← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း (၂၄၃) - စာပေပညာရှင်နှင့် လူသတ်သမား (၁)

စာပေပညာရှင် စကားစပြောလိုက်သည်နှင့် တည်းခိုခန်းတစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားလေ၏။

ချူချင်းသည်ပင် စာပေပညာရှင်၏ရဲတင်းမှုကြောင့် အတော်အတန်အံ့ဩသွားခဲ့ရသည်။ ထိုလူစုမှာ တစ်ယောက်စီတိုင်းက ရက်စက်ကြမ်းကြုတ်သည့် အသွင်ရှိကြပေရာ သူတို့ကို စီးပွားရေးသမားများဟု ခေါ်ဆိုခြင်းထက် တောင်ပေါ်ဓားပြများဟုဆိုခြင်းက ပို၍တိကျမှန်ကန်ပေလိမ့်မည်။

ဤအတွေးမျိုးကို လူတိုင်းတွေးမိကြသော်လည်း ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်းထုတ်ပြောရဲသူမှာမူ ဤတစ်ယောက်တည်းသာ ရှိလေသည်။

သာမန်စာပေပညာရှင်တစ်ဦးကဲ့သို့ ရိုးရှင်းမည်မဟုတ်ဘဲ အားကိုးတစ်ခုခု ရှိနေပုံရပေ၏။

စိတ်ထဲမှထိုသို့တွေးနေစဉ်မှာပင် ထိုလူအုပ်ထဲမှ တစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

"ကောင်စုတ်... ဘာအဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတာလဲ... ဘယ်သူက တောင်ပေါ်ဓားပြလဲ..."

"ခင်များတို့က မဟုတ်လို့လား..."

စာပေပညာရှင်က သူတို့ကိုမျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး အရှိန်အဝါပိုင်းတွင် အလျှော့ပေးခြင်းအလျဉ်းမရှိဘဲ ပြောလိုက်၏။

"ခင်များတို့ကို ကျုပ်ပြောလိုက်မယ်... ဒီနေရာက ထျယ်ရွှဲ့နယ်မြေပဲ... ခင်များတို့ ဒီမှာ မဆင်မခြင်လုပ်ချင်တယ်ဆိုရင်တော့ နေရာမှားသွားပြီ... ခန်းမသခင်ကြီးထျယ်သာ ဒေါသထွက်သွားရင် ခင်များတို့ ပြေးပေါက်မရှိဖြစ်သွားလိမ့်မယ်..."

အစောပိုင်းက စကားပြောခဲ့သော လူကြမ်းကြီးမှာ ထိုစကားကိုကြားသောအခါ ပို၍ပင် မျက်နှာထားကြမ်းတမ်းသွားသော်လည်း ခေါင်းဆောင်ဖြစ်သူက သူ့ကိုလက်ကာပြ၍ တားဆီးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ညီအစ်ကို... နားလည်မှုလွဲနေပြီ... ကျုပ်တို့အားလုံးက ရိုးရိုးသားသား စီးပွားရေးလုပ်တဲ့သူတွေပါ... တောင်ပေါ်ဓားပြတွေ၊ လမ်းမှာလုယက်တဲ့သူတွေ မဟုတ်ပါဘူး... ဒီကိုရောက်လာတာကလည်း ခဏနားပြီး ညအိပ်ဖို့သက်သက်ပါပဲ... ပြဿနာရှာမဲ့သူတွေ လုံးဝမဟုတ်ပါဘူး..."

စာပေပညာရှင်က သူတို့ကို သံသယဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်လေ၏။

"အဲဒီလိုဆိုရင်တော့ အကောင်းဆုံးပဲ... မဟုတ်ရင်တော့ ကျုပ်ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့..."

