အခန်း ၃၉၈
Vol. 40 Ch. 398
အခန်း (၃၉၈)
ကျွန်တော်က ဆဂျုံမြို့ကို ကိုယ်တိုင် မောင်းနှင်ပြီး သွားခဲ့တယ်။
ဆဂျုံမြို့က မြို့ပြဧရိယာမှာ လူဦးရေ စုပြုံနေတာကို တားဆီးဖို့နဲ့ နိုင်ငံအတွင်း မျှတတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာစေဖို့အတွက် ချောင်ချွန်းပြည်နယ်မှာ တည်ဆောက်ထားတဲ့ မြို့သစ်တစ်ခု ဖြစ်ပါတယ်။ ဆဂျုံက မြို့ပြဧရိယာရဲ့ ပြင်ပမှာ တည်ဆောက်ထားတဲ့ အကြီးမားဆုံး မြို့သစ်ဖြစ်ပြီး မူလအစီအစဉ်အရဆိုရင် အုပ်ချုပ်ရေးမြို့တော်ကို အဲဒီနေရာဆီ ရွှေ့ပြောင်းဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ အတိုက်အခံပါတီရဲ့ ကန့်ကွက်မှုတွေနဲ့ တရားစွဲဆိုမှုတွေကြောင့် ဒီအစီအစဉ်က ပျက်ပြယ်သွားခဲ့ပြီး အစိုးရဝန်ကြီးဌာနတွေရဲ့ ထက်ဝက်ခန့်သာ ရွှေ့ပြောင်းနိုင်ခဲ့တာမလို့ တစ်ပိုင်းတစ်စ အုပ်ချုပ်ရေးမြို့တော်တစ်ခု ဖြစ်လာခဲ့ရတယ်။
ဘာပဲဖြစ်ဖြစ် ဝန်ကြီးချုပ်ရဲ့ တိုက်ရိုက်လက်အောက်ခံ အဖွဲ့အစည်းတွေကလည်း အစိုးရရဲ့ မူဝါဒအတိုင်း ဆဂျုံမြို့ဆီ ပြောင်းရွှေ့ခဲ့ကြတယ်။ တခြား အစိုးရဝန်ထမ်းတွေလိုပဲ ဝန်ကြီးချုပ်ကလည်း ဝန်ကြီးအဖွဲ့ အစည်းအဝေးတွေ တက်ရောက်ဖို့ ဒါမှမဟုတ် လွှတ်တော်တက်ဖို့ ဆိုးလ်ကို သွားရတဲ့အချိန်ကလွဲလို့ များသောအားဖြင့် ဆဂျုံမြို့မှာပဲ အလုပ်လုပ်လေ့ရှိတာပါ။
ဒါကြောင့်မလို့လည်း ကျွန်တော်က ဆဂျုံမြို့ကို ကိုယ်တိုင် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
သတင်းထောက်တွေကတော့ အဝင်ဝကတည်းက အုပ်စုလိုက် စောင့်ဆိုင်းနေခဲ့ကြပါပြီ။ ကျွန်တော် ကားပေါ်က ဆင်းလိုက်တာနဲ့ ဓာတ်ပုံရိုက်သံတွေ တဖျပ်ဖျပ် ထွက်ပေါ်လာပြီး သတင်းထောက်တွေက မိုက်ခရိုဖုန်းတွေကို ရှေ့ကိုထိုးပေးရင်း ဝိုင်းပြီး မေးခွန်းထုတ်ကြတော့တယ်။
"ဒီကနေ့ တွေ့ဆုံမှုကို ဘယ်လို ရည်ရွယ်ချက်နဲ့ တောင်းဆိုခဲ့တာလဲခင်ဗျာ"
"ကိုရီးယား စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောစရာ ရှိပါသလား"
"အမေရိကန်ဘက်က သဘောထားကို လာပြီး တင်ပြတာမျိုးလားခင်ဗျာ"
"ပြည်သူတွေကို စကားတစ်ခွန်းလောက် ပြောပေးပါဦး"
မျှော်လင့်ထားတဲ့အတိုင်းပဲ ကြိုတင်စောင့်ဆိုင်းနေတဲ့ အစိုးရအဆောက်အဦးရဲ့ လုံခြုံရေးဝန်ထမ်းတွေက သတင်းထောက်တွေကို ကိုယ်ထိလက်ရောက် ပိတ်ဆို့ပေးခဲ့ကြတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ကျွန်တော်က လူမှုရေး ပြဿနာတစ်ခုခု ဖန်တီးခဲ့လို့ အစိုးရရှေ့နေရုံးကို လာရောက် စစ်ဆေးခံရတဲ့သူတစ်ယောက်လို ဖြစ်နေတာပါ။
မီဒီယာတွေကတော့ ဒီတွေ့ဆုံမှုရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အမျိုးမျိုးသော တွေးဆချက်တွေကို ထုတ်ဖော်နေကြပါပြီ။ ဒါပေမဲ့ တစ်ခုမှတော့ မမှန်ကန်ခဲ့ပါဘူး။ အမြဲတမ်းလိုပဲ 'မမှန်ရင်လည်း ပြီးတာပဲ' ဆိုတဲ့ သဘောမျိုးပေါ့။
ကျွန်တော် ဘာမှ မပြောဘဲ အဆောက်အဦးထဲကို ဝင်ခဲ့တယ်။ ကြိုတင်ပြီး ချိန်းဆိုထားခဲ့တာမလို့ ဝန်ထမ်းတွေက ချက်ချင်းပဲ လမ်းညွှန်ခေါ်ဆောင်သွားခဲ့တယ်။
ဝန်ကြီးချုပ်ယူဂျောင်ဟျွန်က ဧည့်ခန်းထဲမှာ ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်တယ်။
