အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း (၂၄၄) - စာပေပညာရှင်နှင့် လူသတ်သမား (၂)
ဤသို့တွေးမိပြီးနောက် သူက ပြတင်းပေါက်ကိုတွန်းဖွင့်လိုက်ရာ ဝမ်ရိုလည်း ပြတင်းပေါက်ကိုဖွင့်လိုက်သည်ကို မြင်လိုက်ရလေသည်။ သူမလည်း ကြားလိုက်သည်မှာ သေချာလှပေသည်။ အိပ်ချင်မူးတူးဖြင့် အပြင်ထွက်ကာ အခြေအနေကိုကြည့်ရှုရန် ပြင်ဆင်နေခြင်း ဖြစ်၏။
သူတို့နှစ်ဦးမှာ ချက်ချင်းပင် အမိုးပေါ်သို့ခုန်တက်သွားကြရာ အနက်ရောင်ဝတ်လူတစ်ယောက် အမိုးပေါ်တွင်ဝပ်လျက်ရှိနေပြီး အမိုးကြွေပြားများကို သတိထားဖယ်ရှားကာ အထဲသို့လှမ်းကြည့်ရင်း ကျေနပ်စွာပြုံးနေသည်ကို မြင်လိုက်ရလေသည်။
ရယ်မောသံအရ ထိုသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိသာနေပြီး နေ့လယ်ခင်းက ရက်စက်ကြမ်းကြုတ်လှသော လူအုပ်စုနှင့် ပတ်သက်မှုရှိမည် မဟုတ်ပေ။
သို့သော် ဤအခြေအနေကြောင့် ချူချင်းနှင့်ဝမ်ရိုတို့မှာ ပို၍ပင် ဇဝေဇဝါဖြစ်သွားရ၏။ ရုပ်ရည်ကို သဘောကျသွားသည်လော။ ထိုစာပေပညာရှင်၏ရုပ်ရည်သွင်ပြင် ဆွဲဆောင်မှုရှိသည်ကိုမြင်ပြီး ခိုးကြောင်ခိုးဝှက် လာရောက်ချဉ်းကပ်ရန် ကြံစည်နေခြင်းလော။
ချူချင်း၏မျက်ခုံးများမှာ တွန့်ချိုးသွားလေသည်။ ယခုအချိန်အထိ ကျန်းဟူလောကတွင် လှည့်လည်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
လူသတ်သမားဟု ဆိုရမည်ဆိုလျှင်လည်း လုပ်ရည်ကိုင်ရည်မှာ မလုံလောက်မှန်းသိသာလှသည်။ ကိုယ်ဖော့ပညာနှင့် အသက်ရှူသံဖုံးကွယ်သည့်နည်းစနစ်များမှာ အပေါ်ယံအဆင့်မျှသာရှိသေးရာ ဤမျှစွမ်းရည်လောက်ဖြင့် မည်သို့လူထွက်သတ်နိုင်မည်နည်း။
သို့သော် ခိုးကြောင်ခိုးဝှက်ချဉ်းကပ်သည်ဟု ဆိုရမည်ဆိုလျှင်လည်း ဤမျှမိုက်မဲသူမျိုးကို တွေ့ရခဲလှပေသည်။
ထို့နောက် ထိုအမျိုးသမီးက ရင်ခွင်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး အမိုးကြွေပြားကွက်လပ်နေရာတစ်ဝိုက်တွင် လက်ထဲရှိအရာကို စက်ဝိုင်းပုံစံလှည့်ပတ်ကာ အောက်သို့ချနေသည်ကို သူမြင်လိုက်ရသည်။ ထိုအရာမှာ ပိုးချည်မျှင်တစ်ချောင်းပင် ဖြစ်လေ၏။
အဆိပ်ခတ်တော့မှာပဲဟု ချူချင်း ရုတ်တရက် သဘောပေါက်သွားလေသည်။ အမိုးပေါ်မှနေ၍ ပိုးချည်မျှင်တစ်ချောင်းကိုတွဲကျစေကာ ပစ်မှတ်၏ခွက်အဝသို့ ရောက်ရှိစေပြီး ထိုပိုးချည်မျှင်မှတစ်ဆင့် အဆိပ်ကို ခွက်ထဲသို့စီးကျစေခြင်းဖြင့် တစ်ဖက်လူသောက်မိလျှင် သေဆုံးသွားစေမည့်နည်းလမ်းပင်။ ဤသည်မှာ အလွန်အသုံးများလှသော လုပ်ကြံသတ်ဖြတ်ရေးနည်းဗျူဟာတစ်ခု ဖြစ်ပေသည်။
