အခန်း ၄၀၀
Vol. 40 Ch. 400
အခန်း (၄၀၀)
တောင်ကိုရီးယား အစိုးရက OTK Company နဲ့ ပူးပေါင်းပြီး ဆာမန်ဂမ် မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို အရှိန်အဟုန်နဲ့ စတင်တော့မယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့တယ်။
ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အေဂျင်စီရဲ့ အကြီးအကဲ နမ်ပွန်ဟျွန်နဲ့ စီအီးအို ကန်ဂျင်ဟူတို့က ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း တည်ထောင်ဖို့အတွက် နားလည်မှုစာချွန်လွှာ (MOU) မှာ လက်မှတ်ရေးထိုးပြီး လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။
ဒီထုတ်ပြန်ချက် ထွက်လာပြီးနောက်မှာပဲ ကမ္ဘာ့အကြည့်တွေက ဆာမန်ဂမ်ဆီကို ကျရောက်လာခဲ့တယ်။
“ဆာမန်ဂမ် ဟုတ်လား။ ကြားဖူးသလိုပဲ၊ အဲဒါ ဘယ်နားမှာလဲ”
“ကမ္ဘာ့အကြီးဆုံး ကမ်းခြေပတ်လမ်း မြေယာဖော်ထုတ်ရေး စီမံကိန်း ရှိတဲ့နေရာ မဟုတ်လား”
“အဲဒီနေရာကို မြို့သစ်အဖြစ် ဖော်ထုတ်မလို့တဲ့လား”
“တရုတ်နိုင်ငံရဲ့ ဖူတုန်း ဒါမှမဟုတ် အမေရိကန်ရဲ့ Silicon Valleyလို မြို့မျိုး တည်ဆောက်မလို့လား”
ကမ္ဘာ့အဓိက မြို့ကြီးတွေရဲ့ အိမ်ခြံမြေတွေမှာ တက်တက်ကြွကြွ ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေ၊ ပုဂ္ဂလိက ရှယ်ယာ ရန်ပုံငွေအဖွဲ့တွေ၊ ပင်စင် ရန်ပုံငွေအဖွဲ့တွေနဲ့ မတူဘဲ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကန်ဂျင်ဟူက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုအပေါ် စိတ်ဝင်စားမှု သိပ်မပြခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခုတော့ ဖုန်တလုံးလုံး ဖြစ်နေတဲ့ မြေကွက်လပ်ကြီးပေါ်မှာ မြို့သစ်တစ်ခု တည်ဆောက်ဖို့ သူက ရုတ်တရက် ဝင်ပါလာခဲ့ပါပြီ။
ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက ကိုရီးယား မြေပုံကို ဖြန့်ပြီး ဆာမန်ဂမ်ကို အာရုံစိုက်လာကြတယ်။
“ဒီမြေက ဘယ်သူ့အပိုင်လဲ”
“တောင်ကိုရီးယား အစိုးရပိုင် မြေတွေချည်းပဲ”
“ငါတို့ မြေတချို့ သွားဝယ်လို့ မရဘူးလား”
“လက်ရှိမှာတော့ စက်မှုလုပ်ငန်းသုံးအတွက် ကုမ္ပဏီတွေကိုပဲ ရောင်းပေးနေတာ။ ဝယ်ချင်ရင် ကုမ္ပဏီတွေက ဆာမန်ဂမ်ထဲကို တိုက်ရိုက် ဝင်ရမယ်၊ အဆောက်အဦးတွေနဲ့ စက်ရုံတွေ ဆောက်ပြီး စီးပွားရေး လုပ်ငန်းတွေ လည်ပတ်ရမယ်လို့ ပြောတယ်”
“ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို ချက်ချင်း ပြန်လည် သုံးသပ်စမ်း”
အရင်က ဝေခွဲမရ ဖြစ်နေခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိကြောင်း ချက်ချင်း ထုတ်ဖော်ပြောဆိုလာကြပြီး ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက ဝန်ထမ်းတွေကတော့ စုံစမ်းမေးမြန်းတဲ့ ဖုန်းခေါ်ဆိုမှုတွေ တောက်လျှောက် ဝင်လာတာကြောင့် ပျော်လွန်းလို့ အော်ဟစ်နေကြရတယ်။
တစ်ဖက်မှာလည်း ပတ်ဆန်းယော့နဲ့ ဂျောင်ကီဟုမ်တို့လို OTK Company ရဲ့ ဝန်ထမ်းတွေက သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ဖို့ အမေရိကန်ကို သွားခဲ့ကြတယ်။