ဤစကားကြောင့် ထိုလူတစ်စုမှာ မုတ်ဆိတ်မွေးများ ထောင်ထလာသည်အထိ ဒေါသတကြီးစိုက်ကြည့်လာကြသော်လည်း ခေါင်းဆောင်ဖြစ်သူက တားဆီးထားသဖြင့် အဆုံးတွင် မည်သူမျှရန်မစဝံ့ကြချေ။

ခေါင်းဆောင်ဖြစ်သူကလည်း စာပေပညာရှင်ကို ဆက်၍အဖက်မလုပ်တော့ဘဲ ဆိုင်ရှင်နှင့်စကားပြောကာ တည်းခိုခန်းအချို့ကို ငှားရမ်းလိုက်သည်။ ထို့နောက် သူတို့တစ်စုသည် အပေါ်ထပ်သို့ အုပ်စုလိုက် တက်သွားကြလေတော့သည်။

စာပေပညာရှင်ကမူ သူတို့ကိုစူးစိုက်ကြည့်နေဆဲဖြစ်ပြီး အကယ်၍ သူတို့သာ တစ်ခုခုလုပ်ဝံ့ပါက ထျယ်ရွှဲ့ခန်းမ‌ဆောင်သို့ သွားရောက်သတင်းပို့မည့် အနေအထားမျိုး ရှိနေပေသည်။

ချူချင်းက သူ၏အကြည့်များကို ရုပ်သိမ်းလိုက်ပြီး လက်ထဲရှိငွေအိတ်ကို အမှတ်တမဲ့ဖွင့်လိုက်၏။

ဝမ်ရိုသည် ဤငွေအိတ်ကို မည်သို့ကောက်ရလာခဲ့ကြောင်း မသိရသော်လည်း အတွင်းတွင် ငွေတုံးများနှင့် ငွေစက္ကူများပါဝင်ကာ စုစုပေါင်းငွေတျန်နှစ်ရာ အတိအကျရှိလေသည်။

ပြန်ပိတ်တော့မည့်ဆဲဆဲတွင် ငွေအိတ်ထဲ၌ စာရွက်ပိုင်းလေးတစ်ခုရှိနေသည်ကို မြင်လိုက်ရသည်။ ပိုင်ရှင်နှင့်ပတ်သက်သော သဲလွန်စမသိရသဖြင့် ချူချင်းက ထိုစာရွက်ပိုင်းလေးကို ဖြန့်ကြည့်လိုက်ရာ အပေါ်တွင် စာလုံးခြောက်လုံးရေးသားထားသည်ကို တွေ့လိုက်ရပေသည်။

'ချင်းယန်လက်ဝါး' လျူယွီလိုင်။

ချူချင်း၏မျက်နှာအနည်းငယ် ပြောင်းလဲသွားပြီး ငွေအိတ်ကို ပြန်ပိတ်လိုက်သည်။

ဝမ်ရိုက တိုးညင်းစွာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ..."

"ခဏနေမှ ပြောပြမယ်..."

ချူချင်းက ငွေအိတ်ကို ရင်ခွင်ထဲထည့်သိမ်းလိုက်သည်။

"ဒီအိတ်ကို ငါ့ကိုပေးလို့ ရမလား..."

"အင်း..."

ဝမ်ရိုမှာ ငွေအိတ်ကို ပိုင်ရှင်ထံ ပြန်ပေးလိုဆဲဖြစ်သော်လည်း ချူချင်းလိုချင်နေသည်ကို မြင်သောအခါ ခေါင်းညိတ်လိုက်လေသည်။ ချူချင်း ဤသို့လုပ်ဆောင်ခြင်းမှာ နောက်ကွယ်၌ အကြောင်းပြချက်တစ်ခုခုရှိရမည်ဟု သူမ ယုံကြည်ထားပေ၏။

သူတို့နှစ်ဦးမှာ ဆက်လက်စားသောက်ကြပြီးမှသာ အပေါ်ထပ်သို့တက်လာခဲ့ကြသည်။ တိုက်ဆိုင်စွာပင် ထိုစာပေပညာရှင်မှာလည်း ယခုမှစားသောက်ပြီးသွားရာ သူ၏စာအုပ်တောင်းကိုလွယ်ကာ ချူချင်းနှင့်ဝမ်ရိုတို့နောက်မှ အပေါ်ထပ်သို့ အတူတက်လာခဲ့၏။ သူ၏အခန်းမှာ ချူချင်း၏အခန်းနှင့် ကပ်လျက်တွင် ရှိနေပေသည်။

ဝမ်ရိုသည် သူမ၏အခန်းသို့ ပြန်မသွားဘဲ ချူချင်းနောက်သို့လိုက်ကာ အခန်းထဲဝင်လာခဲ့သည်။ စားပွဲရှေ့တွင် ထိုင်လိုက်ပြီးနောက် ချူချင်းက ငွေအိတ်ကိုထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး ထိုစာရွက်ပိုင်းလေးကို ရှာဖွေထုတ်ယူ၍ ဝမ်ရိုထံ ကမ်းပေးလိုက်လေ၏။

ဝမ်ရိုကခေါင်းစောင်းကာ နှစ်ချက်ခန့်ကြည့်လိုက်သည်။

"ဒီငွေအိတ်က... လျူယွီလိုင်ဆိုတဲ့ လူဆီကများလား..."