သို့သော် ဤအမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိနေပုံရပေ၏။ ချည်မျှင်ကို အောက်သို့ချနေရင်း ဆက်လက်၍ ကျေနပ်စွာရယ်မောနေဆဲပင်။
ရယ်သံက အနည်းငယ် ကျယ်လောင်လွန်းလှသဖြင့် ချူချင်းမှာ သူမအတွက်ပင် စိုးရိမ်လာရသည်။ လူမသတ်ရသေးခင်မှာ ကြိုရယ်နေသူမျိုး ဘယ်မှာရှိမည်နည်း။ ပစ်မှတ်ကြားသွားမည်ကိုပင် မကြောက်တော့ဘူးလော။ ဤသည်မှာ မည်သို့သောနည်းဗျူဟာမျိုးဖြစ်နိုင်မည်နည်း။
ထို့အပြင် သူမမှာ စက်ဝိုင်းပုံစံ လှည့်ပတ်လှုပ်ရှားနေခြင်းဖြစ်ရာ ယခုဆိုလျှင် ချူချင်းနှင့်ဝမ်ရိုတို့နှစ်ဦးနှင့် မျက်နှာချင်းဆိုင်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ဤနေရာတွင် သက်ရှိနှစ်ဦးရပ်နေသည်ကိုပင် သတိမထားမိသေးချေ။
သူမက အလွန်အာရုံစူးစိုက်နေသည်ဟု ဆိုရမည်လော။ သို့မဟုတ် ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်တတ်သူဟု ဆိုရမည်လော။
သူမက ရင်ခွင်ထဲမှ အဆိပ်ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်ကာ အဖုံးကိုဂရုတစိုက်ဖွင့်ပြီး ပိုးချည်မျှင်တစ်လျှောက် လောင်းချလိုက်သည်ကို သူကြည့်နေမိသည်။
သို့သော် မတော်တဆ အလောင်းလွန်သွားရာ ပိုးချည်မျှင်ကို စွန်းထင်းစေရုံသာမက အဆိပ်အမြောက်အမြားမှာ အောက်သို့ တိုက်ရိုက်ပြုတ်ကျသွားလေတော့၏။ အဆိပ်များ စားပွဲပေါ်သို့ ကျသွားသည့်အသံကိုပင် ချူချင်းကြားလိုက်ရလေသည်။
ဤနေရာတွင်တော့ ချူချင်း အမှန်တကယ်ပင် ဆက်မကြည့်နိုင်တော့ချေ။ သူကိုယ်တိုင်မှာလည်း လူသတ်သမားတစ်ဦးဖြစ်ရာ တစ်ဖက်လူ ဤသို့လုပ်ဆောင်နေသည်ကို မြင်ရခြင်းမှာ လူသတ်သမားဆိုသည့် အမည်နာမကို စော်ကားလိုက်ခြင်းပင် ဖြစ်ပေသည်။
သူ့ကိုတားဆီးရန် စကားပြောတော့မည့်ဆဲဆဲတွင် လမ်းမပေါ်မှ ရုတ်တရက် ဆူညံသံများထွက်ပေါ်လာလေသည်။ သူနှင့်ဝမ်ရိုတို့နှစ်ဦးမှာ အသံလာရာဆီသို့ ချက်ချင်းလှမ်းကြည့်လိုက်ကြရာ မြို့ထဲသို့ ဓားပြတစ်စုက အင်အားပြဝါကြွားနေကြပြီး လူသတ်လုယက်ရန်အတွက် အော်ဟစ်ဆဲဆိုနေကြသည်ကို မြင်တွေ့လိုက်ရ၏။
'ဘယ်သူတွေကများ ဒီလောက် သတ္တိကောင်းနေရတာလဲ... ထျယ်ရွှဲ့နယ်မြေထဲမှာ ဒီလို ရမ်းကားရဲတယ်ပေါ့လေ...'