ပတ်ဆန်းယော့က 'Disney Parks, Experiences and Products' ရဲ့ ဥက္ကဋ္ဌ လန်စလီ ဘေဇယ်နဲ့ တွေ့ဆုံခဲ့တယ်။ 'Disney Parks, Experiences and Products'ဆိုတာက Disney Theme Parkတွေ၊ ကုန်ပစ္စည်းတွေနဲ့ Contentတွေကို ကိုင်တွယ်တဲ့ The Walt Disney Company ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုပါ။
“ဆာမန်ဂမ်က တရုတ်၊ ဂျပန်တို့နဲ့ နီးကပ်တာကြောင့် အာရှ ခရီးသွားတွေကို ဆွဲဆောင်ဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ ဒါ့အပြင် ဘဏ္ဍာရေးနဲ့ အဆင့်မြင့် နည်းပညာ စက်မှုလုပ်ငန်းတွေ ပေါင်းစပ်ထားတဲ့ အရှေ့အာရှရဲ့ အနာဂတ် ဗဟိုချက်မ ဖြစ်လာမယ့် မြို့လည်း ဖြစ်ပါတယ်။ ကိုရီးယားက လူဦးရေ သန်း ၅၀ ရှိပြီး တစ်ဦးချင်း ဝင်ငွေ ဒေါ်လာ ၃ သောင်းကျော် ရှိတာကြောင့် ပြည်တွင်း စျေးကွက်ကြီးကလည်း အားကောင်းပါတယ်။ ဒါကြောင့် Disney Landသာ လာမယ်ဆိုရင် သေချာပေါက် အောင်မြင်မှာပါ။ အားလုံးထက် ပိုတာကတော့ စီအီးအို ကန်ဂျင်ဟူ ကိုယ်တိုင်က ဒီစီမံကိန်းကို စိတ်ဝင်တစားနဲ့ တွန်းအားပေး လုပ်ဆောင်နေတာပါပဲ”
အစိုးရက ဆာမန်ဂမ်မှာ Theme Parkအတွက် မြေနေရာကို သီးသန့် ဖယ်ထားပေးပြီး ခရီးသွား ဝင်ရောက်မှု အပါအဝင် စီးပွားရေးအရ အကျိုးအမြတ် အများကြီး ရနိုင်တာကြောင့် သက်ဆိုင်ရာ ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံဖို့ အကြိမ်ကြိမ် တောင်းပန်ခဲ့ဖူးတယ်။
Disney Landဘက်ကလည်း ကမ်းလှမ်းချက် အများအပြား ရရှိခဲ့ဖူးပေမဲ့ အဲဒီတုန်းက ရှန်ဟိုင်း Disney Land ဆောက်လုပ်ရေးကို အကြောင်းပြပြီး ငြင်းပယ်ခဲ့တာပါ...
ဥက္ကဋ္ဌ ဘေဇယ်က ချက်ချင်း ခေါင်းညိတ်ပြတယ်။
“ကောင်းမွန်တဲ့ အဆိုပြုချက်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေက ဒါကို အပြုသဘောဆောင်ပြီး သုံးသပ်နေကြပါပြီ။ နောင်အနာဂတ်မှာလည်း Disneyအနေနဲ့ OTK Company နဲ့အတူ နယ်ပယ်အသီးသီးမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်”
နိုင်ငံအသီးသီးက ကြေညာထားတဲ့ မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ပေါင်းလိုက်ရင် ရာနဲ့ချီ ရှိပါလိမ့်မယ်။ ဆာမန်ဂမ်က အဲဒီထဲက တစ်ခုမျှသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။
ကန်ဂျင်ဟူက ဆာမန်ဂမ်ကို နိုင်ငံတကာ ဘဏ္ဍာရေး မြို့တော်နဲ့ ကိုရီးယားရဲ့ Silicon Valley ဖြစ်အောင် လုပ်မယ်လို့ ကြေညာလိုက်တယ်။
ကြေညာထားတဲ့ အစီအစဉ်တွေက အံ့ဩစရာ ကောင်းပါတယ်။ OTK Company ကိုယ်တိုင်က ရုံးချုပ်ကို ပြောင်းရွှေ့ဖို့၊ OTK သုတေသနဌာနကို ရွှေ့ဖို့၊ ကမ္ဘာ့အကြီးဆုံး ဘတ္ထရီ ထုတ်လုပ်မှုနဲ့ သုတေသန ဇုန် တည်ဆောက်ဖို့၊ TWR သုတေသန ဓာတ်ခွဲခန်း အသစ်၊ စွန့်ဦးတီထွင်လုပ်ငန်းစု ဇုန်၊ ကိုရီးယားရဲ့ အကြီးဆုံး ကွန်ဗင်းရှင်းစင်တာနဲ့ ဗီဒီယို ထုတ်လုပ်ရေး စတူဒီယိုတို့ကို တည်ဆောက်ဖို့ စီစဉ်ထားတာပါ။
ကြေညာချက်အရ ဆာမန်ဂမ်မှာ Disney Land၊ Universal Studioနဲ့ အပန်းဖြေစခန်းတွေ အပါအဝင် ခရီးသွားနဲ့ အပန်းဖြေ စနစ်မျိုးစုံ အခြေစိုက်မှာ ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည် သုံးသပ်နေကြောင်း အတည်ပြုခဲ့ကြတယ်။
တကယ်လို့ စီမံကိန်းအတိုင်းသာ ဖွံ့ဖြိုးလာရင် နောက်ထပ် ဆယ်နှစ်အတွင်းမှာ ဆိုးလ်မြို့တစ်ခုထဲကတင် လူဦးရေ အနည်းဆုံး ၂ သိန်းလောက် ပြောင်းရွှေ့သွားလိမ့်မယ်လို့ ခန့်မှန်းကြတာပါ။
