဧည့်ခန်းထဲ ပြန်ဆင်းလာခဲ့တယ်။ ပြီးတော့ ဆိုဖာပေါ်မှာ ငိုက်မြည်းနေတဲ့ တက်ဂယူကို လှုပ်နှိုးလိုက်တယ်။
“ငါတို့ ကုမ္ပဏီ ရုံးချုပ်ကို ရွှေ့ရမယ် ထင်တယ်”
တက်ဂယူက မျက်လုံးတွေ ပိတ်ထားလျက်သားနဲ့ပဲ ပြန်ဖြေတယ်။
“ဟမ်… ဘာလို့ ရုတ်တရက်ကြီးရွှေ့ရမှာလဲ”
“ချက်ချင်းကြီးတော့ မဟုတ်ပါဘူး”
“ဘယ်ကိုလဲ။ နိုင်ငံခြားကိုလား”
“နိုင်ငံခြား မဟုတ်ဘူး၊ ပြည်တွင်းမှာပဲ”
အတိအကျ ပြောရရင် ကိုရီးယားမှာရှိတာက ရုံးချုပ် မဟုတ်ပါဘူး။ တရားဝင် ကုမ္ပဏီကိုတော့ အခွန် ကင်းလွတ်ခွင့် ပေးထားတဲ့ ဒဲလားဝဲမှာ မှတ်ပုံတင်ထားတာ ဖြစ်ပြီး ကိုရီးယားမှာရှိနေတာက ဆိုးလ် ရုံးခွဲ သက်သက်ပါပဲ။
ဒါကြောင့် ရုံးချုပ် ပြောင်းရွှေ့တယ်ဆိုတာ တရားဝင် မှတ်ပုံတင်ထားတဲ့ နေရာကို ပြောင်းလဲတာ မဟုတ်ဘဲ ကျွန်တော်တို့ အလုပ်လုပ်မယ့် အဆောက်အဦးကို ပြောင်းလဲတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုံးပြောင်းမယ်လို့သာ ကြေညာလိုက်ရင် နေရာတော်တော်များများက ဝမ်းသာအားရ ကြိုဆိုကြမှာ သေချာပါတယ်။
“ဒါပေမဲ့ ဘာလို့လဲ။ ဒါက လုံးဝ မျှော်လင့်မထားတဲ့ ကိစ္စကြီး မဟုတ်ဘူးလား”
ကျွန်တော် ကိုယ်တိုင်တောင် ဒီလိုပြောင်းရွှေ့တာက နည်းနည်း ရုတ်တရက် ဆန်လွန်းတယ်လို့ တွေးမိပါတယ်။ အမှန်တော့ ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်ထားတာ ဘာမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကို စည်းရုံးဖို့ကတော့ အရမ်းကို လွယ်ကူတဲ့ ကိစ္စတစ်ခုပါ။
“ငါ အနာဂတ် မြင်ကွင်းတစ်ခုကို မြင်ခဲ့တယ်”
အဲဒီ စကားလုံးတွေကို ကြားလိုက်ရတဲ့အချိန်မှာပဲ တက်ဂယူရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး ချက်ချင်း မတ်မတ် ထထိုင်လိုက်တော့တယ်။
“တကယ်လား။ ဘယ်လောက်တောင် ကြာသွားပြီလဲ”
“အင်း… အဲဒါကြောင့် ပြောင်းရွှေ့မယ်လို့ ပြောတာပေါ့”
နတ်မျက်စိကို တော်တော်လေး ကြာမှ ပြန်မြင်ရတာ ဖြစ်လို့ ကျွန်တော် ကိုယ်တိုင်လည်း နည်းနည်းတော့ ဝမ်းသာမိတယ်။
“ဒါနဲ့ ဘာမြင်ခဲ့တာလဲ”
“OTK ကုမ္ပဏီရဲ့ ရုံးချုပ် အဆောက်အဦးကို တခြား နေရာတစ်ခုဆီ ရွှေ့ဖို့ ပြောနေတာ”
“တခြား နေရာတစ်ခုဟုတ်လား… ဘယ်နေရာလဲ”
ကျွန်တော့် စကားကို ကြားတော့ တက်ဂယူက နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်တယ်။
“ဘာလဲ… ရုံးချုပ်ကို အဲဒီနေရာကို ပြောင်းမလို့လား။ အဲဒီမှာ ဘာရှိလို့လဲ”
“ဘာမှ မရှိဘူး”