"လမ်းခရီးက ဝေးတယ်နော်။ ဒီအထိ ကိုယ်တိုင် လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"မဟုတ်တာပဲဗျာ။ အလုပ်ရှုပ်နေတဲ့ ကြားထဲကနေ အချိန်ပေးတဲ့အတွက် ကျွန်တော်ကပဲ ကျေးဇူးတင်ရမှာပါ"
သူက အိမ်နီးနားချင်း ဦးလေးကြီးတစ်ယောက်လိုမျိုး ခင်မင်နှစ်လိုဖွယ်ရှိပြီး ချဉ်းကပ်ရလွယ်ကူတဲ့ ပုံစံမျိုး ရှိပါတယ်။
သမ္မတစနစ် ကျင့်သုံးတဲ့ ကိုရီးယားနိုင်ငံမှာ ဝန်ကြီးချုပ်က သိပ်ပြီး ဩဇာအာဏာ ကြီးမားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှု အပိုင်းမှာတော့ သူက အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ဒုတိယအာဏာအရှိဆုံးသူ ဖြစ်တာ သေချာပါတယ်။
ဒီလိုမျိုး ပုဂ္ဂိုလ်တစ်ယောက်နဲ့ သီးသန့် တွေ့ဆုံခွင့်ရတာက ကြီးမားတဲ့ အခွင့်ထူးတစ်ခု ဖြစ်မှာပါ။
ဒါပေမဲ့ အမေရိကန်သမ္မတ၊ တရုတ်သမ္မတနဲ့ ရုရှားသမ္မတတို့ကို ဆက်တိုက် တွေ့ဆုံခဲ့ဖူးတဲ့ ကျွန်တော့်အတွက်တော့ အထူးအဆန်း ဖြစ်မနေခဲ့ပါဘူး။
လွန်ခဲ့တဲ့ အပတ်ကတင်ပဲ ကျွန်တော်က သမ္မတ ရိုနယ်နဲ့ တွေ့ဆုံခဲ့သေးတာ မဟုတ်လား။
ကျွန်တော်တို့ နှုတ်ဆက်စကားတွေ ပြောပြီးနောက် ထိုင်လိုက်ကြတယ်။ ဝန်ထမ်းတစ်ယောက်က ကော်ဖီနဲ့ လက်ဖက်ရည်ကို လာပြီး ချပေးခဲ့တယ်။
"ဆဂျုံမြို့ကို လာဖူးတာ ဒါ ပထမဆုံးအကြိမ်လား"
"ဟုတ်ပါတယ်။ လမ်းတွေက ကျယ်ဝန်းပြီး အဆောက်အဦးတွေ အားလုံးကလည်း သန့်ရှင်းသပ်ရပ်နေတာပဲ"
ဒါက စနစ်တကျ စီမံကိန်းချပြီး တည်ဆောက်ထားတဲ့ မြို့သစ်တစ်ခုရဲ့ ထူးခြားချက်လို့ ပြောလို့ရပါတယ်။
"သမ္မတ ရိုနယ်ရဲ့ ပြန်လည်ရွေးကောက်ခံရမယ့် မဲဆွယ်စည်းရုံးရေးပွဲမှာ စီအီးအို ကန်ဂျင်ဟူ ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ စီအီးအို ကန်ရဲ့ ကျေးဇူးကြောင့် ကိုရီးယားနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးက ပိုပြီးတော့ ခိုင်မာလာခဲ့ပါပြီ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျေးဇူးတင်ပါတယ်"
"မဟုတ်တာပဲဗျာ။ ကျွန်တော်က ကိုယ်သဘောတာကိုပဲ လုပ်ခဲ့တာပါ"
ဝန်ကြီးချုပ်ယူဂျောင်ဟျွန်က သဘောကျစွာ ပြုံးလိုက်တယ်။
"စီအီးအိုကန် လာမယ်လို့ ကြေညာလိုက်တဲ့ အချိန်တုန်းက ဒီနေရာမှာ စကားတွေ အမျိုးမျိုး ပြောနေခဲ့ကြတာ။ ကျွန်တော် ကိုယ်တိုင်လည်း အတော်လေးကို စိတ်ဝင်စားမိတယ်"
"အဓိက အကြောင်းအရာကို ဖြည်းဖြည်းချင်းပဲ ပြောကြတာပေါ့။ အဲဒီမတိုင်ခင် အစိုးရရဲ့ မူဝါဒတချို့နဲ့ ပတ်သက်ပြီး မေးစရာလေးတွေ ရှိလို့ပါ"
"ကျွန်တော် ဖြေကြားပေးနိုင်တဲ့ အရာမျိုးဆိုရင်တော့ ဘာမဆို ဝမ်းမြောက်ဝမ်းသာ ဖြေပေးမှာပေါ့"
ကျွန်တော် စိတ်အေးလက်အေးနဲ့ပဲ မေးလိုက်တယ်။
"လက်ရှိ စီးပွားရေး အခြေအနေက သိပ်ပြီး မကောင်းလှဘူး ထင်တယ်။ အစိုးရအနေနဲ့ ဘယ်လို တန်ပြန်အစီအမံတွေ ရှိထားပါလဲ"
တကယ်တော့ ကိန်းဂဏန်း အချက်အလက်တွေကို ကြည့်ရင် ကိုရီးယား စီးပွားရေးက အတော်လေး အဆင်ပြေနေဆဲ ဖြစ်ပါတယ်။ Semiconductors ၊ ဘတ္ထရီနဲ့ လျှပ်စစ်ကားတွေက အားကောင်းကောင်းနဲ့ စွမ်းဆောင်နေကြပြီး ကိုရီးယားဗဟိုဘဏ်ကလည်း ဒီနှစ်ရဲ့ စီးပွားရေး တိုးတက်မှု မျှော်မှန်းချက်ကို ၃ ရာခိုင်နှုန်းကနေ ၃.၅ ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်ထားခဲ့တယ်။