ဒီအချက်ကြောင့် အစိုးရဘက်က ဘယ်လိုပဲ ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ မရဘဲ တောက်လျှောက် တက်နေခဲ့တဲ့ ဆိုးလ် မြို့ကြီးရဲ့ အိမ်ခြံမြေစျေးနှုန်းတွေက နောက်ဆုံးမှာတော့ ဘရိတ်အုပ်သွားခဲ့တယ်။
ဆိုးလ်မြို့ကို အစားထိုးနိုင်မယ့် နေရာမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးလို့ အားလုံးက ယုံကြည်ထားခဲ့ကြတာပါ။ ဒါကြောင့်လည်း အားလုံးက မြို့တော် ဒေသမှာ တိုက်ခန်းတစ်ခန်း ရဖို့ ဒီလောက်အထိ အသည်းအသန် ကြိုးစားခဲ့ကြတာပေါ့။
ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။ မှန်းဆချက်နဲ့ ဝယ်လိုအားတွေ ပျောက်ကွယ်သွားပြီး အိမ်မပိုင်ရမှာ ကြောက်လို့ အလောတကြီး ဝယ်တော့မယ့်သူတွေကပါ အခြေအနေကို စောင့်ကြည့်တဲ့ဘက်ကို ပြောင်းသွားကြတယ်။
-ဆိုးလ်မှာ အိမ်ဝယ်မယ့်အစား ဆာမန်ဂမ်မှာ သွားဝယ်ရမလား။
-ဟာ။ Disney Landနဲ့ Universal Studioပါ လာမှာတဲ့။
-ငါ့ကုမ္ပဏီလည်း ဆာမန်ဂမ်မှာ စက်ရုံဆောက်ဖို့ ပြန်သုံးသပ်နေပြီ။
-ဟားဟား။ ကန်ဂျင်ဟူ လုပ်တာ ဖြစ်လို့ ကုမ္ပဏီတွေ အကုန်လုံး ဆာမန်ဂမ်မှာ ရင်းနှီးမြှုပ်နှံဖို့ ပြန်ကြည့်နေကြတာ။ ဒါက ရူးခါချင်စရာပဲ။
-ဒါက OTK effect ပဲ၊ မဟုတ်ဘူး၊ ဒါက ရိုက်ခတ်မှုပဲ၊ ဒါက အမှန်တရားပဲ။
-အဖိုးကြီးလိုမျိုး ဟာသတွေ လာမပြောနဲ့၊ မရယ်ရဘူး --;
-ဆာမန်ဂမ်ကို ဘယ်လောက်ပဲ ဖွံ့ဖြိုးအောင် လုပ်လုပ် ဆိုးလ်မြို့ကိုတော့ ဘယ်တော့မှ အစားမထိုးနိုင်ပါဘူးကွာ။ ကုမ္ပဏီတွေကို အတင်းထည့်ထား ရင်တောင် ဆယ်ဂျုံးမြို့လိုမျိုး စနေ၊ တနင်္ဂနွေမှပဲ တွေ့ရတဲ့ လင်မယားတွေ ပိုများလာမှာပဲ။
-စဉ်းစားကြည့်လေ။ နယ်က လူတွေက ကာလာစုံယဉ်ကျေးမှု ဘဝကို ခံစားချင်လို့ ဆိုးလ်ကို သွားချင်ကြတာ။ ဒါပေမဲ့ ကန်ဂျင်ဟူ ပြောတာသာ အမှန်ဆိုရင် ဆိုးလ်က လူတွေက ယဉ်ကျေးမှု လုပ်ငန်းတွေအတွက် ဆာမန်ဂမ်ကို လာရတော့မှာနော်။ အဲဒီလိုဆိုရင် ဆိုးလ်မှာပဲ နေရမယ်လို့ ဇွတ် အတင်းလုပ်နေစရာ အကြောင်း မရှိတော့ဘူး။
-စောင့်ကြည့်ရဦးမှာ ဖြစ်ပေမဲ့ အခုအချိန်မှာ ဆိုးလ်မှာ အိမ်ဝယ်တာကတော့ ရူးတာပဲ။ အစ်ကိုကြီး ပြောတာ နားထောင်စမ်းပါ~
-ဟားဟားဟား။ အိမ်အများကြီး ဝယ်ထားတဲ့ ပွဲစားတွေတော့ သွားပြီ မဟုတ်လား။
ချေးငွေ အများကြီးယူပြီး တိုက်ခန်း အမြောက်အမြား ဝယ်ထားတဲ့ အိမ်ပိုင်ရှင် အများအပြားက သူတို့ရဲ့ အိမ်ခြံမြေတွေကို စျေးကွက်ထဲ အလောတကြီး ထုတ်ရောင်းကြပေမဲ့ ဘယ်သူမှ ဝယ်မယ့်သူ မရှိခဲ့ဘူး။
မြေယာ ပွဲစားတွေလည်း ဒီလို ဒုက္ခမျိုးနဲ့ပဲ ကြုံနေရပါတယ်။
ပုံမှန်အားဖြင့် မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို မကြေညာခင်ကတည်းက ပွဲစားတွေက အဲဒီဒေသကို အုပ်စုလိုက် ရောက်လာတတ်ကြတာပါ။
ပွဲစားတွေက တတိယ မြို့သစ် အစီအစဉ် ရှိတဲ့ နေရာတွေမှာ မြေကွက်အကျယ်ကြီးတွေကို ကြိုတင် ဝယ်ယူထားပြီး ခွင့်ပြုချက်မရှိတဲ့ အဆောက်အဦး အများအပြားကို ဆောက်ထားခဲ့ကြတယ်။ အခြေခံ အဆောက်အဦးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက တတိယ မြို့သစ် အစီအစဉ်ကို ကြေညာတဲ့အခါ ပွဲစားတွေက စိတ်ထဲက ဝမ်းသာနေကြပေမဲ့ အပြင်ပန်းမှာတော့ ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။