တကယ်လို့ တခြားလူတွေသာ ဒါကို ကြားရင် ကျွန်တော့်ကို ရူးနေပြီလို့ ထင်ကြမှာ သေချာပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အနာဂတ် မြင်ကွင်းကို မမြင်ခဲ့ရဘူးဆိုရင် စိတ်ကူးထဲတောင် ထည့်မိမှာ မဟုတ်ပါဘူး။
တက်ဂယူက လက်ပိုက်ပြီး ပြောလာတယ်။
“ဒါဆို OTK ကုမ္ပဏီရဲ့ ရုံးချုပ် အဆောက်အဦးက ကျယ်ပြောပြီး ဘာမှမရှိတဲ့ ကွင်းပြင်ကြီးရဲ့ အလယ်ခေါင်မှာ တစ်ကောင်ကြွက်လိုမျိုး မတ်တပ်ကြီး ရှိနေတော့မှာပေါ့ ဟုတ်လား”
“ဘယ်ဟုတ်ပါ့မလဲ။ ငါတို့ ရုံးချုပ်က ပြောင်းရတယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် ကောင်းကောင်း ရှိလို့ နေမှာပေါ့”
“အဲဒီ အကြောင်းပြချက်က ဘာလဲ”
သေချာ စဉ်းစားပြီးနောက် ကျွန်တော် သုံးသပ်မိခဲ့တာကို ထုတ်ပြောလိုက်တယ်။
“တကယ်လို့ အဲဒီနေရာက ကိုရီးယားရဲ့ အနာဂတ် ဘဏ္ဍာရေးနဲ့ စက်မှုလုပ်ငန်းတွေရဲ့ ဗဟိုချက်မ ဖြစ်လာမယ်ဆိုရင်ကော”
“ဒါပေမဲ့ အဲဒီမှာ ဘာမှ မရှိဘူးလေ”
အမေရိကမှာ ကျွန်တော် မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို ပြန်လည် အမှတ်ရမိတယ်။
Silicon Valleyဟာ အစကနေ ပြန်လည် တည်ဆောက်နေတာပါ။ အဲဒီနေရာမှာ ရုံးချုပ် စိုက်ခဲ့ကြတဲ့ IT ဘီလူးကြီးတွေဟာ နည်းပညာနဲ့ အရင်းအနှီးတွေကို လိုလိုလားလား ပုံအောပြီး ပြန်လာဖို့ အသည်းအသန် ဖြစ်နေကြတာလေ။
Silicon Valleyဟာ မပျက်စီးခင် အခြေအနေထက်စာရင် ပိုမို ထိရောက်ပြီး၊ သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်တဲ့၊ ခေတ်မီ ဆန်းသစ်တဲ့ မြို့ပြတစ်ခုအဖြစ် ပြန်လည် မွေးဖွားလာပါလိမ့်မယ်။
“ပြောင်းပြန် ပြန်တွေးကြည့်ရင် အဲဒီမှာ ဘာမှ မရှိတဲ့အတွက်ကြောင့်ပဲ ငါတို့က အရာအားလုံးကို အသစ်ကနေ ပြန်ပြီး ဖန်တီးနိုင်တာပေါ့”
အစီအစဉ်ကို အတိုင်းအတာတစ်ခုအထိ အကြမ်းဖျင်း ဆွဲပြီးတဲ့နောက်မှာတော့ ကျွန်တော် အဖွဲ့ခေါင်းဆောင်တွေနဲ့ အထက် လူကြီးတွေကို အစည်းအဝေးအတွက် ဖိတ်ခေါ်လိုက်တယ်။
ပြီးတော့ သူတို့ကို ကြေညာချက်တစ်ခုလိုမျိုး ပြောလိုက်တယ်။
“ကျွန်တော် မြို့သစ်တစ်ခု တည်ဆောက်ဖို့ စဉ်းစားနေတယ်”
ကျွန်တော့် စကားကို ကြားတော့ တက်ဂယူက လွဲလို့ ကျန်တဲ့သူတွေ အားလုံး ဆွံ့အသွားကြတယ်။ အမှန်ပါပဲ။ ဒါက SimCityဂိမ်းကစားရတာမျိုး မဟုတ်ပါဘူး။ ရုတ်တရက်ကြီး မြို့တစ်မြို့ တည်ဆောက်မယ်လို့ ကြေညာတာဟာ သူတို့အတွက် အဓိပ္ပာယ်မရှိတာတွေလာပြောနေတယ်လို့ ထင်မိမှာ သေချာပါတယ်။
တအောင့်လောက် ကြာပြီးနောက်မှာတော့ အဖွဲ့ခေါင်းဆောင် မိုက်ကယ်လီက လှမ်းမေးတယ်။
“မြို့သစ်တစ်ခုဆိုရင် ဘယ်လောက်အထိ အတိုင်းအတာ ပမာဏကို စဉ်းစားထားတာလဲ”