အံ့ဩနေစဉ်မှာပင် တည်းခိုခန်းရှေ့သို့ မြင်းပြေးလာသံကို ကြားလိုက်ရပြီး ပြတင်းပေါက်မှနေ၍ လူရိပ်အချို့ခုန်ထွက်လာကာ မြင်းပေါ်သို့ အသီးသီးခုန်တက်သွားကြလေသည်။ သူတို့မှာ ကြမ်းတမ်းသော မျက်နှာပေါက်ရှိသည့် ထိုလူစုပင် ဖြစ်ပေသည်။
အခြေအနေကိုကြည့်ရလျှင် သူတို့မှာ စီးပွားရေးလုပ်မည့်သူများ လုံးဝမဟုတ်ဘဲ တောင်ပေါ်ဓားပြများသာ ဖြစ်နေလေ၏။
သို့သော် ထိုအထဲတွင် တစ်ယောက်လျော့နေခဲ့သည်။ ခြေသံအရ ထိုသူမှာ ပြတင်းပေါက်မှခုန်ထွက်မသွားဘဲ ဒုန်း ဒုန်း ဒုန်းဟူသော လေးလံသည့် ခြေသံများနှင့်အတူ ထိုစာပေပညာရှင်၏အခန်းကို ရှာဖွေကာ အခန်းတံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်လေသည်။
ထိုအခါ အမိုးပေါ်ရှိ အနက်ရောင်ဝတ်အမျိုးသမီးက ရုတ်တရက်ကျိန်ဆဲလိုက်သံကို ကြားလိုက်ရ၏။
"သောက်ကျိုးနည်း... ငါ့အစီအစဉ်ကို လာဖျက်ဆီးနေတယ်..."
ချူချင်းနှင့်ဝမ်ရိုတို့နှစ်ဦးမှာ ဆွံ့အသွားကြလေသည်။ ဤကိစ္စသာမရှိလျှင် သူမ၏လုပ်ကြံမှုက အောင်မြင်သွားမည်ဟု ထင်နေသည်လော။
ကိစ္စများ ဤအခြေအနေသို့ရောက်လာပြီဖြစ်ရာ ချူချင်းအနေဖြင့် ဤဓားပြများ ရမ်းကားနေသည်ကို ဤအတိုင်းရပ်ကြည့်နေ၍ မဖြစ်နိုင်တော့ချေ။ သူ ရှေ့သို့တက်ကာ လက်ပါတော့မည့်အချိန်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြန်သည်။
စာပေပညာရှင်၏အခန်းထဲမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ဝုန်းခနဲမြည်သံနှင့်အတူ ပြတင်းပေါက်ကိုဖျက်ဆီးကာ လူရိပ်တစ်ရိပ် လမ်းမပေါ်သို့ ပြုတ်ကျသွားလေသည်။ သို့သော် ထိုသူမှာ စာပေပညာရှင်မဟုတ်ဘဲ နေ့ခင်းက စာပေပညာရှင်နှင့် ထိပ်တိုက်တွေ့ခဲ့သောဓားပြပင် ဖြစ်ပေသည်။
သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်မှာ ချိုင့်ဝင်နေပြီး မျက်နှာမှာ စက္ကူကဲ့သို့ဖြူရော်နေကာ ပါးစပ်မှ သွေးများအန်ကျလာပြီး အသက်မရှင်နိုင်တော့မည့် အနေအထားပင်…
"ဘယ်လိုဖြစ်တာလဲ... ဘယ်သူလဲ..."