“တတိယ မြို့သစ် ဖွံ့ဖြိုးတိုးတက်မှုကို ရုပ်သိမ်းပေး”
“အတင်းအဓမ္မ မြေသိမ်းတာက ပိုင်ဆိုင်မှု အခွင့်အရေးကို ချိုးဖောက်တာပဲ”
“မတရားဘူး။ ဒီအိမ်ကို ငါ့ရဲ့ တစ်သက်တာ စုဆောင်းငွေတွေနဲ့ တောရွာမှာ နေဖို့ ဆောက်ခဲ့တာ။ အခုတော့ တိုက်ခန်းတွေ ဆောက်ဖို့ ငါ့အိမ်ကို ဖျက်ချင်နေကြပြီ”
“ငါ့မြေကို လာမထိနဲ့၊ သူခိုးတွေ”
တကယ်တော့ သူတို့က တကယ် ကန့်ကွက်နေတာ မဟုတ်ဘဲ မြေယာ လျော်ကြေးငွေ ပိုရဖို့အတွက် လုပ်နေခဲ့ကြတာပါ။
ဒါပေမဲ့ အခုတော့ တတိယ မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က တကယ်ပဲ အဖျက်သိမ်းခံရမယ့် အခြေအနေ ဖြစ်နေပါပြီ။
တကယ်လို့ ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်မှုကနေတစ်ဆင့် မြို့ပြ ဒေသရဲ့ ဝယ်လိုအားကို ခွဲထုတ်နိုင်ရင် တတိယ မြို့သစ်တွေကို ဇွတ်လုပ်နေစရာ အကြောင်း မရှိတော့ပါဘူး။ တရားဝင် ဖျက်သိမ်းကြောင်း မကြေညာသေးပေမဲ့ မြေယာ ဝယ်ယူရေး ဆွေးနွေးမှုတွေကတော့ ရပ်တန့်သွားခဲ့ပါပြီ။
လန့်ဖျပ်သွားတဲ့ ပွဲစားတွေက အော်ဟစ်ကြတော့တယ်။
“ဆာမန်ဂမ်မှာ မြို့သစ်သာ ဖော်ထုတ်ရင် ငါတို့အားလုံး သေပြီ”
“ဖွံ့ဖြိုးရေးကို မြို့ပြမှာပဲ လုပ်ရမှာပေါ့။ ဘာဖြစ်လို့ ဆာမန်ဂမ်လဲ”
“ဒါက ပြည်သူ့ အခွန်တွေကို ဖြုန်းတီးတာပဲ”
“ဒါက မဲရဖို့အတွက် ဟိုနမ် ဒေသကို မျက်နှာသာပေးတာပဲ”
“ဒါက အစိုးရနဲ့ OTK Company တို့ ပူးပေါင်း ကြံစည်မှုပဲ”
“ဒါကို ငါတို့ ဘယ်လိုနည်းနဲ့မဆို တားဆီးရမယ်”
အိမ်အမြောက်အမြား ပိုင်ရှင်တွေနဲ့ ပွဲစားတွေက OTK Company ရုံးချုပ် ရှေ့ကို ချက်ချင်း စုပြုံ ရောက်ရှိလာကြတယ်။ နယ်က ပွဲစားတွေဆိုရင် ကားတွေကို စင်းလုံးငှားပြီး တက်လာကြတာပါ။
သူတို့က စာတန်းတွေကို ဖြန့်ပြီး ခေါင်းစီးပဝါတွေကို တင်းတင်းချည်ကာ အားပါးတရ အော်ဟစ် ဆန္ဒပြကြတယ်။
“မြို့ပြ ဖွံ့ဖြိုးရေးကို စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်ပေး”
“လုပ်ဆောင်ပေး။ လုပ်ဆောင်ပေး”
“ကန်ဂျင်ဟူက ဆာမန်ဂမ် မြို့သစ် ဖွံ့ဖြိုးတိုးတက်မှုကို ချက်ချင်း ရုပ်သိမ်းပေး”
“ရုပ်သိမ်းပေး။ ရုပ်သိမ်းပေး”
“ဆာမန်ဂမ်ရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ရပ်တန့်ပေး”
“ရပ်တန့်ပေး။ ရပ်တန့်ပေး”
“သာမန် ပြည်သူတွေအတွက် အိမ်စျေးနှုန်းကို ကာကွယ်ပေး”
“ကာကွယ်ပေး။ ကာကွယ်ပေး”
OTK Company ရုံးချုပ် ရှေ့ကတော့ ဆန္ဒပြဖို့ နာမည်ကြီးတဲ့ နေရာတစ်ခု ဖြစ်နေတာ ကြာပါပြီ။
အခုတော့ ပွဲစားတွေပါ ဒီနေရာကို ရောက်လာပြီး ဆန္ဒပြနေကြတာပါ။ အံ့ဩစရာ ကောင်းတာက သူတို့ လူဦးရေက တော်တော်လေး များနေတာပါပဲ။ ဒီနေ့တင် ရာနဲ့ချီ စုမိနေပြီး လူဦးရေက ပိုပြီး တိုးလာနေခဲ့တယ်။
တက်ဂယူက အောက်က မြင်ကွင်းကို ငုံ့ကြည့်ရင်း မေးတယ်။
“ဟိုလူတွေက အရင်က တတိယ မြို့သစ် စီမံကိန်းကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြနေတဲ့သူတွေ မဟုတ်ဘူးလား”
ကျွန်တော် ခေါင်းခါပြလိုက်တယ်။
“သူတို့က အဲဒီတုန်းက တကယ် ကန့်ကွက်ခဲ့ကြတာ မဟုတ်ဘူးထင်တယ်”
“ဟက်… သူတို့က အပြင်ပန်းပဲ ငြင်းခဲ့ကြတာလား”
“အဲဒီလို ပုံစံမျိုးပေါ့”
