အခန်း ၃၉၇
Vol. 40 Ch. 397
အခန်း (၃၉၇)
ကျွန်တော်က အယ်လီ၊ တက်ဂယူတို့နဲ့အတူ အစ်မ အိုဟျွန်းဂျူးရဲ့ အိမ်ကို သွားလည်ခဲ့တယ်။ အမေရိကက ပြန်ရောက်ကတည်းက အလုပ်တွေ ရှုပ်နေခဲ့ကြတာမလို့ အတော်ကြာမှပဲ အားလုံးစုပြီး ညစာ အတူတူစားဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
"လာကြလေ"
အစ်မနဲ့ ဟင်နရီတို့က ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။
တက်ဂယူက ကုန်တိုက်ကနေ ဝယ်လာတဲ့ BMW ကားလေးကို ထုတ်ပြီး ပေးလိုက်တယ်။
"အမကြီးအတွက် လက်ဆောင် ဝယ်လာတယ်"
တကယ့်ကားအစစ်တော့ မဟုတ်ပါဘူး။ ကလေးစီး အရုပ်ကားလေးပါ။ ဒါပေမဲ့ ဘတ္ထရီလည်း ပါပြီး စတီယာရင်နဲ့ လီဗာလည်း ပါတာမို့ နင်းလိုက်ရင် တကယ် ရွေ့လျားတဲ့ ကားမျိုး ဖြစ်ပါတယ်။
ဒါကြောင့်မလို့လည်း ကလေးကစားစရာဖြစ်တဲ့ ဒီကားအတွက် စျေးနှုန်းက မယုံနိုင်လောက်အောင် ကြီးမြင့်နေခဲ့တာလေ။ ကျွန်တော် ငယ်ငယ်တုန်းက စီးခဲ့တဲ့ ကားတွေကတော့ ခြေထောက်နဲ့ပဲ တွန်းပြီး စီးခဲ့ရတာ ထင်တာပဲ။
အစ်မ အိုဟျွန်းဂျူးက လက်ဆောင်ကို လှမ်းယူရင်း ပြောလိုက်တယ်။
"ကျေးဇူးပဲ။ တက်ဂယူ၊ ဒါပေမဲ့ ဂွန် စီးဖို့ဆိုရင်တော့ အတော်လေး ငယ်သေးတယ် ထင်တယ်"
"ကလေးတွေက မြန်မြန် ကြီးလာတတ်တာပဲ မဟုတ်လား။ ကြိုပြီး ပြင်ဆင်ထားတဲ့ သဘောပေါ့"
ကျွန်တော်ကတော့ ယူလာတဲ့ ဝိုင်ပုလင်းကို မြှောက်ပြလိုက်တယ်။
"ကျွန်တော်လည်း ဝိုင် ယူလာတယ်"
အစ်မ အိုဟျွန်းဂျူးက ကျွန်တော်တို့ကို ထူးဆန်းသလို ကြည့်ပြီး မေးတယ်။
"ဒီနေ့က ထူးထူးခြားခြား နေ့လည်း မဟုတ်ဘဲနဲ့ နင်တို့တွေ ဘာဖြစ်နေကြတာလဲ"
"ဒီတိုင်း စုဖြစ်ကြတာပါ"
"တူလေးအပေါ် ထားတဲ့ ဦးလေးတွေရဲ့ မေတ္တာပေါ့။ မမရယ်"
ကျွန်တော်တို့ အိမ်ထဲကို ဝင်ခဲ့ကြတယ်။ တူလေး ဂွန်က ကလေးထိန်းနဲ့အတူ ဆော့ကစားနေခဲ့တယ်။ သူက တကယ်ကို တစ်ရက်ထက်တစ်ရက် ပိုပြီး ကြီးထွားလာခဲ့တာပဲ။ အခုဆိုရင် ကောင်းကောင်း တွားသွားတတ်နေပြီ ဖြစ်သလို စကားလုံးတွေကိုလည်း လိုက်ပြီး တုပတတ်နေပါပြီ။
အယ်လီက ဂွန်ကို လက်နှစ်ဖက်နဲ့ အပေါ်မြှောက်ပြီး ချီလိုက်တယ်။
"တူ... ဝါး။ ဒေါ်ဒေါ် ရောက်ပြီ။ ငါတို့ တူလေး ဂွန်က အကြီးကြီး ဖြစ်နေပြီပဲ"
"ဟီးဟီး"
ကလေးတွေက လှပတဲ့သူတွေကို ချက်ချင်း ခွဲခြားသိမြင်တတ်ကြတာ ထင်တယ်။
အယ်လီ့ရဲ့ ရင်ခွင်ထဲမှာ ရောက်နေတဲ့ ဂွန်က သဘောကျပြီး တဟီးဟီး ရယ်မောနေခဲ့တယ်။ ဒါပေမဲ့ တက်ဂယူက လှမ်းပြီး ချီလိုက်တဲ့ အချိန်မှာတော့ ချက်ချင်းပဲ အော်ပြီး ငိုချလိုက်တော့တယ်။
"ဝါး... ဝါး..."
