← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂) - ခရီးစတင်ခြင်း (၂)

ချူချင်းက ပစ္စည်းများကို တစ်ခုပြီးတစ်ခုလှမ်းယူလိုက်ပြီး လက်ယှက်ကာ ပြောလိုက်၏။

"ကောင်းပါပြီ... မိုင်တစ်ထောင်ဝေးတဲ့နေရာကို ပို့ပေးရင်တောင် လမ်းခွဲရမဲ့အချိန်တော့ ရောက်လာတာပါပဲ။ အားလုံးပဲ... ကျုပ်တို့ နောက်မှပြန်ဆုံကြတာပေါ့..."

"သခင်လေးသုံး... လမ်းခရီးကို ဂရုစိုက်ပါ..."

"သခင်လေးသုံး... မကြာခဏပြန်လာလည်ဖို့ သတိရဦးနော်..."

"ညီငယ်... နောက်တစ်ခေါက်လာတဲ့အခါကျရင် ငါနဲ့ သွေးသောက်ညီအစ်ကိုဖွဲ့ရမယ်နော်..."

သူကလက်ဝှေ့ယမ်းကာ လူအားလုံးကို နှုတ်ဆက်လိုက်လေသည်။

ထို့နောက် ချူချင်းလှည့်ထွက်လိုက်ပြီး ခြေလှမ်းအပြောင်းအလဲနှင့်အတူ သူ၏ပုံရိပ်မှာ မြူခိုးတစ်စုကဲ့သို့ မျောလွင့်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အဝေးသို့ပျောက်ကွယ်သွားတော့သည်။

ဝမ်ခိုင်ယွမ်နှင့်အခြားသူများက ချူချင်း၏ပုံရိပ် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့ကြပြီးနောက်မှ လော့ချန်အိမ်တော်ဆီသို့ လှည့်ပြန်သွားကြလေ၏။

ဝမ်ဖျင်ချဲ့က ဘယ်ညာကိုလှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ထူးဆန်းစွာဖြင့် မေးလိုက်သည်။

"ရိုအာ ဘာလို့မလာတာလဲ..."

ဝမ်ခိုင်ယွမ်က ပြုံးလိုက်လေ၏။

"အဲဒါတွေ ဂရုစိုက်မနေနဲ့၊ ငါ အစ်ကိုကြီးကို အရင်သွားရှာလိုက်ဦးမယ်..."

သူက အိမ်တော်ထဲသို့ ခြေတစ်လှမ်းအရင်ဝင်သွားကာ ဝမ်ဖူစန်း၏ခြံဝင်းဆီသို့ တန်းတန်းမတ်မတ်သွားလေသည်။

ထိုအချိန်တွင် ဝမ်ဖူစန်းမှာ ပြတင်းပေါက်ရှေ့၌ထိုင်ကာ လက်ဖက်ရည်သောက်နေ၏။ ညှိုးရော်နေသော သစ်ရွက်ဝါများ လေထဲတွင်လွင့်ပျံနေပြီး ပြတင်းပေါက်ဘောင်ပေါ်သို့ ကျလာသည်ကို သူကောက်ကိုင်လိုက်ကာ အရွက်ပေါ်ရှိအကြောများကို သေချာစစ်ဆေးနေလေသည်။

ဝမ်ခိုင်ယွမ်က အခန်းထဲသို့ဝင်လာချိန်တွင် ဝမ်ဖူစန်းက ညင်သာစွာမေးလိုက်သည်။

"ထွက်သွားပြီလား..."

"အင်း..."

ဝမ်ခိုင်ယွမ်က ခေါင်းညိတ်လိုက်သော်လည်း စကားတစ်ခွန်းကိုပြောလိုသော်လည်း မျိုသိပ်ထားလိုက်ပုံရ၏။

"ပြောစရာရှိရင်ပြော၊ တွန့်ဆုတ်မနေနဲ့..."

"ဒီတိုင်းပဲ... ရိုအာကို သူ့နောက်လိုက်သွားခွင့်ပြုလိုက်တာလား..."