“ဒါနဲ့ ဒီနိုင်ငံငယ်လေးမှာ ဘာဖြစ်လို့ အိမ်ခြံမြေ ပွဲစားတွေ ဒီလောက်တောင် များနေရတာလဲ”
နိုင်ငံက သေးလို့လား။
တကယ်တော့ ရင်းနှီးမြှုပ်နှံမှုနဲ့ စျေးကိုမှန်းဆကစားတဲ့ ပွဲစားဆိုတာကို ရှင်းရှင်းလင်းလင်း ခွဲခြားဖို့ ခက်ခဲပေမဲ့ လူအများစုက ရင်းနှီးမြှုပ်နှံမှုကို ကောင်းတယ်လို့ မြင်ပြီး ပွဲစားလုပ်တာကိုတော့ မကောင်းဘူးလို့ မြင်ကြပါတယ်။
ဒါပေမဲ့ လူတွေက 'အိမ်ခြံမြေ ပွဲစား' လို့ ပြောကြပေမဲ့ 'စတော့ ပွဲစား' လို့တော့ မပြောကြပါဘူး။
အဲ့လိုဖြစ်ရတာက ရင်းနှီးမြှုပ်နှံမှု ပစ်မှတ်အနေနဲ့ အိမ်ခြံမြေရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေကြောင့် ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် တခြား ကုန်ပစ္စည်းတွေမှာတော့ စျေးနှုန်း တက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ဝယ်တဲ့သူကပဲ အကျိုးအမြတ် ရတာ ဒါမှမဟုတ် ဆုံးရှုံးမှုကို ခံရတာပါ။ မဝယ်တဲ့သူတွေအတွက်တော့ စတော့စျေး ကစားတာကြောင့် စတော့ စျေးကွက်က ပြုတ်သွားတာဖြစ်ဖြစ်၊ ဘန့်ကွိုင်က ဝမ် သိန်း ၃၀၀ ထိ ရောက်သွားတာဖြစ်ဖြစ် ဘာမှ မသက်ဆိုင်ပါဘူး။
ဒါပေမဲ့ အိမ်ခြံမြေကျတော့ မဝယ်တဲ့သူတွေက စျေးနှုန်းတွေ မြင့်တက်တဲ့အခါမှာကော၊ ပြုတ်ကျတဲ့အခါမှာပါ အဆိုးဆုံး ခံရတတ်ပါတယ်။ စျေးနှုန်းတွေ မြင့်တက်ရင် နေထိုင်စရိတ်တွေ လိုက်တက်လာပြီး ပြုတ်ကျသွားရင်တော့ ဂျွန်ဆဲ (အိမ်ငှားစပေါ်ငွေ) ဒါမှမဟုတ် အာမခံငွေတွေက ဆုံးရှုံးနိုင်ခြေ ရှိလာပါတယ်။
“ဟိုလူတွေကလည်း ပြဿနာပဲ။ ဒါပေမဲ့ တကယ့် ပြဿနာက နိုင်ငံက ဒီပြဿနာကို ခွင့်ပြုပေးထားတာပဲ”
ကိုရီးယားမှာ အိမ်ခြံမြေကနေ ပိုက်ဆံရှာဖို့ အင်မတန် လွယ်ကူတဲ့ ဖွဲ့စည်းပုံ ရှိနေပါတယ်။
ဥပမာအားဖြင့် ဝမ် သန်း ၁ ထောင် တိုက်ခန်းမှာ နေပြီး ဝမ် သန်း ၅၀၀ ရှာတဲ့သူနဲ့ ဝမ် သန်း ၁ ထောင်တန် ကိုယ်ပိုင်အိမ်မှာ နေပြီး အိမ်စျေးက နှစ်တိုင်း ဝမ် သန်း ၅၀၀ တက်နေတဲ့သူ နှစ်ယောက် ရှိတယ် ဆိုပါစို့။
လူတွေက ဘယ်သူ့နေရာမှာ ပိုဖြစ်ချင်ကြမလဲ။
သိသာပါတယ်။ သန်း ၁ ထောင်တန် အိမ်ပိုင်ရှင်လူက အများကြီး ပိုပြီး အားသာချက် ရှိတာပါ။ ဝမ် သန်း ၅၀၀ ရှာဖို့ဆိုရင် အလုပ် အများကြီး လုပ်ရမယ်။ ဒါပေမဲ့ အိမ်စျေး ဝမ် သန်း ၅၀၀ တက်နေတဲ့ အချိန်မှာတော့ အိမ်ပိုင်ရှင်က ဘာအလုပ်မှ လုပ်စရာ မလိုပါဘူး။
ပိုပြီး အရေးကြီးတာက အခွန်ပါပဲ။
တစ်နှစ် လစာ ဝမ် သန်း ၅၀၀ ဆိုရင် ဝင်ငွေခွန် ၅၀ ရာခိုင်နှုန်းနီးပါး ပေးရပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေကျတော့ မရောင်းမချင်း အမြတ်ခွန် မပေးရပါဘူး (ပိုင်ဆိုင်မှုခွန်တော့ ပေးရတာပေ့ါ)။ ရောင်းရင်တောင် အမြတ်ခွန်က ဝင်ငွေခွန်ထက် အများကြီး ပိုပြီး သက်သာပါတယ်။
ဒါကြောင့် လူတွေက လုပ်အားခထက် မလုပ်ဘဲရတဲ့ ဝင်ငွေကို ပိုပြီး သဘောကျကြတာ သဘာဝပဲလေ။
ပိုက်ဆံရမယ့် အခွင့်အရေးက ရှေ့မှာ ရှိနေတာကို မယူတာကမှ ပိုပြီး ဆန်းကြယ်မနေဘူးလား။
အိမ်အမြောက်အမြားပိုင်ဆိုင်တဲ့ ပိုင်ရှင်တွေကို ပွဲစားတွေပါဆိုပြီး နှုတ်ကနေ ဘယ်လိုပဲ ပြစ်တင်ရှုတ်ချနေပါစေ၊ လူတွေကို ၈၀ ရာခိုင်နှုန်းအထိ ချေးငွေယူခွင့် ပေးပြီး အိမ်ဆယ်လုံး၊ အလုံးနှစ်ဆယ် ဝယ်ခွင့်ပြုကာ အငှားလုပ်ငန်းအဖြစ် မှတ်ပုံတင်ပြီး အမြတ်အစွန်း ရှာခွင့်ပေးထားတဲ့ စနစ်ကို ဖန်တီးခဲ့တာက အစိုးရကိုယ်တိုင်ပါပဲ။