ဒါပေမဲ့ ခေတ်မီ စက်မှုလုပ်ငန်းတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ အောင်မြင်မှုတွေနဲ့ မတူဘဲ သာမန်ပြည်သူတွေရဲ့ စီးပွားရေးဘဝကတော့ သိပ်ပြီး တိုးတက်မလာခဲ့ပါဘူး။ အကြောင်းရင်းကတော့ လူဦးရေ အများအပြားကို အလုပ်အကိုင် ပေးထားနိုင်တဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ အခြေအနေက သိပ်ပြီး ကောင်းမွန်မနေလို့ ဖြစ်ပါတယ်။
သူက စီးပွားရေးနဲ့ ပတ်သက်တဲ့ မေးခွန်းကို ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း စောင့်ဆိုင်းနေခဲ့ဟန်တူပြီး ချက်ချင်းပဲ ဖြေပေးခဲ့တယ်။
"အစိုးရအနေနဲ့လည်း အဲဒီအပိုင်းအတွက် စီးပွားရေး လှုံ့ဆော်မှု အစီအမံတွေကို စဉ်းစားနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အခွန်လျှော့ပေါ့ပေးတာတွေကတစ်ဆင့် ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးဖို့နဲ့ အကြီးစား SOC (လူမှုဘဝ အခြေခံအဆောက်အဦး) စီမံကိန်းတွေကို စောစောစီးစီး စတင်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ပြည်သူ့အိမ်ရာ စီမံကိန်းတွေနဲ့ ပုဂ္ဂလိက ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကိုလည်း ပံ့ပိုးပေးသွားမှာပါ"
"ကြေညာထားတဲ့အတိုင်းပါပဲလား"
ဆောက်လုပ်ရေး လုပ်ငန်းက အလုပ်အကိုင် ဖန်တီးပေးနိုင်စွမ်းဆိုတဲ့ အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့်မလို့လည်း အစိုးရအဆက်ဆက်က ဆောက်လုပ်ရေး စျေးကွက်ကို ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်ခြင်းအားဖြင့် စီးပွားရေးကို လှုံ့ဆော်ပေးတဲ့ နည်းလမ်းကို အသုံးပြုခဲ့ကြတာပါ။
အဲ့လိုလုပ်တာကို အထူးသဖြင့် သဘောကျခဲ့တာကတော့ သမ္မတဟောင်း ပတ်ဆီဟျွန်းပါ။ သူက တစ်နိုင်ငံလုံးကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ကွယ်ရာမှာတော့ သူ့ရဲ့ အိတ်ကပ်ကို ကိုယ်တိုင် ဖြည့်တင်းနေခဲ့တာလေ။
အဲဒီအချိန်တုန်းက အတိုက်အခံပါတီ ဖြစ်ခဲ့တဲ့ နိုင်ငံရေးသစ်ပါတီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး သမ္မတ ဟိုချန်မင်းကလည်း သူ့ကိုသူ 'ဆောက်လုပ်ရေး အစိုးရ' တစ်ခု ဘယ်တော့မှ ဖြစ်လာစေမှာ မဟုတ်ဘူးလို့ လူသိရှင်ကြား ကြေညာခဲ့ဖူးတယ်။
ဒါပေမဲ့ အခု သူတို့ လုပ်ဆောင်နေတာတွေကို ကြည့်ရင်တော့ အရေခြုံမှုလို့ ဝေဖန်ခံရရင်တောင် ဆင်ခြေပေးနိုင်စရာ မရှိတော့ပါဘူး။
ကျွန်တော်က လုံးဝ ကွဲပြားခြားနားတဲ့ မေးခွန်းတစ်ခုကို ဆက်ပြီး မေးလိုက်တယ်။
"ဆိုးလ်မြို့ရဲ့ အိမ်စျေးနှုန်းတွေကို ထိန်းချုပ်ဖို့ အစိုးရရဲ့ ပြတ်သားတဲ့ ဆန္ဒက ပြောင်းလဲမှု မရှိသေးဘူး မဟုတ်လား"
ကျွန်တော့်ရဲ့ မေးခွန်းကြောင့် ဝန်ကြီးချုပ် ယူဂျောင်ဟျွန်ရဲ့ မျက်နှာ အမူအရာက နည်းနည်း တောင့်တင်းသွားခဲ့တယ်။ ရုတ်တရက်ကြီး ဒီလိုမျိုး မေးခွန်းထုတ်ရတဲ့ ရည်ရွယ်ချက်ကို သူ တွေးတောနေပုံ ရပါတယ်။
လက်ရှိ အစိုးရက အိမ်ခြံမြေစျေးကွက်နဲ့ စစ်ပွဲ ဆင်နွှဲနေရတယ်လို့ ပြောရင်တောင် ပုံကြီးချဲ့ရာ မရောက်ပါဘူး။
ဒါက ပတ်ဆီဟျွန်း အစိုးရသက်တမ်း ကုန်ခါနီးအချိန်မှာ စတင်ခဲ့တာပါ။ စီးပွားရေး လှုံ့ဆော်မှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အစိုးရက ချေးငွေ ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးခဲ့ပြီး ပြည်သူတွေကို 'ချေးငွေယူပြီး အိမ်ဝယ်ကြဖို့' ပေါ်ပေါ်ထင်ထင် တိုက်တွန်းခဲ့တာမလို့ အချိန်အတော်ကြာ တည်ငြိမ်နေခဲ့တဲ့ အိမ်စျေးနှုန်းတွေက တဟုန်ထိုး မြင့်တက်လာခဲ့တယ်။