ဝမ်ခိုင်ယွမ်က အနည်းငယ်ရှုပ်ထွေးနေသည့်ဟန်ဖြင့် ပြောလိုက်သည်။

"ယောက်ျားလေးကလည်း လူပျို၊ မိန်းကလေးကလည်း အပျိုလေ။ သခင်လေးသုံးက သိုင်းပညာပြိုင်ဘက်ကင်းပြီး စိတ်သဘောထား ဖြောင့်မတ်တယ်ဆိုပေမဲ့ ကွယ်ရာမှာ အနိုင်ကျင့်တဲ့လုပ်ရပ်မျိုး လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ရပေမဲ့…”

"ဒါပေမဲ့ သူတို့က သွေးဆူနေတဲ့ အရွယ်တွေလေ... နေ့တိုင်း အတူရှိနေပြီး အချိန်တွေကြာလာရင် ပြဿနာတစ်ခုခုတက်လာတာမျိုး ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး..."

"ပြဿနာတက်လည်း တက်ပေါ့..."

ဝမ်ဖူစန်းက နှာမှုတ်လိုက်လေ၏။

"ဒီအဘိုးကြီးက အခုအချိန်မှာ ပြဿနာတက်မှာကို မစိုးရိမ်ဘူး၊ ပြဿနာမတက်မှာကိုပဲ စိုးရိမ်နေတာ..."

"..."

ဝမ်ခိုင်ယွမ်မှာ မျက်လုံးများပြူးကျယ်သွားလေသည်။

‘ပြဿနာမတက်မှာကို စိုးရိမ်နေတယ်ဟုတ်လား…’

‘အဲဒါ ခင်များရဲ့သမီးအရင်းကြီးနော်…’

‘ဒီလိုမျိုး မကောင်းတဲ့ ကောင်လေးတစ်ယောက်ကို ခေါ်သွားခွင့်ပေးလိုက်တာတောင်မှ ဘယ်လိုဖြစ်လို့ ခင်များက ဂုဏ်ယူနေရတာလဲ…’

ဝမ်ဖူစန်းက နှုတ်ခမ်းကိုတွန့်လိုက်သော်လည်း အချို့စကားများကိုတော့ ပြောပြရန် ခက်ခဲနေပေသည်။

အဓိကပြဿနာမှာ ထိုကောင်လေးကအရမ်းပါးနပ်ပြီး ဖမ်းဆုပ်ရန် ခက်ခဲလွန်းလှပေသည်။ ပါးစပ်ကသာ ရှောင်ဟန်တောင်ကြားသို့သွားမည်ဟု ကတိပေးထားသော်လည်း နောက်ဆုံးတွင် အမှန်တကယ်သွားမည်၊ မသွားမည်ကို မည်သူသိနိုင်မည်နည်း။

သူကိုယ်တိုင်က တစ္ဆေဧကရာဇ်၏ပိတ်ပင်မှုကြောင့် လော့ချန်အိမ်တော်မှ ထွက်ခွာ၍မရနိုင်ပေ။

အကယ်၍ ထိုကောင်လေးက ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးလုပ်ခဲ့လျှင် နောက်ပိုင်းတွင် သူ့ကို မည်သည့်နေရာ၌ ရှာရမည်နည်း။

ဤနေရာတွင်ထိုင်၍ စိုးရိမ်ပူပန်နေမည့်အစား သမီးဖြစ်သူကို သူနှင့်အတူ ထည့်ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ သူ့ဘေးတွင် နေ့စဉ်နေ့တိုင်း အသက်ဝင်လှုပ်ရှားနေသော အလှလေးတစ်ဦးရှိနေခြင်းက သူ့ကို ရှောင်ဟန်တောင်ကြားသို့ မပျက်မကွက်သွားရောက်ရန် အချိန်တိုင်းသတိပေးနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အကယ်၍ တစ်ခုခုများဖြစ်ပျက်သွားခဲ့မည်ဆိုလျှင် ထိုအရာက ပို၍ပင် ဝမ်းသာဖွယ်ကောင်းနေဦးမည်ဖြစ်သည်။

ဝမ်ရိုနှင့် အနည်းငယ်ရင်းနှီးရုံမျှဖြင့် လော့ချန်အိမ်တော်ကိုကူညီပေးရန် လိုလိုလားလားရှိနေပြီး ကောင်းကင်မိစ္ဆာဂိုဏ်းကဲ့သို့သော အင်အားစုမျိုးနှင့်ပင် ရန်သူဖြစ်ရမည်ကို မကြောက်ရွံ့သည့် လူငယ်ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူ့သမီးလေး လုံးဝအရှုံးပေါ်မည် မဟုတ်ချေ။

