← Chapters

အခန်း ၃၉၆

Vol. 40 Ch. 396

အခန်း ၃၉၆

Vol. 40 Ch. 396

အခန်း (၃၉၆)

ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းက ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဒန်ဂန် (ဒဏ္ဍာရီလာ ကိုရီးယားနိုင်ငံ တည်ထောင်သူ) ခေတ်ကတည်းက ကြည့်ရင် အကြီးမားဆုံးသော ပင်လယ်ရေပြင်ကို မြေဖို့တဲ့ စီမံကိန်း ဖြစ်ပြီး ဂျော်လာဘွတ်ဒိုပြည်နယ်မှာ ရှိတဲ့ မန်ဂျောင်မြစ်နဲ့ ဒေါင်ဂျင်မြစ်တို့ရဲ့ မြစ်ဝတွေကို ရေကာတာ ဆောက်လုပ်ပြီး ပိတ်ဆို့ကာ အတွင်းပိုင်းကို မြေဖို့တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းကို ၁၉၉၁ ခုနှစ်မှာ စတင်ခဲ့ပြီး နောက်ထပ် ၁၉ နှစ်တာ ကာလအတွင်းမှာ ကမ္ဘာ့အရှည်ဆုံး ရေကာတာကြီး ဖြစ်တဲ့ ၃၃.၉ ကီလိုမီတာ ရှည်လျားတဲ့ ရေကာတာကြီးကို တည်ဆောက်ဖို့အတွက် ဝမ် သိန်းပေါင်း ၃ ကုဋေနီးပါး ရင်းနှီးမြှုပ်နှံခဲ့ရတယ်။

အဲဒီအတောအတွင်းမှာ သမ္မတတွေ ပြောင်းလဲခဲ့သလို အာဏာရပါတီတွေလည်း ပြောင်းလဲခဲ့ပြီး တံငါသည်တွေရဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ တရားစွဲဆိုမှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေနဲ့ တခြားသော ပြဿနာတွေကြောင့် ဆောက်လုပ်ရေး လုပ်ငန်းက အကြိမ်ကြိမ် ရပ်ဆိုင်းခဲ့ရတယ်။ ဒါပေမဲ့ ရေကာတာကြီးက ၂၀၁၀ ပြည့်နှစ်မှာတော့ အပြီးသတ် အောင်မြင်သွားခဲ့တယ်။

ယိုအီဒိုရဲ့ အကျယ်အဝန်းထက် အဆပေါင်း ၁၄၀ ကျော် ကြီးမားတဲ့ မြေနေရာအသစ် ပေါ်ထွက်လာခဲ့ပြီး ဒါက တောင်ကိုရီးယားနိုင်ငံရဲ့ မြေမျက်နှာပြင် ဧရိယာကို ၀.၄ ရာခိုင်နှုန်း တိုးပွားလာစေခဲ့တယ်။ ပြီးတော့ ဒီမြေတွေက အစိုးရပိုင်မြေတွေ ဖြစ်လာခဲ့တယ်။

ဒါက ကိုရီးယားနိုင်ငံပြင်ပက စီမံကိန်းတွေထက် ပိုမိုကြီးမားပြီး ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေပြင် မြေဖို့စနစ်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

ပြဿနာတွေက အဲဒီအချိန်ကစပြီး ပေါ်ပေါက်လာခဲ့တာပါ။ မူလက ဆာမန်ဂမ် စီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်က စိုက်ပျိုးရေးမြေ နေရာရရှိဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေကာတာကြီး ပြီးစီးခါနီးအချိန်မှာတော့ ဆန်တွေက ပိုလျှံနေခဲ့ပြီး ရှိပြီးသား လယ်ယာမြေတွေကိုတောင် လျှော့ချရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်။

ရလဒ်အနေနဲ့ အစိုးရက စီမံကိန်းရဲ့ ဦးတည်ချက်ကို မြို့သစ်တည်ထောင်ရေးဘက်ကို ပြောင်းလဲခဲ့တယ်။

လယ်ယာမြေအတွက်ဆိုရင် ပင်လယ်ရေတွေကို အခြောက်ခံပြီး စပါးစိုက်ရုံပဲလုပ်ဖို့ လိုအပ်တာပါ။ ဒါပေမဲ့ မြို့သစ်တစ်ခု အတွက်ကတော့ မြေဖို့ထားတဲ့ မြေနေရာကို ပြင်ဆင်တာကနေစလို့ အမျိုးမျိုးသော အခြေခံအဆောက်အဦးတွေ တည်ဆောက်ဖို့အထိ ရေတွက်လို့မရနိုင်တဲ့ အလုပ်တွေ အများကြီး ရှိနေပါတယ်။