"ဟင်… ဦးလေးလေ။ မင်းရဲ့ ဦးလေးပါဟ။ မမရေ... ကျွန်တော် ဘာမှ မလုပ်ရပါဘူးနော်"
ကလေးရှိတဲ့ အိမ်မှာတော့ ကလေးကပဲ သဘာဝကျကျ အားလုံးရဲ့ ဗဟိုချက် ဖြစ်လာတတ်စမြဲပါ။ အားလုံးက ဂွန်နဲ့ ဆော့ကစားနေကြစဉ်မှာ ကျွန်တော်က ဟင်နရီနဲ့ သီးသန့် စကားပြောဖြစ်ခဲ့တယ်။
"အိမ်ထောင်ရေးဘဝ ဘယ်လိုလဲ"
"အမှန်အတိုင်း ပြောရမလား"
"အင်း"
လက်မထပ်ခင်မှာ ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ၊ လက်တွေ့ဘဝကတော့ ခက်ခဲမှာပဲ မဟုတ်လား။
ဟင်နရီက သဘောကျစွာပြုံးပြီး ပြောတယ်။
"ဒီလောက်အထိ ပျော်စရာကောင်းနေတာ ဖြစ်နိုင်ပါ့မလားလို့တောင် တွေးမိတယ်"
"တကယ်လား"
ဒါက တခြားလူတွေ ပြောလေ့ရှိတာနဲ့ နည်းနည်း ကွဲပြားနေပါတယ်။
"အစ်မဟျွန်းဂျူးရဲ့ စရိုက်က သိပ်ပြီး လွယ်ကူတဲ့ ပုံစံမျိုး မဟုတ်ဘူးလေ"
"ဟျွန်းဂျူးရဲ့ စရိုက်က ဘာဖြစ်လို့လဲ။ သူက အလုပ်ထဲမှာပဲ ပြတ်သားတာပါ။ အိမ်မှာတော့ ဘယ်သူ့ထက်မဆို ပိုပြီး ကြင်နာတတ်တဲ့သူပဲ"
သူက အခုဆိုရင် အစ်မ အိုဟျွန်းဂျူးရဲ့ အင်္ဂလိပ်နာမည်ထက် ကိုရီးယားနာမည်ကို ပိုပြီး သဘာဝကျကျ ခေါ်ဆိုနေခဲ့ပါပြီ။ သူက အစ်မဟျွန်းဂျူးကို တကယ်ကို ချစ်မြတ်နိုးပုံ ရပါတယ်။
ဟင်နရီ ဒီလောက် ပျော်ရွှင်နေတာကို မြင်တော့ ကျွန်တော့်စိတ်ထဲမှာလည်း အိမ်ထောင်ပြုချင်တဲ့ စိတ်ကူးလေး ဝင်လာမိတယ်။
အိမ်မှာပဲ ကျွန်တော်တို့တွေ ညစာ အတူတူ စားခဲ့ကြတယ်။
အလုပ် စတင်လိုက်တာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် လူသိများသွားမှာ ဖြစ်တာမလို့ အစ်မဟျွန်းဂျူးကို ကြိုတင်ပြီး ပြောပြထားဖို့နဲ့ အကြံဉာဏ် တောင်းဖို့ ပြင်ဆင်ထားခဲ့တာပါ။
ထမင်းစားနေရင်းနဲ့ စကားစမယ့် အချိန်ကောင်းကို ရှာနေတုန်းမှာပဲ အစ်မဟျွန်းဂျူးက တက်ဂယူကို အရင် လှမ်းမေးလိုက်တယ်။
"နင် ဘာပြောစရာ ရှိလို့လဲ"
"ဟင်"
"စောစောကတည်းက ကြည့်ရတာ ပျာပျာသလဲ ဖြစ်နေတယ်။ ပြောစရာ အကြောင်းအရာ တစ်ခုခု ရှိနေတယ် မဟုတ်လား"
တက်ဂယူက ချက်ချင်းပဲ ကျွန်တော့်ဆီကို လွှဲပေးလိုက်တယ်။
"ကန်ဂျင်ဟူ ရှင်းပြလိမ့်မယ်"
ကျွန်တော်လည်း ပြင်ဆင်ထားတဲ့ အကြောင်းအရာကို စတင် ပြောပြလိုက်တယ်။
"တကယ်တော့..."