ထို့ပြင် ဆက်ဆံရေးတစ်ခုသာ အခိုင်အမာတည်မြဲသွားပြီဆိုလျှင် ထိုကောင်လေးက မျက်ကွယ်ပြုထားနိုင်မည် မဟုတ်ကြောင်းကို သူယုံကြည်ပေသည်။

ဝမ်ဖူစန်းသည် အလွန်အကင်းပါးပြီး ကြိုတင်တွက်ဆတတ်သူဖြစ်ရာ အရှုံးပေါ်မည့်အရောင်းအဝယ်မျိုးကို မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် ဝမ်းနည်းစရာမှာ ဤစကားများကို ဝမ်ခိုင်ယွမ်အား ပြောပြ၍မရနိုင်ခြင်းပင်။

ထို့ကြောင့် ဝမ်ခိုင်ယွမ်က သူ့အား ကောင်းကင်မိစ္ဆာဂိုဏ်းမှ လူယုတ်မာများ၏ရိုက်နှက်မှုကြောင့် ဦးနှောက်ပျက်စီးသွားပြီလားဟူ၍ သံသယဝင်နေခြင်းကိုသာ လွှတ်ထားပေးရတော့သည်။

...

...

ချူချင်းသည် လော့ချန်အိမ်တော်မှ ထွက်ခွာပြီးနောက် မြောက်ဘက်သို့ တောက်လျှောက်ခရီးဆက်ခဲ့၏။

လီနှစ်ဆယ်ခန့်လမ်းလျှောက်ပြီးနောက် လမ်းဘေးရှိ ကျောက်တုံးကြီးပေါ်တွင်ထိုင်ကာ အနားယူလိုက်သည်။

တစ်ခါတစ်ရံ အိတ်ထဲမှစားစရာအချို့ကို ထုတ်ယူကာ ရေသန့်နှင့်တွဲဖက်၍ စားသောက်လေ၏။

တစ်ခဏစောင့်ဆိုင်းပြီးသည်အထိ ပုန်းကွယ်နေသောသူခိုးလေး ထွက်မလာသေးသည်ကို မြင်သောအခါ သူက အကူအညီမဲ့စွာ ပြုံးလိုက်လေသည်။

"မင်း အခုထိ ထွက်မလာသေးဘူးဆိုရင် ငါ ထွက်သွားတော့မှာနော်..."

ဝမ်ရိုသည် သူမ၏အိတ်ငယ်လေးကို လွယ်ထားရင်း သစ်တောအစပ်မှ ဖြည်းညင်းစွာထွက်လာကာ ချူချင်း၏ဘေးသို့ ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။ သူမ၏မျက်လုံးဝိုင်းကြီးများက မျက်တောင်မခတ်ဘဲ သူ့ကိုစိုက်ကြည့်နေ၏။

"ကျွန်မလိုက်လာတယ်ဆိုတာ အစ်ကိုဘယ်လိုသိတာလဲ..."

ချူချင်းနောက်သို့လိုက်လာသည့်ကိစ္စကို ဖုံးကွယ်ထားနိုင်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ချူချင်းမှာ မည်မျှအထိ သိုင်းပညာမြင့်မားသူ ဖြစ်သနည်း။ သူ့နောက်မှ တစ်ယောက်ယောက်လိုက်လာသည်ကို သူက မည်သို့လျှင် မသိဘဲနေမည်နည်း။

သို့သော် သူမမှန်း အဘယ်ကြောင့် ဤမျှသေချာနေရသနည်း…

"သူတို့အားလုံး ငါ့ကိုလိုက်ပို့ကြပေမဲ့ မင်းကတော့ ရောက်မလာဘူးလေ... ဒါက အကြံအစည်တစ်ခု ရှိနေလို့ဆိုတာ သိသာတယ်…”

"လော့ချန်အိမ်တော်ကနေ ထွက်လာကတည်းက တစ်ယောက်ယောက်က အနောက်ကနေ တောက်လျှောက်လိုက်လာခဲ့တာပဲ…”

"ငါက ကိုယ်ဖော့ပညာကိုသုံးပြီး ခြေရာဖျောက်ခဲ့ရင်တောင် ထပ်ပြီး လိုက်လာနိုင်သေးတယ်ဆိုတော့... မင်းကလွဲပြီး ဘယ်သူများ ဒီလိုစွမ်းရည်မျိုး ရှိနေဦးမှာလဲ..."