မြို့သစ်တည်ထောင်ရေးဘက်ကိုပြောင်းခဲ့ရာကနေကစပြီး ဖွံ့ဖြိုး တိုးတက်ရေး ကုန်ကျစရိတ်တွေက အောက်ခြေမမြင်ရတဲ့ ရေပုံးကြီးထဲ ရေထည့်ရသလိုမျိုး ဖြစ်လာခဲ့တယ်။ အစိုးရက မြေယာ၊ အခြေခံအဆောက်အဦးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန အောက်မှာ ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အေဂျင်စီကို တည်ထောင်ခဲ့ပြီး အခြေခံအဆောက်အဦး တည်ဆောက်ရေးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဆွဲဆောင်ဖို့အတွက် ကြိုးပမ်းခဲ့တယ်။ အစိုးရက ဆာမန်ဂမ် နိုင်ငံတကာ ဖိုရမ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု ရှင်းလင်းပွဲတွေကို အခါအားလျော်စွာ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံတွေကို ဘယ်လောက်ပဲ ပုံအော သုံးစွဲပါစေ၊ လက်တွေ့ကျတဲ့ ရလဒ်တွေ ထွက်မလာခဲ့ဘဲ ဘတ်ဂျက်ပါ ကုန်ခမ်းလာတာနဲ့အမျှ စီစဉ်ထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း ကြန့်ကြာနေခဲ့တယ်။

တစ်ချိန်က ဖွံ့ဖြိုးတိုးတက်မှု အိပ်မက်တွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒေသခံပြည်သူတွေက ဖုန်တထောင်းထောင်း ထနေတဲ့ လွင်ပြင်ကြီးကို ကြည့်ပြီး သက်ပြင်းချနေခဲ့ကြရတယ်။

ဒါကြောင့် ဆာမန်ဂမ်က ကုန်ကျစရိတ်များပြီး အသုံးမဝင်တဲ့အရာတစ်ခု ဖြစ်လာခဲ့ပြီး လူတွေရဲ့ စိတ်ထဲကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။

ကျွန်တော် နတ်မျက်စိနဲ့ မြင်မြင်ချင်းတုန်းက တွေးမိတာက ဘာလို့ ဆာမန်ဂမ် ဖြစ်နေရတာလဲဆိုတာပါပဲ။

နတ်မျက်စိက ကျွန်တော့်ကို လမ်းမှားမပြဘူးဆိုရင် ဒါက ဆာမန်ဂမ် ဖြစ်နေရတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ရှိရမှာပါ။

ကျွန်တော် အကြာကြီး စဉ်းစားပြီးမှ ရရှိခဲ့တဲ့ အဖြေကတော့ ဆာမန်ဂမ် မြို့သစ်ပါပဲ။ တကယ်လို့ ဆိုးလ်မြို့ထက် သာလွန်တဲ့ ဘဏ္ဍာရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ခေတ်မီမြို့တော်ကြီးတစ်ခုကို ဖန်တီးနိုင်ရင် အဲ့ဒါက အဲဒီကို ပြောင်းရွှေ့ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်မလာနိုင်ဘူးလား။

ယေဘုယျအားဖြင့် မြို့တွေက သဘာဝအတိုင်း ဖွဲ့စည်းတည်ဆောက်ကြတာပါ။ ဒါပေမဲ့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ စီမံကိန်းချပြီး တည်ဆောက်ခဲ့တဲ့ မြို့တွေလည်း အများကြီး ရှိပါတယ်။

ကိုရီးယားမှာလည်း မြို့သစ်တွေကို အကြိမ်ကြိမ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ဖူးတယ်။ ဘန်ဒန်၊ အီဆန်၊ ပြုံချွန်၊ ဆန်ဘွန်၊ ပန်ဂယို၊ ဂွမ်ဂယို၊ ဒုံတန်၊ ဝီလျဲ အစရှိသဖြင့်ပေါ့။

ဒီမြို့သစ်တွေရဲ့ တူညီတဲ့ထူးခြားချက်ကတော့ သူတို့က ရှိပြီးသား မြို့ကြီးတွေနဲ့ ဆက်စပ်နေတဲ့ မြို့အသေးတွေ ဖြစ်ကြတာပါပဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ မြို့သစ်တစ်ခုကို ဖန်တီးဖို့က ပြောသလောက် မလွယ်ကူပါဘူး။

ဆာမန်ဂမ်ရဲ့ မူလရည်မှန်းချက်က စိုက်ပျိုးရေး အစားအစာ ထုတ်လုပ်မှု အခြေစိုက်စခန်းတစ်ခု ဖန်တီးဖို့ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ လယ်ယာမြေတွေကို လျှော့ချပြီး မြို့ပြနဲ့ ကျေးလက် ပေါင်းစပ်ထားတဲ့ မြို့တစ်မြို့အဖြစ် ပြောင်းလဲခဲ့တာမလို့ အခုအချိန်မှာတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အထူးဇုန်အဖြစ် သတ်မှတ်ထားပါတယ်။

လက်ရှိအစိုးရရဲ့ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်အရ အစိုးရက ဒါကို ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်မှုရဲ့ ဗဟိုမြို့တော်တစ်ခုအဖြစ် ဖန်တီးဖို့ ရည်ရွယ်ထားတာပါ။ ဒီရည်မှန်းချက်ကို လက်ရှိအစိုးရတင်မကဘဲ အဆက်ဆက်သော အစိုးရတွေကလည်းထားရှိခဲ့ပြီး ဂျော်လာရဲ့ ခေတ်မီမြို့တော်၊ အနောက်ဘက်ကမ်းခြေခေတ်ရဲ့ ဗဟိုချက်၊ အရှေ့မြောက်အာရှရဲ့ ဗဟိုမြို့တော်၊ အာရှရဲ့ ဒူဘိုင်း၊ နိုင်ငံတကာ ဘဏ္ဍာရေးမြို့တော် အစရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ အမည်နာမတွေ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်တော်က တက်ဂယူကို ပြောလိုက်တယ်။