ကျွန်တော် ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ဖွင့်ဟလိုက်တဲ့အခါ အစ်မ အိုဟျွန်းဂျူးနဲ့ ဟင်နရီတို့က အလေးအနက် တည်ငြိမ်စွာ နားထောင်ခဲ့ကြတယ်။
အစ်မဟျွန်းဂျူးက အတော်ကြာအောင် စဉ်းစားခန်း ဝင်သွားခဲ့တယ်။
ဘေးမှာ ရှိနေတဲ့ တက်ဂယူကလည်း အဓိပ္ပာယ်မရှိဘဲ ခေါင်းကို လိုက်ညိတ်ပြနေခဲ့တယ်။
"နားလည်ပါတယ်။ မမရာ။ ရုတ်တရက်ကြီး မြို့သစ်တစ်ခု ဆောက်မယ်ဆိုတော့ နည်းနည်းတော့ အံ့ဩသွားမှာပေါ့"
ဒါပေမဲ့ မျှော်လင့်မထားတဲ့ အဖြေတစ်ခု ပြန်ထွက်လာခဲ့တယ်။
"မဟုတ်ဘူး။ ဒါက ဖြစ်နိုင်ခြေ အပြည့်ရှိတဲ့ အကြောင်းအရာပဲ။ ငါလည်း ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကြောင်း အများကြီး သိထားတယ်။ Golden Gate က ကိုရီးယားကို ဝင်ရောက်ဖို့ စဉ်းစားနေတုန်းက ဆာမန်ဂမ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး နယ်မြေ ဖွံ့ဖြိုးတိုးတက်လာရင် အဲဒီကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းချက် ရဖူးတယ်။ အစိုးရက မြေယာတွေနဲ့ အမျိုးမျိုးသော အခွန်ကင်းလွတ်ခွင့် အကျိုးခံစားခွင့်တွေကို ပေးမယ်လို့ ပြောခဲ့ကြတာ"
ဟင်နရီကလည်း စကားတစ်ခွန်း ဝင်ပြောတယ်။
"အစိုးရက နိုင်ငံခြား ကုမ္ပဏီတွေကို ဆွဲဆောင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု ရှင်းလင်းပွဲတွေ အများကြီး ကျင်းပခဲ့တာ။ ဒါကြောင့် ကိုရီးယားနဲ့ ပတ်သက်မှုရှိတဲ့ ဘယ်ကုမ္ပဏီမဆို ဆာမန်ဂမ်အကြောင်း တစ်ခုခုတော့ သိကြမှာပဲလေ"
သူတို့ရဲ့ စကားတွေကို ကြားရတော့ ဒါက အကြီးမားဆုံးသော မြေဖို့စီမံကိန်း ဖြစ်တာမလို့ နိုင်ငံတကာမှာလည်း အတော်လေး နာမည်ကြီးပုံ ရပါတယ်။
အစ်မ အိုဟျွန်းဂျူးက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။
"ဒါနဲ့ နင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး အဲဒီနေရာကို စိတ်ဝင်စားသွားရတာလဲ"
အနာဂတ် မြင်ကွင်းကို မြင်လိုက်ရလို့ပါ... လို့တော့ ကျွန်တော် တိုက်ရိုက် မပြောနိုင်ဘူးလေ။
"Silicon Valley ပြန်လည် ထူထောင်ရေး နယ်မြေကို မြင်လိုက်ရပြီးတော့ စိတ်ထဲမှာ ရုတ်တရက် အတွေးတစ်ခု ဝင်လာလို့ပါ။ ကျွန်တော်လည်း အဲဒီလိုမျိုး မြို့တစ်မြို့ကို တည်ဆောက်ကြည့်ရင် ဘယ်လိုနေမလဲလို့ပေါ့"
"ဟုတ်တယ်။ မမ။ ဆိုးလ်က အရမ်း ပြည့်ကျပ်နေပြီ မဟုတ်လား"
အစ်မဟျွန်းဂျူးက ခေါင်းညိတ်လိုက်တယ်။
"ဘယ်နိုင်ငံမှာမဆို လူဦးရေက မြို့ကြီးတွေမှာပဲ စုပြုံတတ်ကြတာ သဘာဝပဲ။ ဒါပေမဲ့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင် ဆိုးလ်ရဲ့ မြို့ပြဧရိယာမှာ စုပြုံမှုက စိုးရိမ်ရမယ့် အခြေအနေကို ရောက်နေပြီ"
အကြောင်းရင်းကတော့ နိုင်ငံရေး၊ စက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးနဲ့ ပညာရေး အပါအဝင် အခြေခံအဆောက်အဦး အားလုံးက မြို့ပြဧရိယာမှာပဲ စုပြုံနေလို့ ဖြစ်ပါတယ်။
ကျယ်ပြောလှတဲ့ နယ်မြေတွေ ရှိကြတဲ့ အမေရိကန်နဲ့ တရုတ်တို့ကို ဖယ်ထားရင်တောင် လူဦးရေ ထူထပ်တဲ့ နိုင်ငံတွေက သူတို့ရဲ့ မြို့ကြီးတွေကို နှစ်ခု သုံးခုလောက် ခွဲခြားထားတတ်ကြတာပါ။ ဒါပေမဲ့ ကိုရီးယားမှာတော့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက မြို့ပြဧရိယာ တစ်ခုထဲမှာတင် စုပြုံနေကြတာ ဖြစ်ပါတယ်။