ချူချင်းကလက်လှမ်းကာ ဝမ်ရို၏မျက်ခုံးကြားကို တစ်ချက်‌တောက်လိုက်လေသည်။

"အိမ်မှာ မင်းအဖေကို အဖော်မပြုပေးဘဲ ငါ့နောက်ကို ဘာလို့လိုက်လာတာလဲ…”

"ငါ ဆက်လုပ်ရမဲ့ကိစ္စတွေက တော်တော်လေး အန္တရာယ်များတယ်..."

"သိုင်းလောကမှာ လှည့်လည်သွားလာနေမှတော့ ဘယ်နေရာများ ဘေးကင်းငြိမ်းချမ်းပြီး အရာအားလုံး အဆင်ပြေချောမွေ့နေတာမျိုးရှိလို့လဲ..."

ဝမ်ရိုက ညင်သာစွာ ပြောလိုက်၏။

"ပြီးတော့ အစ်ကို့နောက်ကိုလိုက်သွားဖို့ အဖေကိုယ်တိုင် ခိုင်းလိုက်တာ..."

"မင်းအဖေက တကယ့်ကို ဉာဏ်များလွန်းတယ်..."

"အင်း..."

ဝမ်ရိုက ခေါင်းတစ်ဆက်ဆက် ညိတ်လိုက်လေသည်။

"အစ်ကိုသုံး ပြောတာမှန်တယ်..."

"..."

ချူချင်းက လေဝင်နေသော ဝါဂွမ်းအင်္ကျီလေးကိုကြည့်ရင်း တစ်ခဏမျှ ငိုရခက်၊ ရယ်ရခက်ဖြစ်သွားလေသည်။

သို့သော် ရိုးသားစွာဆိုရလျှင် လမ်းတစ်လျှောက် အတူဖြတ်သန်းလာခဲ့သည်မှာ သိပ်မကြာသေးသော်လည်း ရုတ်တရက် ခွဲခွာရမည်ဆိုသဖြင့် အမှန်တကယ်ပင် သံယောဇဉ်မပြတ်နိုင်သလို ခံစားနေရ၏။

ဝမ်ရို၏အမူအကျင့်များက လူကို အလွန် သက်သောင့်သက်သာဖြစ်စေသည်ကို မဆိုထားနှင့်၊ အရေးအကြီးဆုံးမှာ သူမက အသုံးဝင်လွန်းလှပေသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် လူသားရေဒါတစ်ခုနှင့်ပင် တူနေလေသည်။

လော့ချန်အိမ်တော်ကိစ္စများ ပြီးဆုံးသွားပြီးနောက် ဝမ်ဖူစန်းကိုအဖော်ပြုပေးရန်အတွက် သူမကို အိမ်တော်တွင်သာထားခဲ့ရန် သူစဉ်းစားထားခဲ့သည်။

ချူချင်းက ကောင်းကင်ရနံ့ခန္ဓာကိုယ်ကိုခွဲခွာရန် မစွန့်လွှတ်နိုင်သော်လည်း သူတို့သားအဖကိုတော့ မခွဲခွာစေချင်ပေ။

ယခုတော့ သူမကိုယ်တိုင်ကပင် သူ့နောက်သို့လိုက်လာရန် ရွေးချယ်ခဲ့ပြီဖြစ်ရာ သူမကို အိမ်သို့ပြန်ပို့ပေးရန် မလိုအပ်တော့ချေ။

ဝမ်ဖူစန်းစိတ်ထဲတွင် တွေးနေသည်ကိုမူ ချူချင်း အကြမ်းဖျင်းခန့်မှန်းမိလေသည်။

ဝမ်ရိုကိုကြည့်ရင်း ချူချင်းက နှုတ်ခမ်းကိုတွန့်လိုက်၏။

"မင်းအဖေက တကယ်ကိုရက်စက်နိုင်တာပဲ..."