အရင်းရှင်စနစ်က လူသားတွေရဲ့ ကိုယ်ကျိုးစီးပွားအပေါ်မှာ လည်ပတ်တာပါ။ အစိုးရရဲ့ တာဝန်က အဲဒီကိုယ်ကျိုးစီးပွားက လူ့အဖွဲ့အစည်းတစ်ခုလုံးကို မထိခိုက်စေဖို့ ဥပဒေတွေ၊ အခွန်တွေနဲ့ ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။
ဟိုချန်မင်း အစိုးရအဖွဲ့ တက်လာပြီးနောက် ဆိုးလ်နဲ့ မြို့ပြဒေသရဲ့ အိမ်စျေးတွေက ဆယ်ဂဏန်း ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့တယ်။ ဝန်ထမ်းတွေကြားထဲမှာလည်း ဆိုးလ်မှာ အိမ်ပိုင်တဲ့သူနဲ့ မပိုင်တဲ့သူတွေရဲ့ ကံကြမ္မာက သိသိသာသာ ကွဲပြားသွားခဲ့ရတယ်။
အိမ်ခြံမြေက တက်ရင် စီးပွားရေးကို ထိခိုက်စေသလို ကျရင်လည်း ပိုပြီး ကြီးမားတဲ့ ရိုက်ခတ်မှုကို ပေးတတ်ပါတယ်။ အခုကတည်းက အိမ်အမြောက်အမြားပိုင်ဆိုင်ထားတဲ့ ပိုင်ရှင်တွေ ဒေဝါလီခံရတာ၊ ဘဏ်တွေ အကြွေးမဆပ်နိုင်တာနဲ့ တိုက်ခန်း အိမ်ငှားတွေ ထိခိုက်တာတွေအကြောင်း စကားသံတွေ ထွက်နေပါပြီ။
အတိုက်အခံ ပါတီနဲ့ မီဒီယာ တချို့က ဒါကို ကျွန်တော့်အပြစ်ဆိုပြီး ပုံချနေကြသလို ပွဲစားတွေကလည်း သူတို့ရဲ့ ကျဆင်းသွားတဲ့ အိမ်စျေး၊ မြေစျေးတွေအတွက် လျော်ကြေးပေးဖို့ ကျွန်တော့်ကို အော်ဟစ်နေကြတယ်။
“သူတို့က မင်းကို ထုတ်ပြန်ချက်တစ်ခု ထုတ်ပေးဖို့ တောင်းဆိုနေတာ ကြာပြီ။ မင်း ဘာလုပ်မှာလဲ”
“ထုတ်ပြန်ချက်ပေးဖို့ တကယ်ပဲ လိုလို့လား”
ကျွန်တော့်စကားကြောင့် တက်ဂယူက လက်ညှိုးကို ခါပြလိုက်တယ်။
“မပေးလို့ မရဘူးလေ။ သူတို့က ဒီအထိ လာပြီး ဆန္ဒပြနေတာပဲ။ မင်းက အဖြေတစ်ခုတော့ ပေးရမှာပေါ့။ မဖြစ်သေးပါဘူး။ ငါပဲ မင်းကိုယ်စား လုပ်ပေးလိုက်မယ်”
တက်ဂယူက စက္ကူပေါ်မှာ တစ်ခုခု ရေးမှတ်လိုက်ပြီး အဆောက်အဦး လုံခြုံရေးဝန်ထမ်းကို လှမ်းခေါ်လိုက်တယ်။
“ဒါကို OTK Company ရဲ့ တရားဝင် ရပ်တည်ချက်ဆိုပြီး ဆန္ဒပြနေတဲ့သူတွေကို သွားပေးလိုက်ပါ”
“နားလည်ပါပြီ”
ခဏကြာတော့ စာရွက်ကို လက်ခံရရှိတဲ့ ဆန္ဒပြသူတွေကြားထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။
တချို့လူတွေက ဒေါသတကြီး အော်ဟစ်ကြတယ်။
“ကန်ဂျင်ဟူ၊ အခုချက်ချင်း ထွက်ခဲ့စမ်း”
“မင်း ငါတို့ကို လာနောက်နေတာလား”
“ဒူးထောက်ပြီး တောင်းပန်စမ်း”
ကျွန်တော်က လန့်ဖျပ်သွားပြီး တက်ဂယူကို လှည့်ကြည့်လိုက်တယ်။
“မင်း ဘာတွေ ရေးလိုက်တာလဲ”
တက်ဂယူက ပခုံးတွန့်ပြတယ်။
“စတော့ စျေးကွက် ထုတ်လွှင့်ချက်တွေမှာ အမြဲတမ်း ပါလေ့ရှိတဲ့ သတိပေးချက်လေးပါ”
“အဲဒါက ဘာလဲ”
“ရင်းနှီးမြှုပ်နှံမှုများသည် စျေးကွက် အခြေအနေပေါ် မူတည်၍ မူရင်းအရင်းအနှီး ဆုံးရှုံးနိုင်ခြေ ရှိပါသည်။ နောက်ဆုံး တာဝန်က ရင်းနှီးမြှုပ်နှံသူထံတွင်သာ ရှိပြီး ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ရလဒ်များအတွက် မည်သည့် တာဝန်မှ ယူမည်မဟုတ်ပါ”
“……”
နိုင်ငံရေး လောကကတော့ အစိုးရဘက်က တင်ပြထားတဲ့ ထပ်တိုး ဘတ်ဂျက် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ထိပ်တိုက် ရင်ဆိုင်နေကြရပါတယ်။