"လက်ရှိမှာ မြို့ပြဧရိယာက ပြည့်နှက်နေပြီ။ ရိုးရှင်းတဲ့ ကုန်ထုတ်လုပ်ငန်းတွေကတော့ ကိစ္စမရှိပေမဲ့ ခေတ်မီ ကုန်ထုတ်လုပ်ငန်းတွေက နယ်ဘက်တွေကို ပြောင်းရွှေ့ဖို့ မလွယ်ကူဘူး။ လူတွေ တွေ့ဆုံကြတဲ့အခါ အကျိုးသက်ရောက်မှု ပိုရှိလာသလို ကုမ္ပဏီတွေအတွက်လည်း အတူတူပဲ။ ဒါကြောင့် ဘဏ္ဍာရေး လုပ်ငန်းတွေနဲ့ IT ကုမ္ပဏီတွေက တစ်နေရာထဲမှာ စုဝေးဖို့ ကြိုးစားကြတာ။ တကယ်လို့ ဆိုးလ်မြို့ကို အစားထိုးနိုင်မယ့် မြို့တစ်မြို့ကို ဖန်တီးနိုင်ရင် ကုမ္ပဏီတွေက သူတို့အလိုလို လာကြလိမ့်မယ်"
တက်ဂယူက ဝင်ပြောတယ်။
"ဒါပေမဲ့ ကျွန်တော်တို့ အဲဒီဆာမန်ဂမ်ကို သွားကြည့်တုန်းကတော့ ဟာလာဟင်းလင်းဖြစ်နေတဲ့ လွင်ပြင်ကြီးတစ်ခုပဲ ရှိတာဗျ"
အစ်မ အိုဟျွန်းဂျူးက ကော်ဖီကို တစ်ငုံ သောက်လိုက်တယ်။
"အခု ကြည့်ရင်တော့ မယုံနိုင်စရာ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ဖူတုန်းကလည်း အရင်တုန်းက အဲဒီလိုပဲ ရှိခဲ့တာ"
ရှန်ဟိုင်းမြို့ကို ဟွမ်ပုမြစ်ကနေတစ်ဆင့် ဖူတုန်းနဲ့ ဖူရှီးဆိုပြီး ခွဲခြားထားတာပါ။ ဖူတုန်းမြို့ပြက စောစောစီးစီး ဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ ဖူရှီးနဲ့ မတူဘဲ ဖူတုန်းကတော့ လယ်ကွင်းတွေကလွဲလို့ ဘာမှမရှိတဲ့ လွင်ပြင်အလွတ်ကြီးတစ်ခုသာ ဖြစ်ခဲ့ပါတယ်။
ဒါက အရင်တုန်းက ဂန်ဘတ်နဲ့ ဂန်နမ်လိုပဲလို့ ပြောလို့ရတယ်။ အခုအချိန်မှာတော့ စိတ်ကူးကြည့်ဖို့ ခက်ခဲပေမဲ့ ဂန်နမ်ကလည်း မူလက လယ်ကွင်းတွေ ရှိတဲ့ ကျေးလက်ရွာလေး တစ်ရွာပဲ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ၁၉၆၀ ပြည့်နှစ်တွေကစလို့ အစိုးရက မြို့ပြချဲ့ထွင်ဖို့အတွက် ဂန်နမ်ကို အပြင်းအထန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး အခုတော့ တစ်နိုင်ငံလုံးမှာ အိမ်စျေးနှုန်း အကြီးမားဆုံးနယ်မြေတစ်ခု ဖြစ်လာခဲ့ပါပြီ။
ဟင်နရီက ရှင်းပြတယ်။
"တရုတ်အစိုးရက ဖူတုန်းကို တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေး ဗဟိုချက်အဖြစ် ဖန်တီးဖို့ စီမံကိန်း ချခဲ့တာ။ အကြောင်းရင်းကတော့ ကုန်ထုတ်လုပ်မှုအပေါ်ပဲ အခြေခံတဲ့ တိုးတက်မှုရဲ့ ကန့်သတ်ချက်တွေကို တရုတ်အစိုးရက သတိပြုမိသွားလို့ပဲ"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"ကုန်ထုတ်လုပ်မှု ကြီးထွားလာတာနဲ့အမျှ ငွေကြေး ထောက်ပံ့မှု လိုအပ်ချက်ကလည်း တိုးပွားလာတာပဲလေ"
စက်မှုလုပ်ငန်းနဲ့ ဘဏ္ဍာရေးက စီးပွားရေးရဲ့ အတောင်ပံနှစ်ဖက် ဖြစ်ပါတယ်။ အတောင်ပံတစ်ဖက်ထဲနဲ့ မပျံသန်းနိုင်သလို စက်မှုလုပ်ငန်းရဲ့ အတိုင်းအတာ ကြီးမားလာတာနဲ့အမျှ ဘဏ္ဍာရေးကလည်း ပံ့ပိုးပေးရမှာပါ။
"ဒါပေမဲ့ လွင်ပြင်အလွတ်ကြီး ဖြစ်နေတဲ့ ဖူတုန်းကို ဘယ်သူမှ မပြောင်းချင်ကြဘူး။ တရုတ်အစိုးရက ဒေသန္တရ အစိုးရတွေကို အဆောက်အဦး တစ်လုံးစီ အတင်းအကြပ် ဆောက်ခိုင်းပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို အတင်းအကြပ် ရွှေ့ပြောင်းခိုင်းခဲ့ရတယ်"
ကျေးလက်ဒေသနဲ့ မခြားနားခဲ့တဲ့ ဖူတုန်းက အခုတော့ မိုးမျှော်တိုက်ကြီးတွေ စီတန်းနေတဲ့ ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေး ဗဟိုချက်တစ်ခုအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါပြီ။