"မြို့တစ်မြို့အတွက် တည်နေရာက အရေးအကြီးဆုံးပဲ။ တခြားအရာတွေကို ပိုက်ဆံနဲ့ ပြောင်းလဲနိုင်ပေမဲ့ တည်နေရာကိုတော့ ပြောင်းလဲလို့ မရဘူး"

မြို့တစ်မြို့က သီးခြား တည်ရှိနေတာ မဟုတ်ပါဘူး။ လူတွေ သွားလာရလွယ်ကူဖို့အတွက် သယ်ယူပို့ဆောင်ရေးက ကောင်းမွန်ရမယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ အခြေစိုက်ဖို့အတွက် ကုန်စည်ပို့ဆောင်ရေးက ကောင်းမွန်ရမယ်။ အစရှိတဲ့ အခြေခံအချက်တွေ ပြည့်စုံဖိုလိုပါတယ်။

ကံကောင်းထောက်မစွာပဲ ဆာမန်ဂမ်ရဲ့ တည်နေရာက အကောင်းဆုံး မဟုတ်ရင်တောင် သင့်တော်တဲ့ နေရာတစ်ခု ဖြစ်နေတာပါ။

မြေဖို့ထားတဲ့ မြေနေရာ ဖြစ်တာကြောင့် သဘာဝအတိုင်း ပင်လယ်နဲ့ ထိစပ်နေပြီး တစ်နိုင်ငံလုံးကို နှစ်နာရီအတွင်း သွားလာနိုင်တဲ့ အကွာအဝေးမှာ ရှိပါတယ်။ အဝေးပြေးလမ်းမကြီးကနေတစ်ဆင့် ဆိုးလ်မြို့ပြဧရိယာနဲ့ ဆက်သွယ်ထားပြီး အမြန်ရထားလမ်းကိုလည်း တိုးချဲ့ဖို့ ဖြစ်နိုင်ပါတယ်။

ဆာမန်ဂမ် နိုင်ငံတကာ လေဆိပ်နဲ့ ဆာမန်ဂမ် ဆိပ်ကမ်းတို့က ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပေမဲ့ ဘတ်ဂျက် ပြဿနာတွေကြောင့် တိုးတက်မှုက နှေးကွေးနေခဲ့တယ်။

ဂွန်ဆန်ဆိပ်ကမ်းက ဆာမန်ဂမ်ရဲ့အနီးအနားမှာ ရှိနေသလို ကုန်ပစ္စည်းတွေကို ကားနဲ့ ဘူဆန်ဆိပ်ကမ်းဆီကိုလည်း ပို့ဆောင်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ထရပ်ကားတွေ ထွက်ပေါ်လာရင် ကုန်းလမ်း ကုန်စည်ပို့ဆောင်ခက ကြီးမားတဲ့ ပြဿနာ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

တက်ဂယူက ခေါင်းကို စောင်းရင်း မေးတယ်။

"ဆာမန်ဂမ်နဲ့ တည်နေရာတူတဲ့ တခြားနေရာတွေ အများကြီး ရှိတာမဟုတ်ဘူးလား။ နိုင်ငံခြားမှာလည်း အဲလို နေရာမျိုးတွေ အများကြီး ရှိမှာပဲ"

"အကြီးမားဆုံး ကွာခြားချက်က ဆာမန်ဂမ်က ၁၀၀ ရာခိုင်နှုန်း ဗဟိုအစိုးရပိုင် မြေဖြစ်ပြီး ပုဂ္ဂလိကပိုင် မြေတစ်ကွက်မှ မရှိတာပဲ"

ကမ္ဘာပေါ်မှာ ဗဟိုအစိုးရက ဒီလောက်ကြီးမားတဲ့ မြေနေရာကို ပိုင်ဆိုင်ထားတဲ့ တခြားနေရာ မရှိဘူးလို့ ပြောရင်လည်း မမှားဘူး။ ဒါက တကယ့်ကို ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ။

"ဒါပေမဲ့ ငါတို့က ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြေညာရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ကန့်ကွက်ကြမှာ မဟုတ်ဘူးလား။ အရင်တုန်းက Greenpeace တောင် လာပြီး ကန့်ကွက်ခဲ့ကြသေးတယ်မလား"

"အာ… အဲဒါအတွက် စိုးရိမ်စရာ မလိုဘူး"

"ဘာလို့လဲ"

"ငါ လေ့လာကြည့်သလောက်တော့ အဲဒီနေရာက ဖျက်ဆီးခံရလွန်းလို့ ဖျက်ဆီးစရာ ပတ်ဝန်းကျင်တောင် မကျန်တော့ဘူးလေ"

"......"

