အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း (၂၄၁) - ခရီးစတင်ခြင်း (၁)
ချူဖန်ကိုမေးမြန်းလိုက်ခြင်းမှာ သူစင်မြင့်ပေါ်တက်ကာ ဝင်ပြိုင်ရန်မျှော်လင့်ထားခြင်းမဟုတ်ဘဲ အမှတ်တမဲ့ပြောလိုက်ခြင်းသာ ဖြစ်ပေသည်။
ယခုကြည့်ရသည်မှာ သူ၏ဤအစ်ကိုလတ်အတွက် အနာဂတ်ဇနီးလောင်းကို မစဉ်းစားပေး၍ မရတော့ပေ။ သို့မှသာ ထူးထူးဆန်းဆန်းအမျိုးသမီးတစ်ဦးနှင့် သွားရောက်လက်ထပ်မိခြင်းမှ ကင်းဝေးမည်ဖြစ်သည်။
"နောက်မှ စာထဲထပ်ထည့်ပြီး ချူထျန်းတို့ကို ခေါင်းစားခိုင်းရမယ်..."
ထိုသို့တွေးတောနေစဉ်မှာပင် စင်မြင့်ထက်၌ လူတစ်ယောက်ထပ်တိုးလာသည်ကို မြင်လိုက်ရ၏။
စီယဲ့။
ဝမ်ခယ်ရန်မှာ ရုတ်တရက် မတ်တပ်ရပ်လိုက်သော်လည်း ဝမ်ဖူစန်းကမူ ကြိုတင်ကြံစည်ထားသည့် ပုံစံမျိုးဖြင့် လုံးဝတုန်လှုပ်ခြင်းမရှိပေ။
ချူချင်းက နှုတ်ခမ်းကိုတွန့်လိုက်ပြီး ဤလျှို့ဝှက်ချက်မှာ မနေ့က ဆန်းချင်းနှင့်တွေ့ဆုံပြီးနောက်ပိုင်းမှ ပေါ်ထွက်လာခြင်းဖြစ်မည်ဟု ခံစားလိုက်ရသည်။
ဝမ်ဖူစန်းနှင့်စီယဲ့တို့ ဘာတွေပြောခဲ့ကြမှန်း မသိရသော်လည်း ဤကောင်လေးကတော့ နောက်ဆုံးတွင် သဘောပေါက်သွားပုံရလေ၏။
"သွားကြစို့၊ ကြည့်စရာ မရှိတော့ဘူး..."
ချူချင်းကခေါင်းခါလိုက်ပြီး ချူဖန်ကိုခေါ်ကာ ထွက်သွားလေသည်။
ချူဖန်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"အခုထိ အတည်တကျ မဖြစ်သေးဘူး မဟုတ်လား..."
"ဝမ်ဖူစန်းလိုချင်တာက စီယဲ့ဆီကနေ ဆုံးဖြတ်ချက်တစ်ခုပဲ၊ အခု သူက စိတ်ပိုင်းဖြတ်လိုက်ပြီလေ…”
"သူ့သိုင်းပညာက မြင့်မြင့်နိမ့်နိမ့် ဒီနေ့သိုင်းပြိုင်ပွဲမှာ ဘယ်သူမှ သူ့ကိုအနိုင်ရနိုင်မှာ မဟုတ်ဘူး…”
"တကယ်လို့ အနိုင်ရမဲ့သူ ရှိလာခဲ့ရင်တောင်... မရှိသလိုဖြစ်သွားမှာပဲ..."