ဒါပေမဲ့ ပြဿနာက အစိုးရအပြောင်းအလဲ ဖြစ်ပြီးနောက်မှာ ပေါ်ပေါက်လာခဲ့တာပါ။
ဟိုချန်မင်း အစိုးရက ယခင်အစိုးရနဲ့ ဆန့်ကျင်ဘက်အနေနဲ့ အိမ်စျေးနှုန်း တည်ငြိမ်စေဖို့နဲ့ မှန်းဆပြီး စျေးကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် နည်းလမ်းမျိုးစုံကို ချမှတ်ခဲ့တယ်။ ဘက်စုံ အိမ်ခြံမြေအခွန် တိုးမြှင့်တာ၊ အရင်းအနှီး အမြတ်ခွန် ခံစားခွင့်တွေကို လျှော့ချတာ၊ အခွန်စည်းကြပ်မှု နယ်ပယ်ကို ချဲ့ထွင်တာ၊ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အမြတ်အစွန်းတွေကို ပြန်လည်သိမ်းယူတာ၊ အိမ်ငှားလုပ်ငန်း မှတ်ပုံတင်ခြင်းကို ကန့်သတ်တာ၊ ချေးငွေတွေကို ကန့်သတ်ပိတ်ပင်တာ စတာတွေပေါ့။
အိမ်ခြံမြေ မှန်းဆကစားမှုတွေကို တားဆီးဖို့နဲ့ လုပ်အားမပါဘဲ ရရှိတဲ့ ဝင်ငွေတွေကို ပြန်လည်သိမ်းယူဖို့ လုပ်ဆောင်တာကို ဘယ်သူက ကန့်ကွက်မှာလဲ။
ဒါပေမဲ့ စေတနာကောင်းနဲ့ လုပ်ဆောင်တဲ့ လုပ်ရပ်တွေက မကောင်းတဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေနိုင်သလို စေတနာဆိုးနဲ့ လုပ်ဆောင်တဲ့ လုပ်ရပ်တွေကလည်း ကောင်းမွန်တဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေနိုင်စမြဲပါ။
ဘယ်လိုပဲဖြစ်ဖြစ် အစိုးရက အိမ်စျေးနှုန်းတွေကို ထိန်းချုပ်ဖို့ ဝင်ရောက် စွက်ဖက်ပြီးနောက်မှာ ဆိုးလ်ရဲ့ အိမ်စျေးနှုန်းတွေက သမိုင်းတစ်လျှောက် အမြင့်ဆုံးအထိ တဟုန်ထိုး မြင့်တက်သွားခဲ့တယ်။ အိမ်ခြံမြေ မူဝါဒက လုံးဝ ဥဿုံ ကျရှုံးသွားခဲ့ပြီလို့ ပြောလို့ရပါတယ်။
အဓိက အကြောင်းရင်း နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ မြို့ပြဧရိယာမှာ လူဦးရေ စုပြုံမှုက ဆက်တိုက် ပိုမိုဆိုးရွားလာခဲ့တာကြောင့် ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ စည်းမျဉ်းစည်းကမ်းတွေကြောင့် အိမ်ရာပံ့ပိုးမှုက လျော့နည်းသွားခဲ့လို့ပါ။
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်တယ်။
"ဒါပေါ့။ အိမ်ခြံမြေ မှန်းဆကစားမှုတွေကို လုံးဝ ခွင့်မပြုဘူးဆိုတာက အစိုးရရဲ့ မူဝါဒပဲ"
"ဒါပေမဲ့ အစိုးရရဲ့ မူဝါဒနဲ့ ဆန့်ကျင်ဘက်အနေနဲ့ အိမ်စျေးနှုန်းတွေက တဟုန်ထိုး မြင့်တက်သွားခဲ့ပြီ မဟုတ်လား။ အခုအချိန်မှာ လစာတစ်ခုထဲကို စုဆောင်းပြီး ဆိုးလ်မှာ အိမ်တစ်လုံး ဝယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ပြောရင် ရနိုင်မလား"
အစိုးရရဲ့ ရှုထောင့်ကနေ ကြည့်ရင် အိမ်စျေးနှုန်းတွေ မြင့်တက်တာက ပိုကောင်းမလား၊ ဒါမှမဟုတ် ကျဆင်းတာက ပိုကောင်းမလား။
အဖြေကတော့ ငွေကြေးဖောင်းပွမှုလိုပါပဲ။ စီးပွားရေး တိုးတက်မှုနဲ့အညီ ဖြည်းဖြည်းချင်း မြင့်တက်သွားတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။