လက်ရှိမှာ ဘဏ္ဍာရေး အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်က ဖူတုန်းမှာ အခြေစိုက်နေပြီး နိုင်ငံခြား ကုမ္ပဏီပေါင်း ၁၅,၀၀၀ ကျော် ဝင်ရောက်ထားကာ နိုင်ငံခြားသား လူဦးရေတင်မကဘဲ လူဦးရေအားလုံးပေါင်း ၁၅၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဒါတွေအားလုံးက နှစ်ပေါင်း ၃၀ မပြည့်ခင် အချိန်အတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ။
ဗဟိုအစိုးရရဲ့ မူဝါဒအရ အဆောက်အဦးတွေ အတင်းအကြပ် ဆောက်လုပ်ပြီး ရွှေ့ပြောင်းခဲ့ရတဲ့ ဒေသန္တရ အစိုးရတွေနဲ့ ကုမ္ပဏီတွေကတော့ အခုအချိန်မှာ ကြီးမားတဲ့ အမြတ်အစွန်းတွေကို ရရှိခဲ့ကြတာပေါ့။
အစ်မ အိုဟျွန်းဂျူးက ပြောတယ်။
"ဆာမန်ဂမ်က ဂန်နမ် ဒါမှမဟုတ် ဖူတုန်းထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရလွယ်ကူလိမ့်မယ်။ အရင်ကထက်စာရင် အခုအချိန်မှာက ဆောက်လုပ်ရေး နည်းပညာတွေက ပိုပြီး တိုးတက်လာပြီလေ။ ပြီးတော့ ပုဂ္ဂလိကပိုင် မြေယာ မရှိတာကြောင့် မြေယာဝယ်ယူမှုအတွက် ကုန်ကျစရိတ်နဲ့ အချိန်တွေကို သက်သာစေတာက တကယ့်ကို ကြီးမားတဲ့ အားသာချက်ပဲ။ ဒါပေမဲ့ PEF ရင်းနှီးမြှုပ်နှံမှုတွေမှာ Anchor LP လိုအပ်သလိုပဲ ဒီကိစ္စမှာလည်း Anchor ကုမ္ပဏီတစ်ခု လိုအပ်လိမ့်မယ်"
သင်္ဘောတစ်စင်းက ကျောက်ဆူးချလိုက်သလိုမျိုး ရင်းနှီးမြှုပ်နှံမှုရဲ့ ကျောက်ဆူးနေရာကနေ ပါဝင်ပေးရတဲ့ Limited Partner ကို Anchor LP လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
လူတွေက သူတို့ ကောင်းကောင်း မသိတဲ့အရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေတတ်ကြသလိုပဲ ဘာမှမရှိတဲ့ မြေပြင်ပေါ်မှာ အဆောက်အဦး ဆောက်ပါလို့ ပြောရင် လူတိုင်းက တွန့်ဆုတ်နေကြမှာပဲလေ။
ဒါကြောင့် တစ်ယောက်ယောက်က အရင်ဆုံး ဦးဆောင်ပြီး အဆောက်အဦး ဆောက်လုပ်ပြရပါမယ်။ အဲဒါကို မြင်တွေ့ရမှ တခြားလူတွေကလည်း အဲ့ဒီအဆောက်အဦးရဲ့ ဘေးနားမှာ လိုက်ပြီး အဆောက်အဦးတွေ ဆောက်လုပ်ကြရင်း မြို့တစ်မြို့ ဖြစ်တည်လာမှာပါ။
မြို့သစ်တည်တယ်ဆိုတာက စွန့်စားရမှု မရှိတာတော့ မဟုတ်ဘူး။
တကယ်လို့ အဆောက်အဦး ဆောက်လိုက်ပေမဲ့ ဘယ်သူမှ လိုက်ပြီး မဆောက်ကြဘူးဆိုရင် ဘာဖြစ်မလဲ။ ဒါဆိုရင်တော့ ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုကို ရင်ဆိုင်ရမှာပါ။
"အစပိုင်းမှာတော့ အားလုံးက ခက်ခဲမှာပဲ။ ဒါပေမဲ့ ရေတံခါး ပွင့်သွားတာနဲ့ ရေတွေက အရှိန်အဟုန်နဲ့ စီးဝင်လာသလိုမျိုး အဆင်ပြေသွားမှာပါ။ ကံကောင်းတာက နင်တို့တွေမှာ ဒါကို လုပ်ဆောင်နိုင်မယ့် ဩဇာအာဏာနဲ့ ငွေကြေး ရှိနေတာပဲ"
"ဒီစီမံကိန်းကို လုပ်ရင် တကယ်ပဲ အဆင်ပြေပါ့မလား"
အစ်မ အိုဟျွန်းဂျူးက ကျွန်တော်တို့ကို ကြည့်ပြီး ပြောလိုက်တယ်။
"ဘာတွေ မေးနေတာလဲ။ ဒီအကြောင်းကို ငါ့ကို မပြောခင်ကတည်းက နင်တို့တွေက လုပ်ဖို့ ဆုံးဖြတ်ပြီးသား မဟုတ်ဘူးလား"
ကျွန်တော် ရှက်ပြုံး ပြုံးလိုက်မိတယ်။
"အစ်မက သိနေတာပဲနော်"
အစ်မဟျွန်းဂျူးက တဟားဟား ရယ်မောလိုက်တယ်။
" ဒါက ပထမဆုံး အကြိမ်လည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ အံ့ဩနေတာလဲ"
တက်ဂယူက ချက်ချင်းပဲ လက်မနှစ်ဖက် ထောင်ပြလိုက်တယ်။