ဝမ်ဖူစန်း၏သိုင်းပညာနှင့်ဆိုလျှင် စီယဲ့ကို ခိုးကြောင်ခိုးဝှက်ကူညီပေးရန်မှာ လွယ်ကူလွန်းလှပေသည်။
ထို့ပြင် အကယ်၍ နောက်ဆုံးတွင် ထိုကုန်းစွန်းဝူသာ တကယ်အနိုင်ရသွားခဲ့လျှင်တောင် သူ၏တူမကို ပေးစားမည်မဟုတ်ကြောင်း ချူချင်းခန့်မှန်းမိ၏။
နောက်ပိုင်းတွင် မည်သို့မည်ပုံ ဆက်လက်ပတ်သက်သွားမည်ကိုမူ ချူချင်းလည်းမသိတော့ချေ။
မည်သို့ပင်ဖြစ်စေ ဤသိုင်းပြိုင်ပွဲမှာ ဝမ်ဖူစန်း၏ ခဲတစ်လုံးဖြင့်ငှက်နှစ်ကောင်ပစ်သည့် အကြံအစည်ဖြစ်ပြီး ယခုရည်ရွယ်ချက်အောင်မြင်သွားပြီဖြစ်ရာ အရာအားလုံး အတည်တကျဖြစ်သွားပြီဟု ဆိုနိုင်ပေသည်။
ထိုအရာများနောက်ကွယ်ရှိ အကွေ့အကောက်များကို ချူဖန်မသိသော်လည်း ချူချင်းက ထိုသို့ပြောလာသဖြင့် သူလည်း ထိုအတိုင်းသာ နားထောင်လိုက်လေသည်။
အမှန်တကယ်ပင် အရာအားလုံးမှာ ချူချင်းခန့်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့၏။
ဤသိုင်းပြိုင်ပွဲမှာ နောက်ဆုံးတွင် စီယဲ့အနိုင်ရရှိသွားခြင်းဖြင့် အဆုံးသတ်သွားခဲ့ပြီး လူတိုင်းအတွက် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းတစ်ခု ဖြစ်သွားခဲ့လေသည်။
ဤသို့ဖြင့် လော့ချန်အိမ်တော်၏စည်ကားမှုအားလုံး အဆုံးသတ်သွားခဲ့ပြီး အရပ်ရပ်မှ သိုင်းပညာရှင်များလည်း အသီးသီး နှုတ်ဆက်ထွက်ခွာသွားကြတော့သည်။
ထိုအထဲတွင် ရှဝမ်ရွှမ်းက ချူချင်းထံ တစ်ခေါက်လာရောက်တွေ့ဆုံခဲ့ရာ ချူချင်းက သူမအတွက် 'မိတ်ဆက်စာ'တစ်စောင် ရေးပေးလိုက်သည်။ သူမသည်လည်း ချူချင်းပေးလိုက်သော 'အစပြုရန် အရင်းအနှီး'ကိုယူကာ ရှင်တောက်မြို့ဆီသို့ ခရီးစတင်ထွက်ခွာသွားလေ၏။
ထိုမိန်းကလေးနှင့် ပတ်သက်သည့်ကိစ္စမှာ ဤနေရာတွင်ပင် တစ်ခန်းရပ်သွားခဲ့ပြီဖြစ်သည်။
ထို့နောက် နှစ်ရက်အကြာတွင် ဟွာကျင်နျန်းက ဦးစွာနှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ ထျန်းကျီးအမိန့်တော်ပြားကိစ္စနှင့်ပတ်သက်၍ ဘာအကျိုးအမြတ်မှမရလိုက်ဘဲ အကြောင်းမဲ့သက်သက် တိုက်ပွဲတစ်ခုသာဖြစ်ပွားခဲ့ပြီး ယခုလော့ချန်အိမ်တော်၌ စောင့်ကြည့်စရာပွဲမရှိတော့သဖြင့် သူလည်း လောကတစ်ခွင် ဆက်လက်လှည့်လည်ရန် ထွက်ခွာသွားခြင်းပင်။
ထို့နောက်တွင် ပျန်းချန်နှင့်မော့တူရှင်းတို့က ချူဖန်ကိုခေါ်ကာ သုံးယောက်သား အတူတကွ နှုတ်ဆက်ထွက်ခွာကြလေသည်။ သူတို့သည် ထျန်းကျီးတောင်ကြားကိစ္စကို ဂိုဏ်းသို့ပြန်လည်အစီရင်ခံရန် ထိုက်ရိဂိုဏ်းသို့ ပြန်သွားကြခြင်းဖြစ်သည်။
ယုတ္တိကျကျဆိုရလျှင် ဝမ်ရိုသည်လည်း သူတို့နှင့်အတူ လိုက်ပါသွားသင့်ပေသည်။
သို့သော် ဝမ်ရို၏ဤခရီးစဉ်မှာ အစကတည်းက ဝမ်ဖူစန်းမှပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ရာ အိမ်သို့ပြန်ရောက်သည်မှာ နှစ်ရက်ပင်မပြည့်သေးဘဲ ထွက်ခွာသွားရလျှင် ရက်စက်ရာကျလွန်းနေပေမည်။
ထို့ကြောင့် ဝမ်ရိုကို ဝမ်ဖူစန်းအား နောက်ထပ်ရက်အနည်းငယ် အဖော်ပြုပေးရန် ဆက်လက်နေထိုင်စေပြီး နောက်ပိုင်းမှ ရက်ရွေးကာ ဂိုဏ်းသို့ပြန်သွားစေရန် ဆုံးဖြတ်လိုက်ကြသည်။
လော့ချန်အိမ်တော်မှလူများ တဖြည်းဖြည်းကွဲကွာသွားသည်နှင့်အမျှ ချူချင်းကလည်း နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်လိုက်၏။
သူက ဝမ်ဖူစန်းကိုရှာကာ သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်သောအခါ ဝမ်ဖူစန်းကလည်း ဧည့်သည်ကိုတားဆီးထားခြင်းမရှိဘဲ ချူချင်းကိုပြောလိုက်သည်။
"ရှောင်ဟန်တောင်ကြားကိစ္စကို မင်း သေချာပေါက် စိတ်ထဲထည့်ထားရမယ်..."