ပင်လယ်ရေပြင်ကို မြေဖို့တာက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတာကတော့ အမှန်ပဲ။ ဒါပေမဲ့ ဆာမန်ဂမ်ရဲ့ မြေဖို့လုပ်ငန်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်တာမို့ ဒါကို ပြန်လှန်ဖို့က မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့် တစ်ချိန်က ဆာမန်ဂမ်လို့ အမည်တပ်လိုက်တာနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက အခုတော့ ငြိမ်သက်နေကြတာပါ။

ကျန်ရှိနေတာကတော့ အဲဒီမြေကို ဘယ်လို အသုံးချမလဲဆိုတာပါပဲ။

ဆာမန်ဂမ် မြို့သစ်စီမံကိန်းက ကျွန်တော်တစ်ယောက်ထဲပဲ ရုတ်တရက် စိတ်ကူးရလာတဲ့ အရာ မဟုတ်ပါဘူး။ အစိုးရကလည်း ဒါကို ရေရှည် လုပ်ဆောင်ဖို့ ကြိုးပမ်းနေခဲ့တာပါ။ ဒါပေမဲ့ အဆင်မပြေခဲ့ပါဘူး။

စီမံကိန်းက ပထမဆုံး အဆင့်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဆွဲဆောင်ဖို့ နေရာမှာတင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာမလို့ ကြန့်ကြာနေခဲ့တာပါ။

တကယ်လို့ ကုမ္ပဏီတစ်ခုက ကန့်ကွက်မယ့် ဒေသခံတွေ မရှိဘဲ စျေးသက်သာတဲ့ မြေပေါ်မှာ အကြီးစား စက်ရုံတစ်ရုံကို ဆောက်လုပ်နိုင်မယ်ဆိုရင် သူတို့အတွက် ငြင်းဆန်စရာ အကြောင်းမရှိပါဘူး။

ပြဿနာက စက်ရုံ ဆောက်လုပ်ပြီးရင်တောင် အဲဒီမှာ အလုပ်လုပ်မယ့်လူ ရှာဖို့ ခက်ခဲတာပါပဲ။

ရိုးရှင်းတဲ့ လုပ်အားကိုပဲ လိုအပ်တဲ့ စက်မှုလုပ်ငန်းတွေအတွက်ကတော့ ကိစ္စမရှိပေမဲ့ ခေတ်မီစက်မှု လုပ်ငန်းတွေကတော့ မြင့်မားတဲ့ ပညာအရည်အချင်းရှိတဲ့ အရည်အချင်းရှိသူတွေကို လိုအပ်ပါတယ်။ ဒါကြောင့် ဆိုဆောင်း၊ SSK၊ CL တို့လို အကြီးစား ကော်ပိုရေးရှင်းကြီးတွေက ဆိုးလ်မြို့ပြဧရိယာမှာ Semiconductor၊ ဘတ္ထရီနဲ့ ဇီဝစက်ရုံတွေကို ဆောက်လုပ်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြို့ပြဧရိယာက ပြည့်နှက်နေပြီ ဖြစ်သလို အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း ချည်နှောင်ခံထားရပါတယ်။ ပြီးတော့ မြေယာဝယ်ယူမှု ပြဿနာတွေနဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြောင့် အစီအစဉ်တွေက မကြာခဏ ပျက်ပြယ်သွားတတ်တယ်။

ကုမ္ပဏီတွေက ဆာမန်ဂမ်ကို မသွားကြတဲ့ အဓိက အကြောင်းရင်းက အရည်အချင်းရှိသူ အများစုက ဆိုးလ်နဲ့ အနီးတဝိုက်မှာပဲ စုပြုံနေကြလို့ ဖြစ်ပါတယ်။

"လူအများစုက ဆိုးလ်မှာ နေချင်ကြတယ်။ ဒါဆို သူတို့က ဘာလို့ ဆိုးလ်မှာ နေချင်ကြတာလဲ။ ဆိုးလ်မှာ အိပ်ရင် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့လား။ ဆိုးလ်မှာ စားရင် အစားအစာက ပိုပြီး အရသာရှိလို့လား"

"နေထိုင်ရတာ အဆင်ပြေလို့ မဟုတ်ဘူးလား"

"အတိအကျပဲ"

ဆိုးလ်မှာ လူနေမှုဘဝအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ အားလုံး ရှိပါတယ်။ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဈေးဝယ်ထွက်တာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆင်ပြေမှုတွေ အားလုံးကို ခံစားနိုင်တယ်လေ။ တကယ်လို့ ဆိုးလ်မှာ နေထိုင်မယ်ဆိုရင် ခရီးသွားဖို့ကလွဲလို့ ဆိုးလ်ကနေ ထွက်ခွာဖို့ အကြောင်းရင်း မရှိသလောက်ပါပဲ။

လူတွေက လူတွေ ရှိတဲ့နေရာကိုပဲ စုပြုံလာကြတယ်။ လူတိုင်းက ဆိုးလ်မှာ နေထိုင်ကြတာမလို့ လူတိုင်း နေထိုင်ချင်တဲ့ မြို့တစ်မြို့ ဖြစ်လာခဲ့တာပါ။

ဒါဆိုရင်တော့ ဘာလုပ်ရမလဲက ရိုးရှင်းနေပါပြီ။

ကျွန်တော်တို့က လူတွေ နေထိုင်ချင်တဲ့ မြို့တစ်မြို့ကို ဖန်တီးပေးရုံပဲပေါ့။

ဒါပေမဲ့ နည်းလမ်းကတော့ မရိုးရှင်းပါဘူး။

လူတွေ နေထိုင်ချင်တဲ့ မြို့တစ်မြို့ကို ဘယ်လို ဖန်တီးမလဲ။

ကျွန်တော် ဝှိုက်ဘုတ်တစ်ခုကို ထုတ်လိုက်တယ်။

"လူတွေ နေထိုင်ဖို့အတွက် ဘာတွေ လိုအပ်လဲ"