ဓားပြခေါင်းဆောင်၏မျက်နှာမှာ ပျက်ယွင်းသွားပြီး ရုတ်တရက် မော့ကြည့်လိုက်လေသည်။ ပြတင်းပေါက်မှနေ၍ လူရိပ်တစ်ရိပ် လွင့်မျောထွက်ပေါ်လာရာ ထိုသူမှာစာပေပညာရှင်ပင် ဖြစ်ပေသည်။ သူက လက်ကိုနောက်ပစ်ကာ မတ်တတ်ရပ်နေပြီး မျက်နှာအမူအရာမှာ အေးစက်တည်တင်းနေ၏။
"ဒီမှာ မဆင်မခြင်မလုပ်နဲ့လို့ ကျုပ်ပြောခဲ့ပြီးပြီလေ..."
"မဟုတ်ရင်တော့ ကျုပ်ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့..."
"မင်း... မင်းက တကယ်ပဲ ဘယ်သူလဲ..."
ဓားပြခေါင်းဆောင်၏မျက်နှာမှာ သိသိသာသာပြောင်းလဲသွားပြီး တစ်စုံတစ်ရာဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း စာပေပညာရှင်၏ပုံရိပ်မှာ ဖျတ်ခနဲလှုပ်ရှားသွားပြီး သူ၏မြင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
စာပေပညာရှင်က မြင်းခေါင်းပေါ်တွင် ခြေတစ်ဖက်တည်းဖြင့်ရပ်ကာ လေပေါ်ပျံဝဲ၍ ခြေတစ်ချက်ကန်ထည့်လိုက်ရာ ဓားပြခေါင်းဆောင်၏ခေါင်းမှာ ဂျွတ်ဟူသော အသံများနှင့်အတူ လည်ပင်းပေါ်တွင် အကြိမ်ကြိမ်လည်ထွက်သွားပြီး ထိုခြေတစ်ချက်တည်းဖြင့်ပင် ပွဲချင်းပြီး သေဆုံးသွားလေတော့၏။
"အစ်ကိုကြီး..."
ကျန်ဓားပြများမှာ အိပ်မက်မှနိုးထလာသကဲ့သို့ဖြစ်သွားပြီး ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်ကြသည်။ သို့သော် စာပေပညာရှင်မှာမူ သနားညှာတာမှုကင်းမဲ့စွာဖြင့် မြင်းပေါ်မှနေ၍ ပျံသန်းလှုပ်ရှားလိုက်ရာ သူဖြတ်သန်းသွားသော နေရာတိုင်းရှိ တောင်ပေါ်ဓားပြများမှာ တစ်ချက်မျှပင် ပြန်မခုခံနိုင်ကြတော့ဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေပြင်တစ်ခုလုံး အလောင်းများ ပြည့်နှက်သွားလေတော့သည်။
စာပေပညာရှင်က လှည့်ကြည့်လိုက်ပြီး ချူချင်းနှင့်ဝမ်ရိုတို့ကို ဦးစွာတစ်ချက်ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်အမျိုးသမီးကို လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အကူအညီမဲ့နေသည့် အရိပ်အယောင်အချို့ ပေါ်ထွက်လာလေ၏။
နောက်တစ်စက္ကန့်တွင် သူက ခုန်ပျံထွက်ခွာသွားပြီး သံကွင်းမြို့ငယ်လေးအတွင်းရှိ အခြားဓားပြများဆီသို့ ဦးတည်သွားလေတော့သည်။
"ရပ်စမ်း... ရှင်ထွက်ပြေးလို့မရဘူး..."