ချူချင်းက လက်ယမ်းပြရင်း ပြောလိုက်၏။
"အိမ်တော်သခင်ဝမ်ကလည်း ဗျာ၊ ကျုပ်က အရမ်းအလုပ်များတာ။ ရှောင်ဟန်တောင်ကြားကိစ္စကတော့ လမ်းကြုံရင် သွားလိုက်ပါ့မယ်..."
ဝမ်ဖူစန်းမှာ ကြက်သေသေသွားလေ၏။ ဤသည်မှာ သူတို့သဘောတူထားသည်နှင့် မတူညီပေ။
သူက ချူချင်းကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဘာသဘောလဲ..."
ချူချင်းက လက်ကိုပွတ်သပ်ရင်း ပြောလိုက်၏။
"ဒီလို အကျိုးအမြတ်မရှိတဲ့ ကိစ္စမျိုးကျတော့ လူက သိပ်မမှတ်မိဘူးလေ..."
"ဒါဆို မင်းက ဘာအကျိုးအမြတ်လိုချင်တာလဲ..."
ဝမ်ဖူစန်းက ဒေါသထွက်လွန်း၍ ရယ်တောင်ရယ်ချင်သွားလေသည်။
"ငွေကြေးဆိုရင်တော့ ကျုပ်မလိုပါဘူး။ ဒါပေမဲ့ အိမ်တော်သခင်ဝမ်ရဲ့ အဲဒီဝိညာဉ်ဖောက်လက်ညှိုးသိုင်းက တော်တော်လေးကောင်းတာကို တွေ့ရတယ်။ အဲဒါကို ကျုပ်ဆီ လက်ဆင့်ကမ်းသင်ပေးလိုက်တာက ပိုကောင်းမယ် မထင်ဘူးလား..."
ချူချင်းက သူ့ကို မျက်စိမှိတ်ပြလိုက်၏။
ဝမ်ဖူစန်းက ဟားတိုက်ရယ်မောလိုက်လေသည်။
"ကောင်းပြီ၊ ကောင်းပြီ... မင်းက ဝိညာဉ်ဖောက်လက်ညှိုးသိုင်းကို မျက်စိကျနေတာကိုး…”
"ဒီကိစ္စက ရိုးရှင်းပါတယ်..."
"ခင်များ သဘောတူလိုက်တာလား..."
ချူချင်းမှာ အံ့အားသင့်သွားပြီး ဤအဘိုးကြီးက သဘောကျလွယ်လွန်းနေသည်ဟု ခံစားလိုက်ရသည်။
ထိုအခါ ဝမ်ဖူစန်းက ပြန်ပြောလာ၏။
"သဘောတူတာပေါ့၊ သဘောတူရမှာပဲ... မင်းလုပ်ရမှာက ရိုအာနဲ့ လက်ထပ်လိုက်ဖို့ပဲ။ ငါ့သိုင်းပညာအားလုံးကို အကုန်အစင် သင်ပေးမယ်..."
"ဒါ... ခင်များ သဘောမတူသေးဘူးဆိုတဲ့အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား..."
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့..."