“လူဦးရေ အနည်းဆုံး ၅ သိန်းကနေ ၁ သန်းအထိ။ ဂြိုဟ်တု မြို့ပြတစ်ခု မဟုတ်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မယ့် စက်မှုမြို့တော်တစ်ခု”
နောက်တစ်ကြိမ် အားလုံး စကားဆွံ့အသွားကြပြန်တယ်။
“အဲဒါက တော်တော်လေးကို ကြီးမားတဲ့ ပမာဏပဲ…”
ဆိုးလ်ရဲ့ လူဦးရေက ၁၀ သန်း ရှိတာကြောင့် ၅ သိန်းဆိုတာ သိပ်မများဘူးလို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ဒီပမာဏ ရှိတဲ့ မြို့ပြကို မြို့ကြီးတစ်မြို့အဖြစ် သတ်မှတ်လို့ရပါတယ်။
တကယ်လို့ လူဦးရေ ၁ သန်း ကျော်သွားရင်တော့ ဒါဟာ မြို့ပြအသစ်ကြီး တစ်ခုလုံးကို ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။
စီနီယာ ဆန်းယော့က ပြောတယ်။
“ဒါက မဖြစ်နိုင်ဘူး”
“ဘာလို့လဲ ခင်ဗျာ”
“တခြား ပြဿနာတွေကို ခဏဖယ်ထားဦး၊ မြေယာ ဝယ်ယူမှု တစ်ခုထဲနဲ့တင် မဖြစ်နိုင်တော့ဘူး။ တကယ်လို့ OTK ကုမ္ပဏီက မြေတွေ လိုက်ဝယ်နေတယ်ဆိုတဲ့ ကောလာဟလသာ ပျံ့သွားရင် တစ်နိုင်ငံလုံးက၊ မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးက မြေယာ ပွဲစားတွေ အလုံးအရင်းနဲ့ ရောက်လာကြလိမ့်မယ်”
တကယ်လို့ ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲမှု အခွင့်အရေး အငြင်းပွားမှုအတွင်း ရှယ်ယာတွေကို စတင် ဝယ်ယူပြီဆိုရင် စတော့ဈေးနှုန်းက အဆမတန် ထိုးတက်သွားလေ့ ရှိပါတယ်။
အိမ်ခြံမြေ လုပ်ငန်းမှာလည်း ဒီအတိုင်းပါပဲ။ တကယ်လို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေယာတွေ ဝယ်ယူနေတယ်ဆိုတဲ့ သတင်းသာ ထွက်ပေါ်လာရင် ဝမ် ၁ သိန်းတန်တဲ့ မြေကွက်ဟာ မျက်စိတစ်မှိတ်အတွင်း ဝမ် ၁ သန်းအထိ ဖြစ်သွားနိုင်ပါတယ်။
“ပြီးတော့ လူတွေက မရောင်းဘဲ ဂျစ်ကန်ကန် လုပ်တာမျိုးလုပ်လာရင် ငါတို့က ဥပဒေအရ အတင်းအဓမ္မ ဝယ်ယူဖို့ ကြိုးစားရင် သူတို့က လဲလျောင်းပြီး ‘ကန်ဂျင်ဟူက လူသတ်နေပါပြီ။ သူက ငါ့မြေတွေကို လုယူနေတာ’ လို့ အော်ဟစ်ပြီး အသက်နဲ့လဲတဲ့ ဆန္ဒပြမှုတွေ လုပ်ကြလိမ့်မယ်”
နေရာတစ်ခုကို ဖွံ့ဖြိုးအောင် လုပ်တဲ့အခါမှာ မြေယာအားလုံးကို လိုက်လံ ဝယ်ယူဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပုံမှန်အားဖြင့်တော့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းလောက် ဝယ်ယူပြီးရင် ကျန်တဲ့ မြေတွေကို ဥပဒေအရ အတင်းအဓမ္မ ဝယ်ယူလို့ ရပါတယ်။
ပြဿနာက အရာအားလုံးက ဥပဒေအတိုင်း အမြဲတမ်း အဆင်မပြေတာပါပဲ။ မြေပိုင်ရှင်တွေက ထွက်ခွာဖို့ ငြင်းဆန်ပြီး ဇွတ်ပေနေကြရင် လွယ်ကူတဲ့ ဖြေရှင်းနည်း မရှိပါဘူး။