အာဏာရ နိုင်ငံရေးသစ်ပါတီက သာမန် ပြည်သူတွေအတွက် စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့ ထပ်တိုး ဘတ်ဂျက်ကို အကောင်အထည်ဖော်ရမယ်လို့ အကြောင်းပြနေပြီး အတိုက်အခံ ပါတီကတော့ ဒါက လာမယ့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ရည်ရွယ်တဲ့ လူထုအကြိုက် လိုက်တဲ့ ဘတ်ဂျက် ဖြစ်သလို မူဝါဒ ပျက်ကွက်မှုတွေကို ပြည်သူ့ အခွန်ငွေတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားတာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်နေကြပါတယ်။
တကယ်တော့ ထပ်တိုး ဘတ်ဂျက်က လူထုအကြိုက် လိုက်တာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်က မှန်ကန်ပါတယ်။ အစိုးရက ပိုက်ဆံသုံးတာကို မကြိုက်တဲ့ ပြည်သူ ဘယ်သူမှ မရှိဘူးလေ။
အဲဒီအကြောင်းပြချက်ကြောင့်ပဲ ထပ်တိုး ဘတ်ဂျက်က အရင်ကလည်း မအောင်မြင်ဘဲ မရှိခဲ့ဖူးသလို ဒီတစ်ကြိမ်လည်း အတည်ဖြစ်သွားဖို့ ရာခိုင်နှုန်း အင်မတန် များပါတယ်။
အတိုက်အခံ လွှတ်တော်အမတ်တွေကော၊ အာဏာရပါတီ လွှတ်တော်အမတ်တွေပါ ထပ်တိုး ဘတ်ဂျက် စီစစ်မှုကို သူတို့ဘက်က အသာစီးရအောင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို သေချာ ဗျူဟာခင်းနေကြတာပါ။ လူထုအကြိုက် ပိုက်ဆံသုံးတော့မယ်ဆိုရင် သူတို့ရဲ့ မဲဆန္ဒနယ်မြေတွေထဲကို ပိုက်ဆံ ဘယ်လောက် ပိုယူလာနိုင်မလဲဆိုတာကို ကြိုးစားရမှာပေါ့။
ဒါပေမဲ့ ဒီလို အခြေအနေကြားထဲမှာ အစိုးရက ဆာမန်ဂမ် မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ရုတ်တရက် ကြေညာလိုက်တာပါ။
လေဘာပါတီကတော့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရတယ်။
လွန်ခဲ့တဲ့ မိနစ်ပိုင်းအထိ ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်မှုက အဝေးကြီး လိုသေးတယ်လို့ ထင်ခဲ့ကြတာပါ။ လက်ရှိ အစိုးရ သက်တမ်းအတွင်းမှာ ဘာရလဒ်မှ ထွက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။
ဒါပေမဲ့ ကန်ဂျင်ဟူ ဝင်ပါလာတာကြောင့် အခြေအနေတွေ ပြောင်းလဲသွားပါပြီ။ သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ ဩဇာအာဏာတို့ကိုသုံးရင် ဖုန်တလုံးလုံး ဖြစ်နေတဲ့ မြေကွက်လပ်ကြီးပေါ်မှာ မြို့သစ်တစ်ခုကို သေချာပေါက် ဖန်တီးနိုင်စရာ ရှိပါတယ်။
တရားဝင် စာချုပ်တွေ မချုပ်ရသေးရင်တောင် နိုင်ငံတကာ ဘဏ္ဍာရေး မြို့တော်နဲ့ ကိုရီးယားရဲ့ Silicon Valleyဆိုတဲ့ စကားသံတွေက ပျံနှံ့နေပြီ ဖြစ်ပါတယ်။
တကယ်လို့ ဒါက တကယ် ဖြစ်လာရင် ဘာဖြစ်မလဲ။
မြို့တော် ဒေသကို စုပြုံနေတာကို လျှော့ချနိုင်တာ၊ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိတာ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်လည် ဦးမော့လာတာ၊ စီးပွားရေး တိုးတက်မှုကို မြှင့်တင်နိုင်တာ၊ အလုပ်အကိုင် တိုးလာတာနဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာ စတဲ့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံရေးသမားတွေအတွက်ကတော့ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမရှိထက် သူတို့ရဲ့ ပြန်လည် ရွေးကောက်ခံရမှုနဲ့ ပါတီအတွက် အကျိုးရှိမရှိက ပိုပြီး အရေးကြီးတာပဲလေ။
သမ္မတရုံးနဲ့ အာဏာရပါတီကတော့ ထောက်ခံမှု နှုန်းထား တက်လာတော့မယ်ဆိုပြီး မျက်နှာပေးကို ထိန်းနေကြရတယ်။