"မဟုတ်ဘူး... ဒီငွေအိတ်ပိုင်ရှင်က လျူယွီလိုင်ကို သတ်ချင်နေတာ ဖြစ်ဖို့များတယ်... ဒါက လူသတ်သမားငှားဖို့ပေးတဲ့ စရန်ငွေဖြစ်ရမယ်..."

ဝမ်ရိုမှာ အံ့သြမှင်တက်သွားခဲ့၏။

"ဒီလိုကိုး..."

ချူချင်းက သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ အခြားသူများက ဤငွေအိတ်၏လျှို့ဝှက်ချက်ကို မသိကြသော်လည်း ချူချင်းမှာ နျဲ့ကျင့်ထိုင်မှဖြစ်ခဲ့ဖူးရာ ဤအရာများ၏နောက်ကွယ်မှ လျှို့ဝှက်ချက်ကို သဘာဝကျကျပင် နားလည်ထားပေသည်။

အကယ်၍ တစ်စုံတစ်ယောက်က လူသတ်မှုကျူးလွန်ရန် နျဲ့ကျင့်ထိုင်ကိုရှာဖွေလိုပါက ပြန့်ကျဲနေသော လမ်းကြောင်းများမှတစ်ဆင့် တဖြည်းဖြည်းဆက်သွယ်လာနိုင်သည်။

အချိန်တန်သောအခါ စရန်ငွေနှင့် ပစ်မှတ်၏အမည်ကို နျဲ့ကျင့်ထိုင်မှ သတ်မှတ်ထားသောနေရာတွင် အတူထားကာ အပေးအယူ အတည်ပြုနိုင်ပေသည်။ ငွေနှင့်ပစ်မှတ်ကို လက်ခံရရှိပြီးနောက် နျဲ့ကျင့်ထိုင်မှလူများသည် ပစ်မှတ်၏အခြေအနေကို သိရှိနိုင်ရန် စတင်စုံစမ်းစစ်ဆေးကြလေသည်။

ထို့နောက် ပို၍သင့်လျော်သော ဈေးနှုန်းတစ်ခုကို သတ်မှတ်တောင်းဆိုကြသည်။ အကယ်၍ ငှားရမ်းသူက ဈေးနှုန်းမြင့်လွန်းသည်ဟုထင်ကာ သဘောတူညီမှု ပျက်ပြယ်သွားပါကလည်း စရန်ငွေကို ပြန်ပေးမည်မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ငှားရမ်းသူက ဈေးနှုန်းကိုသဘောတူပါက လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်များကို စတင်ဆောင်ရွက်နိုင်ပေပြီ။ ကျန်ရှိသည့် အခကြေးငွေကိုမူ ကိစ္စပြီးစီးပြီးနောက်မှသာ ရှင်းလင်းလေ့ရှိသည်။

အစပိုင်း ဆက်သွယ်မှုလုပ်ငန်းစဉ်တစ်ခုလုံးမှာ ရိုးရှင်းပုံပေါ်သော်လည်း လက်တွေ့တွင်မူ အလွန်စေ့စပ်သေချာလှပေသည်။ နျဲ့ကျင့်ထိုင်က အခြေအနေမဟန်ဟု အနည်းငယ်အနံ့ရသွားသည်နှင့် ဆက်သွယ်မှုကို ချက်ချင်းရပ်တန့်ပစ်လိုက်မည်ဖြစ်သည်။

ထို့ကြောင့်ပင် ကောင်းကင်မိစ္ဆာဂိုဏ်းက နျဲ့ကျင့်ထိုင်၏ဌာနချုပ်ကို ရှာမတွေ့နိုင်ဘဲ လုပ်ကြံမှုများဆောင်ရွက်ရန် နျဲ့ကျင့်ထိုင်အဖြစ်ဟန်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ပထမနည်းလမ်းမှာ အရေးမပါသူများကိုသာ ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ထိုသူများကိုပင် ဆွဲဆောင်နိုင်မည် မဟုတ်သောကြောင့် ပေးဆပ်မှုနှင့်ရလဒ်မှာ အချိုးကျမည်မဟုတ်ပေ။