"ဘာလို့ မရက်စက်နိုင်ရမှာလဲ..."

ဝမ်ရိုက ခေါင်းလေးစောင်းကာ ချူချင်းကိုကြည့်လိုက်လေသည်။

"မေ့လိုက်ပါတော့..."

ချူချင်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"လိုက်လာမှတော့... ငါတို့ ခရီးဆက်ကြတော့မလား..."

"အင်း..."

သူတို့နှစ်ယောက်က သွားမည်ပြောပြီးသည်နှင့် အထုပ်အပိုးများကိုသိမ်းဆည်းကာ မြောက်ဘက်သို့ ခရီးဆက်ကြလေသည်။

ယခု သူတို့ အလျင်လိုမနေချေ။ ချူချင်းက နျဲ့ကျင့်ထိုင်ကို ရင်ဆိုင်လိုနေလျှင်ပင် သင့်တော်သောအခွင့်အရေးတစ်ခု လိုအပ်သဖြင့် အလောတကြီး လုပ်ဆောင်၍မရနိုင်ပေ။

ထို့ကြောင့် လမ်းတစ်လျှောက်တွင် အေးအေးလူလူလေ့လာကြည့်ရှုရင်း မြင်းပေါ်တွင် ဇက်ကြိုးလွှတ်ကာ သွားလာနေခဲ့ရာ လော့ချန်အိမ်တော်နယ်နိမိတ်အတွင်းမှ ထွက်ခွာရန်ပင် နှစ်ရက်တိတိအချိန်ယူလိုက်ရလေသည်။

ထိုအချိန်မှသာ ထျယ်ရွှဲ့ခန်းမဆောင်၏ အင်အားစုနယ်မြေအတွင်းသို့ တရားဝင်ခြေချမိသွားပြီး ရှေ့သို့ အနည်းငယ်ဆက်သွားလိုက်လျှင် မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိသွားပေမည်။

ထိုမြို့ငယ်လေး၏အမည်မှာ သံကွင်းမြို့ဖြစ်သည်။

ချူချင်းနှင့်ဝမ်ရိုတို့က ပုံမှန်လမ်းကြောင်းအတိုင်း လာခဲ့ခြင်းမဟုတ်ပေ။ သို့မဟုတ်ပါက လော့ချန်အိမ်တော်နှင့် အနီးဆုံးမြို့မှာ တင်ရှင်းမြို့ဖြစ်သင့်ပေသည်။

ထိုစဉ်က ထျယ်လင်ယွန်းတစ်ယောက် သန်းခေါင်ယံအချိန်တွင် မြင်းကိုဒုန်းစိုင်းနှင်ကာ ထျန်းရှင်းတောင်သို့ အရောက်လာနိုင်ခဲ့ခြင်းမှာ သူတို့က ထိုအချိန်တွင် တင်ရှင်းမြို့၌ ရှိနေခဲ့သောကြောင့်ပင်။

တင်ရှင်းမြို့မှာ မူလက တင်ရှင်းမြို့ဟု အမည်မတွင်ခဲ့ပေ။ ထျယ်ရွှဲ့အင်အားစုက ဤနေရာကို လွှမ်းမိုးသွားပြီးနောက်မှ ထိုအမည်ကို ပေးခဲ့ခြင်းဖြစ်သည်။ ထျယ်လင်ယွန်း၏ အဓိကရည်ရွယ်ချက်မှာ... 'မင်းကို အနိုင်မယူနိုင်ဘူးဆိုရင်တောင် မင်းကိုတော့ စိတ်အနှောင့်အယှက် ဖြစ်စေရမယ်'ဆိုသည့် သဘောမျိုးပင်။

ဤအမည်မှာ ထျန်းရှင်းတောင်ကို တိုက်ရိုက်ရည်ရွယ်ထားသည့် သဘောသက်ရောက်မှု အလွန်များပြားလွန်းလှပေသည်။

သို့သော် ဝမ်ရိုကမူ သူမတို့ဘက်ကို ပစ်မှတ်ထားခံရသည်ဟု မခံစားရဘဲ အရာအားလုံးကို စိတ်ဝင်တစားဖြင့်သာ ကြည့်ရှုနေလေသည်။