ဆာမန်ဂမ်က တိုးတက်ပြောင်းလဲလိုတဲ့ အင်အားစုတွေရဲ့ အမာခံ နယ်မြေဖြစ်တဲ့ ဟိုနမ်မှာ ရှိတာ ဖြစ်ပေမဲ့ ဒါကို ပထမဆုံး စတင်ခဲ့တာက လေဘာပါတီ ရဲ့ အရင် ပါတီဖြစ်တဲ့ ဒီမိုကရက်တစ် လစ်ဘရယ်ပါတီ ဖြစ်တယ်။ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီနှစ်ခုလုံး သဘောတူထားတဲ့ အရာ ဖြစ်တာကြောင့် အစိုးရ အဆက်ဆက် ပြောင်းလဲသွားရင်တောင် အမျိုးသား စီမံကိန်းအနေနဲ့ ဆက်သွားနေခဲ့တာ ဖြစ်ပါတယ်။
လေဘာပါတီ ကိုယ်တိုင်ကလည်း ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်မှုကို မကန့်ကွက်ပေမဲ့ ဒါကို လက်ရှိ အစိုးရနဲ့ နိုင်ငံရေးသစ်ပါတီက ဦးဆောင်သွားရင် သူတို့ရဲ့ ထောက်ခံမှု နှုန်းထားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ပါဘူး။ ဒီစီမံကိန်းကို လေဘာပါတီကပဲ ဦးဆောင်ချင်နေတာပါ။
အစိုးရက ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ဆီ ထပ်တိုး ဘတ်ဂျက် တောင်းခံခဲ့တယ်။
ထပ်တိုး ဘတ်ဂျက် ပမာဏက ဝမ် သိန်းပေါင်း ၁၇ ကုဋေတောင် ရှိတာပါ။
ဒါက သမိုင်းတစ်လျှောက် အကြီးမားဆုံး ထပ်တိုး ဘတ်ဂျက် ဖြစ်ပြီး အရင် တင်ပြထားတာထက် ဝမ် သိန်းပေါင်း ၁၀ ကုဋေ ပိုများလာတာ ဖြစ်ပါတယ်။ ဒီထဲက ၈၀ ရာခိုင်နှုန်းကို ဆာမန်ဂမ် မြေယာ ဖော်ထုတ်ရေး လုပ်ငန်းတွေနဲ့အတူ လမ်း၊ ရထားလမ်း၊ ဆိပ်ကမ်းနဲ့ လေဆိပ်တွေအတွက် ခွဲဝေချထားပေးထားပါတယ်။
လက်ရှိ ထပ်တိုး ဘတ်ဂျက် အဆိုပြုချက်ထဲမှာ ပါဝင်တဲ့ တခြား ဖွံ့ဖြိုးရေး အစီအစဉ်တွေကတော့ နောက်ဆုတ်သွားတာတို့၊ ပျက်ပြယ်သွားတာတို့ ဖြစ်သွားခဲ့ပါပြီ။ အတိုက်အခံ ပါတီကတော့ မဟာ ထပ်တိုး ဘတ်ဂျက်ကို ချက်ချင်း ကန့်ကွက်လာကြတော့တယ်။
လေဘာပါတီက စီးပွားရေးဆိုင်ရာ ကြားနာပွဲ မလုပ်ပေးရင် ထပ်တိုး ဘတ်ဂျက်ကိုကော၊ လွှတ်တော် ပုံမှန် လည်ပတ်မှုကိုပါ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်လာပြီး စီးပွားရေးဆိုင်ရာ ဒုတိယ ဝန်ကြီးချုပ် ဂျောင်ကီဆူး၊ သမ္မတရုံး မူဝါဒရေးရာ အရာရှိချုပ် လီအွန်ဂွမ်နဲ့ ကန်ဂျင်ဟူတို့ တက်ရောက်ရမယ်လို့ အတင်းအကြပ် တောင်းဆိုခဲ့တယ်။
လွှတ်တော်အမတ် ယွန်နက်ဂယောင်းက ပြောတယ်။
“အစိုးရက ထပ်တိုး ဘတ်ဂျက်ကို လက်ခံပေးလိုက်ရုံနဲ့ ပြဿနာ အားလုံး ပြေလည်သွားမလိုမျိုး ပြည်သူတွေကို လှည့်စားနေတာပါ။ အခုထက်ထိ စီးပွားရေး မူဝါဒမှာ ဘယ်လို အမှားအယွင်းတွေ ရှိခဲ့လဲ၊ ဘာဖြစ်လို့ ထပ်တိုး ဘတ်ဂျက် လိုအပ်ရလဲဆိုတာကို ပြည်သူတွေ လက်ခံလာအောင် အရင်ဆုံး စည်းရုံးသင့်တာ မဟုတ်ဘူးလား။ စီးပွားရေး ကြားနာပွဲ မပါဝင်တဲ့ ထပ်တိုး ဘတ်ဂျက်ကိုတော့ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ဒါ့အပြင် အစိုးရ ကြေညာထားတဲ့ ဆာမန်ဂမ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ပြည်သူ့ ဖွံ့ဖြိုးရေး ပုံစံမျိုး ယူထားပေမဲ့ ဖွံ့ဖြိုးရေးရဲ့ ဦးဆောင်မှုက လက်တွေ့မှာ ကန်ဂျင်ဟူရဲ့ လက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါက OTK Company ကို ထင်ထင်ရှားရှား မျက်နှာသာပေးနေတာပါ။ ကျွန်မတို့ လေဘာပါတီအနေနဲ့ ပြည်သူတွေကိုယ်စား ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်”