"အိုး... ဒါမှ ငါ့အစ်မကွ"
"တိတ်တိတ်နေစမ်း"
အနာဂတ် မြင်ကွင်းက လမ်းစကို ပြသနေပေမဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ နည်းလမ်းကို ရှာဖွေရမှာကတော့ ကျွန်တော့်ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ကျွန်တော် အကောင်အထည်ဖော်ဖို့ နည်းလမ်းကို ဆက်တိုက် စဉ်းစားနေခဲ့တယ်။
ကျွန်တော် ကိုယ်တိုင် ဆာမန်ဂမ် မြို့သစ်စီမံကိန်းကို ဖန်တီးဖို့ မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအဆက်ဆက်က ကျွမ်းကျင်သူ အများအပြားက မြို့သစ်စီမံကိန်းကို ပြီးပြည့်စုံအောင် ရေးဆွဲထားပြီးသား ဖြစ်လို့ပါ။
သူတို့က မြေယာတွေကို စက်မှုသုတေသန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာရေးနဲ့ အပန်းဖြေရေး စတာတွေအတွက် ခွဲခြားထားပြီးသား ဖြစ်သလို ဆိပ်ကမ်း၊ နိုင်ငံတကာ လေဆိပ်၊ အရှေ့အနောက် ဆက်သွယ်ရေး လမ်းမကြီးတွေ၊ တောင်မြောက် ဆက်သွယ်ရေး လမ်းမကြီးတွေ၊ ဆာမန်ဂမ်-ပိုဟန် အဝေးပြေးလမ်းမကြီး၊ အမြန်ရထားလမ်း တိုးချဲ့မှု စတဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေး အစီအစဉ်တွေ အားလုံးကလည်း ရှိပြီးသား ဖြစ်ပါတယ်။
တက်ဂယူက အထင်ကြီးလေးစားသွားတယ်။
"အိုး... မျှော်လင့်ထားတဲ့အတိုင်း အစိုးရမှာ အစီအစဉ်တွေ အားလုံး ရှိနေတာပဲ"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"ဟုတ်တယ်။ တကယ်ကို အချိန်ကိုက် ဖြစ်စေမယ့် အစီအစဉ်ကောင်းတစ်ခုပဲ"
ဒါပေမဲ့ အစီအစဉ်တွေ ချမှတ်ထားပေမဲ့လည်း အရာအားလုံးက ထင်သလို ဖြစ်မလာခဲ့ပါဘူး။
တကယ်လို့ အစီအစဉ်အတိုင်းသာ ဖြစ်လာခဲ့ရင် အခုအချိန်မှာ ကမ္ဘာ့အဆင့်မီ ခေတ်မီမြို့တော်ကြီးတစ်ခု တည်ဆောက် ပြီးစီးနေလောက်ပြီလေ။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင် သွားရောက် အတည်ပြုခဲ့သလိုပဲ လက်ရှိမှာတော့ ဖုန်တထောင်းထောင်း ထနေတဲ့ လွင်ပြင်ကြီးတစ်ခုအဖြစ်ပဲ ရှိနေသေးတာပါ။
အခြေခံအဆောက်အဦး တည်ဆောက်မှုတွေက နှေးကွေးနေခဲ့ပြီး တချို့နေရာတွေမှာ မြေဖို့ပြင်ဆင်နေတာတောင် သေချာ မပြီးစီးသေးဘူး။
"ဘာဖြစ်လို့ အစီအစဉ်အတိုင်း ဖြစ်မလာတာလဲ"
"ပိုက်ဆံကလည်း ပြဿနာပဲ၊ အစိုးရကလည်း ပြဿနာပဲ။ စကားပုံတစ်ခု ရှိတယ်လေ။ တကယ်လို့ ဗဟိုအစိုးရသာ ဆဟာရသဲကန္တာရကို စီမံခန့်ခွဲမယ်ဆိုရင် ငါးနှစ်အတွင်းမှာ သဲတွေ ပြတ်လပ်သွားလိမ့်မယ် တဲ့"
ဒါက အစိုးရ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် မပြည့်ဝမှုကို သရော်ထားတဲ့ စကားပုံတစ်ခု ဖြစ်ပါတယ်။
"အဲ့ဒီစကားပုံကို ဘယ်သူ ပြောခဲ့တာလဲ"
"ပါမောက္ခ မေတန် ဖလွိုင်းမန်း လေ"
မေတန် ဖလွိုင်းမန်း က နိုဘယ်လ် စီးပွားရေးဆု ရရှိခဲ့တဲ့ အမေရိကန် စီးပွားရေးပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ချီကာဂိုကျောင်းတော်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ယနေ့ခေတ် စီးပွားရေးရဲ့ ပင်မရေစီးကြောင်းဖြစ်တဲ့ နီယိုလစ်ဘရယ်ဝါဒ (လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်) ကို လိုလားသူ ဖြစ်ကာ အစိုးရရဲ့ အခန်းကဏ္ဍက အနည်းဆုံးပဲ ဖြစ်သင့်တယ်လို့ သူက စတင် အငြင်းပွားခဲ့တာပါ။