"အိမ်လိုတာပေါ့"

"မှန်တယ်"

ကျွန်တော်က ဝှိုက်ဘုတ်ပေါ်မှာ 'တိုက်ခန်းများ' လို့ ရေးလိုက်တယ်။

"နောက်ထပ် ဘာလိုသေးလဲ"

"ကုမ္ပဏီတွေလည်း လိုအပ်တာပေါ့"

ကျွန်တော်က 'တိုက်ခန်းများ' ရဲ့ ဘေးမှာ 'စီးပွားရေးလုပ်ငန်းများ' လို့ ရေးလိုက်တယ်။

စီးပွားရေး အဆောက်အဦးတွေ မရှိတဲ့ မြို့တစ်မြို့ကတော့ အိပ်စက်ရာ မြို့တစ်မြို့အဖြစ်ပဲ လျော့ကျသွားပါလိမ့်မယ်။ လူတွေက အဲဒီမြို့မှာ အိပ်စက်ရုံပဲ လုပ်ပြီး အလုပ်လုပ်ဖို့ တခြားနေရာကို သွားကြမှာပါ။ ဒါကြောင့် အိပ်စက်ရာ မြို့တစ်မြို့ မဖြစ်စေဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ လာရောက်ရပါမယ်။

ဒါပေမဲ့ လူတွေက အိပ်စက်ရုံ၊ အလုပ်လုပ်ရုံနဲ့တင် မနေထိုင်နိုင်ကြပါဘူး။

"ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် မူကြိုကျောင်းတွေနဲ့ ကျောင်းတွေ လိုအပ်တယ်။ ဈေးဝယ်ဖို့အတွက် ကုန်တိုက်တွေ၊ စူပါမားကတ်တွေနဲ့ ဈေးဝယ်စင်တာတွေ လိုအပ်တယ်။ ပြီးတော့ ယဉ်ကျေးမှုဆိုင်ရာ လူနေမှုဘဝကို ခံစားဖို့အတွက် ရုပ်ရှင်ရုံတွေ၊ အနုပညာပြခန်းတွေနဲ့ ဖျော်ဖြေရေးခန်းမတွေ လိုအပ်တယ်"

"ပြီးတော့ ပိတ်ရက်တွေမှာ အပန်းဖြေဖို့အတွက် Theme Park တစ်ခု လိုအပ်တယ်"

"Theme Park တွေက အရေးကြီးတယ်။ Disneyland ဖြစ်သင့်လား၊ Universal Studios ဖြစ်သင့်လား"

ကျွန်တော့်မေးခွန်းကြောင့် တက်ဂယူက ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေတယ်။

"နှစ်ခုလုံး ရှိလို့ မရဘူးလား"

"မင်းက ပါရမီရှင်ပဲ"

Orlando က Disneyland နဲ့ Universal Studios တို့ တစ်နေရာထဲမှာ စုပြုံနေတဲ့ တစ်ခုထဲသော နေရာပါ။ ဒါပေမဲ့ ဆာမန်ဂမ်မှာ မြေနေရာတွေ အများကြီး ရှိတာမလို့ နှစ်ခုလုံး မရှိရဘူးလို့ ဘယ်သူမှ ဥပဒေ မထုတ်ထားပါဘူး။

" ကောင်းမွန်တဲ့ ဟိုတယ်တွေနဲ့ အပန်းဖြေစခန်းတွေလည်း လိုအပ်တယ်"

"ဟုတ်တယ်"

"ဟိုတစ်ခေါက် စင်ကာပူမှာ တွေ့ခဲ့တဲ့ နေရာမျိုးပေါ့"

"Marina Bay Sands လား"

စင်ကာပူလို့ တွေးလိုက်တာနဲ့ ခေါင်းထဲကို ပထမဆုံး ရောက်လာတဲ့ ပုံရိပ်ကတော့ အပေါ်မှာ သင်္ဘောကြီးတစ်စင်း တင်ထားတဲ့ ကြီးမားတဲ့ အဆောက်အဦး သုံးလုံးပါပဲ။ အဲဒီသင်္ဘောကြီးရဲ့ အတွင်းပိုင်းမှာ Infinity Pool ရှိနေတာမလို့ လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတင်ဖို့အတွက် နာမည်ကြီးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

အဲဒီနေရာက Marina Bay Sands ပါ။

အဆောက်အဦးရဲ့ အမည်အတိုင်းပဲ ဒါကို ကမ္ဘာတစ်ဝှမ်းမှာ ဟိုတယ်တွေနဲ့ ကာစီနိုတွေကို လည်ပတ်နေတဲ့ နာမည်ကြီး အမေရိကန် ကာစီနို၊ အပန်းဖြေစခန်းနဲ့ ဟိုတယ်အုပ်စု ဖြစ်တဲ့ Sands Group က ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

"နိုင်ငံခြား ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် နိုင်ငံခြားသား သီးသန့် ကာစီနိုတစ်ခုလည်း ရှိရင် ကောင်းမယ်"

ဝှိုက်ဘုတ်ပေါ်မှာ ရေးထားတာတွေကို ကြည့်လိုက်တော့ တစ်ခုနှစ်ခုမကဘဲ အများကြီး ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့ ဒါတွေအားလုံးကို တကယ်ပဲ ဆွဲဆောင်နိုင်ပါ့မလား။