မလွှဲမရှောင်သာဘဲ အဲ့ဒီမြေပိုင်ရှင်တွေကို ဖယ်ရှားဖို့ဆိုရင် အတင်းဖယ်ဖို့ အင်အား သုံးစွဲရမှာ ဖြစ်ပြီး အဲဒီ လုပ်ငန်းစဉ်အတွင်းမှာ မတူညီတဲ့ ဖြစ်ရပ်တွေနဲ့ မတော်တဆမှုတွေ ဖြစ်ပွားလာမှာပါ။
စီနီယာ ဆန်းယော့က ခေါင်းခါရင်း ဆက်ပြောတယ်။
“ပြဿနာက OTK ကုမ္ပဏီမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးက သိနေတာပဲ။ မြေပိုင်ရှင်တွေ ဖြစ်ချင်တဲ့ ဈေးနှုန်းတွေကို အားလုံး လိုက်ဖြည့်ဆည်းပေးဖို့ဆိုရင် ကိုရီးယားဝမ် သိန်းပေါင်း ၁ ကုဋာတင် မကဘူး၊ တစ်ကမ္ဘာလုံးက စည်းစိမ်ဥစ္စာတွေ အကုန်ပုံပေးရင်တောင် လုံလောက်မှာ မဟုတ်ဘူး”
သူ့စကားကို အားလုံးက ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ကြတယ်။
အမှန်ပါပဲ။ မြေယာ ပြန်လည် ဖွံ့ဖြိုးရေး ဒါမှမဟုတ် မြေယာ တည်ဆောက်ရေး စီမံကိန်းတွေမှာ မြေပိုင်ရှင်တွေရဲ့ ဂျစ်ကန်ကန် လုပ်မှုတွေက အမြဲတမ်း ပြဿနာ ဖြစ်ခဲ့တာပါ။
အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်က ဝင်ပြောတယ်။
“စက်ရုံတွေ ဒါမှမဟုတ် စီးပွားရေး အဆောက်အဦးတွေ တည်ဆောက်ပြီဆိုရင် ဒေသခံ ပြည်သူတွေရဲ့ ကန့်ကွက်မှုကလည်း ပြဿနာတစ်ခုအနေနဲ့ အမြဲရှိတာလေ။ ပြီးခဲ့တဲ့တုန်းက Neotin ကလည်း ဒေတာစင်တာ ဆောက်လုပ်မယ့် အစီအစဉ်ကို ပြန်လည် ရုပ်သိမ်းခဲ့ရတယ် မဟုတ်ဘူးလား”
Neotin က ယုံအင်းမှာ ဒေတာစင်တာ ဆောက်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ဒေသခံတွေက လျှပ်စစ်သံလိုက်လှိုင်းတွေက ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုကာ ကန့်ကွက်ခဲ့ကြတယ်။
Neotin က လူထု ရှင်းလင်းပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ပြီး ဒေတာစင်တာက ထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ သတ်မှတ် စံချိန်စံညွှန်းတွေအောက်မှာပဲ ရှိပြီး စမတ်ဖုန်းတွေ၊ မိုက်ခရိုဝေ့ဖ်တွေထက်တောင် နည်းပါးတာကြောင့် လူ့ခန္ဓာကိုယ်ကို ဘာမှ မထိခိုက်စေနိုင်ကြောင်း ရှင်းပြခဲ့တယ်။
ဒါပေမဲ့ နေထိုင်သူတွေက အနီးအနားက ကျောင်းတွေကို အကြောင်းပြပြီး အကြီးအကျယ် ဆန္ဒပြခဲ့ကြတာပါ။
သူတို့က ဒါကို တကယ်ပဲ အန္တရာယ်ရှိတယ်လို့ ယုံကြည်တာလား၊ ဒါမှမဟုတ် တခြား နစ်နာကြေး မျှော်လင့်တာလားတော့ မသိရပေမဲ့ ကန့်ကွက်မှုတွေ ပြင်းထန်လာတာကြောင့် နောက်ဆုံးမှာတော့ Neotinက ဒေတာစင်တာ ဆောက်လုပ်မယ့် စီမံကိန်းကို ဖျက်သိမ်းလိုက်ရတယ်။
နိုင်ငံခြားမှာလည်း ဒီလို ဖြစ်ရပ်မျိုးတွေ အများကြီး ရှိဖူးပါတယ်။