နောက်ဆုံးနည်းလမ်းကမူ နျဲ့ကျင့်ထိုင်မှ စုံစမ်းထောက်လှမ်းသူများကို တိုက်ရိုက်ဆွဲဆောင်လာနိုင်လေသည်။ သူတို့သည် မကောင်းဆိုးဝါးနှိမ့်နင်းရေးစာရင်းရှိ ထိပ်တန်းပညာရှင်များ မဟုတ်ကြလျှင်ပင် နျဲ့ကျင့်ထိုင်၏အဓိကအဖွဲ့ဝင်များ ဖြစ်ရမည်ဖြစ်ရာ သဘာဝကျကျပင် ပိုမိုထိရောက်မှုရှိပေလိမ့်မည်။

သာမန်လူတစ်ယောက်သာ ငွေပျောက်သွားပါက မရှာဖွေဘဲ နေမည်မဟုတ်ပေ။ ငွေတျန်နှစ်ရာဆိုသည်မှာလည်း နည်းပါးသောပမာဏ မဟုတ်ချေ။

ဝမ်ရို၏နှာခေါင်းဖြင့် ဤငွေအိတ်ကို ကောက်ရပြီးသည့်တိုင်အောင် ပိုင်ရှင်ကို မရှာတွေ့နိုင်ခြင်းမှာ...

အဖြစ်နိုင်ဆုံးမှာ တစ်ဖက်လူက ထိုအထဲမှလျှို့ဝှက်ချက်ကို တစ်စုံတစ်ယောက်ရိပ်မိသွားမည်ကို စိုးရိမ်နေခြင်းဖြစ်ပြီး ပြန်လည်ရှာဖွေနေစဉ်အတွင်း သူတို့ကိုယ်တိုင်ဖမ်းဆီးခံရကာ ကိစ္စများပေါ်ပေါက်သွားမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်ပေလိမ့်မည်။

ချူချင်းက စိတ်ထဲမှတွေးတောနေရင်း ရုတ်တရက် ပြောလိုက်သည်။

"ငါမှတ်မိသလောက်တော့ ဒီချင်းယန်လက်ဝါး လျူယွီလိုင်ဆိုတာ ထျယ်ရွှဲ့ ခန်းမသခင်သုံး လုကျီဝေ့ရဲ့လူပဲ... ပြီးတော့ ဒီခန်းမသခင်သုံးက တင်းရှင်းမြို့မှာ အခြေချနေတာ မဟုတ်လား..."

လုကျီဝေ့လက်အောက်တွင် လူယုံသုံးဦးရှိပေသည်။

ချင်းယန်လက်ဝါး လျူယွီလိုင်၊ ကြယ်ခဓား ကွမ်ဝမ်၊ ကျည်ဆန်ပျံ ကျန်ချွန်းဟွာ တို့ပင်။

ဝမ်ရိုမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြည့်နေပြီး ရှင်းလင်းစွာ နားမလည်နိုင်သည့်အသွင် ပေါက်နေလေ၏။

ချူချင်းက ဆွံ့အစွာ ရယ်မောလိုက်မိသည်။ မိမိမှာ မသိနားမလည်သူကို သွားမေးမိမှန်း သဘောပေါက်သွား၏။

အကယ်၍ ဝမ်ဖူစန်း၊ ဝမ်ခိုင်ယွမ်တို့ကိုသာ မေးမြန်းခဲ့မည်ဆိုလျှင် ဤသတင်းအချက်အလက်များကို အလွယ်တကူရရှိနိုင်မည်ဖြစ်သည်။

ဝမ်ရိုသည် ငယ်စဉ်ကတည်းက အိမ်မှထွက်ခွာသွားခဲ့ပြီး ဤနေရာသို့ ပြန်လည်ရောက်ရှိလာသည်မှ မကြာသေးရာ သူမ သိထားသည်မှာ မိမိထက်ပင် နည်းပါးနေပေလိမ့်မည်။

ဤသို့တွေးမိပြီးနောက် ချူချင်းက ငွေအိတ်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။

"ကဲ... အများကြီး မတွေးနဲ့တော့... မနက်ဖြန်မနက်စောစော ငါတို့နှစ်ယောက် ခရီးဆက်ပြီး တင်းရှင်းမြို့ကို အရင်သွားကြတာပေါ့..."