နောက်ဆုံးတွင် သူတို့နှစ်ဦးက ထျဲ့ဟွမ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် အခန်းနှစ်ခန်းငှားရမ်းလိုက်ပြီး ဤနေရာ၌ တစ်ညအနားယူရန် ပြင်ဆင်လိုက်ကြ၏။

ညစာစားချိန်တွင် ချူချင်းက ဝမ်ရိုတစ်ယောက် ငွေအိတ်တစ်အိတ်ကိုကိုင်ကာ ဆော့ကစားနေသည်ကို မြင်လိုက်ရသည်။

သူက အနည်းငယ်နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"ဒီငွေအိတ်က ဘယ်ကရလာတာလဲ..."

အရောင်ကိုကြည့်ရသည်မှာ ဝမ်ရိုနှစ်သက်မည့် အမျိုးအစားမျိုး မဟုတ်ပေ။

ဝမ်ရိုက ၎င်းကို ချူချင်းထံ ကမ်းပေးလိုက်သည်။

"စောစောက ကောက်ရထားတာ... ပိုင်ရှင်ကို မတွေ့သေးဘူး..."

ချူချင်းက ၎င်းကိုလှမ်းယူလိုက်ပြီး စကားပြောရန်ပြင်လိုက်စဉ်မှာပင် ခြေသံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး အနောက်သို့လှည့်ကြည့်လိုက်ရာ လူတစ်စုက တည်းခိုခန်းတံခါးဝသို့ ဝင်လာသည်ကို မြင်လိုက်ရလေသည်။

ခေါင်းဆောင်ဖြစ်သူမှာ အသက်ငါးဆယ်အရွယ် ရှိနေပြီး သူ၏မျက်နှာထားက အေးချမ်းပုံပေါက်သော်ငြား မျက်ခုံးနှစ်ခုကြားတွင်မူ ရန်လိုသည့်အငွေ့အသက်များကို မြင်တွေ့နေရဆဲပင်။

နောက်လိုက်များမှာ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြပြီး သိုင်းလောကတွင် အရောင်းအဝယ်ပြုလုပ်နေကြသူများနှင့် တူသော်လည်း... အများစုမှာ မျက်နှာပေါ်တွင် ကြမ်းတမ်းသည့် အသွင်အပြင်များ ရှိနေကြကာ လူကောင်းများနှင့် မတူပေ။

ချူချင်းက လူတစ်ယောက်ကို အပြင်ပန်းရုပ်ရည်ဖြင့် အကဲမဖြတ်သင့်ဟု သူကိုယ်တိုင် ယုံကြည်ထားသော်လည်း ဤလူစုကိုကြည့်ရသည်မှာ အပြင်ပန်းရုပ်ရည်ဖြင့် အကဲမဖြတ်လျှင်ပင် သူတို့၏ဂုဏ်သိက္ခာကို စော်ကားရာရောက်နေမည်ဟု ခံစားမိလေသည်။

ချူချင်းသာမက တည်းခိုခန်းအတွင်းရှိ လူအများစုကလည်း ဤလူစုကို သတိထားသည့်အကြည့်များဖြင့် ကြည့်လိုက်ကြပြီးနောက် အမြန်ခေါင်းငုံ့ကာ မိမိတို့၏စားသောက်ဖွယ်ရာများကိုသာ ဆက်လက်စားသောက်နေကြ၏။

"ဟင်... ထျယ်ရွှဲ့နယ်မြေထဲကို ဘယ်လိုလုပ်ပြီး တောင်ပေါ်ဓားပြတစ်စု ရောက်လာရတာလဲ..."

ရုတ်တရက် ထောင့်တစ်နေရာမှ အသံတစ်သံထွက်ပေါ်လာရာ ချူချင်းက အသံလာရာသို့ လှည့်ကြည့်လိုက်မိသည်။ ထိုအခါ အသက်သုံးဆယ်အရွယ် သာမန်စာပေပညာရှင်တစ်ဦးက တံခါးဝသို့ကြည့်ကာ မျက်နှာပေါ်တွင် နားမလည်နိုင်သည့်အမူအရာများ အပြည့်ဖြစ်နေသည်ကို မြင်လိုက်ရတော့သည်။

All Chapters