တကယ်တော့ အိမ်စျေးနှုန်းတွေ မြင့်တက်နေတဲ့ အချိန်မှာ လူအများအပြားက ပျော်ရွှင်နေကြတာပါ။ အိမ်ဝယ်ထားတဲ့သူတွေက ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့တင် ငွေတွေ အများကြီး ရရှိကြတာလေ။ ပြီးတော့ ဆောက်လုပ်ရေး စျေးကွက် ပြန်လည်နိုးထလာတာနဲ့အမျှ ဆောက်လုပ်ရေး ကုမ္ပဏီတွေကလည်း ငွေရသလို ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေလည်း ငွေရကြပါတယ်။ ဒါ့အပြင် အိမ်ခြံမြေ အကျိုးဆောင်တွေ၊ အိမ်ပြောင်းရွှေ့ရေး လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်းပံ့ပိုးသူတွေ၊ အတွင်းပိုင်း အလှဆင်သူတွေနဲ့ ပရိဘောဂ အရောင်းဆိုင်တွေလိုမျိုး ဆက်စပ်လုပ်ငန်းတွေမှာ ရှိတဲ့ လူတွေအားလုံးလည်း ငွေရကြတာပါပဲ။ အိမ်ခြံမြေ တန်ဖိုးတွေ မြင့်တက်လာပြီး အရောင်းအဝယ်တွေ သွက်လက်လာတာနဲ့အမျှ အစိုးရရဲ့ အခွန်ဝင်ငွေကလည်း တိုးပွားလာတာပေါ့။
ပြဿနာကတော့ ဘေးထွက်ဆိုးကျိုးတွေကလည်း သေးငယ်မနေတာပါပဲ။
ထပ်ပြီး ပြောရရင် အိမ်ခြံမြေက အရောင်းအဝယ်မှာ မပါဝင်တဲ့သူတွေကိုတောင် သက်ရောက်မှုရှိတဲ့ ထူးခြားချက် ရှိပါတယ်။ အိမ်စျေးနှုန်းတွေ မြင့်တက်လာတဲ့အခါ ဂျွန်းဆေး (ဂျွန်းဆေး - စပေါ်ငွေအလုံးအရင်းပေး၍ ငှားရမ်းခြင်း) နဲ့ လစဉ်အိမ်ငှားခတွေက လိုက်ပြီး မြင့်တက်လာတာမလို့ အိမ်မဝယ်နိုင်သေးတဲ့ လူတွေအတွက် နေထိုင်စရိတ် ဝန်ထုပ်ဝန်ပိုးကို ကြီးမားစေပါတယ်။
အားလုံးထက် ပိုပြီး ကြီးမားတဲ့ ပြဿနာကတော့ အိမ်ထောင်စု ကြွေးမြီပါပဲ။ ဆောက်တည်ရာမရ မြင့်တက်လာတဲ့ အိမ်စျေးနှုန်းတွေနဲ့အတူ အိမ်ခြံမြေ ချေးငွေတွေကလည်း ပေါက်ကွဲထွက်မတတ် တိုးပွားလာခဲ့တယ်။ လက်ရှိမှာ ကိုရီးယားရဲ့ အိမ်ထောင်စု ကြွေးမြီက ဝမ် သိန်းပေါင်း ၁,၆၀၀ ကုဋေရှိနေပြီ ဖြစ်ပါတယ်။ ဒီပမာဏက GDP နဲ့ ညီမျှလောက်တဲ့ ပမာဏဖြစ်ပြီး OECD နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင် စိုးရိမ်ရမယ့် အဆင့်ကို ရောက်ရှိနေတာပါ။
အဆုံးသတ်မှာတော့ အိမ်ဝယ်ထားတဲ့သူတွေက ချေးငွေပြန်ဆပ်ဖို့ ရုန်းကန်နေရပြီး အိမ်မဝယ်ထားတဲ့သူတွေကလည်း နေထိုင်စရိတ် ပေးဆောင်ဖို့ ရုန်းကန်နေကြရပါတယ်။ သဘာဝကျကျပဲ စားသုံးမှုတွေ လျော့နည်းသွားပြီး စီးပွားရေးကလည်း လေးလံထိုင်းမှိုင်းသွားဖို့ပဲ ရှိတော့တာပေါ့။
"အခြေခံအားဖြင့် စျေးကွက်က ဝယ်လိုအား (Demand) နဲ့ ပံ့ပိုးမှု (Supply) အပေါ်မှာပဲ မူတည်ပြီး လှုပ်ရှားတာပါ။ ကိုရီးယား အိမ်ခြံမြေ စျေးကွက်မှာ မှန်းဆကစားမယ့် ဝယ်လိုအားတွေ ပြည့်နှက်နေတာ အမှန်ပဲ ဖြစ်ပေမဲ့ တကယ့် လက်တွေ့လိုအပ်ချက်ရှိတဲ့ ဝယ်လိုအားတွေလည်း အများကြီး ရှိပါတယ်။ ပံ့ပိုးမှုတွေ တိုးချဲ့မပေးနိုင်သရွေ့တော့ အိမ်စျေးနှုန်းတွေကို ထိန်းချုပ်ဖို့ အကန့်အသတ် ရှိနေမှာပဲ"
"ဒါကြောင့်မလို့လည်း ကျွန်တော်တို့က ဆိုးလ်နဲ့ မြို့ပြဧရိယာမှာ အိမ်ရာမြေနေရာတွေကို ဖော်ထုတ်ပြီး တတိယမျိုးဆက် မြို့သစ်တွေကို တည်ဆောက်ကာ အိမ်ရာပေါင်း ၃၀၀,၀၀၀ ကျော် ပံ့ပိုးပေးဖို့ စီစဉ်နေတာပါ"