ဝမ်ဖူစန်းက ဒေါသတကြီးပြောလိုက်သည်။
"ဝိညာဉ်ဖောက်လက်ညှိုးသိုင်းဆိုတာ ငါ့ရဲ့လော့ချန်အိမ်တော်က လျှို့ဝှက်လက်ဆင့်ကမ်းသိုင်းပဲ။ အပြင်ကို ဘယ်တော့မှ ပေါက်ကြားခွင့်မပြုဘူး…”
"ဒီလိုသိုင်းပညာမျိုးကို မင်းက ငါ့ရဲ့လော့ချန်အိမ်တော်က လူတစ်ယောက်မဖြစ်လာနိုင်ဘူးဆိုရင် ဒီအဘိုးကြီးက မင်းကို ဘယ်လိုလုပ်ပြီး သင်ပေးနိုင်မှာလဲ…”
"မင်းက မယူချင်ဘူးဆိုရင်တော့ တခြားစည်းကမ်းတစ်ခု ပြောင်းလိုက်..."
"ကပ်စေးနှဲလိုက်တာ..."
ချူချင်းက နှုတ်ခမ်းကို တွန့်လိုက်လေသည်။
"ဒီလိုဆိုရင်လည်း တခြားတစ်ခုပြောင်းလိုက်တာပေါ့..."
"ဘာ စည်းကမ်းလဲ..."
"ခင်များရဲ့လော့ချန်အိမ်တော် အင်အားစုနယ်မြေထဲမှာ ကျုပ် ဆိုင်တစ်ဆိုင်ဖွင့်ချင်တယ်…”
"လောလောဆယ်တော့ ဆိုင်ကို ခင်များလူတွေကို ဦးစီးခိုင်းထားမယ်။ ကျုပ်မှာ သင့်တော်တဲ့သူရှိလာတဲ့အခါမှ လူလွှတ်ပြီး လွှဲပြောင်းယူခိုင်းမယ်..."
"ဒီလောက်ပဲလား..."
ဝမ်ဖူစန်းက မျက်မှောင်အနည်းငယ်ကုတ်သွားပြီး ဆက်ပြောလိုက်၏။
"မင်းက ဆိုင်ဖွင့်မယ်ဆိုတာ အတုပဲ... တကယ်တမ်းကျတော့ တခြားရည်ရွယ်ချက်ရှိနေတာ မဟုတ်လား..."
"ကျုပ် ဘာရည်ရွယ်ချက်ရှိရှိ ခင်များ ဂရုစိုက်နေစရာမလိုပါဘူး။ ဘယ်လိုဖြစ်ဖြစ် ခင်များရဲ့လော့ချန်အိမ်တော်ကို လိုနေတာတော့ မဟုတ်ဘူး။ သဘောတူသလား၊ မတူဘူးလား ဆိုတာပဲ ပြော..."
ချူချင်းက လက်ဖက်ရည်ခွက်ကိုကိုင်ထားရင်း ခွက်ထဲမှ လက်ဖက်ခြောက်များကို မျက်စိဝေ့ကြည့်လိုက်ကာ အနည်းငယ် ပေါ့ပေါ့တန်တန်လေသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါက ကိစ္စသေးသေးလေးပါ..."
ဝမ်ဖူစန်းက ခေါင်းညိတ်ကာ သဘောတူလိုက်၏။
"ဒါဆိုရင်လည်း ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့..."
ချူချင်းက လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်လေသည်။
"ကျုပ် ခဏနေရင် ထွက်သွားတော့မယ်၊ လိုက်ပို့စရာမလိုဘူး။ ကျုပ်တို့ ဒီမှာပဲလမ်းခွဲကြတာပေါ့..."
ဝမ်ဖူစန်းက နှာမှုတ်လိုက်၏။
"အထင်ကြီးမနေနဲ့၊ ဘယ်သူက မင်းကို လိုက်ပို့မယ်ပြောလို့လဲ..."