Amazon က နယူးယောက်ကို သူ့ရဲ့ ဒုတိယ ရုံးချုပ်အဖြစ် မူလက ရွေးချယ်ခဲ့ပေမဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေ မြင့်တက်လာမှာနဲ့ လူနေမှု အခြေအနေတွေ ဆိုးရွားလာမှာကို စိုးရိမ်တဲ့ နေထိုင်သူတွေရဲ့ ကန့်ကွက်မှုကြောင့် လက်ရှိမှာ စီမံကိန်းက ရပ်တန့်နေဆဲပါ။
အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်က ထပ်ပြီး ပြောတယ်။
“မြေယာ လျော်ကြေးနဲ့ နေထိုင်သူတွေရဲ့ ကန့်ကွက်မှုတွေကို ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ စီမံကိန်း ကုန်ကျစရိတ်တွေက နှင်းဘောလုံးလိုမျိုး တလိမ့်လိမ့် တိုးပွားလာလိမ့်မယ်။ OTK ကုမ္ပဏီလို ချမ်းသာတဲ့ ကုမ္ပဏီမျိုးအတွက်တောင်မှ ဒါက စွန့်စားလုပ်ကိုင်ဖို့ မဆင်မခြင် ဖြစ်လွန်းတဲ့ လုပ်ရပ်ပဲ”
စီနီယာ ဆန်းယော့က ဆက်ပြောတယ်။
“တကယ်လို့ အစိုးရက ဝင်ရောက် စွက်ဖက်ပြီး ပြည်သူ့ အာဏာကို အသုံးပြုမယ်ဆိုရင်တောင် လူနေအိမ်ရာ ဧရိယာ တစ်ခုထဲကို ဖော်ဆောင်ဖို့အတွက် အနည်းဆုံး နှစ်အနည်းငယ် ကြာလိမ့်မယ်။ အဲဒီ လုပ်ငန်းစဉ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူတွေသာ ရှိလာရင် လူထုရဲ့ အမြင်က ပိုပြီး ဆိုးရွားသွားလိမ့်မယ်။ အဲဒီအခါကျရင် အမှိုက်သတင်းထောက်တွေက OTK ကုမ္ပဏီက အာဏာမဲ့တဲ့ မြေပိုင်ရှင်တွေရဲ့ လူ့အခွင့်အရေးကို နင်းချေပြီး ကိုယ့်အကျိုးအမြတ်အတွက် အတင်းအဓမ္မ မောင်းထုတ်နေပါတယ်ဆိုပြီး ဆောင်းပါးတွေကို တဝကြီး ရေးကြတော့မှာ”
သူတို့ပြောတဲ့ စကားလုံးတိုင်းက အမှန်တရားတွေချည်းပါပဲ။
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
“ဒါဆို အကြီးမားဆုံး ပြဿနာက မြေယာ ဝယ်ယူမှုနဲ့ နေထိုင်သူတွေရဲ့ ကန့်ကွက်မှုပေါ့”
“ဟုတ်ပါတယ်”
“ဒါဆိုရင် တကယ်လို့ မြေပိုင်ရှင်လည်း မရှိ၊ နေထိုင်သူတွေရဲ့ ကန့်ကွက်မှုလည်း မရှိတဲ့ နေရာမျိုးဆိုရင်ကော ကျွန်တော်တို့တွေ မြို့သစ်တစ်ခု တည်ဆောက်လို့ မရဘူးလား”
ကျွန်တော့် မေးခွန်းကို ကြားတော့ စီနီယာဆန်းယော့ဟာ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။
“တောင်ကိုရီးယားမှာ ပိုင်ရှင်မဲ့မြေ ဘယ်မှာ ရှိမှာလဲ။ ကောင်းကင်က ပြုတ်ကျလာတာ ဒါမှမဟုတ် မြေကြီးထဲကနေ ကုန်းပေါ် ထလာတာမျိုး မဟုတ်ရင်ပေါ့”
“အဲလို နေရာမျိုး တစ်နေရာ ရှိတာပဲ မဟုတ်လား။ မြေကြီးထဲကနေ ကုန်းပေါ် ထလာတဲ့ မြေနေရာလေ”
“ဟင်”
ဒီစကားက ပြက်လုံးတစ်ခုလိုမျိုး ထွက်ပေါ်လာတာ ဖြစ်ပေမဲ့ အံ့ဩစရာကောင်းလောက်အောင်ပဲ အမှန်တရား ဖြစ်နေတာပါ။
ကျွန်တော် တက်ဘလက်ပေါ်က မြေပုံ appတစ်ခုကို ဖွင့်ပြီး သူတို့ကို ပြလိုက်တယ်။
“ဒီနေရာပဲ”