အစိုးရ ဒါမှမဟုတ် ကျွန်တော် ချမှတ်တဲ့ အစီအစဉ်တွေက အတူတူပါပဲ။ ကွာခြားချက် ရှိရင်တော့ ဒါက အကောင်အထည်ဖော်နိုင်စွမ်းပဲ ဖြစ်ပါလိမ့်မယ်။

"သွားကြည့်ရအောင်"

"ဘယ်နေရာကိုလဲ"

ကျွန်တော်က သိသာထင်ရှားတဲ့အရာတစ်ခုကို ပြောသလို ပြောလိုက်တယ်။

"ဆာမန်ဂမ်ကိုပေါ့။ ကိုယ်တိုင် သွားကြည့်တာက အသေချာဆုံးပဲလေ"

တကယ်လို့ ကျွန်တော် ဆာမန်ဂမ်ကို သွားမယ်ဆိုရင် ဘာအလုပ်မှ မစတင်ရသေးခင်ကတည်းက ကောလာဟလတွေက တောမီးလို ပျံ့နှံ့သွားမှာပါ။ ဒါကြောင့် ကျွန်တော်တို့က လျှို့ဝှက်ပြီး သွားဖို့ပဲ ဆုံးဖြတ်ခဲ့ကြတယ်။

ကားက ဖြောင့်တန်းနေတဲ့ အဝေးပြေးလမ်းမကြီးအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်နေခဲ့တယ်။ ကျွန်တော် မောင်းနှင်သူ နေရာမှာ ထိုင်နေပေမဲ့ အလိုအလျောက် မောင်းနှင်မှုစနစ်က အားလုံးကို ကိုင်တွယ်နေတာမလို့ ကျွန်တော် ဘာမှ လုပ်စရာ မလိုပါဘူး။

"ဘာလို့ သွားကြတာလဲဆိုတာ ငါ့ကို မပြောပြတော့ဘူးလား"

"နောက်မှ ပြောပြမယ်"

အယ်လီက ကျွန်တော့်ဘေးမှာ ရှိနေပြီး နောက်ခန်းမှာတော့ တက်ဂယူနဲ့ ရှင်ယူရီတို့ ထိုင်နေခဲ့ကြပါတယ်။

ကျွန်တော်က ကျွန်တော်တို့နှစ်ယောက်ထဲ သွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ ဘယ်လိုဖြစ်သွားလဲမသိဘဲ အတူတူ သွားဖြစ်ခဲ့ကြတယ်။

အကြောင်းရင်းကတော့ ဒီနေ့ ရှင်ယူရီနဲ့အတူ ဈေးဝယ်ထွက်ဖို့ စီစဉ်ထားတဲ့ အယ်လီက အတူတူ လိုက်ခဲ့ဖို့ ဆုံးဖြတ်ခဲ့လို့ပါပဲ။ ရှင်ယူရီကလည်း သဘာဝကျကျ လိုက်ပါလာခဲ့တယ်။

ကျွန်တော်က အယ်လီကို ပြောလိုက်တယ်။

"ဈေးမဝယ်ဖြစ်တာ တကယ်ပဲ ကိစ္စမရှိဘူးလား"

"ဝယ်စရာလည်း ဘာမှ မရှိပါဘူးဟာ။ ပင်လယ်ကိုသွားကြည့်တာကမှ ပိုပြီး ပျော်စရာကောင်းလိမ့်မယ် ထင်တယ်။ ငါးအစိမ်းလည်း စားလို့ရတာပဲ"

ရှင်ယူရီကလည်း ပြောတယ်။

"ဟုတ်ပါတယ်။ ကျွန်မလည်း ကုန်တိုက်ကိုသွားတာက ပစ္စည်းတွေကို ဒီအတိုင်းလျှောက်ကြည့်ဖို့ပဲ စီစဉ်ထားတာပါ"

"......"

သူတို့နှစ်ယောက်လုံး ဝယ်စရာ ပစ္စည်းမရှိဘဲ ဘာလို့ ဈေးဝယ်ထွက်ဖို့ စီစဉ်ခဲ့ကြတာလဲ။

ကျွန်တော် သိချင်မိပေမဲ့ မေးလိုက်ရင် ငတုံးလိုမျိုး ဖြစ်သွားမှာ စိုးတာကြောင့် မမေးဘဲ နေလိုက်တယ်။

ရှင်ယူရီက သူ့ရဲ့ ဆံပင်ရွှေရောင် အရှည်ကြီးကို မြင်းမြီးပုံစံ စည်းထားပြီး ဂျင်းဘောင်းဘီနဲ့ တီရှပ်ကို ဝတ်ဆင်ထားတာမလို့ တက္ကသိုလ်ကျောင်းသူတစ်ယောက်နဲ့ တူနေပါတယ်။ အယ်လီကတော့ အဖြူနဲ့ အပြာစင်း ဂါဝန်နဲ့ ကမ်းခြေစီး ဖိနပ်ကို ဝတ်ဆင်ထားတယ်။ ပြင်ဆင်မှု အများကြီး မရှိဘဲနဲ့တောင် အယ်လီက မော်ဒယ်တစ်ယောက်လို အရှိန်အဝါကို ထုတ်လွှတ်နေခဲ့တယ်။