အစိုးရက ၁၉၉၀ ပြည့်နှစ်တွေတုန်းက မြို့သစ် တည်ဆောက်ရေးကို အလေးအနက် စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ရိုထေးဝူး အစိုးရက ဆောက်တည်ရာမရ မြင့်တက်နေတဲ့ အိမ်စျေးနှုန်းတွေနဲ့ ပံ့ပိုးမှု ပြတ်လပ်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အိမ်ရာပေါင်း ၂ သန်း ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့လိုဆောက်လုပ်ဖို့အတွက် သူတို့က ဘန်ဒန်နဲ့ အီဆန်တို့လိုမျိုး ပထမမျိုးဆက် မြို့သစ်တွေကို ဖန်တီးခဲ့ပြီး တိုက်ခန်းတွေကို ပံ့ပိုးပေးခဲ့တာမလို့ မြို့ပြဧရိယာရဲ့ အိမ်ရာပြတ်လပ်မှု ပြဿနာကို မနည်း ဖြေရှင်းနိုင်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီနောက်မှာလည်း မြို့ပြဧရိယာရဲ့ လူဦးရေက ဆက်တိုက် တိုးပွားနေခဲ့တာကြောင့် ပန်ဂယို၊ ဂွမ်ဂယို၊ ဒုံတန်၊ ဝန်ဂျောင်းနဲ့ ဝီလျဲတို့မှာ ဒုတိယမျိုးဆက် မြို့သစ်တွေကို ထပ်ပြီး တည်ဆောက်ခဲ့ရတယ်။
အခုတစ်ကြိမ်မှာတော့ ဆိုးလ်ရဲ့ အိမ်စျေးနှုန်းတွေ ပြန်ပြီး မြင့်တက်လာတာကြောင့် သူတို့က တတိယမျိုးဆက် မြို့သစ်ကတ်ကို အလောတကြီး ထုတ်သုံးလိုက်ပြန်တာပါပဲ။ အစီအစဉ်ကတော့ ဝမ်ဆွတ်၊ ဂယိုဆန်၊ ဂယဲယန်း၊ ချန်းနောင်းနဲ့ ဒေးဂျန်းတို့မှာ မြို့သစ်တွေ ဆောက်လုပ်ပြီး ဆိုးလ်ရဲ့ အိမ်စျေးနှုန်းတွေကို ထိန်းချုပ်ဖို့ပါ။
"တတိယမျိုးဆက် မြို့သစ်တွေကို ဆောက်လိုက်ရင်တောင် ဆိုးလ်ရဲ့ အိမ်စျေးနှုန်းတွေကို တကယ်ပဲ ထိန်းချုပ်နိုင်ပါ့မလား။ အိမ်ခြံမြေ စျေးကွက်ထဲမှာတော့ ချမှတ်နိုင်မယ့် နည်းလမ်းအားလုံးကို သုံးပြီးသွားပြီလို့ ယူဆပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြပြီလေ"
အစိုးရရဲ့ အစီအမံတွေကြောင့် ကျဆင်းသွားတော့မလို ဖြစ်ခဲ့တဲ့ ဆိုးလ်ရဲ့ အိမ်စျေးနှုန်းတွေက ပြန်ပြီး မြင့်တက်နေခဲ့သလို ရောင်းချမယ့် တိုက်ခန်းတွေရဲ့ ပြိုင်ဆိုင်မှု နှုန်းထားကလည်း ရာဂဏန်းအထိ ရှိနေခဲ့တာပါ။
"တတိယမျိုးဆက် မြို့သစ်တွေ ပြီးစီးသွားတဲ့အခါ မြို့ပြဧရိယာရဲ့ လူဦးရေ စုပြုံမှုက ပိုပြီးတော့ ဆိုးရွားလာလိမ့်မယ်။ ပြီးတော့ နောက်တက်လာမယ့် အစိုးရကလည်း စတုတ္ထမျိုးဆက် မြို့သစ်တွေကို ဆောက်ဦးမယ်လို့ ပြောကြဦးမှာပဲ"
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က သူ့ရဲ့ မသက်မသာ ဖြစ်မှုကို ဖုံးကွယ်မထားခဲ့ပါဘူး။
"အစိုးရအနေနဲ့လည်း အကောင်းဆုံး ကြိုးစားနေတာပါ။ ဒါဆိုရင် စီအီးအို ကန်ရဲ့ အမြင်အရ ဘယ်လိုမျိုး လုပ်ဆောင်ရင် ပိုပြီးတော့ ကောင်းမွန်တဲ့ နည်းလမ်း ဖြစ်လာမလဲ"
သူက 'မင်းမှာ ဒီထက် ပိုကောင်းတဲ့ နည်းလမ်း ရှိရင် ပြောပြစမ်းပါ' လို့ ပြောဆိုနေတာ ဖြစ်ပါတယ်။
"Big One (မဟာငလျင်ကြီး) ဖြစ်ပွားပြီးနောက်မှာ အမေရိကန် တစ်ဝှမ်းက မြို့ကြီးတွေရဲ့ အိမ်စျေးနှုန်းတွေက တဟုန်ထိုး မြင့်တက်သွားခဲ့တယ်"
အဲ့လိုမြင့်တက်သွားခဲ့တာက ပြိုလဲပျက်စီးသွားခဲ့တဲ့ ဆန်ဖရန်စစ္စကိုနဲ့ Silicon Valley မှာ နေထိုင်ခဲ့ကြတဲ့ လူတွေ ရွှေ့ပြောင်းလာခဲ့ကြလို့ ဖြစ်ပါတယ်။ မှန်းဆကစားမယ့် ဝယ်လိုအားတွေကလည်း စုပြုံရောက်ရှိလာခဲ့တာကြောင့် တစ်နှစ်မပြည့်ခင် အချိန်အတွင်းမှာတင် စျေးနှုန်းတွေက ဆယ်ဂဏန်း ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တာပါ။
အံ့ဩသွားခဲ့ကြတဲ့ ပြည်နယ်အစိုးရတွေက အမျိုးမျိုးသော တန်ပြန်အစီအမံတွေကို ချမှတ်ခဲ့ကြပေမဲ့ ဆောက်တည်ရာမရ မြင့်တက်နေတဲ့ အိမ်စျေးနှုန်းတွေကို ထိန်းချုပ်ဖို့အတွက်တော့ မလုံလောက်ခဲ့ပါဘူး။
"ဒါပေမဲ့ ဒီနှစ်အစပိုင်းကစလို့ စျေးနှုန်းတွေက ရုတ်တရက် ပြန်ပြီး ထိုးကျလာခဲ့တယ်။ အကြောင်းရင်းကိုတော့ ဝန်ကြီးချုပ်လည်း သိထားမှာပါ"