အနက်ရောင်ဝတ်အမျိုးသမီးမှာ ရုတ်တရက်မတ်တတ်ရပ်လိုက်ပြီး နောက်မှလိုက်ဖမ်းရန် ခုန်တက်သွားလေသည်။ သို့သော် သူမ၏ကိုယ်ဖော့ပညာမှာ သာမန်မျှသာဖြစ်ရာ ထိုစာပေပညာရှင်ကို မီအောင်မလိုက်နိုင်ခဲ့ချေ။
ခြေလှမ်းအနည်းငယ်မျှ ပြေးပြီးနောက် စာပေပညာရှင်၏အရိပ်အယောင်ကိုပင် မမြင်ရတော့သဖြင့် အမိုးပေါ်တွင်ရပ်ကာ ဒေါသတကြီး ခြေဆောင့်နေလေတော့၏။
ချူချင်းကမူ အခန်းထဲရှိလူများအတွက် တိတ်တဆိတ် ဝမ်းနည်းပူဆွေးပေးလိုက်မိသည်။ ဤစာပေပညာရှင်နှင့်အမျိုးသမီးမှာ မည်သို့သော အခြေအနေဖြစ်နေသည်ကို သူ မသိသော်လည်း အခန်းထဲမှလူများမှာတော့ အချည်းနှီး ပြဿနာရှာခံလိုက်ရသည်မှာ သိသာလှပေသည်။
တစ်စုံတစ်ယောက်က အမိုးပေါ်ပြေးတက်လာပြီး အကြမ်းပတမ်းဆောင့်နင်းနေပါက မည်သူက သည်းခံနိုင်မည်နည်း။
ထိုအချိန်မှာပင် စာပေပညာရှင်မှာ မမျှော်လင့်ဘဲ ပြန်လှည့်လာခဲ့သည်။ သူက အနက်ရောင်ဝတ်အမျိုးသမီးရှေ့သို့ လွင့်မျောလာပြီး မနီးမဝေးတွင် ရပ်နေလေ၏။
ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ အနက်ရောင်ဝတ်အမျိုးသမီးမှာ ချက်ချင်းပင် စိတ်ဓာတ်တက်ကြွသွားလေသည်။
"မပြေးနဲ့..."
ထိုအခါမှ စာပေပညာရှင်က လှည့်ပြေးသွားပြီး အမျိုးသမီးကလည်း သူ၏နောက်သို့ အလျင်အမြန်လိုက်သွားပြန်သည်။ ချူချင်းနှင့်ဝမ်ရိုတို့နှစ်ဦးမှာ အဖြစ်အပျက်အားလုံးကို မြင်တွေ့လိုက်ရပြီး သူတို့၏ဦးနှောက်ထဲတွင် ရှုပ်ထွေးသွားသည်ဟုသာ ခံစားလိုက်ရလေသည်။ ဤသည်မှာ မည်သို့သော ကိစ္စနည်း။
သို့သော် ယခုအချိန်မှာ အသေးစိတ်အချက်အလက်များကို ရှင်းလင်းအောင် စုံစမ်းနေရမည့်အချိန် မဟုတ်သေးချေ။ ဤတစ်ကြိမ် သံကွင်းမြို့ငယ်လေးသို့ လာရောက်သော ဓားပြအရေအတွက်မှာ မနည်းလှပေ။
ထိုစာပေပညာရှင်မှာ သိုင်းပညာစွမ်းရည်မြင့်မားလှသော်လည်း တစ်ယောက်တည်းဖြင့် အကုန်လုံးကိုသတ်ဖြတ်ရန် အချိန်ယူရမည်သာ ဖြစ်သည်။ သာမန်အရပ်သားများ ထိုလူစု၏သတ်ဖြတ်ခြင်းကို ခံရမည့်အရေးမှ ရှောင်ရှားနိုင်ရန် ချူချင်းနှင့်ဝမ်ရိုတို့နှစ်ဦးလည်း အလျင်အမြန် ဝင်ရောက်တိုက်ခိုက်လိုက်ကြလေသည်။
ဤဓားပြများမှာ သာမန်လူများကိုရင်ဆိုင်ရာတွင် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချူချင်းကဲ့သို့သော ထိပ်တန်းပညာရှင်ကို ရင်ဆိုင်ရချိန်တွင်မူ ကျောက်တုံးကို ကြက်ဥနှင့်ပေါက်သကဲ့သို့ ဖြစ်နေပြီး လုံးဝယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။
အချိန်ခဏလေးအတွင်းမှာပင် မရေမတွက်နိုင်သောဓားပြများ သေဆုံးဒဏ်ရာရသွားကြလေသည်။ ကျန်ဓားပြများမှာ မြို့ထဲတွင် ထိပ်တန်းပညာရှင်များရှိနေသေးကြောင်း သိသွားကြရာ ဆက်လက်တိုက်ခိုက်လိုစိတ် မရှိကြတော့ဘဲ အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြတော့သည်။ ဘေးအန္တရာယ်ကြီးတစ်ခုမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့ပေ၏။
ချူချင်းက အသက်ရှိနေသေးသော ဓားပြတစ်ယောက်ကို ဖမ်းဆွဲပြီး မေးလိုက်သည်။
"ဘယ်သူက မင်းတို့ကို အခွင့်အရေးပေးလိုက်လို့ ထျယ်ရွှဲ့နယ်မြေထဲကို ဝင်ပြီး လူသတ်လုယက်ရဲရတာလဲ..."