"အစ်မ ဒီနေ့ အရမ်း လှနေတယ်"

"ကျေးဇူးပါပဲ။ ဒါပေမဲ့ ငါ့မျက်စိထဲမှာတော့ ယူရီက ပိုပြီး လှပါတယ်"

သူတို့အချင်းချင်း လှတယ်ဆိုပြီး ချီးကျူးနေကြတာကို ကြည့်ရတာ ကောင်းပါတယ်။ တကယ်လို့ သူတို့နှစ်ယောက်သာ ကုန်တိုက်ကို အတူတူ သွားခဲ့ကြရင် ကုန်တိုက်ထဲက လူတိုင်းက လှည့်ကြည့်ကြမှာ သေချာတယ်။

တက်ဂယူရဲ့ အကြံပြုချက်အတိုင်း ကျွန်တော် ကားရပ်နားစခန်းတစ်ခုမှာ ခဏ ရပ်နားခဲ့တယ်။

အယ်လီနဲ့ ကျွန်တော်က လူသိများတဲ့ မျက်နှာတွေ ဖြစ်တာမလို့ ကားထဲကနေ အပြင်မထွက်ခဲ့ကြပါဘူး။ ကျွန်တော်တို့ အပြင်ထွက်မယ့်အစား တက်ဂယူနဲ့ ရှင်ယူရီတို့ကပဲ မုန့်တွေ အများကြီး သွားဝယ်ခဲ့ကြတယ်။

"ဟော့ဒေါ့ စားမလား"

"မစားတော့ဘူး။ ကျေးဇူးပဲ"

"ဆောက်ထောက် (ဝက်အူချောင်းနဲ့ ဆန်မုန့်ကြော်) ကော စားမလား"

"မစားချင်ပါဘူး"

အယ်လီက မေးတယ်။

"ဆောက်ထောက် ဆိုတာ ဘာလဲ"

" ဝက်အူချောင်းနဲ့ ဆန်မုန့်ကို အတူတူ စားရတဲ့မုန့်ကိုခေါ်တာ"

"ငါ မြည်းကြည့်ချင်တယ်"

အယ်လီက အနည်းငယ် ကိုက်စားပြီးနောက် အဲ့ဒီမုန့်ချောင်းကို ကျွန်တော့်ဆီ ကမ်းပေးခဲ့တယ်။

"အရသာရှိတယ်။ ဂျင်ဟူ။ နင်လည်း မြည်းကြည့်ဦး"

ကျွန်တော်က မတတ်သာသလို ဟန်ဆောင်ပြီး တစ်ကိုက် ကိုက်စားလိုက်တယ်။ အရသာရှိတာမလို့ ကျွန်တော်လည်း စားဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလို နေရတာက ကျွန်တော်တို့ အားလုံး အပျော်ခရီး ထွက်လာကြသလို ခံစားရစေတယ်။

ကားရပ်နားစခန်းကို ဖြတ်ကျော်ပြီး နောက်ထပ် နှစ်နာရီခန့် မောင်းနှင်ပြီးနောက် ဆာမန်ဂမ် ရေကာတာကြီးက နောက်ဆုံးမှာ မြင်ကွင်းထဲ ဝင်ရောက်လာခဲ့တယ်။ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး ကီလိုမီတာ ဆယ်ဂဏန်းခန့် ရှည်လျားစွာ သွယ်တန်းနေတဲ့ ရေကာတာကြီးက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတစ်ခုပါ။

ပင်လယ်ပြင်ပေါ်မှာ အဲဒီလို အဆောက်အဦးကြီးတစ်ခုကို တည်ဆောက်ခဲ့တာက တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒါပေမဲ့ အဲဒီလို ခံစားချက်က ကြာရှည်မခံခဲ့ပါဘူး။

ဆာမန်ဂမ် မြေဖို့ထားတဲ့ မြေနေရာထဲ ရောက်ရှိသွားတာနဲ့ ကျွန်တော်တို့ ကားကို လမ်းဘေးမှာ ရပ်ပြီး အပြင်ကို ထွက်ခဲ့ကြတယ်။

အဆုံးမရှိတဲ့ သဲကန္တာရကြီးတစ်ခုက ကျွန်တော်တို့ ရှေ့မှာ ဆန့်တန်းနေခဲ့တယ်။ လေတိုက်ခတ်မှုတိုင်းနဲ့အတူ ဖုန်မှုန့်တွေက လွင့်ပျံလာခဲ့တာမလို့ မျက်စိတောင် သေချာ ဖွင့်ရခက်ပါတယ်။

ဒါက ဘာလဲ။ အဝါရောင် ဖုန်မုန်တိုင်းလား။

တက်ဂယူက အထင်ကြီးလေးစားဟန်နဲ့ ပြောတယ်။

"ဝိုး။ ကိုရီးယားမှာလည်း သဲကန္တာရ ရှိတာပဲ"

ကိုယ်တိုင် မြင်တွေ့ရတော့မှ လူတွေက အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံကို သဲကန္တာရတစ်ခု တည်ဆောက်ဖို့ အသုံးပြုခဲ့ကြတယ်လို့ ဘာလို့ ပြစ်တင်ဝေဖန်ခဲ့ကြလဲဆိုတာ ကျွန်တော် နားလည်သွားခဲ့တယ်။