အကယ်၍ တစ်ဖက်လူက နျဲ့ကျင့်ထိုင်မှလူသတ်သမားကို အမှန်တကယ် ငှားရမ်းချင်နေသည်ဆိုလျှင် စရန်ငွေပျောက်ဆုံးသွားပါက နောက်တစ်ကြိမ် ပြန်လည်ပြင်ဆင်မည်သာဖြစ်ပြီး ဒီနေရာတွင် ရပ်တန့်သွားမည်မဟုတ်ချေ။

မိမိအနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ 'ဓားတစ္ဆေ'အဖြစ် ပေါ်ထွက်လာပြီး ထိုသူများကို ကိုယ်ထင်ပြလာစေရန် မြှူဆွယ်နိုင်ပေလိမ့်မည်။

ဤမျှအထိပြောဆိုပြီးနောက် ဝမ်ရိုလည်း သူမ၏အခန်းသို့ပြန်သွားခဲ့ကာ သူတို့နှစ်ဦး အသီးသီး အနားယူလိုက်ကြလေသည်။ သို့သော် ဤတစ်ကြိမ်အိပ်စက်ခြင်းက အေးချမ်းမှုမရှိခဲ့ချေ။

သန်းခေါင်ယံအချိန်ခန့်တွင် တရားထိုင်နေသောချူချင်းမှာ အမိုးပေါ်မှထွက်ပေါ်လာသည့် အသံတစ်ခုကြောင့် လန့်နိုးသွားခဲ့ရသည်။

ထိုသူမှာ သိပ်တော့မကျွမ်းကျင်လှပေ။ သူ၏ခြေလှမ်းများက အမိုးကိုနင်းမိရာတွင် ဂျွတ်ခနဲမြည်သံများ ထွက်ပေါ်နေပြီး အမိုးပေါ်တွင် လူရှိနေမှန်း အခြားသူများမသိလိုက်မည်ကို စိုးရိမ်နေသည့်အလားပင်။

ချူချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထျန်းဝူမြို့တွင်ရှိစဉ်ကတည်းက သူ့အမိုးပေါ်သို့ ပြေးတက်လာသူများရှိခဲ့ပြီး ယခု ဤနေရာသို့ရောက်လာသည်အထိ အမိုးပေါ်၌ ပြေးလွှားနေသူများရှိနေဆဲပင်။

ကိုယ်ဖော့ပညာမကျွမ်းကျင်သော ဤကျန်းဟူလောကသားများအနေဖြင့် အမိုးပေါ်မှ မသွားဘဲ မနေနိုင်ကြတော့ဘူးလော။ ဤသို့သွားလာနေခြင်းက အခြားသူများကို နှောင့်ယှက်ရာကျလွန်းလှသည်။

သူတွေးတောနေဆဲမှာပင် ထိုသူက ဘေးခန်းအမိုးပေါ်တွင် ရပ်တန့်သွားပြီဖြစ်ကြောင်း သတိထားမိလိုက်၏။

တစ်ဖက်လူ၏ အသက်ရှူသံဖုံးကွယ်သည့် နည်းစနစ်မှာလည်း အခြေခံကျလွန်းလှသည်။ အမိုးပေါ်တွင်ဝပ်နေစဉ် ထိုသူ၏အသက်ရှူထုတ်သံများမှာ ချူချင်း၏နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ကြားနေရလေသည်။

'ဒါက ဘာလုပ်မလို့လဲ...'

ချူချင်းမှာ အနည်းငယ် နားမလည်နိုင်ဖြစ်သွား၏။ အခြေအနေအရကြည့်လျှင် ထိုစာပေပညာရှင်ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

မနေ့ညက ကြမ်းတမ်းသော မျက်နှာပေါက်ရှိသည့်လူစုက စာပေပညာရှင်၏ မောက်မာလွန်းသော စကားများကြောင့် အဆိပ်ခတ်ရန် ကြံစည်နေခြင်းလော။

All Chapters