သူစကားပြောပြီးချိန်မှာပင် ချူချင်းမှာ တံခါးအပြင်ဘက်သို့ ရောက်နေပြီဖြစ်သည်။
သူ့တွင် ပစ္စည်းပစ္စယများစွာ မပါရှိပေ။ အဝတ်အစားနှင့် ရိက္ခာခြောက်အချို့မှလွဲ၍ အဓိကအားဖြင့် လျန့်ပေချန်း၏အရိုးပြာကိုသာ ဂရုတစိုက်သယ်ဆောင်သွားရန် လိုအပ်ပေသည်။
သေချာပြင်ဆင်ထုပ်ပိုးပြီးနောက် အထုပ်ကိုလွယ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်၏။
သို့သော် အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် လူတစ်စုရပ်နေသည်ကို မြင်လိုက်ရလေသည်။
ဝမ်ခိုင်ယွမ်၊ ဝမ်ဖျင်ချဲ့၊ စီယဲ့၊ စီချန်၊ ဝမ်ခယ်ရန်... နှင့် လိုက်လံပို့ဆောင်ရန် မိမိသဘောဆန္ဒအလျောက် လာရောက်ကြသည့် လော့ချန်အိမ်တော်မှတပည့်တစ်စုပင် ဖြစ်သည်။
ချူချင်း၏အကြည့်က လူအုပ်ကြားထဲဝေ့ဝဲသွားပြီးနောက် ဝမ်ခိုင်ယွမ်ပြောလာသည်ကို ကြားလိုက်ရ၏။
"သခင်လေးသုံး... ဒါကတော့ မတရားဘူးလေ၊ ထွက်သွားမယ်ဆိုရင်တောင် ကျုပ်တို့ကို နှုတ်မဆက်တော့ဘူးလား..."
"ဟား ဟား ဟား..."
ချူချင်းက ပြုံးလိုက်လေသည်။
"ဒုတိယသခင် စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စတွေလည်း ပြီးသွားပြီဆိုတော့ ဒီမှာ အလကားဆက်ပြီး စားသောက်နေတာက ပိုပြီး မတရားရာကျနေလိမ့်မယ်…”
"စောစောကတင် အိမ်တော်သခင်ဝမ်ကို အသိပေးပြီးပြီဆိုတော့ အားလုံးကို အနှောင့်အယှက်မပေးချင်တော့လို့ပါ..."
စီယဲ့မှာ ယခုအခါ ပထမဆုံးတွေ့ခဲ့စဉ်ကလို မောက်မာအေးစက်နေသည့်ပုံစံမျိုး မရှိတော့ဘဲ ညင်သာစွာပြောလာ၏။
"ဆုံတွေ့ရတဲ့အချိန်က မရှည်ကြာပေမဲ့ သခင်လေးသုံးက ကျွန်တော်တို့ လော့ချန်အိမ်တော်အပေါ် ကျေးဇူးပြုခဲ့တာပါ။ တကယ်ကို ပြန်ဆပ်လို့ကုန်မှာကို မဟုတ်ပါဘူး…”
"သိုင်းလောကမှာ အန္တရာယ်တွေ များပြားလှတယ်။ သခင်လေး ပိုပြီးသတိထားဖို့ မျှော်လင့်ပါတယ်။ ဘယ်လိုအခက်အခဲမျိုးနဲ့ပဲ ကြုံရပါစေ အန္တရာယ်တွေကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်ပါစေ..."
"ကျေးဇူးပါပဲ..."
ချူချင်းက လက်ယှက်အရိုအသေပေးလိုက်ပြီး စီယဲ့၏ဘေးတွင် ရပ်နေသောဝမ်ခယ်ရန်ကို တစ်ချက်ကြည့်လိုက်လေသည်။
သူတို့နှစ်ဦး၏ကိစ္စမှာ အတည်တကျ မဖြစ်သေးဘဲ နောင်တွင် အခက်အခဲအပြောင်းအလဲများ ရှိဦးမည်လားဆိုသည်ကို မသိနိုင်သော်လည်း အနည်းဆုံးတော့ ယခုလက်ရှိအချိန်၌ အခြေအနေမဆိုးလှဟု ဆိုရပေမည်။
ဝမ်ဖျင်ချဲ့မှာ ချူချင်းမထွက်ခွာမီ သွေးသောက်ညီအစ်ကိုဖွဲ့ရန် ဆွဲထားချင်နေသေးသော်လည်း နောက်ဆုံးတွင် ဝမ်ခိုင်ယွမ်က ဖြောင်းဖျတားဆီးလိုက်လေ၏။
ထိုလူအုပ်စုကြီးက ချူချင်းကို လော့ချန်အိမ်တော်၏ဂိတ်တံခါးဝအထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး ကြယ်ဆွတ်ရေကန်ရှေ့၌ နှုတ်ဆက်ခဲ့ကြသည်။
အချို့က ငွေစက္ကူများယူလာကြပြီး အချို့ကလည်း ရိက္ခာခြောက်များ ပေးအပ်ကြလေသည်။