"ထင်ထားတာထက် ပိုဆိုးတယ် မဟုတ်ဘူးလား"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"ပိုဆိုးတာထက်ကို ပိုတယ်"

ကျွန်တော် ဘယ်ကနေ ဘယ်လို စတင်ရမှန်းတောင် မသိတော့ဘူး။

ကျွန်တော် Silicon Valleyရဲ့ မြင်ကွင်းကို ပြန်လည် အမှတ်ရမိတယ်။ ငလျင်ကြောင့် ဆိုးရွားစွာ ပျက်စီးသွားခဲ့တဲ့ နေရာမှာတောင် မြို့သစ်တစ်ခုကို တည်ဆောက်နေခဲ့ကြတာပဲလေ။

တကယ်လို့ ပိုက်ဆံကိုပုံအောပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီနေရာမှာ မြို့တစ်မြို့ တည်ဆောက်ဖို့ကလည်း လုံးဝ ဖြစ်နိုင်ခြေ ရှိပါတယ်။

"ဒူဘိုင်းတောင်မှ ဟာလာဟင်းလင်း ဖြစ်နေတဲ့ သဲကန္တာရထဲမှာ မိုးမျှော်တိုက်ကြီးတွေနဲ့ ခေတ်မီမြို့တော်ကြီးတစ်ခုကို တည်ဆောက်ခဲ့တာပဲလေ။ အခုဆိုရင် ဒူဘိုင်းဟာ ကမ္ဘာ့အဆင့်မီ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်နေပြီး နှစ်စဉ် ခရီးသွား ၁၅ သန်းကျော်ကို ဆွဲဆောင်နေပြီကွ။ ဒူဘိုင်းနဲ့ နှိုင်းယှဉ်ရင် ဆာမန်ဂမ်က ပိုပြီး လက်တွေ့ကျပါတယ်"

တက်ဂယူက ပြောတယ်။

"ဒူဘိုင်းကို ရေနံပိုက်ဆံတွေနဲ့ဆောက်ခဲ့တာ မဟုတ်ဘူးလား"

"အင်း......"

ဒူဘိုင်းကိုယ်တိုင်က ရေနံ မထုတ်လုပ်နိုင်ပေမဲ့ ဒူဘိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေနံပိုက်ဆံတွေ စီးဝင်လာခဲ့တာကတော့ အမှန်ပါပဲ။

ဘဏ္ဍာရေး အကြပ်အတည်း ဖြစ်ပွားခဲ့တဲ့ အချိန်တုန်းက ဒူဘိုင်းက သူတို့ရဲ့ ဗဟိုအစိုးရလို့ သတ်မှတ်နိုင်တဲ့ အဘူဒါဘီဆီကနေ အကူအညီ တောင်းခံခဲ့ရတယ်။ ဒူဘိုင်းမြို့သစ်ရဲ့ သင်္ကေတဖြစ်တဲ့ Burj Dubai ကိုလည်း အဘူဒါဘီဆီ လွှဲပြောင်းပေးခဲ့ရပြီး Burj Khalifa လို့ အမည်ပြောင်းလဲခဲ့ရတယ်။

"ငါတို့ရဲ့ ပိုက်ဆံက ရေနံပိုက်ဆံထက် နည်းနေတာမှ မဟုတ်တာ"

"ဒါကတော့ ဟုတ်ပါတယ်"

ကျွန်တော်တို့ စကားပြောနေစဉ်အတွင်းမှာ အယ်လီနဲ့ ရှင်ယူရီတို့က ဘာမှ နားမလည်တဲ့ မျက်နှာထားတွေနဲ့ ကြည့်နေခဲ့ကြတယ်။

"နင်တို့ အခု ဘာတွေ ပြောနေကြတာလဲ"

သူတို့က ကျွန်တော်တို့နဲ့အတူ ဒီအထိ လိုက်လာခဲ့ကြတာမလို့ ကျွန်တော် မပြောပြလို့ မဖြစ်တော့ပါဘူး။ ဒါ့အပြင် ဒီကိစ္စက မကြာခင်မှာ တစ်ကမ္ဘာလုံး သိရှိသွားမယ့် အရာတစ်ခုလည်း ဖြစ်တယ်လေ။

"ဒီကိစ္စက လျှို့ဝှက်ချက်မလို့ လောလောဆယ်တော့ ခင်ဗျားတို့ကြားထဲမှာပဲ သိထားပေးပါ"

ရှင်ယူရီက ခေါင်းကို အပြင်းအထန် ညိတ်ပြတယ်။

"သေချာတာပေါ့၊ ကျွန်မ အဖေ ဒါမှမဟုတ် ဦးလေးကိုလည်း မပြောပါဘူး"

ကျွန်တော် သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တယ်။

"ငါ ဒီနေရာမှာ မြို့သစ်တစ်ခု ဆောက်ဖို့ စဉ်းစားနေတာ"

မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့နှစ်ယောက်လုံးက အံ့အားသင့်သွားတဲ့ မျက်နှာထားတွေ ဖြစ်သွားခဲ့ကြတယ်။

အဲ့ဒီအချိန်မှာပဲ ပြင်းထန်တဲ့ လေပြင်းတစ်ခု တိုက်ခတ်လာခဲ့ပြီး ဖုန်မှုန့်တွေကို အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားစေခဲ့တယ်။

All Chapters