ကျွန်တော် အဲ့ဒီစကားကို ၁၀၀ ရာခိုင်နှုန်း သဘောမတူပေမဲ့ အစိုးရက အမြဲတမ်း စွမ်းဆောင်ရည် ပြည့်ဝစွာ မလည်ပတ်နိုင်တာကတော့ အမှန်ပါပဲ။
ဆာမန်ဂမ်ရဲ့ မြေနေရာက ဧရိယာစတုရန်းကီလိုမီတာ ၃ သန်းနီးပါး ရှိပြီး ၁၀၀ ရာခိုင်နှုန်း အစိုးရပိုင် မြေဖြစ်ပါတယ်။ တကယ်လို့ အစိုးရကပဲ ဒီဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ဆက်ပြီး ဦးဆောင်နေမယ်ဆိုရင် နောက်ထပ် ဆယ်စုနှစ်ပေါင်း ဘယ်လောက် ကြာသွားဦးမလဲဆိုတာ မသိနိုင်ပါဘူး။
ကျွန်တော် အနာဂတ် မြင်ကွင်းကို မြင်လိုက်ရတာကြောင့် ဒီစီမံကိန်းကို လုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ အကျိုးအမြတ်မရှိတဲ့ အလုပ်ကိုတော့ လုပ်ဖို့ မလိုအပ်ပါဘူး။ ကျွန်တော်က ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်ပြီး ပရဟိတသမား မဟုတ်ဘူးလေ။
ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းကောင်း လုပ်ဆောင်ပြီး အမြတ်အစွန်း ရရှိဖို့အတွက် အစိုးရဆီကနေ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်မှုကို လွှဲပြောင်းရယူဖို့ လိုအပ်ပါတယ်။
ကျွန်တော် အင်တာနက်ပေါ်မှာ 'မြို့သစ်' ဆိုပြီး ရှာဖွေကြည့်လိုက်တယ်။
ပထမဆုံး ပေါ်လာတာကတော့ အစိုးရက လက်ရှိ ဖော်ဆောင်နေတဲ့ တတိယမျိုးဆက် မြို့သစ်စီမံကိန်း အကြောင်း ဆောင်းပါးတစ်ပုဒ်ပါ။ အစီအစဉ်ကတော့ ဆိုးလ်နဲ့ နီးစပ်တဲ့ မြို့ပြဧရိယာမှာ အိမ်ရာပေါင်း ၂၀၀,၀၀၀ ခန့် ပံ့ပိုးပေးနိုင်မယ့် အသေးစား မြို့သစ်ငါးခုကို ဖန်တီးဖို့ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဆိုးလ်ရဲ့ အိမ်စျေးနှုန်းတွေကို တည်ငြိမ်စေဖို့ပေါ့။
ဒါပေမဲ့ အစီအစဉ်ကို ကြေညာပြီးနောက်မှာ ပတ်ဝန်းကျင်က ဒေသခံတွေက အိမ်စျေးနှုန်း ကျဆင်းမှာနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ မြေယာဝယ်ယူမှုတောင် မစတင်ရသေးတာမလို့ တိုက်ခန်းတွေကို ပံ့ပိုးပေးနိုင်ဖို့အထိ ဘယ်လောက် ကြာဦးမလဲဆိုတာ မသိနိုင်သေးပါဘူး။
"ဘာလဲဟ... အစိုးရက မြို့သစ်တွေကို ကောင်းကောင်း ဆောက်နေကြတာပဲ။ ဒါဆို ဘာလို့ ဆာမန်ဂမ်ကျတော့ အဆင်မပြေဖြစ်နေရတာလဲ"
"အဲဒီနေရာက မြို့ပြဧရိယာ မဟုတ်ဘူးလေ။ ပြီးတော့ မြေနေရာကလည်း အရမ်း ကျယ်လွန်းတယ်"
မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရရဲ့ ပြတ်သားတဲ့ ဆန္ဒကို လိုအပ်ပါတယ်။
မြို့တစ်မြို့က တစ်ညထဲနဲ့ တည်ဆောက်လို့ ရတာ မဟုတ်ပါဘူး။ ဖူတုန်းက ကမ္ဘာ့အဆင့်မီ မြို့တစ်မြို့ ဖြစ်လာနိုင်ခဲ့တာက တရုတ်အစိုးရရဲ့ စဉ်ဆက်မပြတ်ဘဲ တစ်သမတ်ထဲရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကြောင့်ပါ။
ဒါပေမဲ့ ကိုရီးယားမှာတော့ အစိုးရအသစ် တက်လာတိုင်း ဆာမန်ဂမ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပါ့မယ်လို့ နှုတ်ကနေ ကြွေးကြော်ခဲ့ကြပေမဲ့ အမြဲတမ်း ဦးစားပေး အဆင့်မှာတော့ နောက်ဆုတ်သွားခဲ့ရတယ်။
အကြောင်းရင်းကတော့ ပိုက်ဆံတွေ အများကြီး ကုန်ကျပေမဲ့ ရလဒ်တွေက ချက်ချင်း ထွက်မလာလို့လေ။
ကျွန်တော် ဆောင်းပါးကို ဖတ်ကြည့်ပြီးနောက် ရေရွတ်လိုက်တယ်။
"ငါ နည်းလမ်းကောင်းတစ်ခုကို တွေးမိပြီ ထင်တယ်"
OTK Company ရဲ့ စီအီးအို ကန်ဂျင်ဟူက ဝန်ကြီးချုပ် ယူဂျောင်ဟျွန်နဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့တယ်။