အဲ့လိုကျဆင်းခဲ့တာက ဆန်ဖရန်စစ္စကိုနဲ့ Silicon Valley ရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ခဲ့လို့ပါ။ အခုအချိန်မှာတင် IT ကုမ္ပဏီပေါင်း ရာနဲ့ချီက သူတို့ရဲ့ ဇာတိမြေကို ပြန်လည်အခြေစိုက်ဖို့ ဆန္ဒပြင်းပြနေကြပြီး ရုံးချုပ်တွေကို ဆောက်လုပ်နေကြပါပြီ။ ကုမ္ပဏီတွေ ပြန်လာရင် အဲဒီမှာ အလုပ်လုပ်ကြတဲ့ လူတွေကလည်း လိုက်ပါလာကြမှာပါပဲ။ သဘာဝကျကျပဲ အိမ်စျေးနှုန်းတွေက ပြန်ပြီး ကျဆင်းသွားဖို့ပဲ ရှိတော့တာပါ။
" ပြောရရင်တော့ ဝယ်လိုအားကို တခြားဒေသတွေဆီ ခွဲထုတ်ပစ်တာက အကောင်းဆုံး နည်းလမ်းပဲ"
"အစိုးရအနေနဲ့လည်း အဲဒီအချက်ကို ကောင်းကောင်း သဘောပေါက်ပါတယ်"
"ဒါဆိုရင် မသိလို့ မဟုတ်ဘဲနဲ့ မလုပ်နိုင်တာပေါ့"
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်တယ်။
"ဆဂျုံမြို့ကို တည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက်ကလည်း မြို့ပြဧရိယာရဲ့ လူဦးရေ စုပြုံမှုကို လျှော့ချဖို့ပါပဲ။ ဆိုးလ်နဲ့ ဂွါချွန်းမှာ ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ ပြောင်းရွှေ့လာတာနဲ့အမျှ အဲဒီမှာ အလုပ်လုပ်ကြတဲ့ အစိုးရဝန်ထမ်းတွေလည်း သဘာဝကျကျ လိုက်ပါလာခဲ့ကြတယ်။ တချို့ ဝန်ထမ်းတွေကတော့ မိသားစုနဲ့အတူ ရွှေ့ပြောင်းလာခဲ့ကြပေမဲ့ လက်တွေ့မှာတော့ ဝန်ထမ်း အများအပြားက ဆဂျုံမြို့ကို တစ်ယောက်ထဲ ဆင်းလာပြီး ရုံးပိတ်ရက်တွေမှာတော့ ဆိုးလ်မှာ ရှိတဲ့ မိသားစုဆီ ပြန်သွားကြတာလေ"
တကယ်တော့ သောကြာနေ့ညတွေမှာ ဆိုးလ်ကို တက်မယ့် ဘတ်စ်ကားတွေနဲ့ KTX ရထားလက်မှတ်တွေကို ရရှိဖို့နဲ့ တနင်္ဂနွေနေ့ညတွေမှာ ဆဂျုံမြို့ကို ဆင်းမယ့် လက်မှတ်တွေ ရဖို့က အလွန် ခက်ခဲတာပါ။
ဒါက မြို့ပြဧရိယာရဲ့ ပြင်ပကို လူဦးရေ ခွဲထုတ်ဖို့ ဘယ်လောက်အထိ ခက်ခဲကြောင်း ပြသနေတာပါပဲ။
"မြို့ပြဧရိယာမှာ လူဦးရေ စုပြုံတာက မြို့ပြဧရိယာအတွက်တင် ပြဿနာ မဟုတ်ဘဲ တခြား ဒေသတွေအတွက်လည်း ပြဿနာပဲ။ ကျေးလက်ဒေသတွေကို ဖယ်ထားရင်တောင် ဘူဆန်၊ ဒေးဂူနဲ့ ဂွမ်ဂျူလိုမျိုး မဟာမြို့ကြီးတွေတောင်မှ လူငယ်တွေက မြို့ပြဧရိယာဆီ ထွက်ခွာသွားကြတာကြောင့် လူဦးရေ ကျဆင်းမှုကို ရင်ဆိုင်နေကြရတယ်"
လူငယ်တွေက အလုပ်အကိုင် ရှာဖွေဖို့ မြို့ပြဧရိယာဆီ စုပြုံရောက်ရှိလာကြသလို ကုမ္ပဏီတွေကလည်း အလုပ်ရှာဖွေသူ တွေကို ရှာဖွေဖို့ မြို့ပြဧရိယာဆီ စုပြုံလာကြတာပါ။ တခြားတစ်ဖက်မှာတော့ ဒေသန္တရ နယ်မြေတွေက စက်မှုလုပ်ငန်းတွေ ဆုတ်ယုတ်မှုနဲ့ လူဦးရေ ကျဆင်းမှုတွေကို တစ်ပြိုင်ထဲ ကြုံတွေ့နေကြရပါတယ်။ ဂွန်ဆန် ဆိုရင်လည်း လျှပ်စစ်ကား စက်မှုဇုန်တစ်ခု တည်ထောင်ပြီးမှပဲ အသက်ရှူချောင်သွားခဲ့တာပါ။
"အရင်အစိုးရတွေက ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းများစွာကို ကြိုးစားခဲ့ကြပေမဲ့ အားလုံးက ထိရောက်မှု မရှိခဲ့ပါဘူး။ မဟုတ်ဘူး... ဆဂျုံမြို့ တည်ဆောက်တာနဲ့ မြို့ပြဧရိယာအပေါ် ကန့်သတ်ချက်တွေကြောင့်ပဲ ဒီလောက်အထိ ထိန်းထားနိုင်တာလို့ မြင်ရင် ပိုပြီးတော့ မှန်ကန်လိမ့်မယ်"
ကျွန်တော် နားလည်သွားတဲ့ သဘောနဲ့ ခေါင်းညိတ်လိုက်တယ်။