ထိုဓားပြမှာ ချူချင်းကြောင့် ကြောက်လန့်တကြားဖြစ်နေသည်မှာ ကြာလှပြီဖြစ်သည်။ ချူချင်းက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်နှင့် မိမိဘက်မှ ညီအစ်ကိုဆယ်ယောက်ကျော်ခန့် ပွဲချင်းပြီးသေဆုံးသွားရသည့်မြင်ကွင်းကို သူ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရရာ ယခုအချိန်တွင် မဖုံးကွယ်ဝံ့တော့ဘဲ တုန်ယင်စွာဖြင့် ပြန်ဖြေလေသည်။
"အဲဒါ... အဲဒါက ခေါင်းဆောင်ပြောတာပါ... မီးတောက်ခန်းမဆောင်က အကြီးအကျယ်ဝင်တိုက်နေလို့ ထျယ်ရွှဲ့က အခု... အခု ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်တော့ဘူးတဲ့…”
“တင်းရှင်းမြို့ကလည်း မြို့ငယ်လေးတွေကို ဂရုမစိုက်နိုင်တော့ဘူး... ကျုပ်တို့က... ကျုပ်တို့က အသားတုံးကြီးတွေကို မစားနိုင်ပေမဲ့ ဒီလိုဘေးချောင်ကျတဲ့နေရာလေးတွေဆိုရင်တော့ ဗိုက်ဝအောင် စားနိုင်တယ်ဆိုပြီး..."
ချူချင်း၏မျက်နှာ အတန်ငယ် မည်းမှောင်သွားလေသည်။ မီးတောက်ခန်းမဆောင်က အလုံးအရင်းနှင့် ဝင်တိုက်နေသည်လော။
ဂိုဏ်းနှစ်ဂိုဏ်း၊ ခန်းမသုံးဆောင်၊ တံခါးငါးပေါက်နှင့် အိမ်တော်တစ်ခုလုံးတို့မှာ နှစ်ပေါင်းများစွာ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြသော်လည်း အများစုမှာ အသေးစားတိုက်ပွဲများသာဖြစ်ခဲ့သည်။
မီးတောက်ခန်းမဆောင်နှင့် ထျယ်ရွှဲ့ခန်းမဆောင်နှစ်ခုလုံးမှာ ဧရာမအင်အားစုကြီးများဖြစ်ကြရာ ဤသို့ အကြီးအကျယ် လာရောက်တိုက်ခိုက်မည်လော။ ဤအခြေအနေများကြားတွင် မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခုခုဖြစ်ပေါ်နေပြီဟုသာ ဆိုရမည်ဖြစ်သည်။
အခြားမျှော်လင့်မထားသည့် ပြောင်းလဲမှုများအတွက် ချူချင်း သိပ်ပြီးမစိုးရိမ်မိပေ။ အရေးကြီးဆုံးအချက်မှာ တင်ရှင်းမြို့ရှိ လျူယွီလိုင်အနေဖြင့် ဤမျှအရေးကြီးသောအချိန်တွင် တစ်စုံတစ်ရာပြဿနာရှာမလာသည်က အကောင်းဆုံးပင်။