လူတွေက ဒါကို ထူးဆန်းတယ်လို့ ထင်ခဲ့ကြတယ်။ ကန်ဂျင်ဟူဟာ အမေရိကန် နိုင်ငံရေးလောကနဲ့ ရင်းနှီးမှုရှိပေမဲ့ ကိုရီးယား နိုင်ငံရေးလောကနဲ့တော့ တတ်နိုင်သမျှ အကွာအဝေးတစ်ခုမှာပဲ နေထိုင်ခဲ့တာပါ။ ဒါကြောင့် ကန်ဂျင်ဟူက ကိုရီးယား နိုင်ငံရေးသမားတစ်ယောက်ကို အရင်ဆုံး တွေ့ဆုံဖို့ တောင်းဆိုခဲ့တာက ရှားရှားပါးပါး ကိစ္စတစ်ခု ဖြစ်ပါတယ်။
လူတိုင်းက အကြောင်းရင်းကို သိချင်နေခဲ့ကြပြီး နိုင်ငံရေးလောကတစ်ခုလုံးလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့တယ်။
ဝန်ကြီးချုပ်ယူဂျောင်ဟျွန်က သူ့ရဲ့ သဘောထားကို ထုတ်ဖော် ပြောကြားခဲ့တယ်။
"အစိုးရအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် စီးပွားရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အမြဲတမ်း အသင့်ရှိပါတယ်။ စီအီးအို ကန်ဂျင်ဟူက အရင်ဆုံး တွေ့ဆုံဖို့ တောင်းဆိုလာတာ ဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ တွေ့ဆုံပြီး သူ ပြောပြမယ့် အကြောင်းအရာတွေကို နားထောင်သွားမှာပါ"
မျှော်လင့်ထားတဲ့အတိုင်းပဲ အတိုက်အခံပါတီကတော့ အပြစ်ရှာပြီး တိုက်ခိုက်ခဲ့တယ်။
လွှတ်တော်အမတ်ယွန်နာကျောင်းက ပြောတယ်။
"ပြီးခဲ့တဲ့ အစိုးရရဲ့ သမ္မတက စီးပွားရေးသမားတွေနဲ့ တွေ့ဆုံခဲ့တာကိုတော့ မလျော်သြဇာ အသုံးပြုတာ၊ လာဘ်ပေးလာဘ်ယူ လုပ်တာဆိုပြီး ဝေဖန်ခဲ့ကြတယ်။ အခုကျတော့ နိုင်ငံတစ်ခုရဲ့ ဝန်ကြီးချုပ်က စီးပွားရေးသမားတစ်ယောက်နဲ့ သီးသန့် တွေ့ဆုံဖို့ လုပ်နေတာက ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး။ ဒီလောက်အထိ ဟန်ဆောင်ကောင်းတဲ့ အစိုးရမျိုး ဘယ်မှာ ရှိဦးမှာလဲ။ ကျွန်မတို့ ပြည်သူတွေအားလုံး စောင့်ကြည့်နေကြပါတယ်"
ဒါပေမဲ့ ပြည်သူတွေရဲ့ တုံ့ပြန်မှုကတော့ သိပ်ပြီး မကောင်းခဲ့ပါဘူး။
-မဟုတ်ဘူးလေ။ ပြီးခဲ့တဲ့အကြိမ်တုန်းကတော့ စီးပွားရေး လုပ်ငန်းရှင်တွေကို ဆန့်ကျင်တဲ့ စိတ်ဓာတ်တွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ မလာတာ၊ သမ္မတနဲ့ ဝန်ကြီးချုပ်တို့က စီးပွားရေးသမားတွေကို တိုက်ရိုက်တွေ့ပြီး ရင်းနှီးမြှုပ်နှံဖို့ အားပေးသင့်တယ်လို့ ယွန်နာကျောင်းကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။
-အဲ့တုန်းကကျတော့ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝကို အရင် ဂရုစိုက်ပါလို့ ယွန်နာကျောင်းကိုယ်တိုင်ပဲ ပြောခဲ့တာလေ။
-စီးပွားရေးကို ဂရုစိုက်ဖို့ဆိုရင် ကန်ဂျင်ဟူနဲ့ အရင်ဆုံး တွေ့ရမှာ မဟုတ်ဘူးလား။
-အရင် သမ္မတကြီးကတော့ လျှို့ဝှက် တွေ့ဆုံပြီး လာဘ်ငွေတွေ တောင်းခဲ့လို့ ပြဿနာ ဖြစ်ခဲ့တာလေ။ အခုက တရားဝင် တွေ့ဆုံတာပဲကို။ ဘာပြဿနာ ရှိလို့လဲ။ ကန်ဂျင်ဟူက သမ္မတရိုနယ်နဲ့တောင် သီးသန့် တွေ့ဆုံမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့တာပဲ။
-စီးပွားရေး ခေါင်းဆောင်တွေနဲ့ မတွေ့ရင်လည်း ပြစ်တင်ပြောဆိုကြတယ်၊ တွေ့ပြန်တော့လည်း ပြစ်တင်ပြောဆိုကြတယ်~
-ဟားဟား၊ ယွန်နာကျောင်းရဲ့ ရန်သူက ယွန်နာကျောင်း ကိုယ်တိုင်ပဲ။ ယွန်နာကျောင်းရဲ့ အရင် စကားတွေကို ယွန်နာကျောင်းရဲ့ အခု စကားတွေနဲ့ ပြန်ပြီး ချေပလို့ရတယ်။