"ဒါဆိုရင် နောက်ဆုံး မေးခွန်းတစ်ခု မေးပါရစေ။ ကြေညာထားတဲ့ စီးပွားရေး လှုံ့ဆော်မှု အစီအမံတွေအရ အကြီးစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေက ဆိုးလ်နဲ့ မြို့ပြဧရိယာမှာလည်း ပါဝင်နေပါတယ်။ ဒါက ဆိုးလ်ရဲ့ အိမ်စျေးနှုန်းတွေကို မလွဲမသွေ သက်ရောက်မှု ရှိလာမှာပဲ။ အိမ်စျေးနှုန်းတွေကို ထိန်းချုပ်ရင်းနဲ့ တစ်ဖက်က ဆောက်လုပ်ရေး စျေးကွက်ကို ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်ဖို့ ကြိုးစားနေတာက ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား"
"……"
သူက ဒီမေးခွန်းကို လွယ်လွယ်ကူကူ မဖြေနိုင်ခဲ့ပါဘူး။
ကျွန်တော်က အဓိက အကြောင်းအရာကို ဖြည်းဖြည်းချင်း တင်ပြလိုက်တယ်။
"ဒါဆိုရင် ဆိုးလ်ရဲ့ အိမ်စျေးနှုန်းတွေကိုလည်း တည်ငြိမ်စေပြီး တစ်ချိန်ထဲမှာ စီးပွားရေးကိုလည်း လှုံ့ဆော်ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ရှိမယ်ဆိုရင် ဝန်ကြီးချုပ်အနေနဲ့ ဘာလုပ်မလဲ"
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က အံ့ဩသွားပုံရပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်မေးဖို့ ကြိုးစားခဲ့တယ်။
"အဲဒီလိုမျိုး နည်းလမ်း တကယ်ပဲ ရှိလို့လား"
"အဲ့ဒီနည်းလမ်းကတော့ ဆာမန်ဂမ် မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ပါပဲ"
သူက လုံးဝ မျှော်လင့်မထားခဲ့တဲ့အတိုင်း ခဏလောက် အံ့အားသင့်သွားပြီးမှ တုံ့ပြန်မှု ထွက်လာခဲ့တယ်။
"……ဆာမန်ဂမ် ဟုတ်လား"
သူက ဂျော်လာဒေသကနေ ထွက်လာတဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ပြီး ဂင်ဂျဲက သူ့ရဲ့ ဇာတိမြေပါ။ ဒါကြောင့်မလို့လည်း သူက ဆာမန်ဂမ်အကြောင်းကို ဘယ်သူ့ထက်မဆို ပိုပြီး ကောင်းကောင်း သိထားမှာပဲလေ။
ဒါကြောင့်မလို့လည်း ကျွန်တော်က သူ့ကို ဒီလိုမျိုး လာရောက် တွေ့ဆုံခဲ့တာပေါ့။
"ဟုတ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က ဆာမန်ဂမ်မှာ မြို့သစ်တစ်ခုကို တည်ဆောက်လိုက်ရင် မြို့ပြဧရိယာမှာ လူဦးရေ စုပြုံတဲ့ ပြဿနာက ပြေလည်သွားမှာ ဖြစ်သလို ဆိုးလ်ရဲ့ အိမ်စျေးနှုန်းတွေကလည်း သဘာဝကျကျ တည်ငြိမ်သွားပါလိမ့်မယ်။ အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့် စီးပွားရေးကလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်တာမလို့ အစိုးရရဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ မြှားတစ်စင်းထဲနဲ့ ငှက်နှစ်ကောင်ကို ပစ်ခတ်နိုင်သလိုမျိုး ဖြစ်လာမှာပါ"
ကျွန်တော်က ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အကျဉ်းချုပ် ရေးသားထားတဲ့ စာရွက်စာတမ်းကို သူ့ဆီ လှမ်းပေးလိုက်တယ်။
"တစ်ချက်လောက် ဖတ်ကြည့်ပေးမလား"
ဝန်ကြီးချုပ် ယူဂျောင်ဟျွန်က သူ့ရဲ့ အိတ်ကပ်ထဲကနေ မျက်မှန်ကို ထုတ်ပြီး တပ်လိုက်တယ်။ ပြီးတော့ နောက်ဆုံး စာမျက်နှာအထိ သေသေချာချာ ဖတ်ရှုပြီးနောက် ကျွန်တော့်ကို လှမ်းမေးတယ်။
"ဒါက အစိုးရက လက်ရှိ ဖော်ဆောင်နေတဲ့ အရာတွေနဲ့ ဘာများ ကွာခြားလို့လဲ"
"အစီအစဉ်ကတော့ အတူတူပဲလို့ ယူဆလို့ ရပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ ကွာခြားချက် တစ်ခုတော့ ရှိတာပေါ့"
"အဲ့ဒါက ဘာများလဲ"
ကျွန်တော် ပြတ်ပြတ်သားသား ပြောလိုက်တယ်။
"အစိုးရကတော့ ဒီစီမံကိန်းကို မလုပ်နိုင်ပေမဲ့ ကျွန်တော်ကတော့ လုပ်နိုင်ပါတယ်"
"……"